← Chapters

အခန်း ၃၀၂

Vol. 31 Ch. 302

အခန်း ၃၀၂

Vol. 31 Ch. 302

အခန်း (၃၀၂) နန်ကုန်းမိသားစုထဲသို့ ဒေါသတကြီး ကျူးကျော်ဝင်ရောက်ခြင်း

ယခုအချိန်၌… နန်ကုန်းမိသားစု။

နန်ကုန်းမိသားစု၏ ပိုင်ဆိုင်မှုမှာ အလွန် ကြီးမားလှပြီး ပေ့ဟူရှိ ချန်ဖုန်း၏ ယုံဟယ်စံအိမ်ထက်ပင် ပိုမိုကြီးမားကာ စတုရန်းမီတာ ၁၀,၀၀၀ ခန့် ကျယ်ဝန်းပေသည်။

ချန်ဖုန်းသည် တင်းကျပ်စွာ ပိတ်ထားသော အနီရောင်တံခါးကြီးကို စိုက်ကြည့်နေခဲ့၏။ သူ၏ မျက်လုံးများထဲရှိ အေးစက်မှုများက ပိုမိုပြင်းထန်လာခဲ့သည်။ ချက်ချင်းပင် သူ၏လက်ထဲရှိ ဓားကြီးမှ စူးရှတောက်ပသော ဓားအငွေ့အသက်များ ပေါက်ကွဲထွက်ပေါ်လာပြီး ရိုက်ခတ်သွားလေသည်။ နားကွဲမတတ် ပေါက်ကွဲသံကြီး ထွက်ပေါ်လာတော့၏။

လေးလံသော အနီရောင်တံခါးကြီးမှာ အပိုင်းပိုင်းအစစ ကြေမွသွားခဲ့လေပြီ။

မရေမတွက်နိုင်သော အပိုင်းအစများ နေရာအနှံ့ လွင့်စဉ်သွားပြီး တိတ်ဆိတ်နေသော နန်ကုန်းမိသားစုမှာ ရုတ်တရက် ဆူညံသွားတော့ကာ လူတိုင်း လန့်ဖြတ်သွားကြပေ၏။ ရှေ့ခြံဝင်းထဲသို့ ယခုလေးတင် လျှောက်လာသော သခင်လေး နန်ကုန်းရိသည် ကြေမွသွားသော တံခါးကြီးနှင့် တံခါးဝတွင် ရပ်နေသည့် ကြောက်မက်ဖွယ်ကောင်းသော ချန်ဖုန်းကြောင့် သူ၏ ဆံပင်များပင် ထောင်မတ်သွားသည်အထိ ထိတ်လန့်သွားခဲ့လေသည်။

"ချီးပဲ… ဘာတွေဖြစ်နေတာလဲ"

ယခင်က သူသည် ချန်ဖုန်း၏ Great Wall အိမ်ခြံမြေကုမ္ပဏီကို ရန်စမိခဲ့ပြီး မျက်နှာဖြတ်ရိုက်ခံခဲ့ရပေသည်။ အိမ်ပြန်ရောက်သောအခါ ဖခင်ဖြစ်သူ၏ ဆူပူကြိမ်းမောင်းမှုကို ထပ်မံခံခဲ့ရသေး၏။ ဤကိစ္စ ပြီးဆုံးသွားပြီဟု သူ ထင်မှတ်ထားခဲ့သော်လည်း မထင်မှတ်ဘဲ ချန်ဖုန်းက နန်ကုန်းမိသားစုထံ ရောက်လာခဲ့သည်။ တကယ်ကြီးလား။

သခင်လေး နန်ကုန်းရိ၏ အနောက်တွင် နန်ကုန်းယွမ်ဟွာ၏ နှုတ်ခမ်းများ တွန့်လိမ်သွားခဲ့သည်။ သူက မျက်မှောင်ကြုတ်လျက် ပြောဆိုလိုက်၏။

