← Chapters

အခန်း ၃၀၉

Vol. 31 Ch. 309

အခန်း ၃၀၉

Vol. 31 Ch. 309

အခန်း (၃၀၉) တပ်မှူး... ခင်ဗျား ကိုယ်ဝန်ရှိနေပြီ

စစ်စခန်းထဲတွင် ဆရာဝန် အတော်များများ ရှိနေပေသည်။ လူအများအပြားက ဒဏ်ရာရ စစ်သားများ၏ ဒဏ်ရာများကို ပတ်တီးစည်းပေးနေကြ၏။ ၎င်းတို့ထဲမှ အချို့မှာ အမြောက်ဆံများကြောင့် ဒဏ်ရာရခဲ့ကြပြီး အချို့မှာ ကျည်ဆန်များကြောင့် ဖြစ်ကာ အချို့မှာမူ ခန္ဓာကိုယ်ထဲတွင် ကျည်ဆန်များ ကျန်ရှိနေသေးသဖြင့် ဖယ်ရှားရန် လိုအပ်နေဆဲ ဖြစ်လေသည်။

ဒဏ်ရာများကို ပတ်တီးစည်းပြီးနောက် ၎င်းတို့က ၎င်းတို့၏ လက်နက်များကို စတင်စစ်ဆေးကြ၏။ လာမည့် တိုက်ပွဲအတွက် ပြင်ဆင်နေကြခြင်းပင်။

လေထုမှာ အလွန် တင်းမာနေခဲ့သည်။

ရှောင်လန်က ဆရာဝန်တစ်ဦးကို ဆွဲခေါ်လာပြီး ရှန်ကွမ်ယွဲ့ကို ကြည့်ကာ ပြောလိုက်သည်။

"ဒေါက်တာဝမ်... ကျေးဇူးပြုပြီး စစ်သေနာပတိကို စစ်ဆေးပေးပါဦး... ဒီရက်ပိုင်း သူမ အနေအထိုင် နည်းနည်း ထူးဆန်းနေလို့..."

သူမ အစက ချန်ဖုန်းကို ရှန်ကွမ်ယွဲ့အား ကြည့်ရှုပေးစေချင်ခဲ့သော်လည်း အချိန်အတော်ကြာ ရှာဖွေပြီးနောက် သူ့ကို မတွေ့ခဲ့ရချေ။ ချန်ဖုန်း ဘယ်ရောက်သွားလဲဆိုတာကိုလည်း သူမ မသိလိုက်ချေ။

ရှန်ကွမ်ယွဲ့က မျက်မှောင်ကြုတ်လျက် ပြောဆိုလိုက်၏။

"မလိုပါဘူး... ကျွန်မ အဆင်ပြေပါတယ်... စစ်သားတွေရဲ့ ဒဏ်ရာတွေကို အရင် ပတ်တီးစည်းပေးလိုက်ပါ..."

"အစ်မယွဲ့... အစ်မရဲ့ ကျန်းမာရေးက အရေးကြီးဆုံးပဲလေ... အရင်တစ်ခေါက်ကို ကြည့်ပါလား... စစ်မြေပြင်မှာ အစ်မရဲ့ ရောဂါဖောက်လာပြီး အစ်မ သေလုမတတ် ဖြစ်ခဲ့ရတာလေ..."

"စစ်သေနာပတိ... မစ္စရှောင်လန် ပြောတာ မှန်ပါတယ်... ခင်ဗျားရဲ့ ကျန်းမာရေးက အရေးကြီးဆုံးပါ..."

