အခန်း ၁၄၅၃
Vol. 97 Ch. 1453
အခန်း (၁၄၅၃) ပြန်လည်ရောက်ရှိခြင်း
လူတိုင်းက သူတို့၏ မျက်လုံးများကို တဖြည်းဖြည်း ပြူးကျယ်လျက် ဤမြင်ကွင်းကို ကြက်သေသေဖြင့် စိုက်ကြည့်နေကြသည်။ ဝေ့လီ၏ မျက်နှာအမူအရာမှာ အကြီးအကျယ် ပြောင်းလဲသွားသည်။
"မဖြစ်နိုင်ဘူး... ဒါ လုံးဝ မဖြစ်နိုင်ဘူး၊ ငါ့ရဲ့ မဟာ ပြည်နှင်ဒဏ် နည်းစနစ် ထိမှန်ပြီးတာတောင် သူက ဘယ်လိုလုပ် အသက်ရှင်နိုင်ဦးမှာလဲ"
သို့သော် သူ စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် ထိုမှိန်ပျပျ အရိပ်ကောက်ကြောင်းမှာ ထွက်ပေါ်လာခဲ့သည်။ တောက်ပသော အလင်းရောင်များ ပျံ့နှံ့သွားသည်နှင့်အမျှ ရွှယ်အန်း၏ မျက်လုံးများထဲတွင် သက်ဝင်လှုပ်ရှားပြီး နက်ရှိုင်းသော အကြည့်တစ်ချက် ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။ ပန်းချီကားတစ်ချပ်တွင် နောက်ဆုံး ဆေးစက်ခြယ်လိုက်သည့်အလား မျက်တောင်တစ်ခတ်အတွင်းမှာပင် ရွှယ်အန်းက သူ၏ မူလရုပ်သွင်ကို အပြည့်အဝ ပြန်လည်ရရှိသွားပြီးနောက် အန်းယန်ကို ညင်သာစွာ ပြုံးပြသည်။
"ယန်အာ... မင်း ပင်ပန်းသွားပြီ"
ဤရိုးရှင်းသော စကားလုံးအနည်းငယ်က အန်းယန်ကို စိတ်ထဲတွင် တဆတ်ဆတ် တုန်ယင်သွားစေခဲ့သည်။ သို့သော် ဤမျှလောက် များပြားလှသော လူအုပ်ကြီး၏ရှေ့တွင် သူမက မျက်ရည်များကို အတင်းအကျပ် အောင့်အည်းထားဆဲဖြင့် ချိုသာစွာ ပြုံးပြသည်။
"ယောင်္ကျား အဆင်ပြေရင်ပဲ ကျွန်မအတွက် အားလုံး အဆင်ပြေပါတယ်"
ကောင်မလေး နှစ်ယောက်မှာမူ ထပ်မံ မစောင့်ဆိုင်းနိုင်တော့ဘဲ ရှေ့သို့ အပြေးအလွှား သွားကြကာ ရွှယ်အန်း၏ ရင်ခွင်ထဲသို့ တိုက်ရိုက် တိုးဝင်ဖက်ကြတော့သည်။
"ဖေဖေ... နောက်ဆုံးတော့ နိုးလာပြီပဲ၊ လွန်ခဲ့တဲ့ နှစ်ရက်လုံး သမီးတို့ကို အရမ်းလန့်အောင် လုပ်တာပဲ"
ရှန်းရှန်းက ရှိုက်ကြီးတငင်ဖြင့် ပြောလာသည်။ နျန်နျန် ကတော့ ငိုကြွေးလျက် နှပ်ချေးများနှင့် မျက်ရည်များကို ရွှယ်အန်း၏ အဝတ်အစားများပေါ်သို့ ပွတ်သပ်ရင်း သူ့ရင်ခွင်ထဲတွင် လူးလှိမ့်နေခဲ ့သည်။ ရွှယ်အန်းက ကောင်မလေး နှစ်ယောက်၏ ခေါင်းကို ညင်သာစွာ ပုတ်ပေးသည်။
