← Chapters

အခန်း ၃၅၃

Vol. 24 Ch. 353

အခန်း ၃၅၃

Vol. 24 Ch. 353

အပိုင်း ( 353 )

မင်းတော့ ပြဿနာတက်ပြီ

ရှောင်ဟေး၏ စကားသံပေါ်ထွက်လာသည့် အခိုက်အတန့်တွင် လုချန်ရှန်းမှာ အံ့ဩမှင်သက်သွားခဲ့သည်။

“ အတည်ပြောနေတာလား။ ငါ့ကို လာပြောင်နေတာလား “

ရှောင်ဟေးက သူနှင့်ငြင်းခုန်ရန် အလွန်တရာ ပျင်းရိနေခဲ့သည်။ သူ့လက်ထဲတွင် ရှိနေသည့် စာလိပ်များ မျောလွင့်လာခဲ့ပြီး သူ့အရှေ့တွင် ဖြည်ချခံလိုက်ရကာ ရှောင်ဟေး မှတ်သားထားသည့် အရေးကြီးသော အစိတ်အပိုင်းတို့မှာ မှိန်ဖျော့ဖျော့ တောက်ပလာခဲ့သည်။

လုချန်ရှန်းက စာလုံးတစ်လုံးချင်းစီတိုင်းကို ဖြည်းဖြည်းချင်း ဖတ်ရှုနေခဲ့ပြီး သူကပါ ကြောင်အမ်းအမ်း ဖြစ်သွားခဲ့သည်။

“ ကောင်းကင်ဘုံ ….. တကယ်ကြီးကို မဟာတောရိုင်း နန်းတော်ဖြစ်နေတာပဲဟ “

လုချန်ရှန်းက ပြန်ပြောလိုက်ပြီး သူ၏ စိတ်ခံစားချက်များ လှုပ်ခတ်သွားခဲ့သည်။ သူသည် သူနှင့် မဟာတောရိုင်း နန်းတော်၏ ရေစက်က ထိုမျှလောက် နက်ရှိုင်းနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

သူက ကိုယ့်ကိုကိုယ် ထိုနေရာမှ ဆွဲထုတ်ကာ ခရီးထွက်နေသည့် အချိန်တွင် ထိုလူများ၏ ဘိုးဘွားနယ်မြေသို့ ရောက်ရှိသွားခဲ့သည်။

“ နှောင်ကြိုးက တစ္ဆေတစ်ကောင်လို ကပ်တွယ်လွန်းနေတယ်မဟုတ်ဘူးလား။ ဒါမှမဟုတ် မူဟွမ်က ငါ့အပေါ်မှာ မန္တာန်တစ်ခု သုံးခဲ့တာများလား “ လုချန်ရှန်းက ပတ်ဝန်းကျင်ကို ကြည့်ရှုစစ်ဆေးရင်းဖြင့် တတွတ်တွတ်ရေရွတ်ပြောဆိုနေတော့သည်။ သူသည် ဤနေရာသို့ တစ်ကြိမ်တစ်ခါမှ မရောက်ခဲ့ဖူးသော်လည်း ပိုကြည့်လေလေ ၎င်းကို တရင်းတနှီးရှိသည်ဟု ပိုမိုခံစားရလေလေ ဖြစ်နေခဲ့သည်။

ရှောင်ဟေးက စကားထပ်ပြောလာခဲ့၏ “ တိတိကျကျပြောရမယ်ဆိုရင် ဒီနေရာက တစ်ချိန်က မဟာတောရိုင်း နန်းတော်ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့ဖူးတယ် “

“ ဆိုတော့ ဒါက ပျောက်ဆုံးသွားတဲ့ ဒဏ္ဍာရီလာ နယ်မြေခြောက်ခုထဲက တစ်ခုလား။ ဒါမှမဟုတ် အဲ့တာက အစိတ်အပိုင်းသေးလေးတစ်ခုပဲလား “

ရှောင်ဟေးက ခေါင်းခါရမ်းကာ ပြန်ပြောလိုက်သည် “ မှတ်တမ်းတွေအရဆိုရင် ဒီဟာက စကြဝဠာကြီး တည်တံ့နေတဲ့ အချိန် မဟာစစ်ကြီးပွဲကြီးကို ကြုံတွေ့ရပြီး အပိုင်းပိုင်းအစစ မကွဲသွားခင် အချိန်တုန်းက မဟာတောရိုင်း နန်းတော်ဖြစ်သင့်တယ် “

