အခန်း (၁၀၅-၁၀၆)
Vol. 11 Ch. 105-106
အခန်း ၁၀၅
"ဒီကျိန်စာသင့်မယ့် ချန်ကောဟွား၊ငါတို့ ကျားမိသားစုဘက်က ဝင်မပြောပေးဘူး။နောက်ဆိုရင်တော့ သေချာပေါက် ကောင်းကင်ဘုံရဲ့ ဒဏ်ခတ်မှုကို ခံရမှာပဲ"
ကျားကျန်းရှီ ပြောဆိုပြီးသည်နှင့် ချင်ဟွိုင်ယွီက အမြန်အဆန် ဖြောင်းဖျပြောဆိုလိုက်သည်။
"အမေ ချန်ကောဟွားကို အပြစ်မတင်ပါနဲ့တော့၊အခု ဦးလေးကြီးရီတောင် သူ့မျက်နှာကို ကြည့်နေရတာ"
ချင်ဟွိုင်ယွီအနေဖြင့် ချန်ကောဟွားအား အလွန်တရာ မုန်းတီးနေသည်မှာ သေချာသည်။ သို့သော် ချန်ကောဟွားကို မုန်းတီးခြင်းထက် လက်ရှိအချိန်တွင် သူမက ပန့်ကန့်အား လူငယ်ပြုပြင်ရေးစခန်းမှ ထွက်လာစေလိုပြီး တဖက်သူအား အကူအညီတောင်းခံရနိုင်ချေ ရှိသောကြောင့် ကျားကျန်းရှီအား အဆက်မပြတ် တားမြစ်နေခြင်း ဖြစ်သည်။
ချင်ဟွိုင်ယွီ၏ထိုစကားက သဘာဝကျစွာပင် ကျားကျန်းရှီ၏ မကျေမနပ်ဖြစ်မှုကို ဆွပေးလိုက်သကဲ့သို့ ဖြစ်သွားသည်။
"သူ့မျက်နှာကို ကြည့်ရမယ် ဟုတ်လား ထွီ"
ကျားကျန်းရှီက မျက်နှာထား မည်းမှောင်စွာဖြင့် ဒေါသတကြီး အော်ဟစ်လိုက်သည်။
"အဲ့ဒီနှစ်က ချန်ကောဟွားကို နှင်ထုတ်ဖို့ အဆိုပြုချက်ကို ရီကျုံးဟိုင် လက်မခံခဲ့ဘူး၊ တကယ်လို့ ငါသာ ရပ်ကွက်ရုံးကို သွားပြီး လျှောက်ထား မတင်ပြခဲ့ဘူးဆိုရင် ချန်ကောဟွား ဒီနေ့ ဒီလိုနေရာမျိုးကို ရောက်လာနိုင်ပါ့မလား"
"ဒါပေမဲ့ ဒီခွေးကောင်က ငါတို့ ကျားမိသားစုရဲ့ ကျေးဇူးကို ခံစားခဲ့ရပြီးတော့ အခု ငါတို့ ကျားမိသားစုက လူကြီးတွေအနေနဲ့လည်း ပညာပေးဆုံးမမှု ခံယူသင့်တယ်လို့ ပြောရက်တယ်"
"ဒါက ငါတို့ ကျားမိသားစုကို ရဲစခန်း ရောက်စေချင်နေတာ မဟုတ်ဘူးလား"
ကျားကျန်းရှီက အတော်လေး ရှည်လျားသော စကားတစ်ခွန်းကို ပြောဆိုလိုက်ခြင်း ဖြစ်သည်။
ထိုနှစ်က ပြဿနာများကြောင့် ကျားကျန်းရှီက ချန်ကောဟွားကို ခြံဝင်းအတွင်းမှ နှင်ထုတ်ရန် ရီကျုံးဟိုင်ထံသို့ အဆိုပြုခဲ့ဖူးသည်။ ထိုအချိန်က ရီကျုံးဟိုင်က ချန်ကောဟွားမှာ ခြံဝင်း၏ စည်းကမ်းများကို ဖောက်ဖျက်ထားခြင်း မရှိဟုဆိုကာ အဆိုပြုချက်ကို ဆက်လက်လက်မခံခဲ့ပေ။ သို့ရာတွင် ထင်မှတ်မထားသော အရာမှာ လက်ရှိအချိန်တွင် ကံကြမ္မာအလှည့်အပြောင်း ဖြစ်ပေါ်လာခဲ့ခြင်းပင် ဖြစ်သည်။
ယခုအခါ ရီကျုံးဟိုင်က ခြံဝင်းတစ်ခုလုံး၏ ရှေ့မှောက်တွင် သူတို့ ကျားမိသားစု တစ်စုလုံးကို ခြံဝင်းအတွင်းမှ နှင်ထုတ်ရန် ပြောဆိုလာသည်။ ကျားကျန်းရှီက အပြစ်များကို ချန်ကောဟွားထံသို့ လွှဲချနေသည်ကို ကြားလိုက်ရသောအခါ ချင်ဟွိုင်ယွီကလည်း အနည်းငယ် ကြမ်းတမ်းသော်လည်း အကြောင်းပြချက် ခိုင်လုံသည်ဟု တွေးတောမိလိုက်သည်။
ဤတစ်ကြိမ်တွင် ချန်ကောဟွား၏ လုပ်ရပ်မှာ အမှန်တကယ်ပင် ကောက်ကျစ်စဉ်းလဲလွန်းသည်ဟု ထင်မြင်မိသည်။
"ဒီတစ်ကြိမ်တော့ ရှားကျူးက နားလေးတဲ့အဖွားအိုကို ထွက်လာခိုင်းပြီး ကူညီပေးခဲ့လို့ ကျေးဇူးတင်ရမှာပဲ"
ချင်ဟွိုင်ယွီက သက်ပြင်းတစ်ချက်ချကာ ပြောလိုက်သည်။