"ကဲ... ကဲ... တော်ကြတော့၊ ဖေဖေ အဆင်ပြေပါတယ်၊ ပြီးတော့ လွန်ခဲ့တဲ့ နှစ်ရက်လုံး ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို ဖေဖေ စောင့်ကြည့်နေခဲ့တာ၊ သမီးတို့ နှစ်ယောက်လုံး တကယ်ကို တော်တာ"
"တကယ်လားဟင်"
ရှန်းရှန်းနှင့် နျန်နျန်တို့က ရွှယ်အန်းကို တစ်ပြိုင်တည်း မော့ကြည့်ကြသည်။ ရွှယ်အန်းက ပြုံးလျက် ခေါင်းညိတ်လိုက်သည်။
"တကယ်ပေါ့၊ ဖေဖေတို့ရဲ့ ရှန်းရှန်း နဲ့ နျန်နျန် တို့က တကယ်ကြီး အရွယ်ရောက်လာကြပြီပဲ၊ ဒီလောက်များပြားတဲ့ ရန်သူတွေကို ရင်ဆိုင်ရချိန်မှာ မေမေ့ကို ကာကွယ်ဖို့အတွက် သတ္တိရှိရှိ ရှေ့ကို တိုးခဲ့ကြတာပဲ၊ ဖေဖေက သမီးတို့အတွက် တကယ် ဂုဏ်ယူပါတယ်"
ကောင်မလေး နှစ်ယောက်မှာ ရွှယ်အန်း၏ ချီးကျူးမှုကြောင့် မျက်နှာလေးများ အနည်းငယ် နီမြန်းသွားကြသော်လည်း သူတို့၏ မျက်လုံးများထဲတွင် ပျော်ရွှင်မှုများနှင့် ဂုဏ်ယူမှုများဖြင့် ပြည့်နှက်နေခဲ့သည်။ ရွှယ်အန်းက သူ၏ သမီးများနှင့် စကားပြောနေသည်ကို ကြည့်ရင်း ဝေ့လီ ၏ မျက်နှာအမူအရာမှာ မရေမရာ ဖြစ်နေခဲ့သည်။
ရွှယ်အန်းက အချိန် အဝေးရောက် ပြည်နှင်ဒဏ် မန္တန်၏ ချိတ်ပိတ်မှုထဲမှ မည်သို့ ရုန်းထွက်ပြီး ဘေးကင်းကင်းနှင့် ပြန်လာနိုင်ခဲ့သနည်း ဆိုသည်ကို သူ ဘယ်လိုမှ စဉ်းစား၍ မရနိုင်အောင် ဖြစ်နေခဲ့သည်။ သူ၏ ကျင့်ကြံခြင်းအဆင့်မှာ အင်မော်တယ်သခင် တစ်ဝက်ကိုပင် မရောက်သေးသည် မဟုတ်ပါလား။ ဤအချိန် အဝေးရောက် ပြည်နှင်ဒဏ် မန္တန်မှာ တူညီသော အဆင့်၌ ပြိုင်ဘက်ကင်းသည့် လျှို့ဝှက်နည်းစနစ် တစ်ခုဖြစ်ပြီး အင်မော်တယ်ဘုရင်အဆင့်ရှိ အစွမ်းထက် ပုဂ္ဂိုလ်များကိုပင် လုံးလုံးလျားလျား ပြည်နှင်ဒဏ် ပေးနိုင်ကာ သူတို့ကို ပျက်စီးခြင်းသို့ ဦးတည်သွားစေနိုင်သည် မဟုတ်ပါလား။ ‘သူ့ဆီမှာ မသိရသေးတဲ့ ဝှက်ဖဲ တစ်ခုခု ရှိနေလို့များလား..’
