အခန်း ၃၀၄
Vol. 31 Ch. 304
အခန်း (၃၀၄) ကြီးမားသော တပ်မတော်ကြီး ချီတက်လာခြင်း
ဝမ်လျန်၏ လဲကျနေသော အလောင်းကို ကြည့်ရင်း သူ၏ ဖခင်အတွက် ကလဲ့စားချေမှု အောင်မြင်သွားပြီဖြစ်သော်လည်း ချန်ဖုန်း၏ ရင်ထဲတွင် မည်သည့် ဝမ်းမြောက်မှုမျှ မရှိခဲ့ချေ။
အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူမှာ လူသတ်သမားများထဲမှ တစ်ဦးသာ ဖြစ်သောကြောင့်ပင်။
ထိုနှစ်က သူ၏ဖခင်ကို သတ်ဖြတ်ရာတွင် ဆာကူရာနိုင်ငံမှ အခြားသော ကျွမ်းကျင်စစ်သည်များလည်း ပါဝင်ပတ်သက်နေခဲ့သည်။
ချန်ဖုန်း အမှန်တကယ် နားမလည်နိုင်သောအရာမှာ
ဝမ်လျန်သည် မစ္စတာပေ့ ဖြစ်နေလျှင်ပင် သူက တကယ်ပဲ ဒီကိစ္စအားလုံးရဲ့ နောက်ကွယ်က ကြိုးကိုင်သူ ဟုတ်ရဲ့လား။
ဟုတ်တာ ဖြစ်နိုင်သလို…မဟုတ်တာလည်း ဖြစ်နိုင်ပေ၏။
သို့သော် လက်ရှိတွင် စဉ်းစားနေရန် အချိန်မရှိတော့ချေ။
သူက အချိန်ကို ထပ်မံစစ်ဆေးလိုက်ရာ ဆယ့်ငါးမိနစ် ကုန်လွန်သွားခဲ့လေပြီ။ နယ်စပ်သို့ အမြန်ဆုံး သွားရန် လိုအပ်ပေသည်။
နန်ကုန်းမိသားစုက ဤကိစ္စတွင် ပါဝင်ပတ်သက်မှု ရှိမရှိကို သေချာ မသိရသေးချေ။
အချိန်ရမှပဲ နောက်တစ်ခေါက် ပြန်စစ်ဆေးရမည်။
ချန်ဖုန်း ခဏတာ တွေးတောလိုက်ပြီးနောက် ရှန်ယန်းယန်းထံ ဖုန်းခေါ်ဆိုလိုက်သည်။
"ယန်းယန်း... မင်း ကျိုတိုကို ရက်အနည်းငယ်လောက် လာခဲ့လို့ ရမလား... ယွင်ထင် က နည်းနည်း ကြောက်လန့်နေလို့... မင်းလာပြီး သူ့ကို အဖော်ပြုပေးလို့ ရမလား"
"အာ..."
ရှန်ယန်းယန်းက စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။
"အစ်မယွင် ဘာဖြစ်လို့လဲ"
"ကြီးကြီးမားမားတော့ မဟုတ်ပါဘူး... ဒီနေ့ မင်း လာခဲ့လို့ရတယ်... ပေ့ဟူက ကိစ္စတွေကို လောလောဆယ် ဘေးဖယ်ထားလိုက်ပါ"
ချန်ဖုန်းက မိန်းကလေးနှစ်ဦးကို အတူတူ နေစေချင်ခဲ့ခြင်း ဖြစ်ပေသည်။
