← Chapters

အခန်း (၁၀၃-၁၀၄)

Vol. 11 Ch. 103-104

အခန်း (၁၀၃-၁၀၄)

Vol. 11 Ch. 103-104

အခန်း ၁၀၃

ရီကျုံးဟိုင် စကားပြောဆိုအပြီးတွင် ခြံဝင်းအတွင်းရှိ အိမ်နီးချင်းများ၏ မျက်နှာအမူအရာများမှာ အကြီးအကျယ် ပြောင်းလဲသွားသည်။

ပန့်ကန့်သည် ရွှေတုပြုလုပ်သည့် အမှုနှင့် ပတ်သက်ဆက်နွယ်နေသည်တဲ့

ဤသည်မှာ အလွန်တရာ ကြီးမားလှသော ကိစ္စရပ်ကြီးပင် ဖြစ်သည်။ အကယ်၍သာ သေချာစွာ မဖြေရှင်းနိုင်ခဲ့ပါက ခြံဝင်းတစ်ခုလုံးသည် ပန့်ကန့်နှင့်အတူ ဒုက္ခခံကြရမည် ဖြစ်သည်။ ထို့ကြောင့် ဤကိစ္စကို မဖြစ်မနေ အလေးထားရမည် ဖြစ်သည်။

ချင်ဟွိုင်ယွီတို့ မိသားစုတစ်စုလုံး၏ မျက်နှာများထက်တွင် သွေးရောင်ဟူ၍ အလျဉ်းမရှိတော့ချေ။ ဤအစည်းအဝေးတွင် ခြံဝင်းတစ်ခုလုံးထံမှ ငွေအချို့ချေးငှားကာ ပန့်ကန့် အလဟဿ သုံးစွဲပစ်ခဲ့သော ငွေကို ဖာထေးနိုင်လိမ့်မည်ဟု သူတို့ မူလက ထင်မှတ်ထားခဲ့ကြခြင်း ဖြစ်သည်။

သို့သော် ရီကျုံးဟိုင်က ပန့်ကန့်သည် ရွှေအတုပြုလုပ်မှုနှင့် ပတ်သက်နေကြောင်းကို လူအများရှေ့တွင် ဤသို့ ထုတ်ဖော်ပြောဆိုလာလိမ့်မည်ဟု ထင်မှတ်မထားခဲ့မိပေ။ ဤကိစ္စကိုသာ သေချာစွာ မဖြေရှင်းနိုင်ပါက သူတို့မိသားစုတစ်စုလုံးပါ ဆွဲသွင်းခံရမည်သာ ဖြစ်သည်။

"ဦးလေးကြီးရီ ငါ့သားက တကယ် ကောက်ရခဲ့တာ၊ဘယ်လိုလုပ် ခိုးလာတာ ဖြစ်နိုင်မှာလဲ"

ချင်ဟွိုင်ယွီက အလျင်စလို ရှင်းပြလိုက်သည်။

"ဟုတ်တယ်၊ ငါ့သားက အဲဒီလောက် ရိုးသားတာ ရွှေတုလုပ်တဲ့အမှုနဲ့ ပတ်သက်နေမှာ မဟုတ်ဘူး" ကျားတုန်းရွှီကလည်း စိုးရိမ်တကြီးဖြင့် ပြောဆိုလိုက်သည်။

သိထားရမည်မှာ ပန့်ကန့်သည် သူ အသက်ရှင်သန်နေထိုင်ရန်အတွက် တစ်ခုတည်းသော မျှော်လင့်ချက်ပင် ဖြစ်သည်။ အကယ်၍ တစ်ခုခုသာ ဖြစ်သွားခဲ့ပါက သူသည် လုံးဝ အသက်ဆက်ရှင်နိုင်တော့မည် မဟုတ်ချေ။

"မင်းတို့အိမ်က ပန့်ကန့်က ရှားကျူးရဲ့ ပစ္စည်းတွေကို ခိုးခဲ့တာ နည်းနည်းနောနောမှ မဟုတ်တာ၊ မင်း ကျားတုန်းရွှီကလည်း ပန့်ကန့်ကို ရှားကျူးရဲ့ မျိုးစေ့လို့ သတ်မှတ်ထားပြီး ရှားကျူးဆီက ခိုးတာက ဘာမှမဟုတ်ဘူးလို့ ထင်နေတာများလား" ရွှီတမောင်းက အခွင့်ကောင်းယူကာ ကျားတုန်းရွှီအား သရော်လှောင်ပြောင်လိုက်သည်။

ရွှီတမောင်း၏ လှောင်ပြောင်သော စကားထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် တင်းမာနေသော ပတ်ဝန်းကျင် အခြေအနေမှာ ချက်ချင်းပင် အတော်လေး လျော့ပါးသက်သာသွားသည်။

"အဖိုးကြီးကျားရေ မြန်မြန်ပြန်လာခဲ့ပါဦး၊ ဒီကျိန်စာသင့်မယ့် ရွှီတမောင်းက ငါတို့ သားအမိတွေကို အနိုင်ကျင့်နေပြီ"

ကျားကျန်းရှီမှာ ဒေါသမထိန်းနိုင်တော့ဘဲ ရမ်းကားစွာဖြင့် အော်ဟစ်ငိုယိုတော့သည်။

ကျားကျန်းရှီ၏ ရမ်းကားမှုအောက်တွင် လူတိုင်းက ကျက်သရေမရှိဟု ခံစားလိုက်ကြရသည်။ ဤရွှေတုကိစ္စကိုသာ သေချာစွာ မဖြေရှင်းနိုင်ပါက အမှန်တကယ်ပင် အဖိုးကြီးကျားကို သွားရောက်တွေ့ဆုံရနိုင်ချေ ရှိသည်။

"ငါတို့ ပန့်ကန့် က ရွှေခိုးသလား မခိုးဘူးလားဆိုတာကို အရင် မဆွေးနွေးသေးဘူး၊မင်းတို့နှစ်ယောက်က အဲဒီရွှေကို ပန့်ကန့် ကောက်ရတာလို့ ပြောနေမှတော့ ငါတို့ ပန့်ကန့် ရွှေကောက်ရတဲ့ ကိစ္စကိုပဲ သီးသန့် ပြောကြတာပေါ့"

