← Chapters

အခန်း ၃၀၁

Vol. 31 Ch. 301

အခန်း ၃၀၁

Vol. 31 Ch. 301

အခန်း (၃၀၁) အရေးပေါ်အခြေအနေ

‘ဪ… ဒီလိုကိုး…’

လူတိုင်းက ဘာတွေဖြစ်နေသလဲဆိုတာကို ချက်ချင်း သဘောပေါက်သွားကြပေ၏။ အကယ်၍ ဟွာရှနိုင်ငံ၏ စစ်ဘက်ဆိုင်ရာဌာနကိုသာ ပစ်မှတ်ထားမည်ဆိုပါက ၎င်းတို့၏ နိုင်ငံဆယ်ခု မဟာမိတ်တပ်တွင် ကြီးမားသော အသာစီးရမှု ရှိနေဆဲဖြစ်ပြီး ထိုအသာစီးရမှုမှာ အထူးသဖြင့် ကြီးမားနေမည် ဖြစ်လေသည်။

အဘယ်ကြောင့်ဆိုသော် ဤတစ်ကြိမ်တွင် ၎င်းတို့ ပြောင်းရွှေ့လာသော အင်အားစုများထဲ၌ ကောင်းကင်ဘုရင်အဆင့် ကျွမ်းကျင်သူများသာမက ပင်မနတ်ဘုရားအဆင့် ကျွမ်းကျင်သူများလည်း ပါဝင်နေသောကြောင့်ပင်။

ဧကရာဇ်အဆင့် ကျွမ်းကျင်သူ အတော်များများပင် ပါဝင်နေသေးချေ၏။

နိုင်ငံဆယ်ခု မဟာမိတ်တပ်အနေဖြင့် နိုင်ငံတစ်နိုင်ငံလျှင် ဧကရာဇ်အဆင့် တစ်ဦးစီ ထုတ်နုတ်မည်ဆိုပါက ဧကရာဇ်အဆင့် ဆယ်ဦးအထိ ရှိလာမည် ဖြစ်သည်။ ထိုသို့သော အင်အားကို စစ်ဘက်ဆိုင်ရာဌာန၏ စစ်သေနာပတိပင်လျှင် ခုခံနိုင်စွမ်း ရှိမည်မဟုတ်ချေ။

ဟွာရှနိုင်ငံတွင် လျှို့ဝှက်သိုင်းပညာရှင်များ ရှိနေသော်လည်း ထိုသူများသည် အလွယ်တကူ ထွက်ပေါ်လာမည် မဟုတ်ပေ။ ၎င်းတို့ ထွက်ပေါ်လာလျှင်ပင် နိုင်ငံဆယ်နိုင်ငံ၏ ပေါင်းစပ်အင်အားကို မည်သို့ ယှဉ်ပြိုင်နိုင်မည်နည်း။

"ဆာကူရာနိုင်ငံအနေနဲ့ သဘောတူတယ်"

"ဆီရိုနိုင်ငံကလည်း သဘောတူတယ်"

"သဘောတူတယ်"

"သဘောတူတယ်"

အခြားသူများကလည်း အဆက်မပြတ် သဘောတူညီကြောင်း ပြောဆိုလိုက်ကြ၏။ လူတိုင်းက ဤသဘောထားကို ထပ်တူပြုခဲ့ကြသည်။ ဤသည်မှာ ၎င်းတို့အတွက် တကယ်ကို ရွှေရောင်အခွင့်အရေး တစ်ရပ်ပင် ဖြစ်ပေ၏။

အထူးသဖြင့် ပိုင်ရိဟန်နှင့် ဝမ်လျန်တို့၏ လှုပ်ရှားမှုများက ၎င်းတို့အတွက် ကြည်နူးဖွယ် အံ့အားသင့်စရာတစ်ခု ဖြစ်လာခဲ့လေသည်။

အဇူရာနန်းတော်သခင် မသေဆုံးလျှင်ပင် သူသည် ဒဏ်ရာပြင်းထန်စွာ ရရှိသွားမည်မှာ သေချာလှသည်။ ၎င်းတို့က စစ်ဘက်ဆိုင်ရာဌာနကို ဖျက်ဆီးပြီးနောက် အဇူရာနန်းတော်သခင်အား သတ်ဖြတ်ရန်အတွက် လူအင်အား အချို့ကို ချန်လှပ်ထားနိုင်သေးပေ၏။