ဤအတွေးကြောင့် ဝေ့လီ၏ မျက်နှာအမူအရာမှာ လေးနက်သွားခဲ့ပြီး သူ၏ မျက်လုံးများထဲတွင် ရူးသွပ်သော သတ်ဖြတ်လိုသည့် အငွေ့အသက်များ လင်းလက်သွားတော့သည်။ ဤလူကို ဒီအတိုင်းလွှတ်ထား၍ မဖြစ်ချေ။ တစ်ချိန်တည်းမှာပင် ရွှယ်အန်းက ကောင်မလေး တစ်ယောက်ချင်းစီကို ညင်သာစွာ နမ်းလိုက်ပြီးနောက် လွှတ်ပေးသည်။
"မေမေ့ဘေးကို သွားပြီးတော့ ဖေဖေက ဒီလူဆိုးတွေကို ဘယ်လို ကိုင်တွယ်မလဲ ဆိုတာကို စောင့်ကြည့်နေကြ... ဟုတ်ပြီလား"
"ဟုတ်ကဲ့"
ကောင်မလေး နှစ်ယောက်က တစ်ပြိုင်နက်တည်း ပြန်ဖြေကြပြီးနောက် အန်းယန် ၏ ဘေးသို့ စိတ်လှုပ်ရှားစွာဖြင့် ပြန်သွားကြတော့သည်။
ရွှယ်အန်းက သူ၏ အရှိန်အဝါများ တဖြည်းဖြည်း မြင့်တက်လာပြီး သတ်ဖြတ်လိုသည့် အငွေ့အသက်များ ထင်ရှားလာနေသော ဝေ့လီကို အာရုံမစိုက်သေးဘဲ ကျင်းကျွယ်ကို ကြည့်ကာ အနည်းငယ် ပြုံးပြသည်။
"ဘုန်းတော်ကြီး... ခင်ဗျားလည်း ရောက်လာတာပဲလား"
ကျင်းကျွယ်က လက်အုပ်ချီလာသည်။
"အော်မီတော်ဖော်... ဒကာကြီး ဒုက္ခရောက်နေချိန်မှာ ဒကာကြီးရဲ့ သူငယ်ချင်း တစ်ယောက်အနေနဲ့ ဒီရဟန်းငယ်က ကူညီဖို့ သဘာဝကျကျပဲ လာရမှာပေါ့"
ရွှယ်အန်းက ကျင်းကျွယ်၏ ပျက်စီးယိုယွင်းနေပြီဖြစ်သော ရွှေရောင်ခန္ဓာကိုယ်နှင့် သူ့ ခေါင်းအနောက်ရှိ မှေးမှိန်နေသော အလင်းရောင်ဝန်းကို တစ်ချက်ကြည့်လိုက်ပြီး ခေါင်းညိတ်သည်။
"ကောင်းပြီ၊ ဒီကျေးဇူးကို ငါ သတိရနေမှာပါ၊ အဲဒီအချိန်ကျရင် ခင်ဗျားအတွက် စိတ်ကျေနပ်စရာကောင်းတဲ့ ဆုလာဘ်တစ်ခု ငါ ပေးပါ့မယ်"
ကျင်းကျွယ်က ပြုံးလျက် ခေါင်းညိတ်သည်။
"ဒါဆိုရင်တော့... ကျေးဇူးတင်ပါတယ် ဒကာကြီး"
အပိုအဟန်ဆောင် ယဉ်ကျေးနေခြင်း မရှိဘဲ အရာအားလုံးက ဤအတိုင်း ဖြစ်သင့်သည့်အလား ကျင်းကျွယ်က သဘာဝကျကျပင် သဘောတူလိုက်ခြင်းဖြစ်သည်။ သို့သော် ယခုအချိန်အထိပင် ရွှယ်အန်း ကတိပေးခဲ့သော ဆုလာဘ်မှာ မည်မျှလောက်အထိ ထိတ်လန့်အံ့သြစရာ ကောင်းလိမ့်မည် ဆိုတာကို သူ မသိသေးချေ။
