အခန်း ၂၉၂
Vol. 30 Ch. 292
အခန်း (၂၉၂) အသေအလဲ ရှုံးနိမ့်သွားခြင်း
ထိုအခိုက်အတန့်၌ ချန်ဖုန်းထံမှ ထွက်ပေါ်လာသော အငွေ့အသက်များသည် ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။
လှိုင်းထန်နေသော အငွေ့အသက်များသည် ရှောင်ချူနန်အား ချက်ချင်းပင် လော့ခ်ချလိုက်ပြီး ရှောင်ချူနန်၏ အံ့အားသင့်နေသော အကြည့်များအောက်တွင် သူက မည်သည့် တုံ့ဆိုင်းမှုမျှမရှိဘဲ ကန်ထုတ်လိုက်လေ၏။
ထိုကန်ချက်မှာ နောက်ကျမှ ရောက်လာသော်လည်း လျှပ်စီးလက်သကဲ့သို့ မြန်ဆန်လှပေသည်။
ဖောင်း…
ကြီးမားလှသော ခွန်အားများက ရှောင်ချူနန်၏ ခုခံမှုအားလုံးကို ချက်ချင်းပင် ရိုက်ချိုးဖျက်ဆီးပစ်လိုက်သည်။
သူ၏ လက်သီးက ချန်ဖုန်းကို မထိရသေးမီမှာပင် သူ အကန်ခံလိုက်ရခြင်း ဖြစ်ပေ၏။
ထို့နောက် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာခဲ့သည်။
ဂျင် ၁၇၀ မှ ၁၈၀ ခန့် အလေးချိန်ရှိသော သူ၏ ခန္ဓာကိုယ်သည် နံရံကို ပြင်းထန်စွာ ဝင်တိုက်မိသွားလေ၏။
ဂွပ်…
နံရံတစ်ခုလုံးတွင် ကြီးမားသော အပေါက်ကြီးတစ်ခု ပွင့်ထွက်သွားပေသည်။
မရေမတွက်နိုင်သော ပင့်ကူအိမ်အက်ကြောင်းများက အရပ်မျက်နှာ အားလုံးသို့ ပျံ့နှံ့သွားခဲ့လေသည်။
ရုတ်တရက် အခြေအနေများ ပြောင်းလဲသွားခဲ့၏။
ပတ်ဝန်းကျင်ရှိ လူတိုင်းမှာ စကားပြောစရာမဲ့ ဖြစ်သွားကြသည်။
မည်သူကမျှ ဤသို့ဖြစ်လာမည်ဟု မထင်မှတ်ထားခဲ့ကြချေ။
ယဉ်ကျေးသိမ်မွေ့ပုံရသော ချန်ဖုန်းသည် ဤမျှ အစွမ်းထက်သော ခွန်အားကို ထုတ်လွှတ်နိုင်လိမ့်မည်ဟု မထင်မှတ်ထားခဲ့ကြပေ။
လူတိုင်းက ချန်ဖုန်းအား ကြည့်လိုက်ချိန်တွင် သူ၏ အငွေ့အသက်များ ရုတ်တရက် ငြိမ်သက်သွားခဲ့လေ၏။
ထို့နောက် သူက ငြိမ်းချမ်းစွာ ထိုင်နေခဲ့သည်။
ယခုလေးတင် ဘာမှမဖြစ်ခဲ့သကဲ့သို့ သူ လုံးဝ မလှုပ်ရှားခဲ့သကဲ့သို့ပင်။
"ဒါက"
တစ်စုံတစ်ယောက်က သူ၏ မျက်လုံးများကို ပွတ်သပ်လိုက်သည်။
ယခုလေးတင် ကန်ထုတ်လိုက်သူမှာ ချန်ဖုန်းပင် ဖြစ်ပါသလော။
ရှောင်ချူနန်သည် အချိန်အတော်ကြာပြီးနောက် မြေပြင်ပေါ်မှ နောက်ဆုံးတွင် ထရပ်လာခဲ့၏။
ကံကောင်းထောက်မစွာဖြင့် သူ၏ ခန္ဓာကိုယ်အခြေအနေမှာ တော်တော်လေး သန်မာနေခဲ့သည်။
