← Chapters

အခန်း ၃၅၀

Vol. 24 Ch. 350

အခန်း ၃၅၀

Vol. 24 Ch. 350

အပိုင်း ( 350 )

အလကားစားမှာလား

လုချန်ရှန်းက ကမ္ဘာငယ်အတွင်းမှ မြောက်ကြွမြောက်ကြွဖြင့် ထွက်ခွာသွားခဲ့သည်။

လမ်းတစ်လျှောက်တွင် ကျောက်နဂါးမျိုးနွယ်စု၏ အဖွဲ့ဝင်များက လမ်းကြောင်းကိုသာ ထိန်းသိမ်းနေခဲ့ပြီး သူတို့က သူ့ကို စိတ်မဝင်စားသကဲ့သို့ စကားတစ်ခွန်းမှမပြောလာခဲ့ပေ။

၎င်းက ပြဿနာတော်တော်များများကို သက်သာသွားစေခဲ့၏။ အကျိုးအမြတ်များစွာ ရရှိခဲ့ပြီးသည့်နောက်တွင် သူ၏ စိတ်အခြေအနေ အလွန်တရာ ကောင်းမွန်နေခဲ့ပြီး သီချင်းညည်းရင်း ဆောင့်ကြွားဆောင့်ကြွားဖြင့် လျှောက်လှမ်းသွားခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ အဆိုပါ ကျောက်နဂါးများက လမ်းကြောင်းကို တည်ငြိမ်အောင် ပြုလုပ်ခြင်းဖြင့်သာ အလုပ်ရှုပ်နေခဲ့ကြသည်။

ထွက်ပေါက်သို့ ရောက်ရှိသွားချိန်တွင် ရွှေရောင် ကျောက်နဂါးနှစ်ကောင်က သူ့ကို ကြည့်ကာ မေးမြန်းလာခဲ့သည် “ မင်းက ဘာဖြစ်လို့ အစောကြီး ထွက်လာရတာလဲ ”

“ ဘာအခွင့်အလမ်းမှ မရှိဘူးလေ။ ငါက ဘာဖြစ်လို့ အထဲမှာ ဆက်နေနေရမှာလဲ “

လုချန်ရှန်းက ပြန်ပြောလိုက်သည်။ ၎င်းက အမှန်တရားဖြစ်ပြီး အထဲတွင် မည်သည့်အရာမှ ကျန်မနေတော့ပေ။ ထိုကဲ့သို့ ဖြစ်နေပြီဖြစ်သည့်အတွက် အဘယ့်ကြောင့် အချိန်ဆက်ဖြုန်းနေရမည်နည်း။

ဟမ်

ထိုလူနှစ်ဦးမှာ အံ့ဩမှင်သက်သွားကာ တစ်ခုခု မှားယွင်းနေသည်ဟု ခံစားသွားကြရပြီး မအောင့်ထားနိုင်တော့ဘဲ ထပ်မံ၍ မေးမြန်းလာခဲ့ကြသည် “ ငါတို့ ဟွမ်ကျင်းမျိုးနွယ်စုဝင်တွေ ဘယ်မှာလဲ “

ထိုမေးခွန်းကို ကြားလိုက်ရသောအခါတွင် လုချန်ရှန်းက တစ်ခဏခန့် တွေးတောစဥ်းစားနေခဲ့ပြီးမှ အမှန်အတိုင်း ပြောပြလိုက်သည် “ သူတို့ကို ကျင်းကျန့်က သွေးယဇ်ပူဇော်ဖို့အတွက် သတ်လိုက်ပြီ “

“ မင်းက ဘာပေါက်ကရတွေ လျှောက်ပြောနေတာလဲ “

ရွှေရောင် ကျောက်နဂါးနှစ်ကောင်မှာ မကျေမခြမ်းဖြစ်သွားကြသည်။

“ ငါက မင်းတို့ကို လိမ်နေဖို့ လိုအပ်လို့လားဟ “ လုချန်ရှန်း၏ မျက်ခုံးတစ်ဖက် ပင့်တက်သွားခဲ့သည်။

ရွှေရောင် ကျောက်နဂါးနှစ်ကောင်သည် အံ့ဩမှင်သက်သွားကာ ထပ်မံ၍ မေးမြန်းနေတော့သည် “ တကယ်ပြောနေတာလား “

