အခန်း ၃၅၁
Vol. 24 Ch. 351
အပိုင်း ( 351 )
ငါ့ကို ဘယ်လိုလူမျိုးများ မှတ်နေလဲ
စမ်းရေများ တသွင်သွင် စီးနေလျက်ရှိပြီး ချဥ်းကပ်လာသည့် လူနှစ်ဦးကို မြင်လိုက်ရသောအခါတွင် ရှောင်ဟေးက အိုးအတွင်းမှ အသားတုံး ခပ်ကြီးကြီးတစ်တုံးကို ချက်ချင်းဆွဲယူလိုက်သည်။
ထိုအခိုက်အတန့်တွင် ထိုနှစ်ဦးပါ ဤနေရာသို့ ဆင်းသက်လာခဲ့သည်။
လောင်လျူသည် သူတို့နှစ်ဦးကို ငေးကြည့်ကာ ဇဝေဇဝါဖြင့် မေးမြန်းလာခဲ့သည် “ မင်းတို့က ဘာလုပ်နေကြတာလဲ “
“ မင်းက ကန်းနေတာလား။ မမြင်ရဘူးလား “
လုချန်ရှန်းက ထိုအကောင့်ကို မျက်မှောင်ကြုတ်၍ စိုက်ကြည့်လိုက်သည်။
သူသည် ပုန်ကန်တတ်သော ထိုအကောင်ကို မျက်နှာမြင်ရသည်နှင့် ရိုက်နှက်ချင်နေခဲ့သည်။
သို့ရာတွင် မင်ချန်ယုက လက်နောက်ပစ်ထားသော ဟန်အမူအရာနှင့် သိလိုစိတ်များဖြင့် ငေးကြည့်နေခဲ့သည်။ သူမသည် အရှေ့ရှိ အိုးကို ငုံ့ကြည့်ကာ မျက်လုံးများ တောက်ပသွားခဲ့သည်။ ရွှေရောင် အသားရနံ့မှာ အမှန်ပင် အားကောင်းမွှေးကြိုင်လွန်းနေခဲ့သည်။
သို့ရာ၌ ဘေးတစ်ဖက်တွင် ရှိနေသည့် ကျောက်နဂါးခေါင်းနှင့် အရေခွံတို့ကို မြင်လိုက်ရသောအခါတွင် သူမမှာ အံ့ဩမှင်သက်သွားခဲ့သည်။
“ ကျင်းကျန့်လား “
သူမသည် အသားတုံးများကို လက်ညှိုးထိုးပြကာ မယုံကြည်နိုင် ဖြစ်သွားခဲ့သည်။ ရန်သူများဖြစ်သည့်အလျောက် သူမသည် အဆိုပါ မျိုးနွယ်စု၏ ချီကို အလွန်တရာ ရင်းနှီးနေခဲ့သည်။
လုချန်ရှန်းကမူ ခေါင်းငြိမ့်ပြလိုက်ပြီး လက်ဝေ့ရမ်း၍ ရွှေကျောက်နဂါးမျိုးနွယ်စု၏ အလောင်းများကို စုပုံလိုက်သည်။
ထို့နောက်တွင် သူသည် ဖြည်းဖြည်းချင်း ပြန်ပြောလိုက်သည် “ သူတို့ရဲ့ ပညာရှင် အများစုက ဒီမှာ ရှိတယ်။ နည်းနည်းပါးပါးတော့ ကျန်ကောင်းကျန်နေနိုင်တယ်။ ဒါပင်မဲ့ သူတို့ကလည်း သိပ်မကြာခင် အချိန်မှာပဲ လျှောသွားလောက်ပါတယ် “
“ နင်က အဲ့တာကို ဘယ်လိုလုပ်လိုက်တာလဲ “
မင်ချန်ယုသည် သူမ၏ ပါးစပ်လေးကို ဖုံးအုပ်ကာ တအံ့တဩဖြင့် မေးမြန်းနေတော့သည်။
