အခန်း ၃၅၄
Vol. 24 Ch. 354
အပိုင်း ( 354 )
အဲ့တာက အကြောင်းနဲ့အကျိုးလေ။ ခြိမ်းခြောက်တာ မဟုတ်ဘူး
“ ကံဆိုးတာလား “
လုချန်ရှန်းမှာ အံ့ဩမှင်သက်သွားခဲ့သည်။
ရှောင်ဟေးက ခေါင်းငြိမ့်ပြလိုက်သည်။
လုချန်ရှန်းမှာ မျက်မှောင်ကြုတ်သွားကာ စကားထပ်ပြောနေတော့သည် “ ရှောင်ဟေး ငါမင်းအတွက် မချန်ထားချင်တာ မဟုတ်ဘူး။ အကုန်လုံးကို မတော်တဆ သုံးမိသွားတာ။ မင်းအတွက် တစ်ခုခု ရှာပေးမယ်လို့ ပြောခဲ့ပြီးသားလေ။ ငါ့ကို အဲ့လို အလိမ်အညာစကားလုံးတွေနဲ့ ခြောက်လှန့်နေဖို့ လိုအပ်လို့လား။ ငါလုချန်ရှန်းက ကြောက်တတ်တဲ့လူမျိုးလား “
“ ဟက် “ ရှောင်ဟေးက လှောင်ပြောင်နေတော့၏ “ မင်းငါ့ကို မယုံဘူးလား “
“ မင်းဘယ်လိုထင်လို့လဲ “
“ အဲ့တာဆိုရင်လည်း ကြိုးစားကြည့်လိုက်လေ။ မင်းက ထွက်သွားနိုင်သေးလားဆိုတာကို ကြည့်လိုက်ကြတာပေါ့ “
“ အဲ့တာက ဘာခက်နေလို့လဲ။ အေး …… မင်းမေကလွှား “
လုချန်ရှန်းမှာ တအံ့တဩဖြင့် အော်မိသွားခဲ့သည်။ သူက ကျောက်တုံးအောက်မှ ထွက်ရန်ပြင်လိုက်သော်လည်း ကျောက်တုံးက ထိုနေရာတွင် မျောလွင့်နေစဲဖြစ်ပြီး ၎င်းထံမှ အမျိုးအမည်မသိရသော စွမ်းအားတစ်ခု ဆင်းသက်လာခဲ့၏။
သူသည် ကျောက်တုံးကို တွန်းထုတ်ဖယ်ရှားရန် ကြိုးစားနေခဲ့သည်။ သို့သော် အဆိုပါ ကြိုးစားအားထုတ်မှုက အချည်းနှီးသာ ဖြစ်ခဲ့ရလေသည်။ ကျောက်တုံးကို တောင်ပေါင်းသောင်းနှင့်ချီ၍ ဖိချထားသည့်အလား ဖြစ်နေခဲ့ကာ ၎င်းက တစ်စင်တီမီတာမျှပင် မရွေ့သွားခဲ့ပေ။
လုချန်ရှန်း အံ့ဩတုန်လှုပ်သွားခဲ့သည်။ သူ၏ ဓမ္မစွမ်းအား ပေါ်ထွက်လာခဲ့ပြီး ၎င်းက တောင်တန်းနှင့် ပင်လယ်ပြင်တို့ကို လှုပ်ရမ်းသွားစေနိုင်သော်လည်း သူ့ဦးခေါင်းအထက်တွင် ရှိနေသည့် ကျောက်တုံးမှာ မလှပ်မယှက်တည်ငြိမ်နေခဲ့သည်။
သူက ၎င်းကို မည်သို့မျှ မမတင်နိုင်တော့ပေ။
“ အခုတော့ ငါ့ကို ယုံပြီလား “ ရှောင်ဟေးက ဝမ်းသာပီတိဖြစ်နေသော လေသံမျိုးဖြင့် အေးအေးလူလူ စကားထပ်ပြောနေတော့၏။
