အခန်း ၂၉၃
Vol. 30 Ch. 293
အခန်း (၂၉၃) ပြင်းပြင်းထန်ထန် ထိခိုက်သွားခြင်း
တစ်ချိန်တည်းမှာပင် ချင်မိသားစု။
ဧည့်ခန်းအတွင်း၌ လေးထောင့်စပ်စပ် မျက်နှာနှင့် အာဏာစက် အငွေ့အသက်များ ဖြာထွက်နေသော အသက်ငါးဆယ်ခန့်အရွယ် အမျိုးသားတစ်ဦး ထိုင်နေပေ၏။
သူ့ပုံစံက တောင်တန်းတစ်ခုအလား တည်ငြိမ်နေသည်။
သူကား စစ်ဘက်ဆိုင်ရာဌာန၏ အကြီးအကဲ ညွှန်ကြားရေးမှူး ချင်ထိုက်ပင် ဖြစ်လေ၏။
ညွှန်ကြားရေးမှူး ချင်ထိုက်၏ ဘေးတွင်လည်း အမျိုးသားတစ်ဦး ထိုင်နေခဲ့သည်။
ထိုလူမှာ ရှန်ကွမ်ဖန်ယွင်ပင် ဖြစ်ပေ၏။
ညွှန်ကြားရေးမှူး ချင်ထိုက်သည် သူ၏လက်ထဲရှိ စာရွက်စာတမ်းများကို တစ်ချက်ကြည့်ကာ မျက်မှောင်ကြုတ်လျက် ပြောဆိုလိုက်သည်။
"နယ်စပ်က သတင်းရလာတယ်… နယ်စပ်ပြင်ပက ထိပ်တန်းကျွမ်းကျင်သူဖြစ်တဲ့ ဝမ်လျန်က ဟွာရှနိုင်ငံထဲကို တိတ်တဆိတ် ဝင်ရောက်နေနိုင်တယ်တဲ့"
"ဝမ်လျန်လား"
ရှန်ကွမ်ဖန်ယွင်သည် ဤလူနှင့် ပတ်သက်၍ အမှတ်ရမှု အချို့ရှိနေဆဲပင်။
"အရင်တုန်းက ဝမ်လျန်က နယ်စပ်ပြင်ပ စစ်မြေပြင်မှာ ပြိုင်ဘက်ကင်းတဲ့ ပုဂ္ဂိုလ်တစ်ဦးပဲ… ချန်ဖုန်းရဲ့ ဖခင်က ဝမ်လျန်ကို သတ်ဖို့ အဇူရာနန်းတော်ရဲ့ အင်အားစုတွေကို စုစည်းခဲ့ဖူးတယ်"
"နောက်ပိုင်းမှာ ဝမ်လျန်က အဇူရာနန်းတော်နဲ့ သေခန်းပြတ် ရန်သူတွေ ဖြစ်သွားခဲ့တာ… ချန်ဖုန်းရဲ့ ဖခင် သေဆုံးသွားပြီးနောက် ပိုင်ရိဟန်က အဇူရာနန်းတော်ကို တာဝန်ယူခဲ့ပြီး ဝမ်လျန်ကလည်း အဲဒီအကြွေးကို ပိုင်ရိဟန်အပေါ် ပုံချခဲ့တယ်… လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ပိုင်ရိဟန် ဒဏ်ရာရပြီး ပျောက်ဆုံးသွားတာ ဝမ်လျန်ရဲ့ အန္တရာယ်ပြုမှုကြောင့်ပဲ… ဒီလို အကဲဆတ်တဲ့ အချိန်မှာ သူက ဟွာရှနိုင်ငံကို လာတယ်ဆိုတော့… ချန်ဖုန်းကို ပစ်မှတ်ထားဖို့ ကြိုးစားနေတာလား"
"မသိရသေးဘူး"
ညွှန်ကြားရေးမှူး ချင်ထိုက်က ခေါင်းခါကာ ပြောလိုက်၏။
"အရင်တုန်းက ချန်ဖုန်း ဖခင် စစ်ဘုရင်က ထူးဆန်းတဲ့ အခြေအနေတွေအောက်မှာ သေဆုံးသွားခဲ့တာဆိုတော့ ငါတို့မှာလည်း တာဝန်တစ်စိတ်တစ်ပိုင်း ရှိနေတယ်"
