အခန်း ၂၉၈
Vol. 30 Ch. 298
အခန်း (၂၉၈) လွှမ်းမိုးနိုင်သော စွမ်းအား
ထိုအသံက ပိုင်ရိဟန်နှင့် အခြားသူများအပေါ် မိုးကြိုးပစ်ချလိုက်သည့်အလား ရိုက်ခတ်သွားပြီး ၎င်းတို့၏ ခန္ဓာကိုယ်တစ်ခုလုံးကို တုန်ခါသွားစေခဲ့ပေ၏။ အရိုးကွဲမတတ် အေးစက်မှုတစ်ခုက သူတို့၏ ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။
ဧကရာဇ်သုံးပါး ရောက်လာတယ်ဆိုရင် ဘာဖြစ်လဲ။ ထိုပေါ့ပါးသော ဟန်ပန်နှင့် ကြောက်ရွံ့မှုကင်းမဲ့သော မျက်နှာအမူအရာများ။ အရာအားလုံးကို ထိန်းချုပ်နိုင်ပြီး ဧကရာဇ်အဆင့် ကျွမ်းကျင်သူ သုံးဦးကို လုံးဝ ဂရုမစိုက်သည့်အလား ဖြစ်နေပေ၏။
ပိုင်ရိဟန်က မတုံးအချေ။ ထို့ထက်ပို၍ သူသည် သူ၏အသက်ကို ပို၍တန်ဖိုးထားလေသည်။ ချန်ဖုန်း ဤစကားကို ပြောလိုက်သည်နှင့် တစ်ပြိုင်နက် တစ်စုံတစ်ရာ မှားယွင်းနေကြောင်း သူ ခံစားလိုက်ရပြီး ချန်ဖုန်းက သူတို့၏ ဝိုင်းဝန်းပိတ်ဆို့ခံထားရခြင်း
မဟုတ်သကဲ့သို့ ဖြစ်နေပေ၏။
သူတို့ကသာ ချန်ဖုန်း၏ ဝိုင်းဝန်းပိတ်ဆို့မှုကို ခံထားရသည့်အလား ဖြစ်နေလေသည်။
ဤအချိန်၌ ပိုင်ရိဟန်သည် တစ်စုံတစ်ခုကို တွေးမိသွားပုံရ၏။ သူ၏ မျက်နှာအမူအရာ သိသိသာသာ ပြောင်းလဲသွားလေသည်။
သူသည် ရှေ့သို့ ပြေးဝင်နေမှုကို ချက်ချင်း ရပ်တန့်လိုက်ပြီး အော်ဟစ်လိုက်၏။
"သတိထား... သူက သူ့စွမ်းအားတွေကို ဖုံးကွယ်ထားတာ..."
အချိန်နှောင်းသွားခဲ့လေပြီ။ သူ၏ စကားများပင် မဆုံးသေးချေ။ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်တစ်ခုက ချန်ဖုန်းထံမှ ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့သည်။ ထိုအငွေ့အသက်မှာ ပို၍ပို၍ အားကောင်းလာပြီး မည်သည့်အချိန်တွင်မဆို လူတိုင်းကို မျိုချပစ်နိုင်မည့်အလား ဖြစ်နေပေ၏။
"သေစမ်း..."
ချန်ဖုန်းက ရှေ့သို့ ခြေလှမ်းလိုက်သည်။ သူ၏ အမြန်နှုန်းတစ်ခုလုံးမှာ အမြင့်ဆုံးအဆင့်တွင် ရှိနေခဲ့၏။
"ကျစ်..."