“ အဲ့လောက်တောင် ကြာတာလား “

လုချန်ရှန်းမှာ တအံ့တဩဖြစ်သွားခဲ့သည်။ ဒုတိယ မဟာစစ်ပွဲကြီးက လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပထမ မဟာစစ်ပွဲကမူ ပိုမိုရှေးကျနေကာ ခြေရာခံရခက်လွန်းလှသည်ဟု ကူချန်ကျွင်းက ပြောပြထားခဲ့ဖူးသည်။

ထိုအချက်အလက်များကို ဆက်စပ်သုံးသပ်ကြည့်သော် ဤကမ္ဘာငယ်လေးက အတော်ပင် ရှေးကျနေခဲ့၏။

လုချန်ရှန်းသည် ဤအပျက်အစီးများကို ထပ်မံ၍ ကြည့်ရှုစစ်ဆေးနေတော့ပြန်သည်။ ဤနေရာက ရှေးအကျဆုံး မဟာတောရိုင်း နန်းတော် ဖြစ်နေနိုင်သောကြောင့် ဤနေရာတွင် အံ့ဖွယ်ကောင်းသည့် အခွင့်အလမ်းများ ရှိနေနိုင်ပေသည်။

ရှောင်ဟေးက ဆက်လက်၍ လေ့လာနေခဲ့ပြီး ပျောက်ဆုံးနေခဲ့သည့် ဤရှေးဟောင်းသမိုင်းကြောင်းကို တူးဆွကြည့်နေခဲ့သည်။ သို့သော် လုချန်ရှန်းက ထွက်သွားခဲ့ပြီဖြစ်သည်။

သူသည် နေရာတိုင်းကို သူ၏ စိတ်စွမ်းအင်ဖြင့် ဂရုတစိုက် စစ်ဆေးကြည့်ရှုနေခဲ့သည်။ သူသည် သေးငယ်‌သော နေရာတစ်ခုအား လွဲချော်သွားမည်ကိုပင် စိုးရွံ့နေကာ အဆက်မပြတ် စုံစမ်းစစ်ဆေးနေခဲ့သည်။

မဟာတောရိုင်း နန်းတော်ဆိုသည်မှာ မည်သည့်အရာဖြစ်သနည်း။ ၎င်းက နယ်မြေခြောက်ခုအနက်မှ တစ်ခုကို အုပ်စိုးခဲ့ဖူးသည့် ရှင်ဘုရင်ဖြစ်ခဲ့ဖူးပြီး ဤနေရာက ၎င်းတို့ အခြေချနေထိုင်ရာ နေရာတစ်ခု ဖြစ်ဖို့များ၏။ သူသည် ဤနေရာမှ အလွန်တရာ ထူးခြားသော အခွင့်အလမ်းတစ်ချို့ကို ရရှိနိုင်ပေသည်။

ထို့အပြင် မဟာတောရိုင်း နန်းတော်၏ ရှေးခေတ် သူတော်စင်ကလေးငယ်တစ်ဦးဖြစ်သည့်အလျောက် သူက ဤနေရာမှ အကျိုးအမြတ်တစ်ချို့ ရရှိသင့်သည်မဟုတ်လော။

၎င်းကို တွေးမိသွားသောအခါတွင် လုချန်ရှန်းမှာ ရုတ်တရက် ရပ်တန့်သွားခဲ့သည်။ သူက ဖြစ်နိုင်ခြေတစ်ခုကို တွေးမိသွားပုံရ၏။

နယ်မြေခြောက်ခု ပျောက်ကွယ်သွားချိန်တွင် မဟာတောရိုင်း နန်းတော်က မြောက်ပိုင်းကုန်းမြေသို့ ဆုတ်ခွာလာခဲ့သည်။ သို့သော် မည်သည့်အတွက်ကြောင့် မြောက်ပိုင်းကုန်းမြေဖြစ်ရသနည်း။ တိုက်ကြီးကိုးခုနှင့် ကုန်းမြေဆယ်ခု စုစုပေါင်း ကမ္ဘာဆယ့်ကိုးခုရှိသည့်အနက် မည်သည့်အတွက်ကြောင့် မြောက်ပိုင်းကုန်းမြေကို အထူးတလည် ရွေးချယ်ခဲ့ရသနည်း။

