အခန်း ၂၉၇
Vol. 30 Ch. 297
အခန်း (၂၉၇) ဘုရင်ချင်းဆုံတွေ့ခြင်း
ပိုင်ရိဟန်သည် ထိုနှစ်ဦးထံမှ တိုက်ခိုက်မှုများကို ကာကွယ်ရင်း လှောင်ပြောင်လိုက်၏။
"အကြီးအကဲချုပ်... အရင်တုန်းက ခင်ဗျားကို တံခါးပိတ်ကျင့်ကြံနေတာကနေ ထွက်လာဖို့ ငါ တောင်းဆိုခဲ့ပေမဲ့ ခင်ဗျားက အကြိမ်ကြိမ် ငြင်းဆန်ခဲ့တယ်... ဒီတစ်ခါတော့ ခင်ဗျားတို့က ငါ့ကို ထပ်ပြီး ဆန့်ကျင်လာပြန်ပြီ... ငါက အနည်းဆုံးတော့ အဇူရာနန်းတော်ရဲ့ နန်းတော်သခင်ဟောင်းပဲ... ငါ့မှာလည်း ဒေါသဆိုတာ ရှိတယ်..."
ထို့နောက် သူက လက်ဝါးကို လှန်လိုက်သည်။ ဓားရှည်တစ်လက် သူ၏လက်ထဲတွင် ထပ်မံပေါ်လာပြီး သူ၏ အငွေ့အသက်များက ပို၍ပို၍ မြင့်တက်လာခဲ့ပေ၏။ သူ၏ သတ်ဖြတ်လိုသော အငွေ့အသက်များကြောင့် အကြီးအကဲချုပ်မှာ ဆက်တိုက် နောက်ဆုတ်သွားရလေသည်။
"သတ်..."
တောက်ပသော နေမင်းက အထက်သို့ ထွက်ပေါ်လာ၏။ လဲ့ယန်သည် သူ၏ဒဏ်ရာများကို လုံးဝ လျစ်လျူရှုကာ သူ၏ဓားကြီးကို ပိုင်ရိဟန်ထံသို့ ရူးသွပ်စွာ ခုတ်ပိုင်းလိုက်သည်။ သတ်ဖြတ်လိုသော အငွေ့အသက်များ ဆူပွက်နေပေ၏။ သူတို့က ပြိုင်ဘက် မဟုတ်လျှင်တောင် ဘာဖြစ်သေးသနည်း။ ပြိုင်ဘက်ကို ငါးမိနစ်ခန့် ဟန့်တားထားနိုင်သရွေ့ နန်းတော်သခင် ရောက်ရှိလာမည်ဖြစ်ပြီး ပြဿနာအားလုံး ပြေလည်သွားမည် ဖြစ်ပေသည်။
တစ်ချိန်တည်းမှာပင် ဝမ်လျန်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ရှိနေခဲ့၏။
မည်သို့ပင်ဆိုစေ သူသည် ဧကရာဇ်အဆင့် ကျွမ်းကျင်သူတစ်ဦးဖြစ်ပြီး ဤအကြီးအကဲနှစ်ဦးမှာ ဧကရာဇ်အဆင့်တစ်ဝက်သာ ရှိနိုင်ရာ သူ့အတွက် မည်သည့် ခြိမ်းခြောက်မှုမှ မဖြစ်စေနိုင်ချေ။ သူက ခြေလှမ်းတိုင်းတွင် သတ်ဖြတ်မှုများကို ပြုလုပ်နေခဲ့သည်။ ခြေလှမ်းတိုင်းတွင် အကြီးအကဲနှစ်ဦးမှာ ကိုယ်တိုင် ဒဏ်ရာရရှိသွားကြပြီး ၎င်းတို့၏ အဝတ်အစားများမှာ သွေးများဖြင့် နီရဲနေလေ၏။
"မင်းတို့နှစ်ယောက်က ငါ့ရဲ့ ပြိုင်ဘက်မဟုတ်ဘူး...အခုချက်ချင်း လက်နက်ချလိုက်စမ်းပါ..."