ထိုအချိန်၌ မဟာလင်းယုန်နိုင်ငံ၏ တပ်မှူးဖြစ်သော တပ်မှူး ဟာလေသည် ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။ သဘောတူညီချက်အရ ဟွာရှနိုင်ငံဘက်မှ လှုပ်ရှားမှုရှိလာပါက တစ်စုံတစ်ယောက်က သူ့ထံ သတင်းပို့ရမည် ဖြစ်၏။ သို့သော် ယခုအချိန်အထိ မည်သည့်သတင်းမှ မကြားရသေးသည်က ထူးဆန်းနေချေသည်။

"ဘာဖြစ်လို့လဲ တပ်မှူးဟာလေ"

ဆီရိုနိုင်ငံမှ မန်နေဂျာက မနေနိုင်ဘဲ မေးမြန်းလိုက်သည်။

တပ်မှူး ဟာလေက ခေါင်းခါယမ်းလိုက်၏။

"ဘာမှမဖြစ်ပါဘူး… ဟွာရှနိုင်ငံတွင်းက တိုက်ပွဲတွေ ဆက်ဖြစ်နေတုန်းပဲ နေမှာပါ… အားလုံးပဲ အသင့်ပြင်ထားကြပါ… လူစာရင်းစစ်ပြီး နောက်တစ်နာရီကြာရင် ဟွာရှနိုင်ငံရဲ့ စစ်ဘက်ဆိုင်ရာဌာနကို ငါတို့ တိုက်ခိုက်မယ်"

ဤသို့ဖြင့် ၎င်းတို့သည် ရန်သူကို အငိုက်ဖမ်းရန် စီစဉ်လိုက်ကြလေသည်။

"ကောင်းပါပြီ"

"နားလည်ပါပြီ"

…….

အခြားတစ်ဖက်တွင် ချန်ဖုန်းနှင့် အဇူရာနန်းတော်မှ လူများသည် နန်ကုန်းမိသားစုထံသို့ ရောက်ရှိလုနီးပါး ဖြစ်နေခဲ့ပြီ ဖြစ်သည်။ ထိုစဉ် ချန်ဖုန်း၏ `စနစ်´ဖုန်းထဲမှ ဗီဒီယိုတစ်ခု ရုတ်တရက် ပေါ်လာခဲ့၏။

လေဟာနယ်ထဲတွင် ပေါ်လာသော ဟိုလိုဂရမ် ရုပ်လုံးကြွ ပရိုဂျက်ရှင်နည်းပညာ ဗီဒီယိုကို ကြည့်ရင်း ချန်ဖုန်း၏ မျက်နှာအမူအရာမှာ ပြင်းထန်စွာ ပြောင်းလဲသွားလေသည်။

[ မွန်းလွဲ ၁ နာရီ ၅ မိနစ်မှာ နိုင်ငံဆယ်ခု မဟာမိတ်တပ်က မဟာလင်းယုန်နိုင်ငံ ဌာနချုပ် အစည်းအဝေးခန်းမမှာ လျှို့ဝှက်အစည်းအဝေးတစ်ခု ကျင်းပခဲ့ပါတယ် ]

ဗီဒီယိုထဲတွင် တပ်မှူး ဟာလေနှင့် သူ၏အဖွဲ့ စောစောက ဆွေးနွေးနေခဲ့သည့် အကြောင်းအရာများ အတိအကျ ပါဝင်နေပေသည်။ ၎င်းမှာ တစ်စုံတစ်ယောက်က အစည်းအဝေးခန်းမထဲတွင် ကင်မရာတစ်လုံးတပ်ဆင်ကာ အရာအားလုံးကို မှတ်တမ်းတင်ထားသကဲ့သို့ ရာနှုန်းပြည့် တူညီနေချေ၏။

လွန်ခဲ့သော ငါးမိနစ်ခန့်က ၎င်းတို့ ဆွေးနွေးနေခဲ့သည့် အကြောင်းအရာသည် ချန်ဖုန်း၏ စနစ်မှတစ်ဆင့် ချက်ချင်းပေါ်လာလိမ့်မည်ဟု ၎င်းတို့ ဘယ်သောအခါမှ ထင်မှတ်ထားခဲ့မည် မဟုတ်ချေ။

"တစ်နာရီပဲ အချိန်ကျန်တော့တယ်"