“ ဘာတွေဖြစ်နေတာလဲဟ “
လုချန်ရှန်းက မအောင့်ထားနိုင်တော့ဘဲ မေးမြန်းလာခဲ့သည်။
ရှောင်ဟေးက ပြန်ပြောလိုက်သည် “ အဲ့တာက အပျက်အစီးကျောက်တုံးလေ။ ငါသိသလောက်အရဆိုရင် အဲ့တာက မဟာတောရိုင်း နန်းတော်နဲ့ သက်ဆိုင်ဖူးတယ်။ အဲ့တာရဲ့ ဇစ်မြစ်ကိုတော့ မှတ်တမ်းမတင်ထားဘူး။ အဲ့အချိန်တုန်းက ဒီနေရာမှာ ကျန်ခဲ့တာ ………. “
“ ဘာကိစ္စ အသုံးမဝင်တာတွေကို ပြောနေရတာလဲ “
“ ရိုးရိုးရှင်းရှင်း ပြောရမယ်ဆိုရင် အပျက်အစီးကျောက်တုံးက ထူးခြားတယ်။ မဟာတောရိုင်း နန်းတောရဲ့ ရှေးခေတ်ပညာရှင်တွေက တစ်စုံတစ်ခုကို ဖိနှိပ်ဖို့အတွက် အဲ့တာကို ဒီနေရာမှာ ချန်ထားခဲ့တာ။ တကယ်လို့ မင်းက အသက်စွမ်းအားကို စုပ်ယူလိုက်မယ်ဆိုရင် ကံကြွေးကို သယ်ဆောင်ထားရမယ် “
“ ဘာကံကြွေးလဲ “
“ ငါလည်း မသိဘူး “
လုချန်ရှန်း : “ … “
သူသည် သူ့ဦးခေါင်းအထက်တွင် ရှိနေသည့် ကျောက်တုံးကြီးကို မော့ကြည့်နေမိတော့သည်။ သူသည် ထိုကဲ့သို့ဖြစ်နေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူသည် သူ၏ တာအိုကားချပ်ကို ချက်ချင်းအသက်သွင်းကာ ချုပ်နှောင်မှုမှ လွတ်မြောက်ရန် ကြိုးပမ်းလိုက်သည်။ သို့သော် အဆိုပါ ကျောက်တုံးကို ထိန်းချုပ်ကန့်သတ်ထားသည့် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခုရှိနေခဲ့သည်။
သူသည် အမျိုးမျိုးသော နည်းလမ်းများကို အသုံးပြု၍ ကြိုးပမ်းနေတော့သည်။ ရှောင်ဟေးကမူ ဆက်လက်၍ စာဖတ်နေခဲ့ပြီး ကောက်ချက်ထပ်ချနေတော့သည်။
“ ကိစ္စတစ်ခု ရှိသေးတယ်။ အပျက်အစီး ကျောက်တုံးရဲ့ အသက်စွမ်းအားတွေ အပြည့်အဝ စုပ်ယူခံလိုက်ရတာနဲ့ ကံကြွေး ပေါ်လာလိမ့်မယ်။ ရှင်းရှင်းလင်းလင်း ပြောရမယ်ဆိုရင် မင်းဆီမှာ အခွင့်အရေးတစ်ခု ရှိနေသေးတယ် “
လုချန်ရှန်းက အံ့ဩမှင်သက်သွားခဲ့သည်။ အထက်တွင် ရှိနေသည့် အသက်စွမ်းအင်မှာ တုန်ခါမျောလွင့်နေသော်လည်း များများစားစား ကျန်မနေတော့ပေ။