"လက်နက်ချရမှာက မင်းပါ ဝမ်လျန်... အဇူရာနန်းတော်က တခြားအဖွဲ့ဝင်တွေ ရောက်လာတော့မယ်... ပြီးတော့ နန်းတော်သခင်လည်း လာနေပြီ... ဘယ်သူနိုင်မလဲ ရှုံးမလဲဆိုတာ မသေချာသေးဘူး..."
ဒုတိယအကြီးအကဲထံမှ ထွက်ပေါ်လာသော အငွေ့အသက်များ နောက်တစ်ကြိမ် ပေါက်ကွဲထွက်လာခဲ့ပြန်သည်။ သူတို့၏ အသက်ကို ပေးရမည်ဆိုလျှင်ပင် ဝမ်လျန်ကို အရှင်လတ်လတ် ဖမ်းဆီးထားမည် ဖြစ်ပေ၏။
ဤလူသည် ယခင်က အဇူရာနန်းတော်၏ ပြိုင်ဘက်ဖြစ်ခဲ့ပြီး ယခုအခါ ပိုင်ရိဟန်နှင့် အမှန်တကယ် ပတ်သက်နေခဲ့သည်။ အကယ်၍ ယနေ့ ဖယ်ရှားမပစ်နိုင်ပါက အနာဂတ်တွင် အဆုံးမဲ့ ပြဿနာများ ရှိလာမည်မှာ သေချာလှ၏။ ယခင် နန်းတော်သခင် သေဆုံးမှုမှာလည်း
ဤ မိစ္ဆာကောင် ဝမ်လျန်နှင့် သက်ဆိုင်နေသည်ဟု ၎င်းတို့ သံသယရှိနေကြပေသည်။
"ဟက်ဟက်..."
ဝမ်လျန်သည် တိုက်ပွဲတိုင်းတွင် ပို၍ရဲရင့်လာပြီး သူ၏စွမ်းရည်များ ပိုမိုအားကောင်းလာကာ အစွမ်းကုန် မသုံးရသေးပုံရပေ၏။ သူ၏ နှုတ်ခမ်းထောင့်တွင် ထူးဆန်းသော အပြုံးတစ်ခု ပေါ်လာခဲ့သည်။
"သူတို့ လာရင်ကော ဘာဖြစ်လဲ... ငါတို့က ဒီလိုပေါ်လာဖို့ ကြိုတင်မပြင်ဆင်ထားဘူးလို့ မင်းတို့ ထင်နေတာလား..."
"ဘာသဘောလဲ..."
ဒုတိယအကြီးအကဲမှာ လန့်ဖြတ်သွားလေ၏။
ဝမ်လျန်က သူ့ကို ခြေလှမ်း ဒါဇင်ပေါင်းများစွာ နောက်ဆုတ်သွားစေရန် ထိုးကြိတ်လိုက်ပြီးနောက် ရှေ့သို့ ထပ်မံပြေးဝင်သွားခဲ့သည်။
"ကိုယ့်ကိုယ်ကိုယ် အရင် ဂရုစိုက်ကြစမ်းပါ... မင်းတို့နှစ်ယောက်က ငါ့ကို ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး..."
ဤအချိန်၌ သူသည် မည်သည့်အရာကိုမျှ ချန်လှပ်ထားခြင်း မရှိတော့ချေ။ သူ၏ လက်ချောင်းငါးချောင်းသည် လက်သည်းများအဖြစ် ပြောင်းလဲသွား၏။ ကြမ်းတမ်းသော စွမ်းအားများက မိုးကြိုးသံကဲ့သို့ ပေါက်ကွဲထွက်လာပြီး အကြီးအကဲတစ်ဦးကို လွင့်ထွက်သွားစေခဲ့သည်။
အခြားတစ်ယောက်ကို သတ်ရန် ပြင်လိုက်ချိန်မှာပင် အဝေးမှ အငွေ့အသက်တစ်ခုပြီးတစ်ခု ချဉ်းကပ်လာပြီး သူတို့ထံသို့ ရူးသွပ်စွာ ပြေးဝင်လာကြလေ၏။
"ဝမ်လျန်… ဒီသခင်ကြီး ယန်ရီရဲ့... အံ့ဖွယ်လှုပ်ရှားမှုတွေကို ကြည့်ရှုလိုက်ပါ..."
