← Chapters

အခန်း (၁၀၇-၁၀၈)

Vol. 11 Ch. 107-108

အခန်း (၁၀၇-၁၀၈)

Vol. 11 Ch. 107-108

အခန်း ၁၀၇

ကျားကျန်းရှီက စကားပြောဆိုအပြီးတွင် ဌာနမှူးဟယ်၏ အကြည့်များကလည်း တဖြည်းဖြည်း အေးစက်လာသည်။

"ရဲဘော်၊ ဒီရွှေလက်ကောက်က ကျွမ်းကျင်ပညာရှင်ကိုယ်တိုင် စစ်ဆေးပြီးပြီလေ၊ အတုလုပ်ထားတဲ့ ရွှေ လုံးဝမဟုတ်ဘူး"

"မင်းက အခုထိ လျှောက်ပြောနေပြီး သူတစ်ပါးကို မတရားစွပ်စွဲနေသေးတယ်၊ မင်းက မတရားစွပ်စွဲမှုဆိုတာ အလကားပြထားတဲ့ အရာလို့များ ထင်နေတာလား"

"ဒါမှမဟုတ် ရပ်ကွက်ရုံးက ဝန်ထမ်းတွေကို အချိန်ဖြုန်းခိုင်းရတာ စိတ်ဝင်စားစရာ ကောင်းတယ်လို့များ ထင်နေတာလား"

"ငါ မင်းကို ပြောလိုက်မယ်၊ အထက်ပါ ပြစ်မှုတစ်ခုနဲ့တင် မင်းကို အလုပ်ကြမ်းလုပ်ခိုင်းလို့ ရတယ်"

ဌာနမှူးဟယ်က လေးနက်တည်ကြည်စွာဖြင့် ကျားကျန်းရှီအား ဒေါသတကြီး အော်ဟစ်လိုက်သည်။

ပတ်ဝန်းကျင်ရှိ အိမ်နီးချင်းများကလည်း ဤစကားမှာ အကြောင်းပြချက် ခိုင်လုံသည်ဟု တွေးတောလိုက်ကြသည်။ ကျားကျန်းရှီက လူခေါ်လာကာ ရုတ်တရက် ဝင်ရောက်စစ်ဆေးခြင်း ဖြစ်သည်။ အကယ်၍ အမှန်တကယ် ရွှေအတုပြုလုပ်ထားခြင်းသာ ဖြစ်ပါက သေချာပေါက် ကြိုတင်ပြင်ဆင်ချိန်မရဘဲ အမိဖမ်းခံရမည်သာ ဖြစ်သည်။

သို့သော် ယခုအခါ ချန်ကောဟွားတို့ ဇနီးမောင်နှံနှစ်ဦးမှာ ဘာတစ်ခုမျှ မပြောဆိုသည့်အပြင် ရပ်ကွက်ရုံး၏ စုံစမ်းစစ်ဆေးမှုကိုပါ ပူးပေါင်းပါဝင်ပေးရန် လိုလားနေကြရာ ကျားကျန်းရှီမှာ အကြောင်းမဲ့သက်သက် ပြဿနာရှာနေခြင်းသာဖြစ်ကြောင်း သိသာနေသည်။

"ငါ၊ ငါ"

ကျားကျန်းရှီမှာ ဌာနမှူးဟယ်၏ မေးခွန်းများကြောင့် ဘာပြောရမှန်းပင် မသိတော့ချေ။ ရပ်ကွက်ရုံးကပင် နားထောင်လိုစိတ် မရှိတော့ရာ ယခုအခါ သူမအနေဖြင့် မည်သို့ ဆက်လုပ်ရမည်နည်း။ အထူးသဖြင့် ဌာနမှူးဟယ်၏ လေသံမှာ ပိုမိုပြင်းထန်လာသည်ကို ကြားလိုက်ရသောအခါ ကျားကျန်းရှီ၏ ရင်ထဲတွင်လည်း အလွန်တရာ အထိတ်တလန့် ဖြစ်သွားခဲ့တော့သည်။

"ငါနဲ့အတူ ရုံးခန်းကို လိုက်ခဲ့ပြီး ရဲဘော်တွေကို သွားရှင်းပြလိုက်"

ပြောဆိုပြီးနောက် ဌာနမှူးဟယ်က ဘေးတွင်ရှိနေသော ဝန်ထမ်းများအား ကျားကျန်းရှီကို လက်ထိပ်ခတ်ရန် အချက်ပြလိုက်သည်။

ခြောက်ဆယ်ပြည့်နှစ် ဝန်းကျင်ခေတ်ကာလတွင် နောင်ခေတ်များကဲ့သို့ မဟုတ်ဘဲ သူတစ်ပါးအပေါ် မတရားစွပ်စွဲကာ အပြစ်ကင်းသူ၏ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေခြင်းမျိုးကို လုံးဝ ခွင့်ပြုထားခြင်း မရှိပေ။

ကျားကျန်းရှီ၏ ဤတစ်ကြိမ် သူတစ်ပါးအား မတရားစွပ်စွဲမှုမှာ ရပ်ကွက်ရုံး၏ အရင်းအမြစ်များကို မသမာသော ရည်ရွယ်ချက်ဖြင့် အလွဲသုံးစားလုပ်ခြင်းဟုပင် ဆိုနိုင်သည်။

