အခန်း ၃၀၈
Vol. 31 Ch. 308
အခန်း (၃၀၈) အစပြုလှုပ်ရှားရန် ပြင်ဆင်ခြင်း
စစ်ဘက်ဆိုင်ရာဌာန စစ်စခန်း။
ရှန်ကွမ်ယွဲ့က ဒဏ်ရာရစစ်သား အရေအတွက်ကို ရေတွက်လိုက်သည်။ သိန်းနှင့်ချီသော တပ်မတော်ကြီးသည် အစပိုင်းမှာပင် စစ်သား နှစ်သောင်းနီးပါး ဆုံးရှုံးခဲ့ရပြီး ဖြစ်လေ၏။
ကံကောင်းထောက်မစွာဖြင့် ချန်ဖုန်း အချိန်မီ ရောက်ရှိလာခဲ့ပေသည်။ ထိုသို့မဟုတ်ပါက ဤတိုက်ပွဲသာ ဆက်လက်ဖြစ်ပွားနေပါက ဆုံးရှုံးမှုများ ပိုမို ကြီးမားလာမည် ဖြစ်၏။
သို့သော် နိုင်ငံဆယ်ခု မဟာမိတ်တပ်သည် ဟွာရှနိုင်ငံထက်ပင် ပိုမိုကြီးမားသော ဆုံးရှုံးမှုများကို ခံစားခဲ့ရပေသည်။ ၎င်းတို့ တပ်ဖွဲ့ဝင် သုံးသောင်း အနည်းဆုံး ဆုံးရှုံးခဲ့ရပြီး ၎င်းတို့၏ ပင်မနတ်ဘုရားအဆင့် ကျွမ်းကျင်သူ အများအပြားလည်း သေဆုံးသွားခဲ့ကြသည်။ ဧကရာဇ်အဆင့် ကျွမ်းကျင်သူ နှစ်ဦးပင် သေဆုံးသွားခဲ့သည်။
စစ်ဘက်ဆိုင်ရာဌာနမှ အဖွဲ့ဝင်များသည် စစ်မြေပြင်ရှိ ၎င်းတို့၏ ရဲဘော်ရဲဘက်များ၏ အလောင်းများကို ကြည့်ရင်း နက်ရှိုင်းသော မသက်မသာ ခံစားချက်ကို ခံစားလိုက်ကြရ၏။ သူတို့က သေရမည်ကို မကြောက်ရွံ့ကြသော်လည်း သူတို့နှင့်အတူ တိုက်ပွဲဝင်ခဲ့သော ရဲဘော်ရဲဘက်များ သူတို့၏ မျက်စိရှေ့တွင် သေဆုံးသွားသည်ကို မြင်တွေ့ရခြင်းက သူတို့၏ နှလုံးသားများကို မယုံနိုင်လောက်အောင် လေးလံသွားစေခဲ့ပေသည်။
သို့သော် ဤအခိုက်အတန့်တွင် လူတိုင်း၏ မျက်လုံးများက တိုက်ခိုက်လိုစိတ်များဖြင့် တောက်ပနေဆဲပင်။
အဘယ်ကြောင့်ဆိုသော် စစ်ဘက်ဆိုင်ရာဌာန၏ နည်းပြချုပ်နှင့် အဇူရာနန်းတော်၏ နန်းတော်သခင် ဖြစ်သော ချန်ဖုန်း ရောက်ရှိလာခဲ့သောကြောင့်ပင်။
ချန်ဖုန်း၏ အကူအညီဖြင့် စစ်မြေပြင်ရှိ အခြေအနေကို အနည်းငယ် ပြောင်းပြန်လှန်နိုင်ခဲ့ပြီး အနည်းဆုံးတော့ ၎င်းတို့ကို အောင်ပွဲအတွက် မျှော်လင့်ချက် ပေးစွမ်းနိုင်ခဲ့လေ၏။
ချန်ဖုန်းက ဧကရာဇ်အဆင့် ကျွမ်းကျင်သူ နှစ်ဦးကို ဓားတစ်ချက်တည်းဖြင့် သတ်ဖြတ်နိုင်ခဲ့သည်။ ထိုကဲ့သို့သော ဟန့်တားနိုင်စွမ်းမှာ အတော်လေး အထင်ကြီးစရာ ကောင်းလှပေ၏။