"မစ္စတာချန်… အရင်က ငါ့သားရဲ့ အမှားဖြစ်ခဲ့လို့ မင်း သူ့ကို ရိုက်နှက်ပြီးတာတောင် ငါတို့ မင်းကို ဘာမှ​မပြောပဲ လွှတ်ပေးထားခဲ့တယ်လေ… ဒါပေမဲ့ အခုက ဘာသဘောလဲ"

သူသည် ချန်ဖုန်းကို မစော်ကားချင်သော်လည်း မည်သို့ပင်ဆိုစေ သူက နန်ကုန်းမိသားစုဝင် တစ်ဦးဖြစ်ပြီး တစ်ဖက်လူက သူတို့၏ခေါင်းပေါ်တွင် တိုက်ရိုက် စော်ကားနေခဲ့လေပြီ။ ချန်ဖုန်းက နန်ကုန်းမိသားစုအထိ ခြေရာခံလိုက်လာရုံသာမက နန်ကုန်းမိသားစု၏ တံခါးကိုပင် ဖျက်ဆီးပစ်ခဲ့၏။ အကယ်၍ ဤကိစ္စကိုသာ ဘာမှမလုပ်ပဲ ထားလိုက်မည်ဆိုပါက နန်ကုန်းမိသားစု၏ ဂုဏ်သတင်းမှာ မည်သို့ ဖြစ်သွားမည်နည်း။

"ခင်ဗျားက နန်ကုန်းမိသားစုရဲ့ အကြီးအကဲလား"

ချန်ဖုန်းက သူ၏မျက်ခွံများကို အနည်းငယ် ပင့်လိုက်သည်။ သူသည် သခင်လေး နန်ကုန်းရိ၏ ကိစ္စကို လုံးဝ ဂရုမစိုက်ခဲ့ချေ။ သူ လုပ်ချင်သည့်အရာမှာ ဝမ်လျန်ကိုရှာဖွေပြီး နန်ကုန်းမိသားစုထံမှ ရှင်းလင်းချက်တစ်ခု ရယူရန်ပင် ဖြစ်ပေ၏။

"ငါ… မဟုတ်ပါဘူး"

နန်ကုန်းယွမ်ဟွာ အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။

တစ်ဖက်လူ ဘာလုပ်ချင်နေသနည်း

ဆိုတာကို သူ မသိခဲ့ချေ။ သို့သော် သေချာသောအရာ တစ်ခုမှာ ချန်ဖုန်း ရောက်ရှိလာခြင်းသည် သူ၏သားဖြစ်သူနှင့် မည်သို့မျှ သက်ဆိုင်ခြင်း မရှိကြောင်းပင်။

ထိုအချိန်၌ အတွင်းဘက်မှ လူတစ်စု ထွက်လာခဲ့လေ၏။ ရှေ့ဆုံးမှ လျှောက်လာသော သက်လတ်ပိုင်းအရွယ် အမျိုးသားမှာ လက်ရှိ နန်ကုန်းမိသားစု၏ အကြီးအကဲ နန်ကုန်းရှုံပင် ဖြစ်သည်။

ဖျက်ဆီးခံထားရသော တံခါးကို မြင်လိုက်ရချိန်တွင် နန်ကုန်းရှုံ၏ မျက်နှာပေါ်၌ ပြင်းထန်သော ဒေါသများ ဖြတ်ပြေးသွားခဲ့၏။ သူ၏ ဘေးပတ်လည်ရှိ အခြားသူများမှာလည်း ထပ်တူ ဒေါသထွက်သွားကြပြီး ချန်ဖုန်းအား ချက်ချင်း ဝိုင်းရံလိုက်ကြလေသည်။

"မင်းက တော်တော် ရဲတင်းနေတာပဲ… မင်းက ဘယ်သူလဲ… ငါ့ရဲ့ နန်ကုန်းမိသားစုမှာ လာပြီး ပြဿနာရှာရဲတဲ့ သတ္တိက ဘယ်ကရလာတာလဲ"

"ဟက်ဟက်… နန်ကုန်းမိသားစု ဟုတ်လား"