ပြစ်မှုကြီးတစ်ခု မဟုတ်ဟုဆိုလျှင်ပင် သူမအား သေချာပေါက် ပြင်းပြင်းထန်ထန် အပြစ်ပေးရမည်သာ ဖြစ်သည်။ မကြာမီပင် ဝန်ထမ်းနှစ်ဦးက ကျားကျန်းရှီကို ဖမ်းဆီးလိုက်ကြသည်။

"ဟင့်အင်း"

"ငါက လူကောင်းပါ"

"ငါ ရဲစခန်းကို မသွားချင်ဘူး"

ကျားကျန်းရှီက မြေပြင်ပေါ်တွင် ထိုင်ချကာ အကျယ်ကြီး အော်ဟစ်ငိုယိုပြီး ရမ်းကားသည့် ပုံစံမျိုးကို ပြသနေတော့သည်။

"အမေ့ကို ခေါ်သွားလို့ မရဘူး၊အမေက မတရားစွပ်စွဲတာ မဟုတ်ဘူး"

ကျားတုန်းရွှီကလည်း လိုက်လံအော်ဟစ်ပြောဆိုလိုက်သည်။

ဒါက ထောင်ထဲဝင်ပြီး အလုပ်ကြမ်းလုပ်ရမည့် ကိစ္စဖြစ်သည်။ ကျားကျန်းရှီ၏ ခန္ဓာကိုယ်အခြေအနေဖြင့်ဆိုလျှင် မသေရုံတမယ်ဖြစ်ပြီး သေဆုံးသွားနိုင်သည်။

ချင်ဟွိုင်ယွီမှာလည်း ဘေးနားတွင် လက်နှစ်ဖက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး စိုးရိမ်ပူပန်နေတော့သည်။ ပန့်ကန့်မှာ ပြန်မထွက်လာရသေးသည့်အချိန်တွင် ယခုအခါ နောက်တစ်ယောက် ထပ်မံဝင်ရောက်ရတော့မည် ဖြစ်သည်။ ဒါက သေချာပေါက် ဆင်းရဲဒုက္ခပေါ် ဒုက္ခထပ်ဆင့်ကျရောက်လာခြင်းပင် ဖြစ်သည်။

ထို့အပြင် အရေးအကြီးဆုံးမှာ ဌာနမှူးချန်အား မတရားစွပ်စွဲမှု မအောင်မြင်ဘဲ ရပ်ကွက်ရုံးမှ ဖမ်းဆီးကာ ရဲစခန်းသို့ ခေါ်ဆောင်သွားခံရခြင်းမှာ မည်သို့ပင် နားထောင်ကြည့်စေကာမူ အရှက်ကွဲစရာ ကိစ္စရပ်တစ်ခုသာ ဖြစ်သည်။

အကယ်၍ ဤသတင်းသာ ဟုန်ရှင်းသံမဏိစက်ရုံသို့ ရောက်ရှိသွားပါက သူမ၏ အလုပ်အကိုင် နေရာကိုပါ ထိန်းသိမ်းထားနိုင်ဦးမည်မှာ မသေချာတော့ပေ။ စိုးရိမ်ပူပန်မှုများအောက်တွင် ချင်ဟွိုင်ယွီမှာ ထိုမျှလောက်များပြားသော အရာများကို ဂရုမစိုက်နိုင်တော့ချေ။

"ကောဟွား ငါ့ကို သနားပါဦး၊ငါ့ ယောက္ခမက အထင်လွဲသွားလို့ပါ၊ နင့်ကို သေချာပေါက် ရန်မစရဲပါဘူး"

"ပန့်ကန့်ကလည်း ပြန်မထွက်လာရသေးဘူး၊ ယောက္ခမပါ ထပ်ဝင်သွားရင် ငါ့ မိသားစုက၊ အီးဟီးဟီး"

စကားပင် မဆုံးသေးမီ ချင်ဟွိုင်ယွီက အကျယ်ကြီး အော်ဟစ်ငိုယိုတော့သည်။ ဤသနားစဖွယ် ပုံစံလေးက ချန်ကောဟွားကပင် သူမအား အနိုင်ကျင့်လိုက်သကဲ့သို့ ဖြစ်နေစေသည်။

သူမ၏ မျက်ရည်များဖြင့် ငိုကြွေးနေသော ပုံစံလေးက ရပ်ကွက်ရုံးမှ ဝန်ထမ်းအချို့၏ သနားကြင်နာမှုကိုပင် ရရှိသွားစေသည်။ သို့ရာတွင် ချင်ဟွိုင်ယွီ၏ ထိုပုံစံက ချန်ကောဟွား၏ အမြင်တွင်မူ အလွန်တရာ ရယ်စရာကောင်းလှသည်။

ကျားကျန်းရှီက အကြံအစည်ဆိုးဖြင့် ပြုမူခဲ့ခြင်းမှာ သိသာထင်ရှားလှပြီး သူမသာ အောင်မြင်သွားခဲ့ပါက ယနေ့ညတွင် သူ သေချာပေါက် ထောင်ထဲ၌ အိပ်ရမည်သာ ဖြစ်သည်။ သူကဲ့သို့သော ယောက်ျားတစ်ယောက်အနေဖြင့် အဆင်ပြေသော်လည်း ချင်ကျင်းယွီမှာ ကိုယ်ဝန်ရှိနေခြင်းပင်ဖြစ်ကာ အေးစက်လှသော ရဲစခန်းတွင် သူမ မည်သို့ ခံနိုင်ရည်ရှိမည်နည်း။

