← Chapters

အခန်း (၉၉-၁၀၀)

Vol. 10 Ch. 99-100

အခန်း (၉၉-၁၀၀)

Vol. 10 Ch. 99-100

အခန်း ၉၉

ရွှေတုံးကို ငွေအဖြစ် ပြောင်းလဲလိုက်ပြီးနောက် ပန့်ကန့်သည် ကျောင်းသို့ အလွန်တရာ ပျော်ရွှင်စွာ လျှောက်သွားသည်။ ကျောင်းသို့ ရောက်ရှိသွားသောအခါ နှပ်ချေးတွဲ‌ေလာင်းဖြစ်နေသော ကျောင်းသားများကို မြင်တွေ့လိုက်ရသဖြင့် ပန့်ကန့်မှာ ချက်ချင်းဆိုသလို မိမိကိုယ်တိုင်က သူတို့ထက် ပို၍ မြင့်မြတ်နေသည်ဟု ခံစားလိုက်ရသည်။

အခြားကျောင်းသားများသည် မုန့်များစားရန်အတွက် သွားရည်ကျနေကြသေးသော်လည်း ငွေကျပ်ငါးရာဟူသော ငွေကြေးပမာဏ အမြောက်အမြားကို ပိုင်ဆိုင်ထားသော ပန့်ကန့်အတွက်မူ သူတို့မှာ အလွန်တရာ ကလေးဆန်လွန်းနေသည်ဟု ထင်မြင်မိသည်။

ထို့ကြောင့် ရုတ်တရက်ဆိုသလို သူ၏ စိတ်ထဲတွင် မိမိကိုယ်ကိုယ် ကြွားလုံးထုတ်ချင်စိတ်များ ပေါ်ပေါက်လာသည်။

"ခေါင်းကြီး၊ ခွေးလေး၊ မျက်နှာပေါက်၊ ငတုံး မင်းတို့ကောင်တွေ ကျောင်းဆင်းတာနဲ့ ငါနဲ့အတူ ကြက်ကင် သွားစားကြမယ်"

ပန့်ကန့်က တည်ငြိမ်စွာ ပြုံးလျက် ပြောလိုက်သည်။

ခေါင်းကြီးနှင့် အခြားသော ကျောင်းသားများမှာ ချက်ချင်းဆိုသလို အလွန်အမင်း ပျော်ရွှင်သွားကြပြီး တစ်ချိန်တည်းမှာပင် စိတ်ထဲတွင်လည်း အတော်လေး အံ့သြသွားကြသည်။ အဘယ်ကြောင့်ဆိုသော် အမြဲတမ်း တွယ်ကပ်ပြီး ကပ်စေးနှဲတတ်သော ပန့်ကန့်တစ်ယောက် အဘယ်ကြောင့် ရုတ်တရက်ကြီး ဤမျှ ရက်ရောလာရ‌ေကြာင်း နားမလည်နိုင်ကြသောကြောင့် ဖြစ်သည်။

သိထားရမည်မှာ ကြက်ကင်ဆိုသည်မှာ ဈေးမပေါလှချေ၊ တစ်ကောင်လျှင် သုံးကျပ်ခွဲပင် ရှိရာ သာမန်မိသားစုများမှာ နှစ်သစ်ကူးပွဲတော်တွင်တောင်မှ တစ်ကောင်မျှ မစားရဲကြပေ။ ထို့ကြောင့် ဤစကားသာ အမှန်ဖြစ်ပါက ပန့်ကန့်၏ လက်ဖွာမှုမှာ အတော်လေး ကြီးမားသည်ဟု ဆိုရပေမည်။

ထို့ကြောင့် ပန့်ကန့်နှင့် ရင်းနှီးသော ထိုကျောင်းသားများမှာ ဝမ်းသာသွားပြီးနောက် ချက်ချင်းပင် သံသယဝင်လာကြတော့သည်။

"ကြက်ကင် ဟုတ်လား၊တကယ်လား အလကားလား"

"ပန့်ကန့်၊ ကြက်ကင်က ဈေးမပေါဘူးနော်၊ မင်း တကယ်ပဲ လိမ်နေတာ မဟုတ်ဘူးလား"

ကျောင်းသားများ၏ သံသယဖြစ်မှုများကို ကြားလိုက်ရသောအခါ ပန့်ကန့်၏ မျက်နှာပေါ်တွင် မထီမဲ့မြင်ပြုသည့် အရိပ်အယောင်များ ပေါ်လာသည်။

"မင်းတို့ကောင်တွေရဲ့ ဒီလို သေးသိမ်တဲ့ အဆင့်အတန်းလေးကို ကြည့်စမ်း ကြက်ကင် တစ်ကောင်က ဘာများ အရေးကြီးလို့လဲ၊ ငါသာ စိတ်ကြည်နေရင် မင်းတို့အားလုံးကို ချွမ်သဲ့(စားသောက်ဆိုင်)က ဘဲကင်တောင် သွားကျွေးလို့ရသေးတယ်"