ထိုအချိန်တွင် တတိယဦးလေး ယန်ပုကွေ့က ပြောဆိုလိုက်သည်။ 

"ရွှေဆိုတာ ဘယ်လောက်တောင် တန်ဖိုးကြီးတဲ့ ပစ္စည်းလဲ၊အတုပဲဖြစ်ဖြစ် အစစ်ပဲဖြစ်ဖြစ် ပန့်ကန့်က ကောက်ရပြီးတဲ့နောက် ရဲကိုလည်း မအပ်ဘူး၊လူကြီးတွေကို သိမ်းထားဖို့လည်း မပေးဘဲ ပိုက်ဆံလဲပြီး သုံးပစ်ဖို့ ရွေးချယ်ခဲ့တာက မှားယွင်းတဲ့ လုပ်ရပ်ပဲ"

ယန်ပုကွေ့၏ စကားများဆုံးသွားသည်နှင့် လူတိုင်းက တွေးတောဆင်ခြင်မိသွားဟန်ဖြင့် ခေါင်းညိတ်လိုက်ကြသည်။

"တတိယဦးလေး ပြောတာ မှန်တယ်၊ ပန့်ကန့်က တောက်လျှောက်ကို ပြဿနာတွေ ရှာနေတာ၊တစ်နေ့နေ့ကျရင် ငါတို့ခြံဝင်းရဲ့ အငွေ့အသက်တွေကိုပါ ဖျက်ဆီးပစ်လိမ့်မယ်၊ ဒါကြောင့် ပန့်ကန့်တို့ မိသားစုကို ခြံဝင်းထဲကနေ နှင်ထုတ်ဖို့ ငါ အဆိုပြုတယ်"

ရီကျုံးဟိုင်က စကားကို ဆက်ယူကာ ဖြည့်စွက်ပြောဆိုလိုက်သည်။

သူ ဤသို့ပြောဆိုရခြင်းမှာ ခြံဝင်း၏ ဂုဏ်သိက္ခာကို စိုးရိမ်သော သဘောသက်ရောက်မှု ရှိသော်လည်း အဓိက ရည်ရွယ်ချက်မှာ ချန်ကောဟွားနှင့် ဆက်ဆံရေးကောင်းမွန်အောင် တည်ဆောက်လိုခြင်းကြောင့်ပင် ဖြစ်သည်။

မည်သို့ပင်ဆိုစေ ဤကိစ္စနှင့် ပတ်သက်၍ ချန်ကောဟွား၏ ယခင်သဘောထားမှာ လုံးဝ ဂရုမစိုက်ခြင်းပင်ဖြစ်ရာ သူနှင့် ဆက်ဆံရေးကောင်းမွန်လိုပါက ပန့်ကန့်တို့ မိသားစုအနေဖြင့် ခြံဝင်းအတွင်းမှ မဖြစ်မနေ ပြောင်းရွှေ့ပေးရမည်သာ ဖြစ်သည်။

ရီကျုံးဟိုင်က ပြောဆိုပြီးသွားသောအခါ ပတ်ဝန်းကျင်တစ်ခွင်လုံးမှာ ချက်ချင်းပင် တိတ်ဆိတ်ငြိမ်သက်သွားသည်။ အဘယ်ကြောင့်ဆိုသော် ပုံမှန်အားဖြင့် လူကြီးလူကောင်း ဦးလေးကြီးတစ်ဦးအဖြစ် နေထိုင်တတ်သော ရီကျုံးဟိုင်သည် ဤကဲ့သို့သော အချိန်တွင် ကျားမိသားစုအား ခြံဝင်းအတွင်းမှ နှင်ထုတ်ရန် အဆိုပြုလာလိမ့်မည်ဟု မည်သူကမျှ တွေးတောမထားခဲ့ကြသောကြောင့် ဖြစ်သည်။

သိထားရမည်မှာ ပြီးခဲ့သည့်အကြိမ်က အခြားသူကို ခြံဝင်းအတွင်းမှ နှင်ထုတ်ရန် ပြောဆိုခဲ့စဉ်က ကျားမိသားစုတို့က ချန်ကောဟွားအား ခြံဝင်းထဲမှ ထွက်သွားရန် အဆိုပြုခဲ့ကြခြင်းပင် ဖြစ်သည်။ ဤကိစ္စရပ်က အရင်ဖြစ်ပျက်ထားခဲ့ဖူးသောကြောင့် တစ်စုံတစ်ခု မှားယွင်းနေသည်ကို ရိပ်မိသွားကြသော အိမ်နီးချင်းအချို့မှာ သူတို့၏ အကြည့်များကို ချန်ကောဟွားထံသို့ ချက်ချင်းပင် လှည့်ပစ်လိုက်ကြသည်။

ပန့်ကန့်က ခြံဝင်း၏ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေမည်ဟု ဆိုရသော်လည်း ကျားမိသားစု တစ်စုလုံးကို နှင်ထုတ်ပစ်ရမည့် အခြေအနေအထိတော့ မရောက်နိုင်ချေ။ ထို့အပြင် ခြံဝင်းအတွင်း၌ ဂုဏ်သိက္ခာကို ထိခိုက်စေသည့် ကိစ္စရပ်များ မဖြစ်ပေါ်ခဲ့ဖူးသည် မဟုတ်သော်လည်း ရီကျုံးဟိုင်မှာ ဤကဲ့သို့သော အဆိုပြုချက်မျိုးကို တစ်ခါမျှ မပြုလုပ်ခဲ့ဖူးပေ။

ယခုတစ်ကြိမ် ညကြီးအချိန်မတော်တွင် အရေးပေါ် ဟု ပြောကာ ခြံဝင်းတစ်ခုလုံး၏ အစည်းအဝေးကို ခေါ်ယူခဲ့ခြင်းမှာ မနက်ဖြန်တွင် အလုပ်ဆင်းရမည်ဖြစ်ပြီး ချန်ကောဟွား ခြံဝင်းထဲတွင် ရှိနေမည်မဟုတ်သောကြောင့် ကြိုတင်ခေါ်ယူလိုက်ခြင်းပင် ဖြစ်နိုင်၏။

ထိုသို့ တွေးတောမိကြပြီးနောက် အိမ်နီးချင်းအချို့က ရီကျုံးဟိုင်သည် ကျားမိသားစုအား ထိုးနှက်တိုက်ခိုက်ကာ ချန်ကောဟွားတို့ မိသားစုကို မျက်နှာလိုမျက်နှာရ ပြုလုပ်လိုနေသည်ဟု ထင်မြင်လိုက်ကြသည်။

မည်သို့ပင်ဖြစ်စေ ပြီးခဲ့သည့်အကြိမ်က ချန်ကောဟွားကို ခြံဝင်းအတွင်းမှ ထွက်သွားရန် အဆိုပြုခဲ့စဉ်က ရီကျုံးဟိုင်မှာ အတော်လေး တက်ကြွစွာ ပါဝင်ခဲ့သည်။ထို့ကြောင့် ယခုအခါတွင် ဤမျှ အလေးအနက် ထားနေခြင်းမှာ ပြီးခဲ့သည့်အကြိမ်က အမှားကို ပြန်လည်ကုစားရန်ပင် ဖြစ်ပေမည်။