အကယ်၍ ရှားကျူး၏ အကူအညီသာ မရခဲ့ပါက ယနေ့ညတွင် သေချာပေါက် အေးချမ်းစွာ နေရမည် မဟုတ်ပေ။ သို့သော် ယနေ့ကိစ္စက သူမအတွက် သတိပေးချက်တစ်ခုလည်း ဖြစ်သွားသည်။
ရှားကျူး၏ အလုပ်အကိုင် ထိခိုက်ခံရသည်ဟု ဆိုနိုင်သော်လည်း နားလေးသောအဖွားအို၏ ရင်ထဲတွင် သူ၏ နေရာမှာ အလွန်မြင့်မားနေဆဲ ဖြစ်သည်။ ဆိုလိုသည်မှာ ရှားကျူးကို အသုံးချ၍ ရနိုင်သေးသဖြင့် သူ့အား လုံးဝ ဂရုမစိုက်ဘဲ ပစ်ထား၍ မရနိုင်ကြောင်းပင် ဖြစ်သည်။
ချင်ဟွိုင်ယွီ၏ စိတ်ထဲတွင် ဤသို့ တွေးတောနေစဉ် ကျားတုန်းရွှီ၏ မျက်နှာမှာ တဖြည်းဖြည်း မည်းမှောင်လာသည်။
"ရှားကျူးကို ကျေးဇူးတင်ရမယ် ဟုတ်လား၊ရှားကျူးက တကယ်ပဲ လူကောင်းလား၊ သူ ကူညီချင်တဲ့ အကြောင်းရင်းကို မင်း ရင်ထဲ အသိဆုံးဖြစ်မှာပါ"
ကျားတုန်းရွှီက အေးစက်စွာ ပြောလိုက်သည်။ စောစောက ရွှီတမောင်း၏ စကားကြောင့် သူ အလွန်တရာ ခံပြင်းဒေါသထွက်ခဲ့ရသည်။
ပန့်ကန့်က ရှားကျူး၏ မျိုးစေ့များ ဖြစ်နေမလား၊မဟုတ်လျှင် သူ့အား မည်သည့်အတွက်ကြောင့် ထိုမျှလောက် ရင်းနှီးခင်တွယ်နေရမည်နည်း။ ယခုအခါ ချင်ဟွိုင်ယွီက ရှားကျူးအား ကျေးဇူးတင်ကြောင်း ပြောဆိုလာပြန်သည်။
မည်သည့်ယောက်ျားက မိမိ၏ မိန်းမကို အခြားယောက်ျားတစ်ယောက်နှင့် ရင်းနှီးပတ်သက်နေသည်ကို လက်ခံလိုမည်နည်း။ အထူးသဖြင့် ကလေးက မိမိ၏ သားအရင်း ဟုတ်မဟုတ်ဟူသော ပြဿနာနှင့် ပတ်သက်ဆက်နွှယ်နေချိန်တွင် ဖြစ်သည်။
"ငါနဲ့ ရှားကျူးကြားမှာ တကယ် ဘာမှမရှိပါဘူး"
ချင်ဟွိုင်ယွီက ကူကယ်ရာမဲ့စွာဖြင့် ပြန်လည်ငြင်းဆိုလိုက်သည်။ သူတစ်ပါးက မိမိ၏ မိသားစုကို ကူညီပေးသည်ကို ကျေးဇူးတင်စကားပင် မပြောလျှင် နောင်တွင် ကျားမိသားစုကို မည်သူက ကူညီပေးပါတော့မည်နည်း။
သို့သော် ကျေးဇူးတင်စကား တစ်ခွန်းမျှ အမှတ်တမဲ့ ပြောလိုက်သည်ကိုပင် ကျားတုန်းရွှီ၏ ပြင်းထန်သော ပြစ်တင်ဝေဖန်မှုကို ခံလိုက်ရသည်။
ဒီလို နေ့ရက်တွေကို နောင်မှာ ဘယ်လိုများ ဆက်ပြီး ဖြတ်သန်းရတော့မှာလဲ
"ဘာမှမရှိဘူး ဟုတ်လား၊ဒီမှာ လာပြီး ဟန်မဆောင်နေနဲ့ လူကို ရွံစရာကောင်းအောင် လုပ်နေတာပဲ"
ကျားတုန်းရွှီက ဒေါသထွက်လာပြီး စကားပြောဆိုရာတွင်လည်း ပိုမိုပြင်းထန်လာသည်။
ချင်ဟွိုင်ယွီ၏ စိတ်ထဲတွင် မွန်းကျပ်သွားပြီး မျက်လုံးအိမ်များမှာလည်း နီရဲလာကာ အလွန်တရာ သနားစဖွယ် ဖြစ်သွားသည်။ သို့ရာတွင် သူမ၏ ထိုပုံစံက ကျားတုန်းရွှီ၏ သနားကြင်နာမှုကို မရရှိစေခဲ့သည့်အပြင် ဆန့်ကျင်ဘက်အနေဖြင့် ပို၍ပင် စိတ်အနှောင့်အယှက် ဖြစ်သွားစေသည်။
"ဒီ-ာသည်မ မင်းကို ငါက မတရားစွပ်စွဲနေတာလား"
"ချန်ကောဟွား အရည်အချင်းမရှိတုန်းက ချန်ကောဟွားကို အထင်သေးခဲ့တယ်၊ အရင်က ရှားကျူး ရဲစခန်းရောက်သွားတုန်းက ရှားကျူးကို ဂရုမစိုက်ချင်ဘူး"
"မင်းမှာသာ ဒီလို မကောင်းတဲ့ အကျင့်တွေ မရှိခဲ့ရင် ပန့်ကန့်က ပစ္စည်းခိုးပါ့မလား၊ ရွှေအတုခိုးမိပြီး ရဲစခန်း ရောက်သွားပါ့မလား"
"ငါတို့ ကျားမိသားစု ဒီလိုအခြေအနေ ရောက်ရတာ အားလုံး မင်းကြောင့်ချည်းပဲ"
