အခန်း ၃၆၀
Vol. 24 Ch. 360
အပိုင်း ( 360 )
ပြတ်သားသော
ဤနေရာတွင် မည်သူမှ မရှိသကဲ့သို့ အနီးအနားရှိ အခွင့်အလမ်းများ လုယက်ခံထားရသည်မှာ အချိန်အတော်ကြာနေခဲ့ပြီဖြစ်ပြီး မည်သည့်သက်ရှိသတ္တဝါကမှ ဤနေရာသို့ မရောက်ရှိလာတော့ပေ။
လုချန်ရှန်းက တင်ပျဥ်ခွေထိုင်ချလိုက်ပြီး ယခင်ကထပ်ပင် ပိုမိုစိတ်လှုပ်ရှားသွားခဲ့သည်။
ဤကိစ္စမတိုင်ခင် အချိန်က တာမူလ အိုကားချပ်မှာ အကြီးမားဆုံး အတားအဆီးတစ်ခုဖြစ်သော်လည်း ယခုတွင်မူ ၎င်းက ပြီးပြည့်စုံသွားခဲ့ပြီဖြစ်ကာ သူက ဝိညာဥ်ကျောက်တုံး ပမာဏ အများအပြားကို သန့်စင်ခဲ့ပြီးပြီ ဖြစ်၏။
သူက ဟွာရှုနယ်ပယ်နှင့် သိပ်မဝေးလှတော့ပေ။
ရှောင်ဟေးကမူ ဘေးတစ်ဖက်မှ စောင့်ကြည့်နေခဲ့ပြီး လုချန်ရှန်း၏ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကို ခံစားနေနိုင်ခဲ့၏။
အဆိုပါ ခံစားချက်က အတော်ပင် ကြောက်မက်ဖွယ်ကောင်းနေခဲ့ပြီး မွေးရာပါ ဝိညာဥ်နယ်ပယ်ကို ကျော်လွန်နေခဲ့ကာ ဟွာရှုနယ်ပယ် ပညာရှင်တစ်ဦးကပင် ထိုကဲ့သို့သော ခံစားချက်မျိုးကို မပေးစွမ်းနိုင်ခဲ့ပေ။
သူက မွေးရာပါ ဝိညာဥ်နယ်ပယ်တွင် ရှိနေစဲဖြစ်သော်လည်း သူက မွေးရာပါ ဝိညာဥ်နယ်ပယ်ထပ် သာလွန်နေခဲ့ပြီဖြစ်သည်။ ၎င်းက နတ်တောင်တန်းတစ်ခုကို မော့ကြည့်ရသည့်အလားဖြစ်နေသည့် လက်လှမ်းမမှီသော ခံစားချက်မျိုးဖြစ်သည်။
ဝှစ်
ထိုအချိန်၌ သူ့အနောက်ဘက်တွင် တာအိုကားချပ် ဖြစ်တည်လာခဲ့ပြီး ၎င်းထံတွင် မြစ်ပြင်များ ကမ္ဘာမြေ အပြာရောင် ကောင်းကင်ပြင်နှင့် ကြယ်များ ပါဝင်နေခဲ့ပြီး ၎င်းတို့ကို လျှို့ဝှက်ဆန်းကြယ်ကာ အဆုံးမဲ့သော စွမ်းအားက အဖော်ပြုပေးနေခဲ့ပြီး ကောင်းကင်ဘုံကို ရောင်ပြန်ဟပ်နေလျက်ရှိ၏။
၎င်းမှာ နည်းလမ်းအားလုံးက သူ့အပေါ်တွင် အကျိုးသက်ရောက်မှုမရှိဘဲ သူက ဤကမ္ဘာအတွင်းရှိ အရာအားလုံးကို ဖိနှိပ်နိုင်သည့်အလား ဖြစ်နေခဲ့သည်။
“ အဆင့်တူက လူဘယ်နှယောက်က သူ့ပြိုင်ဘက် ဖြစ်နိုင်မှာလဲ “
ရှောင်ဟေးက တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေတော့၏။ အဆင့်တူတိုက်ပွဲများတွင် လုချန်ရှန်း ရှုံးနိမ့်သွားသည်ကို သူတစ်ကြိမ်တစ်ခါမှ မမြင်ခဲ့ဖူးချေ။
