← Chapters

အခန်း ၁၄၅၅

Vol. 97 Ch. 1455

အခန်း ၁၄၅၅

Vol. 97 Ch. 1455

အခန်း (၁၄၅၅) လျှို့ဝှက်ချက်များ ဖော်ထုတ်ခံရခြင်းနှင့် မရဏအရှင်သခင် ပေါ်ထွက်လာခြင်း

‘ဟင်..’

ထိုစကားများ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ပရိသတ်ကြီး တစ်ခုလုံး အံ့အားသင့်သွားကြသည်။ ‘ဘာအဓိပ္ပါယ်လဲ၊ ဒီနတ်မီးတောက် တစ္ဆေ ဧကရာဇ် က တိုက်ခိုက်ရမှာကို ကြောက်နေတာများလား…’

ဝေ့လီက ကျယ်လောင်စွာ ရယ်မောသည်။

"နတ်မီးတောက် တစ္ဆေ ဧကရာဇ်... မင်းက တော်တော် ပါးနပ်တဲ့သူပဲ မဟုတ်လား၊ ငါနဲ့ မတိုက်ခိုက်ဘူးဆိုတော့ မင်းက အညံ့ခံပြီး အရှုံးပေးဖို့ စဉ်းစားနေတာလား"

ရွှယ်အန်းက ခေါင်းခါသည်။

"လုံး၀ မဟုတ်ဘူး"

ယခုအခါ လူတိုင်းမှာ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားကြသည်။ ဝေ့လီမှာ ပို၍ပင် အံ့အားသင့်သွားပြီး ကောက်ကျစ်စွာ လှောင်ပြုံးပြုံးလ။သည်။

"ဒါလည်း မဟုတ်၊ ဟိုဟာလည်း မဟုတ်နဲ့ မင်းက ဘာတွေများ ကြံစည်နေတာလဲ"

ရွှယ်အန်းက ရုတ်တရက် ရယ်မောလာသည်။

"မင်း ထူးဆန်းတယ်လို့ ထင်တဲ့ မေးခွန်းတစ်ခု မရှိဘူးလား"

"ဘာမေးခွန်းလဲ"

ဝေ့လီက မုန်တိုင်း လေဝဲကတော့ထဲမှ ထွက်ပေါ်လာပြီး အေးစက်စွာ မေး

သည်။

"ဒီမရဏအရှင်သခင်ရဲ့ လျှို့ဝှက် ရတနာတိုက်က ဘာလို့ ဒီအချိန်မှ ရုတ်တရက် တိုက်ဆိုင်စွာ ပေါ်လာရတာလဲ ဆိုတာလေ"

ဝေ့လီ၏ မျက်နှာအမူအရာမှာ ရုတ်တရက် ထူးဆန်းသွားခဲ့သည်။ ရွှယ်အန်း ပြောသည့်အတိုင်းပင် အစောပိုင်းက သူ အနည်းငယ် ထူးဆန်းနေသည်ဟု ခံစားခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် ဤတိုက်ပွဲကြီး လျှို့ဝှက်နယ်မြေမှာ တည်ရှိနေသည်မှာ ကြာပြီဖြစ်သော်လည်း ယခင်က မည်သည့် လျှို့ဝှက် ရတနာတိုက်မှ မပေါ်လာခဲ့ဘဲ ယခုမှသာ ကျဆုံးသွားပြီဖြစ်သော မရဏအရှင်သခင်၏ အရှိန်အဝါများ ထုတ်လွှတ်နေသည့် ဤရတနာတိုက် ရုတ်တရက် ပေါ်လာသောကြောင့်ဖြစ်သည်။

၎င်းမှာ သေချာပေါက် သံသယဖြစ်စရာ တစ်ခုတော့ ရှိနေခဲ့သည်။

သို့သော် ဤလျှို့ဝှက် ရတနာတိုက်၏ ဆွဲဆောင်မှုက ကြီးမားလွန်းလှသဖြင့် ၎င်းက သူ၏ ခန္ဓာကိုယ် အစစ်အမှန်၏ ချိတ်ပိတ်မှုကိုပင် ဖွင့်ပေးနိုင်ပြီး သူ၏ ကိုယ်ပွားဖြင့် ခိုးကြောင်ခိုးဝှက် သွားလာနေစရာ မလိုတော့မည့် အခြေအနေ ဖြစ်လာနိုင်သောကြောင့် အနည်းငယ် သံသယဖြစ်မိလျှင်ပင် ထိုအကြောင်းကို ဆက်မတွေးမိခဲ့ချေ။