လျိုဟိုင်ကျုံးကလည်း ခေါင်းညိတ်လိုက်ပြီးနောက် ပြောဆိုလိုက်သည်။

"ပန့်ကန့်ကို အခွင့်အရေးတွေ ဒီလောက်အများကြီး ပေးခဲ့ပြီးပြီလေ၊ ဒါပေမဲ့ သူက အကြိမ်ကြိမ် ဆုံးမနေတဲ့ကြားက မပြင်ဘူးဆိုတော့ တကယ်ကို ဖုံးကွယ်နေတဲ့ အန္တရာယ်တစ်ခုပဲ၊ဒါကြောင့် ငါလည်း သဘောတူတယ်"

လျိုဟိုင်ကျုံးအနေဖြင့် ချန်ကောဟွားကို ကြည့်မရသည်မှာ သဘာဝကျသော်လည်း ကျားမိသားစုကဲ့သို့သော အရည်အချင်းမရှိသည့် အဖွဲ့သားများကိုမူ သူ အမှန်တကယ် မကူညီလိုတော့ချေ။

သူနှင့် ကျားမိသားစုကြားတွင် ရန်ငြိုးရန်စ ရှိနေ၍ မဟုတ်ပေ။ ယခင်က ချင်ဟွိုင်ယွီနှင့် ပူးပေါင်းကာ ချန်ကောဟွားကို တိုင်တန်းခဲ့ရာ ချန်ကောဟွားအား တိုင်တန်း၍ မရခဲ့သည့်အပြင် သူ့အား ဂုဏ်ပြုဆုပင် ရရှိသွားစေခဲ့သောကြောင့် ဖြစ်သည်။

ဤကိစ္စ အောင်မြင်မှု မရှိသည်ကို ထားလိုက်ဦး၊ ထိုကိစ္စပြီးနောက်တွင် ချင်ဟွိုင်ယွီက လျိုဟိုင်ကျုံးကို ကူညီခဲ့ဖူးသည်ဟုဆိုကာ သူ့အား ကျားမိသားစုကို ထောက်ပံ့ကူညီပေးရန် တောင်းဆိုလာသည်။

ထိုအချိန်မှစ၍ လျိုဟိုင်ကျုံးက ကျားမိသားစုမှာ အလုပ်လုပ်ရာတွင် အသုံးမကျသည့်အပြင် စီးပွားရေးအရလည်း အခက်အခဲရှိနေကာ သူတို့နှင့် ဆက်ဆံရေးပြုလုပ်ခြင်းက အကျိုးအမြတ် မရှိသည့်အပြင် သူတို့၏ အမြတ်ထုတ်ခြင်းကိုပင် ခံရနိုင်ကြောင်း သိရှိသွားသည်။

"ပန့်ကန့်က တကယ်ကို ပညာပေးဆုံးမမှု လိုအပ်နေတာ ၊ပြီးတော့ ဆုံးမမှု လိုအပ်နေရတဲ့ အကြောင်းရင်းကလည်း လူကြီးတွေက တာဝန်မကျေလို့ပဲ၊ ဒီလိုကိစ္စမျိုးကိုသာ မပြင်ဆင်ဘူးဆိုရင် နောက်ဆို ငါတို့ခြံဝင်းက စံပြဆုရွေးချယ်ခံရဖို့ တွေးမနေနဲ့တော့ ၊ငါလည်း ကျားမိသားစုကို ငါတို့ခြံဝင်းထဲကနေ နှင်ထုတ်ဖို့ သဘောတူတယ်"

ယန်ပုကွေ့က ထောက်ခံပြောဆိုလိုက်သည်။

ယခုအခါတွင် ဦးဆောင်သူ ဦးလေးကြီး သုံးဦးစလုံးက ကျားမိသားစုကို ခြံဝင်းအတွင်းမှ နှင်ထုတ်ရန် သဘောတူညီသွားကြပြီ ဖြစ်သည်။

ထိုအခါ ကျားတုန်းရွှီတို့ တစ်သိုက်မှာ ချက်ချင်းပင် အလွန်တရာ အထိတ်တလန့် ဖြစ်သွားကြတော့သည်။ သူတို့သည် မြို့နေအိမ်ထောင်စုစာရင်းဝင်များ ဖြစ်ကြပြီး သံမဏိစက်ရုံတွင်လည်း အလုပ်အကိုင်ရှိနေသောကြောင့် ခြံဝင်းအတွင်းမှ နှင်ထုတ်ခံရမည်ဆိုလျှင်ပင် နေထိုင်စရာ နေရာတစ်ခု စီစဉ်ပေးခံရမည်ဖြစ်ကာ တောင်းရမ်းစားသောက်သူများတော့ ဖြစ်သွားမည် မဟုတ်ပေ။

သို့သော် ဤခြံဝင်းကြီးမှာ မြို့တော်အတွင်းရှိ သာမန်ပြည်သူများအတွက် နေထိုင်ရန် အကောင်းဆုံးနေရာတစ်ခုဟု ဆိုနိုင်သည်။ တစ်ကြိမ် နှင်ထုတ်ခံလိုက်ရသည်နှင့် နေထိုင်မှုဘဝအဆင့်အတန်းမှာ သေချာပေါက် များစွာ ကျဆင်းသွားမည် ဖြစ်သည်။ ဤအဖြစ်အပျက်မျိုးက မည်သူ့အပေါ် ကျရောက်လာပါစေ နှင်ထုတ်ခံရခြင်းကို လိုလားစွာ လက်ခံကြမည် မဟုတ်ချေ။

ချင်ဟွိုင်ယွီမှာ နာကျင်စွာဖြင့် မျက်ရည်များ စီးကျလာသည်။သူမလည်း နှင်ထုတ်ခံရမည့်အရေးကို လက်မခံလိုပေ။ ထို့ကြောင့် သူမက လူအများထံသို့ သူမ၏ အခက်အခဲများကို စတင် ပြောဆိုလာတော့သည်။

ယောက္ခမဖြစ်သူက အသုံးမကျ၊ ယောက်ျားဖြစ်သူကလည်း မသန်မစွမ်းဖြစ်နေပြီး ကလေးသုံးယောက်ကလည်း သူမအား စိတ်အေးရအောင် မနေကြသဖြင့် ဤကျားမိသားစုကြီးကို မိန်းမသားတစ်ယောက်ဖြစ်သော သူမကသာ ခက်ခဲပင်ပန်းစွာ ထောက်တိုင်ပြု ရပ်တည်ပေးနေရခြင်း ဖြစ်သည်။ ထို့နောက် ပန့်ကန့် က ယခုလို ပြဿနာဖြစ်ရခြင်းမှာ သူမအနေဖြင့် အချိန်ပေး၍ မထိန်းကျောင်းနိုင်ခဲ့ခြင်းကြောင့်သာ ဖြစ်ကြောင်းကို ဆက်လက်ပြောဆို၏။