အကယ်၍များ ကိုယ်ဝန်ပျက်ကျသွားပါက မည်သို့ လုပ်မည်နည်း။ ထို့ကြောင့် ချင်ဟွိုင်ယွီ ပြောဆိုနေသည်များမှာ လုံးဝ မှန်ကန်မှု မရှိချေ။ ကျားကျန်းရှီမှာ ချန်မိသားစုအား ရန်စရဲခြင်းမျိုးတင််မဟုတ်ဘဲ သူ၏ ဇနီးနှင့် သားသမီးများကို သေစေလောက်အောင်အထိ ဒုက္ခပေးလိုခြင်းသာ ဖြစ်သည်။

ဤသို့သော အခြေအနေမျိုးတွင် ချန်ကောဟွားအနေဖြင့် ချင်ဟွိုင်ယွီကဲ့သို့သော အဆိပ်ပြင်းသည့် မိန်းမတစ်ယောက်ကို သဘာဝကျစွာပင် သနားကရုဏာသက်မည် မဟုတ်ပေ။ သနားကရုဏာ မသက်သည့်အပြင် သူမအား ပြင်းပြင်းထန်ထန် ပြန်လည်ခြေမွပစ်လိုသေးသည်။ ချန်ကောဟွားက ချင်ဟွိုင်ယွီအား အေးစက်စွာ စိုက်ကြည့်လျက် မထီမဲ့မြင် ပြောဆိုလိုက်သည်။

"ချင်ဟွိုင်ယွီ မင်းက ငါ့ကို သနားပေးဖို့ ပြောနေတာလား၊ကောင်းပြီလေ ဒါဆိုရင် မင်းကို မေးခွန်းအနည်းငယ်လောက် မေးကြည့်ရတာပေါ့"

"အဲ့ဒီနှစ်က ကျင်းယွီ တစ်ယောက် ဝမ်းဝအောင် မစားရ၊ နွေးအောင် မဝတ်ရတဲ့ အချိန်တုန်းက မင်း သူမကို သနားခဲ့ဖူးလား"

"ကျင်းယွီ ခြံဝင်းထဲ ရောက်လာပြီး လူတိုင်းရဲ့ ဖယ်ကျဉ်ခြင်းကို ခံရတုန်းက မင်း သူမကို သနားခဲ့ဖူးလား"

"မင်း ယောက္ခမက ကျင်းယွီကို ရွှေအတု လုပ်တယ်လို့ မတရားစွပ်စွဲတုန်းက အကယ်၍သာ ရှင်းပြလို့မရရင် ကျင်းယွီ တစ်ယောက် ထောင်ထဲဝင်ရပြီး လန့်လို့ ကိုယ်ဝန်ပါ ပျက်ကျနိုင်တယ်၊ စောစောက အချိန်တုန်းက မင်း သူမကို သနားခဲ့ဖူးလား ၊သူမအတွက် ဝင်ပြောပေးခဲ့ဖူးလား"

"မရှိဘူး၊ဘာတစ်ခုမှ မရှိခဲ့ဘူး"

"မင်း သနားတာက မင်းကိုယ်မင်းပဲ"

"ပြီးတော့ ချင်ဟွိုင်ယွီ ၊မင်းကို ငါ ပြောလိုက်မယ်၊ မင်းကိုယ်မင်း ဇာတ်လမ်းတွေ ထပ်မထည့်နေနဲ့၊ အကယ်၍များ ကျင်းယွီအပေါ် အနည်းငယ်လေးတောင် ထိခိုက်နစ်နာအောင် လုပ်ရဲရင် ငါက ကျားကျန်းရှီနဲ့ မင်းရဲ့သားကို တစ်သက်လုံး ထောင်ထဲကနေ ထွက်မလာနိုင်အောင် သေချာပေါက် လုပ်ပစ်မှာ"

အေးစက်စက် စကားများ ပြီးဆုံးသွားပြီးနောက် ပတ်ဝန်းကျင်ရှိ လူအများကလည်း ချင်ဟွိုင်ယွီမှာ မည်ကဲ့သို့သော လူမျိုးဖြစ်ကြောင်းကို နောက်ဆုံးတွင် ရှင်းလင်းစွာ မြင်တွေ့သွားကြ‌ပြီ ဖြစ်သည်။ ထိုတခဏတွင် မည်သူတစ်ဦးတစ်ယောက်ကမျှ ချင်ဟွိုင်ယွီအား သနားကရုဏာ မသက်ကြတော့ချေ။

ယခင်က သနားကရုဏာ သက်ခဲ့ကြသော ဝန်ထမ်းအချို့ပင်လျှင် သူမအား ရွံရှာစက်ဆုပ်သော အကြည့်များဖြင့်သာ ကြည့်ရှုကြတော့သည်။ လူတိုင်းက နှုတ်ခမ်းတစ်ခြား စိတ်တစ်ခြား ဖြစ်နေသော ချင်ဟွိုင်ယွီအား လှိုက်လှိုက်လှဲလှဲ ရွံရှာမုန်းတီးနေကြပြီ ဖြစ်သည်။