ဤကမ္ဘာငယ်နှင့် ဆက်စပ်နေသောကြောင့်ပင်လော။

မည်သို့ပင်ဆိုစေကာမူ ၎င်းမှာ တစ်ချိန်က တောက်ပခဲ့ဖူးကာ ကောင်းကင်ဘုံ သုံးဆင့်အထိ ရောက်ရှိရန် အဆင့်မှီသည့် အင်အားစုတစ်ခုဖြစ်သည်။

၎င်းကို တွေးမိသွားသည်နှင့်တစ်ပြိုင်နက် လုချန်ရှန်းမှာ ပိုမိုစိတ်လှုပ်ရှားသွားကာ ပိုမိုစိတ်အားထက်သန်စွာဖြင့် ရှာဖွေနေတော့၏။ သူသည် လမ်းဘေးရှိ ကျောက်တုံးများကိုပင် လှန်လှောကြည့်ရှုခဲ့ကာ မည်သည့်အသေးစိတ် အချက်အလက်ကိုမှ အလွတ်မပေးခဲ့ချေ။

နေရာတိုင်းကို ရှာဖွေခဲ့သော်လည်း တန်ဖိုးရှိသည့် မည်သည့်ကိုမှ မမြင်တွေ့ခဲ့ရသောကြောင့် သူကြောင်အမ်းအမ်း ဖြစ်သွားခဲ့ရသည်။

အခွင့်အလမ်းများ(သို့) ကံကြမ္မာကောင်းကို မဆိုထားနှင့် သံချေးတက်နေသည့် လက်နက်တစ်ခုကိုပင် ရှာမတွေ့ခဲ့ပေ။

“ မင်းတို့က ငါနဲ့လာရှုပ်ချင်နေတာလားဟ “

လုချန်ရှန်းက ပတ်ဝန်းကျင်တစ်ခုလုံးကို ငေးမောကြည့်ရှုနေခဲ့ပြီး ၎င်းကို လက်ခံလိုစိတ်မရှိဘဲ ဆက်လက်၍ ရှာဖွေနေတော့သည်။ အဆုံး၌ တောင်တစ်လုံး အနောက်ဘက်ရှိ ကျောက်ဆောင်တွင် ကွဲပြားသော အရာတစ်ခုကို မြင်တွေ့လိုက်ရ၏။

သူသည် ကိုးမီတာကျော် မြင့်မားသည့် ကျောက်တုံးကြီးတစ်တုံးဖြစ်ပြီး ကိုယ်ထည်တစ်ခုလုံး စိမ်းစိုနေလျက်ရှိ၏။ သို့သော် ဖျော့တော့သော အဖြူရောင်အလင်းတန်းတစ်ခုကို ထုတ်လွှတ်နေခဲ့ပြီး စကားလုံးတို့ဖြင့် ဖော်ပြ၍ မရသော အရှိန်အဝါတစ်ခုက သူ့ကို အဖော်ပြုပေးနေခဲ့သည်။

ထို့အပြင် ၎င်းက ဤနေရာတွင် အချိန်ကာလ၏တိုက်စားမှုကို နှစ်ပေါင်းများစွာ ကြာရှည်သည်အထိ ခံယူခဲ့ရသော်လည်း၎င်း၏ အနားသတ်များပင် မည်သို့မျှ ပွန်းပဲ့မနေခဲ့ပေ။

အနားသို့ ချဥ်းကပ်သွားချိန်တွင် အဖြူရောင် အလင်းမှုန်တစ်ချို့ မျော့လွင့်လာကာ သူ့ကို ဝိုင်းရံလာခဲ့ပြီး အဆုံးတွင် သူ၏ ခန္ဓာကိုယ်နှင့် ပေါင်းစည်းသွားခဲ့သည်။

ချက်ချင်းဆိုသလိုပင် သူသည် အံ့ဩတုန်လှုပ်သွားခဲ့သည်။ သူ၏ မျက်နှာပေါ်တွင် မယုံကြည်နိုင်ဖြစ်သွားသည့် အမူအရာတစ်ခု ဖြစ်တည်လာခဲ့သည်။

သူ၏ ခန္ဓာကိုယ်အတွင်းတွင် အဖြူရောင် အလင်းတန်း ရွေ့လျားနေကာ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။ သို့သော် ၎င်းက အသက်စွမ်းအားကို နှိုးဆွပေးနေခဲ့သည်။ သူ၏ ချီသွေးက တဟုန်ထိုး စီးဆင်းနေသည့် မြစ်တစ်စင်းအလား ရုန်းကြွလာခဲ့ကာ လေသံမိုးသံများ ဆောင်ကြဥ်းပေးလာခဲ့၏။