ယခု ရွှယ်အန်းက ဤအကြောင်းကို ထပ်မံ ထုတ်ဖော်ပြောဆိုလာချိန်ကျမှသာ သူ ရုတ်တရက် အနည်းငယ် တုန်လှုပ်သွားခဲ့သည်။ ဤအခိုက်အတန့်တွင် ရွှယ်အန်းက အရာအားလုံးကို ဖက်တွယ်ထားသည့်အလား လက်များကို ဖြည်းညင်းစွာ ဆန့်တန်းလိုက်ပြီး တိုးညင်းစွာ ပြောသည်။

"ဒီလျှို့ဝှက် ရတနာတိုက်ကြီးက သူ့ရဲ့ အရှင်သခင် ပြန်အလာကို ကြိုဆိုနေသလိုမျိုး ဝမ်းမြောက်ဝမ်းသာ ဖြစ်နေတာကို မင်း သတိမထားမိဘူးလား"

ဝေ့လီမှာ ရုတ်တရက် တဆတ်ဆတ် တုန်ယင်သွားပြီး မယုံကြည်နိုင်စွာဖြင့် အော်ဟစ်သည်။

"မဖြစ်နိုင်ဘူး၊ မရဏအရှင်သခင် က သေသွားပြီ... သူက ဘယ်လိုလုပ် ပြန်လာနိုင်မှာလဲ"

ရွှယ်အန်းက ရယ်မောလိုက်သည်။

"မဖြစ်နိုင်ဘူး ဟုတ်လား၊ ဝေ့လီ... မင်းကိုယ်မင်း အစွမ်းထက် ပုဂ္ဂိုလ် တစ်ဝက်လို့ သတ်မှတ်ထားတာပဲ၊ စကြဝဠာပေါင်းစုံမှာ အရာအားလုံးက ဖြစ်နိုင်တယ် ဆိုတာကို မင်း သိထားသင့်တာပေါ့"

ဝေ့လီ၏ မျက်နှာမှာ အလွန်တရာ ကြည့်ရဆိုးသွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ရွှယ်အန်း၏ စကားများထဲမှ အဓိပ္ပါယ်ကို သူ ကြားသိလိုက်သောကြောင့် ဖြစ်သည်။ ဤလျှို့ဝှက် ရတနာတိုက် ရုတ်တရက် ပေါ်လာခြင်းမှာ မရဏအရှင်သခင်နှင့် ဆက်စပ်နေကြောင်း ရှင်းလင်းနေသည်။

၎င်းမှာ ကျဆုံးသွားသော မရဏအရှင်သခင်က နိုးထလာတော့မည့် အခြေအနေ ဖြစ်နေသောကြောင့် ဤတစ်ကြိမ်တွင် လျှို့ဝှက် ရတနာတိုက်က ရုတ်တရက် ပေါ်လာခြင်း ဖြစ်နိုင်သည်။

သို့သော် ထိုသည်မှာ ဖြစ်နိုင်ပါ့မည်လား။ ဤအခိုက်အတန့်တွင် ဝေ့လီ၏ စွမ်းအားဖြင့် ခန္ဓာကိုယ်ကို ပြန်လည် ဖွဲ့စည်းထားသော ဝေ့ယွီဟွာက မလိုမုန်းထားမှုများ ပြည့်နှက်နေသော မျက်နှာဖြင့် ခေါင်းပြူထွက်လာပြီး အေးစက်စွာ ပြောသည်။

"အရှင်ရွှယ်... ဒီမှာ လာပြီး အဓိပ္ပါယ် မရှိတာတွေ လျှောက်မပြောနဲ့၊ ဘာ မရဏအရှင်သခင် နိုးထလာတာလဲ... ဒါက လုံးဝ အဓိပ္ပါယ် မရှိတာပဲ၊ မင်းမှာ သတ္တိရှိရင် ဒီမရဏအရှင်သခင်က ဘယ်သူလဲ ဆိုတာကို ဖော်ထုတ်ပြလိုက်လေ၊ မင်းကိုယ်မင်း မရဏအရှင်သခင်လို့ ပြောချင်နေတာတော့ မဟုတ်ပါဘူးနော်"

ဤအချိန်တွင် ဝေ့ယွီဟွာသည် ရွှယ်အန်းကို အလွန်အမင်း မုန်းတီးနေကြောင်း သိသာထင်ရှားနေသဖြင့် သူ၏ လေသံမှာပင် အနည်းငယ် ရူးသွပ်နေသည့်ပုံ ပေါက်နေခဲ့သည်။