အကယ်၍ ဤအကြောင်းရင်းကြောင့် သူတို့ ကျားမိသားစုကို ခြံဝင်းအတွင်းမှ ထွက်ခွာသွားစေမည်ဆိုပါက သူမ လုံးဝ အသက်မရှင်နိုင်တော့ဘဲ ဤခြံဝင်းအတွင်း၌ပင် အသေခံကာ လူအများထံသို့ သေခြင်းတရားဖြင့် အပြစ်ကို တောင်းပန်သွားမည်ဟု ဆိုသည်။

ကျားတုန်းရွှီတို့ သားအမိနှစ်ယောက်သည် ချင်ဟွိုင်ယွီက သူတို့နှစ်ဦးကို တစ်ယောက်က မသန်စွမ်း၊ တစ်ယောက်က အသုံးမကျဟု ပြောဆိုသည်ကို ကြားလိုက်ရသောအခါ သဘာဝကျစွာပင် မကျေမနပ် ဖြစ်သွားကြသည်။ သို့သော် လက်ရှိအချိန်တွင် ထိုမျှလောက်အထိ ဂရုစိုက်နေ၍ မရနိုင်တော့ပေ။ ချင်ဟွိုင်ယွီ၏ သနားစဖွယ် ပြောဆိုနေမှုများက အိမ်နီးချင်းများ၏ သနားကြင်နာမှုကို ရရှိလာစေရန်သာ မျှော်လင့်နေရတော့သည်။

ချင်ဟွိုင်ယွီ၏ သနားစဖွယ် ပြောဆိုမှုများက သူတို့နှစ်ဦးအား စိတ်ပျက်စေခြင်း မရှိခဲ့ပေ။ သူမ၏ အစွမ်းကုန် သနားစဖွယ် ပြုမူပြောဆိုမှုအောက်တွင် ချင်ဟွိုင်ယွီ၏ နံပါတ်တစ် အစေခံခွေးလေးသဖွယ် ဖြစ်နေသော ဟယ်ယွီကျူးမှာ အဆုံးတွင်တော့ ရှေ့သို့ ထွက်ရပ်လာသည်။

ထို့နောက် သူက အလယ်တွင်ရှိနေသော ဦးလေးကြီး သုံးဦးကို မကျေမနပ်ဖြင့် ကြည့်ရှုလိုက်သည်။ အထူးသဖြင့် ဦးဆောင်နေသော ဦးလေးကြီးရီကိုပင် ဖြစ်သည်။

ထိုစဉ်က ရီကျုံးဟိုင်က အရှေ့ခြံဝင်းရှိ သိုလှောင်ခန်းကြီးကို ချန်ကောဟွားထံသို့ ပေးအပ်မည်ဟု ပြောဆိုခဲ့စဉ်ကတည်းက ထောင်ထဲမှ ယခုလေးတင် ထွက်လာခဲ့သော ရှားကျူး၏ ရင်ထဲတွင် မကျေမနပ် ဖြစ်နေခဲ့ပြီး ဖြစ်သည်။

သို့သော် ယခုအခါ ကျားမိသားစုကိုပါ နှင်ထုတ်မည်ဟု ထင်မှတ်မထားခဲ့ပေ။ ထိုသို့ဆိုလျှင် ချင်ဟွိုင်ယွီပါ နှင်ထုတ်ခံရမည် ဖြစ်သည်။ ထို့ကြောင့် ရှားကျူးကို ပို၍ပင် မကျေမနပ် ဖြစ်သွားစေသည်မှာ သေချာပေါက်ပင် ဖြစ်သည်။

"မရဘူး ကျားမိသားစုရဲ့ အိမ်က စက်ရုံကနေ ခွဲဝေပေးထားတာလေ ပြီးတော့ ကိစ္စကလည်း အတည်မဖြစ်သေးဘဲနဲ့ ဘာလို့ ချင်ဟွိုင်ယွီတို့ မိသားစုကို နှင်ထုတ်ရမှာလဲ"

အခန်း ၁၀၄

ရှားကျူး အော်ဟစ်လိုက်ပြီးနောက် ဦးလေးကြီး သုံးဦးစလုံး၏ မျက်နှာအမူအရာများမှာ ကြည့်ကောင်းမနေတော့ချေ။ အဘယ်ကြောင့်ဆိုသော် ရှားကျူးက မုဆိုးမတစ်ယောက်အတွက် သူတို့အား ရင်ဆိုင်ရန် ရွေးချယ်လိုက်သောကြောင့် ဖြစ်သည်။

ဤသည်မှာ သူတို့၏ ယုံကြည်ကိုးစားခံရမှုကို လုံးဝ စိန်ခေါ်လိုက်ခြင်းပင် ဖြစ်သည်။ တကယ်တမ်းတွင် ရှားကျူးသည် ချင်ဟွိုင်ယွီအတွက် သီးသန့် ရည်ရွယ်ပြောဆိုခြင်း မဟုတ်ပေ။ ယခင်က ချင်ဟွိုင်ယွီက သူ့အား ထမင်းယူလာပေးရန် ခိုင်းစေခဲ့မှုကြောင့် ထောင်ကျခဲ့ရဖူးရာ သူသည်လည်း ချင်ဟွိုင်ယွီနှင့် များစွာ ပတ်သက်ရှုပ်ထွေးလိုခြင်း မရှိတော့ချေ။

ယခုအချိန်တွင် ရှားကျူးက ကျားမိသားစုအတွက် ရှေ့ထွက်ကာကွယ်ပေးရန် ရွေးချယ်လိုက်ခြင်းမှာ ဦးလေးကြီး သုံးဦးစလုံးက ချန်ကောဟွားအား မျက်နှာလိုမျက်နှာရ ပြုလုပ်နေကြကြောင်းကို အပြည့်အဝ ရိပ်မိသွားသောကြောင့်ပင် ဖြစ်သည်။

ချန်ကောဟွားနှင့် ရန်ငြိုးရန်စ ဤမျှလောက် ကြီးမားနေသည်ကို တွေးတောမိပြီးနောက် သူက ချန်ကောဟွား၏ ဆန္ဒများ ပြည့်ဝသွားစေရန် သဘာဝကျစွာပင် လိုလားမည် မဟုတ်ချေ။ ထို့ကြောင့်သာ ဤကဲ့သို့ ပြုမူလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