ပိုင်ရိဟန်၏ ပါးစပ်မှာ အဆက်မပြတ် တွန့်လိမ်နေခဲ့ပေသည်။ ချန်ဖုန်းသည်လည်း ဧကရာဇ်အဆင့်တွင် ရှိနေသည်ဟု သူ အမြဲတမ်း ထင်မှတ်ထားခဲ့၏။ သူ့ဘက်တွင် ဧကရာဇ်သုံးပါးရှိသဖြင့် ချန်ဖုန်းကို လှုပ်ရှားမှုတစ်ခုတည်းဖြင့် သေချာပေါက် သတ်နိုင်မည် ဖြစ်သည်။
ဒါပေမဲ့ အခုတော့ ချန်ဖုန်း၏ စွမ်းအား၊ အငွေ့အသက်၊ အမြန်နှုန်း စသည်တို့က
ဧကရာဇ်အဆင့်ထက် အများကြီး သာလွန်နေပြီလေ။ အစွမ်းထက်သော အငွေ့အသက်တစ်ခု ပေါက်ကွဲထွက်လာပြီး သူ့ကို ကြောက်မက်ဖွယ်ကောင်းသော ဖိအားကိုပင် ခံစားရစေခဲ့သည်။ အသက်ရှူရသည်ပင် အနည်းငယ် ခက်ခဲနေခဲ့၏။ ဤသည်မှာ သေချာပေါက် ဧကရာဇ်အဆင့် မဟုတ်ချေ။
ပိုင်ရိဟန်သည် စဉ်းစား၍မရနိုင်အောင် ဖြစ်နေခဲ့သည်။ သူ၏ လက်ရှိစွမ်းအားအဆင့်သို့ ရောက်ရှိရန် ဆယ်စုနှစ်ပေါင်းများစွာ အချိန်ယူခဲ့ရသည်။
ချန်ဖုန်းကကော အသက် နှစ်ဆယ့်နှစ်နှစ်ပဲ ရှိသေးတယ်လေ။ ချန်ဖုန်းကိုပင် သူ စုံစမ်းခဲ့သေးပြီး လွန်ခဲ့သော နှစ်ဝက်ခန့်က သူသည် လူသိများထင်ရှားခြင်း မရှိသူတစ်ဦးသာ ဖြစ်ခဲ့၏။ နှစ်ဝက်အတွင်းမှာ ပြိုင်ဘက်ကင်း ကျွမ်းကျင်သူတစ်ယောက် ဘယ်လိုဖြစ်လာတာလဲ။
‘ဖြစ်နိုင်တာက အဲဒီတုန်းက အဲဒီလူတွေ ရှာနေတဲ့အရာက တကယ်ပဲ ချန်ဖုန်းဆီမှာ ရှိနေတာလား…’ ယခုအခါတွင်မူ သူ ထပ်မံတွေးတောနေရန် အချိန်မရှိတော့ချေ။
ချန်ဖုန်း ရှေ့သို့ ပြေးဝင်လာသည်ကို မြင်သောအခါ ပိုင်ရိဟန်သည် စောစောက ပေါ်လာသော ဧကရာဇ်အဆင့် ကျွမ်းကျင်သူကို တိုက်ခိုက်ရန် မတုံ့ဆိုင်းခဲ့ပေ။
"ပိုင်ရိဟန်... မင်း..."
သူ၏ အဖော်က သူ့ကို လှည့်စားလိမ့်မည်ဟု ထိုလူက ဘယ်သောအခါမှ မထင်မှတ်ထားခဲ့ချေ။ သူ၏ ခန္ဓာကိုယ်သည် ချန်ဖုန်းထံသို့ ရောက်ရှိသွားခဲ့လေပြီ။ သူ၏ ထိတ်လန့်နေသော အကြည့်များအောက်တွင် ချန်ဖုန်း၏ လက်သီးက ကျဆင်းလာခဲ့သည်။ ဝုန်းဆိုသောအသံနှင့်အတူ လက်သီးတစ်ချက်က ရင်ဘတ်ကို ဖောက်ထွက်သွားလေ၏။
ဤအသစ်ပေါ်လာသော ဧကရာဇ်အဆင့် ကျွမ်းကျင်သူသည် သူ၏ နာမည်ကိုပင် မကြေညာရသေးခင် ချန်ဖုန်း၏ ကြီးစိုးသော လက်သီးချက်ကြောင့် သေဆုံးသွားခဲ့ရသည်။