ယန်ရီသည်လည်း တိုက်ပွဲထဲသို့ ထပ်မံဝင်ရောက်လာခဲ့သည်။
"မလုံလောက်သေးဘူး..."
ဝမ်လျန်က ခေါင်းခါလိုက်၏။ ပင်မနတ်ဘုရား တစ်ပါး ပိုလာခြင်းနှင့် လျော့သွားခြင်းကြားတွင် ဘာကွာခြားမှု ရှိသနည်း။ သူတို့က သတ်ဖြတ်ရာတွင် အနည်းငယ် ပိုနှေးသွားရုံသာ ရှိပေသည်။
"ငါ ဖူထျန်...ပါ ပါမယ်ဆိုရင်ရော.."
ဖူထျန်က လျင်မြန်စွာ ရောက်ရှိလာပြီး တိုက်ပွဲတွင် ပါဝင်လာခဲ့သည်။
"မလုံလောက်သေးဘူး..."
ဝမ်လျန်၏ အငွေ့အသက်များမှာ သက်တံ့တစ်ခုအလား ဖြစ်နေပေ၏။ သူသည် ပိုင်ရိဟန်ထက်ပင် အနည်းငယ် ပိုမိုအားကောင်းနေခဲ့သည်။ အကယ်၍ ၎င်းတို့တွင် အခြား ရည်ရွယ်ချက်များ မရှိခဲ့ပါက ထိုနေရာရှိသူများထဲမှ အချို့မှာ သေဆုံးနေလောက်ပြီ ဖြစ်လေသည်။
"ဒီက တစ္ဆေကိုလည်း မေ့မထားနဲ့ဦကွ...."
တစ္ဆေသည် ငါးမျှားတံတစ်ချောင်းကို ဆွဲယူကာ မိုးကြိုးသံကဲ့သို့ ပစ်ပေါက်လိုက်၏။ ငါးမျှားချိတ်သည် ကြယ်ရောင်တန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး လေထဲသို့ ချက်ချင်း နစ်ဝင်သွားခဲ့သည်။ လည်ချောင်းကို ချိတ်မိသည်နှင့် တစ်ပြိုင်နက် ထိုနေရာတွင်ပင် သွေးများ ပန်းထွက်လာမည် ဖြစ်ပေ၏။
"မလုံလောက်သေးဘူး..."
ဝမ်လျန်သည် သူ၏လက်ဝါးကို အလျားလိုက် ရမ်းလိုက်ကာ ငါးမျှားကြိုးကို ဖြတ်တောက်ပစ်လိုက်၏။ ဤအချိန်၌ သူသည် ပိုင်ရိဟန်နှင့် ပူးပေါင်းသွားခဲ့လေပြီ။ သူတို့နှစ်ဦးသည် တစ်ဖက်စီတွင် ရပ်နေကြပြီး သူတို့၏ သတ်ဖြတ်လိုသော အငွေ့အသက်များမှာ လျော့ကျသွားခြင်း မရှိချေ။
ဤလူများ၏ ဝိုင်းဝန်းပိတ်ဆို့မှုကို ရင်ဆိုင်ရချိန်တွင် ဧကရာဇ်အဆင့် ကျွမ်းကျင်သူ နှစ်ဦးသည် လုံးဝ ကြောက်ရွံ့ခြင်း မရှိခဲ့ပေ။ နယ်စပ်ပြင်ပ စစ်မြေပြင်တွင်ပင် သူတို့သည် ထိပ်တန်းအဆင့် ကျွမ်းကျင်သူများ ဖြစ်ကြ၏။
ထို့အပြင် အဇူရာနန်းတော်သည် လူတိုင်းကို စုစည်းနိုင်ခြင်း မရှိသေးချေ။ လူတိုင်း ရောက်နေလျှင်တောင် ဘာဖြစ်သေးသနည်း။ အကယ်၍ သူတို့နှစ်ဦးက ထွက်သွားချင်ပါက မည်သူကမျှ တားဆီးနိုင်မည် မဟုတ်ပေ။ လဲ့ယန်နှင့် အခြား ပင်မနတ်ဘုရားများက အနိုင်မရနိုင်ဘဲ ၎င်းတို့၏ ဒဏ်ရာများ ပိုမိုဆိုးရွားလာသည်ကိုသာ မြင်တွေ့လိုက်ရသည်။
ထိုအခိုက်အတန့်မှာပင် အသံတစ်သံ ထပ်မံထွက်ပေါ်လာခဲ့၏။
"အို…ငါ... အဇူရာနန်းတော်သခင် ဆိုရင်ရော လုံလောက်ရဲ့လား..."