"ငါတို့ခြံဝင်းက ရပ်ကွက်ရဲ့ စံပြရှေ့ဆောင် နေရာမှာ ရှိခဲ့ဖူးတာ ဒီကျားမိသားစုဆိုတဲ့ ဘေးဒုက္ခကြောင့်တော့ အဖျက်ဆီးခံလို့ မဖြစ်ဘူး"

"မှန်တယ်၊ ကျားမိသားစုကို မဖြစ်မနေ နှင်ထုတ်ပစ်ရမယ်"

"ဦးလေးကြီး သုံးယောက် ပြောတာ မှန်တယ်၊ငါလည်း ကျားမိသားစုကို နှင်ထုတ်ဖို့ သဘောတူတယ်"

အစည်းအဝေးရှိ အိမ်နီးချင်းများကြားတွင် ကျားမိသားစုကို နှင်ထုတ်ရန် သဘောတူညီသူများ ပို၍ပင် များပြားလာသည်။ အချိန်တိုလေးအတွင်းတွင်ပင် လူတိုင်းလိုလိုက ကျားမိသားစုအား နှင်ထုတ်ပစ်မည့်အရေးကို ထောက်ခံအားပေးလာကြသည်။

အထူးသဖြင့် ဟယ်ယွီရွှိန်ပင် ဖြစ်သည်။ ရှားကျူးက သူမထံသို့ လှမ်းကြည့်လိုက်ချိန်တွင် ဟယ်ယွီရွှိန်က အနည်းငယ်မျှပင် တုံ့ဆိုင်းမနေဘဲ ချင်ဟွိုင်ယွီတို့ မိသားစုကို နှင်ထုတ်ပစ်မည့် ရပ်တည်ချက်ကို ခိုင်မာစွာ ပြသ‌နေသည်။

မိမိ၏ညီမအရင်းကပင် သူ့အား ထောက်ခံခြင်း မရှိတော့ရာ ရှားကျူးအနေဖြင့် မည်မျှပင် ဆက်လက်တောင့်ခံထားပါစေ စိတ်ထဲတွင် အလိုအလျောက် အားအင်ကုန်ခမ်းမှုကို ခံစားလိုက်ရသည်။ ဤကိစ္စဖြင့် ချန်ကောဟွားအား စိတ်ပျက်အောင် ပြုလုပ်၍ မရနိုင်တော့ကြောင်းကို သူ သိရှိလိုက်သည်။

သို့သော် တစ်ချက်မျှ ပြောင်းလဲတွေးတောလိုက်ပြီးနောက် ခြံဝင်းအတွင်းမှ နားလေး‌သောအဖွားအိုက ဤခြံဝင်းတစ်ခုလုံး၏ အစည်းအဝေးသို့ မတက်ရောက်ရသေးကြောင်း သတိရသွားသည်။

သူမက ခြံဝင်းအတွင်းရှိ အသက်အကြီးဆုံး ဘိုးဘေးတစ်ဦးဖြစ်ရာ သူမသာ ရပ်တည်ချက်ပြသကာ မိမိအား ထောက်ခံလာပါက ဦးလေးကြီး သုံးဦးစလုံးလည်း မည်သို့မျှ တတ်နိုင်တော့မည် မဟုတ်ပေ။

ထိုသို့ တွေးတောမိပြီးနောက် သူက အနောက်ဘက်ခြံဝင်းဆီသို့ အမြန်အဆန် ပြေးထွက်သွားခဲ့တော့သည်။

"ဒုက္ခပါပဲ ရှားကျူးက အဘွားအိုကို သွားခေါ်တော့မယ်"

ရီကျုံးဟိုင်က ရှားကျူး၏ လှုပ်ရှားမှုကို မြင်လိုက်သည်နှင့် နားလေး‌သောအဖွားအိုထံမှ ကျောထောက်နောက်ခံ သွားရောက်ရှာဖွေခြင်းဖြစ်ကြောင်း သိရှိလိုက်သည်။ နားလေးသောအဖွားအိုက ရီကျုံးဟိုင်နှင့် ဆက်ဆံရေး ကောင်းမွန်သည်ဆိုသော်လည်း ရှားကျူးကိုလည်း အလွန်တရာ ချစ်ခင်သူ ဖြစ်သည်။

အကယ်၍ ရှားကျူးကသာ နားလေးသောအဖွားအိုကို အကူအညီတောင်းခံလိုက်ပါက ဤကိစ္စမှာ ဖြေရှင်းရန် အမှန်တကယ် ခက်ခဲသွားမည် ဖြစ်သည်။

ချင်ဟွိုင်ယွီသာ ခြံဝင်းထဲမှ နှင်ထုတ်မခံရဘဲ ဆန့်ကျင်ဘက်အနေဖြင့် အစီအစဉ်များ လွဲချော်သွားခဲ့ပါက ချန်ကောဟွားကို မျက်နှာလိုမျက်နှာရ ပြုလုပ်မည့် အခွင့်အရေးတစ်ခု ထပ်မံဆုံးရှုံးသွားပြီဟု ဆိုလိုနေခြင်းပင် ဖြစ်သည်။

ရီကျုံးဟိုင်၏ စိတ်ထဲတွင် အလွန်တရာ ဒေါသထွက်လာသည်။ ယခင်က ရှားကျူးသည် ချင်ဟွိုင်ယွီအတွက် ခြံဝင်းတစ်ခုလုံး၏ရှေ့တွင် မစင်စားပြခဲ့ပြီး ယခုအခါတွင်လည်း လူအများရှေ့၌ မိမိကို ပုန်ကန်ဆန့်ကျင်နေပြန်သည်။

ဤတခဏတွင် ရှားကျူးမှာ ဘာတစ်ခုမှ အောင်မြင်အောင် မလုပ်နိုင်သော လုံးဝ အသုံးမကျသည့် အမှိုက်ကောင်တစ်ကောင်ဟုသာ သူ ခံစားလိုက်ရသည်။

မိမိအနေဖြင့် ရှားကျူးအား အိုမင်းမစွမ်းချိန်တွင် ပြုစုလုပ်ကျွေးရန် အကောင်းဆုံး ရွေးချယ်မှုအဖြစ် အမြဲတမ်း တွေးတောခဲ့မိသည်ကို ပြန်လည်စဉ်းစားမိပြီး ရီကျုံးဟိုင်၏ စိတ်ထဲတွင် နောင်တရလာသည်။အကယ်၍ ထိုနှစ်က ချန်ကောဟွားကိုသာ ရွေးချယ်ခဲ့မိပါက ယနေ့တွင် ဤအမှားများကို ပြန်လည်တည့်မတ်ပေးနေစရာ လိုအပ်ဦးမည်မဟုတ်ချေ။