အဘယ်ကြောင့်ဆိုသော် ယခုအခါ အဇူရာနန်းတော်မှ ထိပ်တန်းစစ်သည် အားလုံးနီးပါးကို နယ်စပ်သို့ စေလွှတ်လိုက်ပြီ ဖြစ်သောကြောင့်ပင်။
ယွင်ထင်ကို ကာကွယ်ပေးမည့်သူ မရှိတော့ချေ။
ရှန်ယန်းယန်းကိုမူ ပင်မနတ်ဘုရားအဆင့် ကျွမ်းကျင်သူတစ်ဦးက လျှို့ဝှက်စွာ ကာကွယ်ပေးထားလေသည်။
သူတို့နှစ်ဦး အတူတူရှိနေမည်ဆိုပါက ၎င်းတို့၏ လုံခြုံရေးအတွက် စိုးရိမ်စရာ မရှိတော့ပေ။ အနည်းဆုံးတော့ လောလောဆယ်တွင် ဟွာရှနိုင်ငံ၌ ဧကရာဇ်အဆင့် ရန်သူများ ရှိလာတော့မည် မဟုတ်ချေ။
"ကောင်းပါပြီ... ဒီနေ့ပဲ ကျွန်မ လာခဲ့ပါ့မယ်"
ရှန်ယန်းယန်းသည်လည်း ချန်ဖုန်းနှင့် တကယ် တွေ့ချင်နေခဲ့ပေ၏။
သို့သော် တစ်ဖက်လူတွင် အရေးကြီးသော ကိစ္စတစ်ခုခု ရှိနေရမည်ကို သူမ သိနိုင်ပေသည်။ ထို့ကြောင့် တစ်ဖက်လူကို အနှောင့်အယှက် မပေးချင်ခဲ့ချေ။
ဖုန်းချပြီးနောက် ချန်ဖုန်းသည် ရွှီချင်းချန်ထံမှ နောက်ထပ် မက်ဆေ့ခ်ျတစ်စောင်ကို လက်ခံရရှိခဲ့သည်။
"Wolf Warrior 3" ဇာတ်ကား ရိုက်ကူးမှု စတင်နေပြီဖြစ်ပြီး နှစ်လအတွင်း ပြီးစီးမည်ဖြစ်ကြောင်း သတင်းရရှိထားသည်။ ရုပ်ရှင်နှင့် ရုပ်မြင်သံကြား ကုမ္ပဏီမှာလည်း ယခုအခါ ပုံမှန်လမ်းကြောင်းပေါ်သို့ ပြန်ရောက်နေပြီ ဖြစ်၏။
ချန်ဖုန်းက မက်ဆေ့ခ်ျကို ပြန်စာပို့ရန်ပင် အချိန်မရခဲ့ချေ။
ကောင်းကင်ဆီသို့ လေချွန်လိုက်ရာ ပတီးရိုဆော (ပျံသန်းနိုင်သော ဒိုင်နိုဆော) တစ်ကောင် ထိုးဆင်းလာခဲ့သည်။
ယခုအခါ ပတီးရိုဆောမှာ အတော်လေး ကြီးမားနေပြီဖြစ်ပြီး အနည်းဆုံး ငါးမီတာ သို့မဟုတ် ခြောက်မီတာခန့်ရှိသော တောင်ပံဖြန့်ကျက်မှု ရှိနေပေ၏။
ချန်ဖုန်းက ၎င်း၏ကျောပေါ်သို့ တက်လိုက်ပြီးနောက် ပတီးရိုဆောမှာ နယ်စပ်ဆီသို့ လျင်မြန်စွာ ပျံသန်းသွားတော့သည်။
......
