အခန်း ၃၄၉
Vol. 24 Ch. 349
အပိုင်း ( 349 )
တကယ်လို့ မင်းကသာ နည်းနည်းလေး နောက်ကျခဲ့မယ်ဆိုရင် ဒဏ်ရာပျောက်သွားလောက်တယ်
ကမ္ဘာငယ်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။
ရှောင်ဟေးက လုချန်ရှန်း၏ လက်မောင်းပေါ်တွင် ရှိနေသည့် ဒဏ်ရာကို စိုက်ကြည့်နေခဲ့သည်။ သွေးထွက်နေခြင်းကပင် ရပ်တန့်သွားခဲ့ပြီ ဖြစ်သည်။
ထိုမျှပြင်းထန်သော တိုက်ပွဲတစ်ခုကို ဆင်နွှဲခဲ့ပြီးသည့်နောက်မှာပင် သူက သုံးလက်မပင် မရှိသည့် ပြတ်ရှရာတစ်ခုသာ ရရှိခဲ့လေသည်။
တစ်ချိန်တည်းမှာပင် ကျင်းကျန့်က မြေပြင်ကို ဝင်ဆောင့်မိသွားကာ ကမ္ဘာမြေကို ကွဲထွက်သွားစေပြီး မီတာထောင်နှင့်ချီသော ဖုန်ထုကြီးကို ဖြစ်ပေါ်သွားစေခဲ့၏။
မထင်မှတ်ထားစွာဖြင့် ထိုနေရာမှ မည်သည့်အသံမှ မပေါ်ထွက်လာခဲ့ပေ။ သို့သော် ရွှေရောင်ကျောက်နဂါးတစ်ကောင်က ဖုန်ထုကြီးအတွင်းမှ တိုးထွက်လာကာ ကောင်းကင်ထက်သို့ ရုတ်တရက် ခုန်တက်သွားပြီး အဝေးသို့ ပျံသန်းသွားခဲ့သည်။
ကျင်းကျန့်က ထွက်ပြေးချင်နေခဲ့သည်။
လုချန်ရှန်းက ၎င်းကို လှည့်ကြည့်ကာ အော်ပြောလိုက်သည် “ ဆံဝါလေး မင်းက ဘယ်ကိုပြေးချင်နေတာလဲ “
ထိုမျှအရေးကြီးသော အခိုက်အတန့်တွင် သူက သူ၏ဒဏ်ရာများကို မည်သို့မျှ ဂရုမစိုက်နိုင်တော့ဘဲ ခြေတစ်လှမ်းလှမ်းလိုက်ပြီး ၎င်းက လျှပ်စီးအလား မြန်ဆန်နေခဲ့ကာ အရိပ်များကိုသာလျှင် ချန်ရစ်ထားခဲ့သည်။
သူသည် အထက်နယ်မြေ၏ ပါရမီရှင်တစ်ဦးက ခိုးကြောင်ခိုးဝှက် ထွက်ပြေးသွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
ကျင်းကျန့်၏ မျက်ဝန်းများအတွင်းတွင် အကြောက်တရားတို့ဖြင့် ပြည့်နှက်နေပြီဖြစ်ပြီး သူ့ထံတွင် မည်သည့်မောက်မာမှုမှ မရှိတော့ဘဲ အဆိုပါ လူသားမျိုးနွယ် လူငယ်လေးက မည်မျှကြောက်မက်ဖွယ်ကောင်းလဲဆိုသည်ကို ရှင်းရှင်းလင်းလင်း နားလည်နေခဲ့ပြီဖြစ်သည်။ သူက တစ်ဖက်လူ၏ ပြိုင်ဘက်မဟုတ်ဘူးဆိုသည်ကို နားလည်သွားခဲ့ပြီ ဖြစ်သည်။
အကွာအဝေးတစ်ခုအထိ ပြေးလာခဲ့ပြီးသည့်နောက်တွင် သူ့အားလိုက်မှီလာမည်ကို စိုးရွံ့ကာ နောက်လှည့်ကြည့်နေတော့သည်။