လုချန်ရှန်းမှာ စိတ်လှုပ်ရှားမှုကြောင် ငိုချမိလုမတတ်ဖြစ်သွားခဲ့သည်။

“ ကောင်းကင်ဘုံက အလုပ်ကြိုးစားတဲ့ ကလေးတိုင်းကို မျက်နှာသာပေးတယ်ဆိုတာက တကယ်မှန်နေတာပဲ။ ရှေးလူကြီးတွေက ငါ့ကို မလှည့်စားခဲ့ဘူးပဲ “

သူသည် အဆက်မပြတ် သက်ပြင်းချနေခဲ့ပြိး အဆိုပါ ကျောက်တုံးကို မယူရန် ဂဏာမငြိမ် ဖြစ်သွားခဲ့သည်။ သူသည် ၎င်းကို ပွေ့ဖက်ထားကာ သူ၏ ခန္ဓာကိုယ်အတွင်းသို့ အဖြူရောင် အလင်းတန်းများ စီးဝင်နေသည်ကို အပြည့်အဝ ခံစားနေခဲ့သည်။

သူ့ခန္ဓာကိုယ်တစ်ခုလုံးတွင် ရှိနေသည့် အသက်စွမ်းအင်များ လှုပ်ရှားနေခဲ့သည်။ ထိုစဥ် သူသည် ၎င်းက မည်သည့်အရာဖြစ်နေမလဲဆိုသည်ကို အကြမ်းဖျင်း မှန်းဆမိသွားခဲ့သည်။ သူသည် သူက နောက်နှစ်ပေါင်း ထောင်သောင်းနှင့်ချီ၍ အသက်ရှင်နေထိုင်နိုင်သည်ဟုပင် ခံစားသွားခဲ့ရသည်။

ကျောက်တုံးကို ဖက်ထားကာ မှောက်ခုံဖြစ်သွားသည့် အချိန်တွင် အဆိုပါ အသက်စွမ်းအင်များက သူ၏ခန္ဓာကိုယ်အတွင်းသို့ တိုက်ရိုက်တိုးဝင်လာကြသည်။ ရလဒ်အနေဖြင့် သူသည် ကျောက်တုံးက လှုပ်ရှားသွားသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။

မမြင်နိုင်သော စွမ်းအားတစ်ခု ဖြည်းဖြည်းချင်း ပေါ်ထွက်လာခဲ့ပြီး ကျောက်တုံးကို မတင်လာခဲ့၏။ အဆိုပါ စွမ်းအားက အလွန်တရာ ငြင်သာနေခဲ့ပြီး သူ့ကို ကျောက်တုံးအောက်သို့ ရွှေ့ပြောင်းပေးလာခဲ့သည်။ အဖြူရောင် အလင်းတန်း ဆင်းသက်လာခဲ့ပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းသွားကာ သူ၏ ဆံသားများကပင် နစ်မြုပ်သွားခဲ့သည်။

၎င်းက မည်မျှအံ့ဖွယ်ကောင်းလိုက်သနည်း။ သူက ထိုနေရာတွင် ထိုင်နေပြီး အသက်စွမ်းအားများက သူ၏ အသွေးအသားများနှင့် ပေါင်းစည်းသွားကာ စွမ်းအင်များ အဆက်မပြတ် စီးဆင်းနေလျက်ရှိ၏။ သူ၏ တာအိုကားချပ် ဖြည့်တင်းခံနေခဲ့ရသည်။

အမြန်နှုန်းက အလွန်တရာ မြန်ဆန်နေခဲ့သည်။

အချိန်အတိုင်းအတာတစ်ခုအထိ ကြာခဲ့ပြီးသည့်နောက်တွင် လုချန်ရှန်းက အပြောင်းအလဲများကို ခံစားလိုက်ရသည်။ သူ့ကို အမြဲဒုက္ခပေးနေခဲ့သည့် တာအိုကားချပ်ပြဿနာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

ရှောင်ဟေးမှာလည်း စာလိပ်အားလုံးကို ဖတ်ရှုပြီးစီးခဲ့ပြီဖြစ်သည်။ သူသည် ဤနယ်မြေတစ်ခုလုံးတွင် လှည့်လည်သွားလာနေခဲ့ပြီး အဆုံးတွင် လုချန်ရှန်းကို ရှာတွေ့သွားကာ ထိုအကောင်က ကျောက်တုံးတစ်တုံးအောက်တွင် ထိုင်နေပြီး ယစ်မူးနေပုံရသည်ကိုသာ မြင်တွေ့သွားခဲ့သည်။