ထိုအခါမှသာ ဆွံ့အ မှင်တက်နေခဲ့ကြသော အထက်တန်းလွှာမိသားစုများမှာ တဖြည်းဖြည်း သတိပြန်ဝင်လာကြပြီး ခန်းမဆောင် တစ်ခုလုံးမှာ ဆူညံပွက်လောရိုက်သွားတော့သည်။
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ ဒီကောင်က အင်မော်တယ်ဘုရင်ရဲ့ တိုက်ခိုက်မှုကို ခံလိုက်ရတာတောင် မသေသေးဘူးပဲ၊ သူ့ရဲ့ စွမ်းအားက ဘယ်လောက်တောင် အစွမ်းထက်လိုက်မလဲ"
တစ်စုံတစ်ယောက်က ထိတ်လန့်တကြား ပြောလာသည်။
"ဒီကိစ္စကတော့ လွယ်လွယ်နဲ့ ပြီးသွားမယ့်ပုံ မပေါ်ဘူး"
"မှန်တယ်... ဝေ့မိသားစု ဘိုးဘေးက တိတ်ဆိတ်နေပေမယ့် သူ့ရဲ့ အရှိန်အဝါတွေကတော့ ဆက်တိုက် မြင့်တက်နေတုန်းပဲ၊ နောက်ထပ်တိုက်ပွဲတစ်ခု ဖြစ်တော့မယ်"
ဤအော်ဟစ်သံများကြားတွင် လူအုပ်ကြီး၏ အနောက်၌ ပုန်းကွယ်နေလျက် သူတို့၏ ရုပ်သွင်ကို ပြောင်းလဲထားကြသော ဝေ့ချင်းရှောင်းနှင့် ဝမ်မူလင်း တို့မှာလည်း စိတ်သက်သာရာရစွာဖြင့် သက်ပြင်းတစ်ချက် မချဘဲ မနေနိုင်ခဲ့ကြချေ။ ရွှယ်အန်းက အချိန် အဝေးရောက် ပြည်နှင်ဒဏ် မန္တန် ၏ ချိတ်ပိတ်ခြင်းကို ခံလိုက်ရကတည်းက သူတို့ နှစ်ဦးစလုံး ပေါ်မလာခဲ့ကြချေ။
၎င်းမှာ သူတို့ သေရမည်ကို ကြောက်နေကြသောကြောင့် မဟုတ်ချေ။
သို့သော် ဝေ့ချင်းရှောင် က သူတို့၏ စွမ်းအားဖြင့်ဆိုလျှင် ဇွတ်ပြေးဝင်သွားခြင်းမှာ သေခြင်းတရားသာ ဖြစ်လိမ့်မည်ကို အလွန် ကောင်းစွာ သိရှိထားသောကြောင့် လူအုပ်ကြီး၏ အနောက်တွင် ပုန်းကွယ်ကာ အခွင့်အရေးကို စောင့်ကြည့်နေခြင်းက ပို၍ ကောင်းမွန်သောကြောင့် ဖြစ်သည်။ ဝေ့ယွီဟွာနှင့် အခြားသူများက သူတို့၏ စွမ်းအင်အားလုံးကို လျှို့ဝှက် ရတနာတိုက်ပေါ်သို့သာ အာရုံစိုက်ထားကြသဖြင့် သူတို့ နှစ်ဦးကို သတိမထားမိကြခြင်းကြောင့်လည်း ပါဝင်ပြီး ထို့ကြောင့်ပင် သူမနှင့် ဝမ်မူလင်း တို့မှာ လူအုပ်ကြီးထဲ၌ ပုန်းကွယ်နေနိုင်ခဲ့ကြခြင်း ဖြစ်သည်။