အနောက်တွင် မည်သူမှ မရှိဘူးဆိုသည်ကို မြင်လိုက်ရသည့် အချိန်မှသာလျှင် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချနေတော့သည်။
သို့သော် သူ့ဦးခေါင်းကို ပြန်လှည့်လိုက်သည့် အချိန်မှာပင် လုချန်ရှန်းက သူ့အရှေ့တွင် မတ်တပ်ရပ်နေခဲ့ပြီး စကားတစ်ခွန်းမှ မပြောဘဲ သူ၏မျက်နှာကို ရိုက်ချလိုက်ရာ သူ၏ခန္ဓာကိုယ်တစ်ခုလုံး လည်ထွက်သွားပြီး သူလာရာလမ်းပေါ်ရှိ မြေပြင်နှင့် ဝင်ဆောင့်မိသွားခဲ့သည်။
လုချန်ရှန်းက သူ့အနောက်သို့ ထပ်မံ၍ ပြေးလိုက်သွားခဲ့သည်။ ဧရာမလက်တစ်ဖက် ပေါ်ထွက်လာခဲ့ပြီး နဂါးခေါင်းကို ဖိချလိုက်ကာ တောင်တန်းများကို တပြေးညီဖြစ်သွားစေခဲ့၏။
ဝေါင်းးးး
လက်ခံလိုလားစိတ်မရှိပုံရသည့် ဟိန်းဟောက်သံတစ်သံ ပျံ့လွင့်လာခဲ့သည်။
လုချန်ရှန်းက စကားထပ်ပြောနေတော့သည် “ ဘာကိစ္စလျှောက်အော်နေရတာတုန်း။ တကယ်လို့ မင်းပြေးသွားမယ်ဆိုရင် ငါက ရွှေခန္ဓာအရည်ကို ဘယ်လိုလုပ် ရနိုင်တော့မှာလဲ “
အုမ်းးးး ဂျွတ် ဂျွတ်
စကားပြောနေရင်းဖြင့် သူ၏လက်အားကို တိုးမြှင့်လိုက်ရာ ကျင်းကျန့်၏ ခန္ဓာကိုယ်ပေါ်တွင် တလက်လက် တောက်ပနေသည့် ရွှေရောင်အလင်းတန်းကို ချေမှုန်းလိုက်ပြီး သူ၏ ဦးခေါင်းခွံကြေမွပျက်စီးကာ ချိုင့်ဝင်သွားခဲ့သည်။
အရာအားလုံးက အလွန်မြန်ဆန်စွာ ဖြစ်ပျက်သွားခဲ့ပြီး သူ၏ အသက်ကယ် နည်းစနစ်များကို အသုံးပြုရန်ပင် အချိန်မရခဲ့ချေ။
သို့ရာ၌ သူ့ထံတွင် ပစ္စည်းကောင်းများစွာ ရှိနေခဲ့သည်။ ရှောင်ဟေး၏ ပြောစကားများအရ အဆိုပါ နဂါးမျိုးနွယ်စု၏ အရေခွံနှင့် ဦးချိုများက ငွေအတော်အတန် ထိုက်တန်ပေသည်။
လုချန်ရှန်းသည် ပျက်စီးယိုယွင်းနေသည့် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုရင်းဖြင့် အသာအယာ သက်ပြင်းချနေတော့သည်။ အထက်နယ်မြေ၏ ပါရမီရှင်က အမှန်တကယ် ထူးခြားလှပြီး အဆိုပါ မြင့်မြတ်နယ်မြေ၏ သူတော်စင်များထပ် သာလွန်နေခဲ့သည်။
သူသည် သူ့လက်မောင်းပေါ်ရှိ ဒဏ်ရာကို တစ်ခဏခန့် ငေးကြည့်နေမိတော့သည်။
ရှောင်ဟေးက မအောင့်ထားနိုင်တော့ဘဲ စကားဝင်ပြောနေတော့သည် “ ကြည့်နေတာကို တော်လိုက်တော့။ တကယ်လို့ မင်းက ဒဏ်ရာကုတာနဲ့ ပတ်တီးစည်းတာကို ခံစားချင်နေတယ်ဆိုရင် မြန်မြန်လုပ်လိုက်တော့ ဒါမှမဟုတ် အဲ့တာက သိပ်မကြာခင် အချိန်မှာ ပျောက်သွားမှာပဲ “