အစတွင် လုချန်ရှန်းက စနောက်နေသည်ဟုသာ သူမက ထင်နေခဲ့ခြင်းဖြစ်ပြီး အလွန်ဆုံးအနေဖြင့် ကျင့်ကြံရေး နိမ့်ကျသည့် အကောင်အနည်းငယ်ကိုသာ သတ်ဖြတ်နိုင်လိမ့်မည်ဟု မှန်းဆထားခဲ့လေသည်။ သူမသည် ထိုလူငယ်လေးက ကျင်းကျန့်ကို အမှန်တကယ် သတ်ဖြတ်နိုင်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
“ အဲ့ကိစ္စတွေကို မမေးနဲ့။ ငွေချေတော့ “
လုချန်ရှန်းက ငွေတောင်းရန် လက်ကမ်းလိုက်၏။
ထိုစဥ် လောင်လျူမှာ အိုးဘေးတွင် ထိုင်ချလိုက်ပြီး ခြေထောက်တစ်ဖက်ကို ဆွဲဖြုတ်ကာ အငမ်းမရ စားသောက်နေတော့သည်။
ထို့နောက်တွင် သူကပါ စကားဝင်ပြောနေတော့သည် “ နတ်သမီးမင် ထပ်ပြီးတော့ မေးမနေနဲ့။ သူ့ကို ငွေသာပေးလိုက်။ ကတိဖျက်ဖို့တော့ လုံးဝမစဥ်းစားလိုက်နဲ့ “
သူက ခြိမ်းခြောက်နေခြင်း မဟုတ်ဘဲ သူမကို ကြင်နာစွာ သတိပေးလိုက်ခြင်း ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ လုချန်ရှန်း၏ အကြွေးဆိုသည်မှာ အလွယ်တကူ စွန့်လွှတ်(သို့) ဖျောက်ဖျက်၍ရသော အရာမဟုတ်ပေ။ ထိုကဲ့သို့ ပြုလုပ်ခဲ့သူတိုင်းမှာ အဆုံးသတ် မကောင်းခဲ့ပေ။
“ အင်းးး “
ရှောင်ဟေးကပါ ခေါင်းငြိမ့်ပြလိုက်သည်။ အထက်နယ်မြေ အင်အားစုများ၏ မသမာ ညစ်ပတ်သော လုပ်ရပ်များကို သိရှိခဲ့ရပြီးသည့်နောက်တွင် သူသည် မင်ချန်ယုက သိပ်မဆိုးလှဘူးဟု ခံစားရကာ သူမကို သတိပေးရန် ဆုံးဖြတ်လိုက်သည်။
မင်ချန်ယုက သူမ၏ ပါးစပ်ကို ဖွင့်ဟကာ စကားပြောရန် ပြင်လိုက်သော်လည်း ဘာပြောရမှန်းမသိ ဖြစ်သွားခဲ့သည်။ အဆုံးတွင် သူမက ဝိညာဥ်ကျောက်တုံးများကို ထုတ်ယူလိုက်သည်။
ရွှေကျောက်နဂါး မျိုးနွယ်စုနှင့် သူမတို့ မျိုးနွယ်စုအကြားရှိ ရန်ငြိုးက အတော်ပင် နက်ရှိုင်းနေခဲ့သည်။ အောက်လောကသို့ ရောက်လာခဲ့ပြီးသည့်နောက်တွင် သူမတို့က အကြိမ်ပေါင်းများစွာ ပစ်မှတ်အထားခံခဲ့ရသည်။ ယခုလက်ရှိဖြစ်ရပ်ကို လက်စားချေခြင်းအဖြစ် သတ်မှတ်၍ ရပေသည်။
ကျင်းကျန့်က အဆိုပါ မျိုးနွယ်စု၏ မျိုးနွယ်စုခေါင်းဆောင် ကိုယ်စားလှယ်လောင်းများအနက်မှ တစ်ဦးဖြစ်ပြီး အကယ်၍ အဆိုပါသတင်းသာ ပျံ့နှံ့သွားမည်ဆိုပါက သူမတို့အတွက် သတင်းကောင်းတစ်ခု သေချာပေါက် ဖြစ်နေပေလိမ့်မည်။
