အခန်း (၁၀၁-၁၀၂)
Vol. 11 Ch. 101-102
အခန်း ၁၀၁
ချန်ကောဟွား၏ မျက်နှာပေါ်မှ အေးစက်စက် အမူအရာကို မြင်လိုက်ရသည့်အခါ ရီကျုံးဟိုင်၏ စိတ်အစဉ်မှာလည်း အလွန်တရာ နောက်ကျိပူပန်သွားခဲ့ရသည်။ စောစောက ရဲအရာရှိနှင့် ချင်ဟွိုင်ယွီတို့ ပြောဆိုနေကြသည့် စကားများကို သူက ရှင်းလင်းပြတ်သားစွာ ကြားသိခဲ့ရပြီး ဖြစ်သည်။
ပန့်ကန့် တစ်ယောက် ဤမျှလောက် ကြီးမားသော ပြဿနာနှင့် ရင်ဆိုင်နေရသည်ကို သိရှိထားပါလျက်နှင့် သူကဲ့သို့သော ဦးလေးကြီးတစ်ယောက်အနေဖြင့် လုံးဝ လျစ်လျူရှုထား၍ မဖြစ်နိုင်ပေ။
အထူးသဖြင့် သူသည် ရှားကျူးအား သူ အိုမင်းမစွမ်းချိန်တွင် လုပ်ကျွေးပြုစုစေရန် ရည်ရွယ်ထားခဲ့ဖူးပြီး ရှားကျူးနှင့် ချင်ဟွိုင်ယွီတို့ အဆင်ပြေသွားပါက ပန့်ကန့်သည်လည်း သွယ်ဝိုက်သောအားဖြင့် သူ၏ မြေးအရင်းသဖွယ် ဖြစ်လာမည်ဟု တွေးတောထားခဲ့ဖူးသည်။ ထို့ကြောင့်ပင် ပန့်ကန့်ဘက်မှနေ၍ အကြိမ်ကြိမ်မျက်နှာလိုက် ကာကွယ်ပေးခဲ့ခြင်း ဖြစ်သည်။
သို့သော် ယခုအချိန်တွင် ရှားကျူးမှာ ပို၍ပင် အသုံးမကျဖြစ်လာကာ ချင်ဟွိုင်ယွီအတွက် ထမင်းချိုင့်ယူလာပေးရန် လုပ်ဆောင်ရင်း အလုပ်ပြုတ်လုနီးပါးအထိ ဖြစ်ခဲ့ရသောကြောင့် သူ၏ သက်ကြီးပိုင်းဘဝအတွက် အာမခံချက်မရှိတော့ဟု တွေးတောလာမိသည်။ အထူးသဖြင့် ပန့်ကန့်က ဤကဲ့သို့ ပြဿနာရှာလိုက်သောအခါ ခြံဝင်းအတွင်းရှိ စံပြဆု ရွေးချယ်ပွဲမှာလည်း သေချာပေါက် ပျက်စီးသွားရတော့မည် ဖြစ်သည်။
ထို့ကြောင့် ရီကျုံးဟိုင်က ချန်ကောဟွား၏ အရည်အချင်းကို အသုံးချကာ ပန့်ကန့်၏ ပြဿနာကို ဖြေရှင်းနိုင်မည်လားဟု တွေးတောနေသည်။ အဘယ်ကြောင့်ဆိုသော် ချန်ကောဟွားမှာ ဤမျှလောက် အောင်မြင်တိုးတက်နေသူဖြစ်ရာ သူသာ ကိုယ်တိုင်ကိုယ်ကျ ဝင်ပါပေးမည်ဆိုလျှင် ပန့်ကန့်မှာလည်း လုံးဝ ပြဿနာတက်တော့မည် မဟုတ်သလို ခြံဝင်းအတွင်းမှ စံပြဆုကိုလည်း ပြန်လည်ရွေးချယ်ခံရနိုင်မည် ဖြစ်သည်။
"ကောဟွား စောစောက ရဲတွေပြောသွားတဲ့ ပန့်ကန့် ပြဿနာတက်တယ်ဆိုတာကို မင်း သိလိုက်လား"
ရီကျုံးဟိုင်က ချန်ကောဟွားအနေဖြင့် သူ့အား သိပ်ပြီး စကားမပြောလိုသည်ကို မြင်သောအခါ စကားစမရှိ စကားစရှာကာ ပြောလိုက်ရသည်။
ချန်ကောဟွားက ခေါင်းပင်လှည့်မကြည့်ဘဲ အေးတိအေးစက် လေသံဖြင့် တုံ့ပြန်လိုက်သည်။
"အဲဒီတော့ ဘာဖြစ်လဲ"
"အဲဒီတော့ အမ်း"
ရီကျုံးဟိုင်က ချန်ကောဟွား ဤမျှလောက် တဲ့တိုးဆန်မည်ဟု မထင်ထားခဲ့သောကြောင့် ခေတ္တမျှ ဆွံ့အသွားခဲ့ရသည်။ သို့သော် အနည်းငယ် စဉ်းစားတွေးတောလိုက်ပြီးနောက် ဆက်လက်ပြောဆိုလိုက်သည်။
"ငါ တွေးနေတာက ကောဟွား မင်းက အစွမ်းအစရှိတဲ့သူဆိုတော့ ပန့်ကန့်ကိုများ နည်းနည်းလောက် ကူညီပေးနိုင်မလားလို့ပါ၊သူက ကလေးပဲ ရှိသေးတာလေ၊ သူသာ ထောင်ထဲရောက်သွားရင် တစ်သက်လုံး ပျက်စီးသွားရတော့မှာ"
ရီကျုံးဟိုင်၏ စကားကို ကြားလိုက်ရသောအခါ ချန်ကောဟွားက အလွန်ရယ်စရာကောင်းသည်ဟု ခံစားလိုက်ရသည်။