“ ယုံချင်ယုံ မယုံချင်နေ “ လုချန်ရှန်းမှာ စိတ်မရှည်ဖြစ်သွားခဲ့သည်။

ရွှေရောင်ကျောက်နဂါးတစ်ကောင်က အေးစက်စွာ ပြောဆိုလာခဲ့သည် “ ဒီကိုလာခဲ့ မင်းရဲ့ နတ်ဝိညာဥ်ကို ငါတို့ စစ်ဆေးကြည့်မယ် “

ထိုစကားက လုချန်ရှန်းကို တအံ့တဩဖြစ်သွားစေခဲ့၏။ သူသည် နားမလည်နိုင်စွာဖြင့် ပြန်ပြောလိုက်သည် “ မင်းက ငါ့ရဲ့ နတ်ဝိညာဥ်ကို စစ်ဆေးချင်နေတယ်ပေါ့။ ငါ့ကိုယ်ငါ မင်းလက်ထဲမှာ ထိုးအပ်လိုက်မှာကို လိုချင်နေတာလား။ မင်းက ရူးနေတာလား(ဒါမှမဟုတ်) စိတ်မမှန်တာလား။ မင်းဘာပြောနေလဲဆိုတာကိုရော သိရဲ့လား “

ရွှေကျောက်နဂါးနှစ်ကောင်း၏ မျက်ဝန်းများအတွင်းတွင် ဒေါသများ ပေါက်ထွက်လာခဲ့သည်။

“ တစ်ခါပဲ ထပ်ပြောလိုက်မယ်။ ဒီကိုလာခဲ့လိုက် “

ရွှေကျောက်နဂါးတစ်ကောင်က စကားထပ်ပြောလာခဲ့ပြီး သူ၏ လေသံမှာ လုံးဝခက်ထန်နေခဲ့သည်။

ပတ်ဝန်းကျင်ရှိ လူတိုင်း ကတုန်ကရင် ဖြစ်သွားကြကာ ရွှေကျောက်နဂါး၏ ဒေါသကို ခံစားမိနေခဲ့ကာ လုချန်ရှန်းကို လှည့်ကြည့်နေကြတော့သည်။

အထက်နယ်မြေ၏ ထိုသတ္တဝါများက အတော်ပင် အစွမ်းထက်ပြီး အနည်းငယ်မျှသော လူနည်းစုကသာလျှင် ၎င်းတို့ကို ဆန့်ကျင်ရဲပေသည်။

လုချန်ရှန်းမှာလည်း အံ့ဩတကြီးဖြစ်သွားခဲ့သည်။ သူသည် ထိုလူများက သူကိုယ်တိုင်ထပ်ပင် ပိုမိုမောက်မာနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

သူသည် ထိုလူများ၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေက မှားယွင်းနေသည်ဟုပင် ခံစားသွားခဲ့ရသည်။ ထိုကဲ့သို့သော စိတ်သဘောထားမျိုးက အကူအညီတောင်းနေသည့် လူထံတွင် ရှိသင့်သည့် အရာပင်လော။

အကယ်၍ သူတို့က သူ၏ ဝိညာဥ်ကို ရှာဖွေချင်သည်ဆိုလျှင်တောင်မှ အနိမ့်ဆုံးအနေဖြင့် သူ့ကို လှည့်စားရန် ကြိုးစားသင့်ပေသည်။ (သို့) ဟန်ပြအဖြစ် “ လိမ္မာတယ် ဒီကိုလာ သကြားလုံးကျွေးမယ် “ ဆိုသည့်အတိုင်း ချော့မော့ခြင်း(သို့) ခြိမ်းခြောက်ခြင်းတို့ကို ပြုလုပ်သင့်ပေသည်။

ထို့နောက် သူတို့နှစ်ဦး နီးကပ်သွားချိန်တွင် ဝိညာဥ်ရှာဖွေခြင်းကို ပြုလုပ်သင့်ပေသည်။

သို့သော် ထိုလူများမှာ ဟန်ဆောင်ပန်ဆောင် ပြုလုပ်ရန်အတွက်ပင် စိတ်ပါပုံ မရချေ။

လူတိုင်း လေးနက်သွားကြပြီး အနီးအနားတွင် စောင့်ကြပ်နေသည့် ကျောက်နဂါးအနည်းငယ်မှာ လုချန်ရှန်းကို စူးစူးရဲရဲ စိုက်ကြည့်ကာ ဖြည်းဖြည်းချင်း ဝိုင်းရံလိုက်ကြသည်။