ချန်ဖုန်း၏ မျက်နှာပေါ်ရှိ အေးစက်မှုများ ပိုမိုပြင်းထန်လာခဲ့၏။ သူ၏ သတ်ဖြတ်လိုသော အငွေ့အသက်များက တစ်ဟုန်ထိုး မြင့်တက်လာခဲ့သည်။

"ဝမ်လျန်ကို လွှဲပေးဖို့ ခင်ဗျားတို့ကို တစ်မိနစ် အချိန်ပေးမယ်… မဟုတ်ရင် ခင်ဗျားတို့ နန်ကုန်းမိသားစု တစ်ခုလုံးကို အမြစ်ပြတ် ချေမှုန်းပစ်မယ်"

"မောက်မာလိုက်တာ"

နန်ကုန်းမိသားစုမှ လူငယ်တစ်ဦး ချက်ချင်း ဒေါသထွက်သွားလေသည်။

နန်ကုန်းမိသားစုသည် အခြားသူများ အလွယ်တကူ အနိုင်ကျင့်နိုင်သည့် အုပ်စုမျိုး ဘယ်တုန်းက ဖြစ်သွားခဲ့သနည်း။ သူသည် မြေပြင်ကို ခြေနှစ်ဖက်ဖြင့် စောင့်ကန်လိုက်၏။ ထို့နောက် သူက ချန်ဖုန်းဆီသို့ အမြောက်ဆံတစ်လုံးအလား ပြေးဝင်သွားပြီး အားကောင်းသော လက်သီးတစ်ချက်ဖြင့် ထိုးချလိုက်သည်။

"ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေတာပဲ"

ချန်ဖုန်းက သူ၏ ဓားကြီးကို အလျားလိုက် ဝှေ့ယမ်းလိုက်၏။

သူသည် မည်သည့် အထူးအဆန်း လှုပ်ရှားမှုမျှ မလုပ်ခဲ့ချေ။ ရိုးရှင်းသော လှုပ်ရှားမှုတစ်ခုသာ ဖြစ်ပေသည်။

ဖောင်းခနဲ မြည်သံနှင့်အတူ ထိုလူငယ်လေး တုံ့ပြန်နိုင်ခြင်း မရှိမီမှာပင် ဓားချက်ကြောင့် လွင့်စဉ်သွားခဲ့လေ၏။ ခြံဝင်းနံရံတွင် ချက်ချင်းပင် ဧရာမ အပေါက်ကြီးတစ်ခု ဖြစ်သွားတော့သည်။

"ရိုင်းစိုင်းလိုက်တာ"

နန်ကုန်းရှုံလည်း ဒေါသထွက်သွားခဲ့သည်။ နန်ကုန်းယွမ်ဟွာ၏ ရှင်းပြချက်မှတစ်ဆင့် တစ်ဖက်လူ၏ သရုပ်မှန်ကို သူ သိရှိထားပြီး ဖြစ်၏။

"ချန်ဖုန်း… မင်း ထွက်မသွားဘူးဆိုရင် ငါ ရိုင်းစိုင်းတယ်လို့ အပြစ်မတင်နဲ့တော့"

၎င်းတို့ စကားပြောနေစဉ်မှာပင် နန်ကုန်းမိသားစု ခြံဝင်း၏ နံရံများပေါ်တွင် စက်သေနတ်များ တပ်ဆင်လာကြလေသည်။ ခြံဝင်းထဲမှ အားကောင်းသော အငွေ့အသက်များ မြင့်တက်လာပြီး ကျွမ်းကျင်သူ ဒါဇင်ပေါင်းများစွာ မျက်စိတစ်မှိတ်အတွင်း ပေါ်လာခဲ့ကြ၏။ ဤသူများမှာ ကောင်းကင်ဘုရင်အဆင့် ကျွမ်းကျင်သူများပင် ဖြစ်သည်။

