အခန်း ၁၄၅၄
Vol. 97 Ch. 1454
အခန်း (၁၄၅၄) မင်းနဲ့ တိုက်ခိုက်မယ်လို့ ဘယ်သူက ပြောလဲ...
ထိုစကားသံ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ရွှယ်အန်းက ရယ်မောလာသည်။
"ဝေ့လီ... မင်းပြောနေတာကို မင်းကိုယ်တိုင်တောင် ယုံရဲ့လား၊ မင်းက ငါ့ကို ပေါ့ဆသွားအောင် လုပ်ပြီး မင်းရဲ့ ကျင့်ကြံခြင်းအဆင့်ကို မြှင့်တင်ဖို့ အချိန်ဆွဲနေတာ မဟုတ်လား"
ရွှယ်အန်း၏ စကားများကြောင့် ဝေ့လီ၏ မျက်နှာပြောင်းလဲသွားပြီး သူက ပြန်လည် ချေပရန် ဟန်ပြင်သည်။
ရွှယ်အန်းက လက်ကို ဝှေ့ယမ်းကာ စိတ်မဝင်စားသည့်ဟန်ဖြင့် ပြောလသည်။
"ကောင်းပြီ... မင်း ဘာပြောမလဲ ဆိုတာကို ငါ စိတ်မဝင်စားဘူး၊ မင်းက အချိန်ဆွဲပြီး မင်းရဲ့ ကျင့်ကြံခြင်းအဆင့်ကို မြှင့်တင်ချင်နေတာဆိုတော့... ကောင်းပြီလေ မင်းကို အခွင့်အရေး ငါ ပေးမယ်"
ဝေ့လီမှာ အံ့အားသင့်သွားပြီး သူ အကြားအာရုံ မှားသွားသည်ဟုပင် ထင်လိုက်မိသည်။
"မင်း ဘာပြောလိုက်တာလဲ"
ရွှယ်အန်းက ရှင်းလင်းပြတ်သားစွာ ပြောသည်။
"မင်း ပြန်ကောင်းလာဖို့ အချိန်ပေးမယ်လို့ ငါ ပြောတာ"
ထိုစကားများကြောင့် ဝေ့လီ တစ်ယောက်တည်းသာ ဇဝေဇဝါ ဖြစ်သွားသည် မဟုတ်ဘဲ အန်းယန် နှင့် အခြားသူများပင်လျှင် ဆွံ့အ မှင်တက်သွားကြသည်။
"ယောက်ျား... ရှင်..."
အန်းယန်က တစ်ခုခု ပြောချင်ဟန်ရှိသည်။ သို့သော် ဝေ့လီက အားရပါးရ ရယ်မောလာသည်။
"ကောင်းတယ်၊ တစ်ချိန်က တစ္ဆေလောကနယ်ပယ်ကို လွှမ်းမိုးခဲ့တဲ့ နတ်မီးတောက် တစ္ဆေ ဧကရာဇ် ပီသပါပေတယ်၊ တကယ်ကို ရဲရင့်တာပဲ၊ ကောင်းပြီ... ငါ့ကိုယ်ပွားရဲ့ ကျင့်ကြံခြင်းအဆင့် ပြန်လည် ပြည့်ဝလာတာနဲ့ ငါတို့ တရားမျှတတဲ့ ပွဲစဉ်တစ်ခု ပြန်လည် ယှဉ်ပြိုင်ကြတာပေါ့"
ရွှယ်အန်းက ခပ်ဖွဖွ ပြုံးသည်။
"ကောင်းပြီလေ"
သူ၏ ဤလုပ်ရပ်က လူအများအပြားကို ယုတ္တိမတန်ဟု ခံစားရစေပြီး အထူးသဖြင့် ချမ်းသာကြွယ်ဝသော တစ္ဆေ မျိုးနွယ်စု မှူးမတ် မိသားစုများမှာ အချင်းချင်း ဇဝေဇဝါဖြင့် အကြည့်ချင်း ဖလှယ်လိုက်ကြကာ တီးတိုး ပြောလာကြသည်။
"ဒီရွှယ်အန်းက အရမ်း မောက်မာလွန်းနေတာ မဟုတ်ဘူးလား"
"ဟုတ်တယ်၊ အခု လှုပ်ရှားမှု မလုပ်ဘဲ ဝေ့မိသားစု ဘိုးဘေးကို အချိန်ပေးပြီး နာလန်ထူခွင့် ပေးနေတာက... သူ ရူးသွားပြီလား"