အငှားယာဉ်တစ်စီးသည် ဗီလာအပြင်ဘက်တွင် ရပ်တန့်သွားပြီး ချန်ဖုန်းက တံခါးကို ကန်ဖွင့်လိုက်လေသည်။ သူ အငှားယာဉ်ပေါ်မှ ဆင်းလိုက်သည်နှင့် တစ်ပြိုင်နက် လူတိုင်း၏ရှေ့တွင် ရပ်နေခဲ့ပြီ ဖြစ်၏။ သူ၏ အငွေ့အသက်များက ပို၍ပို၍ မြင့်တက်လာခဲ့သည်။
ထို့အချိန်တွင် ငရဲမှ တစ္ဆေတစ်ကောင်ကဲ့သို့ အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့ပေ၏။
"ပိုင်ရိဟန်... ဝမ်လျန်... ငါတို့ နောက်ဆုံးတော့ ဆုံကြပြီပဲ..."
ဤအချိန်၌ လူတိုင်းသည် အမိန့်တစ်ခု ရရှိထားသည့်အလား နောက်သို့ ဆုတ်သွားကြလေ၏။ ၎င်းတို့သည် ပိုင်ရိဟန်နှင့် ဝမ်လျန်တို့ကို အလယ်တွင် ဝိုင်းထားလိုက်သည်။ တိုက်ပွဲဖြစ်ပွားရာ နေရာရှိ လေထုမှာ ပို၍ပို၍ တင်းမာလာခဲ့ပေ၏။
မျက်နှာတစ်ထောင်မြေခွေးသည် အလျင်အမြန် နောက်ဆုတ်သွားကာ ယွင်ထင်နှင့် ထိုက်ရှန်းတို့ကို ကူညီထူမပေးပြီး လူတိုင်းကို တိုက်ပွဲမြေပြင်မှ ခေါ်ထုတ်သွားရန် အမိန့်ပေးလိုက်သည်။
ဘုရင်ချင်း ဆုံတွေ့ခြင်းပင်။
ပိုင်ရိဟန်သည် ယခင် အဇူရာနန်းတော်သခင် ဖြစ်ပေ၏။
ချန်ဖုန်းသည် ယခု အဇူရာနန်းတော်သခင် ဖြစ်လေသည်။
၎င်းတို့၏ ပထမဆုံး တွေ့ဆုံမှုမှာ ဤကဲ့သို့ ဖြစ်လာမည်ဟု မည်သူမျှ မထင်မှတ်ထားခဲ့ကြချေ။
ချန်ဖုန်း၏ မျက်နှာတွင် သတ်ဖြတ်လိုသော အငွေ့အသက်များ ပြည့်နှက်နေ၏။ ၎င်းမှာ ဝမ်လျန် တစ်ယောက်သာ ဖြစ်မည်ဟု အစပိုင်းက သူ ထင်မှတ်ထားခဲ့သော်လည်း ပိုင်ရိဟန်ပါ ပေါ်လာလိမ့်မည်ဟု မည်သူက ထင်မှတ်ထားမည်နည်း။
ချန်ဖုန်း၏ အကြည့်များက ပိုင်ရိဟန်ထံသို့ စူးစိုက်သွားပြီး လှောင်ပြောင်လိုက်လေသည်။
"ငါက မင်းကို လာမရှာခဲ့ပေမဲ့ မင်းက ငါ့ကို ကိုယ်တိုင် လာရှာတာပဲ... ဘယ်လိုလဲ... ငါ့ကို မျှားခေါ်ဖို့ ကြိုးစားနေတာလား... အခု ငါရောက်လာပြီဆိုတော့ မင်းမှာ လှည့်ကွက်တွေရှိရင် ထုတ်ပြလိုက်စမ်းပါ..."