ပင်မနတ်ဘုရားအဆင့် ကျွမ်းကျင်သူ တစ်ဦးလည်း ပါဝင်နေ၏။

ဧကရာဇ်အဆင့် ကျွမ်းကျင်သူ တစ်ဦးကိုပင် မြင်တွေ့လိုက်ရသေးသည်။ နန်ကုန်းမိသားစု၏ အမွေအနှစ်မှာ တကယ်ကို ထူးခြားလှပေသည်။

"နည်းပြချုပ်ချန်… မင်းက စစ်ဘက်ဆိုင်ရာဌာနရဲ့ နည်းပြချုပ် ဖြစ်နေရင်တောင် ငါ့ရဲ့ နန်ကုန်းမိသားစုက အလွယ်တကူ ရန်စလို့ရတဲ့ နေရာမဟုတ်ဘူး… ငါ့ဆီမှာ မင်းရှာနေတဲ့ ဝမ်လျန်ဆိုတာ မရှိဘူး… အခုချက်ချင်း ဒီကနေ ထွက်သွားစမ်း"

နန်ကုန်းရှုံသည် တစ်ဖက်လူကို မျက်နှာသာ အများကြီး ပေးထားပြီး ဖြစ်လေသည်။

အကယ်၍ သူကသာ စစ်ဘက်ဆိုင်ရာဌာန၏ နည်းပြချုပ် မဟုတ်ခဲ့ပါက ယနေ့ သူ့ကို သေချာပေါက် သတ်ပစ်လိုက်မည် ဖြစ်ပေ၏။

"မရှိဘူး ဟုတ်လား"

ချန်ဖုန်းက ရှေ့သို့ ဆက်လျှောက်သွားရင်း သူ၏အသံမှာ ရေခဲတမျှ အေးစက်သွားခဲ့သည်။

"သူ့နာမည်က ဝမ်လျန်… မစ္စတာပေ့ လို့လည်း ခေါ်တယ်… ဆာကူရာနိုင်ငံက အားကောင်းတဲ့ လူတစ်ယောက်ပဲ… သူ ခင်ဗျားတို့ရဲ့ နန်ကုန်းမိသားစုထဲကို ဝင်သွားတာ ကျုပ်ကိုယ်တိုင် မျက်စိနဲ့တပ်အပ် မြင်ခဲ့တာ… နန်ကုန်းမိသားစု အကြီးအကဲ… ခင်ဗျား စကားမပြောခင် သေချာ စဉ်းစားတာ ပိုကောင်းလိမ့်မယ်"

"သူက အဲဒီတုန်းက ကျုပ်အဖေကို သတ်သွားတဲ့ လူသတ်သမားပဲ… ကျုပ်အဖေကိုရော ခင်ဗျားသိလား… သူက အဲဒီခေတ်က စစ်ဘုရင်လေ"

စကားပြောနေရင်း သူသည် ရုတ်တရက် ခေါင်းကိုမော့ကာ နန်ကုန်းရှုံအား စူးရှစွာ စိုက်ကြည့်ကာ မေးလိုက်၏။

"နန်ကုန်းမိသားစု အကြီးအကဲ… ခင်ဗျားတို့ရဲ့ နန်ကုန်းမိသားစုကရော ဒီကိစ္စမှာ ပါဝင်ပတ်သက်နေတာလား"

"ချီးစကားတွေ ပြောမနေနဲ့"

နန်ကုန်းရှုံ၏ ရင်ထဲတွင် မုန်တိုင်းတစ်ခုအလား ခံစားချက်များ ပြည့်နှက်သွားခဲ့သည်။ တစ်ဖက်လူက တကယ်ကြီး စစ်ဘုရင်၏ သားဖြစ်နေသည်တဲ့လား။ ဟွာရှနိုင်ငံ၏ စစ်ဘုရင်ပင် ဖြစ်လေ၏။

"ဒါဆိုရင် ငါ့ကို ဝင်ရှာခွင့်ပြု"

နောက်ဆုံး စကားလုံး ကျဆင်းသွားသည်နှင့် တစ်ပြိုင်နက် ချန်ဖုန်း၏ ခန္ဓာကိုယ် ရုတ်တရက် အရှိန်တင်သွားခဲ့သည်။ သူသည် ဝေဝါးသော ပုံရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး အတွင်းဘက်သို့ ပြေးဝင်သွားတော့၏။