ဒေါက်တာဝမ်၏ မျက်နှာအမူအရာမှာလည်း တည်ကြည်လေးနက်သွားခဲ့သည်။

“တကယ်လို့ ခင်ဗျား တစ်ခုခု ဖြစ်သွားရင် စစ်ဘက်ဆိုင်ရာဌာနက ဘယ်လိုလုပ်မလဲ ခင်ဗျားကို အရင်ဆုံး အပြည့်အဝ ဆေးစစ်ပေးပါရစေ… ဒီမှာက ကိရိယာတွေ အကုန်လုံးရှိလို့ အရမ်း အဆင်ပြေပါတယ်… ဆယ်မိနစ်လောက်ပဲ ကြာမှာပါ ဒါကြောင့် ကျန်တဲ့တိုက်ပွဲအတွက် အနှောင့်အယှက် ဖြစ်မှာ မဟုတ်ပါဘူး…”

"ကောင်းပြီလေ..."

ရှန်ကွမ်ယွဲ့မှာ တကယ်ကို ငြင်းဆန်နိုင်ခြင်း မရှိခဲ့ချေ။ သူမ၏ ခန္ဓာကိုယ်တွင် ကြီးကြီးမားမား မှားယွင်းမှု မရှိကြောင်းကို သူမ အမှန်တကယ်ပင် ကောင်းစွာ သိရှိထားလေ၏။

‘ပြဿနာအသေးအမွှားလေးပဲ ဖြစ်လောက်ပါတယ်လေ’ ဟု သူမတွေးလိုက်၏။

ထို့နောက် ရှန်ကွမ်ယွဲ့က ပြောလိုက်သည်။

“မကြာသေးခင်က ကျွန်မ သိပ်မစားဖြစ်ဘူး တစ်ခါတလေ ပျို့အန်ချင်သလိုတောင် ဖြစ်သေးတယ်…”

"စစ်သေနာပတိ... ဒီဘက်ကို ကြွပါ..."

ဒေါက်တာဝမ်က သူမကို ဆေးစစ်မည့် နေရာသို့ ခေါ်ဆောင်သွားလေသည်။ အဓိက ရည်ရွယ်ချက်မှာ ယခင် ဆေးမှတ်တမ်းကို ပြန်လည်သုံးသပ်ရန်နှင့် အခြေခံ ဆေးစစ်မှုအချို့ကို ပြုလုပ်ရန် ဖြစ်ပေ၏။

ဆယ်မိနစ်အကြာတွင်။ ဒေါက်တာဝမ်က ဆေးစစ်ချက်ရလဒ်များကို ကြည့်ရှုလိုက်သည်။

စစ်သေနာပတိ၏ နာတာရှည်ရောဂါမှာ ပြီးခဲ့သည့် ကုသမှုတွင် အမှန်တကယ်ပင် လုံးဝ ပျောက်ကင်းသွားခဲ့ပြီ ဖြစ်လေ၏။ ရောဂါပြန်လည် ဖြစ်ပွားရန် မဖြစ်နိုင်တော့ချေ။

သို့သော် ထိုအကြောင်းကို တွေးမိရင်း သူက ရှန်ကွမ်ယွဲ့ကို နောက်တစ်ကြိမ် လှမ်းကြည့်လိုက်ပြီး တိုးတိုးလေး ပြောလိုက်၏။

"စစ်သေနာပတိ... ခင်ဗျားရဲ့ သွေးခုန်နှုန်းကို နောက်တစ်ကြိမ် စမ်းသပ်ကြည့်လို့ ရမလား..."

"ဘာဖြစ်လို့လဲ..."

ရှန်ကွမ်ယွဲ့ အံ့အားသင့်သွားခဲ့သည်။

ဒေါက်တာဝမ်က အလျင်အမြန် ပြောဆိုလိုက်၏။

"အချိန်ကျပ်နေတဲ့အတွက်... ဒီတစ်ခါ ဆေးစစ်တာက အရမ်း ရိုးရှင်းလွန်းပြီး သွေးနမူနာလည်း မယူထားရလို့ပါ...

ရောဂါအချို့ကို သွေးခုန်နှုန်း စမ်းသပ်ခြင်းနဲ့လည်း သိရှိနိုင်ပါတယ်…”

"ကောင်းပြီလေ..."