ဤတီးတိုးပြောသံများက ဒီရေလှိုင်းတစ်ခုအလား ရွှယ်အန်း၏ နားထဲသို့ ရောက်ရှိလာခဲ့သည်။ သို့သော် ရွှယ်အန်းက ၎င်းတို့ကို ဂရုမစိုက်ဘဲ အဓိပ္ပါယ်ပါပါ ပြုံးလိုက်ပြီးနောက် ဇဝေဇဝါ ဖြစ်နေသော အန်းယန် ထံသို့ လှည့်ကြည့်သည်။
"ယန်အာ... စိတ်မပူပါနဲ့၊ ကိုယ် ဘာလုပ်နေလဲ ဆိုတာကို သိပါတယ်"
ရွှယ်အန်းထံမှ ဤစကားကို ကြားသောအခါ အန်းယန် က လိမ္မာပါးနပ်စွာဖြင့် ပါးစပ်ကို ပိတ်လိုက်ပြီး နောက်ထပ် မေးခွန်းများ မမေးတော့ချေ။ သို့သော် ဤအခိုက်အတန့်တွင် ချိတ်ပိတ်ခံရမှု ကမောက်ကမ ဖြစ်စဉ်များ ပြီးနောက် သူမ၏ ယောကျ်ားမှာ အနည်းငယ် ပြောင်းလဲသွားပုံရသည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။
ဤခံစားချက်မှာ အလွန်အမင်း သိမ်မွေ့ပြီး ဖော်ပြရန် ခက်ခဲလှကာ ရွှယ်အန်း နှင့် ရင်းနှီးသော အန်းယန်လို လူတစ်ယောက်သာလျှင် အာရုံခံမိနိုင်ပေသည်။ အကယ်၍ ယခင် ရွှယ်အန်း သည် လောကကြီးသို့ ဆင်းသက်လာသော ကောင်းကင်ဘုံအင်မော်တယ် တစ်ပါးအလား ကြောက်မက်ဖွယ်ကောင်းပြီး ခမ်းနားထည်ဝါခဲ့သည် ဆိုလျှင် ယခု လက်ရှိ ရွှယ်အန်း မှာမူ တည်ငြိမ်အေးချမ်းမှုနှင့် အချိန်ကာလကို ကျော်လွန်နေသော အသွင်အပြင်ကို ဆောင်ကြဉ်းထားသည်။
သို့တိုင်အောင် ဤခံစားချက်က လူတို့ကို အရာအားလုံးကို ထိုးဖောက်မြင်သိနေသည့် ထူးဆန်းသော ခံစားချက် တစ်ခုကို ပေးစွမ်းနေခဲ့သည်။ ပြင်ပလျှို့ဝှက်ချက်များ အားလုံးကို ဖြေရှင်းနိုင်ခဲ့သော နတ်ဘုရား တစ်ပါးသည် စကြဝဠာပေါင်းစုံ၏ အထွတ်အထိပ်တွင် ရပ်တည်ကာ သက်ရှိသတ္တဝါ အားလုံးကို အထက်မှနေ၍ ငုံ့ကြည့်နေသည့်အလားထင်ရကာ ကျယ်ပြောပြီး ခန့်မှန်း၍ မရနိုင်လောက်အောင် နက်နဲလှပေသည်။
အန်းယန်မှလွဲ၍ သူ ပြန်လည် ရောက်ရှိလာကတည်းက မျက်တောင်တစ်ချက် မခတ်ဘဲ ရွှယ်အန်းကို စူးစိုက်ကြည့်နေသော နောက်ထပ် လူတစ်ယောက် ရှိနေသေးသည်။ သူ့အကြည့်ကို ခံစားမိသဖြင့် ရွှယ်အန်း က ခေါင်းမလှည့်ဘဲ မနေနိုင်ခဲ့ချေ။ ထိုစဉ်အဝေးတွင် တွေဝေစွာ ရပ်နေသော မုန့်ယောင် ကို ကြည့်ကာ သူလည်း အနည်းငယ် ပြုံးပြမိသည်။
"ရှောင်ယောင်... မတွေ့ရတာ ကြာပြီပဲ"