ပန့်ကန့်က ပေါ့ပေါ့ပါးပါး ပြောလိုက်သော်လည်း သူ၏ အမူအရာနှင့် လုပ်ရပ်များမှာမူ သူဌေးသားလေး တစ်ယောက်၏ ဟန်ပန်မျိုး ရှိနေသည်။ တစ်ခဏချင်းမှာပင် ကျောင်းသား အများအပြားမှာ ယုံကြည်သွားကြသည်။

"ပန့်ကန့်က တကယ့်ကို သဘော‌ကောင်းတာပဲ"

"ပန့်ကန့်၊ငါ မင်းကို အိမ်စာ ကူးခိုင်းမယ်၊ မင်း ငါ့ကိုပါ ခေါ်သွားပါလား"

"ဘာပန့်ကန့်ကိုတောင် အိမ်စာ ကူးခိုင်းဦးမယ် ဟုတ်လား၊ငါကတော့ အစ်ကိုပန့်ကန့်အတွက် အိမ်စာ အကုန်လုပ်ပေးမယ်"

"အစ်ကိုပန့်ကန့်၊ငါလည်း ကြက်ကင် စားချင်တယ်၊ ကြက်ဖင်ပိုင်းလေး စားရရင်တောင် ရပါပြီ"

ထိုအခိုက်အတန့်တွင် ပန့်ကန့်သည် ခေါင်းကိုမော့ကာ မျက်နှာပေါ်၌ အလွန်တရာ ကျေနပ်ဂုဏ်ယူနေသည့် အရိပ်အယောင်များ ပြည့်နှက်နေသည်။ သိသာထင်ရှားစွာပင် သူသည် အစ်ကိုပန့်ကန့်ဟူသော မြှောက်ပင့်ချီးမွမ်းသံများကြားတွင် နစ်မျောနေခဲ့လေ၏။

သို့သော် ထိုအချိန်တွင် ကျောင်းသားများကြားမှ နားကလော်စရာ အသံတစ်ခု ထွက်ပေါ်လာသည်။

"အားလုံး သူ လိမ်တာမခံကြနဲ့၊ ပန့်ကန့်က မစင်တောင် စားဖူးတာ၊ သူက မင်းတို့ကို ကြက်ကင် ကျွေးမယ်လို့ မျှော်လင့်နေသေးတာလား"

ထိုအသံ ထွက်ပေါ်လာပြီးနောက် အတန်းထဲရှိ ကျောင်းသားများစွာကလည်း ပန့်ကန့်အား လှောင်ပြောင်သရော်လာကြသည်။

"သူပြောတာ မှန်တယ်၊ပန့်ကန့် မစင်စားရတာက သူများပစ္စည်းကို ခိုးစားလို့ အပြစ်ပေးခံရတာလို့ ငါ ကြားဖူးတယ်"

"ပန့်ကန့်လို ကပ်စေးနှဲတဲ့ကောင် ပြောတဲ့စကားကို ယုံတဲ့လူ ရှိသေးလို့လား"

"ပန့်ကန့်ခေါ်သွားလို့ မစင်သွားစားရတာမျိုး မဖြစ်စေနဲ့ဦးနော်"

ထိုသံသယဖြစ်ဖွယ် အသံများ ထွက်ပေါ်လာသောအခါ ခုနလေးတင်ကမှ မြှောက်ပင့်ချီးမွမ်းနေခဲ့သော အသံများမှာ ရုတ်တရက် တိတ်ဆိတ်သွားခဲ့ပြီးနောက် အားလုံးက ပန့်ကန့်အား သံသယဖြစ်သော အကြည့်များဖြင့် ကြည့်လာကြသည်။

လှောင်ပြောင်သရော်မှုများနှင့် မယုံကြည်မှုများကို ရင်ဆိုင်ရချိန်တွင် ပန့်ကန့်မှာ ထူးဆန်းစွာပင် ဒေါသမထွက်ခဲ့ပေ။ သူ၏ အိတ်ကပ်ထဲမှ ငွေစက္ကူကြီး တစ်ရွက်ကို ဖြည်းညင်းစွာ ထုတ်ယူလိုက်ပြီး ပေါ့ပေါ့ပါးပါးဖြင့် ကြွားလုံးထုတ်လိုက်သည်။

"နှစ်ကျပ်တောင် မပြည့်တဲ့ ကြက်ကင်က အရမ်းဈေးကြီးနေလို့လား"

ငွေစက္ကူကြီး ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် အတန်းထဲရှိ ကလေးများအားလုံးမှာ မှင်သက်သွားကြသည်။ ဤသည်မှာ ဆယ်ကျပ်တန် ဖြစ်သည်။