ရွှယ်အန်းက ဤစကားကို ကြားသောအခါ ရယ်မောလာသည်။ ဝေ့ယွီဟွာလို လူမျိုးကို ဆုံးမရန်ပင် သူ ပျင်းရိနေသဖြင့် တည်ငြိမ်စွာ ပြောသည်။

"ငါက သေချာပေါက် မရဏအရှင်သခင် မဟုတ်ဘူး၊ ဒါပေမယ့် တစ်ယောက်ယောက်ကတော့ ဟုတ်နေတယ်"

"ဘယ်သူလဲ"

ဝေ့လီ နှင့် ဝေ့ယွီဟွာ တို့က တစ်ပြိုင်နက်တည်း မေးကြသည်။ ရွှယ်အန်းက ခေါင်းမော့ကာ တိတ်ဆိတ်စွာ ရပ်တည်နေသော ရတနာတိုက်၏ တံခါးကြီးကို ကြည့်ပြီး ပြတ်သားစွာ ပြောသည်။

"စောစောက အထဲကို ဘယ်သူ့ကို ပစ်သွင်းလိုက်လဲ ဆိုတာ မင်းတို့ မမြင်လိုက်ဘူးလား"

ထိုစကားက လူတိုင်းကို ရုတ်တရက် သတိရသွားစေခဲ့သည်။ အမှန်ပင်။ အစောပိုင်းက ရွှယ်အန်းသည် ဝေ့လီနှင့် စတင် မတိုက်ခိုက်မီတွင် ရတနာတိုက်ထဲသို့ လူတစ်ယောက်ကို ပစ်သွင်းခဲ့သည် မဟုတ်ပါလား။ သို့သော် ထိုအခါ ဝေ့ယွီဟွာက ကျယ်လောင်စွာ ရယ်မောလာသည်။

"ဝေ့ဟောက်ချန်လား၊ အဲဒီ ငတုံးကို မင်းက ပြောနေတာလား၊ သူက မရဏအရှင်သခင်လို့ ဆိုလိုချင်တာလား၊ မင်းက တကယ် ဟာသလုပ်နေတာပဲ ဟားဟားဟား"

ဝေ့ယွီဟွာက အားရပါးရ ရယ်မောလိုက်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းမှာ လုံးဝ အဓိပ္ပါယ် မရှိဟု သူ ထင်သောကြောင့်ဖြစ်သည်။ သူ တစ်ယောက်တည်းသာ မဟုတ်ဘဲ ဝေ့ဟောက်ချန်၏ နာမည်ကို ကြားသောအခါ လူအများအပြားက ထူးဆန်းသော အမူအရာများကို ပြလာကြသည်။

ဝေ့မိသားစုက ဝေ့ဟောက်ချန်၏ ကိစ္စများကို အမြဲတမ်း ဖုံးကွယ်ထားခဲ့သော်ငြား ထိုနေရာတွင် ရှိနေသော မိသားစုများထဲမှ မည်သူက ဝေ့မိသားစု၏ အနှစ်တစ်ထောင်တွင် တစ်ခါသာ ပေါ်ထွက်လာတတ်သော ဤငတုံး အကြောင်းကို မသိဘဲ နေမည်နည်း။ ဤကဲ့သို့သောသူမျိုးက မရဏအရှင်သခင်၏ ဝင်စားခြင်း ဖြစ်နေမည်ဆိုလျှင် ဟာသတစ်ခုနှင့် တူနေပေလိမ့်မည်။

ထို့ကြောင့် လူအများအပြားက လိုက်လံ ရယ်မောကြသည်။ သို့သော် တစ်ချိန်တည်းမှာပင် လူအုပ်ကြီးထဲမှ တိတ်ဆိတ်စွာ ထွက်ခွာလာခဲ့သော ဝေ့ချင်းရှောင်းမှာ ဤစကားကို ကြားသောအခါ ရူးသွပ်မတတ် တုန်ယင်သွားပြီး သူမ၏ မျက်လုံးများထဲတွင် အဆုံးအစမရှိသော အံ့အားသင့်မှုများကို ပြသနေခဲ့သည်။

‘သူမ မောင်လေးက မရဏအရှင်သခင်များ ဖြစ်နေမလား၊ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ…’