ရွှယ်အန်းက ချိတ်ပိတ်မှုကို ချိုးဖျက်ပြီး ပြန်လာနိုင်သည်ကို မြင်လိုက်ရသောအခါ သူတို့၏ နှလုံးသားထဲမှ ကျောက်တုံးကြီးမှာ အဆုံးတွင် ကျဆင်းသွားခဲ့ပြီး အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြကာ အမှောင်ထုထဲသို့ တိတ်တဆိတ် ဆုတ်ခွာပြီး ပျောက်ကွယ်သွားကြတော့သည်။ ထိုအချိန်မှာပင် ဝေ့ယွီဟွာက သူ၏ ဘိုးဘေးမှာ တိတ်ဆိတ်နေသည်ကို မြင်သဖြင့် ရှေ့သို့ တိုးလာကာ ရွှယ်အန်း ကို လှောင်ပြုံးပြုံးလျက် မနေနိုင်ခဲ့ချေ။
"အရှင်ရွှယ်... မင်းက ဘိုးဘေးရဲ့ တိုက်ခိုက်မှုအောက်ကနေ အသက်ရှင်နိုင်ခဲ့တာက မင်း ကံကောင်းလို့ပဲ၊ ဒါပေမယ့် စိတ်ကြီးမဝင်နဲ့ဦး... မင်း သေရဦးမှာပဲ၊ ဒါပေမယ့် မင်းက လိမ္မာစွာနဲ့ အညံ့ခံပြီး မင်းရဲ့ ဇနီးနဲ့ သမီးနှစ်ယောက်ကို လိမ္မာစွာနဲ့ ကမ်းလှမ်းမယ်ဆိုရင်တော့..."
သူ စကားပြောနေစဉ် ဝေ့ယွီဟွာ၏ မျက်နှာပေါ်တွင် လောဘကြီးမှုနှင့် ရမ္မက်ဆန္ဒများ ထွက်ပေါ်လာခဲ့သည်။
သူသည် အန်းယန်၏ အသက်ရှူမှားလောက်သော အလှတရားကို တပ်မက်နေခဲ့သည်မှာ ကြာပြီ ဖြစ်သည်။ သို့သော် သူ စကားမဆုံးမီမှာပင် ရွှယ်အန်း က သူ့ကို ရုတ်တရက် မော့ကြည့်လာသည်။ သူ့အကြည့်များ ကျရောက်သွားသည်နှင့်တစ်ပြိုင်နက် မရေမတွက်နိုင်သော သတ်ဖြတ်လိုသည့် ဓားအလင်းတန်းများက ဝေ့ယွီဟွာ ၏ ပတ်ဝန်းကျင်တွင် ပေါ်ထွက်လာပြီး ဖြတ်သန်း ခုတ်ပိုင်းသွားတော့သည်။
ရွှယ်အန်းက သူ၏ ဘိုးဘေးအရှေ့တွင်ပင် ဤမျှလောက်အထိ မောက်မာရဲလိမ့်မည်ဟု ဝေ့ယွီဟွာ အိပ်မက်ပင် မမက်ခဲ့ဖူးချေ။ ထို့ကြောင့် သတိမမူမိလိုက်ဘဲ သူသည် ဤမရေမတွက်နိုင်သော ဓားအလင်းတန်းများ၏ တိုက်ရိုက် ခုတ်ပိုင်းခြင်းကို ခံလိုက်ရတော့သည်။ သွေးများ ပန်းထွက်လာပြီး ဝေ့ယွီဟွာက အော်တော့သည်။
"ဘိုးဘေး... ကျွန်တော့်ကို ကယ်ပါဦး"