ထို့နောက် သူက စကားဆက်လိုက်၏။
"ပြီးတော့ မင်း..."
ချန်ဖုန်းက သူ၏ဘေးရှိ ဝမ်လျန်ကို ထပ်မံကြည့်လိုက်ရာ သူ၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုသော အငွေ့အသက်များ ဆူပွက်နေပေသည်။
"အဲဒီတုန်းက ငါ့အဖေ သေဆုံးခဲ့တာ မင်းနဲ့ သက်ဆိုင်နေတယ် မဟုတ်လား... မစ္စတာပေ့..."
ဝမ်လျန်၏ မျက်နှာအမူအရာ ချက်ချင်း ပြောင်းလဲသွားလေ၏။ ထို့နောက် ချက်ချင်းပင် သူသည် တည်ငြိမ်မှုကို ပြန်လည်ရယူကာ အေးစက်စွာ ပြောဆိုလိုက်သည်။
"နန်းတော်သခင်ချန်... မင်း ဘာတွေပြောနေတာလဲဆိုတာ ငါ မသိဘူး... မစ္စတာပေ့ ဆိုတာ ဘာလဲ... ငါက ဝမ်လျန်ပါ..."
"ငြင်းနေတာလား..."
ချန်ဖုန်းက ခေါင်းခါလိုက်၏။
"ဒါပေမဲ့ ရပါတယ်... ဒီနေ့ မင်း ဒီကိုရောက်လာပြီဆိုမှတော့ ပြန်မသွားနဲ့တော့..."
"ဟက်... မင်းက အရမ်း ငယ်လွန်းပါသေးတယ်..."
ပိုင်ရိဟန်သည် သူ၏ ခြိမ်းခြောက်မှုကို လုံးဝ အလေးအနက် မထားခဲ့ချေ။ သူက အဝေးသို့ လေချွန်လိုက်လေသည်။ ရုတ်တရက် အစွမ်းထက်သော အငွေ့အသက်တစ်ခု ထွက်ပေါ်လာ၏။ ထိုအငွေ့အသက်မှာ ပို၍ပို၍ အားကောင်းလာပြီး ဧကရာဇ်အဆင့်သို့ ရောက်ရှိသွားကြောင်း ဝိုးတဝါး ဖော်ပြနေပေသည်။ ကြီးမားလှသော အငွေ့အသက်တစ်ခုက သူတို့ထံသို့ ရိုက်ခတ်လာခဲ့သည်။
နောက်တစ်စက္ကန့်တွင် အသက်လေးဆယ်အရွယ် အမျိုးသားတစ်ဦး လူတိုင်းရှေ့တွင် ပေါ်လာခဲ့လေ၏။ ဧကရာဇ်အဆင့် ကျွမ်းကျင်သူပင်။
ဤအချိန်၌ မိစ္ဆာငယ်နှင့် ပိုင်ရိဟန်နှင့်အတူ ရှိနေခဲ့သော အဘိုးကြီးလျိုသည်လည်း တစ်ယောက်ပြီးတစ်ယောက် ပေါ်လာခဲ့ကြသည်။ ၎င်းတို့နှင့်အတူ ကျွမ်းကျင်သူ ရှစ်ဦး သို့မဟုတ် ကိုးဦးခန့်လည်း ပါဝင်လာခဲ့၏။ အားလုံးနီးပါးမှာ ပင်မနတ်ဘုရားအဆင့်သို့ ရောက်ရှိနေကြပေသည်။
ဧကရာဇ်အဆင့် သုံးဦးနှင့် ပင်မနတ်ဘုရားအဆင့် ကျွမ်းကျင်သူ ဒါဇင်ပေါင်းများစွာပင်။