"အခု ချန်ဖုန်းက အရင်တုန်းက ဖြစ်ပျက်ခဲ့တာတွေကို စုံစမ်းနေလောက်ပြီ မဟုတ်လား… မစ္စတာပေ့ ဆိုတာကရော စုံစမ်းစစ်ဆေးမှုတွေ ဘယ်လိုအခြေအနေ ရှိနေပြီလဲ… အဲဒါက ကျီမိသားစုနဲ့ သက်ဆိုင်နေလား"
ရှန်ကွမ်ဖန်ယွင်က ဖြည်းညင်းစွာ ပြောဆိုလိုက်သည်။
"ငါ ကျီမိသားစုဆီ အကြိမ်အနည်းငယ် သွားခဲ့ပြီး ကျီမိသားစုရဲ့ အကြီးအကဲကို သွယ်ဝိုက်ပြီး မေးကြည့်ခဲ့တယ်… သူတို့က ကျီမိသားစုမှာ မစ္စတာပေ့ဆိုတဲ့ နာမည်မရှိသလို ဘယ်သူကမှလည်း အဲဒီလို တိုကင်မျိုးကို အသုံးမပြုခဲ့ဖူးဘူးလို့ ပြောကြတယ်… သူတို့ပြောတာ အမှန်ဖြစ်စေ၊ အမှားဖြစ်စေ မကြာခင်မှာ လှုပ်ရှားမှုတချို့ သေချာပေါက် ရှိလာလိမ့်မယ်… ငါ သူတို့ကို လျှို့ဝှက်စောင့်ကြည့်ဖို့ လူတွေ စီစဉ်ထားပြီးပြီ… တကယ်လို့ မစ္စတာပေ့သာ ကျီမိသားစုနဲ့ ဆက်စပ်နေရင် သေချာပေါက် အမှားလုပ်မိလိမ့်မယ်"
"ချန်ဖုန်းကို ဝမ်လျန်အကြောင်းလည်း ပြောပြလိုက်ပါ"
ညွှန်ကြားရေးမှူး ချင်ထိုက်မှာ အနည်းငယ် စိုးရိမ်နေပုံဖြင့် ဆက်ပြောသည်။
"ဒါက အရေးကြီးတဲ့ အချိန်ပဲ… ဒီကိစ္စတွေကို အမြန်ဆုံး ဖြေရှင်းခိုင်းလိုက်ပါ… အခု နိုင်ငံဆယ်ခု မဟာမိတ်တပ်က ရှေ့တန်းမှာ လူအင်အားတွေ ဆက်တိုက် ထပ်ဖြည့်နေတယ်… စစ်ပွဲမဖြစ်သေးပေမဲ့ သူတို့အကြောင်း ငါသိထားသလောက်ဆိုရင် စစ်ကူတွေ အကုန်လုံး ရောက်လာတာနဲ့ တစ်ပြိုင်နက် စစ်ပွဲစဖို့ အချိန်ရောက်လာလိမ့်မယ်"
ရှန်ကွမ်ဖန်ယွင် အံ့အားသင့်သွားခဲ့သည်။
ယခင် ချန်ဖုန်း၏ ဖခင်နှင့် ပတ်သက်သော ကိစ္စကြောင့် သူ စောစီးစွာ အနားယူခဲ့သော်လည်း နိုင်ငံရေးရာ ကိစ္စများကိုလည်း အနီးကပ် စောင့်ကြည့်နေခဲ့ပေ၏။
အထူးသဖြင့် စစ်ဘက်ဆိုင်ရာဌာန၏ လှုပ်ရှားမှုတိုင်းကို အနီးကပ် စောင့်ကြည့်နေခဲ့သည်။
ရှန်ကွမ်ဖန်ယွင်က မေးလိုက်သည်။ "ဟွာရှနိုင်ငံရဲ့ လူအင်အား အခြေအနေကရော ဘယ်လိုရှိလဲ"
ညွှန်ကြားရေးမှူး ချင်ထိုက်က အသက်ပြင်းပြင်း တစ်ချက်ရှူကာ ပြောဆိုလိုက်၏။