ချန်ဖုန်း၏ မျက်နှာအမူအရာသည် အဆက်မပြတ် ပြောင်းလဲသွားခဲ့သည်။ သူ ရုတ်တရက် ရပ်တန့်လိုက်ပြီး ရှန်ကွမ်ယွဲ့ထံသို့ အလျင်အမြန် ဖုန်းခေါ်ဆိုလိုက်၏။

"နိုင်ငံဆယ်ခု မဟာမိတ်တပ်က နောက်ထပ် တစ်နာရီအတွင်း တိုက်ခိုက်တော့မယ်"

"မြန်မြန်… ဟွာရှနိုင်ငံက ထိပ်တန်း ကျွမ်းကျင်သူတွေ အကုန်လုံးကို စုစည်းလိုက်ပါ… အထူးသဖြင့် ဧကရာဇ်အဆင့် ကျွမ်းကျင်သူတွေ… သူတို့ဆီမှာ အနည်းဆုံး ဆယ်ယောက်လောက် ရှိနေတယ်"

"ဘာပြောလိုက်တယ်"

ရှန်ကွမ်ယွဲ့လည်း အလွန်အမင်း ထိတ်လန့်သွားလေသည်။

၎င်းတို့၏ ယခင် ခန့်မှန်းချက်များအရ နိုင်ငံဆယ်ခု မဟာမိတ်တပ်သည် အပြည့်အဝ ထိုးစစ်ဆင်ရန်အတွက် အင်အားပြန်လည်စုစည်းရန် အနည်းဆုံး ဆယ်ရက်ခန့် အချိန်ယူရမည် ဖြစ်၏။ ယခုကဲ့သို့ အဘယ်ကြောင့် ရုတ်တရက် ဖြစ်လာရသနည်း။ ဤသည်မှာ ဟွာရှနိုင်ငံကို ပြသရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ခြင်းသာ ဖြစ်နေမည်လား…။

သူမသည် ဖုန်းကို အလျင်အမြန် ချလိုက်ပြီး နယ်စပ်အာဏာပိုင်များအား အထူးသတိထားရန် အသိပေးလိုက်လေသည်။

တစ်ချိန်တည်းမှာပင် ချင်းလုံ (နဂါးပြာ)၊ ပိုင်ဟူ (ကျားဖြူ)၊ ရွှမ်ဝူ (လိပ်နက်) နှင့် ကျူချွဲ (မီးငှက်) တို့သည် ဟွာရှနိုင်ငံ၏ အရှေ့ပိုင်းနယ်စပ်တွင် စုရုံးရောက်ရှိနေကြပြီ ဖြစ်သည်။ ဤတစ်ကြိမ်တွင် ရန်သူသည် အရှေ့ပိုင်းနယ်စပ်မှ တိုက်ခိုက်ရန် ၎င်းတို့၏ အင်အားများကို စုစည်းထားမည် ဖြစ်ပေ၏။

တစ်နာရီဆိုသည်မှာ အချိန်များများစားစား မဟုတ်ချေ။ တိတိကျကျ ဆိုရလျှင် အလွန် အရေးပေါ်နေပြီ ဖြစ်သည်။ သို့သော် ၎င်းတို့ နယ်စပ်တစ်လျှောက် ခံစစ်ကြောင်းတစ်ခု ဖွဲ့စည်းရန်အတွက်တော့ လုံလောက်နေသေး၏။

ရှန်ကွမ်ယွဲ့ကပြောလိုက်သည်။

"ရှောင်လန်… အားလုံးကို စုဝေးဖို့ အကြောင်းကြားလိုက်ပါ… တခြားနေရာတွေကနေ ခေါ်လာတဲ့ ကျွမ်းကျင်သူတွေ အကုန်လုံး ငါနဲ့အတူ နယ်စပ်ကို လိုက်ခဲ့ကြဖို့"

"သူတို့ကို အကြောင်းကြားပြီးပါပြီ"

ရှောင်လန်က လူတိုင်းကို ချက်ချင်း အကြောင်းကြားလိုက်သည်။

ငါးမိနစ်အကြာတွင် အားကောင်းသော အငွေ့အသက်များ လွှမ်းခြုံထားသည့် ကျွမ်းကျင်သူ တစ်စုသည် စစ်ဘက်ဆိုင်ရာဌာနသို့ ရောက်ရှိလာကြလေ၏။ ထိုအထဲတွင် နယ်စပ်ပြင်ပ စစ်မြေပြင်မှ ပြန်လည်ရောက်ရှိလာသော ပင်မနတ်ဘုရားအဆင့် ကျွမ်းကျင်သူ လူငယ်လေး ရှောင်ချူနန်လည်း ပါဝင်နေပေသည်။