ဝိညာဥ်ကျောက်တုံးများ ရရှိခဲ့ပြီးသည့်နောက်တွင် လုချန်ရှန်း၏ ဆိုးရွားသော စိတ်အခြေအနေမှာ အနည်းငယ် တိုးတက်ကောင်းမွန်လာခဲ့သည်။ သူသည် သူ့အရှေ့တွင် ရှိနေသည့် လူနှစ်ဦးကို နှုတ်ဆက်နေတော့သည် “ လာလာ ငါ့ရဲ့ လက်ရာကို မြည်းကြည့်ကြ။ ဒါကနဂါးဖီးနစ် ပန်းချီကားရဲ့ အဆင့်နိမ့်ဗားရှင်းပဲ “
မင်ချန်ယုသည် ၎င်းကို ငေးကြည့်နေခဲ့ပြီး မနေနိုင်တော့ဘဲ မြည်းစမ်းကြည့်လိုက်ကာ မျက်ဝန်းများ တောက်ပသွားခဲ့သည် “ ကျင်းကျန့်ရဲ့ အသားက ဒီလောက်တောင် အရသာ ရှိနေလိမ့်မယ်လို့ ငါမထင်ထားခဲ့မိဘူး “
“ သေချာတာပေါ့။ သူက ဟွာရှုနယ်ပယ် ပညာရှင်လေ “ ဟု လုချန်ရှန်းက ပြန်ပြောလိုက်သည်။
လောင်လျူမှာလည်း ရှားရှားပါးပါး အနေဖြင့် လူစကားပြောလာခဲ့သည် “ အဓိကကတော့ သူ့ရဲ့ ဟင်းချက်စကေးက ကောင်းတယ်လေ။ အဲ့တာက တော်တော်ကြီးကို ရှားတယ် “
ရှောင်ဟေးကမူ ခေါင်းငြိမ့်ရုံသာ ငြိမ့်ပြနေခဲ့ပြီး ဘာစကားမှဝင်မပြောဘဲ စားသောက်ခြင်းကိုသာ အာရုံစိုက်နေခဲ့၏။
မင်ချန်ယု၏ မျက်ဝန်းများ ပုတ်ခတ်ပုတ်ခတ် ဖြစ်သွားခဲ့သည်။ သူမသည် အသားပိုင်းတစ်ခုကို ဆွဲဖြဲကာ ၎င်းကို မြည်းစမ်းကြည့်လိုက်ပြီး ဇဝေဇဝါ ဖြစ်သွားခဲ့သည် “ ဒါကရော ဘာအသားလဲ “
“ အဲ့တာက လျှပ်စီးကျီလေ “
မင်ချန်ယုသည် ခေါင်းငြိမ့်ပြလိုက်ကာ စိတ်ခံစားချက်တစ်ချို့ကို ထုတ်ပြရန် ပြင်လိုက်သည်။ သို့သော် သူမသည် လောင်လျူက မျက်လုံးအပြူးသားဖြင့် လုချန်ရှန်းကို စိုက်ကြည့်ကာ အမူအရာ သိသိသာသာ ပြောင်းလဲသွားသည်ကို မြင်တွေ့သွားခဲ့သည်။
“ မင်းဘာပြောလိုက်တယ် “
“ လျှပ်စီးကျီလေ။ မိုးကြိုးငှက်မျိုးနွယ်စုကို မမှတ်မိဘူးလား “
“ ဝေါ့ အော့ အော့ ……. “
လောင်လျူမှာ စမ်းချောင်းဆီသို့ ပြေးသွားကာ ယခုလေးတင် သူစားထားခဲ့သည့် အရာအားလုံးကို အန်ထုတ်နေတော့သည်။
သူသည် သူ့အစာအိမ်အတွင်းတွင် ရှိနေသည့် အရာအားလုံးကို အန်ထုတ်ပြီးမှသာလျှင် ရပ်တန့်သွားခဲ့သည်။ သူသည် သူ့လက်ထဲတွင် ရှိနေသည့် ခြေတစ်ဖက်ကို ကြည့်ကာ ရွံရှာစက်ဆုပ်သွားပြီး ၎င်းကို လွှင့်ပစ်လိုက်သည်။