“ ဒီကိုလာခဲ့လိုက် “

အမိန့်သံ ထပ်မံ၍ ပေါ်ထွက်လာခဲ့ပြန်သည်။

လုချန်ရှန်းမှာ မျက်မှောင်တကြုတ်ကြုတ် ဖြစ်သွားခဲ့သည်။

“ ဟူးးးး “

အဆုံးတွင် သူသည် အသာအယာ သက်ပြင်းချကာ လမ်းကြောင်းဆီသို့ လျှောက်လှမ်းသွား‌တော့သည်။

လူအုပ်ကြီးက ၎င်းကို စောင့်ကြည့်နေသော်လည်း ဘာမှထပ်မပြောလာခဲ့ပေ။ ဝိုင်းရံနေသည့် နဂါးတို့မှာလည်း သူက အသိစိတ်ရှိသည်ကို မြင်လိုက်ရသောအခါတွင် ရပ်တန့်သွားခဲ့ကြသည်။

ထွက်ပေါက်ရှိ ရွှေကျောက်နဂါးတစ်ကောင်က အေးစက်စွာ နှာခေါင်းရှုံ့၍ ခေါင်းမြင့်မြင့် မော့ထားကာ တစ်ခုခုပြောရန် ပြင်လိုက်သည်။ ထိုစဥ် လုချန်ရှန်း၏ အေးဆေးတည်ငြိမ်သော အသံ ပဲ့တင်ထပ်လာခဲ့သည်။

“ မင်းတို့အားလုံးနဲ့ ကစားရမှာကို ငါတော်တော်လေးပျင်းတယ်။ ဒါပင်မဲ့ မင်းတို့ကိုယ်တိုင်ကိုက မီးနဲ့ ကစားချင်နေကြတာပဲ “

“ မင်းဘာပြောလိုက်တယ် “

ရွှေကျောက်နဂါးနှစ်ကောင်၏ အမူအရာများ မည်းမှောင်သွားခဲ့သည်။

သို့ရာ၌ ထို့နောက်စက္ကန့်ပိုင်းမျှအကြာတွင် လုချန်ရှန်းက လှုပ်ရှားနေတော့သည်။ သူ၏ မှော်စွမ်းအားများ မြင့်တက်လာကာ လေထုအတွင်းသို့ ခုန်တက်သွားပြီး နဂါးနှစ်ကောင်အနက်မှ တစ်ကောင်၏ မျက်နှာကိုကို တိုက်ရိုက်ကန်ကျောက်လိုက်သည်။

အစတွင် ထိုလူက လမ်းကြောင်းကို ထိန်းသိမ်းနေခြင်းဖြစ်ပြီး သူ၏ မှော်စွမ်းအားအားလုံးကို ထိုနေရာတွင်သာ အသုံးပြုထားခဲ့ရသည်။ အဆိုပါ ရုတ်တရက် ကန်ချက်က သူ့ကို လမ်းကြောင်းအတွင်းသို့ တိုက်ရိုက်ရောက်ရှိသွားစေခဲ့၏။

နဂါးတစ်ကောင်သာ ကျန်ရှိနေမှုနှင့်အတူ လမ်းကြောင်းက မတည်ငြိမ်ဖြစ်ကာ ပျောက်ကွယ်စပြုနေခဲ့ပြီဖြစ်သည်။

“ မင်း …….. “ ထိုနဂါးက ဒေါသတကြီး ဟိန်းဟောက်လာခဲ့၏။

သူ့စကားမဆုံးခင် အချိန်မှာပင် လုချန်ရှန်းက သူ၏လက်မောင်းကို လွှဲရမ်းကာ မျက်လုံးကို တိုက်ရိုက်ထိုးချလိုက်ပြီး သူ့ကို ကြယ်လများ မြင်သွားစေခဲ့၏။