"သူ့ကို တားကြ… အခုချက်ချင်း တားလိုက်"

နန်ကုန်းရှုံ၏ မျက်နှာအမူအရာ ပြင်းထန်စွာ ပြောင်းလဲသွားလေသည်။

နန်ကုန်းမိသားစုတွင် တစ်ဖက်လူ ရှာဖွေနေသူ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ချန်ဖုန်းကို ဝင်ရှာခွင့် လုံးဝ မပြုနိုင်ချေ။ ရာစုနှစ်များစွာ သမိုင်းကြောင်းရှိသော အခိုင်အမာဆုံး မိသားစုများတွင်ပင် ကိုယ်ပိုင် လျှို့ဝှက်ချက်များ ရှိနေပေသည်။ အကယ်၍ ချန်ဖုန်းသာ ဝင်ရှာမည်ဆိုပါက သူတို့၏ နည်းလမ်းများ အားလုံး ပေါ်ထွက်သွားမည် မဟုတ်လော။

ထိုခဏမှာပင် ချန်ဖုန်း၏ ဘေးပတ်လည်ရှိ စက်သေနတ်များက လျင်မြန်စွာ စတင်ပစ်ခတ်လာကြ၏။ သို့သော် ချန်ဖုန်း၏ အမြန်နှုန်းမှာ အလွန် လျင်မြန်လွန်းသဖြင့် အရာအားလုံးနီးပါးကို သူ ရှောင်တိမ်းနိုင်ခဲ့ပေသည်။

ထိုစဥ် ပတ်ပတ်လည်မှ အားကောင်းသော ပုံရိပ် ဒါဇင်ပေါင်းများစွာ ရုတ်တရက် တိုက်ခိုက်လာကြသည်။

"ထွက်သွားကြစမ်း"

ချန်ဖုန်းက ဟောက်လိုက်၏။

ချန်ဖုန်း၏လက်ထဲရှိ ဓားကြီးမှ အားကောင်းသော ဓားအငွေ့အသက်များ ထွက်ပေါ်လာသည်။ လွှမ်းမိုးနိုင်သော အရှိန်အဟုန်ဖြင့် ကြမ်းတမ်းသော အင်အားတစ်ခု ရိုက်ခတ်သွားလေတော့၏။

"သေစမ်း"

ချန်ဖုန်းက ဟိန်းဟောက်လိုက်စဥ်

ဓားချက်တစ်ချက် ထွက်ပေါ်လာခဲ့သည်။

သူ့ဆီသို့ ပြေးဝင်လာသော လူနှစ်ဦးမှာ ရင်ဘတ်များ ပွင့်ထွက်သွားပြီး သွေးများ ချက်ချင်း ပန်းထွက်လာခဲ့၏။

ဘေးပတ်လည်ရှိ လူများမှာ ထိတ်လန့်သွားကြပေသည်။ ချန်ဖုန်း၏ အငွေ့အသက်မှာ အလွန် အားကောင်းလွန်းလှ၏။ ထို့အပြင် ယင်းက အဆုံးအစမရှိသကဲ့သို့ အဆက်မပြတ် မြင့်တက်နေချေသည်။

"သူ့ကို တားထား"

နန်ကုန်းရှုံ၏ မျက်နှာအမူအရာ ပြင်းထန်စွာ ပြောင်းလဲသွားလေသည်။ အကယ်၍ သူက ချန်ဖုန်း တစ်ယောက်တည်းကိုပင် မတားဆီးနိုင်ပါက အဘိုးကြီးက မိသားစု အကြီးအကဲ ရာထူးကို ပြန်လည်ရယူသွားဖွယ် ရှိပေ၏။

နန်ကုန်းမိသားစု၏ ခြံဝင်းထဲမှ ကျွမ်းကျင်သူများ ပိုမိုထွက်ပေါ်လာကြသည်။ ၎င်းတို့က တိုက်ပွဲထဲသို့ အလျင်အမြန် ဝင်ရောက်လာကြ၏။ တိုက်ပွဲက ဆက်လက် ပြင်းထန်နေဆဲပင်။