ရှန်ကွမ်ယွဲ့က ဘာမှမပြောတော့ချေ။

ချန်ဖုန်းလည်း သွေးခုန်နှုန်း စမ်းသပ်နိုင်ကြောင်း သူမ တွေးတောမိလိုက်ပြီး ဒေါက်တာဝမ် မည်မျှ စိတ်အားထက်သန်နေသည်ကို ကြည့်ကာ သူမ အနေဖြင့် ကောင်းစွာ မငြင်းပယ်နိုင်ခဲ့ပေ။

ထိုသို့ဖြင့်…

တစ်မိနစ်။ နှစ်မိနစ်။ သုံးမိနစ်။ ဆယ်မိနစ် ကုန်လွန်သွားခဲ့သည်။

ရှောင်လန်က မနေနိုင်ဘဲ ရယ်မောလိုက်၏။

ဒေါက်တာဝမ်၏ မျက်နှာမှာ တစ်ခဏအတွင်း ဖြူဖျော့သွားလိုက်၊ နောက်တစ်ခဏတွင် ခရမ်းရောင် သန်းသွားလိုက် ဖြစ်နေလေသည်။ သူက တစ်ခုခုကို ပြောချင်နေပုံရသော်လည်း တွန့်ဆုတ်နေခဲ့၏။

"ဒေါက်တာဝမ်... အစ်မယွဲ့ ဘာဖြစ်လို့လဲ..."

ရှောင်လန်လည်း အနည်းငယ် သိချင်သွားခဲ့သည်။

တစ်ဖက်လူ၏ အမူအရာကို ကြည့်ခြင်းအားဖြင့် တစ်ခုခု ဆိုးဆိုးရွားရွား ဖြစ်ပျက်နေသကဲ့သို့ ပုံရပေ၏။

ဒေါက်တာဝမ်က ပါးစပ်ဟလိုက်သည်။ သို့သော် သူ ချက်ချင်းပင် ပါးစပ်ပြန်ပိတ်သွားပြီး သူနာပြုများကို အရင် ထွက်သွားစေရန် ဘေးဘက်သို့ လျှောက်သွားလေ၏။ အရာအားလုံးက အရမ်းကို လျှို့ဝှက်ဆန်းကြယ်လွန်းနေသလိုပင်။

"အို... ဒုက္ခပါပဲ... အစ်မယွဲ့က တခြား ပြင်းထန်တဲ့ ရောဂါတစ်ခုခုများ ထပ်ဖြစ်နေတာလား... ဒေါက်တာဝမ်... ကျေးဇူးပြုပြီး ကျွန်မတို့ကို မြန်မြန်ပြောပြပါ... မဟုတ်ရင် လိုအပ်ရင် ချန်ဖုန်းကို ကျွန်မ ခေါ်လိုက်မယ်..."

“ချန်ဖုန်းရဲ့ ဆေးပညာ စွမ်းရည်တွေက အရမ်းကောင်းတယ် ဘယ်ရောဂါကိုမဆို သူ ကုသပေးနိုင်တယ်…” ရှောင်လန်မှာ အလွန် စိုးရိမ်ပူပန်နေသဖြင့် အထက်အောက် ခုန်ပေါက်နေခဲ့လေ၏။

ရှန်ကွမ်ယွဲ့လည်း ပြင်းထန်စွာ မျက်မှောင်ကြုတ်သွားခဲ့သည်။

ထိုအချိန်၌ ဒေါက်တာဝမ်က တိုးတိုးလေး ပြောလိုက်၏။

"စစ်သေနာပတိ... မကြာသေးခင်က ခင်ဗျား မကြာခဏ ပျို့အန်ချင်သလို ခံစားနေရတာလား..."

"အဲဒီလိုပဲ ထင်တယ်..."