ယခုအချိန်၌ ပိုင်ရိဟန် လန့်ဖြတ်သွားရုံသာမကဘဲ ဝမ်လျန်မှာလည်း ကြက်သီးမွေးညင်းများ ထသွားခဲ့လေ၏။ ကြောက်ရွံ့မှုများက သူ၏ နှလုံးသားထဲတွင် ပြည့်နှက်သွားသည်။ စောစောက သေဆုံးသွားသူမှာ ဧကရာဇ်အဆင့် ကျွမ်းကျင်သူ သုံးဦးထဲတွင် အားအနည်းဆုံး ဖြစ်သော်လည်း အခြားတစ်ဖက်က ဧကရာဇ်အဆင့်ပဲလေ။
ချန်ဖုန်း၏ လှုပ်ရှားမှု တစ်ချက်ကိုပင် သူ မခံနိုင်ခဲ့ချေ။ ၎င်းတို့ ရောက်ရှိလာချိန်တွင် ဝမ်လျန်တို့သည် ကြီးကျယ်သော ဧကရာဇ်သုံးပါး၏ ဝိုင်းဝန်းပိတ်ဆို့မှုသည် လုံးဝ အမှားအယွင်းမရှိနိုင်ဟု ယုံကြည်ကာ ယုံကြည်မှုအပြည့်ဖြင့် ကျိန်ဆိုခဲ့ကြ၏။
ဒါပေမဲ့ အခုတော့ ချန်ဖုန်းသည် အကျပ်အတည်းကို ချက်ချင်း ဖြေရှင်းနိုင်ရုံသာမကဘဲ အခြေအနေကို ချက်ချင်း ပြောင်းလဲပစ်လိုက်ကြလေပြီ။
ဝမ်လျန်နှင့် ပိုင်ရိဟန်တို့သည် အချင်းချင်း ကြည့်လိုက်ကြပြီး နှစ်ဦးစလုံး၏ မျက်လုံးများထဲတွင် အံ့အားသင့်မှုနှင့် ထိတ်လန့်မှုများကို မြင်တွေ့လိုက်ကြရသည်။ သူတို့သည် စကားတစ်ခွန်းမျှ မပြောဘဲ ချက်ချင်း ထွက်ပြေးကြလေတော့၏။
သူတို့နှစ်ဦးသည် သဘောတူထားပြီးဖြစ်သည့်အလား မတူညီသော လမ်းကြောင်းများဆီသို့ ထွက်ပြေးသွားကြပုံရပေသည်။
ဗီလာ၏ ဆင်ခြေဖုံးရပ်ကွက်တွင် သေနတ်သံများ ထွက်ပေါ်လာခဲ့သည်။ ၎င်းမှာ အပြင်ဘက်တွင် အဇူရာနန်းတော်က ချထားသော စနိုက်ပါသမားများ ဖြစ်ပေ၏။
သို့သော် ဧကရာဇ်အဆင့် ကျွမ်းကျင်သူတစ်ဦးကို ရင်ဆိုင်ရာတွင် ဤကျည်ဆန်များသည် လုံးဝ အသုံးမဝင်ချေ။
မိစ္ဆာငယ်၊ အဘိုးကြီးလျိုနှင့် အခြားသူများ ဤမြင်ကွင်းကို မြင်တွေ့လိုက်ရချိန်တွင် ၎င်းတို့မှာ လုံးဝ ဆွံ့အသွားကြလေပြီ။ ၎င်းတို့သည် ယခုလေးတင် လှုပ်ရှားမှု စတင်ခဲ့ခြင်း ဖြစ်သည်။ ရလဒ်အနေဖြင့် ၎င်းတို့ဘက်မှ ဧကရာဇ်အဆင့် ကျွမ်းကျင်သူတစ်ဦး သေဆုံးသွားခဲ့ပြီ ဖြစ်၏။ ပိုင်ရိဟန်နှင့် ဝမ်လျန်တို့သည်လည်း ချက်ချင်း ထွက်ပြေးသွားခဲ့ကြသည်။
"ငါ မင်းတို့ကို ပြောပြီးပြီလေ... ငါက မင်းတို့ကို သတ်ချင်တာ... မင်းတို့ ထွက်ပြေးလို့ မရပါဘူးလို့..."
ချန်ဖုန်း၏ မျက်လုံးများထဲတွင် အေးစက်သော အလင်းရောင်တစ်ခု တောက်ပသွားခဲ့၏။ သူက ဝမ်လျန်ရှိရာ လမ်းကြောင်းကို တစ်ချက်ကြည့်လိုက်ပြီးနောက် ရုတ်တရက် လှည့်ကာ ပိုင်ရိဟန်နောက်သို့ လိုက်သွားလေသည်။ ဝမ်လျန်က အသုံးဝင်သေးသည်။ ပိုင်ရိဟန်ကို အရင်သတ်ရမည်။
"မြန်မြန်... သူ့ကို တားထား..."