အချို့လူများမှာ နယ်စပ်သို့ တိုက်ရိုက် ထွက်သွားနှင့်ကြပြီ ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ နိုင်ငံဆယ်ခု မဟာမိတ်တပ်သည် အားကောင်းသော စစ်သည်များကို အဆက်မပြတ် စေလွှတ်နေပြီး ဟွာရှနိုင်ငံကလည်း နယ်စပ်ကို ကာကွယ်ရန်အတွက် စွမ်းရည်မြင့် စစ်သည်များကို အဆက်မပြတ် စေလွှတ်နေရလေသည်။

ရှန်ကွမ်ယွဲ့က လူတိုင်းကို ဝေ့ကြည့်လိုက်၏။ သူမရှေ့တွင် လူလေးငါးဆယ်ခန့် ရှိနေပြီး ထိုအထဲမှ ဆယ်ဦးနီးပါးမှာ ပင်မနတ်ဘုရားအဆင့်များ ဖြစ်ကြသည်။ လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း နယ်စပ်ပြင်ပ စစ်မြေပြင်သည် ထူးချွန်သော ပါရမီရှင် အတော်များများကို မွေးထုတ်ပေးနိုင်ခဲ့ပေသည်။

ကျန်ရှိနေသူများမှာ အားလုံးနီးပါး ကောင်းကင်ဘုရင်အဆင့်များ ဖြစ်ကြ၏။

ဧကရာဇ်အဆင့် ကျွမ်းကျင်သူများနှင့် ပတ်သက်၍မူ သူမမှလွဲ၍ ဤနေရာတွင် တစ်ဦးတစ်ယောက်မျှ မရှိချေ။ ဟွာရှနိုင်ငံတွင် လျှို့ဝှက်ကျွမ်းကျင်သူများ ရှိနေနိုင်သော်လည်း စစ်ဘက်ဆိုင်ရာဌာနမှ ညွှန်ကြားရေးမှူး ချင်ထိုက်က ၎င်းတို့အား နယ်စပ်သို့ ကူညီရန် စေလွှတ်မည်၊ မစေလွှတ်မည်ကိုတော့ စောင့်ကြည့်ရဦးမည် ဖြစ်ပေသည်။

"ရှင်တို့အားလုံးက စစ်မြေပြင်ကနေ ပြန်လာတဲ့သူတွေမို့ ကျွန်မ အများကြီး မပြောတော့ပါဘူး… ဒီတစ်ကြိမ် ကျွန်မတို့ ဟွာရှနိုင်ငံအတွက် တိုက်ပွဲဝင်ရမယ်… ရန်သူတွေဆီမှာ အားကောင်းတဲ့ စစ်သည်တွေ အများကြီးရှိတယ်… ကျွန်မတို့ သေချင်လည်း သေသွားနိုင်တယ်… ရန်သူကို တိုက်ခိုက်ရင်း ကျွန်မနဲ့အတူ အသေခံဖို့ ရှင်တို့ ဆန္ဒရှိကြရဲ့လား"

ရှန်ကွမ်ယွဲ့သည် စစ်ဝတ်စုံကို ဝတ်ဆင်ထားခဲ့သည်။ သူမသည် စစ်မြေပြင်ပေါ်ရှိ ရဲရင့်ပြတ်သားသော ဟန်ပန်ကို နောက်တစ်ကြိမ် ပြသလိုက်လေ၏။

ရှောင်ချူနန်ပင်လျှင် သူမကို မြင်သောအခါ နက်ရှိုင်းသော လေးစားမှုတစ်ရပ်ကို မခံစားရဘဲ မနေနိုင်ခဲ့ချေ။

"ဟွာရှနိုင်ငံအတွက် တိုက်ပွဲဝင်မယ်"

"ဟွာရှနိုင်ငံအတွက် တိုက်ပွဲဝင်မယ်"

လူအုပ်ကြီး၏ စိတ်ဓာတ်ခွန်အားများမှာ မယုံနိုင်လောက်အောင် မြင့်မားနေခဲ့ပေသည်။ ၎င်းတို့ရဲ့ မိသားစုများ၏ ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးအတွက် ကိုယ်ပိုင်အသက်ကိုပင် စတေးရန် ဆန္ဒရှိနေကြပြီး အသက်ရှင်ခြင်းနှင့် သေဆုံးခြင်းကို ကြာမြင့်စွာကတည်းက လျစ်လျူရှုထားခဲ့ကြလေပြီ။ ဤအရာက တန်ဖိုးရှိလှပေ၏။ သေရမည်တဲ့လား။ ဘာကို ကြောက်ရွံ့နေစရာ လိုမည်နည်း။