“ မင်းဘာလုပ်နေတာလဲ “ ဟု ရှောင်ဟေးက မအောင့်ထားနိုင်တော့ဘဲ မေးမြန်းလိုက်သည်။

လုချန်ရှန်းက ကျောက်တုံးကြီးတစ်တုံးအောက်တွင် ထိုင်နေသည်မှာ အလွန်ပင် ဇဝေဇဝါဖြစ်ဖွယ်ကောင်းလှသည်။

လုချန်ရှန်းက အေးအေးလူလူ ပြန်ပြောလိုက်သည် “ ပျော်ရွှင်မှုကို ခံစားကြည့်နေတာလေ “

ရှောင်ဟေး : “ … “

သူဇဝေဇဝါဖြစ်သွားသော်လည်း လုချန်ရှန်းမှာ မျက်တောင်ပင်မခတ်သွားခဲ့ချေ။

အဆိုပါ ဖြစ်စဥ်က အတော်ပင် ရှုပ်ထွေးလွန်းနေခဲ့ပြီး သူ၏ တာအိုကားချပ်က စွမ်းအင်များ ဆက်တိုက်ဖြည့်သွင်းနေခံနေရကာ သူကိုယ်တိုင်မှာလည်း ကြောင်အမ်းအမ်း ဖြစ်သွားခဲ့ရသည်။ ၎င်းက သူကြုံတွေ့ခဲ့ဖူးသမျှထဲတွင် အလွယ်ကူဆုံးသော ကျင့်ကြံရေး ဖြစ်နိုင်ပေသည်။

သူတော်စင်အဖြစ် နေခဲ့ရသည့် နေ့ရက်များထပ်ပင် ပိုမိုလွယ်ကူနေခဲ့ပြီး စွမ်းအင်များ အခမဲ့ ရရှိသည်ဟု ပြောဆိုမည်ဆိုလျှင်တောင်မှ ၎င်းက ချဲ့ကားပြောဆိုရာ ရောက်လိမ့်မည် မဟုတ်ပေ။

ရှောင်ဟေးမှာလည်း ဘာမှထပ်မပြောလာတော့ပေ။ ထို့အစား သူသည် တိတ်တဆိတ်သာ စောင့်ကြည့်နေခဲ့သည်။ သူသည် အဆက်မပြတ် ရုန်းကြွပေါက်ထွက်လာနေသည့် အသက်စွမ်းအင်များကို ခံစားမိနေခဲ့ရာ အံ့ဩတုန်လှုပ်သွားခဲ့သည်။ သူသည် ဤကမ္ဘာပေါ်တွင် ထိုမျှကြွယ်ဝသော အသက်စွမ်းအင်မျိုး ရှိနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

၎င်းကို မြင်လိုက်ရသောအခါတွင် ရှောင်ဟေးမှာ တစ်စုံတစ်ခုကို စဥ်းစားမိသွားကာ ရှေးဟောင်းစာအုပ်တစ်အုပ်ကို ဆွဲထုတ်၍ စတင်၍ လှန်လှောဖတ်ရှုနေတော့သည်။

၎င်းကို မြင်လိုက်ရသောအခါတွင် လုချန်ရှန်းက စကားထပ်ပြောလာခဲ့၏ “ ရှောင်ဟေး မလောပါနဲ့။ ငါ့ဟာငါ ခံစားကြည့်ပြီးရင် မင်းအလှည့်ရောက်လာမှာပါ “

ရှောင်ဟေးကမူ မည်သို့မျှ မတုံ့ပြန်လိုက်ဘဲ မျက်မှောင်တကြုတ်ကြုတ်သာ ဖြစ်သွားခဲ့သည်။

ထိုအခိုက်အတန့်တွင် လုချန်ရှန်း၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ရာ စွမ်းအားများ ပေါက်ထွက်လာခဲ့သည်။ သူ့အပေါ်တွင် အင်မော်တယ် အလင်းတန်းများ ဝိုင်းရံနေသည့် စာလိပ်တစ်ခုဖြစ်တည်လာခဲ့ပြီး ၎င်းထံမှ အဆုံးမဲ့ ကြယ်မြစ်နှင့် ကြောက်မက်ဖွယ်ရာ စွမ်းအင်များ ပေါ်ထွက်လာခဲ့၏။