"နေ့တိုင်း အိပ်ချင်နေသလို ခံစားရလား... မဟုတ်ဘူး... ကျွန်တော် ဆိုလိုတာက ခင်ဗျား အလွယ်တကူ အိပ်ငိုက်တတ်လား..."

"အင်း..."

“ခင်ဗျား အချဉ်တွေရော ကြိုက်လား…”

ရှန်ကွမ်ယွဲ့က မေးခွန်းကို မဖြေဆိုနိုင်မီမှာပင် ရှောင်လန်က အာမေဍိတ်သံဖြင့် ပြောဆိုလိုက်သည်။

"ဟုတ်တယ်... ဟုတ်တယ်... အစ်မယွဲ့က ဒီရက်ပိုင်း ဟော့သွန်းသီးအပြားတွေနဲ့ ဆီးသီးချဉ်တွေကို စားရတာ အရမ်း သဘောကျနေတာ...သူ လာတုန်းက ကျွန်မ သူ့အတွက် အများကြီး ဝယ်ပေးလိုက်သေးတယ်…”

‘ပြီးပြီပဲဟ…’ ဒေါက်တာဝမ်၏ နှလုံးသား တစ်ချက်ခုန်သွားခဲ့၏။ စစ်သေနာပတိက ကိုယ်ဝန်ရှိနေပြီပဲ။ သူက ရှန်ကွမ်ယွဲ့ကို ခိုးကြောင်ခိုးဝှက် လှမ်းကြည့်လိုက်ပြီး ယခု သူက လျှို့ဝှက်ချက်ကို သိရှိသွားပြီဖြစ်ရာ စစ်သေနာပတိက သူ့ကို နှုတ်ပိတ်ရန်အတွက် သတ်ဖြတ်ပစ်လေမလားဟု တွေးတောနေခဲ့ပေ၏။ စစ်တပ်ခေါင်းဆောင်တစ်ယောက်က လက်မထပ်ဘဲ ကိုယ်ဝန်ရသွားတယ်တဲ့။ ဒါက အရမ်း ကြီးမားတဲ့ ကိစ္စကြီးပဲ။

"ဒေါက်တာဝမ်... ပြောစရာရှိတာကိုသာ ပြောပါ..."

ရှန်ကွမ်ယွဲ့၏ မျက်နှာအမူအရာမှာလည်း အနည်းငယ် ထူးဆန်းသွားခဲ့သည်။ သူမ၏ အလေ့အထများနှင့် ပတ်သက်၍ တစ်ခုခု မှားယွင်းနေသည်ဟု သူမ အမြဲ ခံစားနေရသော်လည်း ယင်းမှာ အဘယ်အရာဖြစ်ကြောင်းကို သူမ အတိအကျ မပြောနိုင်ခဲ့ချေ။

"စစ်သေနာပတိ..."

ဒေါက်တာဝမ်က သူမကို သတိထား၍ လှမ်းကြည့်လိုက်ပြီး တိုးတိုးလေး ပြောလိုက်၏။

"ခင်ဗျား... ခင်ဗျား ကိုယ်ဝန်ရှိနေပြီ..."

“ဝုန်း…” ဤစကားများက သူမအား မိုးကြိုးပစ်ချလိုက်သည့်အလား ရိုက်ခတ်သွားခဲ့တော့သည်။

ရှန်ကွမ်ယွဲ့မှာ အလွန်အမင်း တုန်လှုပ်သွားသဖြင့် အချိန်အတော်ကြာ ဆွံ့အသွားခဲ့လေ၏။

‘ငါ ကိုယ်ဝန်ရှိနေတယ်… ငါ ကိုယ်ဝန်ရှိနေတယ်လား… ပထမဆုံးအကြိမ်မှာတင် ကိုယ်ဝန်ရသွားတာလား…

ချန်ဖုန်း... နင် လူယုတ်မာ…’

"အို ဘုရားရေ... အစ်မယွဲ့..."

