← Chapters

အခန်း ၃၅၇

Vol. 24 Ch. 357

အခန်း ၃၅၇

Vol. 24 Ch. 357

အပိုင်း ( 357 )

တစ်ခုရွေးလိုက်

လန်ချန်းက လုချန်ရှန်းကို စိတ်ဝင်တစား ငေးကြည့်နေခဲ့သည်။

သို့ရာတွင် သူသည် အသက်စွမ်းအားကိုသာ အဓိက အာရုံစိုက်နေခဲ့လေသည်။ အဆိုပါ အခွင့်အလမ်းက လူတိုင်းကို ဆွဲဆောင်နေခဲ့ပြီး ၎င်းက အထက်နယ်မြေမှာပင် အလွန်တရာ ရှားပါးသည့် ပစ္စည်းတစ်ခု ဖြစ်သည်ဟု ညွှန်းဆိုမည်ဆိုလျှင်တောင်မှ ၎င်းက ချဲ့ကားပြောဆိုရာရောက်လိမ့်မည် မဟုတ်ပေ။

သို့ရာတွင် အခြေအနေများ ရှုပ်ထွေးသွားကို ကြောက်ကြသောကြောင့် မည်သူကမှ လုချန်ရှန်း၏ အထောက်အထားကို ပေါ်တင်မထုတ်ဖော်ဝံ့ကြပေ။

ကူချန်ကျွင်းက ဤနေရာတွင် ရှိနေသော်လည်း သူ၏ ဟန့်တားနိုင်စွမ်းက အတော်ပင် အားကောင်းနေသေး၏။ အကယ်၍ ဖြတ်သွားဖြတ်လာတစ်ဦးက ဤကိစ္စကို မြင်တွေ့သွားမည်ဆိုပါက အတော်ပင် ပြဿနာတက်သွားလိမ့်မည် ဖြစ်သည်။

လန်ချန်းက စကားပြောနေခဲ့ပြီး လုချန်ရှန်းက သူ့ကို အပြည့်အဝ လျစ်လျူရှုထားခဲ့သည်။ လန်ချန်းက မျက်မှောင်ကြုတ်ကာ စကားထပ်ပြောနေတော့သည် “ မင်းက တကယ်ကို မောက်မာတာပဲ။ ငါ့ကို လျစ်လျူရှုထားမှာလား “

လုချန်ရှန်းက လူအုပ်ကြီးကို ငေးကြည့်ရုံသာ ကြည့်လိုက်ပြီး မည်သို့မျှ မတုံ့ပြန်လိုက်ပေ။ ထို့အစား သူသည် အောက်ဘက်သို့ အသံပို့လွှတ်လိုက်သည် “ ငါလက်လျှော့တယ် “

“ မင်းက မင်းရဲ့ ရုပ်ခန္ဓာကို လက်လျှော့လိုက်တော့မှာလား။ အချိန်အကြာကြီး မသိမ်းပိုက်ထားဘူးလို့ ငါမင်းကို ကတိပေးတယ်။ ဒီနေရာက ထွက်သွားတာနဲ့ ရုပ်ခန္ဓာတစ်ခု ဖွဲ့စည်းပြီးတော့ ငါချက်ချင်း ထွက်သွားပေးမယ် “ ဟု ရှေးဦးဝိညာဥ်က တုံ့ပြန်လာခဲ့၏။

လုချန်ရှန်းက ပြန်ပြောလိုက်သည် “ မဖြစ်နိုင်ဘူး။ ဆုတောင်းလိုက် “

“ မင်းက ကတိကို ချိုးဖျက်တော့မှာလား “

“ မင်းက ငါ့ကို ရုပ်ခန္ဓာတစ်ခု တည်ဆောက်ပေးတာနဲ့ ငါထွက်သွားမယ်လို့ သဘောတူထားကြတာလေ “

“ ဟုတ်တယ်လေ “

လုချန်ရှန်းက စကားဆက်ပြောနေတော့၏ “ မင်းအရှေ့မှာ လူတွေအများကြီးပဲ။ တစ်ယောက်ရွေးလိုက် “

ထိုစကားကို ကြားလိုက်ရသည့်အချိန်တွင် ရှေးဦးဝိညာဥ်မှာ လုံးဝအံ့ဩမှင်သက်သွားခဲ့သည်။ ၎င်းက သူမမျှော်လင့်ထားသည့် ကိစ္စတစ်ခု ဖြစ်သည်။