တာအိုကားချပ်မှာ အပြည့်အဝ ပုံပေါ်နေခဲ့ပြီဖြစ်ပြီး ရောင်ခြည်တစ်ခုကို ထုတ်လွှတ်နေခဲ့သည်။ ချက်ချင်းဆိုသလိုပင် ၎င်းက ဤကမ္ဘာငယ်တစ်ခုလုံးကို လင်းထိန်သွားစေသည့် အဆုံးမဲ့ နတ်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။

လုချန်ရှန်းက ပျော်ရွှင်ဝမ်းမြောက်သွားခဲ့သည်။ တာအိုကားချပ် ပုံပေါ်သွားပြီဖြစ်သောကြောင့် ပြဿနာအားလုံးက ပြဿနာ မဖြစ်နိုင်တော့ပေ။ သို့ရာ၌ ကျောက်တုံးကို ပြန်ကြည့်ချိန်တွင် ၎င်းကို ဝိုင်းရံနေသည့် အလင်းတန်းများက အနည်းငယ် မှိန်ဖျော့သွားသည်ကို သူမြင်တွေ့လိုက်ရသည်။

စွမ်းအင်အများစုက သူ၏ စုပ်ယူခြင်းကို ခံလိုက်ရပြီး မူလအခြေအနေသို့ ပြန်လည်ရောက်ရှိကာ ထိုမျှများပြားသော အသက်စွမ်းအင်များကို ပိုင်ဆိုင်ရန်အတွက် အချိန်အတိုင်းအတာတစ်ခုအထိ ထပ်မံ၍ စုဆောင်းရမည် ဖြစ်သည်။

“ ဟူး ရှောင်ဟေးရေ နှမြောဖို့ကောင်းတယ်။ ငါအားလုံး သုံးလိုက်မိပြီ။ အဲ့လိုမှမဟုတ်ဘူးဆိုရင် မင်းကိုလည်း နည်းနည်းလောက် ပေးပျော်ခိုင်းလို့ရတယ် “

လုချန်ရှန်း နောင်တတစ်ချို့ပင် စကားထပ်ပြောနေတော့၏။

သို့သော် ထိုအခိုက်အတန့်တွင် ‌ရှောင်‌ဟေးက လုချန်ရှန်းကို ငေးကြည့်နေကာ ခေါင်းတခါခါ ဖြစ်သွားခဲ့သည် “ နှမြောနေစရာ မလိုပါဘူး “

“ အဲ့ဒီကြွယ်ဝတဲ့ အသက်ဓာတ်က ဘယ်တောင် အံ့ဩဖို့ကောင်းလိုက်လဲ။ မင်း ……. “

“ ငါသိတယ် “ ရှောင်ဟေးက ပြန်ပြောလိုက်သည် “ အဲ့တာက မြေရိုင်းကျောက်တုံးလေ။ အဲ့တာကို ဝိုင်းရံနေတဲ့ ချီက မူလအသက်ချီ။ အဲ့တာက ကြွယ်ဝတဲ့ အသက်ချီကို မွေးထုတ်ပေးနိုင်ပြီးတော့ အဆုံးမရှိ အသုံးဝင်တယ် “

ထိုစကားကို ကြားလိုက်ရသောအခါတွင် လုချန်ရှန်းက သူ့ကို နှစ်သိမ့်ပေးနေတော့သည် “ ဝမ်းမနည်းပါနဲ့။ ငါမင်းအတွက် အခွင့်အလမ်းတစ်ချို့ရှာပေးမယ်။ မင်းကို လက်ဗလာနဲ့ ထွက်သွားခိုင်းမှာ မဟုတ်ဘူး “

ရှောင်ဟေးက တုံ့ပြန်လိုက်၏ “ ငါ့ကို နှစ်သိမ့်ပေးနေစရာ မလိုပါဘူး။ တကယ်တော့ ငါကပဲ မင်းကို နှစ်သိမ့်ပေးသင့်တာ “

“ ငါ့ကို နှစ်သိမ့်ပေးမှာလား “ လုချန်ရှန်းမှာ ဇဝေဇဝါ ဖြစ်သွားကာ မေးမြန်းနေတော့သည် “ ဘာဖြစ်လို့လဲ “

“ မင်းက တော်တော်ကြီးကို ကံဆိုးတော့မှာမို့လို့ပဲ “

--

……………………………………………………………………………………………………………………………………………

All Chapters