ကျားတုန်းရွှီက ဒေါသတကြီးဖြင့် အော်ဟစ်ဆဲဆိုတော့သည်။ သူက ချင်ဟွိုင်ယွီကို မုန်းတီးနေခြင်း ဖြစ်သည်။ အလုပ်လုပ်ရာတွင်လည်း ငွေမရှာနိုင်သည့်အပြင် သူ့အား ဦးထုပ်စိမ်း (တခြားယောက်ျားနှင့် ဖောက်ပြန်ခြင်း) ဆောင်းပေးခဲ့သေးသည်။
သူက ချန်ကောဟွားကို ပို၍ပင် မုန်းတီးနေေသးသည်။ အဘယ်ကြောင့်ဆိုသော် ယခုအခါ ချန်ကောဟွားမှာ အရည်အချင်းရှိနေပြီဖြစ်ပြီး ဤမျှလောက် အေးစက်နေနိုင်စွမ်း ရှိသောကြောင့်ပင် ဖြစ်သည်။
အကူအညီမပေးလျှင်လည်း နေပါတော့၊ယခုက လှောင်ေပြာင်သရော်မှုများကိုပင် ပြုလုပ်နေသေးသည်။
အရေးအကြီးဆုံးမှာ အကယ်၍ ချန်ကောဟွားကသာ ဝင်ရောက်ကူညီပေးရန် လိုလားခဲ့ပါက ချင်ဟွိုင်ယွီအနေဖြင့် ရှားကျူးနှင့် ရင်းနှီးအောင် လုပ်နေစရာ လိုအပ်မည် မဟုတ်ပေ။
စောစောက ရှားကျူးက နားလေးသောအဖွားအိုအား ကျားမိသားစုကို ကူညီပေးရန် သွားရောက်ရှာဖွေပေးခြင်းမှာ ပုံမှန်အချိန်များတွင် ချင်ဟွိုင်ယွီနှင့် ဆက်ဆံရေး ရင်းနှီးသောကြောင့်ပင် ဖြစ်သည်။ဤနှိုင်းယှဉ်ချက်များအောက်တွင် ကျားတုန်းရွှီမှာ ချန်ကောဟွားကို ပို၍ပင် မုန်းတီးလာတော့သည်။
"ငါ နင်နဲ့ ပတ်သက်ပြီး ဘယ်တုန်းကများ သစ္စာဖောက်တဲ့ အလုပ်မျိုး လုပ်ခဲ့ဖူးလို့လဲ"
"ငါနဲ့ ရှားကျူးကြားမှာ ဘယ်တုန်းကမှ ဘာမှမရှိခဲ့သလို ချန်ကောဟွားနဲ့ဆို ပိုလို့တောင် မဖြစ်နိုင်ဘူး၊ သူ ဝယ်ယူရေးဌာနမှူး ဖြစ်သွားပြီးကတည်းက နေရာအနှံ့ ပစ္စည်းသွားဝယ်နေရလို့ ငါနဲ့ သူ စက်ရုံမှာတောင် တစ်ခါမှ တွေ့ဆုံခဲ့ဖူးတာ မဟုတ်ဘူး"
ချင်ဟွိုင်ယွီ၏ မျက်နှာပေါ်တွင် ဝမ်းနည်းမှုများ အပြည့်အနှက်ရှိနေပြီး မျက်ရည်များပင် စီးကျလာကာ အလွန်တရာ သနားစဖွယ် ဖြစ်နေသည်။ သို့သော် ကျားတုန်းရွှီမှာ ရွံရှာစက်ဆုပ်ရုံသာရှိပြီး အနည်းငယ်မျှပင် သနားကရုဏာ သက်မိခြင်း မရှိပေ။
ထိုအချိန်တွင် ကျားကျန်းရှီ၏ မျက်လုံးများက တဖျတ်ဖျတ် လည်ပတ်သွားသည်။ သူမ ရုတ်တရက် တွေးမိသွားသည်မှာ ချန်ကောဟွားက နေ့စဉ် ဝယ်ယူရေးကိစ္စများအတွက် ပတ်ဝန်းကျင် ကျေးရွာများဆီသို့ ဟိုပြေးဒီလွှား လုပ်နေရရာ ရွှေအတုကဲ့သို့သော ရှားပါးပစ္စည်းမျိုးကို သူ ယူဆောင်လာခဲ့ခြင်းပင် ဖြစ်နိုင်၏။
သိထားရမည်မှာ ခြံဝင်းတစ်ခုလုံးတွင် ရွှေရှိသောသူ တစ်ဦးတစ်ယောက်မျှ မရှိပေ။ သို့သော် ချန်ကောဟွားမှာမူ မတူညီချေ။ ပြီးခဲ့သည့်အကြိမ်က သူ၏ မိန်းမအတွက် ရွှေလက်ကောက်တစ်ကွင်း ယူဆောင်လာပေးသည်ကို မြင်တွေ့ခဲ့ရကာ သူသည် ရွှေကို သိရှိနားလည်သူ ဖြစ်ကြောင်း သိသာနေသည်။
အထူးသဖြင့် ပန့်ကန့်၏ ရွှေမှာ ဘဏ်အနီးတွင် ကောက်ရခဲ့ခြင်းဖြစ်သည်ဟု ဆိုထားသည်။ ဘဏ်ပတ်ဝန်းကျင်ဆိုသည်မှာလည်း သူ ပုံမှန် ဖြတ်သန်းသွားလာလေ့ရှိသော လမ်းကြောင်းများပင် ဖြစ်သည်။
ဤအသေးစိတ်အချက်အလက်များကို ပေါင်းစပ်လိုက်ပြီးနောက် ကျားကျန်းရှီက ရုတ်တရက် သဘောပေါက်သွားသည်။ ထိုရွှေအတုပြုလုပ်သော ရာဇဝတ်ကောင်မှာ ချန်ကောဟွားပင် ဖြစ်သည်။ သက်သေအထောက်အထားမှာ သူ ချင်ကျင်းယွီအား ပေးခဲ့သော ရွှေလက်ကောက်ပင် ဖြစ်သည်။