အကယ်၍ သာမန်လူတစ်ယောက်သာ ဤကဲ့သို့ အကန်ခံရပါက တကယ်ပင် ဆေးရုံတွင် လအတော်ကြာ ကုသမှုခံယူရမည် ဖြစ်ပေသည်။
ဤအချိန်၌ ချန်ဖုန်းကို ကြည့်သော သူ၏အကြည့်များတွင် နက်ရှိုင်းသော အံ့အားသင့်မှုများ ပြည့်နှက်နေခဲ့လေ၏။
ယခုလေးတင် သူ အစွမ်းကုန် မထုတ်ခဲ့သော်လည်း တစ်ဖက်လူက သူ့ကို တစ်ချက်တည်းဖြင့် ကန်ထုတ်နိုင်ခဲ့သည်ဆိုပါက သူ၏ စွမ်းအားမှာ သေချာပေါက် မအားနည်းချေ။
‘ငါ သူ့ကို အထင်လွဲသွားတာပဲ စစ်ဘက်ဆိုင်ရာဌာနရဲ့ နည်းပြချုပ်ဆိုတာ ခေါင်းစဉ်တစ်ခုသက်သက်ပဲလို့ အစက ထင်ထားခဲ့တာ တကယ်တော့ အတော်လေး စွမ်းဆောင်နိုင်တာပဲ’ဟု ရှောင်ချူနန် တွေးလိုက်၏။
"ချန်ဖုန်း… ငါ အခုလေးတင် ပေါ့ဆသွားလို့ပါ… တကယ်လို့ ငါသာ အစွမ်းကုန် ထုတ်သုံးခဲ့ရင် မင်း သေချာပေါက် ယှဉ်နိုင်မှာ မဟုတ်ဘူး"
ရှောင်ချူနန်၏ အရိုးများက တကျွတ်ကျွတ် မြည်သွားပြီး သွားကြိတ်ကာ ပြောဆိုလိုက်၏။
"တကယ်လို့ မင်း ဒဏ်ရာရသွားရင် ငါ့ကို အပြစ်မတင်နဲ့နော်… အပြစ်တင်စရာရှိရင် မင်းရဲ့ စွမ်းအားမလုံလောက်မှုကိုပဲ အပြစ်တင်လိုက်"
သူသည် ချန်ဖုန်းဆီသို့ နောက်တစ်ကြိမ် ပြေးဝင်သွားပြန်သည်။
ဖောင်း…
ချန်ဖုန်းက နောက်တစ်ကြိမ် ကန်ထုတ်လိုက်ပြန်၏။
ဤတစ်ကြိမ်တွင်မူ သူက ခြေထောက်ဖြင့် ပိုမိုအားပြင်းပြင်း ကန်ထုတ်လိုက်ခြင်း ဖြစ်လေသည်။
ရှောင်ချူနန် အနီးသို့ ရောက်ရှိလာသည်နှင့် တစ်ပြိုင်နက် သူ၏ မျက်နှာအမူအရာ သိသိသာသာ ပြောင်းလဲသွားခဲ့ပေ၏။
ဤခွန်အားက သူ၏ အမြင့်ဆုံး ခွန်အားထက်ပင် ပိုမိုအားကောင်းနေခဲ့သည်။
၎င်းမှာ ပင်မနတ်ဘုရားအဆင့်၏ စွမ်းအားထက်ပင် ကျော်လွန်နေပုံရပေ၏။
ဤအကြောင်းကို တွေးမိချိန်တွင် ရှောင်ချူနန်သည် အသက်ရှူမှားသွားခဲ့လေသည်။
‘သူက ဧကရာဇ်အဆင့် ကျွမ်းကျင်သူ ဖြစ်နေမလား’
သူ၏ မျက်နှာအမူအရာတွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေခဲ့၏။
သူ ရှောင်တိမ်းချင်ခဲ့သော်လည်း အလွန် နောက်ကျနေပြီ ဖြစ်သည်။
သူ၏ ခန္ဓာကိုယ်သည် ထိုနံရံကို နောက်တစ်ကြိမ် ဝင်တိုက်မိသွားပြီး နံရံတစ်ခုလုံးကို ဖောက်ထွက်သွားလေတော့သည်။
တိတ်ဆိတ်သွား၏။