အကယ်၍ အခြားသူများက ဝေ့ချင်းရှောင်းကို ဤသို့ပြောလာခဲ့လျှင် သူမက အဓိပ္ပါယ် မရှိဟု ထင်လိမ့်မည်။ သို့သော် ယခု စကားပြောနေသူမှာ ရွှယ်အန်း ဖြစ်နေသည်။ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံး အပြီးတွင် ဝေ့ချင်းရှောင်းက ရွှယ်အန်းကို နတ်ဘုရား တစ်ပါးအလား လေးစားနေပြီး သူ၏ စကားတစ်ခွန်းစီတိုင်းကို မသင်္ကာမှု မဖြစ်ရဲတော့ချေ။ အထူးသဖြင့် ရွှယ်အန်းက သူမ၏ မောင်ဖြစ်သူ၏ ရောဂါကို ကုသပေးမည်ဟု ကိုယ်တိုင်ကိုယ်ကျ ကတိပေးထားခဲ့သည် မဟုတ်ပါလား။

ရွှယ်အန်းက ဝေ့ဟောက်ချန်ကို ရတနာတိုက်ထဲသို့ ရုတ်တရက် ပစ်သွင်းလိုက်သော အစောပိုင်းက လုပ်ရပ်နှင့် ပေါင်းစပ်လိုက်သောအခါ ဝေ့ချင်းရှောင်း၏ စိတ်ထဲတွင် အတွေးတစ်ခု တဖြည်းဖြည်း ပေါ်ထွက်လာသည်။

‘ဒါတွေ အားလုံးက တကယ်များ ဖြစ်နေမလား’

ဤအခိုက်အတန့်တွင် ဝေ့လီက မျက်မှောင်ကြုတ်လျက် လှောင်ပြုံးပြုံးလာသည်။

"နတ်မီးတောက် တစ္ဆေ ဧကရာဇ်... မင်းရဲ့ စကားတွေကို ငါ ယုံမယ်လို့ ထင်နေတာလား၊ မရဏအရှင်သခင်ရဲ့ ဝိညာဉ်ကို ငါ ကိုယ်တိုင် အရိပ်အယောင်လေးတောင် မကျန်အောင် ဖျက်ဆီးခဲ့တာ ဆိုတာကို မင်း သိသင့်တယ်"

ရွှယ်အန်းက ခပ်ဖွဖွ ပြုံးပြီးနောက် ပေါ့ပေါ့ပါးပါး ပြောသည်။

"မင်း သိလား၊ အဲဒီတုန်းက ငါနဲ့ မရဏအရှင်သခင်က အရမ်းကို ခင်မင်တဲ့ သူငယ်ချင်းတွေ ဖြစ်ခဲ့ကြတာ"

ဝေ့လီက မတုံ့ပြန်ခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် ရွှယ်အန်း ပြောခဲ့သောအရာမှာ တကယ်ပင် မှန်ကန်နေသောကြောင့် ဖြစ်သည်။ ၎င်းမှာ လျှို့ဝှက်ချက် တစ်ခု မဟုတ်ဘဲ ထိုနေရာတွင် ရှိနေသူ အများအပြားလည်း သိထားကြသည်။

"အဲဒီတော့ ဘာဖြစ်လဲ"

"ဒါကြောင့် မင်းကို ငါ သတိပေးချင်တာက... ငါ့သူငယ်ချင်း မရဏအရှင်သခင် က တခြားစွမ်းရည်တွေမှာ အားနည်းကောင်း အားနည်းလိမ့်မယ် ဒါပေမယ့် ဝိညာဉ်တွေကို ထိန်းချုပ်တဲ့ နေရာမှာတော့ သူက ပြိုင်ဘက်ကင်းပြီး ဒုတိယ လိုက်နိုင်မယ့်သူ မရှိဘူး၊ ဒါကြောင့်..."

ရွှယ်အန်းက အေးစက်သော အပြုံးတစ်ခုကို ပြသလာသည်။

"သူက အဲဒီလောက် အလွယ်တကူနဲ့ ကျဆုံးသွားမယ်လို့ မင်း တကယ်ပဲ ထင်နေတာလား"

ထိုစကား အနည်းငယ်က ဝေ့လီ၏ မျက်နှာအမူအရာကို အကြီးအကျယ် ပြောင်းလဲသွားစေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဤအရာမှာ သူ၏နှလုံးသား အနက်ရှိုင်းဆုံးတွင် အမြဲတမ်း မြှုပ်နှံထားခဲ့သော စိုးရိမ်ပူပန်မှု တစ်ခု ဖြစ်နေသောကြောင့်ဖြစ်သည်။ သို့သော် သူက အလျင်အမြန်ပင် သူ၏ အမူအရာကို ချိန်ညှိလိုက်သည်။