“ အဲ့တာက ဘာစကားကြီးလဲ။ ငါ့ရဲ့ နာကျင်မှုတွေကနေ သင်ခန်းစာယူပြီးတော့ သင်ယူလို့မရဘူးလား “ ဟု လုချန်ရှန်းက မျက်မှောင်ကြုတ်ကာ ပြန်ပြောလိုက်သည်။
“ မင်းက ကြွားချင်နေရုံပါပဲ “ ဟု ရှောင်ဟေးက တုံ့ပြန်လိုက်၏။
“ ဘာစကားကြီးလဲ။ အဲ့တာက ဘယ်လိုစကားကြီးလဲ “
လုချန်ရှန်းမှာ မကျေမနပ်ဖြစ်သွားတော့သည်။ မင်းပြောတာတွေက တော်တော်ကြီးကို အသရေဖျက်လွန်းနေတယ်။ ငါက အဲ့လိုလူမျိုးလားဟ။
ထို့နောက်တွင် သူက ကြေးမှန်နှင့် လှံတံတို့ကို စုဆောင်းသိမ်းဆည်းကာ အလုပ်စလုပ်နေတော့သည်။ သူသည် ကျင်းကျန့်၏ အလောင်းကို လိပ်နေခဲ့ပြီး သူ၏ မှော်စွမ်းအားဖြင့် ၎င်းကို ချုံ့ကာ လက်တစ်ဖက်ဖြင့် အမြှီးကို ဖမ်းဆုပ်ထားပြီး ကျန်လက်တစ်ဖက်ဖြင့် လည်ပင်းတွင် ပြတ်ရှရာတစ်ခု ပြုလုပ်လိုက်ကာ ဇောက်ထိုးကိုင်၍ သွေးများ ဖောက်ထုတ်နေတော့၏။
ရေကန်ပတ်ပတ်လည်တို့ သွေးများ အဆက်မပြတ် ကျဆင်းသွားပြီး ကျင်းကျန့်ပြောထားခဲ့သည့်အတိုင်းပင် သူက ပန်းတိုင်နှင့် အနည်းငယ်မျှသာ လိုတော့ပြီး အကာအကွယ် စွမ်းအား ပျောက်ကွယ်သွားခဲ့သည်။
“ ဒီကောင့်ဆီမှာ ရှိတဲ့သွေးက တော်တော်လေးကို များတာပဲ “
လုချန်ရှန်းက စကားပြောနေစဥ်အချိန်မှာပင် စွမ်းအင်အလွှာက လုံးဝပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ ခက်ခက်ခဲခဲ ကြိုးစားခဲ့ရပြီးသည့်နောက်တွင် သူက ရေကန်အစပ်သို့ ရောက်ရှိသွားခဲ့သည်။
ရှောင်ဟေးမှာလည်း ခုန်ထွက်လာခဲ့ကာ အရည်တို့ဖြင့် ပြည့်နှက်နေသည့် ရေကန်ကို ငေးကြည့်နေတော့သည်။ အနီးကပ် လေ့လာကြည့်ရှုခဲ့ပြီးသည့်နောက်တွင် သူ၏ စိတ်နှလုံးသား ပြင်းပြင်းထန်ထန် လှုပ်ခါသွားခဲ့သည်။ ၎င်းက ထူးခြားသော နတ်စွမ်းအင်များကို အမှန်တကယ် သယ်ဆောင်ထားခဲ့ပြီး သူ၏ ရုပ်ခန္ဓာကပင် တုန်တုန်ရင်ရင် ဖြစ်သွားခဲ့သည်။
သူသည် လက်ဆန့်တန်းကာ ရွှေအရည်တစ်ချို့ကို ခပ်ယူလိုက်သည်။ ၎င်းက သူ့လက်နှင့် မြန်မြန်ဆန် ကပ်ငြိသွားပြီး စကားလုံးတို့ဖြင့် ဖော်ပြ၍ မရသည့် နာကျင်မှုတစ်ခုပါ အဖော်ပြုလိုက်ပါလာခဲ့သည်။
ချက်ချင်းဆိုသလိုပင် သူ၏ အရေပြားများ ကွာကျသွားကာ အရိုးများ ကျိုးပဲ့ပျက်စီးသကဲ့သို့ ခံစားသွားခဲ့ရသည်။