စားသောက်ဆိုင်တစ်ခုလုံး တိတ်ဆိတ်သွားခဲ့သည်။
လူတိုင်းက ချန်ဖုန်းအား မိစ္ဆာတစ်ကောင်အလား ကြည့်လိုက်ကြပေ၏။
တစ်ချက်တည်းဖြင့် နံရံတစ်ခုလုံးကို ဖောက်ထွက်သွားစေရန် မည်သို့သော ခွန်အားမျိုး လိုအပ်မည်နည်း။
မီးခိုးနှင့် ဖုန်မှုန့်များ ကင်းစင်သွားပြီးနောက် ရှောင်ချူနန်အား မည်သည့်နေရာတွင်မျှ မတွေ့ရတော့ချေ။
"သူ သေသွားပြီလား မသိဘူး"
"ဖြစ်နိုင်တယ်… ကြည့်ပါဦး… အဲဒီနံရံကြီးက ပြိုကျတော့မယ်"
"အထဲမှာ ပိသွားတာလား… မြန်မြန် သွားကြည့်ကြ"
လူအုပ်ကြီး၏ ဆွေးနွေးပြောဆိုမှုများကို ကြားချိန်တွင် အနီးရှိ စားပွဲထိုးမှာ အလွန် ကြောက်ရွံ့သွားသဖြင့် ငိုလုနီးပါးဖြစ်ကာ အလျင်အမြန် ပြေးသွားလေ၏။
သူက ချန်ဖုန်းအား မျက်ခြည်မပြတ် စောင့်ကြည့်ရန် တစ်စုံတစ်ယောက်ကို အမိန့်ပေးခဲ့ပြီး လူတစ်ဦး သေဆုံးသွားပါက ချန်ဖုန်းသည် လူသတ်သမား ဖြစ်လာမည်ဟု သတိပေးခဲ့သည်။
စားပွဲထိုး ပြေးသွားချိန်မှသာ ရှောင်ချူနန်သည် မြေပြင်ပေါ်မှ မည်သို့ ထရပ်လာခဲ့ပြီး အဝေးသို့ ထွက်ခွာသွားသည်ကို သူ မြင်တွေ့လိုက်ရပေ၏။
ရှန်ကွမ်ယွဲ့က သူ၏ ဖရိုဖရဲဖြစ်နေသော အသွင်အပြင်ကို မြင်တွေ့သွားမည်ကို ကြောက်ရွံ့နေပုံရသည်။
အခြားတစ်ဖက်တွင်မူ ချန်ဖုန်းက သူ့ကို အဇူရာနန်းတော်သခင်နှင့် မိတ်ဆက်ပေးခိုင်းမည်ကိုလည်း သူ ကြောက်ရွံ့နေခဲ့လေ၏။
"သူ အဆင်ပြေပါတယ်… သူ ထွက်သွားပြီ… အားလုံးပဲ လူစုခွဲလိုက်ကြပါတော့"
မန်နေဂျာက အလျင်အမြန် ပြေးလာပြီး ကြည့်ရှုနေသူများကို လူစုခွဲလိုက်သည်။
သူလည်း ယခုလေးတင် အတော်လေး ထိတ်လန့်သွားခဲ့၏။
အကယ်၍ အခြေအနေများ ဤမျှလောက်အထိ ဆိုးရွားလာမည်ကိုသာ သူ သိခဲ့ပါက အစကတည်းက ၎င်းတို့ကို ဤနေရာတွင် ယှဉ်ပြိုင်ခွင့်ပြုရန် သူ သဘောတူခဲ့မည် မဟုတ်ချေ။
ဤအချိန်၌ ချန်ဖုန်းက စားပွဲပေါ်ရှိ ဘဏ်ကတ်ကို လက်ညှိုးထိုးကာ ပြုံးလျက် ပြောဆိုလိုက်သည်။
"စားပွဲထိုး… ဒီပိုက်ဆံက မင်းတို့ရဲ့ ဆုံးရှုံးမှုတွေအတွက် လျော်ပေးဖို့ပဲ… လွတ်လွတ်လပ်လပ်သာ ဖြတ်လိုက်ပါ… ဒါက တကယ်တော့ ငါ့ပိုက်ဆံမှ မဟုတ်တာ… ဒီကတ်ကို မင်းဘာသာ သိမ်းထားလိုက်… ကတ်ပိုင်ရှင်က သူ့ဘာသာ လာပြန်တောင်းလိမ့်မယ်"