သူသည် မည်ကဲ့သို့ ရွေးချယ်ရမှန်းမသိ ဖြစ်သွားခဲ့သည်။ လူတစ်ဦးထံ၌ ရွေးချယ်စရာများ ရှိနေသည့် အချိန်တွင် ရောင့်ရဲတင်းတိမ်လိုစိတ် မရှိကြပေ။

ယခင်ကကဲ့သို့ပင် သူ့ထံတွင် မည်သည့်ရွေးချယ်စရာမှ မရှိခဲ့ပေ။ အကယ်၍ လုချန်ရှန်းက ယုန်တစ်ကောင်ပေးမည်ဆိုလျှင်တောင်မှ သူက ၎င်းကို လက်ခံလိုက်မည်ဖြစ်သည်။ သို့သော် ယခုတွင်မူ အရာအားလုံးက ကွဲပြားသွားခဲ့ပြီ ဖြစ်သည်။

လုချန်ရှန်းမှာလည်း စတင်၍ မိတ်ဆက်ပေးနေတော့သည် “ အဲ့လူတွေ အကုန်လုံးက ကောင်းပါတယ်။ အဖြူရောင် ဝတ်စုံနဲ့ အဲ့တစ်ယောက်ကို ကြည့်လိုက်။ သူ့ရဲ့ စွမ်းရည်က မဆိုးဘူး။ သူက မွေးရာပါ ဝိညာဥ်နယ်ပယ် ကျင့်ကြံရေးကို ပိုင်ဆိုင်ထားတယ်။ ငါသူနဲ့ တိုက်ဖူးတယ်။ သူက တော်တော်လေးကို အကြမ်းခံတယ် “

သူက ပိုင်ပိုင်ဟီအကြောင်းကို ပြောပြနေတော့လေသည်။

ရှေးဦးဝိညာဥ်က တုံ့ပြန်လာခဲ့၏ “ အဲ့တစ်ယောက်က လုပ်နိုင်မှာ မဟုတ်ဘူး “

“ အဲ့တာဆိုရင် အဲ့တစ်ယောက်ကရော သူ့နာမည်က ရှောင်ထျန်ချန်း။ သူက ထျန်းရီမြင့်မြတ်နယ်မြေရဲ့ သူတော်စင် မွေးရာပါ ဝိညာဥ်အဆင့်၉ ကျင့်ကြံရေးကို ပိုင်ဆိုင်ထားတယ်။ ငါက သူ့ကို စမ်းသပ်ခဲ့ပြီးပြီ။ သူ့ရဲ့ စွမ်းရည်နဲ့ တိုက်ခိုက်ရေးစွမ်းအားက ထူးခြားတယ်။ သူက နတ်ဆိုးနတ်ဘုရား အရင်းအမြစ်နဲ့ ပေါင်းစပ်ခဲ့ပြီးတော့ အဲ့တာက သူ့ကို ပိုပြီးတော့ ကြောက်စရာကောင်းအောင် ပိုကြမ်းအောင် လုပ်ပေးခဲ့တယ် “

“ ညစ်ပတ်လွန်းတယ် “

“ ညစ်ပတ်တာလား “ လုချန်ရှန်းမှာ တအံ့တဩဖြစ်သွားခဲ့သည်။

ရှေးဦးဝိညာဥ်က စကားထပ်ပြောလာခဲ့၏ “ အဲ့တာက တကယ့်နတ်ဆိုး နတ်ဘုရား အရင်းအမြစ် မဟုတ်ဘူး။ မသန့်စင်ဘူး “

လုချန်ရှန်းက ပြန်ပြောလိုက်၏ “ မင်းက အတော်လေး ချေးများလွန်းနေတာပဲ “

“ တစ်ခြားလူတွေ မရှိတော့ဘူးလား “

“ တကယ်လို့ မရှိတော့ဘူးဆိုရင် အထက်လောကရဲ့ အဲ့တစ်ယောက်ကို ရွေးလိုက်မယ်။ သူ့ကြည့်ရတာတော့ လူလိုပါပဲ။ ဒါပင်မဲ့ ဟွာရှုနယ်ပယ်ကို ရောက်နေပြီ “