ကာယကံရှင် ချင်ဟွိုင်ယွီမှာမူ ခေါင်းကို ငုံ့ထားပြီး စကားတစ်ခွန်းမျှပင် မဟဝံ့တော့ချေ။ သူမ၏ ရင်ထဲတွင် အလွန်တရာ ရှုပ်ထွေးနေပြီး ချဉ်၊ ခါး၊ ငန်၊ စပ် အရသာစုံလင်စွာ ခံစားနေရသည်။ ဤအရသာများ ဖြစ်ပေါ်လာရခြင်းမှာ ယနေ့တွင် သူမ အမှန်တရား အချို့ကို နားလည်သဘောပေါက်သွားသောကြောင့် ဖြစ်သည်။

ချန်ကောဟွားမှာ သူမအပေါ် ခံစားချက်မရှိခဲ့ကြောင်း၊ ချန်ကောဟွား အမြဲတမ်း ဂရုစိုက်ခဲ့သူမှာ ချင်ကျင်းယွီသာ ဖြစ်ကြောင်း၊ သူမမှာ သူ၏ ရင်ထဲတွင် အရေးမပါသော ဇာတ်ကောင်တစ်ဦးသာ ဖြစ်ကြောင်း၊ လွဲချော်သွားခြင်းမှာ လွဲချော်သွားခြင်းသာဖြစ်ပြီး နောက်ထပ် ရလဒ်ထွက်ပေါ်လာမည် မဟုတ်ကြောင်းပင်ဖြစ်သည်။

ချင်ဟွိုင်ယွီမှာ မြေပြင်ပေါ်တွင် ထိုင်ကျသွားပြီး မျက်နှာပေါ်တွင် မျက်ရည်များ တွဲခိုလျက်ရှိကာ စိတ်ဓာတ်ခွန်အားများ ချက်ချင်းပင် လျော့ကျသွားသကဲ့သို့ ဖြစ်နေသည်။

ချန်ကောဟွားကမူ လုံးဝ ဂရုမစိုက်ဘဲ ရပ်ကွက်ရုံး ဝန်ထမ်းထံမှ လက်ကောက်ကို ပြန်လည်ရယူကာ ချင်ကျင်းယွီ၏ လက်ကိုဆွဲ၍ အိမ်တွင်းသို့ ပြန်ဝင်သွားသည်။ ဌာနမှူးဟယ်ကလည်း ကျားကျန်းရှီကို ခေါ်ဆောင်ကာ ထွက်ခွာသွားသည်။

ကျားကျန်းရှီ ဖမ်းဆီးခေါ်ဆောင်ခံရသည်ကို မြင်တွေ့လိုက်ရသောအခါ ကျားတုန်းရွှီ၏ ရင်ထဲတွင် စိုးရိမ်ပူပန်နေသော်လည်း မည်သည့်နည်းလမ်းမျှ မရှိခဲ့ပေ။ အသုံးမကျသူ တစ်ယောက်ဖြစ်သော သူက မည်သို့ တတ်နိုင်ပါမည်နည်း။ အဘယ်ကြောင့်ဆိုသော် ရပ်ကွက်ရုံးက စစ်ဆေးတွေ့ရှိပြီးဖြစ်ရာ ချန်ကောဟွား၏ အိမ်မှ ရွှေများမှာ အတုမဟုတ်ကြောင်း အတည်ပြုပြီး သောကြောင့်ပင် ဖြစ်သည်။

ခိုင်လုံသော သက်သေအထောက်အထားများ ရှိနေချိန်တွင် ကျားကျန်းရှီ၏ လုပ်ရပ်မှာ အပြစ်ကင်းသူကို မတရားစွပ်စွဲခြင်းပင် ဖြစ်နေသည်။ ထို့ကြောင့် သားဖြစ်သူ သူက ကျားကျန်းရှီ ဖမ်းဆီးခေါ်ဆောင်ခံရသည်ကို မျက်စိရှေ့တွင် မြင်တွေ့နေရသော်လည်း ရင်ထဲတွင် အချည်းနှီးသာ ဒေါသထွက်နေရုံမှလွဲ၍ ဘာမျှ မတတ်နိုင်ခဲ့ပေ။

ထိုကိစ္စ ပြီးဆုံးသွားပြီးနောက် ရက်အနည်းငယ် ကြာသောအခါ ရဲစခန်းကလည်း ပန့်ကန့်နှင့် ကျားကျန်းရှီ နှစ်ဦးအတွက် နောက်ဆုံးအပြစ်ဒဏ်ကို ချမှတ်လိုက်သည်။

ကျားကျန်းရှီမှာ သူတစ်ပါးကို မတရားစွပ်စွဲမှုကြောင့် အလုပ်ကြမ်းလုပ်ရန် လိုအပ်ပြီး ပြစ်ဒဏ်ကာလမှာ ခြောက်လတိတိ ကြာမြင့်မည် ဖြစ်သည်။

ပန့်ကန့်အတွက်ဆိုလျှင် ပြောနေစရာပင် မလိုတော့ချေ။ ရွှေအတုပြုလုပ်သော ရာဇဝတ်ဂိုဏ်းနှင့် ပတ်သက်ဆက်နွှယ်နေသဖြင့် အနည်းဆုံး လူငယ်ပြုပြင်ရေးစခန်းတွင် ငါးနှစ်ခန့် နေထိုင်ရမည်ဖြစ်ပြီး အကယ်၍ အနေအထိုင် မကောင်းပါက ပြစ်ဒဏ်ကာလ ထပ်မံတိုးမြှင့်ခံရမည် ဖြစ်သည်။