ရှောင်ဟေး၏ အတွေးများ လှုပ်ခတ်နေခဲ့ပြီး အဆုံးတွင် သူက သူ၏ အတွေးများကို ချုပ်တည်းလိုက်ကာ ပြုံးနေတော့သည်။
ထိုအချိန်တွင် လုချန်ရှန်းကပါ လှုပ်ရှားလာခဲ့သည်။ သူ၏ပတ်ပတ်လည်တွင် ကောင်းကင်ဘုံ လည်ထွက်သွားသည့်အလား အလင်းတန်းများ လိမ်ယှက်လာခဲ့၏။ မူလတာအို ကားချပ်က အဆိုပါ အလင်းတန်းများနှင့် ပေါင်းစည်းသွားပြီး ဝိညာဥ်ကျောက်တုံးများစွာ ပေါ်ထွက်လာခဲ့ကာ ဝိညာဥ်ချီများအဖြစ် အသွင်ပြောင်း၍ သူ၏ ခန္ဓာကိုယ်အတွင်းသို့ တိုးဝင်သွားတော့သည်။
ဝိညာဥ်ကျောက်တုံး သန်းတစ်ရာကျော်က ဖုန်မှုန့်များအဖြစ် အသွင်ပြောင်းသွားပြီး သူ၏ ပတ်ပတ်လည်တွင် အဆုံးမဲ့ မှော်စွမ်းအားများ မြင့်တက်လာခဲ့ကာ အဆုံးမဲ့ မြစ်ပြင်ကျယ်ကြီးများက နောက်ပြန်စီးဆင်းနေသကဲ့သို့ ဘက်ပေါင်းစုံကို ပြည့်နှက်သွားစေခဲ့၏။
ထိုအခိုက်အတန့်တွင် ရှောင်ဟေးမှာ တအံ့တဩဖြစ်သွားခဲ့သည်။ ဟွာရှုနယ်ပယ်နှင့်သာ သက်ဆိုင်သည့် ထူးခြားသော အရှိန်အဝါတစ်ခုက လုချန်ရှန်းထံမှ ပေါ်ထွက်လာခဲ့သည်။
သူက ဟွာရှုနယ်ပယ်နှင့် ပိုမိုနီးကပ်သွားခဲ့ပြီဖြစ်သော်လည်း သူ့ထံတွင် ဝိညာဥ်ကျောက်တုံးများ ပြတ်လပ်နေခဲ့သည်။ ထိုကဲ့သို့သာ မဟုတ်ဘူးဆိုပါက သူအဆင့်တက်သွားသည်မှာ ကြာနေခဲ့ပြီ ဖြစ်သည်။
အချိန်များ ကုန်ဆုံးသွားကာ ပတ်ဝန်းကျင်ရှိ ဝိညာဥ်ချီများ လုံးဝပျောက်ကွယ်သွားခဲ့သည်။ လုချန်ရှန်းက မလှုပ်မယှက်ဖြင့် တင်ပျဥ်ခွေထိုင်နေစဲဖြစ်ပြီး သူရရှိထားသည့် အကျိုးအမြတ်များကို နားလည်ဆင်ခြင်နေပုံရ၏။ သုံးရက်တိတိ မည်သည့်လှုပ်ရှားမှုမှ မပေါ်ထွက်လာခဲ့ပေ။
ရှောင်ဟေးက ဘာမှမပြောဘဲ ဘေးတစ်ဖက်တွင်သာ တိတ်တဆိတ် စောင့်ဆိုင်းနေခဲ့သည်။
အဆုံး၌ လုချန်ရှန်း၏ ပတ်ပတ်လည်တွင် ရှိနေသည့် စွမ်းအားများ ပျောက်ကွယ်သွားခဲ့သည်။ သူသည် ဖြည်းဖြည်းချင်းမတ်တပ်ထရပ်လာခဲ့ပြီး လွမ်းမောတသဖြစ်နေသော မျက်ဝန်းများဖြင့် အဝေးသို့ ရုတ်တရက် ငေးကြည့်နေတော့လေသည်။
“ ဘာဖြစ်တာလဲ “ ရှောင်ဟေးမှာ ဇဝေဇဝါ ဖြစ်သွားခဲ့သည်။
ထိုအကောင်မှာ ယခုလေးတင် အဆင်ပြေနေခဲ့သော်လည်း ရုတ်တရက်ဆိုသလိုပင် ငေးငေးငိုင်ငိုင် ဖြစ်သွားခဲ့သည်။
လုချန်ရှန်းက တုံ့ပြန်လိုက်၏ “ ရောက်ခါနီးလေးပါကွာ “