ဤအင်အားစုကို နယ်စပ်ပြင်ပ စစ်မြေပြင်တွင် ထိပ်တန်း အင်အားစုများထဲမှ တစ်ခုအဖြစ် သတ်မှတ်နိုင်လေသည်။ ဤလူများမှာ တစ်ဦးနှင့်တစ်ဦး ရုပ်ရည်သွင်ပြင် ကွဲပြားကြ၏။ ၎င်းတို့သည် နိုင်ငံအသီးသီးမှ လာရောက်ကြခြင်း ဖြစ်ကြောင်း ရှင်းလင်းနေပေသည်။
တိုက်ပွဲဖြစ်ပွားရာ နေရာရှိ လေထုမှာ တစ်ဖန် တင်းမာလာပြန်လေ၏။
မူလက ဤလူများသည် နယ်စပ်ပြင်ပ စစ်မြေပြင်တွင် ပေါ်လာရမည်ဖြစ်သော်လည်း ယခုအခါ ဗီလာရပ်ကွက်တစ်ခုတွင် စုဝေးနေကြခြင်း ဖြစ်သည်။
ဤအချိန်၌ အဇူရာနန်းတော်ရှိ
ပင်မနတ်ဘုရားအဆင့် ကျွမ်းကျင်သူများပင် မျက်မှောင်ကြုတ်သွားကြပေ၏။ ၎င်းတို့အနေနဲ့ ပြိုင်ဘက် ပင်မနတ်ဘုရားများကို ကြောက်ရွံ့နေခြင်း မရှိချေ။
သို့သော် ထိုဧကရာဇ်အဆင့် ကျွမ်းကျင်သူ သုံးဦးကို နန်းတော်သခင် တစ်ယောက်တည်းဖြင့် တကယ်ပဲ ရင်ဆိုင်နိုင်ပါမည်လော။
"သတ်... သူ့ကို သတ်..."
ပိုင်ရိဟန်က အမိန့်ပေးလိုက်၏။
လူတိုင်းက ချက်ချင်းပင် ပြင်းထန်စွာ တိုက်ခိုက်ကြလေတော့သည်။ ဤအချိန်၌ အဇူရာနန်းတော်တွင် ပင်မနတ်ဘုရား ခြောက်ဦးနှင့် အကြီးအကဲ သုံးဦး ရှိသဖြင့် ၎င်းတို့ ရှစ်ဦး၊ ကိုးဦးခန့်ကို ရင်ဆိုင်ရန်မှာ အခြေခံအားဖြင့် ဖိအားမရှိလှပေ။
သို့သော် ပိုင်ရိဟန်နှင့် ချန်ဖုန်းကို ဝိုင်းထားသော အခြား ဧကရာဇ်အဆင့် ကျွမ်းကျင်သူ နှစ်ဦးကြောင့် လူတိုင်း အနည်းငယ် စိုးရိမ်နေကြ၏။
‘အဲဒါက ဧကရာဇ်အဆင့်လေ…’
‘နန်းတော်သခင် တကယ်ပဲ တောင့်ခံနိုင်ပါ့မလား…’
“ဟက်…ဟက်…”
ချန်ဖုန်းက ရယ်မောကာ ရုတ်တရက် မော့ကြည့်လိုက်သည်။ ပိုင်ရိဟန်နှင့် အခြားသူများ ပြေးဝင်လာသည်ကို ကြည့်ရင်း သူက တိုးတိတ်သော အသံဖြင့် ပြောဆိုလိုက်၏။
"ဧကရာဇ် သုံးပါး ရောက်နေရင်ကော ဘာဖြစ်လဲ... ငါက မင်းတို့ကို သတ်ချင်နေတာ... မင်းတို့ ရှောင်နိုင်မလား..."