သူသည် ၎င်းတို့ကို ငေးကြည့်ကာ အတွေးယာဥ်ကြောအတွင်းသို့ ကျဆင်းသွားခဲ့သည်။
သူ၏လက်ဟန်များ အဆက်မပြတ် ပြောင်းနေကာ အမျိုးမျိုးသော နိယာမများ ပေါ်ထွက်လာခဲ့ပြီး ချုပ်နှောင်မှုကို ရိုက်ချိုးရန် ကြိုးပမ်းနေခဲ့သည်။
သူက ပထမဦးဆုံးအကြိမ်အဖြစ် ဖိနှိပ်ချုပ်နှောင်ခံလိုက်ရခြင်း ဖြစ်သည်။ သူသည် ထိုကဲ့သို့ ဖြစ်လာလိမ့်မည်ဟု မည်သို့မျှ မမျှော်လင့်ထားခဲ့ပေ။
ထိုကာလအတွင်းတွင် သူသည် အပျက်အစီး ကျောက်တုံးက အနည်းငယ် တုန်ခါနေပြီး သူ့တင်ပါးအောက်တွင် ရှိနေသည့် တောင်တန်းကပါ ရွေ့လျားနေကာ တစ်စုံတစ်ခု ပြန်လည်ရှင်သန်ထမြောက်လာသည့်အလား စွမ်းအင်လှိုင်းလေးများ ဖြစ်ပေါ်နေခဲ့သည်။
လုချန်ရှန်းသည် ၎င်းကို အာရုံခံမိနေသော်လည်း တစ်ခွန်းမှ မပြောလိုက်ပေ။ ထိုစဥ် အသံတစ်သံ ဖြည်းဖြည်းချင်း ပေါ်ထွက်လာခဲ့သည်။
“ ဘာမှအားကုန်ခံမနေနဲ့။ အဲ့ဒီတားမြစ်ချက်ကို သူတော်စင်တစ်ပါးက လုပ်ခဲ့တာ။ မင်းရဲ့ ကျင့်ကြံရေးနဲ့ အဲ့တာကိုမချိုးဖျက်နိုင်ဘူး “
“ ဘယ်သူလဲ “
လုချန်ရှန်းက တအံ့တဩဖြင့် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်သော်လည်း မည်သူ့ကိုမှ မမြင်တွေ့ခဲ့ရပေ။ အဆုံးတွင် သူသည် သူ၏တင်ပါးအောက်သို့ ငုံ့ကြည့်လိုက်သည်။
အချိန်အတော်ကြာခဲ့ပြီးသည့်နောက်တွင် ထိုအသံ ထပ်မံ၍ ပေါ်ထွက်လာခဲ့ပြန်သည်။
“ ကံကြွေး “
“ ??? “ လုချန်ရှန်းမှာ တစ်ခဏခန့် အံ့ဩမှင်သက်သွားပြီး မအောင့်ထားနိုင်တော့ဘဲ ထပ်မံ၍ မေးမြန်းလိုက်သည် “ မင်းကို ကံကြွေးလို့ခေါ်တာလား “
အောက်ဘက်တွင် ရှိနေသော အရာ : “ … “
နှစ်ဖက်စလုံး တစ်ခဏခန့် တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။
အချိန်အတိုင်းအတာတစ်ခုအထိ ကြာခဲ့ပြီးသည့််နောက်တွင် ထိုအသံက စကားထပ်ပြောလာခဲ့၏ “ မင်းရဲ့ အဖော် ပြောသလိုပဲ။ အပျက်အစီး ကျောက်တုံးရဲ့ အသက်စွမ်းအားကို အကုန်အစင် စုပ်ယူလိုက်မယ်ဆိုရင် မင်းက ကံကြွေးကို သယ်ဆောင်ထားရမယ်။ ငါက အဲ့ဒီကံကြွေးပဲ “