ပန့်ကန့်၏ ဘဝပျက်စီးသွားခြင်းက သူနှင့် မည်သို့ သက်ဆိုင်နေပါသနည်း။ ထို့အပြင် ခြံဝင်းအတွင်းမှ လူတစ်ယောက်က ရာဇဝတ်မှုဖြင့် အပြစ်ပေးခံရပါက ဦးလေးကြီးတစ်ယောက်ဖြစ်သော သူ၏ ဂုဏ်သိက္ခာကို ထိခိုက်လာမည်ကို စိုးရိမ်သောကြောင့် မိမိထံသို့ လာရောက်ရှာဖွေခြင်း ဖြစ်ကြောင်း အလွန်ပင် ရှင်းလင်းနေသည်။ သို့ရာတွင် ရီကျုံးဟိုင်မှာ ထိုကိစ္စနှင့်ပတ်သက်၍ တစ်ခွန်းမျှပင် ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။
မိမိထံမှ အခွင့်အရေးကို အသုံးချချင်နေသည်မှာ ထင်ရှားနေပြီး မိမိကို အရူးတစ်ယောက်လို လာရောက်လှည့်စားနေခြင်းသာ ဖြစ်သည်။
ချန်ကောဟွားက လှည့်ကြည့်လိုက်ပြီး အေးစက်စက် ပြုံးကာ ပြောလိုက်သည်။
"ဦးလေးကြီး တကယ်ပဲ တုံးတာလား၊ဟန်ဆောင်ပြီး တုံးချင်ယောင်ဆောင်နေတာလား"
"ပန့်ကန့်က သူ့အဖွားရဲ့ သွန်သင်မှုအောက်မှာ ပျက်စီးနေတာ ကြာပြီလေ၊ ခြံဝင်းထဲမှာတောင် ခိုးကြောင်ခိုးဝှက် လုပ်ရဲသေးတာ၊အပြင်မှာဆိုရင် ရွှေအတုတွေနဲ့ လိမ်လည်လှည့်စားရဲတာပေါ့။သူသာ ကြီးလာရင် လူသတ်မီးရှို့ဖို့လည်း ဝန်လေးမှာ မဟုတ်ဘူးလို့ မထင်ဘူးလား"
"ဒီလို ကျေးဇူးကန်းတဲ့ ကောင်မျိုးကို မျက်နှာပြောင်တိုက်ပြီး သွားကူညီပေးချင်သေးတာလား"
ထိုသို့ပြောဆိုပြီးနောက် ရီကျုံးဟိုင်အား ဆက်လက်ပြောဆိုနေရန် အချိန်မဖြုန်းလိုတော့သဖြင့် ချန်ကောဟွားက တံခါးကိုတွန်းဖွင့်ကာ အိမ်တွင်းသို့ တိုက်ရိုက်ဝင်ရောက်သွားသည်။
ရီကျုံးဟိုင်မှာ ထိုစကားများကို ကြားပြီးနောက် တစ်ကိုယ်လုံးဆွံ့အ သွားခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် ချန်ကောဟွား၏ ပြောစကားများမှာ အလွန်တရာ မှန်ကန်နေသည်ဟု သူ ခံစားလိုက်ရသောကြောင့် ဖြစ်သည်။
ပန့်ကန့်ဟူသော ကောင်လေးမှာ အကြိမ်တိုင်းတွင် ဒုက္ခပေးတတ်သော ကောင်မျိုးဖြစ်ပြီး လုံးဝ ကူညီပေး၍ မရနိုင်သော သူပင် ဖြစ်သည်။ ထိုအကြောင်းကို တွေးမိသောအခါ ရီကျုံးဟိုင်၏ မျက်ဝန်းများ အနည်းငယ် တုန်လှုပ်သွားခဲ့ပြီးနောက် လေးလံသော စိတ်အစဉ်များဖြင့် အိမ်သို့ ပြန်သွားသည်။
ရဲစခန်းထဲတွင် ပန့်ကန့်က မျက်နှာငယ်လေးဖြင့် ရဲအရာရှိနှစ်ဦး၏ရှေ့တွင် ထိုင်နေသည်။ ထို့နောက် အက်ကွဲနေသော အသံဖြင့် ပြောဆိုလိုက်သည်။
"အဲဒီရွှေက ငါ ကောက်ရခဲ့တာ၊ ငါ ကိုယ်တိုင် လုပ်ထားတာ တကယ် မဟုတ်ပါဘူး"
ပန့်ကန့်မှာ အလွန်တရာ ကူကယ်ရာမဲ့နေပြီး အလွန်လည်း စိတ်ရှုပ်ထွေးနေသည်။ ဤစကားကို သူ ဘယ်နှကြိမ်မြောက် ပြောခဲ့မိပြီးမှန်းပင် မသိတော့ချေ။ သို့သော် မည်သို့ပင် ရှင်းပြနေပါစေ ဤရဲအရာရှိများက သူ၏ ပြောစကားကို လုံးဝ ယုံကြည်ခြင်း မရှိကြပေ။ သူ မည်မျှ ကူကယ်ရာမဲ့နေသည်ကို တွေးကြည့်ရုံဖြင့် သိနိုင်သည်။
အမှန်တကယ်တွင် ပန့်ကန့်တစ်ယောက်တည်း သာမက သူနှင့်အတူတကွ အစားအသောက်များ စားသောက်ခဲ့ကြသော ကျောင်းနေဖက် သူငယ်ချင်းများမှာ ပို၍ပင် စိတ်ဓာတ်ကျ ကွဲအက်နေကြပြီ ဖြစ်သည်။
သူတို့၏ အမြင်တွင်မူ ကြက်ကင်မှာ အလွန်အရသာရှိလှသော်လည်း ကြက်ကင်ကိုပင် အကုန်မစားရသေးခင် အကြောင်းပြချက်မရှိဘဲ ရဲများ၏ ဖမ်းဆီးခေါ်ဆောင်ခြင်းကို ခံလိုက်ရသောကြောင့် ဖြစ်သည်။
ပန့်ကန့်မှာ ရွှေအတုပြဿနာနှင့် ပတ်သက်ဆက်နွယ်နေကြောင်းကို သိရှိသွားသောအခါ ထိုကျောင်းနေဖက် သူငယ်ချင်းများကလည်း ရဲအရာရှိများထံသို့ ပန့်ကန့်၏ မကောင်းသတင်းများကို အဆက်မပြတ် ဖော်ထုတ်ပြောဆိုကြတော့သည်။