ဟွာရှစစ်သား နှစ်သိန်းနီးပါး၏ သွေးများမှာ စိတ်လှုပ်ရှားမှုကြောင့် ဆူပွက်နေခဲ့ပြီး နောက်ထပ် တိုက်ပွဲကို စောင့်ဆိုင်းနေကြလေသည်။
တစ်ဖက်တွင် အဇူရာနန်းတော်မှာလည်း အကြီးအကဲသုံးဦးနှင့် ပင်မနတ်ဘုရား အများအပြားမှာ အနည်းငယ်သာ ဒဏ်ရာရရှိခဲ့ကြပြီး ပင်မနတ်ဘုရား ရွှမ်ယွီသာလျှင် အပြင်းထန်ဆုံး ဒဏ်ရာများ ရရှိခဲ့လေ၏။ အဇူရာနန်းတော်၏ ပင်မနတ်ဘုရားများထဲတွင် တစ်ဦးတည်းသော အမျိုးသမီးပင်။ သူမ၏ ခန္ဓာကိုယ် ကောက်ကြောင်းနှင့် ရုပ်ရည်သွင်ပြင်မှာလည်း ထိပ်တန်းအဆင့်တွင် ရှိပေသည်။
ယခုအခါ ရွှမ်ယွီသည် စစ်စခန်းအတွင်းရှိ ကုလားထိုင်တစ်လုံးပေါ်တွင် အနားယူရန် ထိုင်နေပြီး ရှောင်ချူနန်က သူမ၏ ဘေးတွင်ရပ်ကာ ရေကမ်းပေးလျက် သူမ၏ ကျန်းမာရေးကို မေးမြန်းနေခဲ့ပေ၏။
၎င်းကို ကြည့်ပြီးနောက် ချန်ဖုန်းမှာ ညည်းတွားခြင်းကို မရပ်တန့်နိုင်ခဲ့ချေ။
ရှောင်ချူနန်က ရွှမ်ယွီကိုများ မျက်စိကျနေတာလား။
အရင်က တစ်ဖက်လူက ရှန်ကွမ်ယွဲ့ကို လိုက်နေတဲ့သူလေ။ သို့သော် မထင်မှတ်ဘဲ တိုက်ပွဲတစ်ခုအပြီးမှာ သူက ရွှမ်ယွီအပေါ် တကယ်ကြီး ခံစားချက်တွေ ဖြစ်ပေါ်လာခဲ့တာပဲ။ ဒါပေမဲ့ ရွှမ်ယွီ၏ ဂရုမစိုက်သော သဘောထားကို ကြည့်ခြင်းအားဖြင့် သူမက ရှောင်ချူနန်ကို သဘောမကျကြောင်း ရှင်းလင်းနေပေ၏။
ချန်ဖုန်းက ဘာမှမပြောခဲ့ချေ။ ဒီနှစ်ယောက်သာ အတူတူ ဖြစ်သွားနိုင်ရင် အရမ်းကောင်းမှာပဲ။ အနည်းဆုံးတော့ ရှောင်ချူနန်က အကြွားသန်တာကလွဲရင် တခြားအချက်တွေမှာ အဆင်ပြေပါတယ်လေ။
ဘေးတွင် ရပ်နေသော ရှန်ကွမ်ယွဲ့က သက်ပြင်းအနည်းငယ် ချကာ ပြောလိုက်၏။
"ဒီတိုက်ပွဲမှာ မိသားစု ဘယ်နှစုလောက် ကွဲကွာပြီး လူဘယ်နှယောက်လောက် ထပ်သေရဦးမလဲဆိုတာ ငါ မသိတော့ဘူး... ဒီတိုက်ပွဲပြီးရင် နောက်ထပ် စစ်ပွဲတွေ မရှိတော့ဘူးလို့ပဲ မျှော်လင့်ပါတယ်..."
"အဲဒါဆိုရင် ငါ စစ်သေနာပတိ ရာထူးကနေ နုတ်ထွက်ပြီး သာမန်လူတစ်ယောက်ရဲ့ ဘဝမျိုးနဲ့ နေထိုင်လို့ရပြီ..."
ချန်ဖုန်းက ရုတ်တရက် ခေါင်းကိုလှည့်ကာ ပြောဆိုလိုက်သည်။
"တိုက်ပွဲပြီးသွားရင်... ငါ့ရဲ့ မွေးစားမိဘတွေနဲ့ တွေ့ဖို့ မင်းကို ပေ့ဟူဆီ ပြန်ခေါ်သွားမယ်..."