“ မင်းက ဘယ်လိုကံကြွေးမျိုးလဲ။ ငါသယ်နိုင်မသယ်နိုင်ဆိုတာကို အရင်ကြည့်လိုက်ကြတာပေါ့ “
ထိုကဲ့သို့ ဖြစ်လာခဲ့ပြီဖြစ်သောကြောင့် လုချန်ရှန်းထံတွင် တစ်ခြားသော ရွေးချယ်စရာ မရှိတော့ပေ။ သူက တစ်စုံတစ်ဦး၏ ပစ္စည်းကို ယူခဲ့ပြီးပြီဖြစ်သောကြောင့် ကံကြွေးကို သယ်ဆောင်ထားရပေမည်။
ထိုအသံက စကားထပ်ပြောလာခဲ့၏ “ မင်းရဲ့ ခန္ဓာကိုယ်ကို ငါလိုချင်တယ်။ မင်းက ငါ့ကို ခေါ်သွားပေးပေါ့ “
“ ပူးကပ်တာလား “
“ အနည်းနဲ့အများပေါ့ “
လုချန်ရှန်းက အံ့ဩတကြီး ဖြစ်သွားကာ ပြန်ပြောလိုက်သည် “ အန်ထုတ်ပြီးတော့ မင်းဆီကို ပြန်ပေးလိုက်မယ်ဆိုရင် နောက်မကျသေးဘူးမလား “
“ မင်းဘာထင်နေတာလဲ ………. “
အဲ့တာက ပြန်ပေးလို့ရတဲ့ ကိစ္စလား။ ဘယ်လိုပြန်ပေးမှာလဲ။
လုချန်ရှန်းက စကားထပ်ပြောနေတော့၏ “ မင်းက လူတွေကို လှည့်စားဖို့အတွက် ထောင်ချောက်ဆင်ထားတာ မဟုတ်ဘူးလား။ ချီလေးနည်းနည်းလေးအတွက်နဲ့ ငါ့ရဲ့ ခန္ဓာကိုယ်ကို သိမ်းချင်နေတယ်ပေါ့။ မင်းက အရိုးသားဆုံးလူတစ်ယောက်ကို အနိုင်ကျင့်နေတာပဲ “
“ မင်းက အဲ့တာကို ယူပြီးသွားပြီလေ “
“ အဲ့တာကို ငါအသိအမှတ်မပြုဘူး “
လုချန်ရှန်းက သူ၏ စိတ်ကို တင်းထားလိုက်၏။ ကံကြွေးကို ထမ်းပိုးထားရခြင်းက အဆင်ပြေသော်လည်း သူ၏ခန္ဓာကိုယ်ကို လက်လွှတ်လိုက်ရခြင်းက အဆင်မပြေလှပေ။
ထိုအသံက စကားထပ်ပြောလာခဲ့၏ “ အသက်စွမ်းအားတွေက မင်းခန္ဓာကိုယ်ထဲကို ရောက်သွားပြီ။ မင်းဆီမှာ ရွေးချယ်စရာ မရှိတော့ဘူး။ နောက်ဆုံး အသက်စွမ်းအားတွေ မင်းရဲ့ ခန္ဓာကိုယ်ထဲကို ဝင်သွားတဲ့ အချိန်ကျရင် ငါက မင်းရဲ့ ခန္ဓာကိုယ်ကို သိမ်းမယ် “
ထို့နောက်တွက် အပျက်အစီး ကျောက်တုံးက အနည်းငယ် တုန်ခါလာခဲ့ပြီး ကျန်ရှိနေသည့် အသက်စွမ်းအားတို့မှာ လုချန်ရှန်းထံသို့ တိုးဝင်သွားကာ သူ၏ ခန္ဓာကိုယ်နှင့် ပေါင်းစည်းရန် ကြံရွယ်နေကြတော့သည်။