ယန်ပုကွေ့၏ မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှုများ ရှိနေသည်။နားလေးသောအဖွားအို ဤနေရာသို့ ရောက်လာမည်ကို သေချာပေါက် မလိုလားကြောင်း သိသာနေသည်။ မည်သို့ပင်ဆိုစေကာမူ သူသည်လည်း ချန်ကောဟွားကို မျက်နှာလိုမျက်နှာရ ပြုလုပ်လိုသူပင် ဖြစ်သည်။

ချန်ကောဟွားကို မျက်နှာလိုမျက်နှာရ ပြုလုပ်ခြင်းမှာ သူ၏ အိုမင်းမစွမ်းချိန်တွင် လုပ်ကျွေးပြုစုစေရန် မဟုတ်ဘဲ သူ့ထံမှ အခွင့်အရေး အနည်းငယ် ရယူလိုခြင်းကြောင့်သာ ဖြစ်သည်။

သိထားရမည်မှာ ပြီးခဲ့သည့်အကြိမ်က ချင်ကျင်းယွီက ယွီလီအား ဟင်းကျန်အချို့ ပေးကမ်းခဲ့ခြင်းကပင် ကလေးများစွာ မွေးထားခြင်းထက် ချွေးမတစ်ယောက် ရှိနေခြင်းက ပိုကောင်းသည်ဟု သူ့အား ခံစားသွားစေသည်။

ချင်ကျင်းယွီနှင့် အနည်းငယ်မျှ ဆက်ဆံရေး‌ေကာင်းရုံဖြင့် သူမထံမှ အရသာရှိသော အစားအစာများကို ရရှိနိုင်ခဲ့ရာ မိမိအနေဖြင့် ချန်ကောဟွားနှင့် ဆက်ဆံရေး ကောင်းမွန်အောင် တည်ဆောက်ထားနိုင်လျှင် မည်သည့် အရှုံးမရှိဘဲ အမြတ်ထွက်မည့် ကိစ္စသာ ဖြစ်သည်။

လျိုဟိုင်ကျုံးကမူ ထိုမျှလောက်အထိ တွေးတောထားခြင်း မရှိပေ။ သူက ချင်ဟွိုင်ယွီတို့ မိသားစုကို နှင်ထုတ်လိုခြင်းမှာ သူမက သူ့ထံမှ အခွင့်အရေး ယူမည်ကို မလိုလားသောကြောင့်ပင် ဖြစ်သည်။ ထို့အတူ ဤလုပ်ဆောင်ချက်မှတစ်ဆင့် သူ၏ ကိုယ်ပိုင် ဩဇာအာဏာကိုလည်း အနည်းငယ် တည်ဆောက်လိုခြင်း ဖြစ်သည်။

"ရှားကျူး မင်း ရပ်လိုက်စမ်း"

လျိုဟိုင်ကျုံးက ရှားကျူးအား အော်ဟစ်လိုက်သည်။

လျိုဟိုင်ကျုံး၏ အော်ဟစ်သံအောက်တွင် သူ၏ သားဖြစ်သူ လျိုကွမ်းဖူက ကိုယ်ကိုမတ်ကာ ရှားကျူး၏ အရှေ့တွင် ပိတ်ရပ်ရန် ရွေးချယ်လိုက်သည်။ သို့သော်လည်း လျိုကွမ်းဖူမှာ တစ်ချက်တည်းဖြင့် ရှားကျူး၏ တွန်းလှဲခြင်းကို ခံလိုက်ရပြီး မြေကြီးနှင့် မျက်နှာအပ်ကာ မှောက်ရက်လဲကျသွားသည်။

ထို့နောက် နောက်ဘက်ခြံဝင်းအတွင်းသို့ ဆက်လက်ပြေးဝင်သွားပြီး နားလေးသောအဖွားအိုအား ကျောပိုးကာ ခေါ်ဆောင်လာသည်။ ရှားကျူးက နားလေးသောအဖွားအိုအား ကျောပိုးခေါ်ဆောင်လာပြီးနောက် ကျားတုန်းရွှီတို့၏ မျက်လုံးများထဲတွင် မျှော်လင့်ချက် ရောင်ခြည်များဖြင့် ပြည့်နှက်သွားသည်။

ဦးလေးကြီး သုံးဦး၏ မျက်နှာအမူအရာများသည် အလွန်တရာ မည်းမှောင်နေခဲ့ပြီ ဖြစ်သည်။

"ကျားမိသားစုကို ခြံဝင်းထဲကနေ နှင်ထုတ်မလို့ကို ငါ့ကိုတောင် မခေါ်ကြတော့ဘူးလား"

နားလေးသောအဖွားအိုက ဦးလေးကြီး သုံးဦးကို စိုက်ကြည့်လိုက်သည်။

"အဘွားအို ပန့်ကန့်က ရွှေတောင်မှ ခိုးပြီး ပိုက်ဆံလဲရဲနေပြီလေ၊ ဒါက ရွှေတုဖြစ်နေလို့ ရဲဘော်တွေ ဖမ်းမိသွားတာ၊ မဟုတ်ရင် ငါတို့ခြံဝင်းက နောက်ဆို သေချာပေါက် ဒုက္ခရောက်ရတော့မှာ"

ရီကျုံးဟိုင်က လေးနက်သော အသံဖြင့် ပြောဆိုလိုက်သည်။

"ပြီးတော့ ရှားကျူး ပြီးခဲ့တဲ့တစ်ခေါက် ထောင်ကျတာကလည်း ကျားမိသားစုနဲ့ သက်ဆိုင်နေတာပဲ၊ အဲဒါအပြင် ကျားကျန်းရှီကလည်း အရင်က ဆန်သွားဝယ်တာ ပြဿနာတက်လုနီးပါး ဖြစ်ခဲ့သေးတယ်၊ ဒီကျားမိသားစုကို ခြံဝင်းထဲမှာ ဆက်ထားတာက ငါတို့ကို အမည်းစက် စွန်းထင်းစေတာပဲ"

ရီကျုံးဟိုင်က ပြောဆိုပြီးသွားသောအခါ နားလေးသောအဖွားအိုကမူ ကြောင်တောင်တောင် မျက်နှာထားဖြင့် ပြောဆိုလိုက်သည်။

"ဘာ နင် ဘာပြောလိုက်တာလဲ၊ ငါ မကြားရဘူး"