ရှန်ကွမ်ယွဲ့ မျက်နှာနီမြန်းသွားခဲ့၏။ သူမက ငြင်းဆန်ခြင်းလည်း မရှိသလို သဘောတူခြင်းလည်း မရှိခဲ့ချေ။ လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း ကြီးငယ်မဟူ တိုက်ပွဲပေါင်း ရာနှင့်ချီ၍ ကြုံတွေ့ခဲ့ရသဖြင့် သူမ အမှန်တကယ်ပင် ပင်ပန်းနွမ်းနယ်လာခဲ့ပြီ ဖြစ်ပေသည်။
တစ်ချိန်တည်းမှာပင် ချန်ဖုန်း ကြီးပြင်းလာခဲ့ရသော ပတ်ဝန်းကျင်နှင့် ပတ်သက်၍လည်း စူးစမ်းချင်စိတ် ဖြစ်ပေါ်လာခဲ့၏။ ဘယ်လို မွေးစားမိဘမျိုးကများ ချန်ဖုန်းကို ဒီလောက် ထူးချွန်လာအောင် ပြုစုပျိုးထောင်ပေးနိုင်ခဲ့တာလဲ။
ချန်ဖုန်းက ရုတ်တရက် သူမကို သူ၏ ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်ပြီး အပြင်သို့ လျှောက်သွားရင်း ပြောလိုက်သည်။
"မင်းတို့ဆီမှာ ကိုယ်ပျောက်တိုက်လေယာဉ်တွေ ရှိတယ် မဟုတ်လား... ငါ့ကို လိုက်ပြပါလား..."
"အာ..."
ရှန်ကွမ်ယွဲ့၏ အာရုံစိုက်မှုက သူ၏ စကားများဆီသို့ ဆွဲဆောင်ခံလိုက်ရ၏။
သူမ၏ သွယ်လျသော ခါးလေးကို တစ်ဖက်လူက ဖက်ထားပြီးဖြစ်ကြောင်းကို သူမ လုံးဝ သတိမထားမိခဲ့ချေ။ သူမ ဘာဖြစ်နေသလဲဆိုတာကို သဘောပေါက်သွားချိန်တွင် နောက်ကျသွားခဲ့လေပြီ။
သူမက မျက်လုံးလှန်ကြည့်လိုက်ပြီး ပြောဆိုလိုက်သည်။
"အနောက်ဘက်က ကွင်းပြင်ထဲမှာလေ..."
သူတို့နှစ်ဦးသည် စစ်စခန်း၏ အနောက်ဘက်သို့ ရောက်ရှိသွားကြရာ ထိုနေရာတွင် ကိုယ်ပျောက်တိုက်လေယာဉ် အစင်းငါးဆယ်နီးပါး ရှိနေပေ၏။
[ဒင်… ပိုင်ရှင်တွင် တိုက်လေယာဉ် မောင်းနှင်မှု အတွေ့အကြုံ မရှိသည်ကို တွေ့ရှိရပါသည်။ အပိုင်ရှင်အတွက် မာစတာအဆင့် တိုက်လေယာဉ်မောင်းနှင်မှုစွမ်းရည်ကို အလိုအလျောက် ရယူပေးလိုက်ပါသည်။ စနစ်ပွိုင့် နုတ်ယူမှု - ၁၀၀၀]
[ဒင်…ပိုင်ရှင်၏ လက်ရှိ ကျန်ရှိသော စနစ်ပွိုင့်များ - ၄၁၈၀၀]
[ဒင်…တိုက်လေယာဉ် မောင်းနှင်မှုစွမ်းရည်များကို ပိုင်ရှင်၏ စနစ်ကျောပိုးအိတ်ထဲတွင် ကြည့်ရှုနိုင်ပြီး အချိန်မရွေး အသုံးပြုနိုင်ပါသည်။]
“ချီးပဲ…” ချန်ဖုန်း အနည်းငယ် ဇဝေဇဝါ ဖြစ်သွားခဲ့၏။ သူက တိုက်လေယာဉ်ကို တစ်ချက် ကြည့်လိုက်ရုံပဲ ရှိသေးတယ်။ ပြီးတော့ စနစ်က သူ့အတွက် အဲဒါကို ရွေးဝယ်ပေးလိုက်တာလား။