ခိုးမှုဖြင့် ဖမ်းဆီးခံရပြီးနောက် မစင်စားခဲ့ရသည့် အကြောင်းများ၊ အိမ်နီးချင်းများထံမှ ကြက်ကိုခိုးယူကာ တခြားသူများကို အပြစ်ပုံချခဲ့သည့် အကြောင်းများပင် ဖြစ်သည်။
ဤကဲ့သို့သော မကောင်းသတင်းများကို သိရှိသွားပြီးနောက်တွင် ရဲအရာရှိများက ပန့်ကန့်၏ လီဆယ်ပြောဆိုနေမှုများကို မည်သို့ ယုံကြည်နိုင်ပါတော့မည်နည်း။
ထို့အပြင် လက်ရှိအချိန်မှာ စီမံကိန်းစီးပွားရေးခေတ် ဖြစ်သောကြောင့် ဈေးကွက်အတွင်းသို့ ရွှေအတုများ ဝင်ရောက်လာပါက အလွန်တရာ ဆိုးရွားပြင်းထန်သော ကိစ္စရပ်တစ်ခု ဖြစ်လာမည်မှာ သေချာပေါက်ပင် ဖြစ်သည်။ ထို့ကြောင့်ပင် ရဲအရာရှိများက ဤရွှေအတု အမှုကိစ္စကို ရာဇဝတ်ဂိုဏ်းတစ်ခု၏ လုပ်ဆောင်ချက်အဖြစ် သတ်မှတ်လိုက်ကြသည်။
ထိုအချိန်တွင်ပင် ယခင်ရဲအရာရှိက ချင်ဟွိုင်ယွီအား ရဲစခန်းသို့ ခေါ်ဆောင်လာသည်။ ချင်ဟွိုင်ယွီ ရောက်ရှိလာသည်ကို မြင်လိုက်ရသောအခါ ပန့်ကန့်၏ မျက်နှာမှာ ချက်ချင်းပင် လင်းလက်သွားပြီး သူမအား အမြန်အဆန် အော်ခေါ်လိုက်တော့သည်။
"အမေ သား ဒီနေ့မနက်က ရွှေတုံးတစ်တုံး ကောက်ရခဲ့တယ်၊အဲဒါနဲ့ ရဲစခန်းကို ခေါ်ခံလိုက်ရတာပဲ"
"ရဲအရာရှိ ရဲဘော် ငါ့သားက အသိဉာဏ် မကြွယ်ဝသေးလို့ပါ၊ ဒါက ရွှေမှန်းလည်း မသိဘူး၊ရွှေအတုမှန်း ပိုပြီးတောင် မသိပါဘူး ၊သူက ကလေးပဲ ရှိသေးတာမို့လို့ သူ့ကို ပြုပြင်ပြောင်းလဲဖို့ အခွင့်အရေးတစ်ခါလောက် ပေးလို့ မရနိုင်ဘူးလား"
ချင်ဟွိုင်ယွီက ကြားပြီးသည်နှင့် အမြန်အဆန်ပင် သနားစဖွယ် လေသံဖြင့် ဝင်ရောက်ပြောဆိုလိုက်သည်။
"အသိဉာဏ်မကြွယ်ဝဘူး ဟုတ်လား၊ အသိဉာဏ်မကြွယ်ဝတဲ့သူက ကောက်ရတဲ့ရွှေကို ဘဏ်မှာသွားပြီး ပိုက်ဆံလဲတတ်သလား ၊ ငွေငါးရာဆိုတဲ့ ပမာဏအကြီးကြီးကို လူကြီးတွေကို သိမ်းထားဖို့ မပေးဘဲ ကျောင်းနေဖက် သူငယ်ချင်းတွေကို ဝမ်ဖူကျင်းအထိ ခေါ်သွားပြီး စားသောက်နေတာက ဘယ်လိုလုပ် အသိဉာဏ်မကြွယ်ဝတာလို့ ခေါ်မလဲ"
"ပြီးတော့ ဒီက အစ်မရဲ့ သားနဲ့ ကျောင်းနေဖက် သူငယ်ချင်းတွေ ထွက်ဆိုချက်အရ အစ်မရဲ့ သားက အရင်တုန်းကလည်း ခိုးမှုတွေ အကြိမ်ကြိမ် ကျူးလွန်ဖူးတဲ့ မှတ်တမ်းရှိတယ်၊ဒါကြောင့် ဒီရွှေအတုက သူ တစ်နေရာရာကနေ ခိုးလာတာ ဖြစ်နိုင်ခြေ အလွန်များတယ်။ရွှေအတုထုတ်လုပ်တဲ့ ရာဇဝတ်ဂိုဏ်းဆီကနေ ရလာတာလည်း ဖြစ်နိုင်တာပဲ"
ရဲအရာရှိများ၏ မျက်နှာအမူအရာမှာ ယခင်အတိုင်း အေးစက်နေဆဲဖြစ်ကာ ချင်ဟွိုင်ယွီ၏ သနားစဖွယ် အသနားခံနေမှုများကို လုံးဝလျစ်လျူရှုထားပြီး တရားဥပဒေအတိုင်းသာ တိတိကျကျ လုပ်ဆောင်မည့် ပုံစံပေါက်နေသည်။
ပန့်ကန့်မှာ ရွှေအတုထုတ်လုပ်သည့် ရာဇဝတ်ဂိုဏ်းနှင့် ပတ်သက်ဆက်နွှယ်နေနိုင်ကြောင်းကို ကြားလိုက်ရသည်နှင့် ချင်ဟွိုင်ယွီ၏ မျက်နှာက သွေးဆုတ်ဖြူရော်သွားသည်။
နိုင်ငံတော်အစိုးရက ရာဇဝတ်ဂိုဏ်းများကို အစွမ်းကုန် နှိမ်နှင်းလျက် ရှိသည်။ ထို့ထက်ပို၍ ရွှေအတုထုတ်လုပ်သော ရာဇဝတ်ဂိုဏ်းဆိုလျှင် ပို၍ပင် ပြင်းပြင်းထန်ထန် အပြစ်ပေးအရေးယူမည့် အနေအထားမျိုး ဖြစ်သည်။
ဤရွှေအတုကို ပန့်ကန့် အမှန်တကယ် ကောက်ရလျှင်ပင် ရာဇဝတ်ဂိုဏ်းနှင့် အနည်းငယ်မျှ ပတ်သက်ဆက်နွှယ်နေပါက ပြင်းပြင်းထန်ထန် စစ်ဆေးအရေးယူခံရမည် ဖြစ်သည်။ ဤအချက်နှင့် ပတ်သက်၍ ပန့်ကန့် မည်မျှပင် ငယ်ရွယ်နေပါစေ သက်ညှာပေး၍ ရနိုင်မည် မဟုတ်ပေ။