အကယ်၍ ထိုရွှေလက်ကောက်သည်လည်း ရွှေအတုဖြစ်ကြောင်း သက်သေပြနိုင်ပါက ပန့်ကန့် ကောက်ရခဲ့သော ရွှေမှာ ချန်ကောဟွား ပြုလုပ်ထားသော ရွှေအတုပင် ဖြစ်ပေလိမ့်မည်။ ဆိုလိုသည်မှာ ပန့်ကန့်က ချန်ကောဟွားအတွက် အပြစ်များကို ထမ်းပိုးပေးလိုက်ရခြင်းပင် ဖြစ်သည်။ ဤသို့ လျှောက်တွေးမိပြီးနောက် ကျားကျန်းရှီ၏ ရင်ထဲတွင်လည်း လောလာခဲ့တော့သည်။
မြေးဖြစ်သူကို ချစ်ခင်စိုးရိမ်လွန်းသဖြင့် သူတို့နှစ်ဦး၏ စကားများရန်ဖြစ်နေမှုများကိုပင် ဂရုမစိုက်နိုင်တော့ဘဲ အမြန်အဆန် အခန်းတံခါးကို တွန်းဖွင့်ကာ ရပ်ကွက်ရုံးဘက်ဆီသို့ ပြေးထွက်သွားခဲ့တော့သည်။ ရပ်ကွက်ရုံးသို့ သွားခြင်းမှာ သဘာဝကျစွာပင် တိုင်တန်းရန် သွားခြင်း ဖြစ်သည်။
အချိန်အနည်းငယ်မျှ ကြာပြီးနောက် ကျားကျန်းရှီက ရပ်ကွက်ရုံးရှိ ဌာနမှူးဟယ်၏ ရုံးခန်းသို့ ရောက်ရှိလာသည်။ ဌာနမှူးဟယ်ကို မြင်သည်နှင့် အလျင်စလို ပြောဆိုလိုက်တော့သည်။
"ဌာနမှူးဟယ် ငါ တိုင်တန်းစရာရှိလို့၊ခြံဝင်းထဲက လူတစ်ယောက်က ရွှေအတု လုပ်နေတယ်"
"ဘာ"
အလုပ်ဆင်းရန် ပြင်ဆင်နေသော ဌာနမှူးဟယ်မှာ ထိုစကားကို ကြားလိုက်ရသောအခါ စိတ်လှုပ်ရှားလွန်းသဖြင့် စားပွဲကိုပုတ်ကာ မတ်တတ်ရပ်လိုက်မိသည်။
စောစောကမှ အထက်မှ အကြောင်းကြားစာ လက်ခံရရှိခဲ့ပြီး လတ်တလောတွင် ရွှေအတုပြုလုပ်သော ရာဇဝတ်ဂိုဏ်းတစ်ခု ရှိနေကြောင်း သိရှိထားခဲ့ခြင်း ဖြစ်သည်။ သို့သော် ယခုအခါတွင် သဲလွန်စတွေ့ရှိကာ လာရောက်တိုင်တန်းသူ ရှိနေလေပြီ။ သူ မည်သို့ မအံ့ဩမတုန်လှုပ်ဘဲ နေနိုင်ပါမည်နည်း။
"မင်း မြန်မြန်ပြော အတိအကျ ဘယ်လိုဖြစ်တာလဲ"
ဌာနမှူးဟယ်က အလျင်စလို မေးမြန်းလိုက်သည်။
ကျားကျန်းရှီကလည်း အမြန်အဆန် ဖြေကြားလိုက်သည်။
"ငါတို့ ခြံဝင်းထဲမှာ ဟုန်ရှင်းသံမဏိစက်ရုံက ဝယ်ယူရေးဌာနမှူးတစ်ယောက် ရှိတယ်၊ သူ့ နာမည်က ချန်ကောဟွားတဲ့ အရင်ကတော့ အလုပ်အကိုင်မရှိတဲ့ လူဆိုးတစ်ယောက်ပဲ၊ နောက်ပိုင်း ကံကောင်းပြီး ဌာနမှူးဖြစ်လာတော့ ငွေတွေကို အလွဲသုံးစားလုပ်နေတာ အခုဆို ပိုပြီးတောင် ရဲတင်းလာသေးတယ်၊ ခြံဝင်းထဲမှာ ခိုးကြောင်ခိုးဝှက် ရွှေအတုတွေ လုပ်နေတယ်"
ရပ်ကွက်ရုံး ဌာနမှူး ထွက်လာစေရန်နှင့် ပန့်ကန့်ကို ပြန်လည်ကယ်ထုတ်နိုင်ရန်အတွက် ကျားကျန်းရှီက စကားများကို ပိုမိုပြင်းထန်အောင် ဖြည့်စွက်ပြောဆိုလိုက်သည်။ အခြေအမြစ်မရှိသော ကိစ္စရပ်များကိုပင် အမှန်တကယ် ဖြစ်ပျက်နေသကဲ့သို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။
ဌာနမှူးဟယ်မှာ စောစောက အလွန်တရာ လေးနက်သော မျက်နှာထားဖြင့် ရှိနေခဲ့သော်လည်း ချန်ကောဟွားဟူသော နာမည်ကို ကြားလိုက်ရသောအခါ ကျားကျန်းရှီအား အရူးတစ်ယောက်ကို ကြည့်သကဲ့သို့ စိုက်ကြည့်လိုက်သည်။
ချန်ကောဟွားကို သူ သိသည်။ ချန်ကောဟွားက အလွန်တရာ ကျော်ကြားနေသောကြောင့် မဟုတ်ဘဲ ယခင်က လျိုဟိုင်ကျုံးဟူသော သူတစ်ယောက်က ရပ်ကွက်ရုံးသို့ လာရောက်ကာ ချန်ကောဟွားသည် မမှန်ကန်သော နည်းလမ်းများဖြင့် လမုန့်လက်မှတ်များကို ရယူခဲ့ကြောင်း တိုင်တန်းခဲ့ဖူးသောကြောင့် ဖြစ်သည်။