သူ၏ မှော်စွမ်းအား ချက်ချင်းပေါက်ထွက်လာခဲ့ကာ အဆိုပါ အခွင့်အလမ်းကို တားဆီးပိတ်ဆို့ရန် ကြိုးပမ်းနေတော့သည်။ သူက ၎င်းကို မည်သို့မျှ လက်မခံနိုင်ပေ။
သို့ရာတွင် ထိုအသံက စကားထပ်ပြောလာခဲ့ပြန်သည် “ အသုံးမဝင်ဘူး။ အဲ့တာက သူတော်စင်တစ်ပါး ချန်ထားခဲ့တဲ့ နည်းလမ်းတစ်ခု။ မင်းရဲ့ ကျင့်ကြံရေးနဲ့ဆိုရင် မင်းက အဲ့တာကို မတားနိုင်ဘူး “
“ မင်းကိုယ်တိုင်ပဲ ပြောခဲ့တာ။ အဲ့တာက သူတော်စင်ရဲ့ နည်းလမ်း မင်းရဲ့ နည်းလမ်း မဟုတ်ဘူး “
လုချန်ရှန်းမှာ အံကြိတ်ကာ ကန်းယွင်ကားချပ်ကို အသက်သွင်းရန် ပြင်လိုက်သည်။ သို့သော် ၎င်းက သေဆုံးသွားသည့်အလား ဖြစ်နေခဲ့သည်။ သူ၏ ဓားဆန္ဒနှင့် မိုးကြိုးနည်းစနစ်များ ပေါ်ထွက်လာသော်လည်း အဆိုပါ စွမ်းအားက နေရာအနှံ့ ပျံ့လွင့်နေခဲ့ပြီး သူက အဆိုပါ အခွင့်အလမ်းကို မငြင်းပယ်နိုင်ခဲ့ပေ။
ရွေးချယ်စရာ မရှိတော့သောကြောင့် သူသည် အသက်ကို ပြင်းပြင်းရှရှ ရှူသွင်းကာ လက်ဟန်များစွာ ပြုလုပ်လိုက်သည်။ ရုတ်တရက်ဆိုသလိုပင် တာအိုကားချပ်တစ်ခု ပေါ်ထွက်လာခဲ့ပြီး သူ့ဘေးနားတွင် မျောလွင့်နေကာ သူ့ကို ကာကွယ်ပေးလာခဲ့၏။
တာအိုကားချပ်က တိုက်စားမှုကို တားဆီးပိတ်ဆို့ပေးခဲ့ပြီး အသက်စွမ်းအင်များက အပြင်ဘက်တွင်သာ ကျန်ရှိနေခဲ့သည်။
ထိုအသံမှာလည်း အံ့ဩတကြီး ဖြစ်သွားခဲ့သည်။
“ မူလတာအိုကားချပ် ….. မင်းက တကယ်ထူးခြားတာပဲ “
လုချန်ရှန်းက ပြန်ပြောလိုက်သည် “ အဲ့တာက ဘယ်လောက်စွမ်းလဲဆိုတာကို သိရင် ရပြီ။ အခုချက်ချင်း ရပ်လိုက်တော့။ နောက်မကျသေးဘူး “
“ ဒါပင်မဲ့ မင်းက အခွင့်အလမ်းကို ရခဲ့ပြီးပြီလေ။ အဲ့တာကြောင့် ကံကြွေးကို ယူမှရမယ် “
“ ခင်ဗျားက ကျုပ်ကို ခြိမ်းခြောက်နေတာလား “ လုချန်ရှန်းမှာ မျက်မှောင်တကြုတ်ကြုတ် ဖြစ်သွားခဲ့သည်။
ထိုအသံက စကားထပ်ပြောလာခဲ့၏ “ အဲ့တာက ခြိမ်းခြောက်တာ မဟုတ်ဘူး။ ကံကြွေးပဲ “
စကားပြောဆိုနေရင်းဖြင့် လုချန်ရှန်းသည် တောင်တန်းထံမှ ပေါ်ထွက်လာသည့် စွမ်းအားက အပျက်အစီး ကျောက်တုံးအား သူနှင့်ယှဥ်ပြိုင်ရန် နှိုးဆွပေးနေကြောင်းကို အာရုံခံမိသွားခဲ့သည်။