နာကျင်မှုက သည်းခံ(သို့) တောင့်ခံနိုင်ဖွယ်ရာ မရှိပေ။ သို့သော် အရာအားလုံး ပြီးဆုံးသွားသည်နှင့်တစ်ပြိုင်နက် သူ၏ ရုပ်ခန္ဓာက ပိုမိုတိုးတက်ကာ ပိုမိုမာကြော အားကောင်းလာသည်ဟု ရှင်းရှင်းလင်းလင်း ခံစားသွားခဲ့ရသည်။
“ တကယ်ကို ထူးခြားတာပဲ “ ဟု ရှောင်ဟေးက တအံ့တဩဖြင့် လွှတ်ခနဲ ပြောမိသွားခဲ့သည်။
လုချန်ရှန်းက စကားထပ်ပြောနေတော့၏ “ အံ့အားသင့်နေတာကို ရပ်လိုက်တော့။ ငါတို့အတွက် တစ်ယောက်တစ်ဝက်ပေါ့။ မြန်မြန်သန့်စင်ပြီးတော့ လစ်ကြမယ်။ ငါတို့က ဝိညာဥ်ကျောက်တုံးတွေအတွက် လဲရဦးမယ် “
“ မင်းအရင်သန့်စင်လိုက် ပြီးမှ ငါလာမယ် “
ရှောင်ဟေးက သူ၏ဝေစုကို ပြန်ပေးလိုက်သည်။
လုချန်ရှန်းက သူ့ကို ငေးကြည့်နေခဲ့ပြီး ဘာမှထပ်မပြောတော့ပေ။ သူသည် မည်သည့်ပြဿနာမှ မရှိဘူးဆိုသည်ကို အတည်ပြုရန်အတွက် အနည်းငယ်မျှ မြည်းစမ်းကြည့်လိုက်ပြီး ထို့နောက်၌ ရေကန်အတွင်းတွင် တိုက်ရိုက်ထိုင်ချလိုက်သည်။
ချက်ချင်းဆိုသလိုပင် သင်းပျံ့သော မွှေးရနံ့တစ်ခု ပျံ့လွင့်လာခဲ့ပြီး ရွှေအရည်က သူ၏အရည်ပြားကို ထိတွေ့သွားခဲ့သည်။ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခုက ချွေးပေါက်များမှတစ်ဆင့် သူ၏ အရေပြားအတွင်းသို့ စိမ့်ဝင်လာခဲ့ပြီး သူ၏ အသွေးအသားများနှင့် ပေါင်းစည်းသွားခဲ့သည်။
လုချန်ရှန်းသည် ရွှေအရည်က သူ၏ ရုပ်ခန္ဓာနှင့် ရောစပ်သွားသည်ကို ခံစားနေခဲ့ရကာ တအံ့တဩဖြစ်သွားပြီး ၎င်းကို အဆက်မပြတ် သန့်စင်နေတော့သည်။ တစ်ချိန်တည်းမှာပင် မရေမတွက်နိုင်လောက်သည်အထိ များပြားလွန်းလှသော ထိုးဖောက်မှု နာကျင်မှုများက သူ၏ စိတ်အတွင်းသို့ ဝင်ရောက်လာခဲ့သည်။
၎င်းမှာ ယခင်က ရှောင်ဟေး တွေ့ကြုံခံစားခဲ့ရသည်ထပ် အဆပေါင်းများစွာ ပိုမိုပြင်းထန်နေခဲ့ပြီး သူ၏ အရေပြားနှင့် အသွေးအသားရှိရာ နေရာတိုင်းက စုတ်ဖြဲခံနေရသည့်အလား ခံစားနေခဲ့ရသည်။ သူ၏အရိုးများ ဖြည်းဖြည်းချင်း ပြိုကွဲပျက်စီးသွားပြီး ပြန်လည်တည်ဆောက်ခံနေရကာ ထို့နောက်တွင် ထပ်မံ၍ ပြိုကွဲပျက်စီးသွားခဲ့ပြန်သည်။