ထို့ကြောင့်ပင် စတုရန်းခြံဝင်းကြီးမှာ နောက်ဆုံးတွင် ငြိမ်းချမ်းသော နေ့ရက်ကာလတစ်ခုသို့ ရောက်ရှိလာသည်။

အခန်း ၁၀၈

အောက်အီးအီးအွတ်

ကြက်တွန်သံတစ်ချက် ထွက်ပေါ်လာပြီးနောက် အရှေ့ဘက် မိုးကုပ်စက်ဝိုင်းတွင် ငါးဝမ်းဗိုက်အရောင်ကဲ့သို့ ဖြူလင်းသော အရောင်လေးတစ်ခု ပေါ်ထွက်လာသည်။ လူကို လန်းဆန်းတက်ကြွစေသော နေ့သစ်တစ်နေ့ ရောက်ရှိလာသည်။ အဘယ်ကြောင့် လန်းဆန်းတက်ကြွစေသည်ဟု ဆိုရလျှင် အလွန်ရိုးရှင်းသည်။

ခြံဝင်းအတွင်း၌ အမြဲတမ်း ပြဿနာရှာလေ့ရှိသော ယုတ်မာသည့်အဘွားအို ကျားကျန်းရှီ၏ အသံမရှိတော့သလို ကျေးဇူးကန်းတတ်သော သူခိုးလေး ပန့်ကန့်က ပစ္စည်းခိုးမည်ကိုလည်း ပူပန်နေစရာ မလိုတော့သောကြောင့် ဖြစ်သည်။

ယခင်ကနှင့် နှိုင်းယှဉ်ပါက ယခုအခါ စတုရန်းခြံဝင်းကြီးမှာ အတော်လေး ရှင်းလင်းအေးချမ်းသွားခဲ့ပြီဟု ဆိုနိုင်သည်။

"နေ့သစ်တစ်နေ့ ရောက်ရှိလာပါပြီ အသုံးပြုသူအနေနဲ့ နေ့စဉ်စာရင်းသွင်းခြင်းကို ပြုလုပ်မှာပါလား"

အိပ်ရာမှ ယခုလေးတင် နိုးထလာသော ချန်ကောဟွားက ခြံဝင်းအတွင်း၌ ကိုယ်လက်လှုပ်ရှား အကြောလျှော့နေသည်။ ထိုအသံနှင့် ပတ်သက်၍ သူသည် အကျွမ်းတဝင်ရှိနေပြီဖြစ်ရာ အနည်းငယ်မျှပင် တုံ့ဆိုင်းမနေဘဲ ယနေ့အတွက် စာရင်းသွင်းခြင်းကို စတင်ပြုလုပ်လိုက်သည်။

"တင်းတောင်၊ အသုံးပြုသူက အထူးရှေးဟောင်းပစ္စည်း အကဲဖြတ်စွမ်းရည်ကတ်ပြား (၁) ခု ရရှိတဲ့အတွက် ဂုဏ်ပြုပါတယ်"

"တင်းတောင်၊ အသုံးပြုသူက ……….ရရှိတဲ့အတွက် ဂုဏ်ပြုပါတယ်၊"

အခြားရရှိသော ပစ္စည်းများမှာ ဆန်လက်မှတ်နှင့် အသားလက်မှတ်များအပြင် ငွေစက္ကူအချို့သာ ဖြစ်ရာ ထိုအရာများကို ချန်ကောဟွားက မလိုအပ်တော့ပေ။ ထို့ကြောင့် သူ၏ အာရုံစိုက်မှုအားလုံးမှာ ပထမဆုံး ရရှိခဲ့သော စွမ်းရည်ကတ်ပြား ဆုအပေါ်သို့သာ ရောက်ရှိသွားသည်။

သိထားရမည်မှာ နောက်ဆုံးအကြိမ် စွမ်းရည်ကတ်ပြား ရရှိခဲ့ပြီးနောက် အချိန်အတန်ကြာ ကွာဟသွားခဲ့ပြီ ဖြစ်သည်။ ယခင်က ရရှိခဲ့သော စွမ်းရည်ကတ်ပြားများမှာ အနည်းငယ် ပုံမှန်မဟုတ်သကဲ့သို့ ထင်ရသော်လည်း အရေးကြီးသော အချိန်များတွင် အံ့ဩဖွယ်ရာ အစွမ်းအာနိသင်များ ပြသနိုင်ခဲ့ရာ ဤစွမ်းရည်ကတ်ပြားမှာလည်း ချန်ကောဟွား၏ အဓိက အာရုံစိုက်ရာ ဖြစ်လာသည်မှာ သဘာဝကျသည်။

စိတ်အာရုံကို အနည်းငယ် လှုပ်ရှားလိုက်သည်နှင့် စနစ်နေရာလွတ်အတွင်း၌ အနီရောင်တောက်တောက် စွမ်းရည်ကတ်ပြား တစ်ခုကို မြင်တွေ့လိုက်ရသည်။ နောက်တစ်စက္ကန့်တွင် ထိုစွမ်းရည်ကတ်ပြားနှင့် ပတ်သက်သော အချက်အလက်များက ဝင်ရောက်လာသည်။