"ငါ နယ်စပ်ပြင်ပ စစ်မြေပြင်က လူတွေ အကုန်လုံးကို ပြန်ခေါ်ထားပြီးပြီ… ဒီတစ်ကြိမ်မှာတော့ ကျွမ်းကျင်သူတွေ အကုန်လုံးကို စစ်မြေပြင်ထဲ ပို့ရလိမ့်မယ်လို့ ထင်တယ်… နယ်စပ်ပြင်ပ စစ်မြေပြင်ဘက်ကတော့ လက်လျှော့လိုက်ပြီ… စကားမစပ်… မင်းသမီးရဲ့ ဒဏ်ရာကရော အခု ဘယ်လိုနေသေးလဲ"
"အပြည့်အဝ လုနီးပါး ပြန်ကောင်းသွားပါပြီ"
"အဲဒါ ကောင်းတာပေါ့… သူမက အနည်းဆုံးတော့ ဧကရာဇ်အဆင့် စွမ်းအားရှိတယ်လေ"
ညွှန်ကြားရေးမှူး ချင်ထိုက်က ရှုပ်ထွေးသော မျက်နှာအမူအရာဖြင့် ပြောဆိုလိုက်သည်။
"ဟွာရှနိုင်ငံမှာ ဖုံးကွယ်ထားတဲ့ ဧကရာဇ်အဆင့် ကျွမ်းကျင်သူတွေ ရှိပေမဲ့ သူတို့အကုန်လုံးက အသုံးဝင်တယ်… စစ်မြေပြင်မှာတော့ ငါတို့က စစ်သေနာပတိကိုပဲ အားကိုးရဦးမှာပဲ"
"ငါ နားလည်ပါတယ်… စွမ်းရည်ကြီးလေလေ တာဝန်ကြီးလေလေပဲလေ"
ရှန်ကွမ်ဖန်ယွင်သည်လည်း ထိုစဉ်က သူ၏သမီးအား စစ်ဘက်ဆိုင်ရာဌာန၏ စစ်သေနာပတိ ဖြစ်လာစေရန် လေ့ကျင့်ပေးခဲ့တာ မှန်ရောမှန်ရဲ့လားဆိုပြီး စဥ်းစားကာ သူ နောင်တရစပြုနေပုံရပေသည်။
သို့သော်လည်း မဆိုးလှချေ။
သူမအား ချန်ဖုန်းက ကာကွယ်ပေးနေသဖြင့် ပြဿနာကြီးကြီးမားမား ရှိမည်မဟုတ်ပေ။
ထိုအချိန်၌ အပြင်ဘက်မှ အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
"ဦးလေးချင်ထိုက်… ဦးလေးရှန်ကွမ်"
ရှောင်ချူနန်သည် ခေါင်းမော့ကာ ဝင်ရောက်လာခဲ့၏။
ယခုအခါ သူသည် အဝတ်အစားများ လဲလှယ်ထားပြီး စားသောက်ဆိုင်တွင် ချန်ဖုန်း၏ ရိုက်နှက်ခံခဲ့ရသော ဖရိုဖရဲ အခြေအနေမှာ ပျောက်ကွယ်နေခဲ့လေပြီ။
"ချူနန်"
ညွှန်ကြားရေးမှူး ချင်ထိုက်၏ မျက်နှာပေါ်တွင် ဖျော့တော့သော အပြုံးတစ်ခု လျှပ်တစ်ပြက် ပေါ်လာခဲ့သည်။
သူသည် တူဖြစ်သူကို မတွေ့ရသည်မှာ နှစ်အတော်ကြာပြီဖြစ်ပြီး တူဖြစ်သူက ယနေ့မှသာ နယ်စပ်ပြင်ပ စစ်မြေပြင်မှ အလျင်စလို ပြန်ရောက်လာခြင်း ဖြစ်ပေ၏။
"မင်း ရောက်တာ သုံးနာရီရှိပြီ မဟုတ်ဘူးလား… ဘာလို့ အခုမှ ပြန်လာတာလဲ"
"ကျွန်တော်… ရှောင်ယွဲ့ကို သွားတွေ့နေလို့ပါ"
ရှောင်ချူနန်က စကားထစ်ငေါ့စွာ ပြောဆိုလိုက်သည်။
"မင်းတို့နှစ်ယောက်က အရင်တုန်းက အဆင်ပြေခဲ့ကြတာဆိုတော့ မင်း ပြန်လာတဲ့အချိန်မှာ သွားတွေ့သင့်တာပေါ့"