ထိုမြင်ကွင်းမှာ အပြင်မှ စောင့်ကြည့်နေသူများကို အံ့ဩမှင်သက်သွားစေခဲ့သည်။

ဝေါင်းးးးး

ရွှေကျောက်နဂါးသည် ၎င်း၏ စွမ်းအားကို ထုတ်လွှတ်တော့မည့်ပမာ ဒေါသများ နာကျင်မှုများဖြင့် အော်ဟစ်ဟိန်းဟောက်လာခဲ့သည်။ သို့သော် လူငယ်လေးက သူ့ထပ်ပိုမို မြန်ဆန်နေခဲ့ပြီး နောက်ထပ်မျက်လုံးတစ်ဖက်ဆီသို့ ကန်ချက်တစ်ချက်ကို ပို့လွှတ်လိုက်ကာ ၎င်းကို အတွင်းပိုင်းသို့ တိုက်ရိုက်လွင့်ထွက်သွားစေခဲ့၏။

“ ခွေးသူတောင်းစား “

အဝေးမှ စောင့်ကြည့်နေသူများမှာ ဒေါသတကြီး ဖြစ်သွားကြသည်။

ပတ်ပတ်လည်ရှိ ကျောက်နဂါးတို့မှာလည်း ဒေါကြီးမောကြီး ဖြစ်သွားကြသည်။ သို့သော် သူတို့မတုံ့ပြန်နိုင်ခင် အချိန်မှာပင် လုချန်ရှန်းက အရင်ဦးဆုံး လှုပ်ရှားနေတော့၏။ သူ၏မှော်စွမ်းအားများ ပေါက်ထွက်လာကာ ဧရာမလက်တစ်ဖက်အဖြစ် အသွင်ပြောင်းသွားပြီး ၎င်းတို့အားလုံးကို ဖိနှိပ်ကာ ဖမ်းဆီးချုပ်နှောင်လိုက်သည်။

“ အဲ့တာက ……. “

၎င်းကို မြင်တွေ့လိုက်ရသူတိုင်းမှာ အလိုအလျောက် နောက်ဆုတ်သွားခဲ့ကြသည်။

၎င်းတို့က အထက်နယ်မြေ၏ အစွမ်းထက် မျိုးနွယ်စုများဖြစ်ပြီး ထိုမျှရက်စက်ကြမ်းကြုတ်သော လူတစ်ဦး ပေါ်ထွက်လာလိမ့်မည်ဟု မည်သူက ထင်မှတ်ထားမည်နည်း။

အချိန်များ ကုန်ဆုံးသွားမှုနှင့်အတူ ရွှေရောင်ကျောက်နဂါးနှစ်ကောင် ပျောက်ကွယ်သွားမှုကြောင့် လမ်းကြောင်းပိတ်ဆို့သွားကာ အကာအရံ ပြန်လည်ပေါ်ထွက်လာခဲ့၏။

စောင့်ကြည့်နေသူများက လုချန်ရှန်းကို ထပ်မံ၍ မြင်တွေ့ချင်နေခဲ့ကြသည်။ သို့သော် သူပျောက်ကွယ်သွားပြီဆိုသည်ကိုသာ မြင်တွေ့လိုက်ကြရသည်။

တစ်ချိန်တည်းမှာပင် လုချန်ရှန်းက မိုင်ထောင်နှင့်ချီ၍ ကျော်ဖြတ်လာခဲ့ပြီး တောင်ကြားချိုင့်ဝှမ်း အရှေ့ရှိ စမ်းချောင်းတစ်ခုအနားတွင် ရပ်တန့်သွားခဲ့သည်။

“ အဲ့လူတွေက တကယ်ကို မုန်းဖို့ကောင်းတာပဲ “

လုချန်ရှန်းက ထိုနေရာတွင် မတ်တပ်ရပ်နေကာ မကျေမချမ်းဖြင့် ပွစိပွစိ လုပ်နေတော့လေသည်။

အစတွင် သူသည် လျှို့ဝှက်နယ်မြေအတွင်းမှ ထွက်လာသည့်နောက်တွင် ထိုလူများကို မည်သည့်အရာများ ဖြစ်ပျက်ခဲ့လဲဆိုသည်ကို ကြင်နာစွာ ပြောပြရန် စီစဥ်ထားခဲ့သည်။ သို့သော် သူတို့က သူ၏ ဝိညာဥ်ကို အမှန်တကယ် ရှာဖွေချင်နေကာ သူတို့ ရှာဖွေရန်အတွက် သူ့ကို သူတို့ဆီသို့ပင် လာခိုင်းခဲ့လေသည်။