အထူးရှေးဟောင်းပစ္စည်း အကဲဖြတ်စွမ်းရည်ကတ်ပြား - စွမ်းရည်ကတ်ပြားကို ပေါင်းစပ်လိုက်ပြီးနောက် အသုံးပြုသူသည် လောကတွင် အမြင့်မားဆုံးသော ရှေးဟောင်းပစ္စည်း အကဲဖြတ်နိုင်စွမ်းကို ပိုင်ဆိုင်နိုင်မည်ဖြစ်ပြီး ရှေးဟောင်းပစ္စည်း ရတနာများအားလုံးကို တိကျမှန်ကန်စွာ အကဲဖြတ်နိုင်မည် ဖြစ်သည်။

ထိုစွမ်းရည်ကို သိရှိလိုက်ရသောအခါ ချန်ကောဟွား၏ ရင်ထဲတွင် ဝမ်းသာသွားသည်။ သိထားရမည်မှာ ဤခေတ်ကာလတွင် တောရွာများ၌ ရှေးဟောင်းပစ္စည်းကောင်းများစွာ ရှိနေပြီး သူက ဝယ်ယူရေးဌာနမှူး တစ်ယောက်ဖြစ်ရာ ၎င်းတို့ကို တွေ့ရှိနိုင်ရန် အခွင့်အရေး အပြည့်အဝ ရှိနေသည်။

အကယ်၍ ရှေးဟောင်းပစ္စည်း အကဲဖြတ်နိုင်စွမ်း ရှိလာပါက သူ၏ အလုပ်အကိုင်အတွက် သေချာပေါက် များစွာ အထောက်အကူပြုမည်ပင် ဖြစ်သည်။ ဤသည်က သူ့အား မည်သို့ ဝမ်းမသာဘဲ နေနိုင်စေမည်နည်း။

"တင်းတောင်၊ အသုံးပြုသူက အထူးရှေးဟောင်းပစ္စည်း အကဲဖြတ်စွမ်းရည်ကတ်ပြားကို ပေါင်းစပ်မှာလား"

"ပေါင်းစပ်မယ်"

အနည်းငယ်မျှပင် တုံ့ဆိုင်းမနေဘဲ ချန်ကောဟွားက အထူးရှေးဟောင်းပစ္စည်း အကဲဖြတ်စွမ်းရည်ကတ်ပြားကို တိုက်ရိုက်ပင် ပေါင်းစပ်လိုက်သည်။

နောက်တစ်စက္ကန့်တွင် ပူနွေးသော ရေစီးကြောင်းတစ်ခုက သူ၏ ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းများဆီသို့ စီးဆင်းဝင်ရောက်သွားသည်။ ရေစီးကြောင်းတစ်ခုကဲ့သို့ များပြားလှသော သတင်းအချက်အလက်များကလည်း သူ၏ ဦးနှောက်ထဲသို့ ဝင်ရောက်လာသည်။

တစ်ခဏအတွင်း၌ပင် ချန်ကောဟွား၏ ရှေးဟောင်းပစ္စည်း အကဲဖြတ်နိုင်စွမ်းမှာ နိုင်ငံတစ်ဝန်း အမြင့်ဆုံးအဆင့်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

ရှေးဟောင်းပစ္စည်း ရတနာတစ်ခုသာဖြစ်ပါက တစ်ချက်ကြည့်လိုက်ရုံဖြင့် အတုအစစ်ကို ခွဲခြားနိုင်ရုံသာမက ဇာစ်မြစ်နှင့် တန်ဖိုးကိုပါ သိရှိနိုင်မည် ဖြစ်သည်။ ထို့အပြင် ကမ္ဘာတစ်ဝန်းရှိ ရတနာပစ္စည်းများကိုပါ သူက အလွယ်တကူ ခွဲခြားသိမြင်နိုင်စွမ်း ရှိလာသည်။

ဟူး

ဤမျှလောက် အားကောင်းသော စွမ်းရည်ကို ပိုင်ဆိုင်သွားပြီဖြစ်ကြောင်း သိရှိလိုက်ရပြီးနောက် ချန်ကောဟွားက သက်ပြင်းတစ်ချက်ချလိုက်ပြီး စိတ်အစဉ်မှာ အလွန်တရာ လန်းဆန်းတက်ကြွသွားသည်။

မူလက လယ်ယာထွက်ကုန်များ ဝယ်ယူခြင်းက ငွေအနည်းငယ်မျှသာ ရှာနိုင်မည်ဟု သူ ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။ ယခုတော့ အဆင်ပြေသွားလေပြီ။ အထူးရှေးဟောင်းပစ္စည်း အကဲဖြတ်နိုင်စွမ်းကို ပိုင်ဆိုင်ထားပြီဖြစ်ရာ သူက ရှေးဟောင်းပစ္စည်း ရတနာများကို ရှာဖွေစုဆောင်းနိုင်မည်သာ ဖြစ်သည်။

ဤပစ္စည်းများကို ရင်းနှီးမြှုပ်နှံမှုအဖြစ် သိမ်းဆည်းထားမည်ဆိုလျှင်ဖြစ်စေ အထက်လူကြီးများကို လက်ဆောင်ပေးရန်အတွက်ဆိုလျှင်ဖြစ်စေ အလွန်ကောင်းမွန်သော ရွေးချယ်မှုပင် ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ဤနေရာမှာ မြို့တော်စစ်ကျိုမြို့ ဖြစ်ပြီး ယခင်က ခေတ်အဆက်ဆက် မင်းဆက်များ၏ မြို့တော်ဖြစ်ခဲ့ဖူးရာ ရှေးဟောင်းပစ္စည်းများမှာ သေချာပေါက် ရေတွက်၍ပင် ရနိုင်မည် မဟုတ်ပေ။