"နားလည်ပါပြီ… နားလည်ပါပြီ"
စားပွဲထိုးက ဘဏ်ကတ်ကို အလျင်အမြန် သိမ်းဆည်းလိုက်၏။
"နင်"
ရှန်ကွမ်ယွဲ့သည် ခေါင်းခါမ်းခြင်းကို မတားဆီးနိုင်ခဲ့ချေ။
သူမသည် မူလက ရှောင်ချူနန်အား အမြဲတမ်း ပိုတော်သော သူများရှိနေကြောင်းကိုသာ သိစေချင်ခဲ့ခြင်း ဖြစ်သည်။ ချန်ဖုန်းက ဤမျှလောက်အထိ အင်အားသုံးလိမ့်မည်ဟု သူမ မထင်မှတ်ထားခဲ့ပေ။
"သူက ငါ့ကို အရှက်ခွဲချင်နေတာလေ… ငါက သူ့ကို ယဉ်ယဉ်ကျေးကျေး ဆက်ဆံနေရဦးမှာလား"
ချန်ဖုန်းက ရယ်မောကာ ပြောလိုက်၏။
"လာပါ… စားကြရအောင်… ဒီနေ့ကို ငါတို့ရဲ့ ပထမဆုံး ဒိတ်လုပ်တာလို့ သတ်မှတ်လိုက်ကြမလား… ပြီးရင် အိပ်ရာခင်းတစ်ခုလောက် ယူကြရင်ရော ဘယ်လိုလဲ"
"ထွက်သွားစမ်း"
ရှန်ကွမ်ယွဲ့က ဒေါသတကြီးဖြင့် သူ့ကို ကန်ထုတ်လိုက်လေသည်။
"ဟင်… တကယ်ကြီး ထွက်သွားရတော့မှာလား… မင်း မှတ်ပုံတင် ပါလာလား… နောက်မှ ငါ အခန်းသွားကြိုဘွတ်ထားရမလား"
ချန်ဖုန်း၏ မျက်လုံးများ ပြူးကျယ်သွား၏။
"ရှောင်ယွဲ့ယွဲ့က သူ့ရဲ့ ပထမဆုံးအချစ်ကို ခံစားနေရတာလား"
"ထွက်သွားစမ်းပါဆို"
ရှန်ကွမ်ယွဲ့မှာ ဒေါသထွက်လွန်း၍ ရယ်မောလုနီးပါး ဖြစ်သွားခဲ့သည်။
ရုတ်တရတ် သူမသည် သူမ၏ ဝမ်းဗိုက်အောက်ပိုင်းကို ကိုင်တွယ်ခြင်းမှ မတားဆီးနိုင်ခဲ့ချေ။
အကြောင်းပြချက် တစ်ခုခုကြောင့် မကြာသေးမီက အနည်းငယ် နေရခက်နေပုံရပေ၏။
သို့သော်လည်း သူမက ၎င်းကို စိတ်ထဲမထားခဲ့ချေ။
…
တစ်ချိန်တည်းမှာပင် ယွင်ထင်က Great Wall အိမ်ခြံမြေကုမ္ပဏီ၏ အတွင်းရေးမှူး ဝူတန်တန်အား မက်မွန်သီးများ ဝယ်ယူရန် တောင်းဆိုခဲ့သည်။
အဓိကရည်ရွယ်ချက်မှာ ထိုသားအဖနှစ်ဦးအပေါ် ဖိအားများ လျော့ကျသွားစေရန် ကူညီပေးလိုခြင်း ဖြစ်ပေ၏။
သို့သော် ဝူတန်တန် ရောက်ရှိသွားချိန်တွင် သုံးဘီးဆိုင်ကယ်မှာ မရှိတော့ချေ။
အမျိုးသားနှင့် ကလေးငယ်လည်း ထွက်သွားကြလေပြီ။
ဤအချိန်၌ လမ်းတစ်ခုပေါ်တွင် အမျိုးသားတစ်ဦးက သုံးဘီးဆိုင်ကယ်ကို မောင်းနှင်နေပြီး ကလေးငယ်တစ်ဦးက ၎င်းပေါ်တွင် ထိုင်နေခဲ့သည်။
သို့သော် ယခုအခါ ကောင်လေး၏ မျက်နှာပေါ်ရှိ ထိတ်လန့်မှုများ ပျောက်ကွယ်သွားပြီး သူ၏ အသက်အရွယ်ထက် ကျော်လွန်သော ရင့်ကျက်မှုတစ်ခု ရှိနေလေ၏။