ညွှန်ကြားရေးမှူး ချင်ထိုက်က သူ၏ မျက်နှာတွင် ဒဏ်ရာတစ်ခု ရှိနေပုံရသည်ကို ရုတ်တရက် သတိပြုမိသွားခဲ့၏။
ထိုဒဏ်ရာကို ကုသပြီးဖြစ်သော်လည်း အလွန် သိသာနေဆဲပင် ဖြစ်သည်။
ရှောင်ချူနန်က မကြာမီကမှ ဒဏ်ရာရထားခဲ့ကြောင်း ရှင်းလင်းနေပေ၏။
ချင်ထိုက်၏ မျက်မှောင်များ ချက်ချင်း ကြုတ်သွားကာ မေးလိုက်သည်။
"မင်းမျက်နှာက ဒဏ်ရာက ဘာဖြစ်တာလဲ… အပြန်လမ်းမှာ တိုက်ခိုက်ခံရလို့လား"
"မဟုတ်… မဟုတ်ပါဘူး"
ရှောင်ချူနန်က အနေရခက်စွာ ပြောဆိုလိုက်၏။
"ရှောင်ယွဲ့က ကျွန်တော့်ကို ထမင်းကျွေးတာပါ… တိုက်တိုက်ဆိုင်ဆိုင် စစ်ဘက်ဆိုင်ရာဌာနက နည်းပြချုပ်လည်း အဲဒီမှာ ရှိနေတော့ သူ့နဲ့ လက်ရည်စမ်းကြည့်တာပါ… မတော်တဆ နည်းနည်း ဒဏ်ရာရသွားတာပါ… ကြီးကြီးမားမားတော့ မဟုတ်ပါဘူး… ပွန်းပဲ့သွားရုံလေးပါ"
ဤစကားများကို ကြားချိန်တွင် ညွှန်ကြားရေးမှူး ချင်ထိုက်နှင့် ရှန်ကွမ်ဖန်ယွင်တို့၏ မျက်နှာအမူအရာများ ချက်ချင်း ထူးဆန်းသွားကြပေ၏။
‘ချန်ဖုန်းနှင့် လက်ရည်စမ်းခဲ့သည်တဲ့လား’
‘မင်းက တကယ် သတ္တိရှိတာပဲ’
‘စစ်မြေပြင်မှာ မဟုတ်လို့ တော်သေးတာပေါ့
မဟုတ်ရင် မင်း အနည်းဆုံး အကြိမ်ရှစ်ရာလောက် သေသွားလောက်ပြီ’
ဟု သူတို့တွေးလိုက်၏။
အကယ်၍ ရှောင်ချူနန်သာ ချန်ဖုန်း၏ စစ်မှန်သော သရုပ်ကို တကယ်သိခဲ့မည်ဆိုပါက သူသည် မျှော်လင့်ချက်ကင်းမဲ့စွာဖြင့် နောက်ဆုတ်သွားလောက်အောင် အလွန်အမင်း စိတ်ပျက်သွားပေလိမ့်မည်။
"ဘာဖြစ်လို့လဲ ဦးလေး"
ရှောင်ချူနန်က မှုန်ကုပ်ကုပ်ဖြင့် ပြောဆိုလိုက်သည်။
"ချန်ဖုန်းက အရမ်း အစွမ်းထက်ပေမဲ့ သူက ဧကရာဇ်အဆင့်ကို အခုလေးတင် ရောက်သွားတာ ဖြစ်ရမယ်… ကျွန်တော်က အခု အနည်းဆုံးတော့ ပင်မနတ်ဘုရားအဆင့်မှာ ရှိနေပြီလေ… ကျွန်တော့်မှာ အချိန်အလုံအလောက် ရှိနေသရွေ့ သူ့ကို သေချာပေါက် ကျော်တက်နိုင်မှာပါ"
ညွှန်ကြားရေးမှူး ချင်ထိုက်၏ နှုတ်ခမ်းများ တွန့်ကွေးသွားခဲ့၏။