ထိုကာလအတွင်းတွင် သူက သဲလွန်စတစ်ခုကိုပါ ရှာဖွေတွေ့ရှိခဲ့လေသည်။
“ အို့ မင်းက ရှေးဦးဝိညာဥ်ရဲ့ အပိုင်းအစတစ်ခုပဲ “
“ ဟုတ်တယ် “
“ ရှေးဦးဝိညာဥ် အပိုင်းအစလေးတစ်ခုက ငါ့ကို ဖိနှိပ်ချင်နေတယ်ပေါ့။ မင်းက ဘာကိစ္စမသေလိုက်ရတာလဲ။ ငါမင်းကို ဘဝကူးကောင်းအောင် လုပ်ပေးမယ်။ တရားချပေးနိုင်တဲ့ ကတုံးမြည်း တော်တော်များများကို ငါသိတယ်။ မင်းက အသက်ဆယ့်ရှစ်နှစ်အရွယ်မှာတင် ငကြမ်းကောင်တစ်ကောင် ဖြစ်စေရမယ်ဆိုတာကို ငါအာမခံတယ် “
လုချန်ရှန်း ထိုကဲ့သို့ ရုန်းကန်နေစရာမလိုဘူးဆိုသည်နှင့် နှစ်ဖက်စလုံးက နောက်တစ်လှမ်း ဆုတ်သင့်သည်ဟု ဖျောင်းဖျဆွဲဆောင်ရန်ကြိုးပမ်းနေခဲ့သည်။
သို့ရာတွင် တစ်ဖက်လူက နားထောင်ရန် ငြင်းဆန်ခဲ့ပြီး သူ၏ ခန္ဓာကိုယ်ကို သိမ်းယူရန်အတွက်သာ ဆက်လက်ကြိုးပမ်းနေခဲ့သည်။ ၎င်းက ဝိညာဥ်စစ်စစ်သာလျှင် မဟုတ်သော်လည်း အကြမ်းတမ်းဆုံးသော စကားလုံးများကို အတည်ငြိမ်ဆုံး လေသံဖြင့် ပြောဆိုနေခဲ့သည်။
ဘုမ်းးး
အဆုံးတွင် ကြောက်မက်ဖွယ်ရာ စွမ်းအားများ အဆက်မပြတ် ပေါက်ထွက်လာခဲ့သည်။
ရှောင်ဟေးမှာလည်း ဤနေရာမှ ဆုတ်ခွာသွားခဲ့သည်။ အဆိုပါ ကျောက်တုံးကို မတင်ရန် ကူညီပေးနေသည့်အလား သူ၏ မှော်စွမ်းအားများ မြင့်တက်လာခဲ့သည်။
သို့ရာတွင် အကျိုးသက်ရောက်မှုက အလွန်တရာ ဆိုးရွားနေခဲ့ပြီး ပိုမိုအားကောင်းသော စွမ်းအားများ လိုအပ်နေခဲ့၏။
“ အသုံးမဝင်ဘူး။ တစ်စုံတစ်ယောက်က မင်းရဲ့ နေရာကို မယူမချင်း မင်းထွက်သွားနိုင်မှာ မဟုတ်ဘူး “
“ အဲ့လို အသုံးမဝင်တာတွေ မပြောစမ်းနဲ့။ ငါက အခွင့်အလမ်းကို ရခဲ့တယ်ဆိုပင်မဲ့ မင်းက ငါ့ခန္ဓာကိုယ်ကို သိမ်းချင်လို့ ကြိုမပြောခဲ့တာ။ အဲ့တာက လိမ်လည်မှုပဲ။ မင်းက ရှေးဦးဝိညာဥ်ရဲ့ အစိတ်အပိုင်းလေးတစ်ခုပဲလေ။ ဒါပင်မဲ့ မင်းက ကျိုးကြောင်းဆီလျော်မှု မရှိဘူး။ တစ်နေ့လုံး အချိန်ဖြုန်းရမယ်ဆိုရင်တောင်မှ ငါမင်းကို လျှာထွက်အောင် လုပ်မယ် “