သို့သော် နောက်ဆုံးတွင် ထိုလမုန့်လက်မှတ်များမှာ စက်ရုံမှူးဟောင်းက လက်ဆောင်ပေးထားခြင်း ဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။ လျိုဟိုင်ကျုံး ပြောဆိုသကဲ့သို့ လုံးဝ မဟုတ်ခဲ့ပေ။
ယခုအခါ ချန်ကောဟွားမှာ ဌာနမှူးတစ်ဦး ဖြစ်နေပြီဖြစ်ရာ မည်သို့ ရွှေအတုပြုလုပ်သည့် ကိစ္စမျိုးကို လုပ်ဆောင်နိုင်ပါမည်နည်း။ မည်သို့ပင်ဆိုစေ သူသည် ဌာနမှူးတစ်ဦးဖြစ်နေပြီဖြစ်ရာ အရှက်ကွဲရမည့် ကိစ္စမျိုးကို သူ ထပ်မံကြုံတွေ့လိုတော့မည် မဟုတ်ပေ။
"မင်းဆီမှာ သက်သေရှိလို့လား"
ဌာနမှူးဟယ်က တည်ငြိမ်စွာဖြင့် ပြန်လည်မေးမြန်းလိုက်သည်။
"သက်သေ"
ကျားကျန်းရှီ ခေတ္တမျှ ကြောင်အသွားသော်လည်း နောက်ပိုင်းတွင် အမြန်အဆန် ဖြည့်စွက်ပြောဆိုလိုက်သည်။
"သေချာပေါက် ရှိတာပေါ့၊ ချန်ကောဟွား ဌာနမှူး မဖြစ်ခင်တုန်းက သူ့မိန်းမကို ရွှေလက်ကောက် တစ်ကွင်း ပေးခဲ့ဖူးတယ်၊ အဲဒီအရာက သေချာပေါက် ရွှေအတုနဲ့ လုပ်ထားတာပဲ"
ဤခေတ်ကာလတွင် ရွှေပိုင်ဆိုင်နိုင်သူမှာ အလွန်တရာ ရှားပါးကာ သာမန်အလုပ်သမားတစ်ယောက်ဆိုလျှင် ပို၍ပင် ရှားပါးသည်။
ထို့ကြောင့် ကျားကျန်းရှီ၏ စကားက ဌာနမှူးဟယ်၏ အာရုံစိုက်မှုကို ချက်ချင်းပင် ရရှိသွားစေသည်။ ဌာနမှူးဟယ်က စူးရှသော အကြည့်များဖြင့် မေးမြန်းလိုက်သည်။
"သူ့မိန်းမမှာ ရွှေအတု လက်ကောက် တစ်ကွင်းရှိတယ်ဆိုတာ မင်း သေချာရဲ့လား၊ အကယ်၍ မှားယွင်းနေခဲ့ရင် မင်း သက်ဆိုင်ရာ ပြစ်မှုအတွက် တာဝန်ယူရလိမ့်မယ်နော်"
"လုံးဝ မမှားနိုင်ဘူး၊ငါ မျက်စိမှုန်နေသေးတာ မဟုတ်ပါဘူး"
ကျားကျန်းရှီက ဌာနမှူးဟယ် စိတ်ဝင်စားလာသည်ကို မြင်လိုက်ရသောအခါ အခြားအရာများကို ဂရုမစိုက်နိုင်တော့ဘဲ သူ့အား လူခေါ်ကာ ချန်ကောဟွားကို သွားဖမ်းစေခြင်းကသာ အရေးအကြီးဆုံး ဖြစ်သည်ဟု တွေးတောလိုက်သည်။
ဤမျှအထိ ပြောဆိုလာပြီဖြစ်ရာ ဌာနမှူးဟယ်သည်လည်း သဘာဝကျစွာပင် ထိုင်မနေနိုင်တော့ချေ။ ရပ်ကွက်ရုံး ဝန်ထမ်းအချို့ကို ခေါ်ဆောင်ကာ စတုရန်းခြံဝင်းဘက်ဆီသို့ ဦးတည်ထွက်ခွာသွားခဲ့တော့သည်။
အခန်း ၁၀၆
ထိုအချိန်တွင် ကျားကျန်းရှီက ရပ်ကွက်ရုံးမှ ဝန်ထမ်းများကို ခေါ်ဆောင်လာကာ သူ၏ မိန်းမဖြစ်သူ၏ ရွှေလက်ကောက်အား လာရောက်စစ်ဆေးမည်ကို ချန်ကောဟွားက သဘာဝကျစွာပင် သိရှိထားခြင်း မရှိပေ။
မကြာမီမှာပင် ကျားကျန်းရှီက ရပ်ကွက်ရုံးမှ ဝန်ထမ်းများကို ခေါ်ဆောင်ကာ ခြံဝင်းအတွင်းသို့ ရောက်ရှိလာသည်။ ထို့နောက် ဌာနမှူးဟယ်က ချန်မိသားစု၏ တံခါးဝတွင် ရပ်ကာ အော်ဟစ်ပြောဆိုလိုက်သည်။
"ရဲဘော်ချင်ကျင်းယွီရေ ခြံဝင်းထဲက လူတစ်ယောက်ရဲ့ တိုင်ကြားချက်ကို ငါ လက်ခံရရှိထားတယ်၊ အခု ရပ်ကွက်ရုံးရဲ့ စုံစမ်းစစ်ဆေးမှုကို ပူးပေါင်းပါဝင်ပေးဖို့ မျှော်လင့်တယ်"
ဌာနမှူးဟယ်က တိုင်တန်းသူ၏ အမည်ကို မပြောပြသော်လည်း ကျားကျန်းရှီမှာ သူ၏ ဘေးတွင် ရပ်နေရုံသာမက ရပ်ကွက်ရုံးမှ ဝန်ထမ်းများနှင့်အတူ ခြံဝင်းအတွင်းသို့ပါ လိုက်ပါဝင်ရောက်လာသည်။