ထိုကလေးများမှာ အသက်ရှစ်နှစ် ကိုးနှစ်ခန့်သာ ရှိသေးရာ ဤမျှလောက် တန်ဖိုးကြီးမားသော ငွေစက္ကူမျိုးကို ကိုင်တွယ်ဖူးရန် မဆိုထားနှင့် မြင်ဖူးသူပင် အလွန်နည်းပါးသည်။

"ငွေစက္ကူကြီးပဲ ဆယ်ကျပ်တန်ဟ"

"ပန့်ကန့်၊မင်းက တကယ်ကို ပိုက်ဆံ အရမ်းပေါတာပဲ"

"အဖေပန့်ကန့် သား မှားသွားပါတယ်၊ သားကိုလည်း ကြက်ကင် သွားစားဖို့ ခေါ်သွားပေးပါ"

ကြောင်အမ်းအမ်း ဖြစ်သွားကြပြီးနောက် အတန်းထဲရှိ ကျောင်းသားများ အားလုံးမှာ ဆူညံပွက်လောရိုက်သွားကြသည်။ ပန့်ကန့်မှာမူ သူ ဖန်တီးလိုက်သော ဆူညံပွက်လောရိုက်မှုကြီးအတွက် အလွန်တရာ ကျေနပ်နေသည်။

ငွေစက္ကူကြီး အရွက်ငါးဆယ် ပိုင်ဆိုင်ထားသော သူ့အတွက် ကျောင်းသားများအား ကြက်ကင် အနည်းငယ် ကျွေးမွေးရန်မှာ အလွန်လွယ်ကူသော ကိစ္စရပ်တစ်ခု ဖြစ်သည်ဟု သူ ထင်မြင်မိသည်။ သေချာသည်မှာ ကျောင်းသားများအား ကြက်ကင် ကျွေးမွေးရခြင်းနှင့်ပက်သက်၍ ပန့်ကန့်၌ သူ၏ ကိုယ်ပိုင် တွက်ချက်မှု ရှိနေသည်။ ၎င်းမှာ ဤကိစ္စ ပြီးဆုံးသွားပြီးနောက် အတန်းထဲရှိ မည်သူကမျှ သူ မစင်စားဖူးသည်ဟူသော အကြောင်းကို ထပ်မံပြောဆိုတော့မည် မဟုတ်ပေ။

မည်သို့ပင်ဆိုစေကာမူ သူတစ်ပါး၏ အစားအသောက်ကို စားထားပါက သူတစ်ပါး၏ အလိုကို လိုက်ရမည် ဖြစ်သည်။

ထို့အပြင် သူသည် ကလေးများ၏ ခေါင်းဆောင်တစ်ဦးလည်း ဖြစ်သည်။ အကယ်၍ အချောင်နှိုက်ပြီးမှ သူ့ကို ထိုသို့ ပြောဆိုဦးမည်ဆိုပါက သူတို့အုပ်စုထဲမှ သေချာပေါက် ဖယ်ထုတ်ခံရမည် ဖြစ်သည်။

ဆုံးဖြတ်ချက် ချပြီးနောက် ပန့်ကန့်သည် လက်ယမ်းပြလိုက်ကာ ကျောင်းသားများနှင့်အတူ ကြက်ကင် သွားရောက်စားသောက်ရန် ပြင်ဆင်လိုက်သည်။

ချန်ကောဟွားဘက်ကို ပြန်ပြောရမည်ဆိုလျှင် စက်ရုံမှူးအား ကတိပေးထားခဲ့သည့်အတွက် ဝယ်ယူရေး တာဝန်များမှာလည်း မပေါ့ပါးလှချေ။

တစ်နေကုန် အလုပ်လုပ်ပြီးနောက် ချန်ကောဟွားသည် စက်ဘီးကို တွန်းကာ ရရှိလာသော ပစ္စည်းများကို အရှေ့ဘက်ခြံဝင်းရှိ အခန်းကျယ်ကြီးထဲသို့ အရင်ပြောင်းရွှေ့ထားလိုက်သည်။ အနည်းငယ် ပင်ပန်းနွမ်းနယ်နေခြင်းကြောင့် သူသည် စိတ်အာရုံကို အသုံးပြု၍ ထိုရွှေတုံးအတုအယောင် မည်သည့်နေရာသို့ ရောက်ရှိနေကြောင်း စစ်ဆေးကြည့်ရှုရန် ရည်ရွယ်လိုက်သည်။