ရှောင်ဟေးမှာ အံ့ဩမှင်သက်ကာ နားမလည်နိုင်ဖြစ်သွားပြီး သူဖျားနေသည်ဟုသာ မှတ်ယူလိုက်လေသည်။
မည်သို့ပင်ဆိုစေကာမူ သူက လုချန်ရှန်း၏ ထူးဆန်းသော အမူအကျင့်များနှင့် ပတ်သက်၍ နေသားကျနေခဲ့ပြီဖြစ်ပြီး အသွင်အပြင်ကို ကြည့်ရခြင်းအားဖြင့် ထိုအကောင်မှာ တစ်ခဏခန့် ဒရမ်မာခင်းနေဦးမည့်ပုံပင်။
လုချန်ရှန်းက သတိပြန်ဝင်လာသည့် အချိန်တွင် သူတို့နှစ်ဦးစလုံး ထပ်မံ၍ ထွက်ခွာသွားတော့ပြန်သည်။
ခပ်ဝေးဝေးသို့ မသွားရသေးခင် အချိန်မှာပင် သူတို့သည် အပြာရောင် ဝိညာဥ်မျိုးနွယ်စုက လူငယ်တစ်ဦးကို အသည်းအသန် ရှာဖွေနေသည်ဆိုသည့်သတင်းကို ကြားသိလိုက်ကြရ၏။
တစ်ခဏခန့် နားထောင်နေခဲ့ပြီးသည့်နောက်တွင် ရှောင်ဟေးမှာ မည်သည့်အတွက်ကြောင့်လဲဆိုသည်ကို သိနေခဲ့သော်လည်း ဇဝေဇဝါ ဖြစ်သွားခဲ့သေး၏။
“ သူတို့က မင်းဆိုတာကို မသိကြဘူးလား “
လုချန်ရှန်းက အပြုံးဖြင့် ပြန်ပြောလိုက်သည် “ သိတာပေါ့ “
သူ၏ အသွင်အပြင်ကို ထွင်းဖောက်မြင်နိုင်ရန်အတွက် မှော်ပစ္စည်းများကို အသုံးပြုနိုင်သည့် လူများ ရှိနေခဲ့သည်။
ထို့ကြောင့် သူသည် သူ၏ မူလအသွင်အပြင်ကိုသာ ပြန်လည်ပြောင်းလဲထားခဲ့လေသည်။
၎င်းကို ကြားလိုက်ရသောအခါတွင် ရှောင်ဟေးက နားလည်သဘောပေါက်သွားခဲ့သည်။ အကယ်၍ သူတို့ကသာ ထိုအကောင့်ကို အမည်တပ်ခြင်း(သို့) ဆုကြေးထုတ်ခြင်းတို့ ပြုလုပ်လိုက်မည်ဆိုပါက ၎င်းမှာ သူတို့က လုချန်ရှန်းကို တိုက်ခိုက်ခဲ့သည်ဟု ဝန်ခံလိုက်သည့်အလား ဖြစ်သွားလိမ့်မည် မဟုတ်လော။
၎င်းက ကူချန်ကျွင်းကို မလွဲမသွေ ဒေါသထွက်သွားစေလိမ့်မည် ဖြစ်သည်။
အပြာရောင် ဝိညာဥ်မျိုးနွယ်စုက အထက်နယ်မြေမှ လာကာ အစွမ်းထက် ပညာရှင်များစွာကို ပိုင်ဆိုင်ထားသော်လည်း ၎င်းတို့က အရေးပါ အရာရောက်နေမည်လော။
အကယ်၍ အစွမ်းထက် ပညာရှင်တစ်ဦး ဆင်းသက်လာမည်ဆိုလျှင်တောင် ရလဒ်က မပြောင်းလဲသွားဖို့သာ များ၏။ ကူချန်ကျွင်းက နတ်ဘုရားနယ်ပယ် ပညာရှင်တစ်ဦးကို သူထင်ကိုယ်ထင် တိုက်ခိုက်နိုင်ကြသည်ဟု ဆိုကြ၏။ အမျိုးမျိုးသော မြင့်မြတ်နယ်မြေများတွင် ထိုနယ်ပယ် ပညာရှင်များ ပြတ်လပ်ခြင်း မရှိဘဲ သူတို့က ကူချန်ကျွင်းကို ရန်မစလိုခြင်းသာလျှင် ဖြစ်နေခဲ့သည်။