"ဝမ်လျန်… ခင်ဗျား ဘာလို့ အခုလေးတင် ချန်ဖုန်းကို မသတ်လိုက်တာလဲ… တကယ်လို့ ငါတို့သာ တကယ် တိုက်ခိုက်ချင်တယ်ဆိုရင် အခွင့်အရေး ရှိနေသေးတယ်လေ"
"ကလေးလေး(မိစ္ဆာငယ်)… မင်းက အရမ်း ငယ်ပါသေးတယ်"
အမျိုးသားက(ဝမ်လျန်) ခေါင်းခါရင်း ပြောလိုက်၏။
"ငါက သေဖို့အတွက် နယ်စပ်ပြင်ပကနေ ဟွာရှနိုင်ငံကို တိတ်တဆိတ် ဝင်ရောက်လာတာ မဟုတ်ဘူး… ဒီချန်ဖုန်းက စစ်ဘက်ဆိုင်ရာဌာနရဲ့ နည်းပြချုပ်ဖြစ်သလို အဇူရာနန်းတော်သခင်လည်း ဖြစ်တယ်… သူက သာမန်လူတွေမှာ မရှိတဲ့ စွမ်းရည်တွေကို ပိုင်ဆိုင်ထားတာ သဘာဝကျတယ်"
"အခုလေးတင် ငါ သူ့ကို လျှို့ဝှက်စောင့်ကြည့်နေခဲ့တာ… သူ မက်မွန်သီး ဝယ်ဖို့ ပေါ်လာတဲ့အချိန်ကစပြီး ထွက်သွားတဲ့အချိန်အထိ သူ့ဆီမှာ အားနည်းချက် တစ်ခုလေးတောင် ငါ မတွေ့ခဲ့ရဘူး… တကယ်လို့ အဲဒီအချိန်တုန်းကသာ ငါတို့ တကယ် လှုပ်ရှားခဲ့မယ်ဆိုရင် သူက ချက်ချင်း ပြန်တိုက်ခိုက်လိမ့်မယ်… ပြီးရင် ငါတို့ရဲ့ သရုပ်မှန် ဖော်ထုတ်ခံရလိမ့်မယ်"
ဤအကြောင်းကို ပြောရလျှင် အမျိုးသားက အဓိပ္ပာယ်ပါပါ ဆက်ပြောဆိုလိုက်သည်။
"အခုလေးတင် သူ့ရဲ့ စွမ်းအားကို မင်း ပြောပြနိုင်ခဲ့လား… သူက ပင်မနတ်ဘုရားအဆင့်လား… ဧကရာဇ်အဆင့်လား… ဒါမှမဟုတ် မဟာဧကရာဇ်အဆင့်များ ဖြစ်နေမလား"
မိစ္ဆာငယ်မှာ တစ်ကိုယ်လုံး တုန်ရီသွားကာ ပြန်ဖြေလိုက်သည်။
"ငါ မပြောတတ်ဘူး"
သူက အသက်ရှစ်နှစ် သို့မဟုတ် ကိုးနှစ်ခန့်သာ ရှိပုံရသော်လည်း သူ၏ အသက်အမှန်မှာ ယင်းထက် များစွာ ကျော်လွန်နေပေသည်။
လူပုရောဂါ ဖြစ်နေရုံသာ ဖြစ်၏။
အမျိုးသားက တည်ငြိမ်စွာ ပြောဆိုလိုက်သည်။
"မင်းနဲ့ငါတောင် သူ့ရဲ့ စစ်မှန်တဲ့ စွမ်းအားကို မခွဲခြားနိုင်ဘူးဆိုတော့… သူက သူ့ရဲ့ စွမ်းအားကို နက်နက်ရှိုင်းရှိုင်း ဖုံးကွယ်ထားတာ ဒါမှမဟုတ် သူ့ရဲ့ အငွေ့အသက်ကို အစွန်းရောက်အထိ ဖုံးကွယ်ထားတာ ဖြစ်ရမယ်… ဒါမှမဟုတ် သူက ငါ့ထက်တောင် ပိုအစွမ်းထက်နေတာလည်း ဖြစ်နိုင်တယ်"
"ခင်ဗျားထက် ပိုအစွမ်းထက်တယ်"
မိစ္ဆာငယ်မှာ နောက်တစ်ကြိမ် နက်နက်ရှိုင်းရှိုင်း အံ့အားသင့်သွားခဲ့လေ၏။