စစ်ဆေးကြည့်ရှုလိုက်ပြီးနောက် ချန်ကောဟွား၏ မျက်လုံးများမှာ ကြောင်အမ်းသွားခဲ့ရသည်။ ပန့်ကန့်သည် ရွှေတုံးကို အိမ်သို့ ယူဆောင်သွားမည် သို့မဟုတ် ရွှေတုံးဖြင့် မုန့်များ သွားရောက်လဲလှယ်စားသောက်မည်ဟု သူ ထင်မှတ်ထားခဲ့ရာ ဤရွှေတုံးမှာ မည်သို့မျှ အစိုးရဌာနများ၏ လက်ထဲသို့ ရောက်ရှိသွားမည် မဟုတ်ဟု တွေးတောထားသည်။

သို့သော် သူ လုံးဝ မထင်မှတ်ထားသည်မှာ ထိုရွှေတုံးမှာ ဘဏ်သို့ ရောက်ရှိနေခြင်းပင် ဖြစ်သည်။ ပန့်ကန်သည် အသက်ရှည်ချင်စိတ် မရှိတော့ခြင်းဖြစ်နိုင်သည်။

သိထားရမည်မှာ ရွှေအတုအယောင်ကို အသုံးပြု၍ သာမန် ကုန်သည်များကို လှည့်စားပါက အလွန်ဆုံး ရဲစခန်းသို့ ရောက်ရှိပြီး ရက်အနည်းငယ်ခန့် ပညာပေးခံရုံမျှသာ ဖြစ်သော်လည်း နိုင်ငံတော် အဖွဲ့အစည်းများကို လှည့်စားပါက ဤပြစ်မှုမှာ အလွန်ကြီးမားသွားပြီး ထောင်ထဲတွင် နှစ်ပေါင်းများစွာ နေရနိုင်သည်။

မည်သည့် တွေဝေမှုမျှ မရှိဘဲ ချန်ကောဟွားသည် အဆင့်မြင့်နည်းပညာဖြင့် ဖန်တီးထားသော သတ္တုတုံး၏ အယောင်ဆောင်ထားမှုကို တိုက်ရိုက် ရုပ်သိမ်းလိုက်သည်။ ယခင်က ရွှေအစစ်မှာ ချက်ချင်းဆိုသလို ကြေးဝါအဖြစ်သို့ ပြောင်းလဲသွားသည်။ ထို့နောက် အချိန် စောင့်ဆိုင်းနေရန်သာ လိုတော့သည်။

ဘဏ်ဘက်မှ မနက်ဖြန်ကျမှသာ ပုံမှန်မဟုတ်သည်ကို တွေ့ရှိလိမ့်မည်ဟု ချန်ကောဟွားက ခန့်မှန်းထားသည်။ သို့သော် သူသည် ပန့်ကန့်အား အထင်သေးလွန်းနေသည်။

ပန့်ကန့်သည် ကျောင်းသားများအား ကြက်ကင် ကျွေးမွေးပြီးနောက် ဤသည်မှာ သူ၏ အစွမ်းအစ အရှိဆုံးသော အရာကို ပြသနိုင်ခဲ့ခြင်း မဟုတ်သေးဟု ထင်မြင်မိသဖြင့် ကျောင်းသားများကို ဘဏ်သို့ ခေါ်ဆောင်သွားကာ ယခင်က သူ ကောက်ရခဲ့သော ရွှေတုံးကို သွားရောက်ပြသသည်။ ရလဒ်အနေဖြင့် ဘဏ်ဝန်ထမ်းများ၏ လက်ပူးလက်ကြပ် ဖမ်းဆီးခြင်းကို ခံလိုက်ရတော့သည်။

ထို့ကြောင့် ချန်ကောဟွားက ပစ္စည်းများ ပြောင်းရွှေ့ပြီးစီးသွားချိန်တွင် ရဲစခန်းမှ ရဲအရာရှိတစ်ဦးက သူ၏ အနားသို့ လျှောက်လာသည်။ ရုတ်တရက်ကြီး ရဲအရာရှိတစ်ဦး ရောက်ရှိလာသဖြင့် ချန်ကောဟွား၏ စိတ်ထဲတွင် သံသယဖြစ်သွားသည်။

သို့သော် ရဲအရာရှိ၏ စကားကို ကြားလိုက်ရသောအခါ ချန်ကောဟွားမှာ ရယ်ချင်စိတ်ကိုပင် မနည်းအောင့်ထားလိုက်ရသည်။

"ရဲဘော် ပန့်ကန့်ရဲ့ မိဘတွေ ဘယ်မှာနေလဲဆိုတာ သိလား"

အခန်း ၁၀၀

ချန်ကောဟွားမှာ ကြောင်အမ်းသွားခဲ့ပြီးနောက် ချက်ချင်းဆိုသလို သဘောပေါက်သွားသည်။ ရှစ်ဆယ်ရာခိုင်နှုန်းလောက် သေချာသည်မှာ ပန့်ကန့် ဒုက္ခရောက်နေပြီ ဖြစ်သည်။ မည်သည့်ကိစ္စဖြစ်သည်ကို တိတိကျကျ မသိရသော်လည်း သေချာပေါက် ကောင်းသောကိစ္စ မဟုတ်ပေ။