ရှေးဦးဝိညာဥ်က ထပ်ပြောနေတော့သည် “ အဲ့မိန်းမက မဆိုးဘူး “

ဟမ်

လုချန်ရှန်းက ချက်ချင်းပြန်ပြောလိုက်သည် “ မင်းရဲ့ အမြင်က တော်တော်ကောင်းတာပဲ “

“ ထူးခြားတဲ့ အကြောင်းပြချက်တစ်ခုခု ရှိလား “

“ သူမက တော်တော်လေးကို ထူးခြားတဲ့ပုံပဲ “

“ မင်းက အဲ့တာကိုပါ မြင်ရတာလားဟ “ ရှေးဦးဝိညာဥ်သည် လုချန်ရှန်း၏ အမြင်က ထိုမျှကောင်းမွန်လိမ့်မည်ဟု မထင်မှတ်ထားသောကြောင့် တအံ့တဩဖြစ်သွားခဲ့သည်။

လုချန်ရှန်းက ပြန်ပြောလိုက်သည် “ မသိသာဘူးလားဟ “

ရှေးဦးဝိညာဥ်သည် သူကဲ့သို့ ပညာမျက်လုံးရှိသူတစ်ဦး ရှိနေလိမ့်မည်ဟု မမျှော်လင့်ထားသောကြောင့် ချက်ချင်းစိတ်လှုပ်ရှားသွားခဲ့သည်။

“ ထပ်ပြီးတော့ ပြောပြဦး “

လုချန်ရှန်းက တုံ့ပြန်လိုက်၏ “ ဘာထပ်ပြောစရာ လိုနေလို့လဲ။ သူမရဲ့ နာမည်ကို ကြားလိုက်ရုံနဲ့ သူမက ထူးခြားတယ်ဆိုတာကို သိနိုင်တယ်လေ “

“ နာမည်လား “

“ ဟုတ်တယ် “

“ ကြည့်လိုက်။ သူတို့က အပြာရောင် မျိုးနွယ်စုကလေ။ ပြီးတော့ သူ့နာမည်က လန်လင်းတဲ့။ မျိုးနွယ်စုကို အစွဲပြုပြီးတော့ နာမည်ပေးထားတာက ပြဿနာကို မီးမောင်းထိုးနေတယ်မဟုတ်ဘူးလား “

“ အဲ့တာလား “ ဟု ရှေးဦးဝိညာဥ်က မေးမြန်းလိုက်၏။

လုချန်ရှန်းက ဇဝေဇဝါဖြင့် ပြန်မေးလိုက်သည် “ တစ်ခြားဟာ ဘာရှိသေးလို့လဲ “

ရှေးဦးဝိညာဥ်မှာ တစ်ခဏခန့် ဆွံ့အသွားခဲ့သည်။ သူသည် လုချန်ရှန်း၏ စကားက အတော်ပင် အဓိပ္ပါယ်ရှိနေသည်ဟု ခံစားနေခဲ့ရပြီး မည်ကဲ့သို့ ငြင်းခုန်ရမှန်းမသိ ဖြစ်သွားခဲ့သည်။

ထိုကဲ့သို့ ကြောင်းကျိုးဆီလျော်သော သုံးသပ်ချက်မျိုးက ရှားပါးလွန်းလှသည်။

ရှေးဦးဝိညာဥ်က မငြင်းပယ်လိုက်ဘဲ ထပ်မံ၍ မေးမြန်းနေတော့သည် “ မင်းထွက်သွားလို့ မရဘူးလေ။ လူတစ်ယောက်ကို ဆွဲသွင်းဖို့ ဘယ်လိုလုပ်မယ်လို့ စီစဥ်ထားလဲ “

ယခုလက်ရှိအချိန်တွင် ရှေးဦးဝိညာဥ်က မထွက်သွားနိုင်ဘူးဆိုပါက လုချန်ရှန်းမှာလည်း ထွက်သွားနိုင်လိမ့်မည် မဟုတ်ပေ။

လုချန်ရှန်းက ပြန်ပြောလိုက်သည် “ တကယ်လို့ ငါထွက်သွားလို့မရဘူးဆိုရင် သူတို့ကို အထဲဝင်ခိုင်းလိုက်လို့ရတယ် မဟုတ်ဘူးလား “