ချန်ဖုန်း အရှေ့ပိုင်းနယ်စပ်သို့ ထွက်ခွာသွားချိန်တွင်။
မိနစ်သုံးဆယ်ခန့်အကြာတွင် ရှန်ကွမ်ယွဲ့နှင့် သူမ၏အဖွဲ့သည် သတ်မှတ်ချိန်ထက် စော၍ နယ်စပ်သို့ ရောက်ရှိလာကြလေသည်။
နယ်စပ်ရှိ လေထုမှာ အလွန်အမင်း တင်းမာနေခဲ့၏။
ရန်သူ့ဘက်မှ ကြီးမားလှသော တပ်မတော်ကြီးက ချီတက်လာနေလေပြီ။
လက်နက်ကိုင် တပ်ဖွဲ့ဝင် အားလုံးကို ရှေ့တန်းသို့ ချထားပြီးဖြစ်သည်။ တင့်ကားများနှင့် သံချပ်ကာကားများမှာ လက်နက်အပြည့်အစုံ တပ်ဆင်ထားပြီး အမြောက်ဆံများ အားလုံးကိုလည်း အသင့်ထည့်သွင်းထားပြီး ဖြစ်လေသည်။
ကောင်းကင်တွင် တိုက်လေယာဉ် လေးငါးဆယ်ခန့် ပျံဝဲနေကြသည်။
ယခု မွန်းလွဲ ၁ နာရီ ၄၅ မိနစ် ရှိပြီ။
ချန်ဖုန်း၏ တွက်ချက်မှုအရ နိုင်ငံဆယ်ခု မဟာမိတ်တပ်သည် မွန်းလွဲ ၂ နာရီတိတိတွင် ၎င်းတို့၏ တိုက်ခိုက်မှုကို တရားဝင် စတင်မည် ဖြစ်ပေသည်။
နယ်နိမိတ်မျဉ်း တည်ရှိရာ နေရာတွင်။
ရှန်ကွမ်ယွဲ့သည် အလွိုင်းတိုက်ခိုက်ရေးဝတ်စုံကို ပြောင်းလဲဝတ်ဆင်ထားပြီး ဖြစ်လေ၏။
သူမသည် ဧကရာဇ်အဆင့် စွမ်းအားကို ပိုင်ဆိုင်ထားပြီးဖြစ်ကာ ထိပ်တန်း ဧကရာဇ်အဆင့် စစ်သည်များထဲတွင် ပါဝင်ပေသည်။ ယခုအခါ အလွိုင်းတိုက်ခိုက်ရေးဝတ်စုံကို ဝတ်ဆင်ထားသဖြင့် သူမသည် မဟာဧကရာဇ်အဆင့် ကျွမ်းကျင်သူများကိုပင် တိုက်ခိုက်နိုင်စွမ်း ရှိနေလေပြီ။
သူမ မည်မျှကြာအောင် တောင့်ခံထားနိုင်မည်ကိုတော့ သူမ မသိခဲ့ချေ။ လက်တွေ့ စမ်းသပ်ကြည့်ပြီးမှသာ နားလည်နိုင်ပေလိမ့်မည်။
ရှန်ကွမ်ယွဲ့၏ အနောက်တွင် ပုံရိပ်လေးခု ရှိနေသည်။ ချင်းလုံ (နဂါးပြာ)၊ ပိုင်ဟူ (ကျားဖြူ)၊ ကျူချွဲ (မီးငှက်) နှင့် ရွှမ်ဝူ (လိပ်နက်) တို့ပင် ဖြစ်၏။
၎င်းတို့သည်လည်း အလွိုင်းတိုက်ခိုက်ရေးဝတ်စုံများကို ဝတ်ဆင်ထားကြသည်။
ထိုအချိန်က စစ်ဘက်ဆိုင်ရာဌာန၏ စွမ်းဆောင်ရည်ကို မြှင့်တင်ရန်အတွက် ကျန်းထျန်ရှန်းသည် ကုန်ကြမ်းများ ရရှိရန် အစွမ်းကုန် ကြိုးပမ်းခဲ့ပြီး ချန်ဖုန်းက သူ့ကို အလွိုင်းတိုက်ခိုက်ရေးဝတ်စုံ လေးစုံ ဖန်တီးရာတွင် ကူညီပေးခဲ့ခြင်း ဖြစ်ပေသည်။
သို့သော် ရှန်ကွမ်ယွဲ့ ဝတ်ဆင်ထားသော ဝတ်စုံနှင့် နှိုင်းယှဉ်ပါက အနည်းငယ် လိုအပ်နေသေး၏။
ထိုသို့ဖြစ်လင့်ကစား ဤသည်က ၎င်းတို့၏ စွမ်းအားကို အတိုင်းအတာတစ်ခုအထိ မြှင့်တင်ပေးမည်မှာ သေချာပေသည်။