မြင်တွေ့လိုက်ရသူတိုင်းက ဤတိုင်တန်းသူမှာ ကျားကျန်းရှီဖြစ်ကြောင်း သဘာဝကျစွာပင် သိရှိသွားကြသည်။ အနားမယူရသေးသော ခြံဝင်းအတွင်းရှိ အိမ်နီးချင်းများအားလုံးမှာ အပြင်သို့ ထွက်လာကြတော့သည်။
"ရပ်ကွက်ရုံးက လူတွေ ဘာလို့ ဒီလောက်အများကြီး ရောက်လာကြတာလဲ"
"ကျားကျန်းရှီက ဘာလို့ ရပ်ကွက်ရုံးက လူတွေနဲ့ အတူတူ ရောက်နေရတာလဲ"
"ပန့်ကန့်တောင် ပြန်မထွက်လာရသေးဘူး၊ဒီအဘွားကြီးက ထပ်ပြီး ပြဿနာရှာနေပြန်ပြီလား"
အနားယူရန် ပြင်ဆင်နေကြသော အိမ်နီးချင်းအချို့မှာ ကျားကျန်းရှီအပေါ် အလွန်တရာ မကျေမနပ် ဖြစ်သွားကြသည်။ အပြင်သို့ ထွက်လာပြီးနောက် သူမအား လက်ညှိုးထိုးကာ ဝေဖန်ပြောဆိုကြတော့သည်။
ဤသည်မှာ သူတစ်ပါး အနားယူနေသည်ကို အနှောင့်အယှက်ပေးရုံသာမက အကြောင်းမဲ့သက်သက် အသေးအဖွဲ ကိစ္စလေးများဖြင့် တိုင်တန်းတတ်သော သူမ၏ အကျင့်ကို ရွံရှာမုန်းတီးကြသောကြောင့်လည်း ဖြစ်သည်။
ခြံဝင်းပြင်ပရှိ အိမ်နီးချင်းများက ကျားကျန်းရှီအကြောင်း ပြောဆိုဆွေးနွေးနေကြသည်ကို ကြားလိုက်ရသောအခါ ချင်ဟွိုင်ယွီနှင့် ကျားတုန်းရွှီတို့မှာလည်း စကားများရန်ဖြစ်ခြင်းကို ရပ်တန့်လိုက်ပြီး အမြန်အဆန် ထွက်လာခဲ့ကြသည်။
ကျားကျန်းရှီက ချန်ကောဟွားအား စစ်ဆေးရန် လူခေါ်လာခဲ့ကြောင်း သိရှိလိုက်ရသောအခါ ကျားတုန်းရွှီ၏ ရင်ထဲတွင် အလွန်တရာ ဝမ်းသာသွားသည်။ နောက်ဆုံးတော့ ချန်ကောဟွား ကံဆိုးမိုးမှောင်ကျတော့မည်ကို မြင်တွေ့ရတော့မည် ဖြစ်သည်။
သို့သော် ချင်ဟွိုင်ယွီ၏ မျက်နှာပေါ်တွင်မူ ဝမ်းသာမှု များများစားစား မရှိဘဲ ပျောက်ကွယ်သွားခြင်းမရှိသော စိုးရိမ်ပူပန်မှုများသာ ရှိနေသည်။ အဘယ်ကြောင့်ဆိုသော် ကျားကျန်းရှီ၏ အတွေးအမြင်များကို သူမ ရိပ်မိသွားသောကြောင့် ဖြစ်သည်။
ချန်ကောဟွားတို့ ဇနီးမောင်နှံနှစ်ဦးမှာ ဤကာလအတောအတွင်း သူဌေးများထက်ပင် ပိုမိုကောင်းမွန်စွာ နေထိုင်ဖြတ်သန်းနေကြသည်။ အကယ်၍သာ တိုင်ကြားမှု အောင်မြင်သွားပါက ပန့်ကန့်အပေါ် ရဲစခန်း၏ သံသယကို သေချာပေါက် လျှော့ချပစ်နိုင်မည် ဖြစ်သည်။ သို့ရာတွင် ဤကိစ္စမှာ ကောင်းမွန်သော ကိစ္စတစ်ခု ဖြစ်သည်ဆိုသော်လည်း သူမ၏ ရင်ထဲတွင် အမြဲလိုလို မလုံခြုံမှုကို ခံစားနေရသည်။
သို့သော် နောက်ဆုံးတွင်တော့ ဤမလုံခြုံမှုမှာ စိုးရိမ်ပူပန်မှုများကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်သည်ဟုသာ သူမ မှတ်ယူလိုက်သည်။ ထို့နောက် စိတ်ကို တည်ငြိမ်စွာထားပြီး တိတ်ဆိတ်စွာ စောင့်ကြည့်နေလိုက်သည်။
ချန်ကောဟွားအကြောင်းကို ပြောရမည်ဆိုလျှင် ရပ်ကွက်ရုံးမှ ဝန်ထမ်းများက သူ၏ မိန်းမဖြစ်သူအား လာရောက်စစ်ဆေးမည်ဟု ကြားလိုက်ရသောအခါ ချန်ကောဟွားမှာ ရိုးရိုးသားသား ပြောရလျှင် အနည်းငယ် ကြောင်အသွားသည်။
ကျင်းယွီ စားသုံးသူသမဝါယမအသင်းမှာ အလုပ်လုပ်ရင်းနဲ့ ပြဿနာတစ်ခုခုများ တက်နေတာများလား
ချင်ကျင်းယွီအား တစ်ချက် လှမ်းကြည့်လိုက်ရာ သူမမှာလည်း ကြောင်တောင်တောင် ဖြစ်နေသည်ကို တွေ့လိုက်ရပြီး လက်ရှိအခြေအနေကို သိပ်နားမလည်သေးကြောင်း သိသာထင်ရှားနေသည်။