"ရဲအရာရှိ ရဲဘော် ဒါဆို ငါ့သားကို ဘယ်တော့လောက်မှ အိမ်ပြန်ခေါ်သွားလို့ ရနိုင်မလဲ"
ယနေ့ညတွင် ပန့်ကန့်ကို အိမ်သို့ ခေါ်ဆောင်သွား၍ မရနိုင်တော့ကြောင်းကို သိရှိလိုက်ရသောအခါ ချင်ဟွိုင်ယွီက ကူကယ်ရာမဲ့စွာဖြင့် မေးမြန်းလိုက်သည်။
"အရင်ဆုံး အစ်မသား သုံးစွဲထားတဲ့ ငွေ တစ်ရာငါးဆယ့်သုံးကျပ်ကို အရင် လျော်ကြေးပေးလိုက် ပြီးမှ အစ်မသားကို လူငယ်ပြုပြင်ရေးစခန်းမှာ ပညာပေးခံယူပြီးတဲ့အချိန်အထိ စောင့်ပြီးမှ ဆက်ပြောကြတာပေါ့"
ချင်ဟွိုင်ယွီက သက်ပြင်းရှည်ကြီးတစ်ခုကို ချလိုက်သည်။ လူငယ်ပြုပြင်ရေးစခန်းသို့ ရောက်ရှိသွားခြင်းမှာ အချိန်တိုအတွင်း ပန့်ကန့်ကို တွေ့မြင်ခွင့် မရနိုင်တော့ကြောင်းကို ဆိုလိုနေခြင်း ဖြစ်သည်။ ထို့အပြင် သေချာပေါက် ပြစ်မှုမှတ်တမ်း ကျန်ရစ်နေခဲ့မည်သာ ဖြစ်သည်။
သူမ၏ အမြင်တွင်မူ ပန့်ကန့်၌ ပြစ်မှုမှတ်တမ်း ရှိသွားပြီးနောက် သူ၏ ဘဝမှာ အခြေခံအားဖြင့် ပျက်စီးသွားပြီ ဖြစ်သည်။ သူမအနေဖြင့်လည်း မိသားစုကို လုပ်ကျွေးပြုစုရန် အလုပ်ဆင်းရဦးမည်ဖြစ်ပြီး သူမ၏ ယောက်ျားဖြစ်သူမှာလည်း အိပ်ရာထဲတွင် လေဖြတ်နေကာ ယောက္ခမဖြစ်သူကိုလည်း ဘာမှ အားကိုး၍ မရနိုင်ပေ။
ထိုအကြောင်းအရာများကို တွေးမိသောအခါ ချင်ဟွိုင်ယွီမှာ ခွန်အားဆုတ်ယုတ်ကာ စိုးရိမ်ပူပန်လာရသည်။ အဘယ်ကြောင့်ဆိုသော် သူမသည် အလုပ်သင်အလုပ်သမား တစ်ယောက်သာဖြစ်ရာ ဤကဲ့သို့ ဆင်းရဲဒုက္ခရောက်နေသော နေ့ရက်များကို ပြောင်းလဲပစ်နိုင်မည့် အစွမ်းအစ လုံးဝမရှိသောကြောင့် ဖြစ်သည်။
မျှော်လင့်ချက် ကင်းမဲ့သွားသောအခါ ချင်ဟွိုင်ယွီက အဆက်အသွယ်ရှာဖွေရန် တွေးတောလိုက်သည်။ သို့သော် အဆက်အသွယ်ရှာရန် မည်သူ့ကို အားကိုးရမည်နည်း။
ရှားကျူးလား ရွှီတမောင်းလား ရီကျုံးဟိုင်လား
ခေါင်းထဲတွင် ပေါ်လာသော နာမည်တစ်ခုချင်းစီတိုင်းကို သူမက ပယ်ချပစ်လိုက်ပြီးနောက် ခေတ္တမျှ စိတ်နှလုံး ဗြောင်းဆန်သွားရသည်။
သို့သော် သူမ မျှော်လင့်ချက် ကင်းမဲ့လုနီးပါး ဖြစ်နေချိန်တွင်ပင် ချင်ဟွိုင်ယွီသည် ရုတ်တရက် နာမည်တစ်ခုကို စဉ်းစားမိသွားသည်။ ထိုသူမှာ ချန်ကောဟွားပင် ဖြစ်သည်။
ဟုတ်တယ်၊ချန်ကောဟွားပဲ ဖြစ်ရမယ်
သူ၏ လုပ်ငန်းဆောင်တာများမှာ အလွန်တရာ အောင်မြင်နေပြီး ဤမျှလောက် အရည်အချင်းရှိသူဖြစ်ရာ ရဲစခန်းနှင့် အဆက်အသွယ် ရနိုင်မည်မှာ သေချာပေါက်ပင် ဖြစ်သည်။
ချန်ကောဟွားအား မည်သို့ ကူညီခိုင်းရမည်နှင့် ပတ်သက်၍ အလွန်ပင် ရိုးရှင်းလှသည်။ ပန့်ကန့်ကို ချန်ကောဟွား၏ မွေးစားသားအဖြစ် သတ်မှတ်ပေးလိုက်ရုံဖြင့် အဆင်ပြေသွားမည် ဖြစ်သည်။
နောင်တစ်ချိန်တွင် ချန်ကောဟွား အလုပ်လုပ်ရာ၌ လူလိုလာပါက ပန့်ကန့်ကို သွားရောက်ကူညီခိုင်းလိုက်နိုင်သည်။ ထိုသို့ဆိုလျှင် ချန်ကောဟွားကလည်း ကူညီပေးရန် သေချာပေါက် သဘောတူလက်ခံမည် ဖြစ်သည်။ ဤသို့ တွေးတောလိုက်ရင်း ချင်ဟွိုင်ယွီက အိမ်သို့ အမြန်ပြန်ကာ ဤကိစ္စနှင့် ပတ်သက်၍ ကျားတုန်းရွှီနှင့် တိုင်ပင်ဆွေးနွေးရန် ရည်ရွယ်လိုက်သည်။
အခန်း ၁၀၂