"ငါက ပန့်ကန့်ရဲ့ မိသားစုဝင် မဟုတ်ဘူး၊ သူ့မိဘတွေက အဲဒီမှာ နေပါတယ်"

ထိုသို့ ပြောပြီးနောက် ချန်ကောဟွားက ရဲအရာရှိအား ကျားမိသားစုအိမ်ဘက်သို့ ညွှန်ပြလိုက်သည်။ ရဲအရာရှိက ကျေးဇူးတင်စကား ဆိုပြီးနောက် ချန်ကောဟွားက ညွှန်ပြလိုက်သည့်ဘက်ရှိ ခြံဝင်းကြီးထဲသို့ ဝင်ရောက်သွားသည်။

ရဲဝတ်စုံဝတ်ဆင်ထားသော ရဲတစ်ဦး ခြံဝင်းထဲသို့ ဝင်ရောက်လာသည်နှင့် တစ်ပြိုင်နက် အိမ်နီးချင်းများစွာ၏ အာရုံစိုက်မှုကို သဘာဝကျကျပင် ဆွဲဆောင်သွားသည်။

စူးစမ်းလိုစိတ်ဖြင့် အားလုံးက စတင် ဆွေးနွေးပြောဆိုလာကြသည်။

"ထူးဆန်းတယ်၊ရဲက ငါတို့ ခြံဝင်းထဲကို ဘာလို့ ရောက်လာတာလဲ"

"ရဲက အိမ် ရောက်လာတာ ဘယ်လိုလုပ် ကောင်းတဲ့ကိစ္စ ဖြစ်နိုင်မှာလဲ"

"ရှားကျူးကို လာဖမ်းတာတော့ မဟုတ်ပါဘူးနော်"

"ရှားကျူးကို လာရှာတဲ့ပုံတော့ မပေါ်ဘူး၊ သူသွားတာက ကျားမိသားစုအိမ်ဘက်ဆိုတော့ ချင်ဟွိုင်ယွီနဲ့ ပတ်သက်နေလောက်တယ်"

"ဟားဟားဟား ငါ သိပြီ၊ ရှားကျူးနဲ့ ချင်ဟွိုင်ယွီ ဖောက်ပြန်နေတာကို လူမိသွားလို့ အခု ချင်ဟွိုင်ယွီလည်း အတူတူ ဒုက္ခရောက်တော့တာ နေမှာ"

"အကယ်၍ အဲဒီလိုသာဆိုရင်တော့ ငါတို့အတွက် ပွဲကောင်းကြည့်ရတော့မှာပဲ"

တစ်ဆင့်စကားတစ်ဆင့်နားဖြင့် ခြံဝင်းထဲရှိ အိမ်နီးချင်းများအားလုံး အပြင်ထွက်၍ ဝိုင်းအုံကြည့်ရှုလာကြသည်။

လူအများ ဝိုင်းအုံကြည့်ရှုနေကြစဉ် ရဲအရာရှိက အလွန်တည်ငြိမ်သော မျက်နှာထားဖြင့် ကျားမိသားစု၏ တံခါးကို ခေါက်လိုက်သည်။ တံခါးလာဖွင့်သူမှာ ချင်ဟွိုင်ယွီ ဖြစ်သည်။

ချင်ဟွိုင်ယွီသည် အပြင်ဘက်တွင် ရဲတစ်ဦးဖြစ်နေကြောင်း တွေ့လိုက်ရသောအခါ မျက်နှာတစ်ခုလုံး စိုးရိမ်ပူပန်မှုများ ပြည့်နှက်သွားသည်။

"ရဲဘော် ဘာကိစ္စများ ရှိလို့ပါလဲ"

ချင်ဟွိုင်ယွီက စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။

ရဲအရာရှိက အလွန်တည်ငြိမ်သော မျက်နှာထားဖြင့် လေးနက်စွာ မေးလိုက်သည်။

"ပန့်ကန့်က မင်းအိမ်က ကလေးလား"

ချင်ဟွိုင်ယွီက ခေါင်းညိတ်ပြလိုက်သည်။

"အဲဒီလိုဆိုရင်တော့ ငါနဲ့အတူ ရဲစခန်းကို လိုက်ခဲ့ပေးပါ"

ရဲအရာရှိက မည်သည့်အကြောင်းပြချက်မျှ မပေးဘဲ တရားဝင်လုပ်ထုံးလုပ်နည်းအတိုင်းသာ ပြောဆိုလိုက်သည်။