သို့သော်လည်း ချန်ကောဟွားမှာ ကိုယ်ကျင့်တရား ဖြောင့်မတ်သူဖြစ်ရာ မည်သည့်အရာကိုမျှ ကြောက်ရွံ့နေစရာ မလိုပေ။ ရပ်ကွက်ရုံးမှ ဝန်ထမ်းများက စစ်ဆေးလိုသည်ဆိုမှတော့ သူတို့နှင့် ပူးပေါင်းကာ စစ်ဆေးခံလိုက်ရုံသာ ရှိသည်။
စက္ကန့်အနည်းငယ်မျှ ကြာပြီးနောက် ချန်ကောဟွားနှင့် ချင်ကျင်းယွီတို့က အင်္ကျီများကို ကောက်စွပ်ကာ အပြင်သို့ ထွက်လာခဲ့ကြသည်။
"မင်းရဲ့ ရွှေလက်ကောက်ကို ခဏလောက် ပြပေးလို့ ရမလား"
ဌာနမှူးဟယ်က ချင်ကျင်းယွီအား ပြောလိုက်သည်။
ချင်ကျင်းယွီ ခေတ္တမျှ မှင်တက်သွားခဲ့ပြီး သူမ၏ လက်ကောက်လေးက ရပ်ကွက်ရုံးမှ ဝန်ထမ်းများ လာရောက်စစ်ဆေးရသည်အထိ ပြဿနာကြီးထွားသွားလိမ့်မည်ဟု သူမ ထင်မှတ်မထားခဲ့မိပေ။ ထို့ကြောင့် ချန်ကောဟွား၏ သဘောထားကို သိရှိနိုင်ရန်အတွက် စိုးရိမ်တကြီးဖြင့် တစ်ချက် လှမ်းကြည့်လိုက်သည်။
ထိုတခဏတွင် ချန်ကောဟွားသည်လည်း အကြောင်းစုံကို နားလည်သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်။
ကျားကျန်းရှီဟူသော ယုတ်မာတဲ့အဘွားအိုက မိမိကို သူမ၏ မြေးဖြစ်သူအတွက် အပြစ်များ ထမ်းပိုးပေးစေရန် အကွက်ဆင်လိုက်ခြင်းပင် ဖြစ်မည်။
သို့သော် သူ၏ ရင်ထဲတွင် အနည်းငယ်မျှပင် ထိတ်လန့်တုန်လှုပ်ခြင်း မရှိပေ။ မည်သို့ပင်ဆိုစေကာမူ စနစ်မှ ပေးအပ်ထားသော ရွှေလက်ကောက်မှာ အစစ်အမှန်ဖြစ်ရုံသာမက ဇာစ်မြစ်လည်း အလွန် ရှင်းလင်းပြတ်သားသည်။ မည်သို့ပင် စစ်ဆေးပါစေ အချည်းနှီးသာ ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် ချန်ကောဟွားက ချင်ကျင်းယွီအား ခေါင်းညိတ်ပြလိုက်သည်။
ချန်ကောဟွား၏ သဘောတူခွင့်ပြုချက်ကို ရရှိပြီးနောက် ချင်ကျင်းယွီကလည်း လက်ကောက်လေးကို လူအများရှေ့တွင် ထုတ်ပြလိုက်သည်။
ရွှေလက်ကောက်ကို မြင်လိုက်ရသောအခါ ဌာနမှူးဟယ်က လေးနက်တည်ကြည်သော မျက်နှာထားဖြင့် ချန်ကောဟွားအား ပြောဆိုလိုက်သည်။
"ဌာနမှူးချန် စိတ်ချပါ၊ဒီလက်ကောက်က ရွှေအတုမဟုတ်ဘူးဆိုရင် ငါ မင်းအတွက် သေချာပေါက် တရားမျှတမှု ပြန်ရှာပေးပါ့မယ်"
ပြောဆိုပြီးနောက် သူက ဘေးတွင်ရှိနေသော ကျွမ်းကျင်ပညာရှင်အား စတင်စစ်ဆေးရန် အသာအယာ အချက်ပြလိုက်သည်။ ချန်ကောဟွားက ခေါင်းညိတ်လိုက်ပြီးနောက် ကျားကျန်းရှီက အခြေအနေကို မည်သို့ ဖြေရှင်းမည်ကို သူ တကယ်ပင် ကြည့်ရှုလိုနေမိသည်။
ငါးမိနစ်ခန့် ကြာပြီးနောက် ကျွမ်းကျင်ပညာရှင်၏ ကောက်ချက်ထွက်ပေါ်လာသည်။ မျက်မှန်ကို ချွတ်လိုက်ပြီးနောက် သူက ဌာနမှူးဟယ်အား ပြောဆိုလိုက်သည်။
"ဌာနမှူး ဒီရွှေလက်ကောက်က ရွှေအစစ်ပါ အတုမဟုတ်ပါဘူး"
ဤစကား ထွက်ပေါ်လာသည်နှင့် ကျားကျန်းရှီမှာ လုံးဝ ဆွံ့အမှင်တက်သွားတော့သည်။
"မဖြစ်နိုင်တာ ၊ဒီရွှေက သူ ဌာနမှူးမဖြစ်ခင်တုန်းက ရထားတာဆိုတော့ ဘယ်လိုလုပ် အစစ်ဖြစ်နိုင်မှာလဲ အတုဆိုတာ သေချာပေါက်ပဲ"
ကျားကျန်းရှီမှာ အသိဉာဏ်မဲ့သွားပြီးနောက် ဒေါသတကြီးဖြင့် ချန်မိသားစုအိမ်ဘက်သို့ လက်ညှိုးထိုးကာ ပြောဆိုလိုက်သည်။