ထို့ကြောင့် အပြာရောင် ဝိညာဥ်မျိုးနွယ်စုက ကိုယ့်အားကိုယ်ကိုး၍ ရှာဖွေနေကြခြင်းဖြစ်ပြီး သူတို့ကသာ ထိုကိစ္စကို မဖော်ထုတ်လိုက်သရွေ့ ထွက်ပေါက်တစ်ခု ရှိနေပေလိမ့်မည်။
“ အခုရော ဘာလုပ်ကြမှာလဲ “ ဟု ရှောင်ဟေးက မေးမြန်းလိုက်၏။
“ ဟက် “
ထိုစဥ် လုချန်ရှန်းက အေးစက်စွာ ရယ်မောနေတော့သည်။ ထို့နောက်တွင် သူသည် ဖြည်းဖြည်းချင်း ပြန်ပြောလိုက်သည် “ သူတို့တွေက သနားဖို့ကောင်းတဲ့ လူတစ်စုလေ။ ဘာကိုကြောက်နေရမှာလဲ “
ရှောင်ဟေး : “ … “
တစ်ချို့သော အကြောင်းအရင်များကြောင့် တိုတောင်းသော စကားတစ်ခွန်းက မောက်မာမှု ကြီးစိုးမှု ပြိုင်ဘက်ကင်းမှု ဒေါသများ ပါဝင်နေသည်ဟု သူခံစားလိုက်ရ၏။
“ ဟွာရှုနယ်ပယ်ကို ရောက်တော့မဲ့ လူတစ်ယောက်က အဲ့လိုပဲလား “
အခုတောင် ဒီလိုဖြစ်နေပြီ အဆင့်သာတက်သွားရင် ဘာတွေ ဖြစ်လာနိုင်မလဲ။
ယခုလက်ရှိ အခြေအနေကို အကဲခတ်ကြည့်ရခြင်းဖြင့် ထိုအကောင်မှာ အဆင့်တက်ပြီးသည့်နောက်တွင် မြင့်မြတ်နယ်မြေတစ်ခုဆီသို့ တိုက်ရိုက် ပြေးဝင်သွားကာ သူတို့၏ ပင်မခန်းမ အရှေ့မှာပင် မစင်စွန့်လိမ့်မည် ဖြစ်သည်။
သူသည် ထိုအကောင်က အချိန်တိုအတွင်းမှာပင် ထိုမျှလောက်အထိ မြောက်ကြွမြောက်ကြွ ဖြစ်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
ထို့နောက်တွင် သူတို့သည် အတူတူ လှည့်ပတ်သွားလာနေခဲ့ကာ အမျိုးမျိုးသော အခွင့်အလမ်းများအကြောင်းကို စုံစမ်းမေးမြန်းခဲ့ကြသည်။
အပြာရောင် ဝိညာဥ်မျိုးနွယ်စုက သူ့ကို ရှာနေသေး၏။
သို့ရာတွင် ဤကာလအတွင်းမှာပင် သူတို့က သတင်းအပိုင်းအစတစ်ခုကို ကြားသိခဲ့ကြသည်။ ဤကမ္ဘာငယ်၏ အတွင်းပိုင်းတွင် လျှို့ဝှက်နယ်မြေတစ်ခု ပေါ်လာခဲ့ပြီး ၎င်းက မူလစွမ်းအင်များကို သယ်ဆောင်ထားပုံရ၏။
မူလစွမ်းအင်၏ ထူးခြားမှုကို ကြုံတွေ့ဖူးပြီးသားဖြစ်သည့် လုချန်ရှန်းမှာ မျက်ဝန်းများ တောက်ပသွားခဲ့သည်။
သူသည် ထိုနေရာတွင် သတ္ထုစွမ်းအင်ပါ ရှိနေသည်ကို သိရှိသွားခဲ့သည်။
၎င်းက မူလရွှေဖြစ်ပြီး အဆုံးမဲ့ အသုံးဝင်မှုကို ပိုင်ဆိုင်ထားခဲ့သည်။ အထူးသဖြင့် ဟွာရှုနယ်ပယ် ကျင့်ကြံသူများအတွက်ဖြစ်ပြီး အကောင်းဆုံးသော ပစ္စည်းများအနက်မှ တစ်ခုဖြစ်သည်ဆိုသည်မှာ မြေကြီးလက်ခတ်မလွဲပင်။