"ပန့်ကန့်ရော မင်း ဘာလို့ သူ့ကို ခေါ်မလာခဲ့တာလဲ"
ချင်ဟွိုင်ယွီ အိမ်သို့ရောက်သည်နှင့် တစ်ပြိုင်နက် ကျားတုန်းရွှီ၏ အသံက ထွက်ပေါ်လာသည်။
ယခုအချိန်တွင် ပန့်ကန့်တစ်ယောက် လူငယ်ပြုပြင်ရေးစခန်းသို့ ဝင်ရောက်ပညာသင်ယူရမည်ကို သူ မသိရှိသေးပေ။ ချင်ဟွိုင်ယွီမှာ သူ့ထံသို့ ဖြေရှင်းရန်နည်းလမ်း လာရောက်တိုင်ပင်ဆွေးနွေးခြင်းဖြစ်ရာ များများစားစား တွေးတောမနေတော့ဘဲ ပန့်ကန့် လူငယ်ပြုပြင်ရေးစခန်းသို့ ဝင်ရမည့်ကိစ္စကို ကျားတုန်းရွှီအား တိုက်ရိုက်ပင် ပြောပြလိုက်တော့သည်။
"ဘာ ငါ့သားက လူငယ်ပြုပြင်ရေးစခန်းကို ဝင်ရမယ် ဟုတ်လား"
ကျားတုန်းရွှီသည် ပန့်ကန့်က လူငယ်ပြုပြင်ရေးစခန်း ဝင်ရမည်ကို သိလိုက်ရသောအခါ ချက်ချင်းပင် ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားသည်။
"ပန့်ကန့် လူငယ်ပြုပြင်ရေးစခန်းကို ဝင်ရမယ်ဆိုတာ သေချာပေါက် အထင်လွဲခံရတာပဲ ဖြစ်ရမယ်၊ မင်းက အမေတစ်ယောက်ဖြစ်ပြီးတော့ ဘာလို့ ရဲတွေကို သွားမပြောရတာလဲ"
ကျားတုန်းရွှီမှာ ဒေါသထွက်လွန်းသဖြင့် နှာခေါင်းပင် ရွဲ့စောင်းသွားခဲ့ပြီး သူမအား ပြစ်တင်ဝေဖန်တော့သည်။
"ရဲတွေကို သွားပြောရမယ် ဟုတ်လား၊သားက ခြံဝင်းထဲမှာ ရှားကျူးတို့အိမ်က ပစ္စည်းတွေကို ယူတတ်တဲ့ အကျင့်က နင်ကိုယ်တိုင် အလိုလိုက်ထားခဲ့တာ မဟုတ်ဘူးလား၊ အခု ပြဿနာတက်လာတော့မှ ငါ့ကို လာပြီး အပြစ်တင်နေတာလား"
ဒေါသများ ပြည့်နှက်နေသော ချင်ဟွိုင်ယွီသည်လည်း ပေါက်ကွဲထွက်သွားခဲ့တော့သည်။
သူမ၏ပြန်လည်ခံပြောသံက ထွက်ပေါ်လာပြီးနောက် ကျားကျန်းရှီမှာ ချက်ချင်းပင် ဒေါသထွက်သွားသည်။
သူမ၏ အမြင်တွင်မူ မြေးဖြစ်သူ လူငယ်ပြုပြင်ရေးစခန်းသို့ ဝင်ရခြင်းမှာ ချင်ဟွိုင်ယွီ၏ အမှားဖြစ်ကြောင်း သိသာထင်ရှားနေပါလျက်နှင့် ယခုအခါ သူမ၏ သားဖြစ်သူအား အော်ဟစ်ရဲသေးသည်ဟု တွေးတောမိသည်။
ဒါက မိုးကို လှန်ပစ်ချင်နေတာ မဟုတ်ဘူးလား
ထို့ကြောင့် ကျားကျန်းရှီက အခန်းတွင်းသို့ ပြေးဝင်လာပြီး ဒေါသတကြီး စားပွဲကိုပုတ်ကာ သူမအား အော်ဟစ်ဆဲဆိုတော့သည်။
"သေနာမ ချင်ဟွိုင်ယွီ၊ ငါတို့ ကျားမိသားစုက နင့်ကို ကျွေးမွေးထားတာလေ။ အခု နင်က ငါ့ရဲ့ တုန်းရွှီကိုတောင် ပြန်အော်ရဲနေပြီပေါ့ တော်လှန်ချင်နေတာလား"
ဒေါသတကြီး အော်ဟစ်ဆဲဆိုသံကို ကြားလိုက်ရသောအခါ သူတို့နှင့် ဖြေရှင်းရန်နည်းလမ်း တိုင်ပင်ဆွေးနွေးလိုသော ချင်ဟွိုင်ယွီမှာ ရင်ဘတ်ထဲတွင် ခဲလုံးကြီးတစ်လုံး ပိတ်ဆို့နေသကဲ့သို့ မွန်းကျပ်မှုကိုသာ ခံစားလိုက်ရသည်။ ဤတခဏတွင် သူမ နားလည် သဘောပေါက် သွားခဲ့ပြီဖြစ်သည်။ အမှန်တကယ့်ကို အစစ်အမှန် နားလည်သွားခဲ့ခြင်းပင် ဖြစ်သည်။
တကယ်တမ်းတွင် ကျားမိသားစုမှ သားအမိနှစ်ယောက်က သူမအား မိသားစုဝင်တစ်ယောက်အနေဖြင့် တစ်ခါမှ သဘောမထားခဲ့ကြပေ။ ညစ်ပတ်သော အလုပ်များ၊ ပင်ပန်းသော အလုပ်များကို သူမ ကိုယ်တိုင် လုပ်ဆောင်ရသည်ဆိုလျှင်ပင် ထားလိုက်ဦး၊ယခု ပြဿနာပေါ်လာသောအခါတွင်မူ အပြစ်များကို သူမ၏ ခေါင်းပေါ်သို့သာ လွှဲချပစ်ကြသည်။
ဒီကျားမိသားစုက တကယ်ပဲ မိသားစုတစ်ခု ဟုတ်ပါရဲ့လား
ဝမ်းနည်းနာကြည်းမှုအောက်တွင် ချင်ဟွိုင်ယွီသည်လည်း ငိုကြွေးလိုက်တော့သည်။