အဘိုးကြီးလျိုသည် ချက်ချင်း ပြာယာခတ်သွားခဲ့၏။ သူသည် အမြဲတမ်း ပိုင်ရိဟန်နောက်သို့ လိုက်ပါခဲ့ပြီး အခြေခံအားဖြင့် သစ္စာရှိသော လက်အောက်ငယ်သားတစ်ဦး ဖြစ်ပေသည်။ ယခုအခါ အခြားတစ်ဖက်မှာ ဒုက္ခရောက်နေလေပြီ။ သူ၏ အသက်ကို ပေးရမည်ဆိုလျှင်ပင် ပိုင်ရိဟန်ကို ထွက်ပြေးခွင့်ပြုမည် ဖြစ်၏။
"အဘိုးကြီးလျို... မင်းရဲ့ ပြိုင်ဘက်က ငါပဲ..."
လဲ့ယန်၏ ဓားချက်က ကောင်းကင်သို့ ထိုးတက်သွားသည်။ မြေပြင်တစ်ခုလုံးမှာ သူ၏ ကြမ်းတမ်းသော စွမ်းအားကြောင့် အက်ကွဲသွားခဲ့၏။
အဘိုးကြီးလျိုသည် သူ၏ ဓားချက်ကို ထိပ်တိုက် ရင်ဆိုင်လိုက်ရသည်။ သူသည် ချန်ဖုန်း၏ လမ်းကြောင်းကို ပိတ်ဆို့ကာ ရှေ့သို့ ထပ်မံပြေးဝင်သွားခဲ့သည်။ ကျန်ရှိနေသော အဖွဲ့သားကလည်း ရှေ့သို့ ပြေးဝင်လာကြလေ၏။ တာဝန် ကျရှုံးသွားပြီးနောက် ၎င်းတို့၏ အဓိကရည်မှန်းချက်မှာ ပိုင်ရိဟန်နှင့် ဝမ်လျန်တို့ကို ချောမွေ့စွာ ထွက်ပြေးလွတ်မြောက်နိုင်စေရန် သေချာစေရန်ပင် ဖြစ်ပေသည်။
"ဟွန့်... အဇူရာနန်းတော်မှာ ဘယ်သူမှ မရှိတော့ဘူးလို့ မင်းတို့ ထင်နေတာလား..."
အကြီးအကဲချုပ်နှင့် သူ၏လူများက ၎င်းတို့ကို ချက်ချင်း ဟန့်တားလိုက်ပြီး မိုးကြိုးသံကဲ့သို့ အော်ဟစ်ကာ ပြေးထွက်လာကြသည်။
"ဧကရာဇ်အဆင့်ဆိုရင် ငါတို့က ယှဉ်နိုင်မှာ မဟုတ်ဘူး... ဒါပေမဲ့ မင်းတို့လို ပင်မနတ်ဘုရားတွေကိုတော့ ငါတို့ သတ်နိုင်တယ်..."
အခြားနှစ်ဦးက သူ့ကို မတားဆီးဘဲ ချန်ဖုန်းထံသို့ ပြေးဝင်သွားကြ၏။
"ထွက်သွားစမ်း..."
ချန်ဖုန်းက သူ၏လက်ဝါးကို လှန်လိုက်သည်။ ရုတ်တရတ် ဓားကြီးက သူ၏လက်ထဲတွင် ချက်ချင်း ပေါ်လာခဲ့ကာ ဓားတစ်ချက် ခုတ်ချလိုက်သည်။
ထိုနှစ်ဦးမှာ ချက်ချင်း နှစ်ပိုင်းပြတ်သွားလေတော့၏။ ယခုအခါတွင် ပင်မနတ်ဘုရားသည် သူ၏ ပြိုင်ဘက် လုံးဝ မဟုတ်တော့ချေ။
ချန်ဖုန်း၏ အမြန်နှုန်းမှာ လျော့ကျသွားခြင်း မရှိဘဲ ပိုင်ရိဟန်နောက်သို့ လိုက်ရင်း သူ၏ ပုံရိပ်မှာ ဝေဝါးသွားခဲ့လေသည်။ သူ၏ ခြေလှမ်းများမှာ နေ့စဉ်နှင့်အမျှ အားကောင်းလာနေ၏။ သူ၏ ခန္ဓာကိုယ်သည်လည်း နေ့စဉ်နှင့်အမျှ အားကောင်းလာနေပေသည်။ ပိုင်ရိဟန် မည်မျှပင် မြန်မြန်ပြေးစေကာမူ သူ၏ လက်မှ မလွတ်မြောက်နိုင်ခဲ့ချေ။
ငါးမိနစ်ပင် မကြာလိုက်ပေ။
ချန်ဖုန်းသည် ပိုင်ရိဟန်၏ရှေ့တွင် တိုက်ရိုက် ပေါ်လာခဲ့ပြီး အေးစက်စွာ ပြောဆိုလိုက်၏။
"ပိုင်ရိဟန်... မင်းက လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော်ကတည်းက သေသင့်နေတာ... ဒါပေမဲ့ မင်းက နှစ်တွေ အများကြီး ပိုအသက်ရှင်ခဲ့တယ်...အခုတော့ မင်း ကျေနပ်သင့်ပြီ...ဒါကြောင့် သေဖို့ ပြင်ထားလိုက်တော့..."