နှစ်ဖက်စလုံးက ရုန်းကန်နေကြတော့သည်။ ရှေးဦးဝိညာဥ်သည် အပြင်ထွက်လိုသည့်အတွက် လုချန်ရှန်းကို ထွက်ချင်တိုင်းထွက်ခွင့် မပြုလိုခဲ့ပေ။ ထို့အပြင် သူသည် အပြင်သို့ ရောက်ရှိသွားချိန်တွင် လုချန်ရှန်းက ကတိဖျက်ကာ ထွက်ပြေးသွားမည်ကို ကြောက်ရွံ့နေခဲ့သည်။

“ ရှည်ရှည်ဝေးဝေး လျှောက်ပြောမနေနဲ့။ ဘယ်တစ်ယောက်ကိုပဲ ကြိုက်ကြိုက် အထဲဝင်ခိုင်းလိုက်။ မင်းမကြိုက်တဲ့လူတွေကို အပြင်မှာပဲ ပိတ်ဆို့ထားလိုက် “ ဟု လုချန်ရှန်းက ပြောလိုက်၏။

သို့သော် သူကိုယ်တိုင်မှာလည်း အတော်ပင် ကူရာကယ်ရာမဲ့နေခဲ့သည်။ အကယ်၍ သူကသာ အပြင်ထွက်ရမည်ဆိုပါက သူလိုချင်သည့်လူကို တိုက်ရိုက်ဖမ်းဆီးနိုင်မည်ဖြစ်သည်။ သို့သော် တစ်ဖက်လူက အတော်ပင် ခေါင်းမာနေခဲ့လေသည်။

သူ့ကို လွှတ်ပေးရန် ဆန္ဒမရှိသောကြောင့် တစ်စုံတစ်ဦးကို ဆွဲသွင်းရုံသာ ပြုလုပ်နိုင်တော့ပေသည်။ တစ်ဖက်လူက ဝင်ရောက်လာသည်နှင့်တစ်ပြိုင်နက် သူချက်ချင်းလွတ်မြောက်သွားမည်ဖြစ်သည်။

မကြာခင် အချိန်မှာပင် သူသည် သူ၏ဦးခေါင်းကို မော့ကာ သူ့အရှေ့တွင် ရှိနေသည့် လူအုပ်ကြီးကို ကြည့်၍ ပြုံးစိစိ ဖြစ်သွားခဲ့သည်။

လန်ချန်းက ထပ်ခါတလဲလဲ စကားပြောနေခဲ့သော်လည်း မည်သည့်တုံ့ပြန်မှုကိုမှ ပြန်မရသွားခဲ့ပေ။

ထိုစဥ် လုချန်ရှန်းက ပထမဦးဆုံးအကြိမ်အဖြစ် တုံ့ပြန်လိုက်သည် “ မင်းက ဒီမှာ ဘာတွေလာဆူနေတာလဲ။ သေချင်နေတာလား “

ထိုစကားတစ်ခွန်းက လူတိုင်းကို တအံ့တဩဖြစ်သွားစေခဲ့၏။

လူအုပ်ကြီးမှာ အံ့ဩမှင်သက်သွားခဲ့သည်။ သူတို့က ၎င်းကို မမျှော်လင့်ထားခဲ့ပေ။ သူတို့က လုချန်ရှန်းနှင့်ပတ်သက်သည့် ကောလဟာလ တော်တော်များများကို ကြားဖူးထားခဲ့ပြီး သူက မောက်မာ ဘဝမြင့်သည်ဟု လူတိုင်းက ဆိုထားသော်လည်း ထိုမျှလောက်အထိ ဖြစ်နေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

သူ့ပါးစပ် ဖွင့်ဟလာသည်နှင့်တစ်ပြိုင်နက် လူတိုင်းကို အော်ငေါက်နေခဲ့၏။

တစ်စုံတစ်ဦးက ဒေါသထွက်သွားကာ အေးစက်စွာ တုံ့ပြန်လိုက်သည် ” ခွေးသူတောင်းစား မင်းက ဘယ်သူ့ကို စကားပြောနေလဲဆိုတာကို သိလား။ ဘယ်လိုတောင် မောက်မာနေရဲရတာလဲ “