ချင်ဟွိုင်ယွီသည် ပန့်ကန့်နှင့် ပတ်သက်နေကြောင်း ကြားလိုက်ရသောအခါ သူမ၏ စိတ်ထဲတွင် ချက်ချင်းဆိုသလို စိုးရိမ်ထိတ်လန့်သွားသည်။

"ဒီလိုပါ၊ငါတို့ ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုတွေအရ မင်းရဲ့သား ပန့်ကန့်ဟာ ရွှေတုံးအတုပြုလုပ်မှု အမှုအခင်းတစ်ခုနဲ့ ပတ်သက်နေနိုင်ခြေ အရမ်းများပါတယ်"

ချင်ဟွိုင်ယွီ၏ စိုးရိမ်ပူပန်မှုကို ရိပ်မိသွားသဖြင့် ရဲအရာရှိက သူမအား ရှင်းပြလိုက်သည်။

သို့သော်လည်း ရဲအရာရှိ၏ စကားက သူမ၏ စိတ်နှလုံးကို အေးချမ်းမသွားစေခဲ့ဘဲ ဆန့်ကျင်ဘက်အနေဖြင့် ခေါင်းထဲတွင် မိုးကြိုးပစ်ချလိုက်သကဲ့သို့ ဖြစ်သွားစေသည်။

ပန့်ကန့် ဒုက္ခရောက်‌ပြီ ဟုတ်လား

ရွှေတုံးအတုလုပ်တဲ့ အမှုနဲ့တောင် ပတ်သက်နေတယ် ဟုတ်လား

ချင်ဟွိုင်ယွီသည် ကြောင်အမ်းအမ်း ဖြစ်သွားခဲ့ရသည်။

ပန့်ကန့်တစ်ယောက် ရွှေတုံးအမှုအခင်းနှင့် အဘယ်ကြောင့် ပတ်သက်နေရကြောင်း အရင်ဆုံး မပြောသေးချေ။ ရွှေတုံးအတု အသုံးပြုခြင်း ကိစ္စကိုသာ ပြောရမည်ဆိုလျှင် ဤသည်မှာ ဘဝတစ်ဝက်ခန့် ထောင်ကျနိုင်သည့် ကိစ္စပင် ဖြစ်သည်။ အခြေအနေဆိုးရွားပါက သေဒဏ်ကျခံရနိုင်ခြေလည်း ရှိသည်။

သို့သော် ပန့်ကန့်မှာ လိမ္မာသော ကလေးတစ်ယောက်ဖြစ်ပြီး ရွှေတုံးအတု ပြုလုပ်သည့် ကိစ္စများတွင် လုံးဝ ပါဝင်ပတ်သက်မည် မဟုတ်ကြောင်း ပြန်လည်တွေးမိသွားသဖြင့် ချင်ဟွိုင်ယွီသည် မည်သို့မျှ မစဉ်းစားတော့ဘဲ ပြောလိုက်သည်။

"ရဲဘော် ဒီထဲမှာ နားလည်မှုလွဲတာ တစ်ခုခုများ ရှိနေမလား၊ ငါ့သား ပန့်ကန့်က လိမ္မာတဲ့ ကလေးတစ်ယောက်ပါ၊ ဘယ်လိုလုပ်ပြီး ရွှေတုံးအတု ကိစ္စတွေ လုပ်နိုင်မှာလဲ"

"လိမ္မာတဲ့ ကလေး ဟုတ်လား၊ ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုတွေအရ မင်းသား ပန့်ကန့်က ခြံဝင်းထဲမှာရော ကျောင်းမှာပါ သူခိုးဘုရင် လုပ်ရပ်တွေကို မကြာခဏ လုပ်ဖူးတယ်"

ရဲအရာရှိက အေးစက်စက် အသံဖြင့် ပြောလိုက်သည်။

"ငါ့သား ပန့်ကန့်က ကလေးလေးပဲ ရှိသေးတာ၊ သူ အရင်က အမှားလေးတွေ လုပ်ဖူးတယ်ဆိုရင်တောင်မှ ကလေးတစ်ယောက်ကို ရွှေတုံးအမှုအခင်းနဲ့ ဘယ်လိုလုပ် ဆက်စပ်လို့ရမှာလဲ၊ သေချာတာက တခြားလူတွေက ငါတို့ သားအမိနှစ်ယောက်တည်းမို့လို့ အနိုင်ကျင့်ဖို့ လွယ်တယ်ထင်ပြီး ငါ့သား ပန့်ကန့်ကို အခုလို ဒုက္ခပေးကြတာ နေမှာ"