ပိုင်ရိဟန်က အလျင်အမြန် ပြောလိုက်သည်။
"ချန်ဖုန်း... မလုပ်ပါနဲ့... ငါ့ကို မသတ်ပါနဲ့... ငါက မင်းကို ငါ့ရဲ့ သခင်အဖြစ် အစေခံဖို့ ဆန္ဒရှိပါတယ်...ငါက ဧကရာဇ်အဆင့် ကျွမ်းကျင်သူ တစ်ယောက်လေ... မင်းအတွက် အလုပ်လုပ်ပေးဖို့ ဆန္ဒရှိပါတယ်...ပြီးတော့ ငါ အသက်ရှင်နေတာက မင်းအတွက်ရော အဇူရာနန်းတော်အတွက်ပါ ကောင်းပါတယ်..."
ပိုင်ရိဟန်၏ မျက်ခွံများမှာ ရူးသွပ်စွာ တုန်လှုပ်နေခဲ့၏။ သူသည် ချန်ဖုန်း၏ ပြိုင်ဘက် တကယ်ကို မဟုတ်ပေ။ ဤလူသည် အထွတ်အထိပ်ကာလက သူ၏ဖခင်ထက်ပင် ပိုမိုအားကောင်းနေပြီး တကယ်ကို ပုံမှန်မဟုတ်ချေ။
"ငါ့ကို သခင်အဖြစ် အစေခံမယ် ဟုတ်လား..."
ချန်ဖုန်း၏ မျက်နှာပေါ်ရှိ သတ်ဖြတ်လိုသော အငွေ့အသက်များ ပိုမိုအားကောင်းလာခဲ့သည်။
"အဲဒီတုန်းက မင်း ငါ့အဖေကို ဒီလို ဆက်ဆံခဲ့တာ မဟုတ်လား... သူ သေသွားပြီးတဲ့နောက်ကော အဇူရာနန်းတော်ကို မင်းက ချက်ချင်း အပိုင်သိမ်း လိုက်တယ်လေ...သူ့ရဲ့ သေဆုံးမှု အကြောင်းရင်းကိုတောင် စုံစမ်းစစ်ဆေးတာ မလုပ်ခဲ့ဘူး...ငါက အဲဒီလို အမှားမျိုး ထပ်လုပ်မယ်လို့ မင်း ထင်နေတာလား..."
ပိုင်ရိဟန်၏ ပါးစပ်မှာ အဆက်မပြတ် တွန့်လိမ်နေခဲ့ပေ၏။ သူသည် သူ့ကို ပစ်မှတ်ထားနေသော သတ်ဖြတ်လိုသည့် အငွေ့အသက်တစ်ခုကို ခံစားနေရပြီဖြစ်ပြီး သူ၏ ကျောပြင်တစ်ခုလုံး အေးစက်သော ချွေးများ ထွက်လာသည်အထိ ထိတ်လန့်နေခဲ့သည်။
"မဟုတ်ဘူး... ဒီတစ်ခါတော့ တကယ် အဲဒီလို ဖြစ်မှာ မဟုတ်ပါဘူး... ငါ့ကို ယုံပါ..."
ပိုင်ရိဟန်သည် အလိုအလျောက် ခြေတစ်လှမ်း နောက်ဆုတ်လိုက်သည်။ ရုတ်တရတ် တစ်စုံတစ်ခုကို သတိရသွားသည့်အလား သူက အလျင်အမြန် ပြောဆိုလိုက်၏။
"သခင်ကြီး အဲဒီတုန်းက ဘယ်လိုသေဆုံးသွားခဲ့လဲဆိုတာ ငါသိတယ်... အဲဒါက ဝမ်လျန်ပါ... ဟွာရှနိုင်ငံထဲကို ထိုးဖောက်ဝင်ရောက်ဖို့ ကျွမ်းကျင်သူတစ်စုကို သူက ဦးဆောင်ခဲ့တာ..."