“ ဟေး မင်းဘာလုပ်နေတာလဲ။ အဲ့တာက မိုးကြိုးငှက် မျိုးနွယ်စုရဲ့ လူငယ်ခေါင်းဆောင်လေ။ မျိုးဆက်တစ်ခုမှာ တစ်ယောက်ပဲ ရှိတဲ့လူ။ မင်းက အဲ့တာကို အလဟာသ ဖြစ်သွားအောင် လုပ်နေတာပဲ “ လုချန်ရှန်းက အော်ငေါက်နေတော့၏။
အစားအသောက် လုပ်ရတယ်ဆိုတာ လွယ်တယ်များမှတ်နေလား။
ရှောင်ဟေးကပါ သူ့ကို ဝေဖန်ရှုံ့ချနေတော့သည်။ အဲ့ထဲမှာ အဆီအနှစ်တွေ ပါတယ်ဆိုတာကို မသိဘူးလား။ အဲ့လောက်ကြီးတဲ့ အသားပိုင်းကြီးကို အလဟာသ ဖြုန်းတီးနေတယ်ကွာ။ ထိုမြင်ကွင်းကို မြင်တွေ့ရခြင်းက လူတစ်ဦးကို နှလုံးသားကို နာကျင်သွားစေပေသည်။
မင်ချန်ယုမှာလည်း ၎င်းက မကောင်းဘူးဟု ခံစားနေခဲ့ရသည်။
လောင်လျူက တုံ့ပြန်လာခဲ့၏ “ ငါ ……. “
“ ဘာကိုမင်းလဲ “
“ ငါ့ရဲ့ သွေးမျိုးဆက် တစ်ဝက်က မိုးကြိုးငှက် မျိုးနွယ်စုကလေ။ မိုးကြိုးငှက်တစ်ကောင်ကို စားဖို့ ငါ့ကို လာပြောနေတာလား “
လုချန်ရှန်းက ပြန်ပြောလိုက်သည် “ မင်းက မင်းရဲ့ သွေးမျိုးဆက်ကို ဖြတ်ထုတ်လိုက်ပြီမဟုတ်ဘူးလား “
“ တကယ်လို့ အဲ့တာကို ဖြတ်ထုတ်ထားတယ်ဆိုရင်မှ ငါ့နှလုံးသားထဲက အကြပ်အတည်းကို မကျော်လွှားနိုင်သေးဘူး “
သို့ရာတွင် လုချန်ရှန်းက ထိုအကောင်နှင့် စကားမပြောချင်နေတော့ပေ “ မင်းက ငါ့ကို မမေးဘဲနဲ့ ထိုင်ပြီးတာနဲ့ တန်းစားနေတာလေ။ အဲ့တာက ငါ့အပြစ်လား “
“ အဲ့တာ …….. “
လောင်လျူမှာ ဆွံ့အကာ ဘာပြောရမှန်းမသိ ဖြစ်သွားခဲ့သည်။
အဆုံးတွင် လောင်လျူက တိတ်ဆိတ်ငြိမ်သက်သွားကာ အိုးဆီသို့ ပြန်သွား၍ ကျင်းကျန့်၏ အသားများကို ခပ်ယူစားသောက်နေတော့သည်။ သူက လျှပ်စီးကျီကို မစားနိုင်သော်လည်း ကျင်းကျန့်မှာ သူနှင့် မည်သို့မျှ သက်ဆိုင်မနေခဲ့ပေ။
သူတို့သည် အသားများ ပြောင်ရှင်းသွားသည့် အချိန်မှသာလျှင် ရပ်တန့်သွားကြသည်။
လောင်လျူမှာ ဘေးတစ်ဖက်သို့ မှီလိုက်ကာ သွားကြားထိုးနေတော့သည်။ ရှောင်ဟေးကမူ သူ၏ ပုံရိပ်ကိုပင် ဂရုစိုက်မနေဘဲ လှဲချလိုက်သည်။ မင်လန်ယုကမူ သိလိုစိတ်များဖြင့် လုချန်ရှန်းကို ထပ်မံ၍ ငေးမောကြည့်ရှုနေခဲ့သည်။