"အဘွားအို ငါတို့က ကျားမိသားစုကို အနိုင်ကျင့်နေတာ မဟုတ်ဘူး၊ သူတို့ကိုယ်တိုင်က အမှားတွေ ကျူးလွန်ခဲ့တာ၊ပြီးတော့ တစ်ခါထက်တစ်ခါ ပိုဆိုးလာလို့ ငါတို့က အခုလို ဆုံးဖြတ်လိုက်ရတာ"

ယန်ပုကွေ့က ရှေ့သို့တိုးကာ ပြောဆိုလိုက်သည်။

နားလေးသောအဖွားအိုက ယန်ပုကွေ့အား ကြောင်တောင်တောင် ကြည့်လျက် ပြောလိုက်သည်။

"ဘာလဲ ငါ မကြားရဘူးကွယ့်"

နားလေးသောအဖွားအို၏ ဤကဲ့သို့သော ပုံစံကို မြင်တွေ့လိုက်ရသောအခါ ဦးလေးကြီး သုံးဦးစလုံး၏ ရင်ထဲတွင် အလွန်တရာ ကူကယ်ရာမဲ့သွားကြသည်။

နားလေးသောအဖွားအိုက နားမကြားချင်ယောင် ဆောင်နေခြင်းမှာ ကျားမိသားစုကို ကာကွယ်ပေးရန် ရည်ရွယ်ထားကြောင်းကို ပြသနေသောကြောင့်ပင် ဖြစ်သည်။ ထိုသို့ တွေးတောမိပြီးနောက် ရီကျုံးဟိုင်၏ မျက်နှာမှာ ပို၍ပင် မည်းမှောင်သွားခဲ့တော့သည်။ နားလေးသောအဖွားအိုအပေါ်တွင် အလွန်တရာ မကျေမနပ် ဖြစ်နေကြောင်း သိသာထင်ရှားနေသည်။

ပြောရမည်ဆိုလျှင် သူ ရီကျုံးဟိုင်က ပုံမှန်နေ့ရက်များတွင် နားလေးသောအဖွားအိုအား ဂရုစိုက်ပြုစုပေးခဲ့သည်။ သို့သော် နားလေးသောအဖွားအိုက ရှားကျူးကိုသာ အလိုလိုက်နေသည်။

ပုံမှန်အချိန်များတွင်ဆိုလျှင် ထားလိုက်၍ရ‌ေသးသည်၊ ယခုအခါ ခြံဝင်းအတွင်း ဤမျှလောက် ကြီးမားသော ပြဿနာကြီး ဖြစ်ပွားနေချိန်၌ပင် ထိုသို့ ပြုမူနေသေးရာ ရီကျုံးဟိုင်မှာ နားလေးသောအဖွားအိုအား ရွံရှာမုန်းတီးသွားခဲ့ပြီး တစ်ချက်မျှ ပြောင်းလဲတွေးတောလိုက်ပြန်သည်။

နားလေးသောအဖွားအိုမှာ ခြံဝင်းအတွင်းမှ အသက်အကြီးဆုံး ဘိုးဘေးတစ်ဦး ဖြစ်သည်ဆိုသော်လည်း ခြံဝင်းအတွင်း၌ အောင်မြင် အတိုးတက်ဆုံးပုဂ္ဂိုလ်မှာ ချန်ကောဟွားပင် ဖြစ်သည်။ သူ၏ အကြံပြုချက်က သဘာဝကျစွာပင် ပို၍ အရေးကြီးလှသည်။

“ကောဟွား ကျားမိသားစုကို နှင်ထုတ်ဖို့ကိစ္စနဲ့ ပတ်သက်ပြီး မင်းရဲ့ အကြံပြုချက်က ဘာများလဲ"

ရီကျုံးဟိုင်က ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ချန်ကောဟွားထံသို့ လှမ်း၍ မေးမြန်းလိုက်သည်။

ရီကျုံးဟိုင်က ပြောဆိုပြီးသွားသောအခါ လူတိုင်းက သူတို့၏ အကြည့်များကို ချန်ကောဟွားထံသို့ ဖြတ်ခနဲ လှည့်ပစ်လိုက်ကြသည်။ အဘယ်ကြောင့်ဆိုသော် ရီကျုံးဟိုင်၏ ဤစကားမှာ လုံးဝကို အကွက်ပေါ်နေပြီဖြစ်ပြီး ကျားမိသားစုကို နှင်ထုတ်ခြင်းမှာ ချန်ကောဟွားအတွက် ဖြစ်ကြောင်း သိသာနေသောကြောင့် ဖြစ်သည်။

"အမှားလုပ်ခဲ့ရင်တော့ သေချာပေါက် အပြစ်ပေးခံရမှာပဲ၊ပန့်ကန့်ကို ရဲတွေက ပညာပေးဆုံးမလိမ့်မယ်၊ မိဘတွေအနေနဲ့လည်း ပညာပေးဆုံးမမှု ခံယူသင့်တယ်"

ချန်ကောဟွားက အေးတိအေးစက်ဖြင့် ပြောဆိုလိုက်သည်။ ချန်ကောဟွားအနေဖြင့် ကျားမိသားစုကို သေချာပေါက် နှင်ထုတ်ပစ်လိုပြီး မျက်စိရှေ့မှ ပျောက်ကွယ်သွားပါက စိတ်အနှောင့်အယှက် ဖြစ်စရာ ကင်းဝေးသွားမည် ဖြစ်သည်။ သို့သော် မိမိမှာ အလုပ်အကိုင် တိုးတက်နေသည့် အချိန်ကာလတစ်ခုတွင် ရောက်ရှိနေကြောင်း တွေးတောမိလိုက်သည်။

အကယ်၍ ရပ်တည်ချက်ကို ရှင်းလင်းစွာ ပြသပြီး ကျားမိသားစုကို နှင်ထုတ်ရန် ခိုင်မာစွာ တောင်းဆိုလိုက်ပါက လူယုတ်မာများ၏ အတင်းအဖျင်း ပြောဆိုစရာ ဖြစ်လာခြင်းကို ရှောင်လွှဲနိုင်မည် မဟုတ်ပေ။ ထိုသို့ဆိုလျှင် အကျိုးထက် အပြစ်က ပိုများသွားမည် ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ သူ၏အမြင်တွင် ချင်ဟွိုင်ယွီတို့ မိသားစုမှာ လုံးဝ တန်ဖိုးမရှိသူများသာ ဖြစ်သည်။ ထို့ကြောင့် သူက မိဘများအနေဖြင့်လည်း ပညာပေးဆုံးမမှု ခံယူသင့်သည်ဟူသော စကားတစ်ခွန်းကိုသာ ပြောဆိုလိုက်ပြီး ပြဿနာကို ရီကျုံးဟိုင်ထံသို့ ပြန်လည်လွှဲချပေးလိုက်ခြင်းပင် ဖြစ်သည်။