"စစ်သေနာပတိ"
ရွှမ်ဝူက ရှေ့သို့ တစ်လှမ်း တိုးလာခဲ့သည်။ သူက ရောက်ရှိလာသော အဇူရာနန်းတော်မှ အဖွဲ့ဝင်များကို တစ်ချက်ကြည့်လိုက်ပြီး တည်ကြည်လေးနက်သော မျက်နှာအမူအရာဖြင့် ပြောဆိုလိုက်၏။
"အဇူရာနန်းတော်ဘက်က အကြီးအကဲသုံးဦးက ဧကရာဇ်အဆင့်ဝက်မှာ ရှိနေလောက်တယ်...ပင်မနတ်ဘုရားအဆင့် ကျွမ်းကျင်သူ ရှစ်ဦးနဲ့ ကောင်းကင်ဘုရင်အဆင့် ကျွမ်းကျင်သူ ခြောက်ဆယ်ကျော်လည်း ရှိတယ်…”
ဤအင်အားစုမှာ အလွန် အားကောင်းနေပြီ ဖြစ်သည်။
သို့သော် နိုင်ငံဆယ်ခု မဟာမိတ်တပ်မှ အားကောင်းသော ပုဂ္ဂိုလ်များနှင့် နှိုင်းယှဉ်ပါက ၎င်းတို့ အနည်းငယ် လိုအပ်နေသေးပေ၏။
အဓိက အားနည်းချက်မှာ ထိပ်တန်းအဆင့် တိုက်ခိုက်ရေးစွမ်းရည်များတွင် တည်ရှိနေခြင်းပင်။
သူတို့ဘက်တွင် ဧကရာဇ်အဆင့် ကျွမ်းကျင်သူများမှာ အရမ်းနည်းပါးလွန်းလှ၏။
အကယ်၍ ဤတိုက်ပွဲကို ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်နိုင်မည်ဆိုပါက ၎င်းတို့ သဘာဝကျကျ ကြောက်ရွံ့နေမည် မဟုတ်ချေ။ သို့သော် ဤကဲ့သို့သော အကြီးစားလက်နက်များကို အသုံးပြုလိုက်သည်နှင့် တစ်ဖက်ရန်သူကလည်း ၎င်းတို့၏ လက်နက်များကို အသုံးပြုလာမည် ဖြစ်သည်။
အခြေအနေက ပိုမိုဆိုးရွားလာရုံသာ ရှိပေလိမ့်မည်။
တိုက်ပွဲများသည် ဟွာရှနိုင်ငံတွင်းသို့ပင် ပျံ့နှံ့သွားနိုင်ပြီး မိသားစုများစွာ ပျက်စီးကာ အသက်ပေါင်းများစွာ ဆုံးရှုံးရနိုင်ပေသည်။
ထို့ကြောင့် ပုံမှန်အခြေအနေများအောက်တွင် နှစ်ဖက်စလုံးက သေဆုံးမှုများပြားစေသော အကြီးစားလက်နက်များ အသုံးပြုခြင်းကို တတ်နိုင်သမျှ ရှောင်ရှားရန် တိတ်တဆိတ် သဘောတူထားကြလေ၏။
ရှန်ကွမ်ယွဲ့က အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်သည်။
အဇူရာနန်းတော်၏ အားကောင်းသော အဖွဲ့ဝင်များနှင့် စစ်ဘက်ဆိုင်ရာဌာနမှ လူများ ပေါင်းစပ်လိုက်လျှင်ပင် လုံလောက်မှု မရှိသေးချေ။
မည်သို့ပင်ဆိုစေကာမူ အားကောင်းသော လူပုဂ္ဂိုလ်များကို အခြားသော နယ်စပ်ဒေသများကို ကြီးကြပ်ရန်အတွက် ချန်လှပ်ထားခဲ့ရမည် ဖြစ်၏။
ထိုသို့မဟုတ်ပါက ရန်သူက အခြေအနေကို အခွင့်ကောင်းယူသွားပါက ပြဿနာတက်ပေလိမ့်မည်။
ထိုအချိန်၌ အဇူရာနန်းတော်မှ အကြီးအကဲကြီးက အလျင်အမြန် ချဉ်းကပ်လာပြီး ပြောဆိုလိုက်သည်။