သူမသည် လုချန်ရှန်းက မည်ကဲ့သို့ လုပ်ဆောင်ခဲ့လဲဆိုသည်ကို အလွန်တရာ သိချင်နေခဲ့သည်။
“ လူငယ်လေး နင်အဲ့တာကို ဘယ်လိုလုပ်ခဲ့တာလဲ “ သူမသည် မအောင့်ထားနိုင်တော့ဘဲ ထပ်မံ၍ မေးမြန်းနေတော့သည်။
လုချန်ရှန်းက သူမကို ငေးကြည့်ကာ ပြန်ပြောလိုက်သည် “ နင်က အဲ့တာကို သိချင်နေတာလား “
“ အင်းးး “
“ ဝိညာဥ်ကျောက်တုံးတွေ ယူလာခဲ့လိုက်။ ငါပြောပြမယ် “
မင်ချန်ယုမှာ မျက်မှောင်ကြုတ်ကာ စိတ်ရှုပ်ထွေးသွားခဲ့သည် “ ဘာဖြစ်လို့ ဝိညာဥ်ကျောက်တုံးတွေပဲ အမြဲတောင်းနေရတာလဲ “
“ ငါက အရမ်းဆင်းရဲလို့လေ။ နင်တို့လို နေ့တိုင်း ကောင်းကောင်းအိပ် ကောင်းကောင်းစားနေရတဲ့ လူတွေကတော့ သာမန်လူတွေ ခံစားနေရတဲ့ ဒုက္ခတွေကို ဘယ်လိုလုပ် သိနိုင်မှာလဲ။ ငါတို့လို အဆင့်နိမ့် ကျင့်ကြံသူတွေရဲ့ အခက်အခဲတွေကို နင်တို့က တွေးကြည့်လို့တောင် မရပါဘူးဟာ “
လုချန်ရှန်းမှာ စကားပြောနေရင်းဖြင့် သက်ပြင်းတချချ ဖြစ်နေခဲ့သည်။ ဤခရီးစဥ်က အလွန်တရာ ခက်ခဲလွန်းလှပြီး ထိုအကြောင်းကို စဥ်းစားမိရုံဖြင့်ပင် မျက်ရည်ဝေ့သွားခဲ့သည်။
မင်ချန်ယုက အနည်းငယ် ညီးညူလိုက်သော်လည်း ထပ်မံ၍ မမေးမြန်းလာတော့ပေ။ သူမသည် သူ့ထံတွင် အထူးနည်းလမ်းတစ်ချို့ ရှိနေခြင်း(သို့) သူ့ကို တိတ်တဆိတ် လိုက်ပါကာကွယ်နေသည့် ပညာရှင်တစ်ဦး ရှိနေခြင်းဖြစ်နေမည်ဟုသာ ယူဆထားလိုက်သည်။ ထိုကဲ့သို့သာ မဟုတ်ဘူးဆိုပါက သူ၏ ကျင့်ကြံရေးဖြင့် ၎င်းကို မည်ကဲ့သို့ ပြုလုပ်နိုင်မည်နည်း။
ကျင်းကျန့်က လူငယ်မျိုးဆက်အကြားမှ ပါရမီရှင်တစ်ဦးဖြစ်ပြီး ဟွာရှုနယ်ပယ် အဆင့်၁ ကျင့်ကြံရေးကို ပိုင်ဆိုင်ထားကာ အလွန်တရာ ထူးခြားလှပေသည်။ အဆင့်တူမှ ပါရမီရှင်များကပင် သူ့ကို အလွယ်တကူ အနိုင်ယူနိုင်လိမ့်မည် မဟုတ်ပေ။