"ချန်ကောဟွား ပြောတာ မှန်တယ်၊ ပန့်ကန့်က ဝင်ပြီး ပညာပေး ဆုံးမခံရမှာဆိုတော့ ငါတို့ ခြံဝင်းထဲမှာလည်း ကျားမိသားစုကို ပြစ်တင်ဝေဖန် ပညာပေးရမှာပေါ့။သူတို့ကို နှင်ထုတ်ပစ်ဖို့ဆိုတာကတော့ အရမ်းကို လွန်လွန်းအားကြီးနေပြီ၊ ဘာပဲဖြစ်ဖြစ် ကျားမိသားစုက ငါတို့ခြံဝင်းထဲမှာ နေလာတာ ဆယ်စုနှစ်ချီနေပြီလေ"

အသက်ကြီးသော်လည်း ဉာဏ်နီဉာဏ်နက်များလှသော နားလေးသောအဖွားအိုက အမြန်အဆန်ပင် စကားကို ဆက်ယူလိုက်သည်။

နားလေးသောအဖွားအို၏စကားကို ကြားပြီးနောက် ချင်ဟွိုင်ယွီ၏ စိတ်ထဲတွင် သက်ပြင်းတစ်ချက်သာ ချလိုက်နိုင်တော့သည်။ ရီကျုံးဟိုင် အပါအဝင် ဦးလေးကြီးအချို့၏ မျက်နှာအမူအရာများမှာ ကြည့်ကောင်းမနေတော့ချေ။

နားလေးသောအဖွားအိုမှာ အသက်အကြီးဆုံးဖြစ်ပြီး ချန်ကောဟွား၏ စကားကို ဆက်ယူကာ ဤသို့ ပြောဆိုလာခဲ့လေရာ ကျားမိသားစုကို နှင်ထုတ်ရန်ကိစ္စမှာ သဘာဝကျစွာပင် ဇာတ်သိမ်းသွားခဲ့ပြီ ဖြစ်သည်။

ရီကျုံးဟိုင်က သက်ပြင်းတစ်ချက် ချလိုက်သည်။ ဤတစ်ကြိမ် ကျားမိသားစုကို နှင်ထုတ်၍ မရခဲ့ခြင်းက သေချာပေါက် ကျားမိသားစု၏ မကျေနပ်မှုကို ဖြစ်ပေါ်စေမည် ဖြစ်သည်။ အရေးအကြီးဆုံးမှာ ကိစ္စရပ်ကို အောင်မြင်အောင် မလုပ်ဆောင်နိုင်ခဲ့သဖြင့် ချန်ကောဟွားနှင့် ဆက်ဆံရေး တည်ဆောက်မည့် အခွင့်အရေးကို ဆုံးရှုံးသွားခဲ့ရခြင်းပင် ဖြစ်သည်။ထို့ကြောင့် ခေါင်းကို ခါယမ်းလိုက်ပြီး ခြံဝင်းတစ်ခုလုံး၏ အစည်းအဝေး ပြီးဆုံးကြောင်းကို ကြေညာလိုက်တော့သည်။ ထို့နောက် သူက မျက်နှာမည်းကြီးဖြင့် အိမ်တွင်းသို့ ပြန်ဝင်သွားသည်။

လူအုပ်ထဲမှ ရှားကျူးကမူ အေးစက်သော မျက်နှာထားဖြင့် သက်ပြင်းတစ်ချက် ချလိုက်သည်။

"ဦးလေးကြီးရီက အခု ချန်ကောဟွားကို မျက်နှာလိုက်နေပြီ"

ပြောဆိုပြီးနောက် သူသည်လည်း အိမ်သို့ ပြန်သွားသည်။ ချင်ဟွိုင်ယွီကမူ ရှားကျူးအား ကျေးဇူးတင်စကား တစ်ခွန်းပြောဆိုပြီးနောက် ကျားတုန်းရွှီအား တွန်းကာ အိမ်တွင်းသို့ ပြန်ဝင်ရန် ပြင်ဆင်လိုက်သည်။ သို့သော် ကျားကျန်းရှီတို့ သားအမိနှစ်ယောက်မှာမူ ရီကျုံးဟိုင်၏ ကျောပြင်ကို နာကြည်းမုန်းတီးသော မျက်နှာများဖြင့် ကြည့်ရှုနေကြသည်။

ပန့်ကန့် ရဲစခန်းသို့ ရောက်သွားသည်ကို မကူညီလျှင်လည်း ရသေးသည်၊ ရီကျုံးဟိုင်က ချန်ကောဟွားကို မျက်နှာလိုမျက်နှာရ ပြုလုပ်ရန်အတွက် သူတို့ကိုပါ ခြံဝင်းထဲမှ နှင်ထုတ်ရန် ကြံစည်ရဲသေးသည်။

ဒါက တကယ်ပဲ လူလုပ်တဲ့ ကိစ္စမျိုး ဟုတ်ရဲ့လား

သို့ရာတွင် သူတို့နှစ်ဦး မသိရှိလိုက်သည်မှာ ထိုနှစ်က ချန်ကောဟွားကို ခြံဝင်းအတွင်းမှ နှင်ထုတ်ရန် ပြုမူခဲ့ကြသော သူတို့၏ မျက်နှာထားများမှာ ရီကျုံးဟိုင်နှင့် နှိုင်းယှဉ်ပါက အဆပေါင်းများစွာ ပိုမိုဆိုးရွားနေခဲ့ခြင်းပင် ဖြစ်သည်။ ထို့ကြောင့် ရီကျုံးဟိုင်ကို နာကြည်းမုန်းတီးခြင်းထက် သူတို့နှစ်ဦးက ချန်ကောဟွားကို ပို၍ မုန်းတီးနေကြခြင်း ဖြစ်သည်။

ဤနာကြည်းမုန်းတီးမှုအောက်တွင် လူများ အတော်လေး ကုန်သွားသည်ကို မြင်လိုက်ရသောအခါ ကျားကျန်းရှီက သရော်လှောင်ပြောင်တော့သည်။

"ဒီကျိန်စာသင့်မယ့် ချန်ကောဟွား ငါတို့ ကျားမိသားစုဘက်က ဝင်မပြောပေးဘူး၊ နောက်ဆိုရင်တော့ သေချာပေါက် ကောင်းကင်ဘုံရဲ့ ဒဏ်ခတ်မှုကို ခံရမှာပဲ"

All Chapters