တောရွာများတွင် ကြက်ဥအနည်းငယ်ဖြင့်ပင် အဖိုးတန်ရတနာတစ်ခုကို လဲလှယ်ရရှိနိုင်ကောင်း ရရှိနိုင်သည်။ ဤရှေးဟောင်းပစ္စည်းများကို ရရှိပြီးနောက် နိုင်ငံတော်က ကမ္ဘာနှင့် ချိတ်ဆက်လာမည့်အချိန်အထိ စောင့်ဆိုင်းလိုက်ပါက သူ၏ နေထိုင်မှုဘဝလေးမှာ သေချာပေါက် သာယာလှပသွားမည် ဖြစ်သည်။

ဘာကြောင့်လဲဟု ဆိုစရာပင် လိုမည်မထင်ပေ။ ထိုအချိန်ရောက်လျှင် သူသည် နိုင်ငံတစ်ဝန်း အချမ်းသာဆုံးသော စုဆောင်းသူတစ်ဦး ဖြစ်လာမည်ပင် ဖြစ်သည်။ ထို့နောက် ရှေးဟောင်းပစ္စည်းများကို အားကိုးကာ ဩဇာတိက္ကမကြီးမားသော ပုဂ္ဂိုလ်ကြီးများနှင့် မိတ်ဆွေဖွဲ့ပြီး အနာဂတ်တွင် အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်လာရန်မှာလည်း မဖြစ်နိုင်စရာ မရှိပေ။

သိထားရမည်မှာ သူဌေးများအတွက် အရှားပါးဆုံးအရာမှာ ငွေကြေး မဟုတ်ပေ။ သူသည်လည်း ငွေမရှားပါးရာ အကယ်၍ စုဆောင်းရန် တန်ဖိုးမြင့်မားသော ရှေးဟောင်းပစ္စည်းများ ရှိနေပါက သူ၏ အနာဂတ်အတွက် သေချာပေါက် ကြီးမားသော အထောက်အကူ ဖြစ်စေမည်သာ ဖြစ်သည်။

သဘောပေါက်သွားပြီးနောက် ချန်ကောဟွား၏ စိတ်အစဉ်မှာ အလွန်ကြည်နူးသွားခဲ့ပြီး ရှေးဟောင်းပစ္စည်း အကဲဖြတ်စွမ်းရည်ကို စမ်းသပ်ကြည့်ရန်သာ ခေါင်းထဲတွင် အပြည့်ရှိနေတော့သည်။

ထိုသို့ဖြင့် အနည်းငယ် ပြင်ဆင်ပြီးနောက် သူက တံခါးကိုတွန်းဖွင့်ကာ ခြံဝင်းအတွင်း၌ လိုက်လံရှာဖွေကြည့်တော့သည်။

ထိုအချိန်တွင် အထူးရှေးဟောင်းပစ္စည်း အကဲဖြတ်နိုင်စွမ်း၏ အကျိုးသက်ရောက်မှုအောက်တွင် ချန်ကောဟွား၏ မျက်လုံးနှစ်လုံးမှာ အဆင့်မြင့် နည်းပညာသုံး စမတ်စကန်ဖတ်စက် တစ်လုံးကဲ့သို့ ဖြစ်နေသည်။ အကြည့်ရောက်ရာ နေရာတိုင်းရှိ ပစ္စည်းများ၏ ဇာစ်မြစ်နှင့် တန်ဖိုးများကို သိရှိနိုင်သည်။

ဥပမာအားဖြင့် မျက်စိရှေ့ရှိ အပြာရောင်အုတ်တံတိုင်း၏ ဇာစ်မြစ်မှာ ချင်းမင်းဆက်ခေတ်မှဖြစ်ပြီး ရှေးဟောင်းပစ္စည်း တန်ဖိုးအချို့ ရှိနေသည်။ ဤအချက်အလက်များကို သိရှိလိုက်ရသောအခါ ချန်ကောဟွား၏ ရင်ထဲတွင် တုန်လှုပ်သွားသည်။

မဆိုးပါဘူး

သူနေထိုင်သော ခြံဝင်းကြီးမှာ ရှေးဟောင်းပစ္စည်းတစ်ခုပင် ဖြစ်နေသည်။

သို့သော် ဤအပြာရောင်အုတ်တံတိုင်းမှာ ရှေးဟောင်းပစ္စည်းဖြစ်သော်လည်း စုဆောင်းရန် တန်ဖိုးမှာ သိပ်မမြင့်မားလှပေ။ ထို့အပြင် ဖြိုချလိုက်ပါက ရှေးဟောင်းပစ္စည်းကို ဖျက်ဆီးရာကျရုံသာမက အပြာရောင်အုတ်များကိုလည်း ပျက်စီးသွားစေမည် ဖြစ်သည်။ ထို့ကြောင့် အထူးတလည် အလေးထားမနေတော့ချေ။

ထို့နောက် ချန်ကောဟွားက ရှေ့သို့ ဆက်လျှောက်သွားရာ အပြာရောင်အုတ်တံတိုင်းအောက်တွင် သစ်သားထိုင်ခုံလေးတစ်ခု ရှိနေသည်ကို မတော်တဆ မြင်တွေ့လိုက်ရသည်။