ကောင်းပြီလေ ချန်ဖုန်း အစကတည်းက ဤစွမ်းရည်ကို လဲလှယ်ယူရန် ရည်ရွယ်ထားခဲ့ခြင်း ဖြစ်သည်။
ချန်ဖုန်းက သူ၏ `စနစ်´ကျောပိုးအိတ်ကို ဖွင့်လိုက်ပြီးနောက် တိုက်လေယာဉ် မောင်းနှင်ရန် စွမ်းရည်များကို ချက်ချင်း ကျွမ်းကျင်သွားတော့၏။ အခုလိုကျ စနစ်က အတော်လေး အသုံးပြုရ အဆင်ပြေလှပေသည်။
သူသည် J-31 တိုက်လေယာဉ် အသစ်အပါအဝင် တိုက်လေယာဉ် အမျိုးအစားတိုင်းနီးပါးကို မောင်းနှင်ဖူးသည့် အတွေ့အကြုံ ရှိနေပြီး ချန်ဖုန်းက ၎င်းတို့ကို ပြီးပြည့်စုံစွာ မောင်းနှင်နိုင်ပေ၏။
ချန်ဖုန်းက ရှန်ကွမ်ယွဲ့ကို နောက်တစ်ကြိမ် ကြည့်လိုက်ပြီး ပြောဆိုလိုက်သည်။
"နိုင်ငံဆယ်ခု မဟာမိတ်တပ်က စစ်မြေပြင်ကို အားကောင်းတဲ့ စစ်သည်တွေ ဆက်ပြီး စေလွှတ်နေတုန်း ဖြစ်ရမယ်..."
"ငါ့ရဲ့ ခန့်မှန်းချက်အရ... သူတို့က နောက်ထပ် တစ်နာရီလောက် အကြာမှာ ဒုတိယမြောက် တိုက်ခိုက်မှုကို စတင်လိမ့်မယ်..."
“နင်ကို ဘာပြောချင်နေတာလဲ…”
ရှန်ကွမ်ယွဲ့သည် သူ တစ်ခုခု ပြောချင်နေကြောင်း သိရှိပေ၏။
စစ်ဘက်ဆိုင်ရာဌာန၏ ညွှန်ကြားရေးမှူး ချင်ထိုက်က ကူညီထောက်ပံ့ပေးရန် အားကောင်းသော ပုဂ္ဂိုလ်နှစ်ဦးကို စေလွှတ်လိုက်ပြီဖြစ်ကြောင်း ယခုလေးတင် ဖုန်းဆက်ပြောထားသော်လည်း ထိုနှစ်ဦးမှာ ဧကရာဇ်အဆင့် ကျွမ်းကျင်သူများ ဖြစ်နေလျှင်ပင် ဟွာရှနိုင်ငံနှင့် နိုင်ငံဆယ်ခု မဟာမိတ်တပ်ကြားတွင် စွမ်းအား ကွာဟမှု ရှိနေဆဲပင် ဖြစ်လေသည်။
ဒါ့အပြင် ထိုနှစ်ဦးမှာ လမ်းတွင်သာ ရှိနေသေးပြီး နယ်စပ်သို့ ရောက်ရှိရန် အနည်းဆုံး နောက်ထပ် နာရီဝက်ခန့် ကြာမြင့်ဦးမည် ဖြစ်ပေ၏။
ချန်ဖုန်းက အရှေ့ရှိ တိုက်လေယာဉ်များကို လက်ညှိုးထိုးပြကာ ရယ်မောကာ ပြောလိုက်သည်။
"ရန်သူက ဘာလို့ အမြဲတမ်း အစပြုလှုပ်ရှားနေရမှာလဲ... ဒီတစ်ကြိမ် ငါတို့က တိုက်ခိုက်ဖို့ အစပြုလှုပ်ရှားနိုင်တယ်လေ..."
"ဒီတိုက်လေယာဉ်တွေကို သုံးပြီး သူတို့ရဲ့ ခဲယမ်းမီးကျောက် သိုလှောင်ရုံတွေကို အရင် သွားဗုံးကြဲကြစို့..."