အထောက်အထားအရဆိုပါက ဤလူအားလုံးက အမှန်ပင် အံ့ဖွယ်ကောင်းနေခဲ့လေသည်။ အထက်နယ်မြေ၏ အင်အားစုကြီးများ ထျန်းရီမြင့်မြတ်နယ်မြေ၏ သူတော်စင် ကောင်းကင်ဘုံ အကယ်ဒမီ၏ လူများနှင့် အနည်းငယ်မျှသော လူတစ်စုက ပုန်းကွယ်နေသော မိသားစုများ၏ အမွေခံများ ဖြစ်သည်။

သူတို့အနက်မှ မည်သူမဆို ခေါင်းမြင့်မြင့်မော့ကာ သွားလာနိုင်ကြပေသည်။

သို့သော် တစ်ဖက်လူက သူတို့ကို မျက်လုံးထဲပင် မထည့်ချေ။

လုချန်ရှန်းက ထိုစကားကို ကြားလိုက်ရသော်လည်း မည်သို့မျှ ငြင်းခုန်မနေခဲ့ပေ။ သူသည် ပေါ့ပေါ့ပါးပါး ငေးကြည့်ကာ စကားတစ်ခွန်းသာ ပြန်ပြောလိုက်သည်။

“ အမှိုက် “

ချက်ချင်းဆိုသလိုပင် တစ်ကမ္ဘာလုံး အချိန်ရပ်တန့်သွားသည့်အလား တိတ်ဆိတ်ငြိမ်သက်သွားကာ လူတိုင်းက မယုံကြည်နိုင်ဖြစ်နေသော အမူအရာများဖြင့် လုချန်ရှန်းကို ငေးကြည့်နေကြတော့သည်။

ယခုလက်ရှိ ဤနေရာတွင် ရှိနေသည့်လူများအနက် ပိုင်ပိုင်ဟီတစ်ဦးတည်းကသာလျှင် သူနှင့် ပွင့်ပွင့်လင်းလင်း ဆက်ဆံခဲ့ဖူးပြီး ထိုလူမှာ နောက်ဆုံးအကြိမ်အဖြစ် သူတို့တွေ့ခဲ့ရစဥ် အချိန်ကပင် ထိုမျှလောက်မောက်မာမနေခဲ့ပေ။

လန်ချန်းမှာလည်း အတော်ပင် မကျေမနပ်ဖြစ်နေလျက်ရှိသည်။ သူက အောက်လော၏ သတ္တဝါတစ်ကောင်နှင့် ရန်ဖြစ်ရမည်ကို ရွံရှာစက်ဆုပ်သော်လည်း ထိုလူက သူ့ကို ထိုကဲ့သို့ စော်ကားရဲလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

သူတို့၏ အမူအရာများ အလွန်တရာ ဆိုးရွားနေသည့် အချိန်တွင် လုချန်ရှန်းက စကားဆက်ပြောနေတော့သည် “ ဘာကိစ္စ စိုက်ကြည့်နေတာလဲ။ မင်းတို့ မျက်လုံးတွေကို ဖောက်ထုတ်ပေးရမလား “

လူတိုင်း ထပ်မံ၍ အံ့ဩတုန်လှုပ်သွားခဲ့ရပြန်သည်။

“ မောက်မာချက် “

အပြာရောင် ဝိညာဥ်မျိုးနွယ်စု၏ လူတစ်ဦးက အေးစက်စွာ အော်ဟစ်လိုက်သည်။

လုချန်ရှန်းက တုံ့ပြန်လိုက်၏ “ ဒီမှာ လာအော်နေရအောင် မင်းက ဘာကောင်မို့လို့လဲ။ မင်းတို့ မိသားစုမှာ လူကြီးတွေ မရှိဘူးလား “

“ မင်း ……… “

ထိုလူ၏ အမူအရာ ပြာနှမ်းသွားခဲ့သည်။

“ ဟက် ” လန်ချန်းက လှောင်ပြောင်ရင်းဖြင့် ရှေ့တစ်လှမ်းတိုးကာ စကားဝင်ပြောနေတော့သည် “ ငါကရော “

“ မင်းလား “ လုချန်ရှန်းက သူ့ကို ခြေအစခြေအဆုံး တစ်ချက်မျှ ငေးကြည့်လိုက်ပြီး သူ၏ အကြည့်ကို ပြန်ရုတ်ကာ တုံ့ပြန်လိုက်သည် “ သာမန်ကာလျှံကာလောက်ပါပဲ “