"သခင်မလေး ရှန်ကွမ်... နန်းတော်သခင်က မင်းကို ကာကွယ်ပေးဖို့ ငါတို့ကို စေလွှတ်လိုက်တာပါ... နောက်ကျရင် ငါတို့ အဘိုးကြီးတချို့က ဦးဆောင်ပြီး တိုက်ခိုက်ပါ့မယ်"
"တကယ်လို့ မင်းတစ်ခုခု ဖြစ်သွားရင် ငါတို့ နန်းတော်သခင်ကို ရှင်းပြလို့ ရမှာမဟုတ်ဘူး"
ထိုစကားများကို ကြားချိန်တွင်…
ရှန်ကွမ်ယွဲ့၏ ရင်ထဲတွင် နွေးထွေးမှုတစ်ခုကို ခံစားလိုက်ရပေ၏။
ဒီလိုအချိန်မျိုးမှာ ချန်ဖုန်းက သူမအတွက် စိုးရိမ်ပေးနေလိမ့်မည်ဟု သူမ ဘယ်သောအခါမှ မထင်မှတ်ထားခဲ့ချေ။
"အကြီးအကဲ... ကူညီဖို့ လာပေးတဲ့အတွက် အရမ်း ကျေးဇူးတင်ပါတယ်... ကျွန်မရဲ့ လုံခြုံရေးအတွက် စိတ်ပူစရာ မလိုပါဘူး"
ရှန်ကွမ်ယွဲ့က အဝေးရှိ စစ်မြေပြင်ဆီသို့ လှမ်းကြည့်လိုက်သည်။ ထို့နောက် ရှုပ်ထွေးသော မျက်နှာအမူအရာဖြင့် သူမက ပြောဆိုလိုက်၏။
"တကယ်လို့... တကယ်လို့များ ကျွန်မတို့ ရှုံးနိမ့်သွားမယ်ဆိုရင် အကြီးအကဲကြီးအနေနဲ့ အဇူရာနန်းတော်က လူတွေကို ခေါ်ပြီး ချက်ချင်း ဆုတ်ခွာသွားဖို့ မျှော်လင့်ပါတယ်"
အကြီးအကဲကြီးမှာ လန့်ဖြတ်သွားလေသည်။
"သခင်မလေး ရှန်ကွမ်... ဒီလိုပြောတာ ဘာသဘောလဲ"
"အဇူရာနန်းတော်က ဘာပဲဖြစ်ဖြစ် ချန်ဖုန်းအဖေရဲ့ ဘဝတစ်လျှောက်လုံး ကြိုးပမ်းအားထုတ်ခဲ့တဲ့ အရာလေ... ရှင်တို့ အကုန်လုံးကို ဒီနေရာမှာ အသေမခံစေချင်ဘူး... အနည်းဆုံးတော့ ချန်ဖုန်းအတွက် အကူအညီပေးနိုင်အောင် လူအချို့ကို ခေါ်ဆောင်သွားလိုက်ပါ"
“နိုင်ငံဆယ်ခု မဟာမိတ်တပ်မှာ အားကောင်းတဲ့ ပုဂ္ဂိုလ်တွေ အရမ်းများလွန်းတယ်။
တကယ်လို့ ကျွန်မတို့ ရှုံးနိမ့်သွားရင်... စစ်မြေပြင်တစ်ခုလုံးကို ကျွန်မ အကန့်အသတ်မရှိ ဗုံးကြဲပစ်မယ်…”
ရှန်ကွမ်ယွဲ့က ဖြည်းညင်းစွာ ပြောဆိုလိုက်၏။
"ကျွန်မတို့က စစ်သားတွေလေ... ကျွန်မတို့ နောက်ဆုတ်လို့ မရဘူး…ဒါပေမဲ့ ရှင်တို့က ကွာခြားပါတယ်... ဒီတိုက်ပွဲမှာ ရှုံးနိမ့်သွားရင်တောင် နယ်စပ်ပြင်ပ စစ်မြေပြင်မှာ ရှင်တို့ ရှင်သန်နိုင်ပါသေးတယ် အလဟဿ အသက်စတေးစရာ မလိုပါဘူး…”
"သခင်မလေးက အတူတူ သေချင်နေတာလား"
အကြီးအကဲကြီးမှာ ထိတ်လန့်သွားပြီး စကားပင် မပြောနိုင်တော့ချေ။ သူက ရှန်ကွမ်ယွဲ့ကို သတိလစ်အောင်ရိုက်ပြီး သယ်သွားချင်စိတ်ပင် ပေါက်သွားလေ၏။
‘နောက်နေတာလား...