အထူးရှေးဟောင်းပစ္စည်း အကဲဖြတ်စွမ်းရည်အောက်တွင် ထိုခုံလေးမှာ ရွှေရောင်အလင်းတန်းများ ဖြာထွက်နေသည်။ ဟွမ်ဟွားလီသစ်သားဖြင့် ပြုလုပ်ထားသော သစ်သားထိုင်ခုံလေးဖြစ်ပြီး သက်တမ်းမှာ နှစ်ပေါင်းသုံးရာ့ငါးဆယ် ရှိလေပြီ။

ဤအရာကို မြင်တွေ့လိုက်ရသောအခါ ချန်ကောဟွားမှာ ပို၍ပင် အံ့ဩမှင်တက်သွားခဲ့ရသည်။

ဘုရားရေ၊ ဒါက သက်တမ်း သုံးရာကျော်ရှိနေပြီဖြစ်တဲ့ ဟွမ်ဟွားလီသစ်သား ခုံလေးတစ်ခုလား

အကယ်၍ နောင်ခေတ်များတွင်သာဆိုလျှင် သေချာပေါက် တန်ဖိုးဖြတ်မရသော အဖိုးတန်ရတနာတစ်ခု ဖြစ်ပေလိမ့်မည်။ သည်အရာကိုတော့ သူ သိမ်းထားရမည်။

ချန်ကောဟွား၏ ရင်ထဲတွင် လောလာသည်။ သိထားရမည်မှာ ဟွမ်ဟွားလီသစ်သားမှာ အလွန်နှေးကွေးစွာ ကြီးထွားသော အပင်တစ်မျိုး ဖြစ်သည်။ အချို့သော အခြေအနေများတွင် ဟွမ်ဟွားလီသစ်သားမှာ ကြီးထွားလာခြင်းမရှိဘဲ ဆန့်ကျင်ဘက်အနေဖြင့် ကျုံ့ဝင်သွားတတ်သေးသည်ဟု ဆိုကြသည်။

ဤအချက်ကို ကြည့်ခြင်းအားဖြင့် ဟွမ်ဟွားလီသစ်သားမှာ မည်မျှလောက် အဖိုးတန်ကြောင်း သိသာနိုင်သည်။ ထို့အပြင် မင်မင်းဆက်ခေတ်အထိ နောက်ကြောင်းပြန်လိုက်၍ရသော ဟွမ်ဟွားလီသစ်သားဖြစ်ပြီး ရှေးဟောင်းသုတေသနဆိုင်ရာ တန်ဖိုးများပါ ရှိနေသေးရာ ရတနာများထဲမှ ရတနာဟုပင် ဆိုနိုင်သည်။

ချန်ကောဟွား မှတ်မိနေသည်မှာ နောင်ခေတ်များတွင် ဟွမ်ဟွားလီသစ်သားကို ဒုတိယအဆင့် ကာကွယ်ရမည့် အပင်အဖြစ် သတ်မှတ်ထားပြီး မည်သူမျှ ခုတ်ယူခွင့်မရှိကြောင်းပင် ဖြစ်သည်။

ဤသည်ကပင် ရှေးဟောင်းပစ္စည်း ဈေးကွက်အတွင်း ဟွမ်ဟွားလီသစ်သား၏ ဈေးနှုန်းကို တဟုန်ထိုး မြင့်တက်သွားစေသည်။ အကယ်၍ ပရိဘောဂပြုလုပ်ရန် အသုံးပြုမည်ဆိုလျှင် တစ်ပိသာလျှင် ယွမ်တစ်သိန်းဝန်းကျင် ရှိသည်။ ထိုသို့တွေးတောမိလေလေ ချန်ကောဟွား၏ ရင်ထဲတွင် ပို၍ လောလာလေလေ ဖြစ်သည်။ ဤဟွမ်ဟွားလီသစ်သား ခုံလေးကို မဖြစ်မနေ ရအောင် ယူရမည်။

သို့သော် သူ မှတ်မိနေသည်မှာ မမှားပါက ထိုခုံလေးမှာ ကျားမိသားစုပိုင် ဖြစ်သည်။ အကယ်၍ သူတို့၏ ခုံလေးကို မိမိက ယူသွားကြောင်း ကျားမိသားစု သိရှိသွားပါက သေချာပေါက် ထွက်လာပြီး အော်ဟစ်ဆဲဆိုကြမည်သာ ဖြစ်သည်။

သို့ရာတွင် ဤကိစ္စမှာလည်း သိပ်ခက်ခဲသော ကိစ္စတော့ မဟုတ်ပေ။ မည်သို့ပင်ဆိုစေကာမူ သူတို့ ကျားမိသားစုမှာ ဤခုံလေးကို ဟွမ်ဟွားလီသစ်သားဖြင့် ပြုလုပ်ထားကြောင်း သိရှိမည် မဟုတ်ပေ။

ချန်ကောဟွားက ကျိတ်၍ ရယ်မောလိုက်သည်။ ထို့နောက် အလုပ်သွားရန် စက်ဘီးစီးရန် ပြင်ဆင်လိုက်သည်။

သို့သော် ထိုအချိန်တွင် အသံတစ်သံက ချန်ကောဟွားကို လှမ်းခေါ်လိုက်သည်။

"ချန်ကောဟွား ငါ မင်းနဲ့ စကားနည်းနည်း ပြောချင်တယ်"

ချန်ကောဟွား လှည့်ကြည့်လိုက်ရာ စကားပြောသူမှာ ကျားတုန်းရွှီ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

All Chapters