ရှောင်ယောင် ဟူသော ဤရိုးရှင်းသည့် ခေါ်သံလေးမှာ မုန့်ယောင်၏ နားထဲတွင် မိုးခြိမ်းသံတစ်ခုအလား ပဲ့တင်ထပ်သွားခဲ့သည်။ အရှင်သခင်နှင့် တွေ့ဆုံသည့်အခါ မငိုရဘူးဟု သူမကိုယ်သူမ အကြိမ်ကြိမ် သတိပေးထားခဲ့သော်ငြား ယခုအခိုက်အတန့်တွင် သူမ ပြိုလဲသွားပြီး မျက်ရည်များမှာ ထိန်းချုပ်၍ မရနိုင်အောင် စီးကျလာခဲ့သည်။ သို့သော် ဤမျက်ရည် မိုးရေစက်များ ကြားမှပင် သူမက ပြုံးလျက် ခေါင်းညိတ်သည်။
"အရှင်သခင်"
ထိုမြင်ကွင်းကို မျက်မြင်တွေ့ရှိလိုက်သောအခါ လူအများအပြား၏ မျက်နှာအမူအရာများမှာ အနည်းငယ် ထူးဆန်းသွားကြသည်။ ကျင်းကျွယ် နှင့် လော့ကျန့်တို့က ပါးနပ်စွာဖြင့် တစ်ဖက်သို့ လှည့်သွားကြပြီး ပတ်ဝန်းကျင် ရှုခင်းများကို စတင် ငေးမောနေကြသည်။
ဟွီယင်းက နှာခေါင်းရှုံ့လိုက်ရာ သူမ၏ မျက်နှာမှာ မည်းမှောင်သွားသော်လည်း ကောင်မလေး နှစ်ယောက်ကို အခြားနေရာ တစ်ခုသို့ ဦးဆောင်ခေါ်သွားပေးခဲ့သည်။ သို့သော် လူတိုင်းက ထွက်သွားကြသည်တော့ မဟုတ်ချေ။
ဥပမာအားဖြင့် ဇန်ရွှယ်လင်မှာ မုန့်ယောင် ကို အနည်းငယ် အံ့အားသင့်စွာ ကြည့်ပြီး ရွှယ်အန်းကို တစ်ချက် လှမ်းကြည့်ကာ အဆုံးတွင် သူမ၏ အကြည့်များကို အန်းယန် ထံသို့ ဦးတည်လိုက်သည်။ မမျှော်လင့်ဘဲ အန်းယန်က သူမ စိတ်ကူးထားသကဲ့သို့ ဒေါသထွက်သည့် အမူအရာမျိုး မပြသဘဲ ရွှယ်အန်းကို နူးညံ့စွာ ပြောသည်။
"ယောက်ျား... ရှင်တို့ အရင် စကားပြောကြပါ၊ ကျွန်မ ဟိုဘက်ကို ခဏ သွားလိုက်ဦးမယ်"
ထိုသို့ပြောပြီး သူမက တကယ်ပင် လှည့်ထွက်သွားတော့သည်။ ဇန်ရွှယ်လင်၏ မျက်လုံးများမှာ တဖြည်းဖြည်း ပြူးကျယ်လာခဲ့သည်။ ဒီလို လုပ်လို့ ရတယ်ပေါ့။
ရွှယ်အန်းက တစ်ခုခုကို ခံစားလိုက်ရပြီး သူမဘက်သို့ လှည့်ကြည့်ကာ တည်ငြိမ်စွာ ပြောသည်။
"မင်း ဘာတွေ တွေးနေတာလဲ"
"အာ... ဘာမှ မဟုတ်ပါဘူး ရှင်တို့ နှစ်ယောက် စကားပြောကြပါ"
ဇန်ရွှယ်လင်က အလျင်အမြန် ထွက်သွားတော့သည်။ ရွှယ်အန်းက လေပေါ်တွင် ရပ်ကာ ငိုကြွေးနေသော မုန့်ယောင် ကို ကြည့်ရင်း ခပ်ဖွဖွ ပြုံးသည်။
"နှစ်တွေ အများကြီး မတွေ့ရတဲ့ အချိန်အတွင်းမှာ အရင်က မျက်ရည်တွေ ခြောက်ခမ်းမတတ် ငိုတတ်တဲ့ ကောင်မလေးက အခုတော့ နန်းတော် သခင် အဆင့်ရှိတဲ့ အစွမ်းထက် ပုဂ္ဂိုလ်ကြီး ဖြစ်နေပြီပဲ"
မုန့်ယောင် က ဘာမှ မပြောခဲ့ချေ။ ရွှယ်အန်းနှင့် တွေ့သည့်အခါ သူမ ပြောစရာတွေ အများကြီး ရှိလိမ့်မည်ဟု တွေးထားခဲ့သော်လည်း ယခုအခိုက်အတန့်တွင် သူမ ဘာစကားမှ မပြောနိုင်တော့ပေ။