"နတ်မီးတောက် တစ္ဆေဧကရာဇ်... မင်းမှာ အရမ်းကောင်းတဲ့ စကားပြောစွမ်းရည် ရှိတာ သေချာပါတယ်၊ ဒါပေမယ့် အဲဒီငတုံးက မရဏအရှင်သခင်ရဲ့ ဝင်စားခြင်း ဖြစ်တယ် ဆိုရင်တောင်မှ သူ မွေးဖွားလာတုန်းက ငါ တိတ်တဆိတ် စောင့်ကြည့်ခဲ့ပြီး သူ့ဝိညာဉ်က မပြည့်စုံဘူး ဆိုတာကို တွေ့ရှိခဲ့တယ်၊ ဒီလို တည်ရှိမှုမျိုးက မရဏအရှင်သခင် အဖြစ် ပြန်လာနိုင်မယ်လို့ မင်း ထင်နေလား"

ရွှယ်အန်းက ဘာမှ မပြောဘဲ ရတနာတိုက်၏ တံခါးကိုသာ တိတ်ဆိတ်စွာ ကြည့်နေခဲ့ရာ သူ၏ အပြုံးက ပို၍ ကြီးမားလာပြီးနောက် တိုးညင်းစွာ ပြောသည်။

"သူ့ဝိညာဉ်က မပြည့်စုံတာ သေချာတယ်၊ ဘာလို့လဲဆိုတော့ ကျန်တဲ့ အပိုင်းက... ဒီရတနာတိုက်ထဲမှာ ရှိနေလို့လေ"

ဤစကားများ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ဝေ့လီမှာ မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ခံစားရသည်။ သို့သော် သူ တစ်ခုခု မပြောနိုင်မီမှာပင် ကမ္ဘာကြီး တစ်ခုလုံး ရုတ်တရက် တုန်လှုပ်သွားခဲ့သည်။ ထို့နောက် တိတ်ဆိတ်စွာ ရပ်တည်နေသော ရတနာတိုက် တံခါးကြီးမှ တောက်ပသည့် အလင်းတန်းများ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

မကြာမီမှာပင် ပတ်ဝန်းကျင်ရှိ စွမ်းအင်များ ရုတ်တရက် ရပ်တန့်သွားခဲ့သည်။

ဝေ့လီ၏ စွမ်းအားကြောင့် ဖြစ်ပေါ်နေသော လေဝဲကတော့များပင်လျှင် ရပ်တန့်သွားခဲ့သည်။ ဝေ့လီ၏ မျက်နှာမှာ တဖြည်းဖြည်း ဖြူဖျော့သွားခဲ့သည်။ သူ့နည်းတူပင် တစ္ဆေလောကနယ်ပယ် မှ မှူးမတ် အားလုံးနီးပါး၏ မျက်နှာများမှာ ကြည့်ရဆိုးလာခဲ့သည်။

အဘယ်ကြောင့်ဆိုသော် မယုံနိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင် တစ်ခုက တဖြည်းဖြည်း ထွက်ပေါ်လာနေကြောင်းကို သူတို့ အားလုံး အာရုံခံမိလိုက်သောကြောင့်ဖြစ်သည်။

ဝေ့ယွီဟွာမှာ သစ်ရွက်တစ်ရွက်အလား တုန်ယင်နေပြီး သူ၏ အသံများမှာလည်း တုန်ယင်နေခဲ့သည်။

"ဟင့်အင်း... မဖြစ်နိုင်ဘူး၊ သူက ငတုံးတစ်ယောက်ပဲကို ဘယ်လိုလုပ် သူက မရဏအရှင်သခင် ဖြစ်နိုင်မှာလဲ၊ ဟီးဟီးဟီး... မင်း မှားနေတာ ဖြစ်ရမယ်"

သူ၏ စကားများ ဆုံးသွားပြီးသည့် နောက်တစ်ခဏမှာပင် ရတနာတိုက် တံခါးကြီးမှာ ပြင်းထန်သော ပေါက်ကွဲသံကြီး တစ်ခုနှင့်အတူ ကြေမွသွားပြီး အလင်းတန်း တစ်ခုက ကောင်းကင်ယံသို့ ထိုးတက်သွားတော့သည်။ ထို့နောက် ကောင်းကင်နှင့် မြေကြီးကို ဆက်စပ်ပေးထားသော ဤတောက်ပသည့် အလင်းတိုင်ကြီး အတွင်းမှ ပုံရိပ်တစ်ခု စတင် ထွက်ပေါ်လာတော့သည်။

--

All Chapters