သူသည် စစ်ဘက်ဆိုင်ရာဌာန ရုံးချုပ်သို့ သွားရောက်လေ့မရှိသလို ချန်ဖုန်းနှင့်လည်း တစ်ကြိမ်တစ်ခါမျှ မတွေ့ဆုံဖူးသော်လည်း ဤကာလအတွင်း ချန်ဖုန်းနှင့် ပတ်သက်သော သတင်းတိုင်းကို သူ့ထံ မချွင်းမချန် တင်ပြခဲ့ပေသည်။
သူ၏ တူဖြစ်သူသည် တကယ်ကို ပါရမီရှိသည်ဟု သူ ယခင်က ထင်မှတ်ထားခဲ့ဖူး၏။
အသက်သုံးဆယ်အောက် လူငယ်မျိုးဆက်များအကြားတွင် ရှန်ကွမ်ယွဲ့ မှလွဲ၍ ရှောင်ချူနန် တစ်ဦးတည်းသာ အစွမ်းအထက်ဆုံးဖြစ်ကာ တကယ်ကို ပါရမီရှင်တစ်ဦးပင်။
အကယ်၍ သူ့ကို သေချာစွာ ပြုစုပျိုးထောင်ပေးမည်ဆိုပါက အချိန်တန်လျှင် သူသည် နောက်ထပ် စစ်သေနာပတိရာထူးကို သေချာပေါက် ဆက်ခံနိုင်လိမ့်မည် ဖြစ်သည်။
သို့သော် ချန်ဖုန်း ပေါ်လာချိန်မှစ၍ သူ၏ ကိုယ်ပိုင်တူဖြစ်သူအပေါ် အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်လာခဲ့ပေ၏။
ပင်မနတ်ဘုရားအဆင့်တဲ့လား။
‘တောက်... ပင်မနတ်ဘုရားအဆင့် ကျွမ်းကျင်သူဆိုတာ ချန်ဖုန်းက မျက်တောင်တစ်ချက် မခတ်ဘဲ တစ်ယောက်ပြီးတစ်ယောက် အလွယ်တကူ နှိမ်နင်းနိုင်တဲ့ အဆင့်ပဲလေ…’ဟု သူတွေးလိုက်၏။
ညွှန်ကြားရေးမှူး ချင်ထိုက်က အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး သူ၏ မျက်နှာအမူအရာမှာ ရှုပ်ထွေးနေလျက် ပြောဆိုလိုက်သည်။
"မင်းရဲ့ မိဘတွေက ငယ်ငယ်ကတည်းက ဆုံးပါးသွားခဲ့တာမို့… ငါ မင်းကို အစွမ်းကုန် ပြုစုပျိုးထောင်ခဲ့တာ… မင်း ဘာတွေတွေးနေလဲဆိုတာ ငါ မသိဘူး မထင်နဲ့… ရှောင်ယွဲ့အကြောင်းကိုတော့ မတွေးပါနဲ့တော့… သူမက တစ်ယောက်ယောက်ကို စိတ်ဝင်စားနေပြီ… အခုကစပြီး နည်းပြချုပ်ချန်နဲ့ ထပ်ပြီး အကဲမစမ်းပါနဲ့တော့"
"ဘာလို့လဲ"
ရှောင်ချူနန်သည် အရှုံးပေးရန် အနည်းငယ် ဝန်လေးနေခဲ့၏။
"ကျွန်တော် သူ့ကို မကြာခင် ကျော်တက်နိုင်မယ်လို့ ထင်တယ်… အများဆုံး သုံးနှစ်… အနည်းဆုံး တစ်နှစ်ပေါ့"
ညွှန်ကြားရေးမှူး ချင်ထိုက်က သူ့တူ၏ မျက်လုံးများကို အတည်ပေါက် စိုက်ကြည့်ကာ ပြောဆိုလိုက်သည်။