"ကဲပါ... မငိုပါနဲ့တော့၊ ငါ တကယ်ပဲ ရှက်စရာကောင်းတဲ့ ကိစ္စ တစ်ခုခု လုပ်ထားတယ်လို့ လူတွေ ထင်ကုန်ကြလိမ့်မယ်"
ရွှယ်အန်းက အကူအညီမဲ့စွာ ပြောမိသည်။ အဆုံးတွင် မုန့်ယောင်က ရှိုက်ငိုခြင်းကို စတင် ရပ်တန့်ပြီး ရွှယ်အန်းကို တွေဝေစွာ ငေးကြည့်ကာ တိုးညင်းစွာ မေးသည်။
"အရှင်သခင်... အရင်တုန်းက ရှင်ပြောခဲ့တဲ့ ကောင်မလေးဆိုတာ အန်းယန် လား"
ရွှယ်အန်းက ခေါင်းညိတ်သည်။
"ဟုတ်တယ်"
"သူမက အရမ်း လှတာပဲ"
မုန့်ယောင် က ပြုံးလိုက်သော်လည်း သူမ၏ မျက်လုံးများမှာ အလွန် မှေးမှိန်သွားခဲ့သည်။ သို့သော် မကြာမီမှာပင် သူမက စိတ်အခြေအနေကို ပြန်လည် ထိန်းချုပ်လိုက်ပြီး ကျက်သရေရှိစွာ လက်ကမ်းပေးသည်။
"အရှင်သခင်... နောက်ဆုံးတော့ ရှင့်ရဲ့ ချစ်ရသူကို ရှာတွေ့သွားတဲ့အတွက် ဂုဏ်ယူပါတယ်"
ရွှယ်အန်းက ပြုံးသဲ့သဲ့ဖြင့် သူမကို ကြည့်သော်လည်း လက်ကို ပြန်မဆွဲကိုင်ခဲ့ချေ။ ထိုအစား သူက သူမ၏ နှာခေါင်းလေးကို ညင်သာစွာ ဆွဲညှစ်သည်။
"ကောင်းပြီ... အရမ်းကြီး ယဉ်ကျေးမနေပါနဲ့၊ ငါ့မျက်လုံးထဲမှာတော့... မင်းက ဘယ်တော့မှ ကြီးမလာတဲ့ ကောင်မလေး အဖြစ် အမြဲတမ်း ရှိနေမှာပါ"
မုန့်ယောင်က ပန်းပွင့်လေး တစ်ပွင့်အလား တောက်ပစွာ ပြုံးပြီး ခေါင်းညိတ်သည်။
"အွန်း"
သို့သော် ရွှယ်အန်း လှည့်ထွက်သွားသည့် အခိုက်အတန့်လေးတွင် မုန့်ယောင် က ခေါင်းကို ငုံ့လိုက်ပြီး သူမ တစ်ယောက်တည်းသာ ကြားနိုင်သော အသံဖြင့် တိုးတိုးလေး ရေရွတ်
သည်။
"အရှင်သခင်... ကျွန်မရဲ့ မျက်လုံးထဲမှာတော့ ရှင်က ကျွန်မကို ဘေးအန္တရာယ်ကနေ ကယ်တင်ပေးခဲ့တဲ့ အစ်ကိုကြီး အဖြစ် အမြဲတမ်း ရှိနေမှာပါ"
အဝေးတစ်နေရာမှနေ၍ ရုံယန်က ထိုမြင်ကွင်းကို တိတ်ဆိတ်စွာ စောင့်ကြည့်နေခဲ့ပြီး သူ၏ မျက်လုံးများထဲတွင် လွမ်းဆွေးမှုနှင့် ဝမ်းနည်းမှုများဖြင့် ပြည့်နှက်နေခဲ့သည်။ ဤအခိုက်အတန့်တွင် ကျင်းကျွယ်က သူ့ဘေးတွင် ပေါ်လာပြီး တိုးညင်းစွာ ပြောသည်။
"ဒကာကြီးက ခံစားချက်တွေကြောင့် ဒုက္ခရောက်နေတာလား"
ရုံယန်က ခေါင်းလှည့်ကာ ကျင်းကျွယ် ကို ကြည့်ပြီးနောက် လန့်သွားကာ မျှော်လင့်ချက်မဲ့စွာ ပြောလာသည်။
"ဟုတ်တယ် ဆိုရင်ကော ဘာဖြစ်လဲ"
ကျင်းကျွယ်က အကြံအစည်ပြည့်၀နေသော ခေါင်းဆောင် တစ်ယောက်အလား ပြုံးသည်။