ဟွာရှုနယ်ပယ်သို့ ရောက်ရှိရန်အတွက် လူတစ်ဦးက ဓာတ်ကြီးငါးပါးကို ရင်ဘတ်အတွင်းတွင် ဖွဲ့စည်းရမည် ဖြစ်ပြီး မူလသတ္ထုချီက အတော်ပင် ထူးခြားကာ ဤကမ္ဘာပေါ်တွင် မြင်ရခဲသော အရာတစ်ခုဖြစ်သည်။
လုချန်ရှန်းမှာ တပြုံးပြုံးဖြစ်သွားခဲ့သည်။ ၎င်းက အလွန်တရာ ရှားပါးလွန်းလှပြီး သူက ဟွာရှုနယ်ပယ်သို့ အဆင့်တက်တော့မည်ဖြစ်သောကြောင့် ဓာတ်ကြီးငါးပါးကို သန့်စင်ရမည် ဖြစ်သည်။
“ တာအိုလမ်းစဥ်ကို ဒီသတ္ထုချီနဲ့ စဖွင့်လိုက်ကြတာပေါ့ကွာ “
လုချန်ရှန်းက ခမ်းမားကြီးကျယ်သော လေသံမျိုးဖြင့် ကြေညာမောင်းခတ်လိုက်ကာ သူ၏ အနာဂတ်ဘဝကို မျှော်လင့်မိသွားကာ ကဗျာရွတ်နေတော့သည်။ ဓားတစ်လက်နဲ့ ခရီးသွားမယ်။ အားနည်းသူကို အနိုင်ကျင့်ပြီးတော့ နယ်မြေတစ်ခုကို အုပ်စိုးမယ်။ ဘယ်လောက်တောင် ကြီးစိုးလိုက်သလဲ။
သူသည် အတွေးယာဥ်ကြောအတွင်းသို့ ကျဆင်းသွားခဲ့သည်။ ရှောင်ဟေးကမူ အံ့ဩမှင်သက်ကာ ဆွံ့အသွားခဲ့သည်။
သို့သော် အဝေးရှိ ဟင်းလင်းပြင်အတွင်းမှ အေးစက်စက် အသံတစ်သံ ပေါ်ထွက်လာခဲ့သည်။
“ မင်းရဲ့ ခရီးစဥ်က ဒီနေရာမှာပဲ အဆုံးသတ်သွားပြီ “
ဟမ်
ထိုစကားကို ကြားလိုက်ရသောအခါတွင် လုချန်ရှန်းက ရုတ်တရက် လှည့်ကြည့်လိုက်ပြီး ကောင်းကင်ထက်တွင် လူငယ်တစ်ဦး မတ်တပ်ရပ်နေခဲ့ကာ အစွမ်းထက် အရှိန်အဝါတစ်ခု ပျံ့လွင့်နေသည်ကို မြင်တွေ့သွားခဲ့သည်။
၎င်းက အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားသည့် ဟွာရှုနယ်ပယ် အဆင့်၁ ပညာရှင်တစ်ဦးဖြစ်ပြီး သူ၏ မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်ရသော်လည်း သတ်ဖြတ်လိုစိတ်များ ဖွဲ့တည်နေသည်ကို ထင်ထင်ရှားရှား မြင်တွေ့နေရ၏။
“ တစ်ယောက်ယောက်က လက်စားချေချင်နေတာလား “ လုချန်ရှန်း၏ မျက်ခုံးတစ်ဖက် ပင့်တက်သွားခဲ့သည်။
“ မသိသာဘူးလားဟ “ ဟု ရှောင်ဟေးက ချေပလိုက်၏။
လုချန်ရှန်းက ဇဝေဇဝါဖြင့် ပြန်မေးလိုက်၏ “ ငါက ဘယ်ကနေ ရန်သူတွေ ရလာတာလဲဟ “
ရှောင်ဟေး : “ … “
သူသည် အံ့ဩမှင်သက်ကာ ဘာပြောရမှန်းမသိ ဖြစ်သွားခဲ့သည်။
လုချန်ရှန်းသည် ထပ်မံ၍ အာရုံစိုက်မနေတော့ဘဲ ဖြည်းဖြည်းချင်း ပြန်ပြောလိုက်သည် “ ထားလိုက်ပါလေ။ အရင်က ရန်သူ မရှိခဲ့ဘူးဆိုရင်တောင်မှ အခုရှိလာပြီပဲ။ သူက ဟွာရှုနယ်ပယ် အဆင့်တစ်လေးပဲလေ။ သတ်ဖို့လိုရင် သတ်လိုက်တာပေါ့ “