ချင်ဟွိုင်ယွီ ငိုကြွေးပြီးနောက် ရှောင်တန်းနှင့် ဟွိုင်ဟွားတို့ကလည်း လိုက်ပါငိုကြွေးကြတော့သည်။
ချန်မိသားစုသည် ကျားမိသားစုနှင့် မဝေးလှသဖြင့် ကျားမိသားစု၏ ငြင်းခုံသံများက ချန်ကောဟွား၏ အိမ်အတွင်းသို့ ပျံ့နှံ့ရောက်ရှိလာသည်။ငြင်းခုံသံများကို ကြားလိုက်ရသောအခါ ထမင်းစားနေသော ချင်ကျင်းယွီ၏ မျက်နှာမှာ အနည်းငယ် မှင်တက်သွားသည်။
ပုံမှန်အားဖြင့် ကျားမိသားစုမှာ စကားများ ရန်ဖြစ်လေ့မရှိသည် မဟုတ်သော်လည်း ယနေ့ကဲ့သို့ တစ်ယောက်ယောက် ငိုကြွေးသည်အထိ မဖြစ်ခဲ့ဖူးပေ။ ထို့အပြင် အသံကို နားထောင်ကြည့်ရုံဖြင့် ချင်ဟွိုင်ယွီမှလွဲ၍ တခြားသူ မဖြစ်နိုင်ကြောင်း သိသာနေသည်။
သို့သော် ချင်ဟွိုင်ယွီ ငိုကြွေးနေကြောင်းကို သိလိုက်ရသော်လည်း ချင်ကျင်းယွီမှာ အနည်းငယ်မျှပင် စိတ်မကောင်းမဖြစ်မိဘဲ ဆန့်ကျင်ဘက်အနေဖြင့် ရင်ထဲတွင် အလွန်တရာ ဝမ်းသာနေမိသည်။
အကြောင်းရင်းမှာ တခြားမရှိပေ။ ထိုနှစ်က ချင်ဟွိုင်ယွီ ကျားမိသားစုသို့ အိမ်ထောင်ကျသွားချိန်တွင် သူမ၏ရှေ့၌ အနည်းအကျဉ်းမျှသာ မဟုတ်ဘဲ အကြီးအကျယ် ကြွားလုံးထုတ်ခဲ့ကာ ယောက်ျားတစ်ယောက်က အလုပ်အကိုင်မှားရွေးမိမည်ကို ကြောက်ရသလို မိန်းမတစ်ယောက်ကလည်း ယောက်ျားမှားရွေးမိမည်ကို ကြောက်ရကြောင်းများ ပြောဆိုခဲ့ဖူးသည်။
ကျားတုန်းရွှီနှင့် ချန်ကောဟွားတို့ကိုပင် နှိုင်းယှဉ်ကာ ကျားတုန်းရွှီက အနာဂတ်ရှိကြောင်း၊ အိမ်ထဲတွင်လည်း ကူညီပေးမည့် မိခင်အိုကြီး ရှိနေကြောင်းများ ပြောဆိုခဲ့သေးသည်။ ဤစကားများ၏ အတွင်းအပြင်တွင် ဆိုလိုနေသော ဆုံးမစကားများမှာ သူမ ချင်ဟွိုင်ယွီသာလျှင် တောရွာမှနေ၍ မြို့ပေါ်သို့ အိမ်ထောင်ကျလာသော အောင်မြင်သူဖြစ်ကြောင်း သိသာထင်ရှားစွာ ပြသနေသည်။
သူမ အထင်မကြီးသော ချန်ကောဟွားကို ရွေးချယ်ခဲ့သည့် မိမိမှာမူ ကျရှုံးနေသော တောသူမလေးတစ်ယောက်မျှသာ ဖြစ်ကြောင်း ဆိုလိုနေခြင်း ဖြစ်သည်။
သို့သော် ယခုအချိန်တွင်မူ တစ်ချိန်က မိမိကိုယ်ကိုယ် အောင်မြင်သူအဖြစ် ကြွားဝါခဲ့သော ချင်ဟွိုင်ယွီမှာ ဝမ်းနည်းပက်လက်ဖြင့် ငိုကြွေးနေရလေပြီ။ ဒါက မိမိ၏ မျက်နှာကို မိမိဘာသာ ပြန်လည်ရိုက်နှက်လိုက်ခြင်းပင် ဖြစ်သည်။
ထို့ကြောင့် ဤအခြေအနေမျိုးတွင် ချင်ကျင်းယွီမှာ အနည်းငယ်မျှပင် သနားကရုဏာသက်မိခြင်း မရှိသည့်အပြင် ရင်ထဲတွင် မည်မျှလောက် ဝမ်းသာနေမိကြောင်း ပြောပြရန်ပင် မလိုတော့ချေ။
ချင်ကျင်းယွီ၏ နှုတ်ခမ်းထောင့်များ အနည်းငယ် ကော့တက်သွားသည်ကို မြင်လိုက်ရသောအခါ ချန်ကောဟွားက သူမ၏ စိတ်ထဲတွင် အလွန်ဝမ်းသာနေကြောင်းကို သိရှိလိုက်သည်။ ကိုယ်ဝန်ဆောင်မိခင် ဝမ်းသာပျော်ရွှင်နေခြင်းက ကလေးအတွက် အကျိုးကျေးဇူးရှိသည်ဟူသော မူဝါဒအပေါ် အခြေခံ၍ သူက ပြောလိုက်သည်။
"ကျင်းယွီ မင်း ဒီလောက်တောင် ပျော်နေတာဆိုတော့ ကိုယ်တို့ သွားကြည့်ကြမလား"
ဤခေတ်ကာလတွင် ဖျော်ဖြေရေးအစီအစဉ်များ သိပ်မရှိသောကြောင့် ခြံဝင်းအတွင်းမှ ဆူညံပွက်လောရိုက်မှုများမှာ အခြေခံအားဖြင့် အပန်းဖြေစရာ အစီအစဉ်တစ်ခု ဖြစ်လာသည်။