"ဒကာကြီး... ငါတို့ ဗုဒ္ဓဘာသာ ဂိုဏ်းမှာ စိတ်ခံစားမှု ဒုက္ခတွေကို သက်သာရာရစေမယ့် နည်းလမ်းတွေ အများကြီး ရှိတယ်၊ လေ့လာကြည့်ဖို့ စိတ်ဝင်စားလား"
ရုံယန်က ငြင်းဆိုရန် ပြင်သော်လည်း ရှင်းပြ၍ မရနိုင်အောင်ပင် သဘောတူညီစွာ ခေါင်းညိတ်လိုက်မိသည်။ ကျင်းကျွယ်၏ အပြုံးမှာ ပို၍ပင် ကျယ်ပြန့်လာခဲ့ပြီး သူ့ တရားတော်များကို ရည်စူးချက်အပြည့်ဖြင့် ချက်ချင်း စတင် ဟောကြားတော့သည်။ ဤနန်းတော် သခင်အဆင့်ရှိ အစွမ်းထက် ပုဂ္ဂိုလ်ကြီးကို ဗုဒ္ဓကျောင်းတော်ထဲသို့ ဆွဲသွင်းရန် ရည်ရွယ်ကာ ကျင်းကျွယ် က တရားတော်များကို ကြိုးကြိုးစားစား ဖြန့်ဝေနေချိန်မှာပင် လေထဲတွင် ဝေ့လီ ၏ ပတ်ဝန်းကျင်ရှိ အရှိန်အဝါများက ပို၍ ကြီးမား ကျယ်ပြန့်လာခဲ့သည်။
စွမ်းအားများမှာ အလွန် ပြင်းထန်လွန်းလှသဖြင့် လေနှင့် တိမ်များကိုပင် ပြောင်းလဲသွားစေလောက်အောင် မွှေနှောက်နေခဲ့သည်။ တစ္ဆေ မျိုးနွယ်စု မိသားစုများမှာ ထိတ်လန့်တကြား နောက်ဆုတ်သွားကြပြီး ဤမြင်ကွင်းကို အကြောက်တရားဖြင့် စိုက်ကြည့်နေကြသည်။ ထိုအရ ကို မြင်သောအခါ အန်းယန် နှင့် အခြားသူများ၏ မျက်နှာပေါ်တွင်လည်း စိုးရိမ်ပူပန်သော အမူအရာများ ရှိနေခဲ့သည်။ သို့သော် ရွှယ်အန်းက ယခုအခါ မျက်စိကျိန်းမတတ် တောက်ပသော အလင်းရောင်များ ဖုံးလွှမ်းနေသည့် ကောင်းကင်ယံကို မော့ကြည့်ကာ တည်ငြိမ်စွာ ပြောသည်။
"အချိန် တန်လောက်ပြီ မဟုတ်လား"
"ဟင်... ဘာအတွက် အချိန်တန်တာလဲ"
အန်းယန် က ဇဝေဇဝါဖြင့် မေးသည်။ ဤအခိုက်အတန့်တွင် မုန်တိုင်းထဲမှနေ၍ အေးစက်သော ရယ်မောသံ တစ်ခု ထွက်ပေါ်လာခဲ့သည်။
"နတ်မီးတောက် တစ္ဆေ ဧကရာဇ်... အခု မင်းရဲ့ စွမ်းရည်တွေကို ပြလိုက်စမ်း"
ဤစကားစု၏ စကားလုံး တစ်လုံးစီတိုင်းက လေးလံသော တူကြီးတစ်လက်အလား ဗလာနယ်ကို ထုရိုက်နေပြီး အာကာသထဲတွင် အက်ကွဲကြောင်းများ ပေါ်လာစေခဲ့သည်။ အရှိန်အဝါ၏ စွမ်းအားမှာ ဤမျှလောက်အထိ ပြင်းထန်ပြီး အင်မော်တယ် ဘုရင် တစ်ပါး၏ အစစ်အမှန် စွမ်းအားနှင့် တူညီနေခဲ့သည်။
သို့သော် ဤကမောက်ကမ ဖြစ်နေသော စွမ်းအားကြီးကို ရင်ဆိုင်ရချိန်တွင် ရွှယ်အန်းက တည်ငြိမ်နေဆဲဖြစ်ပြီး သူ၏ မျက်နှာပေါ်တွင် အေးချမ်းမှုများ ပြည့်နှက်နေခဲ့သည်။
"ငါ မင်းနဲ့ တိုက်ခိုက်မယ်လို့ ဘယ်သူပြောလဲ”
--