သို့ရာတွင် သူမသည် တစ်စုံတစ်ခုကို တွေးမိသွားပုံရကာ စကားထပ်ပြောလာခဲ့သည် “ တကယ်လို့ နင့်ဆီမှာ ဝိညာဥ်ကျောက်တုံးတွေ ရှားပါးနေမယ်ဆိုရင် ငါ့ရဲ့ တရန် အင်မော်တယ်နဲ့ ပူးပေါင်းလို့ရတယ်။ နင်သာ ရောက်လာသရွေ့ တစ်ခြားကျင့်ကြံရေး အရင်းအမြစ်တွေအပြင် ဝိညာဥ်ကျောက်တုံး အများကြီး ထောက်ပံ့ပေးမယ် “
ဟမ်
ထိုစကားကို ကြားလိုက်ရသောအခါတွင် လုချန်ရှန်းက မည်သို့မျှ မတုံ့ပြန်ရသေးသော်လည်း ရှောင်ဟေးနှင့် လောင်လျူကမူ မင်ချန်ယုကို ငေးကြည့်နေကြတော့သည်။
ရှောင်ဟေးမှာ အံ့ဩတကြီး ဖြစ်သွားခဲ့သည်။ သူမပြောလိုက်တာက ဟိုကောင့်ရဲ့ ရင်ထဲကို တကယ် ထိသွားစေမဲ့ စကားမျိုးပဲ။ အဲ့ကောင်က ဝိညာဥ်ကျောက်တုံးအတွက်ဆိုရင် ဝိညာဥ်ကိုပါ ရောင်းစားမဲ့ကောင်။
လောင်လျူမှာလည်း အသေအချာ နားလည်နေခဲ့သည်။ ထိုအကောင်က ဝိညာဥ်ကျောက်တုံးများအတွက် ကျင့်ဝတ်နှင့် မကိုက်ညီသည့် ကိစ္စတော်တော်များများကို ပြုလုပ်ခဲ့ဖူးပြီး သူမလုပ်ရဲသည့် ကိစ္စဟူ၍ မရှိချေ။
ထိုစကားများ ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် ၎င်းတို့က လုချန်ရှန်း၏ စိတ်နှလုံးသားကို အပြည့်အဝ ဖမ်းစားသွားလိမ့်မည် မဟုတ်လော။
သူက အဆိုပါ ဆွဲဆောင်မှုအတွင်းသို့ ကျဆင်းသွားနိုင်သည့် ဖြစ်နိုင်ခြေမှာ ၉၉% ရှိပေသည်။
၎င်းမှာ မင်ချန်ယုက လုချန်ရှန်း၏ ဘဝအကြောင်းအား လောင်လျူကို မေးမြန်းခဲ့ပြီးသည့်နောက်တွင် ပြုလုပ်နိုင်ခဲ့သည့် ကောက်ချက်တစ်ခုဖြစ်သည်။ သို့ရာတွင် လောင်လျူမှာ အရေးကြီးဆုံး အရာများကို ဖုံးကွယ်ထိန်ချန်ထားခဲ့သည်။
သို့ရာတွင် သူမသည် အဆိုပါ လူငယ်လေးက အလွန်တရာ ထူးချွန်းလွန်းလှသည့် ပါရမီရှင်တစ်ဦးဖြစ်ကြောင်းကို အတည်ပြုနိုင်ခဲ့ပြီး မြောက်ပိုင်းကုန်းမြေကဲ့သို့သော နေရာမျိုးမှာပင် အထက်နယ်မြေ၏ ပါရမီရှင်တို့ထပ် မနိမ့်ကျသည့် နေရာတစ်ခုသို့ ရောက်ရှိနေခဲ့ပြီး ထိုလူများထပ်ပင် အသက်အနည်းငယ် ပိုငယ်နေခဲ့သည်။
သူ့ကို အချိန်ပေးလိုက်မည်ဆိုပါက သူက အဆိုပါ ဂိုဏ်းကြီးများ၏ ဆက်ခံသူများကို ယှဥ်နိုင်လိမ့်မည် ဖြစ်သည်။
၎င်းကို တွေးမိသွားသောအခါတွင် မင်ချန်ယုက စကားထပ်ပြောလာခဲ့သည် “ တရန် အင်မော်တယ်တောင်မှာ နတ်ဘုရားနယ်ပယ် ပညာရှင်တွေ အများကြီးရှိတယ်။ ပိုစွမ်းတဲ့ တည်ရှိမှုတွေတောင် ရှိတယ်။ နင် ……….. “