စိတ်ဓာတ်ကြံ့ခိုင်းလွန်းလှသော လုချန်ရှန်းကပင် အသက်ရှူမဝဖြစ်သွားခဲ့သည်။ အဆိုပါ ဖြစ်စဥ်တစ်ခုလုံးက အလွန်တရာ နာကျင်ဖွယ်ကောင်းလွန်းလှပြီး သူ၏ ခန္ဓာကိုယ် အဆက်မပြတ် တုန်ရင်နေခဲ့ကာ သူ၏ ရှေးဦးဝိညာဥ်ကပင် နာကျင်မှုများကြောင့် တုန်တုန်ရင်ရင် ဖြစ်သွားခဲ့သည်။
“ အားးးးး ….. “
လုချန်ရှန်းက ကျယ်လောင်စွာ အော်ဟစ်ကာ ညီးညူငိုကြွေး၍ မျက်ရည်ထွက်လုမတတ် ဖြစ်သွားခဲ့သည်။
သူ၏ အရိုးများ အသွေးအသားများ အဆက်မပြတ် ဖျက်စီခံရကာ ပြန်လည်တည်ဆောက်ခံနေခဲ့ရပြီး နတ်စွမ်းအင်များ ရောစပ်သွားခဲ့သည်။ အဆိုပါ ခံစားချက်မှာ ကပ်ဘေးကို ကျော်ဖြတ်စဥ်အချိန်တွင် သုံးရက်သုံးညတိတိ မိုးကြိုးပစ်ခံရသည့်အလား ဖြစ်နေခဲ့သည်။
သို့သော် သူ၏ ခန္ဓာကိုယ်ကို ရွှေရောင်အလင်းလွှာတစ်ခုက ဖုံးလွှမ်းနေခဲ့ပြီဖြစ်သည်။
သူသည် သူ့ခန္ဓာကိုယ်ပေါ်တွင် ဖြစ်ပွားနေသည့် အပြောင်းအလဲများကို ရှင်းရှင်းလင်းလင်း ခံစားနေခဲ့ရသည်။ သူ၏ ရုပ်ခန္ဓာက အစကတည်းက ထူးခြားနေပြီးသားဖြစ်ပြီး ယခုတွင် ၎င်းက ပိုမိုကြောက်မက်ဖွယ်ကောင်းသွားခဲ့ပြီ ဖြစ်သည်။
တဖြည်းဖြည်းဖြင့် သူတိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။
အချိန်အတော်ကြာခဲ့ပြီးသည့်နောက်တွင် သန့်စင်ခြင်း ပြီးဆုံးသွားခဲ့သည်။ သူသည် သူက နတ်ပစ္စည်းတစ်ခုကို လက်ဗလာဖြင့် ဖမ်းဆီးနေနိုင်ပြီဟုပင် ခံစားနေခဲ့ရသည်။
အဆုံးတွင် သူသည် ရေကန်အတွင်းမှ ထွက်သွားခဲ့သည်။ အရည်အများစုကို သူအသုံးပြုထားခဲ့ပြီးပြီဖြစ်ပြီး ထို့နောက်တွင် ရှောင်ဟေးက ရေကန်အတွင်းသို့ ဝင်သွားခဲ့သည်။
ထိုစဥ် လုချန်ရှန်းမှာ သူ့ခန္ဓာကိုယ်ပေါ်တွင် ဖြစ်လာခဲ့သည့် အပြောင်းအလဲများကို ခံစားကြည့်နေခဲ့ပြီး ပြုံးပျော်သွားခဲ့သည်။
သို့ရာ၌ သိပ်မကြာခင် အချိန်မှာပင် ဝမ်းခေါင်းသံကြီးဖြင့် အော်ဟစ်လိုက်သည့် ရှောင်ဟေး၏ အော်သံတစ်သံ ပေါ်ထွက်လာကာ ကောင်းကင်နှင့် ကမ္ဘာမြေကိုပင် လှုပ်ခါသွားစေခဲ့၏။
လုချန်ရှန်းက အေးအေးလူလူ ငေးကြည့်ကာ စကားထပ်ပြောနေတော့သည် “ ဟူး ဒီနေ့ခေတ် လူငယ်တွေက တကယ်ကို ပျော့ညံ့ကြတာပဲ။ နာကျင်မှု သေးသေးလေးကိုတောင် မတောင့်ခံနိုင်ကြဘူး။ နောင်အနာဂတ်မှာ ကိစ္စကြီးတွေကို ဘယ်လိုလုပ် အောင်မြင်နိုင်မှာလဲ။ သူတို့ရဲ့ စိတ်စွမ်းအားက တကယ်ကို နိမ့်ကျနေတာပဲ “