ပြောရင်းဆိုရင်းဖြင့် ချင်ဟွိုင်ယွီ၏ မျက်ဝန်းများမှာ နီရဲလာခဲ့သည်။ ပန့်ကန့် ဒုက္ခရောက်မည်ကို အမှန်တကယ် စိုးရိမ်နေ၍လော သို့မဟုတ် ပြစ်ဒဏ်မှ ကင်းလွတ်စေရန် သနားစရာကောင်းအောင် ဟန်ဆောင်နေခြင်းလော ဆိုသည်ကိုပင် မသိနိုင်ပေ။

ချင်ဟွိုင်ယွီ၏ ငိုယိုပြောဆိုမှုအပေါ် ရဲအရာရှိက လုံးဝ အလျှော့ပေးမည် မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် ဥပဒေဆိုသည်မှာ မျက်နှာမလိုက်တတ်သောကြောင့် ဖြစ်သည်။

ပန့်ကန့်တွင် ရာဇဝတ်မှုမှတ်တမ်း ရှိနေသည်ကို မဆိုထားနှင့် အကယ်၍ ကျောင်းသားကောင်း တစ်ယောက်ဖြစ်နေမည်ဆိုလျှင်တောင်မှ တင်းကျပ်စွာ အရေးယူရမည် ဖြစ်သည်။

"ပိုက်ဆံယူခဲ့၊ပြောစရာရှိတာ ရဲစခန်းရောက်မှပဲ ဆက်ပြောတာပေါ့"

ရဲအရာရှိက သတိပေးလိုက်သည်။

ပန့်ကန့်မှာ ငွေပြန်မဆပ်နိုင်သဖြင့် ရဲစခန်းတွင် ချုပ်နှောင်ခံထားရသည်။

ကျားတုန်းရွှီမှာ ကုတင်ပေါ်တွင် လေဖြတ်နေသဖြင့် သွားလာလှုပ်ရှားရန် အဆင်မပြေဖြစ်နေပြီး ကျားကျန်းရှီမှာလည်း အခန်းထဲတွင် အဘိုးကြီးကျား အမြန်ပြန်လာခဲ့ပါဟူသော စကားများကို အော်ဟစ်ကာ နတ်ပင့်နေသည်။ သိသာထင်ရှားစွာပင် ဤကိစ္စကို ချင်ဟွိုင်ယွီသာလျှင် သွားရောက် ဆောင်ရွက်ရမည် ဖြစ်သည်။

"ပိုက်ဆံယူခဲ့ရမယ် ဟုတ်လား..ငါ ဘာပိုက်ဆံတွေ ယူသွားဖို့ လိုလို့လဲ"

ချင်ဟွိုင်ယွီမှာ ကြောင်အမ်းသွားသည်။

ထို့နောက် ရဲအရာရှိက ပန့်ကန့်က ရွှေတုံးအတုကို အသုံးပြု၍ ဘဏ်တွင် ငွေသွားလဲခဲ့ပြီးနောက် အတန်းထဲရှိ ကျောင်းသားများ အားလုံးကို ခေါ်ဆောင်ကာ ဝမ်ဖူကျင်းသို့ သွားရောက် သုံးစွဲခဲ့သည့် ကိစ္စရပ်များကို သူမအား ပြောပြလိုက်သည်။

ပန့်ကန့်က ရွှေတုံးအတုကို အသုံးပြု၍ ငွေလဲလှယ်ခဲ့ပြီး အကျိုးအကြောင်းမရှိ အလဟဿ သုံးစွဲပစ်ခဲ့ကြောင်းကို ကြားလိုက်ရသောအခါ ချင်ဟွိုင်ယွီ၏ မျက်လုံးများ ပြာဝေသွားခဲ့ပြီး သတိမေ့လဲလုနီးပါး ဖြစ်သွားခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် ယခုအခါတွင် ပန့်ကန့် ပြန်လည်ထွက်လာနိုင်မည် မထွက်လာနိုင်မည် ဟူသည် ပြဿနာ မဟုတ်တော့ပေ။ အခြေအနေဆိုးရွားပါက ကျားမိသားစုတစ်စုလုံးပါ ဒုက္ခရောက်နိုင်သည်။

သို့သော် မည်သို့ပင်ဖြစ်စေကာမူ လက်ရှိအချိန်တွင် ပန့်ကန့်အား တွေ့ဆုံပြီး နားလည်လွဲမှားနေသည်များကို ဖြေရှင်းရန်ကပင် အရေးအကြီးဆုံးဖြစ်ကြောင်း ချင်ဟွိုင်ယွီ နားလည်သဘောပေါက်ထားသည်။

ဤသို့ဖြင့် ချင်ဟွိုင်ယွီသည် ရဲအရာရှိနှင့်အတူ ရဲစခန်းသို့ လိုက်သွားရန်သာ တတ်နိုင်တော့သည်။