အစတွင် သူမက ပိုမိုတွန်းအားပေးချင်နေခဲ့သည်။ နတ်ဘုရားနယ်ပယ် ပညာရှင်ဆိုသည်မှာ မြောက်ပိုင်းကုန်းမြေအတွက် ရှားပါးသော တည်ရှိမှုများ ဖြစ်နေသော်လည်း ထျန်းယွင်ပြည်နယ်တွင်မူ ရိုက်သတ်၍မကုန်သော တည်ရှိမှုများ ဖြစ်နေခဲ့သည်။
ကောင်းကင်နှင့် ကမ္ဘာမြေ၏ ကန့်သတ်ချက်များကြောင့်သာလျှင် ထိုလူများက ဤနေရာသို့ မရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
သို့ရာ၌ ထိုစကားကို ကြားလိုက်ရသည့် အချိန်တွင် လုချန်ရှန်းက တဖြည်းဖြည်း မျက်မှောင်ကြုတ်သွားကာ ပြန်ပြောလာခဲ့သည့် စကားကြောင့် သူမမှာ အံ့ဩတကြီး ဖြစ်သွားခဲ့ရပြန်သည် “ နင်က ငါ့ကို ဘယ်လိုလူမျိုးလို့ထင်နေတာလဲ “
“ ဘာကြီးလဲ “
“ ငါ လုချန်ရှန်းက ဂုဏ်သိက္ခာကြီးမားတဲ့ ကျော်ကြားတာတွေ ပကာသနတွေကို လျစ်လျူရှုထားပြီး တာအိုကို ရှာဖွေနေတဲ့ လူတစ်ယောက်ပဲ။ ငါက ရည်မှန်းချက်ကြီးတွေနဲ့ အင်မော်တယ်ဖြစ်လာဖို့ ကံပါလာတဲ့လူပဲ။ ဝိညာဥ်ကျောက်တုံး နည်းနည်းလေးအတွက်နဲ့ ငါ့ခါးကို ဘယ်လိုလုပ် ကွေးညွတ်စေနိုင်မှာလဲ “
“ အဲ့တာက …… “
ထိုစကားလုံးများ ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် မင်ချန်ယုသာလျှင် မဟုတ်ဘဲ ရှောင်ဟေးနှင့် လောင်လျူတို့ကပါ အံ့ဩတကြီး ဖြစ်သွားခဲ့ကြသည်။ လုချန်ရှန်းရဲ့ ပါးစပ်ကနေ အဲ့လိုစကားမျိုးတွေ ထွက်လာတယ်ပေါ့။
သူက ဝိညာဥ်ကျောက်တုံးတွေကို မလိုချင်ဘူးပေါ့။ ဘုရားစူး ….. အဲ့တာက ဟွာရှုနယ်ပယ် ပညာရှင်ကို အနိုင်တိုက်လိုက်တာထပ်တောင် ပိုပြီးတော့ အံ့အားသင့်ဖို့ကောင်းနေတယ်။
လုချန်ရှန်းကမူ အံ့ဩတကြီး ဖြစ်နေသော အကြည့်များအောက်မှာပင် ဖြည်းဖြည်းချင်း မတ်တပ်ထရပ်ကာ လူတိုင်းကို ကျောပေးလိုက်ပြီး အဝေးသို့ ငေးကြည့်ကာ သက်ပြင်းတချချ ဖြစ်သွားခဲ့သည်။
“ နောက်ဆုံးမှာတော့ ငါ့ကို နားလည်တဲ့လူဆိုတာ မရှိဘူးပဲ “
--
………………………………………………………………………………………………………………………………………