"ငါ သိပြီ၊သူ့အိမ်ထဲမှာ ရှိနေမှာ သေချာတယ်၊ ဌာနမှူးဟယ် နင် ငါ့ကို သေချာပေါက် ယုံကြည်ရမယ်နော် ။သူ့အိမ်ထဲမှာ သေချာပေါက် ရွှေအတုတွေ ရှိနေလိမ့်မယ်၊မယုံရင် နင် အိမ်နီးချင်းတွေကို မေးကြည့်လို့ရတယ်"
ကျားကျန်းရှီမှာ အထိတ်တလန့်ဖြစ်သွားပြီး စကားများကို ဖြစ်ကတတ်ဆန်း ပြောဆိုလာကာ သူမဘက်မှ ကူညီပြောဆိုပေးမည့်သူ တစ်စုံတစ်ယောက် ရှိလာစေရန် မျှော်လင့်နေတော့သည်။
သို့သော် လက်ရှိအခြေအနေမျိုးတွင် အိမ်နီးချင်းများမှာ ချန်ကောဟွားအား မျက်နှာလိုမျက်နှာရ ပြုလုပ်ရန်ပင် အချိန်မလောက်နိုင်ဘဲ ရှိနေကြရာ ကျားကျန်းရှီအတွက် ကူညီပြောဆိုပေးမည် ဆိုသည်မှာ မည်သို့ ဖြစ်နိုင်ပါမည်နည်း။
"ရွှေအတု ဟုတ်လား၊သူတို့ ကျားမိသားစုက လူ ခိုးလာခဲ့ဖူးတယ် မဟုတ်ဘူးလား"
"ဟုတ်ပါရဲ့ အခု လူကောင်းကို မတရားစွပ်စွဲနေတာ၊ဒါ ဘယ်လိုလုပ်ရပ်မျိုးလဲ"
"ဒါက တကယ်ပဲ အခြေအမြစ်မရှိ လူကို မတရားစွပ်စွဲနေတာပဲ"
အိမ်နီးချင်းများက ချန်ကောဟွားအား မျက်နှာလိုမျက်နှာရ ပြုလုပ်နေကြခြင်းမှာလည်း နားလည်နိုင်ပေသည်။ အဘယ်ကြောင့်ဆိုသော် ချန်ကောဟွားမှာ အလုပ်အကိုင် အောင်မြင်နေရုံသာမက အစစ်အမှန် ရွှေများကိုပင် ရရှိနိုင်စွမ်း ရှိနေသောကြောင့်ပင် ဖြစ်သည်။
ဤခေတ်ကာလတွင် ရွှေများကို ဖွက်ထားပြီး အစိုးရထံ မအပ်နှံသူများမှာ ရဲစခန်းသို့ပင် ရောက်ရှိသွားခဲ့ကြရသည်။
ယခင်က ချန်ကောဟွားမှာ အထက်လူကြီးများ၏ မျက်နှာသာပေးမှုကို ခံရဖူးကြောင်းကို ပြန်လည်စဉ်းစားမိလိုက်ပြီး ယခုအခါ ရွှေလက်ကောက်ကိုပါ ကိုယ်တိုင် သိမ်းဆည်းထားနိုင်စွမ်း ရှိနေခြင်းမှာ သူ၏ အဆက်အသွယ်များက အလွန်တရာ ကြီးမားကျယ်ပြန့်နေကြောင်း သိသာထင်ရှားနေသည်။
ဤကဲ့သို့ တွေးတောချိန်ဆမိပြီးနောက် အိမ်နီးချင်းများအားလုံးက ချန်ကောဟွားနှင့် ဆက်ဆံရေးကောင်းမွန်အောင် တည်ဆောက်ထားသင့်သည်ဟု တွေးတောလိုက်ကြသည်။
ထိုအရူးမကြီး ကျားကျန်းရှီကို မည်သူက ကူညီလိုမည်နည်း။ ထို့အပြင် ချန်ကောဟွား၏ အိမ်အတွင်းမှ ရွှေအတုများကို ရှာဖွေတွေ့ရှိသည်ဆိုလျှင်ပင် ၎င်းမှာ ချန်ကောဟွား၏ ပြစ်မှုသာဖြစ်ပြီး သူတို့ အိမ်နီးချင်းများအနေဖြင့် မိမိတို့ ဘာမျှမသိရှိကြောင်း ပြောဆိုကာ ပြဿနာမှ ကင်းလွတ်အောင် နေနိုင်သေးသည်။ထို့ကြောင့် ပတ်ဝန်းကျင်တစ်ခွင်လုံးတွင် ချန်ကောဟွားအား မြှောက်ပင့်ဖားယားသော စကားသံများသာ ထွက်ပေါ်လာသည်။
ကျားကျန်းရှီမှာ ဆွံ့အမှင်တက်သွားတော့သည်။ စောစောက ခြံဝင်းတစ်ခုလုံး၏ အစည်းအဝေးတွင် သူမဘက်မှ ဝင်ရောက်ပြောဆိုပေးခဲ့ကြသော အိမ်နီးချင်း အတော်များများ ရှိသည်ကို သူမ မှတ်မိနေသေးသည်။ ယခုအခါတွင် အဘယ်ကြောင့် ရုတ်တရက် သစ္စာဖောက်သွားကြသနည်း။
ကျားကျန်းရှီမှာ ကူကယ်ရာမဲ့သွားပြီး လက်ရှိအခြေအနေတွင် မိမိကိုယ်ကိုသာ အားကိုးရတော့မည် ဖြစ်သည်။
"ဌာနမှူးဟယ် ငါ နင့်ကို လုံးဝ မလိမ်ဘူး၊ နင် အိမ်ထဲဝင်ပြီး မရှာချင်ဘူးဆိုရင်လည်း ဒီရွှေလက်ကောက်ကို သူ ဘယ်ကရလာတာလဲဆိုတာ မေးကြည့်လို့ ရတယ်၊ သူ ဌာနမှူးမဖြစ်ခင်တုန်းက ဒီရွှေကို ဘယ်လိုရလာသလဲဆိုတာ သူ သေချာပေါက် ရှင်းပြနိုင်မှာ မဟုတ်ဘူး"