ချင်ကျင်းယွီက အဆက်မပြတ် ခေါင်းညိတ်ပြလိုက်သည်။ သူတို့နှစ်ဦးက ပန်းကန်နှင့် တူများကို ချထားလိုက်ချိန်တွင်ပင် ရီကျုံးဟိုင်က ထပ်မံရောက်ရှိလာပြီး ခြံဝင်းတစ်ခုလုံး၏ အစည်းအဝေးကို ထပ်မံခေါ်ယူမည်ဟု ပြောဆိုလာသည်။
အစည်းအဝေး ထပ်မံခေါ်ယူမည်ကို ကြားလိုက်ရသောအခါ ချန်ကောဟွားမှာ အနည်းငယ် မကျေမနပ် ဖြစ်သွားသည်။ ဤမျှ မှောင်မိုက်နေသော ညကြီးအချိန်မတော်တွင် အိမ်တွင်လည်း ကိုယ်ဝန်ဆောင်သည်ရှိနေသေးရာ လူအုပ်ထဲသို့ သွားရောက်ပါက တစ်ခုခု တိုက်မိခိုက်မိလျှင် မည်သို့ လုပ်မည်နည်း။
"ကျင်းယွီ အစည်းအဝေး လုပ်မယ်တဲ့၊ အပြင်မှာ လူများတယ်။မင်း အိမ်မှာပဲ ထမင်းဆက်စားနေလိုက်တော့"
ချန်ကောဟွားက ချင်ကျင်းယွီအား ပြောလိုက်သည်။ သို့ရာတွင် ချန်ကောဟွား၏ ဂရုစိုက်မှုကို ချင်ကျင်းယွီက အဆက်မပြတ် ခေါင်းခါပြလိုက်သည်။
သူမက ဤခြံဝင်းတစ်ခုလုံး အစည်းအဝေးကို တက်ရောက်မည်ဟုသာ ပြောဆိုနေသည်။ လူအများရှေ့တွင် ချင်ဟွိုင်ယွီ မျက်ရည်ကျနေသည့် ပုံစံကို ကြည့်ရှုလိုသောကြောင့်သာ ဖြစ်သည်။
"ဒါဆိုရင်လည်း လျှောက်မပြေးနဲ့၊ ကိုယ့်အနားမှာပဲ ရပ်နေ"
ချန်ကောဟွားက နားလည်စာနာစွာဖြင့် ပြောလိုက်သည်။
ချင်ကျင်းယွီက လိမ္မာရေးခြားရှိစွာဖြင့် ခေါင်းညိတ်ပြလိုက်ပြီးနောက် သူတို့နှစ်ဦး အိမ်ထဲမှ ထွက်လာခဲ့ကြသည်။ သူတို့နှစ်ဦး ခြံဝင်းထဲသို့ ထွက်လာပြီးနောက် ခြံဝင်းအတွင်း၌ လူအုပ်ကြီးတစ်အုပ် ရပ်နေကြသည်ကို မြင်တွေ့လိုက်ရသည်။
ချင်ဟွိုင်ယွီ၏ မျက်လုံးအိမ်များမှာ နီရဲနေပြီး မကြာမီကမှ ငိုကြွေးထားခဲ့ကြောင်း သိသာထင်ရှားနေသည်။ သူမ၏ ယောက်ျားဖြစ်သူ ကျားတုန်းရွှီမှာလည်း ဘီးတပ်ကုလားထိုင်ပေါ်တွင် ထိုင်လျက် ထွက်လာသည်။ စဉ်းစားကြည့်ရမည်ဆိုလျှင် ပန့်ကန့်နှင့် သက်ဆိုင်နေသောကြောင့် သူကဲ့သို့ ဖခင်တစ်ယောက်အနေဖြင့် မထွက်လာဘဲ နေ၍ မရနိုင်ခြင်း ဖြစ်ပေမည်။
ချန်ကောဟွားနှင့် ချင်ကျင်းယွီတို့မှာမူ လူရှင်းသော နေရာတစ်ခုကို ရွေးချယ်ကာ ကျားမိသားစု၏ ရယ်စရာပြဇာတ်ကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြသည်။
ထိုအချိန်တွင်ပင် ချင်ဟွိုင်ယွီကလည်း ချင်ကျင်းယွီကို သတိထားမိသွားသည်။ သူမ၏ ဝမ်းဗိုက်ကလေးက အနည်းငယ် စူထွက်နေကာ ဘေးနားရှိ ချန်ကောဟွားက သူမ၏ လက်ကို တင်းကျပ်စွာ ကိုင်ဆုပ်ထားသည်ကို မြင်တွေ့လိုက်ရသောအခါ ရင်ထဲတွင် ချက်ချင်းပင် ရူးသွပ်လုမတတ် မနာလိုမုန်းတီးစိတ်များ ဖြစ်ပေါ်လာတော့သည်။
ချင်ကျင်းယွီက တစ်နေကုန် ကောင်းကောင်းစားရ၊ ကောင်းကောင်းသုံးရ၊ ကောင်းကောင်းဝတ်ရသည်ဆိုလျှင်ပင် ထားလိုက်၍ရေသးသည်၊ ယခုအခါ အလုပ်အကိုင်ကလည်း အထူးကောင်းမွန်နေပြီး သူမ၏ ယောက်ျားကလည်း သူမကို အလွန်တရာ အချစ်ပိုနေသေးသည်။ ကဏ္ဍပေါင်းစုံတွင် မိမိကို အပြတ်အသတ် ဖိနှိပ်နိုင်နေသည်ဟု ပြောဆိုနိုင်သည်။
ထိုကွာဟချက်များကို ရိပ်မိသွားသောအခါ ချင်ဟွိုင်ယွီအနေဖြင့် မည်သို့ မနာလိုမဖြစ်ဘဲ နေနိုင်ပါမည်နည်း။
သိထားရမည်မှာ ထိုနှစ်က အိမ်အမည်ပေါက်စာရင်းတွင် နာမည်ထည့်ခိုင်းသည့် တောင်းဆိုမှုကိုသာ မပြုလုပ်ခဲ့ပါက ချင်ကျင်းယွီ၏ လက်ရှိအရာအားလုံးမှာ သူမ ချင်ဟွိုင်ယွီ၏ အပိုင်ဖြစ်လာမည် ဖြစ်ပြီး ဘဝကို ကောင်းမွန်စွာ ဖြတ်သန်းနိုင်ကာ သားဖြစ်သူမှာလည်း လူငယ်ပြုပြင်ရေးစခန်းသို့ ဝင်ရမည် မဟုတ်သည်မှာ သေချာပေါက်ပင် ဖြစ်သည်။