ရှန်ကွမ်ယွဲ့က ခေါင်းခါကာ ပြောလိုက်၏။
"ဒီအစီအစဉ်ကို ငါတို့လည်း စဉ်းစားခဲ့ဖူးပါတယ်... ဒါပေမဲ့ အတော်လေး ခက်ခဲတယ်...ငါတို့က ယာဉ်မောင်းရဲ့ မောင်းနှင်မှုစွမ်းရည်ကိုပဲ ထည့်သွင်းစဉ်းစားရမှာ မဟုတ်ဘူးလေ..."
“တကယ်လို့ နိုင်ငံဆယ်ခု မဟာမိတ်တပ်ကသာ ဒီကိစ္စကို သိသွားရင် ဘာဖြစ်မလဲဆိုတာကိုလည်း ထည့်သွင်းစဉ်းစားရမယ်… ငါတို့ ပြန်ရင်ဆိုင်ရနိုင်တာက သူတို့ရဲ့ ဗုံးကြဲတိုက်ခိုက်မှုပဲ…”
"သူတို့ရဲ့ ခဲယမ်းမီးကျောက် သိုလှောင်ရုံကို မဖျက်ဆီးရသေးခင်မှာတင် ငါတို့ သေသွားနိုင်တယ်...တကယ်လို့ အောင်မြင်သွားမယ်ဆိုရင်တော့ အရမ်းကောင်းမှာပါ…”
“အကြီးစားလက်နက်တွေ မရှိရင် အကျွမ်းကျင်ဆုံး စစ်သည်တွေတောင်မှ နိုင်ငံဆယ်ခု မဟာမိတ်တပ်ရဲ့ တိုက်လေယာဉ် ဒါဇင်ပေါင်းများစွာဆီကနေ အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်မှုကို ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး… ဒါကြောင့် ဒါကို အောင်မြင်ဖို့ဆိုတာက ခက်ခဲပါတယ်…”
ချန်ဖုန်းက မိမိကိုယ်ကိုယ် လက်ညှိုးထိုးပြလိုက်၏။
"ငါက အရမ်းတော်တဲ့ ယာဉ်မောင်းတစ်ယောက်လေ... ငါ စမ်းကြည့်လို့ ရတယ်..."
"နင်လား..."
ရှန်ကွမ်ယွဲ့က သူ့ကို လုံးဝ မယုံကြည်ခဲ့ချေ။ သူမက သူ့ကို စူးရဲစွာ စိုက်ကြည့်လျက် ပြောဆိုလိုက်သည်။
"ချန်ဖုန်း... ဒါက စစ်မြေပြင်နော်... ဒီတိုက်ပွဲက လူသိန်းနဲ့ချီတဲ့ အသက်တွေနဲ့ သက်ဆိုင်တယ်...နင် တစ်ခြားဟာ နောက်ပြောင်နေတာ
ဆိုရင်တော့ ပြဿနာမရှိပါဘူး ဒါပေမဲ့ ဒီကိစ္စကိုတော့ နင် နောက်ပြောင်လို့ မရဘူး…”
ရှန်ကွမ်ယွဲ့က စကားပြောနေစဉ်မှာပင် သူမက ချန်ဖုန်း၏ ရင်ခွင်ထဲမှ ရုန်းထွက်လိုက်လေ၏။
"မင်းက ငါ့ကို နည်းနည်းလေးတောင် မယုံကြည်ဘူးလား..."
ချန်ဖုန်းမှာ စကားပြောစရာမဲ့ ဖြစ်သွားခဲ့သည်။
ချန်ဖုန်းသည် တိုက်လေယာဉ်တစ်စင်းဆီသို့ တိုက်ရိုက် လျှောက်သွားပြီး လေယာဉ်မှူးကို အပြင်သို့ ဆွဲထုတ်လိုက်၏။ ထို့နောက် သူက ရှန်ကွမ်ယွဲ့အား ဖျော့တော့စွာ ပြုံးပြလိုက်သည်။
"တခြားကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ငါ နောက်ပြောင်ကောင်း နောက်ပြောင်လိမ့်မယ်... ဒါပေမဲ့ မင်းနဲ့ ပတ်သက်ပြီးတော့ ဘယ်တော့မှ မနောက်ဘူး..."