ထို့နောက်တွင် သူသည် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ကောင်းကင်ထက်သို့ ရုတ်တရက် ခုန်တက်သွားပြီး ထိုနေရာဆီသို့ ပြေးဝင်သွားတော့သည်။
ထိုကဲ့သို့ ဖြစ်လာခဲ့ပြီဖြစ်သောကြောင့် ဘာမှထပ်ပြောနေရန် မလိုတော့ပေ။
အသစ်ရှောက်ရှိလာသူ၏ အကြည့်များ စူးရှသွားခဲ့သည်။ သူသည် လုချန်ရှန်းက သူ့ကို ထိပ်တိုက်ရင်ဆိုင်ရဲလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ ချက်ချင်းဆိုသလိုပင် သူ၏လက်နက်ကို ဝေ့ရမ်းလိုက်သည်။ အလင်းတန်းများ ပေါက်ထွက်လာခဲ့ကာ သူ၏ မှော်စွမ်းအားများ မြင့်တက်လာခဲ့သည်။
ပြိုင်ဘက်က မွေးရာပါ ဝိညာဥ်နယ်ပယ် ပညာရှင်တစ်ဦးမျှသာ ဆိုသည်ကို သူသိနေခဲ့သော်လည်း သူသည် မထင်မှတ်ထားသော ကိစ္စများ ဖြစ်ပေါ်ခြင်းကို ရှောင်လွှဲနိုင်ရန်အတွက် အစွမ်းအထက်ဆုံး တိုက်ကွက်ဖြင့် အပြတ်ချေမှုန်းရန် ကြံရွယ်လိုက်သည်။
ထိုအခိုက်အတန့်တွင် သူ၏ မှော်စွမ်းအားများ အပြည့်အဝ စုစည်းနေခဲ့ပြီဖြစ်ပြီး လုချန်ရှန်းမှာလည်း တောင်တန်းတစ်ခုကို ကျော်ဖြတ်ကာ အနားသို့ ရောက်ရှိနေခဲ့ပြီဖြစ်သည်။
သို့ရာ၌ ထို့နောက်စက္ကန့်ပိုင်းမျှအကြာတွင် အလင်းတန်းများစွာ ဘက်ပေါင်းစုံမှ ထောင်တက်လာခဲ့၏။ ကောင်းကင်ထက်တွင် မှော်ပစ္စည်းများ ဖြစ်တည်လာခဲ့ပြီး ပုံရိပ်များစွာ ပေါ်ထွက်လာခဲ့ကာ ၎င်းတို့အားလုံးက သူ့ကို ပစ်မှတ်ထားလာခဲ့၏။
ထိုမြင်ကွင်းက အတော်ပင် ရုတ်တရက် ဆန်လွန်းနေခဲ့ပြီး လမ်းတစ်ဝက်တွင် ရှိနေခဲ့သည့် လုချန်ရှန်းမှာ မျက်လုံးအပြူးသားဖြစ်သွားခဲ့ပြီး သူ၏ အရှိန်အဝါများ ချက်ချင်း ဝပ်ဆင်းသွားခဲ့သည်။
အရှေ့သို့ သူရွေ့လျားနေစဥ် အချိန်မှာပင် ထိုလူ၏ တိုက်ခိုက်မှုက ရုတ်တရက် ဆင်းသက်လာခဲ့သည်။ သို့သော် အရာအားလုံး လွဲချော်သွားပြီး သူ့ဆီသို့ ပျံသန်းလာသည့် လူငယ်မှာ ပုံရိပ်ယောင်တစ်ခုမျှသာ ဖြစ်နေခဲ့သည်။
ချက်ချင်းဆိုသလိုပင် သူသည် သူလာရာလမ်းအတိုင်း လှည့်ပြေးသွားပြီး ရှောင်ဟေးကို မီးဖိုအတွင်းသို့ ထည့်ကာ အဝေးသို့ ပြေးထွက်သွားတော့သည်။
--
…………………………………………………………………………………………………………………………………