သို့သော် ယခုအချိန်တွင် ချန်ကောဟွားနှင့် မည်သို့ အဆက်အသွယ်ရှာပြီး ပန့်ကန့်ကို အပြင်သို့ ထုတ်ပေးရန် အကူအညီတောင်းရမည်ကိုပင် တွေးတောနေရသေးသည်။ ထိုသို့ တွေးမိလေလေ ချင်ဟွိုင်ယွီ၏ ရင်ထဲတွင် ပို၍ မကျေမချမ်း ဖြစ်လာလေလေပင် ဖြစ်သည်။
သို့ရာတွင် ချင်ဟွိုင်ယွီက တစ်ခါမှ ပြန်လည်သုံးသပ် ဆင်ခြင်ခြင်း မရှိခဲ့ပေ။ ထိုစဉ်က လူကို အထင်သေးကာ ချန်ကောဟွားကို အထင်မကြီးဘဲ တစ်သက်လုံး တိုးတက်လာမည် မဟုတ်ဟု ထင်မြင်ခဲ့ခြင်း ဖြစ်သည်။
သို့သော် ယခုအခါ ချန်ကောဟွားမှာ ခြံဝင်းအတွင်း အတိုးတက်ဆုံးပုဂ္ဂိုလ် ဖြစ်နေပြီး သူမကမူ မျက်နှာကို အောက်ချမခံနိုင်ဘဲ ထိုနှစ်က ချန်ကောဟွားမှာ သူမအပေါ် ရည်ရွယ်ချက်ရှိသည်ဟု ထင်မြင်နေသောကြောင့် ယခုတိုင်အောင် မာနကြီးသော အနေအထားကို ထိန်းသိမ်းထားချင်နေသေးသည်။
ထို့ကြောင့် ချင်ဟွိုင်ယွီ၏ မကျေမချမ်းဖြစ်မှုထဲတွင် နာကြည်းချက်တစ်စိတ်တစ်ပိုင်းပါ ပိုမိုပါဝင်လာသည်။ ချန်ကောဟွားမှာ အသိတရား မရှိဟု နာကြည်းနေခြင်း ဖြစ်သည်။
အောင်မြင်တိုးတက်လာသောအခါ သူမအား သဘောကျကြောင်း ပြောဆိုခဲ့ဖူးသည့် စကားများကို မေ့လျော့သွားခဲ့ပြီ ဖြစ်သည်။
ထိုအချိန်၌ ရီကျုံးဟိုင်က တစ်ပတ်လည် ဝေ့ဝဲကြည့်ရှုလိုက်ပြီးနောက် လူစုံပြီဟု ထင်မှတ်ကာ စကားစတင် ပြောဆိုလိုက်တော့သည်။
"ကဲပါ ငါလည်း အားလုံးရဲ့ အချိန်တွေကို မဆွဲထားတော့ဘူး၊ စကားကို အတိုချုံးပြီးပဲ ပြောလိုက်တော့မယ်"
"စောစောက ငါ ရဲစခန်းဘက်ကနေ သတင်းတစ်ခု ရလိုက်တယ်၊ ငါတို့ခြံဝင်းထဲက ပန့်ကန့်က ရွှေအတုတစ်တုံး ကောက်ရခဲ့တယ်တဲ့၊ အခုတော့ ရဲဘော်တွေက ရွှေအတုထုတ်လုပ်တဲ့ ရာဇဝတ်ဂိုဏ်းနဲ့ ပတ်သက်ဆက်နွှယ်နေတယ်လို့ သတ်မှတ်လိုက်ပြီ"
"ပြီးတော့ ရဲစခန်းဘက်က ငါ့ကို သက်ဆိုင်ရာ အကြံပြုချက်တွေ ပေးဖို့ တောင်းဆိုထားတယ်"
"ဒီကိစ္စက အထူး ကြီးမားတဲ့ကိစ္စဖြစ်နေလို့ ဒီလို အရေးပေါ် အစည်းအဝေး ခေါ်ယူလိုက်ရတာပဲ၊ အားလုံးရဲ့ ကိုယ်ပိုင်အမြင်တွေကို ပြောပြကြပါ"
"သေချာတာပေါ့ ငါက ဦးလေးကြီးတစ်ယောက်အနေနဲ့ အရင်ဆုံး ဦးဆောင်ရမှာပေါ့၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး ငါ့ရဲ့ အမြင်ကို အရင် ပြောပြမယ်"
"ပန့်ကန့်ကို အားလုံး သိကြတဲ့အတိုင်းပဲ ၊ပုံမှန်ဆိုရင် ခိုးကြောင်ခိုးဝှက်လုပ်ဖို့ အကျင့်ပါနေတာဆိုတော့ ဒီရွှေအတုက သူ ကောက်ရတာ မဖြစ်နိုင်ဘူးလို့ ငါ ထင်တယ်"
"ဘာပဲဖြစ်ဖြစ် ငါက စစ်ကျိုမြို့မှာ နေလာတာ ဒီလောက်နှစ်တွေ ကြာခဲ့ပြီ။ ရွှေဆိုတာ ထားလိုက်ဦး တစ်မတ်တောင်မှ မကောက်ရဖူးဘူး၊ ပန့်ကန့်ကတော့ ဒီလိုလွယ်လွယ်ကူကူနဲ့ ရွှေအတုတစ်တုံးကို ကောက်ရခဲ့တယ် ဟုတ်လား"
"ဒါကြောင့် ငါ့အမြင်ကတော့ ဒီရွှေအတုကို သူ ဘယ်ကနေ ခိုးလာမှန်း မသိတာပဲ ဖြစ်မယ်"
"ဒါက ငါ့ရဲ့ အတွေးပဲ၊ ကဲအခု အားလုံးလည်း ကိုယ်ပိုင် အမြင်တွေကို ပြောကြပါဦး၊ ဒီကိစ္စနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကို သိထားတဲ့သူတွေ ရှိရင်လည်း ဒီမှာပဲ ပြောပြကြ"
"ငါ အကြံပြုချက်တွေကို မှတ်တမ်းတင်ထားလိုက်မယ်"