တကယ်လို့ မင်း တစ်ခုခုဖြစ်သွားရင် ငါလည်း ပြီးပြီပေါ့ဟ…’သူတွေးလိုက်၏။
"မသေချာသေးပါဘူး"
ရှန်ကွမ်ယွဲ့၏ မျက်နှာအမူအရာမှာ တည်ငြိမ်နေဆဲပင်။
"ဒါက အဆိုးရွားဆုံး အခြေအနေကို ပြောတာပါ... တကယ်လို့ ကျွန်မတို့က နိုင်ငံဆယ်ခု မဟာမိတ်တပ်ကို အနိုင်ယူနိုင်မယ်ဆိုရင် ဒီနည်းလမ်းကို သုံးစရာ လိုမှာမဟုတ်ပါဘူး"
သူမ၏ အနောက်တွင် ရွှမ်ဝူနှင့် အခြားသူများသည် ထိုနှစ်ဦး၏ စကားဝိုင်းကို ကြားချိန်တွင် တည်ငြိမ်နေခဲ့ကြ၏။
ဤနည်းလမ်းကို ၎င်းတို့ ရှင်းလင်းစွာ သဘောတူထားကြောင်း ပြသနေပေသည်။
‘ငါတို့ သူတို့ကို မနိုင်ရင်လည်း ဘာဖြစ်လဲ
ဒါဆို အတူတူ သေကြတာပေါ့…’ဟု သူတို့တွေးလိုက်သည်။
မည်သို့ပင်ဆိုစေကာမူ နယ်စပ်ကျဆုံးသွားပါက ဟွာရှနိုင်ငံတစ်ခုလုံးလည်း ကျဆုံးသွားမည်သာ ဖြစ်ပေသည်။
လူအုပ်ထဲတွင် ရပ်နေသော ရှောင်ချူနန်၏ ပါးစပ်ထောင့်များ တွန့်လိမ်သွားခဲ့သည်။
‘ငါတို့ တကယ်ကြီး ဒီမှာ လာသေရတော့မှာလား…’
သို့သော် သူ ဘာမှမပြောခဲ့ချေ။
စစ်မြေပြင်ဆိုတာ ဒီလိုပဲလေ...
‘မင်းသေရင်သေ ၊ မဟုတ်ရင် ငါသေပဲ…’
အကြီးအကဲကြီးက ရုတ်တရက် တစ်ခုခုကို သတိရသွားလေ၏။ သူက တစ်ခုခုကို အလျင်အမြန် ဆွဲထုတ်ကာ ပြောလိုက်သည်။
"သခင်မလေးရှန်ကွမ်... ဒါက နန်းတော်သခင် ဒီလူအိုကြီးကို ပေးထားတဲ့ ဟိုလိုဂရမ် ရုပ်လုံးကြွ ပရိုဂျက်ရှင် ကိရိယာလေးပါ... အသုံးဝင်လာနိုင်တယ်လို့ သူပြောတယ်"
"အင်..."
ရှန်ကွမ်ယွဲ့ တစ်ခဏမျှ ဆွံ့အသွားခဲ့၏။
‘ဒါက ဘာအတွက် အသုံးဝင်မှာလဲ…’
အကြီးအကဲက ထိုပစ္စည်းကို မြေပြင်ပေါ်ချထားပြီး ခလုတ်ကို ဖွင့်လိုက်သည်နှင့်တစ်ပြိုင်နက်
ပုံရိပ်တစ်ခုက လူတိုင်း၏ မျက်စိရှေ့တွင် ရုတ်တရက် ပေါ်လာခဲ့ပေ၏။
ဟိုလိုဂရမ် ရုပ်လုံးကြွ ပရိုဂျက်ရှင်။
ထိုပုံရိပ်မှာ ချန်ဖုန်းပင် ဖြစ်သည်။
အရေးကြီးဆုံးမှာ အသေအချာ မကြည့်ပါက ချန်ဖုန်း ကိုယ်တိုင် သူတို့ရှေ့တွင် ရပ်နေသကဲ့သို့ပင်။
၁း၁ အချိုးအစားအတိုင်း အတိအကျ ပုံတူကူးထားခြင်းပင်။