လုချန်ရှန်းက စိတ်ပိုင်းဖြတ်လိုက်၏ “ မင်းက လူသားမျိုးနွယ်စုဝင်လေ။ မင်းဆီမှာ မှော်စွမ်းအား ဘယ်လောက် ရှိနိုင်မှာမို့လို့လဲ “
လုချန်ရှန်းက ဘာမှပြန်မပြောလိုက်ပေ။ သူ၏ မှော်စွမ်းအားများ မြင့်တက်လာခဲ့ပြီး တာအိုကားချပ်ကို ဖွင့်ဟကာ ခေါင်းမာမာဖြင့် ခုခံနေတော့၏။ နှစ်ဖက်စလုံးက ရှေ့မတိုးသာနောက်မဆုတ်သာ အခြေအနေတွင် ရှိနေခဲ့ပြီး စက္ကန့်တိုင်းတွင် မှော်စွမ်းအား အများအပြား ကုန်ခမ်းသွားခဲ့သည်။
၎င်းသာလျှင် မဟုတ်ဘဲ လုချန်ရှန်းသည် သူ့ကို ဖိနှိပ်နေသည့် အပျက်အစီးကျောက်တုံးက သူ့ကို ဖိနှိပ်ရုံသာ ပြုလုပ်နိုင်ပြီး ကုန်ခမ်းသွားသော ချီတို့ကို ပြန်လည်ဖြည့်တင်းရန် အပြင်ကမ္ဘာမှ ချီများ ပြန်လည်စုပ်ယူခြင်းအား မတားဆီးနိုင်ဘူးဆိုသည်ကို သိရှိသွားခဲ့သည်။
သူ၏ များပြားလွန်းလှသော မှော်စွမ်းအားများကို မဆိုထားနှင့်။ အကယ်၍ ပတ်ဝန်းကျင်ရှိ ချီများ ခမ်းခြောက်သွားမည်ဆိုလျှင်တောင်မှ သူ့အတွက် ချီများ စုပ်ယူပေးနိုင်သည့် ကောင်းကင်ဝါးမျိုငှက်တစ်ကောင် အပြင်ဘက်တွင် ရှိနေသေးသည်။
သို့ရာတွင် နှစ်ဖက်စလုံးက ရှေ့မတိုးသာနောက်မဆုတ်သာ အခြေအနေဖြင့်သာ တစ်နေ့လုံး ကျန်ရှိနေခဲ့သည်။
အောက်ဘက်ရှိ အသံမှာလည်း တအံ့တဩဖြစ်သွားခဲ့သည်။ ၎င်းသည် မွေးရာပါ ဝိညာဥ်နယ်ပယ် ကျင့်ကြံသူတစ်ဦးက ထိုမျှနက်ရှိုင်းသော မှော်စွမ်းအားများကို ပိုင်ဆိုင်ထားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ ရှောင်ဟေးမှာ ချီများကို ဘက်ပေါင်းစုံမှ စုစည်းခဲ့ပြီးပြီ ဖြစ်သည်။
၎င်းမှာ နောက်ဆုံးအချိန်အထိ တိုက်ပွဲဝင်ရန် ပြင်ဆင်ထားခြင်းဖြစ်ပြီး ဖြစ်နိုင်ခြေမှာလည်း မနိမ့်ပါးလှပေ။
အဆုံးတွင် ၎င်းက ဆုံးဖြတ်ချက်တစ်ခုချကာ စကားထပ်ပြောလာခဲ့သည်။
“ အဲ့ကိစ္စကို ထပ်ပြီးတော့ ဆွေးနွေးကြရင်ကော ဘယ်လိုလဲ “
--
………………………………………………………………………………………………………………………………………