သူ၏ ကိုယ်ပွား စွမ်းအားများကို မြှင့်တင်ရန် အာရုံစိုက်နေသော ဝေ့လီမှာ ထိုစကားကြောင့် လန့်သွားပြီး ဒေါသတကြီးဖြင့် ဝေ့ယွီဟွာ ကို ဓားအလင်းတန်းများထဲမှ ကယ်တင်ရန် တစ္ဆေ လက်ဝါးကြီး တစ်ခု ထုတ်လေသည်။ သို့သော် ဝမ်းနည်းစရာကောင်းစွာပင် သူ ခြေတစ်လှမ်း နောက်ကျသွားခဲ့သည်။ အသက်ရှူအကြိမ် အနည်းငယ်အတွင်းမှာပင် ဓားအလင်းတန်းများက အရိုးကို စားသုံးသော လောက်ကောင်များအလား ဝေ့ယွီဟွာကို အသားစဉ်းအဖြစ် ခုတ်ပိုင်းပစ်ကြသည်။
သွေးများနှင့် ခန္ဓာကိုယ် အစိတ်အပိုင်းများ ရောယှက်လျက် အောက်သို့ ပြန့်ကျဲ ကျဆင်းသွားခဲ့ပြီး ဝေ့လီ ၏ တစ္ဆေလက်ဝါးကြီးမှာ အပိုင်းပိုင်း ပြတ်တောက်နေပြီဖြစ်သော ဝေ့ယွီဟွာ ၏ ဝိညာဉ်ကိုသာ ပြန်လည် ဆွဲယူနိုင်ခဲ့တော့သည်။ ဝေ့လီ၏ အစောင့်အရှောက်အောက်တွင် ရှိနေသဖြင့် ဝေ့ယွီဟွာက အသက်မသေဘဲ တောင့်ခံထားနိုင်ခဲ့သော်လည်း ဤအခိုက်အတန့်တွင် သူသည် အလွန်တရာ သနားစရာကောင်းလှပေသည်။
သူ့ လူသား ခန္ဓာကိုယ် အခွံတစ်ခုလုံး ကြေမွသွားခဲ့ရုံသာမက တစ္ဆေမျိုးနွယ်စု ခန္ဓာကိုယ်ပင်လျှင် အပိုင်းပိုင်း ပြတ်တောက်သွားခဲ့ရသဖြင့် ဝေ့လီ ၏ တစ္ဆေလက်ဝါးကြီးထဲတွင် တဆတ်ဆတ် တုန်ရင်နေပြီး စကားတစ်ခွန်းမျှပင် မပြောနိုင်တော့ချေ။ ဝေ့လီမှာ ဒေါသများဖြင့် တောက်လောင်နေခဲ့သည်။
"နတ်မီးတောက် တစ္ဆေ ဧကရာဇ်... ငါ ရိုးရိုးသားသား ပြောရရင် မင်းက ငါ့ရဲ့ အချိန် အဝေးရောက် ပြည်နှင်ဒဏ် မန္တန် ကို ချိုးဖျက်နိုင်ခဲ့တာကို ငါ အံ့သြမိတယ် ဒါပေမယ့် မင်း အင်မော်တယ်ဘုရင် တစ်ပါးကို ဆန့်ကျင်ခြင်းရဲ့ အကျိုးဆက်တွေကို နားလည်သင့်တယ်"
ရွှယ်အန်း၏ နှုတ်ခမ်းထောင့်များက အပြုံးသဲ့သဲ့လေး တစ်ခုအဖြစ် ကွေးတက်သွားသည်။
"တကယ်လို့ ငါ နားလည်နေရင်ကော ဘာဖြစ်လဲ"
ဝေ့လီက အေးစက်စွာ နှာခေါင်းရှုံ့သည်။
"တကယ်တော့ ခုနက ဝေ့ယွီဟွာ ပြောခဲ့တဲ့ စကားတွေက အကြောင်းပြချက် မရှိတာ မဟုတ်ဘူး၊ အကယ်၍ မင်းက ငါ့ကို အညံ့ခံဖို့ ဆန္ဒရှိမယ်ဆိုရင် မင်းရဲ့ အသက်ကို ငါ ချမ်းသာပေးနိုင်သေးတယ်”
--