သူသည် စကားပြောဆိုနေရင်းဖြင့် ကာကွယ်သူအဖြစ် ဆောင်ရွက်ရန် ရှောင်ဟေး၏ ဘေးနားတွင် ထိုင်ချလိုက်သည်။
အချိန်အတော်ကြာခဲ့ပြီးသည့်နောက်တွင် ရှောင်ဟေး၏ သန့်စင်မှု ပြီးဆုံးသွားပြီး သူသည်လည်း သူ၏ ခန္ဓာကိုယ်တွင် ဖြစ်ပေါ်နေသည့် အပြောင်းအလဲများကို ခံစားနေနိုင်ခဲ့သည်။ သူ၏ မျက်ဝန်းများအတွင်းတွင် အံ့အားသင့်နေသည့် ပျော်ရွှင်မှုများ စွန်းထင်းနေလျက်ရှိသည်။
ရေကန်အတွင်းတွင် ရွှေအရည်တစ်ချို့ ကျန်နေသေးပြီး လုချန်ရှန်းက ၎င်းတို့ကို နည်းနည်းလေးမှ အလဟာသ အဖြစ်မခံဘဲ ဘူးသီးခြောက်အတွင်းသို့ ထည့်သွင်းကာ စုဆောင်းလိုက်သည်။ သူသည် သူ၏ စီနီယာအစ်ကိုများအတွက် ၎င်းကို ပြန်လည်ယူဆောင်သွားမည် ဖြစ်သည်။
သူတို့က အူတိုင်ဖွဲ့စည်းခြင်း နယ်ပယ်တွင်သာ ရှိနေသောကြောင့် ထိုပမာဏက သူတို့နှစ်ဦးအတွက် လုံလောက်နေမည် ဖြစ်သည်။
ထိုစဥ် လုချန်ရှန်းမှာ လူတစ်စုရှိနေသေးသည်ကို ရုတ်တရက် အမှတ်ရသွားခဲ့သည်။ သူသည် ထိုလူများကို ရှာဖွေရန် ထွက်သွားပြီး လျှို့ဝှက်နယ်မြေတစ်ခုလုံးနီးပါးတွင် ရှာဖွေခဲ့သော်လည်း ထိုလူများ၏ အရိပ်အယောင်ကို မည်သို့မျှ မမြင်ခဲ့ရပေ။
သူတို့က ကျင်းကျန့်၏ အပြတ်ရှင်းခြင်းကို ခံလိုက်ရပုံပေါ်၏။ သူသည် ကျောက်ဆောင်ပေါ်တွင် စိတ်ဝိညာဥ် အပင်နှစ်ပင်ကို ရရှိခဲ့ရုံမှအပ တစ်ခြားသော မည်သည့်အရာကိုမှ ရှာမတွေ့ခဲ့ပေ။
၎င်းတို့အားလုံးကို လုပ်ဆောင်ခဲ့ပြီးသည့်နောက်တွင် ရှောင်ဟေးက စကားထပ်ပြောလာခဲ့သည် “ အခု ငါတို့က ဘယ်သွားကြမှာလဲ “
“ ပထမဦးဆုံးအနေနဲ့ မင်ချန်ယုကို သွားရှာပြီးတော့ ဝိညာဥ်ကျောက်တုံးတွေ ယူရမယ်။ တကယ်လို့ အချိန်အရမ်းကြာသွားမယ်ဆိုရင် သူမက အဲ့တာကို အကြွေးထားလိုက်မှာကို ငါကြောက်တယ် “
“ အင်းးး “
ရှောင်ဟေးက ခေါင်းငြိမ့်ပြလိုက်ကာ မီးဖိုအတွင်းသို့ ပြန်ဝင်သွားခဲ့သည်။
ထို့နောက်တွင် လုချန်ရှန်းသည် ဤနေရာမှ ထွက်ခွာကာ ထွက်ပေါက်ဆီသို့ ဦးတည်သွားပြီး လမ်းကြောင်းတစ်လျှောက် အေးအေးလူလူ လျှောက်လှမ်းကာ ဤနယ်မြေမှ ထွက်သွားတော့သည်။
--
……………………………………………………………………………………………………………………………………….