အခြားသူများက အမျိုးသား၏ သရုပ်မှန်ကို မသိနိုင်သော်လည်း သူကမူ အားလုံးကို ရှင်းလင်းစွာ သိရှိထားပေသည်။
တစ်ဖက်လူက မိစ္ဆာတစ်ကောင်ပင်။
လွန်ခဲ့သော နှစ်ရက်ခန့်ကမှ ဟွာရှနိုင်ငံသို့ တိတ်တဆိတ် ဝင်ရောက်လာသော ထိပ်တန်းကျွမ်းကျင်သူပင် ဖြစ်လေသည်။
"အဲဒါကို ပြောဖို့ ခက်တယ်"
ဝမ်လျန်က ရှုပ်ထွေးသော မျက်နှာအမူအရာဖြင့် ပြောဆိုလိုက်၏။
"ပြီးတော့ သူ့ဘေးမှာက ငါတို့ မမြင်ရသေးတဲ့ အစွမ်းပိုင်ရှင်တွေ ရှိနေနိုင်သေးတယ်… ပကတိ သေချာမှု မရှိဘဲနဲ့ ငါ လှုပ်ရှားမှာ မဟုတ်ဘူး… ဒီတစ်ခါ ငါက အဓိက လာကြည့်ချင်ရုံသက်သက်ပါ… ယခင် အဇူရာနန်းတော်သခင် ပိုင်ရိဟန်ကို ငါနဲ့ ပူးပေါင်းဖို့ အတင်းအကျပ် ခိုင်းစေနိုင်တဲ့သူက ဘယ်လိုလူမျိုးလဲဆိုတာကိုပေါ့"
မိစ္ဆာငယ်က သက်ပြင်းချကာ ပြောလိုက်သည်။
"ဒီအခွင့်အရေးက အလဟဿ ဖြစ်မသွားဘူးလား"
"ဒါက ဟွာရှနိုင်ငံလေ… နယ်စပ်ပြင်ပ မဟုတ်ဘူး… တကယ်လို့ ငါတို့ရဲ့ သရုပ်မှန် ဖော်ထုတ်ခံရရင် တိုက်ခိုက်ပြီး ထွက်ပြေးရမှာပဲ… တခြား ထွက်ပေါက် မရှိဘူး"
ဝမ်လျန်က လေးနက်စွာ ပြောဆိုလိုက်၏။
"မမေ့နဲ့…အဇူရာနန်းတော်မှာလည်း ရုပ်ဖျက်ကျွမ်းကျင်သူ တစ်ယောက် ရှိသေးတယ်… တကယ်လို့ ငါ သူတို့နဲ့ အချိန်အကြာကြီး အတူရှိနေရင် ငါ့မျက်နှာက အနှေးနဲ့အမြန် ဖော်ထုတ်ခံရလိမ့်မယ်… ချန်ဖုန်းကို သတ်ဖို့အတွက်ကတော့ အခုချိန်မှာ အလျင်စလို လုပ်စရာ မလိုပါဘူး… အရာအားလုံးက အစီအစဉ်အတိုင်း သွားနေတာပဲ… ငါတို့ လာရတဲ့ ရည်ရွယ်ချက်ကို မမေ့နဲ့"
"ကောင်းပြီ ကောင်းပြီ… ခင်ဗျားပြောတဲ့အတိုင်း လုပ်ပါ့မယ်"
မိစ္ဆာငယ်က ဂရုမစိုက်စွာ ပခုံးတွန့်လိုက်သည်။
ထို့နောက် ရုတ်တရက် သူက မေးမြန်းလိုက်၏။
"ငါ အမြဲတမ်း သိချင်နေခဲ့တာ… ခင်ဗျားက တခြားသူတွေကို ခင်ဗျားရဲ့ မျက်နှာအစစ်ကို ပေးမြင်ရတာ ရှားတယ်လေ… ခင်ဗျားကလည်း ဝမ်လျန်… ဒါပေမဲ့ အဲဒီ ဝမ်လျန်ကကော ဘယ်သူလဲ… ခင်ဗျားနဲ့ မစ္စတာပေ့က လူတစ်ယောက်တည်းလား"
"ဟက်… မင်း လွန်လွန်ကျွံကျွံ တွေးနေပြီ"
ဝမ်လျန်က ဖျော့တော့စွာ ပြုံးလိုက်ပြီး သုံးဘီးဆိုင်ကယ်ကို ဆင်ခြေဖုံးရပ်ကွက်ဆီသို့ ဖြည်းညင်းစွာ မောင်းနှင်သွားလေ၏။