"နယ်စပ်ကို သွားကြမယ်"

ရှန်ကွမ်ယွဲ့၏ စစ်ဝတ်ရုံလွင့်ခနဲ ဖြစ်သွားပြီး သူမသည် ရုတ်တရက် လှည့်ကာ အသင့်ပြင်ဆင်ထားသော တိုက်လေယာဉ်ဆီသို့ လျှောက်သွားလေသည်။ သူမနောက်မှ လူအုပ်ကြီးကလည်း အဆင့်ဆင့် လိုက်ပါသွားကြ၏။

ဤတစ်ကြိမ်တွင် စစ်ဘက်ဆိုင်ရာဌာနက ၎င်းတို့ကို နယ်စပ်သို့ ပို့ဆောင်ရန်အတွက် တိုက်လေယာဉ် အစင်းငါးဆယ် အသင့်ပြင်ဆင်ပေးထားခဲ့သည်။ ရှောင်လန်ပင်လျှင် အလျင်အမြန် လိုက်ပါသွားခဲ့ပေသည်။

တစ်ချိန်တည်းမှာပင် ညွှန်ကြားရေးမှူး ချင်ထိုက်သည်လည်း ဤသတင်းကို ရရှိခဲ့လေ၏။ သူသည် ဖုန်းနံပါတ်တစ်ခုကို အလျင်အမြန် ခေါ်ဆိုကာ ပြောလိုက်သည်။

"ဟွာရှနိုင်ငံက အကျပ်အတည်း ရောက်နေပြီ… အဘိုးကြီးတို့ရေ… လှုပ်ရှားရမယ့် အချိန်တန်ပြီ… နယ်စပ်က ခင်ဗျားတို့ကို အားကိုးနေရတယ်"

…….

တစ်ဖက်တွင်…

"ချီးပဲ"

ချန်ဖုန်းမှာ အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်သွားခဲ့သည်။ ရှန်ကွမ်ယွဲ့သည် သူ စကားပြော၍ မပြီးဆုံးမီမှာပင် ဖုန်းကို ချပစ်လိုက်ခြင်း ဖြစ်ပေ၏။

"တစ်နာရီတဲ့လား…"

သူ၏ မျက်ခုံးများ တွန့်ချိုးသွားခဲ့သည်။

"ငါက ဝမ်လျန်ရဲ့ ခြေရာကို နောက်ဆုံးတော့ ရှာတွေ့ခဲ့ပြီ… တကယ်လို့ ဒီတစ်ကြိမ် သူ့ကို အမြစ်ပြတ် မချေမှုန်းနိုင်ဘူးဆိုရင်… အကျိုးဆက်တွေက အဆုံးအစမရှိ ဖြစ်လာလိမ့်မယ်"

သို့သော် ရှန်ကွမ်ယွဲ့၏ အခြေအနေကလည်း သူ့ကို အနည်းငယ် စိုးရိမ်ပူပန်စေခဲ့၏။ နိုင်ငံဆယ်ခု မဟာမိတ်တပ်သည် ဤတစ်ကြိမ်တွင် အင်အားအပြည့် သုံးထားခြင်းဖြစ်သည်။ ရှန်ကွမ်ယွဲ့ တစ်ယောက်တည်းဖြင့် ၎င်းတို့ကို မည်သို့မျှ ခုခံနိုင်မည် မဟုတ်ချေ။ သူက သူ၏နောက်ရှိ အကြီးအကဲများနှင့် အခြားသူများကို တစ်ချက်ကြည့်လိုက်သည်။

ထို့နောက် တည်ကြည်လေးနက်သော မျက်နှာအမူအရာဖြင့် ချန်ဖုန်းက ပြောဆိုလိုက်၏။

"အကြီးအကဲ… လဲ့ယန်… ခင်ဗျားတို့ ရှန်ကွမ်ယွဲ့ကို ကူညီဖို့ နယ်စပ်ကို အခုချက်ချင်း သွားရမယ်… အဇူရာနန်းတော်က ထိပ်တန်း စစ်သည်တွေ အကုန်လုံးကို ဆက်သွယ်လိုက်ပါ… ပြီးတော့ ကောင်းကင်ဘုရင်အဆင့်