သူတို့နှစ်ဦး စကားပြောဆိုရာတွင် အသံကို ထိန်းချုပ်ထားခြင်း မရှိသဖြင့် ဘေးတွင် ရှိနေသော ချန်ကောဟွားက အားလုံးကို ရှင်းလင်းစွာ ကြားသိလိုက်ရသည်။

ပန့်ကန့်တစ်ယောက် ငွေကျပ်တစ်ရာကျော် အကုန်ခံကာ အတန်းထဲရှိ ကျောင်းသားများအားလုံးကို ဝမ်ဖူကျင်းသို့ ခေါ်ဆောင်သွားပြီး စားသောက်ခဲ့ကြောင်းကို ကြားလိုက်ရသောအခါ ချန်ကောဟွားကလည်း ပန့်ကန့်မှာ ယခင်အတိုင်း ပန့်ကန့်သာ ဖြစ်နေဆဲဖြစ်ကြောင်း ဝန်ခံလိုက်ရသည်။

ငွေရလာသောအခါ အိမ်သို့ မအပ်နှံဘဲ အပြင်လူများနှင့် သွားရောက်ပျော်ပါး သုံးစွဲပစ်သည်။

တကယ့်ကို ကျေးဇူးကန်းတဲ့ကောင်

ပန့်ကန့် ကြုံတွေ့နေရသော ဤကိစ္စအပေါ် ချန်ကောဟွား၏ စိတ်ထဲတွင် အတော်လေး ကျေနပ်နေသည်။ အကယ်၍ အလွဲအချော် မရှိပါက ပန့်ကန့်တစ်ယောက် ဘဝတစ်သက်တာလုံး မိမိ၏ မျက်စိရှေ့တွင် လာရောက်အနှောင့်အယှက်ပေးနိုင်မည် မဟုတ်ချေ။

ချင်ဟွိုင်ယွီ ထွက်သွားပြီးနောက် ချန်ကောဟွားသည်လည်း ထိုနေရာတွင် ဆက်မနေတော့ဘဲ အိမ်သို့ ပြန်ကာ ချင်ကျင်းယွီအတွက် ညစာ ချက်ပြုတ်ရန် ပြင်ဆင်လိုက်သည်။ သို့သော် သူ၏ အိမ်တံခါးဝတွင် ရီကျုံးဟိုင်အား တွေ့လိုက်ရသည်။

သူ၏ မျက်နှာပေါ်တွင် စိတ်ရှုပ်ထွေးနေသည့် အမူအရာများ ရှိနေပြီး အကြည့်များကလည်း လွတ်ထွက်နေကာ တစ်စုံတစ်ရာကို တွေဝေနေကြောင်း သိသာထင်ရှားနေသည်။ ဤသို့ဖြစ်နေသည်ကို မြင်လိုက်ရသောအခါ ချန်ကောဟွားမှာ ဂရုစိုက်ပြောဆိုလိုစိတ် မရှိတော့ချေ။

ရီကျုံးဟိုင်က သူ့အား အခန်းကျယ်တစ်ခန်း ဖယ်ရှားပေးသည်ကိုပင် မထောက်ထားရကောင်းလားဟု ပြော၍မရချေ။ချန်ကောဟွားက ကျေးဇူးမသိတတ်သူ တစ်ဦးဖြစ်သည်ဟု ဆိုလိုခြင်း မဟုတ်ပေ။

အဘယ်ကြောင့်ဆိုသော် ရီကျုံးဟိုင်မှာ လုံးဝကို ဟန်ဆောင်ကောင်းသူ တစ်ဦးဖြစ်ပြီး အပြင်ပန်းတွင် သဘောကောင်းသယောင် ဟန်ဆောင်ကာ အတွင်းစိတ်တွင် အကြံအစည်များ ပြည့်နှက်နေသည့် အမျိုးအစားဖြစ်ရာ ဒုက္ခပေးခံရနိုင်ခြေ အလွန်များသောကြောင့် ဖြစ်သည်။

ဤကဲ့သို့သော လူမျိုးမှာ ရွှီတမောင်းကဲ့သို့သော ပေါ်တင် လူဆိုးထက်ပင် ပို၍ ရွံစရာကောင်းသေးရာ မိမိအနေဖြင့် သူနှင့် အလွန်အကျွံ ပတ်သက်ဆက်နွှယ်လိုမည် မဟုတ်သည်က သဘာဝပင် ဖြစ်သည်။

လမ်းဖယ်ပေးရန် စကားတစ်ခွန်းပြောပြီးနောက် ရီကျုံးဟိုင်၏ မှုန်ကုပ်နေသော မျက်နှာကို ဂရုမစိုက်တော့ဘဲ ချန်ကောဟွားသည် အိမ်တံခါးဝဆီသို့ တည့်မတ်စွာ လျှောက်သွား‌လိုက်တော့သည်။

All Chapters