၎င်းက အနိုင်ကျင့်နေခြင်းပင် ဖြစ်ပြီး ရွှေခန္ဓာအရည်ဖြင့် နှစ်ခြင်းခံယူခဲ့ပြီးသည့်နောက်တွင် သူသည် သူ၏ ရုပ်ခန္ဓာက အသွင်ပြောင်းကာ အလုံးစုံ ပိုမိုအားကောင်းလာခဲ့ပြီး ဟွာရှုနယ်ပယ် အဆင့်၁ကိုပင် အလွယ်တကူ ကိုင်တွယ်နိုင်လိမ့်မည်ဟု ခံစားနေခဲ့ရ၏။

သူအတွေးနက်နေသည်ကို မြင်လိုက်ရသောအခါတွင် ရှောင်ဟေးက မနေနိုင်တော့ဘဲ မေးမြန်းလာခဲ့သည် “ ဒီနေရာမှာ အခွင့်အလမ်းတစ်ခု ရှိတာလား “

“ မရှိပါဘူး “

“ အဲ့တာဆိုရင် မင်းဘာလုပ်မှာလဲ။ မင်ချန်ယုကို သွားရှာမှာ မဟုတ်ဘူးလား “

“ သူတို့က ငါ့ကို ဒေါသထွက်အောင် လုပ်လို့ ငါဗိုက်ဆာသွားပြီ။ အရင်စားမှဖြစ်မယ်။ အဲ့လိုမှ မဟုတ်ဘူးဆိုရင် ပါဝင်ပစ္စည်း ဟင်းလျာလေးတွေက လတ်ဆတ်တော့မှာ မဟုတ်ဘူး “

လုချန်ရှန်းက လက်ဟန်ခြေဟန်ဖြင့် ပြောလိုက်ကာ ကျင်းကျန့်၏ ခန္ဓာကိုယ်ကို ဆွဲထုတ်လိုက်သည်။ သူသည် ၎င်းကို အရေခွံနွှာကာ ခေါင်းဖြတ်လိုက်ပြီး အနီးအနားတွင် ရှိနေသည့် စမ်းရေဖြင့် ပါဝင်ပစ္စည်းများကို ဆေးကြောနေတော့၏။

ရှောင်ဟေးက အံ့ဩမှင်သက်ကာ တစ်ခဏခန့် ဆွံ့အသွားခဲ့သည်။

သို့ရာတွင် လုချန်ရှန်းက စကားလှမ်းပြောလိုက်သည် “ မင်းက ဘာကိစ္စငေးငိုင်နေရတာလဲ။ အိုးဘယ်မှာလဲ “

ရှောင်ဟေးမှာ ရုတ်တရက် သတိပြန်ဝင်သွားကာ အိုးကို ထုတ်ယူလိုက်သည်။

လုချန်ရှန်းသည် သူ့အရှေ့တွင် ရှိနေသည့် အိုးကို ကြည့်ကာ အံ့ဩမှင်သက်သွားခဲ့သည်။ အိုးကြီးဟု ပြောထားခဲ့သော်လည်း ၎င်းမှာ သုံးပေအရွယ်မျှသာ ဖြစ်နေခဲ့ပြီး ကျင်းကျန့်၏လက်သည်းများထပ်ပင် သေးငယ်နေခဲ့သည်။

“ အဲ့တာကို အိုးကြီးလို့ခေါ်တယ်ပေါ့။ မင်းတို့ကောင်းကင်ဝါးမျိုငှက်တွေက ကမ္ဘာကြီးကိုရော မြင်ဖူးကြရဲ့လား “

ရှောင်ဟေးက မျက်မှောင်ကြုတ်သွားကာ ရှင်းပြနေတော့သည် “ မုန်ညင်းစေ့တစ်စေ့က သုမေရုတောင်ကို သယ်ထားနိုင်တယ်ဆိုတဲ့ အဓိပ္ပါယ်ကဘာလဲဆိုတာကို မင်းသိလား။ အဲ့တာက တစ်စုံတစ်ယောက်ကို အထူးတလည် သွန်းလုပ်ခိုင်းထားတဲ့ ငါ့ရဲ့ ဘုရင်အိုးပဲ။ သေးနေပုံရပင်မဲ့ အိုးတစ်လုံးတည်းနဲ့ ဂဠုန်ငှက်ကိုတောင် အေးအေးဆေးဆေး ချက်လို့ရတယ်။ အထူးနည်းစနစ်တွေရဲ့ အထောက်အပံ့နဲ့ဆိုရင် အစားအသောက်တွေကို မြန်မြန်ဆန်ဆန်နဲ့ အချိုးညီညီ ချက်လို့ရတယ်။ အဲ့တာကို လုပ်ဖို့အတွက် ဝိညာဥ်ကျောက်တုံး ၁သန်း ပေးခဲ့ရတယ် “