ချန်ဖုန်းက စိတ်ထဲတွင် အချိန်တွက်ချက်လိုက်သည်။ ယခု ငါးမိနစ် ကုန်ဆုံးသွားပြီဖြစ်ရာ ဤနေရာမှ တိုက်ပွဲကို အမြန်ဆုံး အဆုံးသတ်ပြီးနောက် နယ်စပ်သို့ ပြန်သွားရန် လိုအပ်ပေသည်။ ပတ်ပတ်လည်ကို ကြည့်လိုက်ရာ ကျွမ်းကျင်သူများ ပိုမို ပေါ်လာနေသည်ကို သူ မြင်တွေ့လိုက်ရသောအခါ သူ၏ မျက်နှာမှာ တဖြည်းဖြည်း အေးစက်သွားပြီး ခန္ဓာကိုယ်တစ်ခုလုံးမှ အဆုံးအစမရှိသော သတ်ဖြတ်လိုသည့် အငွေ့အသက်များ ထွက်ပေါ်လာလေသည်။

ထို့နောက် ချန်ဖုန်း၏ လက်ထဲရှိ ဓားကြီးက အောက်သို့ ကျဆင်းသွားတော့သည်။

ဖောင်းခနဲ မြည်သံနှင့်အတူ ဓားမှာ မယုံနိုင်လောက်အောင် ထက်မြက်လှပေ၏။ ဤသည်မှာ သူ၏ အစွမ်းကုန် တိုက်ခိုက်မှုနီးပါး ဖြစ်သည်။ သူ့ကို တိုက်ခိုက်ရန် ပြင်နေသော ဧကရာဇ်အဆင့် ကျွမ်းကျင်သူတစ်ဦးမှာ တုံ့ပြန်နိုင်ခြင်း မရှိမီမှာပင် ဓားချက်တစ်ချက်တည်းဖြင့် လက်မောင်း ပြတ်ထွက်သွားခဲ့လေသည်။

ချန်ဖုန်းက ရှေ့သို့ တစ်လှမ်း တိုးလိုက်ကာ သူသည် အခြားတစ်ယောက်၏ ခန္ဓာကိုယ်ကို အားကုန်စောင့်ကန်လိုက်သည်။ ဖြောင်းခနဲ မြည်သံနှင့်အတူ ထိုလူ၏ ရင်ဘတ်တစ်ခုလုံး ပေါက်ကွဲထွက်သွားတော့၏။

ထို့နောက် ချန်ဖုန်း၏ အကြည့်များက လူအုပ်ကြီးကို နောက်တစ်ကြိမ် ဝေ့ကြည့်လိုက်ပြီး သူ၏ ခန္ဓာကိုယ်မှ အားကောင်းသော သွေးဆာနေသည့် အငွေ့အသက်များ ထွက်ပေါ်လာခဲ့သည်။

"ဘယ်သူ ထပ်သေချင်သေးလဲ"

ဤမြင်ကွင်းက လူတိုင်း၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားစေခဲ့ပေ၏။ ဧကရာဇ်အဆင့် ကျွမ်းကျင်သူ တစ်ယောက်က သူ၏ လှုပ်ရှားမှု တစ်ချက်တည်းဖြင့် ချက်ချင်း အနိုင်ယူခံလိုက်ရသည်တဲ့လား။

နန်ကုန်းရှုံမှာမူ အလွန်အမင်း မှိုင်းညို့နေသော မျက်နှာအမူအရာ ရှိနေလေသည်။ ဤဧကရာဇ်အဆင့် ကျွမ်းကျင်သူမှာ ထိုအဆင့်တွင် အထူးတလည် အားကောင်းသည်ဟု မဆိုနိုင်သော်လည်း မည်သို့ပင်ဆိုစေ သူက ဧကရာဇ်တစ်ပါး ဖြစ်ပေ၏။

All Chapters