"ဘာလို့လဲဆိုတော့ သူက… အဇူရာဘုရင်လို့ လူသိများတဲ့ အဇူရာနန်းတော်သခင် ဖြစ်နေလို့ပဲ… အနည်းဆုံး ပင်မနတ်ဘုရားအဆင့် ကျွမ်းကျင်သူ သုံးလေးဆယ်လောက် သူ့လက်ချက်နဲ့ သေခဲ့ရတာ… ငါ မမှားဘူးဆိုရင် သူ့ရဲ့ စွမ်းအားက ဧကရာဇ်အဆင့်ကိုတောင် ကျော်လွန်သွားပြီး… မဟာဧကရာဇ်အဆင့်ကိုတောင် ရောက်နေလောက်ပြီ… မင်း ဘယ်လိုထင်လဲ… သူ့ကို ကျော်တက်နိုင်မယ် ထင်လား"
ဝုန်း…
ဤစကားများသည် မိုးကြိုးပစ်ချလိုက်သည့်အလား ထွက်ပေါ်လာခဲ့ပေ၏။
၎င်းသည် ရှောင်ချူနန်၏ စိတ်ထဲတွင် အချိန်အတော်ကြာအောင် ရစ်ဝဲနေခဲ့သည်။
သူ အံ့အားသင့်စွာဖြင့် ပါးစပ်ဟသွားခဲ့၏။
သူ၏ မျက်နှာမှာလည်း ဗလာဟင်းလင်း ဖြစ်နေလေသည်။
အဇူရာနန်းတော်သခင်တဲ့လား။
တစ်ဖက်လူက အဇူရာနန်းတော်သခင် ဖြစ်နေခဲ့သည်တဲ့လား။
ယခင်က သူသည် အဇူရာနန်းတော်သခင်ကို သိကျွမ်းကြောင်း ကြွားဝါခဲ့ပြီး သူ၏ လက်ဝယ်ရှိ အဇူရာအမိန့်တော် တိုကင်ကို ရှာဖွေရာတွင် ကူညီပေးခဲ့သည်ဟုပင် ပြောဆိုခဲ့သေး၏။
ထိုအခိုက်အတန့်ကို ပြန်လည်တွေးတောမိချိန်တွင် ရှောင်ချူနန်၏ မျက်နှာသည် လည်ပင်းအထိ ချက်ချင်း နီရဲသွားခဲ့လေသည်။
‘ဒါက ချီးလိုပဲ… တောက် အနေရခက်လိုက်တာ…’
ရှန်ကွမ်ယွဲ့ကလည်း ချန်ဖုန်း၏ သရုပ်မှန်ကို သိရှိထားမည်မှာ သေချာပေသည်။
အစောပိုင်းက သူသည် ထိုနှစ်ဦးရှေ့တွင် လူရွှင်တော်တစ်ယောက်လို ပြုမူနေခဲ့သည်လော။
‘သူ့မှာ ပိုတွေးလေလေ အနေရပိုခက်လေလေပဲ’
ဝင်ပုန်းရန် တွင်းတစ်တွင်းမျှ ရှာတွေ့နိုင်ပါစေဟု သူ ဆန္ဒပြုမိလေ၏။
ညွှန်ကြားရေးမှူး ချင်ထိုက်က ခေါင်းကို အနည်းငယ် ခါယမ်းလိုက်သည်။
ရှောင်ချူနန် ပြင်းပြင်းထန်ထန် ထိခိုက်သွားကြောင်းကို သူ သိနိုင်သော်လည်း ကိစ္စမရှိချေ။
သူ၏ တူဖြစ်သူသည် အမြဲတမ်း ဂုဏ်ယူဝင့်ကြွားလေ့ရှိရာ ဆုတ်ယုတ်မှုအချို့ကို ရင်ဆိုင်သင့်ပေ၏။
ညွှန်ကြားရေးမှူး ချင်ထိုက်က ပြောဆိုလိုက်သည်။
"ဒီရက်ပိုင်း အိမ်မှာ နည်းနည်း ပိုနားလိုက်ပါ… မကြာခင် မင်း စစ်မြေပြင်ကို ထပ်သွားရမှာကို ငါ စိုးရိမ်တယ်… မင်းဘာသာ ပြင်ဆင်ထားလိုက်ပါ"
ဤသို့ပြောဆိုပြီးနောက် သူသည် ရှောင်ချူနန်အား ဆက်လက်ဂရုမစိုက်တော့ဘဲ ရှန်ကွမ်ဖန်ယွင်နှင့် ဆက်လက်စကားပြောနေခဲ့လေသည်။