ပြောပြောဆိုဆိုနှင့်ပင် တိုက်လေယာဉ်က ရှည်လျားသော လေယာဉ်ပြေးလမ်းတစ်လျှောက် ပြေးဆင်းသွားပြီး ကောင်းကင်ယံသို့ လျင်မြန်စွာ ပျံတက်သွားတော့၏။
"ဒါ..."
ရှန်ကွမ်ယွဲ့၏ ပါးစပ် အဟောင်းသား ဖြစ်သွားခဲ့သည်။
ချန်ဖုန်းက တိုက်လေယာဉ်များကို မောင်းနှင်တတ်ရုံသာမကဘဲ အလွန် ကျွမ်းကျင်သော ပျံသန်းမှု အတွေ့အကြုံများ ရှိကြောင်းကို ယခုမှသာ သူမ ယုံကြည်သွားတော့၏။
အချို့သော လှုပ်ရှားမှုများမှာ သာမန် လေယာဉ်မှူးများ၏ စွမ်းဆောင်ရည်ထက် ကျော်လွန်နေပေသည်။ သို့သော် ချန်ဖုန်း၏ ထိန်းချုပ်မှုအောက်တွင် ၎င်းကို ပြီးပြည့်စုံစွာ လုပ်ဆောင်နိုင်ခဲ့လေ၏။
ပတ်ဝန်းကျင်ရှိ လေယာဉ်မှူးများသည် ကောင်းကင်ယံတွင် သူ၏ စွမ်းရည်များကို ပြသနေသော ချန်ဖုန်းအား ကြည့်ရင်း ၎င်းတို့၏ မေးရိုးများပင် မြေကြီးနှင့် ထိလုမတတ် ဖြစ်သွားကြပေသည်။
အခြေခံ ဦးတည်ချက် ပြောင်းလဲခြင်းတွေကိုတော့ မပြောတော့ပါဘူး။ ရုတ်တရက် ကွေ့ခြင်း၊ ဝက်အူရစ်ပုံ ပျံသန်းခြင်းနဲ့ လှိမ့်ခြင်း၊ ကျွမ်းထိုးခြင်း၊ မြွေဟောက် ပျံသန်းမှုစနစ်၊ စသဖြင့် စွမ်းရည်ပြ လှုပ်ရှားမှု ရှစ်မျိုးကို ပြီးပြည့်စုံစွာ လုပ်ဆောင်နိုင်ခဲ့ပြီး လျင်မြန်မှုကလည်း အလွန် ထူးခြားလှပေ၏။
ချန်ဖုန်း တိုက်လေယာဉ်ပေါ်မှ ဆင်းလာချိန်တွင် လေယာဉ်မှူးများမှာ သူ့ထံမှ သင်ယူရန် စိတ်အားထက်သန်နေကြလေသည်။ ၎င်းတို့က သူ့ကို ဝိုင်းရံထားပြီး သူ၏ အကြံဉာဏ်များကို အဆက်မပြတ် တောင်းခံနေကြ၏။
ရှန်ကွမ်ယွဲ့က ချန်ဖုန်းကို တိတ်တဆိတ် လှမ်းကြည့်လိုက်သည်။ ဟွာရှနိုင်ငံက အစပြုပြီး တိုက်ခိုက်ဖို့ တကယ်ပဲ ဖြစ်နိုင်လောက်သည်။
သူမသည် ချန်ဖုန်း၏ အကြံပြုချက်ကို စိတ်ထဲစွဲမှတ်ထားခဲ့သော်လည်း သူ့ကို အန္တရာယ်ပြုစေရန်အတွက်မူ အနည်းငယ် တွန့်ဆုတ်နေခဲ့ပေ၏။
"နင်... နင်တို့ အရင် စကားပြောကြပါဦး... ငါ ဒဏ်ရာရတဲ့သူတွေကို သွားစစ်ဆေးလိုက်ဦးမယ်..."
ရှန်ကွမ်ယွဲ့က ခေါင်းခါလိုက်၏။
အကယ်၍ တကယ်ပဲ အခြားနည်းလမ်း မရှိတော့ဘူးဆိုပါက သူမအနေဖြင့် တစ်ဖက်လူ၏ အကြံပြုချက်ကို စဉ်းစားရပေလိမ့်မည်။ စစ်မြေပြင်ဆိုတာ အမြဲတမ်း ပြောင်းလဲနေတာလေ။ ဒါကြောင့် အခွင့်အရေးကို ဆုပ်ကိုင်ထားရမယ်။