လန်ချန်းမှာ အံ့ဩမှင်သက်သွားခဲ့သည်။

သူသည် တစ်ဖက်လူက ထိုစကားကို ပြောလာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ လူတစ်ယောက်က ဘယ်လိုလုပ် အဲ့လောက်တောင် မောက်မာနေနိုင်ရတာလဲ။ သူက ဘယ်နှနှစ်မို့လို့လဲ။ သူက အဲ့ယုံကြည်ချက်တွေကို ဘယ်ကရတာလဲ။ ကူချန်ကျွင်းကြောင့်ပဲလား။

ကူချန်ကျွင်းကို အားကိုးနေတာက မှန်ကောင်းမှန်နေနိုင်ပင်မဲ့ အခု သူဒီမှာ မရှိဘူးလေ။ သူက ဘာ့ကြောင့် အဲ့လောက်တောင် ရဲတင်းနေရတာလဲ။

လူတစ်စုမှာ ဒေါသတကြီး ဖြစ်သွားခဲ့ကြသည်။ သူတို့က ထိုလူ့ထပ် ပိုမိုမောက်မာသည့် လူကို မမြင်ဖူးခြင်း မဟုတ်ဘဲ ထိုလူက ဒေါသထွက်ချင်စရာ အကောင်းဆုံး ဖြစ်နေသောကြောင့် ဖြစ်သည်။

ရှောင်ထျန်ချန်းက အေးစက်စွာ စကားဝင်ပြောလာခဲ့၏ “ ဒီလိုဖြစ်နေလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး။ မင်း ………. “

“ မင်းမထင်ထားတာတွေ အများကြီးရှိတယ်။ မင်း အရာရာတိုင်းကို မျှော်လင့်ထားတယ်ဆိုရင် ကောင်းကင်ဘုံကို ပျံတက်သွားရမှာ မဟုတ်ဘူးလား “

လုချန်ရှန်းက တစ်ခွန်းပြီးတစ်ခွန်းပြောဆိုနေခဲ့ကာ သူ၏ မောက်မာမှုကို မည်သို့မျှ မဖုံးကွယ်ထားခဲ့ပေ။

ရှောင်ထျန်ချန်းမှာ အံ့ဩမှင်သက်သွားခဲ့သည်။ ထိုလူမှာ စကားတစ်ခွန်းတည်းဖြင့် သူ့ကို အံတကြိတ်ကြိတ်ဖြစ်သွားစေခဲ့သည်။

ထိုမြင်ကွင်းကို စောင့်ကြည့်နေသည့် ရှောင်ဟေးကပင် မည်သို့မျှ သည်းမခံနိုင်တော့ဘဲ လုချန်ရှန်းကို နှစ်ချက်မျှ ထတီးချင်သွားခဲ့သည်။

လန်ချန်းက ထပ်မံ၍ လှောင်ပြောင်နေတော့၏ “ ဘယ်လောက်တောင် လျှာစောင်းထက်လိုက်လဲ။ နောက်ကျရင် မင်းက အဲ့လိုဆက်ဖြစ်နေနိုင်ဦးမလားဆိုတာကို ငါသိချင်မိတယ် “

“ ဘာကိုဆိုလိုတာလဲ။ ငါ့ကိုတိုက်ခိုက်ချင်နေတာလား “

“ မင်းဘယ်လိုထင်လို့လဲ “ လန်ချန်းက ရက်စက်ကြမ်းကြုတ်တော့မည့် အရိပ်အငွေ့များ စွန်းထင်းနေသည့် အမူအရာမျိုးဖြင့် ပြုံးပြလိုက်သည်။

သို့သော် တစ်ပြိုင်နက်ဆိုသလိုပင် သူ၏ အပြုံးမှာ အေးခဲတောင့်တင်းသွားခဲ့ရသည်။

ထိုအခိုက်အတန့်တွင် လုချန်ရှန်း၏ စကားသံ ထပ်မံ၍ ပေါ်ထွက်လာခဲ့ပြန်သည် “ မင်းလား။ မင်းက ငါ့ကို တိုက်ခိုက်ချင်နေတယ်ပေါ့။ မင်းလှည့်စားချင်နေတာလား(ဒါမှမဟုတ်) အသက်ရှင်ရတာ ပင်ပန်းနေလို့လား “

--

………………………………………………………………………………………………………………………………………….

All Chapters