လုချန်ရှန်းက အံ့ဩမှင်သက်သွားကာ ခေါင်းကုတ်၍ ပြန်ပြောလိုက်သည် “ အဲ့လောက်တောင် ဆရာကျတာလား “

“ စကားပြောနေတာကို တော်လိုက်တော့။ မြန်မြန်ချက်ကြမယ် “

ရှောင်ဟေးက စကားပြောနေခြင်းကို ရပ်တန့်ကာ ကျင်းကျန့်ကို အိုးအတွင်းသို့ ထည့်၍ ဘူးသီးခြောက်တစ်လုံးကို ထုတ်ယူကာ ရေများ လောင်းချလိုက်သည်။ ရနံ့ကပင် အတော်ပင် မွှေးကြိုင်နေခဲ့ပြီ ဖြစ်သည်။

“ ??? “ လုချန်ရှန်းမှာ အတွေးယာဥ်ကြောအတွင်းသို့ ကျဆင်းသွားခဲ့သည်။ အဲ့တာက ဘာကြီးလဲဟ။

ရှောင်ဟေးက သူ၏ အကြည့်ကို သတိပြုမိသွားကာ နှစ်ကြိမ်မျှ ချောင်းဟန့်၍ စကားထပ်ပြောလာခဲ့သည် “ နောက်ဆုံးတစ်ခေါက်တုန်းက အခါအခွင့်သင့်ပြီး ရခဲ့တာလေ။ ငါနဲ့အတူတူ အမြဲပါနေတယ်။ ခုမှ မှတ်မိသွားလို့ “

“ အို့။ အဲ့လောက်တောင် တိုက်ဆိုင်တာလား “

လုချန်ရှန်းက တုံ့ပြန်လိုက်၏။ အိုးအတွင်းရှိ ရေများ စတင်၍ ဆူပွက်နေပြီဖြစ်ပြီး အလဟာသဖြစ်ရခြင်းကို ရှောင်ကြဥ်ရန်အတွက် လျှပ်စီးကျီ၏ အလောင်းကိုပါ ဆွဲထုတ်ကာ ရှားပါးသော ဝိညာဥ်ဆေးပင် အချို့ ထပ်ထည့်လိုက်ပြီး ဟင်းခတ်အမွှေးအကြိုင်များ ရောစပ်၍ အရသာကို ချိန်ညှိကာ တိတ်တဆိတ် စောင့်ဆိုင်းနေတော့သည်။

မကြာခင်အချိန်မှာပင် လေထုအတွင်းသို့ မွှေးရနံ့တစ်ခု ပျံ့လွင့်လာခဲ့သည်။

လူနှစ်ဦးစလုံး အိုးဘေးတွင် ထိုင်ချလိုက်ပြီး ဟင်းလင်းပြင်အတွင်းတွင် အသားရနံ့များ ပြည့်နှက်သွားခဲ့သည်။

ထိုစဥ် အဝေးမှ ပုံရိပ်နှစ်ခု ချဥ်းကပ်လာခဲ့သည်။ ၎င်းတို့မှာ လောင်လျူနှင့် မင်ချန်ယုတို့ပင် ဖြစ်သည်။

“ သူတို့ကိုတောင် သွားမရှာရသေးဘူး။ သူတို့က ဘယ်လိုလုပ်ရောက်လာတာလဲဟ “ လုချန်ရှန်းက ငေးကြည့်ရင်းဖြင့် ရေရွတ်ပြောဆိုနေတော့သည်။

ရှောင်ဟေးကမူ သူ့လက်ထဲတွင် ရှိနေသည့် နောက်ဆုံးသော အသားတုံးကို မျိုချလိုက်ကာ စကားဝင်ပြောနေတော့သည် “ သူတို့က ငါတို့ကို အမြတ်ထုတ်ပြီး အလကားစားဖို့ ရောက်လာတာတော့ မဟုတ်ဘူးမလား “

--

……………………………………………………………………………………………………………………………………………

All Chapters