ကနေစပြီး ထိပ်တန်း စစ်သည်ဟောင်းတွေ အကုန်လုံးကို နယ်စပ်ဆီ အမြန်သွားခိုင်းလိုက်"

"နန်းတော်သခင်"

အကြီးအကဲမှာ လန့်ဖြတ်သွားလေသည်။

"နန်ကုန်းမိသားစုက နှစ်တစ်ရာကျော် သမိုင်းကြောင်းရှိပြီး သူတို့ဆီမှာ ကျွမ်းကျင်သူတွေ အများကြီး ရှိတယ်… သခင်လေး တစ်ယောက်တည်း သွားတာက အန္တရာယ်များနိုင်တယ်… ရှန်ကွမ်ယွဲ့ဆီကို ပင်မနတ်ဘုရားအဆင့် ဆယ်ယောက်နဲ့ အကြီးအကဲ နှစ်ယောက် လွှတ်လိုက်ပါ… ငါ ဒီမှာပဲ နေခဲ့မယ်"

"ရပါတယ် မလိုဘူး"

ချန်ဖုန်း၏ မျက်နှာမှာ အနည်းငယ် စိုးရိမ်နေပုံရပေသည်။

"ကျွန်တော့်မိန်းမကို ကာကွယ်ဖို့ ခင်ဗျားတို့ကို အဲဒီကို လွှတ်လိုက်တာ… ဘယ်သူက ခင်ဗျားကို နေခဲ့ခိုင်းလို့လဲ…ဒါကြောင့် အားလုံးပဲ နယ်စပ်ကို သွားကြပါ… နန်ကုန်းမိသားစုကို ရှင်းလင်းဖို့ ကျွန်တော် မိနစ်နှစ်ဆယ်လောက်ပဲ အချိန်ယူရမယ်… ပြီးတာနဲ့ ကျွန်တော် နယ်စပ်ကို လိုက်ခဲ့မယ်… ဒီမိနစ်နှစ်ဆယ်အတွင်းမှာ သူမရဲ့ ဆံပင်တစ်ပင်တောင် အကျွတ်မခံနဲ့… ကြားလား"

"ဟူးး…ကောင်းပါပြီလေ… ငါတို့ နားလည်ပါပြီ"

အကြီးအကဲနှင့် အခြားသူများက အလျင်အမြန် ခေါင်းညိတ်လိုက်ကြ၏။ ရှန်ကွမ်ယွဲ့ကို ကာကွယ်ပေးခြင်းက လက်ရှိအချိန်တွင် ချန်ဖုန်းကို ၎င်းတို့ ပေးနိုင်သည့် အကြီးမားဆုံး အကူအညီဖြစ်ကြောင်း ၎င်းတို့လည်း နားလည်ထားကြပေသည်။

"နန်းတော်သခင်… ဂရုစိုက်ပါနော်"

အကြီးအကဲသုံးဦးနှင့် ပင်မနတ်ဘုရားအဆင့် ကျွမ်းကျင်သူ အများအပြားသည် ထွက်ခွာသွားကြလေသည်။ အရှေ့ပိုင်းနယ်စပ်နှင့် မဝေးလှသော ထိုနေရာသို့ သွားရန် ၎င်းတို့တွင် ကိုယ်ပိုင်လမ်းကြောင်း ရှိနေပေ၏။

လူတိုင်း ထွက်ခွာသွားပြီးနောက် ချန်ဖုန်းနှင့် အဇူရာနန်းတော်မှ ထောက်လှမ်းရေး အေးဂျင့်များသာ နေရာတွင် ကျန်ရစ်ခဲ့သည်။ ထိုလူများက ကြယ်ငါးပွင့်အဆင့် စစ်သည်များပင်။

ချန်ဖုန်းသည် ထိုလူများကို သူနှင့်အတူ မခေါ်ဆောင်သွားခဲ့ချေ။ ထို့အစား သူက ဓားကြီးကို ထုတ်ယူလိုက်သည်။ သူသည် ဓားကြီးကို ပခုံးပေါ်ထမ်းကာ နန်ကုန်းမိသားစုဆီသို့ တစ်လှမ်းချင်းစီ အလျင်အမြန် လျှောက်သွားလေ၏။

ချန်ဖုန်းက တစ်ကိုယ်တော်ဖြင့် မျိုးနွယ်စုတစ်ခုလုံးကို နှိမ်နင်းချင်နေခြင်းပင်။

All Chapters