"အဲဒီအချိန်ကို အခွင့်ကောင်းယူပြီး သခင်ကြီးရဲ့ မိသားစုတစ်ခုလုံးကို သူက သတ်ပစ်ခဲ့တာ...ဟုတ်တယ်... သူက အဲဒီ မစ္စတာပေ့ ပဲ...သူ့နောက်ကွယ်မှာ တခြားလူ ရှိသေးတယ်..."
"အော်..."
ဤကိစ္စသည် ဝမ်လျန်နှင့် ခွဲခြား၍မရကြောင်း ချန်ဖုန်းက အစောပိုင်းကတည်းက သံသယရှိခဲ့ပေ၏။
ယခုအခါ အဇူရာနန်းတော်မှ လူများသည် ဝမ်လျန်နောက်သို့ လိုက်နေကြပြီဖြစ်ပြီး သူ့ကို နောက်ကွယ်မှ မည်သူက အမှန်တကယ် ထောက်ပံ့နေသည်ကို သိမြင်လိုကြလေသည်။
ထိုအချိန်မှာပင် သူသည် ပိုင်ရိဟန်ကို ထပ်မံကြည့်လိုက်ပြီး ရေခဲတိုက်ထဲသို့ ကျသွားသည့်အလား အေးစက်သော အသံဖြင့် ပြောဆိုလိုက်သည်။
"ဒါဆို ဒါက မင်းနဲ့ မသက်ဆိုင်ဘူးပေါ့...မင်းရဲ့ လျှို့ဝှက်အကူအညီသာ မပါရင် သူတို့က ဟွာရှနိုင်ငံထဲကို ဘယ်လိုလုပ် ထိုးဖောက်ဝင်ရောက်နိုင်မှာလဲ...ငါ့အဖေကို ဘယ်သူမှ မသိအောင် ဘယ်လိုလုပ် သတ်နိုင်မှာလဲ...သူလျှို မရှိဘူးဆိုတာကို ငါ မယုံဘူး..."
"မဟုတ်ဘူး... မဟုတ်ဘူး... ဒါက ငါနဲ့ ဘာမှမဆိုင်ဘူး..."
ပိုင်ရိဟန်၏ မျက်လုံးများထဲရှိ ထိတ်လန့်မှုများက တောက်ပသွားလေ၏။ သူ ကောင်းစွာ ဖုံးကွယ်ထားလျှင်တောင်မှ ချန်ဖုန်းက သတိထားမိနေဆဲပင်။
"ဒါဆို ဒါက တကယ်ပဲ မင်းနဲ့ သက်ဆိုင်နေတာပဲ..."
ချန်ဖုန်းသည် ချက်ချင်း ဒေါသထွက်သွားပြီး သူ၏လက်ထဲရှိ ဓားကြီးကို ရမ်းလိုက်လေ၏။
"သေစမ်း..."
"ငါ့ကို မသတ်ပါနဲ့... ငါ့မှာ နောက်ထပ် ပြောစရာ ကိစ္စတစ်ခု ရှိသေးတယ်..."
ပိုင်ရိဟန်မှာ ထိတ်လန့်သွားခဲ့သည်။
စကားပြောရန် အချိန်မရှိတော့ဘဲ သူ၏ ခန္ဓာကိုယ်မှာ ရူးသွပ်စွာ နောက်သို့ ဆုတ်သွားလေ၏။
သို့သော် သူ မြန်မြန်ဆုတ်လေ ချန်ဖုန်းက မြန်မြန်ရွေ့လေပင်။ နေရောင်အောက်တွင် ကြီးမားလှသော ဓားသွားကြီးက တောက်ပသော အလင်းရောင်များဖြင့် ပေါက်ကွဲထွက်လာခဲ့သည်။ မျက်မြင်မရသော ဓားစွမ်းအင်များက မိုးကြိုးသံကဲ့သို့ ရိုက်ခတ်လာခဲ့၏။
"အား..."
ပိုင်ရိဟန်၏ မျက်လုံးများ ပြူးကျယ်သွားသည်။ သူ့မှာ တုံ့ပြန်ရန် လုံးဝ အချိန်မရှိတော့ချေ။ သူ၏ စိတ်ပျက်အားငယ်နေသော အကြည့်များအောက်တွင် သူ၏ ခန္ဓာကိုယ်မှာ ချက်ချင်းပင် အပိုင်းပိုင်းအစစ ဖြစ်သွားလေတော့၏။