ရှောင်လန်မှာ မယုံကြည်နိုင်မှုများ ပြည့်နှက်နေသော မျက်နှာဖြင့် ခုန်ပေါက်သွားခဲ့သည်။ ‘တစ်ခုခု မှားနေပြီဆိုတာ ငါသိသားပဲ…’ဟု သူမတွေးလိုက်၏။

"အစ်မယွဲ့... မြန်မြန် ပြောပြပါဦး... အဲဒါ ချန်ဖုန်း ကိုယ်ဝန်လား... အရင်တစ်ခေါက်ကလား..."

"ရှောင်လန်... ပါးစပ်ပိတ်ထားစမ်း..."

ရှန်ကွမ်ယွဲ့က သူမကို စူးရဲစွာ စိုက်ကြည့်လိုက်၏။ ထို့နောက် သူမက ဒေါက်တာဝမ်ကို နောက်တစ်ကြိမ် ကြည့်လိုက်ပြီး ပြောဆိုလိုက်သည်။

"ဒေါက်တာဝမ်... ဒီကိစ္စနဲ့ ပတ်သက်ပြီး နှုတ်လုံမယ်လို့ ကျွန်မ မျှော်လင့်ပါတယ်..."

"ကျွန်တော် နားလည်ပါတယ်... ကျွန်တော် နားလည်ပါတယ်..."

ဒေါက်တာဝမ်က အသင့်ပြင်ထားသကဲ့သို့ ပူးပေါင်းပြောဆိုလိုက်၏။

"စိတ်မပူပါနဲ့ စစ်သေနာပတိ... ခုနက ဘာမှ မဖြစ်ခဲ့ပါဘူး... ကျွန်တော် ဘာမှမသိပါဘူး... အင်း... တခြားဘာမှ မရှိတော့ဘူးဆိုရင်... ဒဏ်ရာရတဲ့သူတွေကို ကျွန်တော် သွားစစ်ဆေးလိုက်ပါဦးမယ်..."

ထိုသို့ပြောပြီးနောက် သူက အပြင်သို့ အလျင်အမြန် ပြေးထွက်သွားလေသည်။ သို့သော် သူ ခြေလှမ်းအနည်းငယ်မျှသာ ပြေးရသေးချိန်တွင် နောက်သို့ ပြန်လှည့်လာခဲ့ပြန်၏။

"စစ်သေနာပတိ... အချဉ်စားရင် ယောက်ျားလေး၊ အစပ်စားရင် မိန်းကလေး ဆိုတဲ့ စကားပုံတစ်ခု ရှိတယ်... ဒါကြောင့် ခင်ဗျား ယောက်ျားလေး မွေးရလိမ့်မယ်..."

တစ်ဖက်လူ၏ မျက်လုံးများထဲရှိ အကြည့်ကို မြင်လိုက်ရချိန်တွင် ဒေါက်တာဝမ် ချက်ချင်း ပါးစပ်ပိတ်သွားတော့သည်။ သို့သော်လည်း သူက သတ္တိကို ထပ်မံစုစည်းလိုက်ပြီး ပြောဆိုလိုက်၏။

"ပထမ သုံးလအတွင်းမှာ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ လုပ်ဖို့ အကြံမပြုပါဘူး... အဲဒါက သန္ဓေသားကို အလွယ်တကူ ထိခိုက်စေနိုင်လို့ပါ... ဒါပေမဲ့ အခုချိန်ထိတော့ ခင်ဗျား အဆင်ပြေနေပုံရပါတယ်...အင်း ဖြစ်နိုင်ရင်တော့ စစ်မြေပြင်ကို

မသွားတာ အကောင်းဆုံးပါပဲ…”

ဤသို့ပြောပြီးနောက် သူ၏ အသက်လွတ်ရန်အတွက် ပြေးလေတော့၏။

"အစ်မယွဲ့..."

ရှောင်လန်က ရှန်ကွမ်ယွဲ့၏ လက်မောင်းကို ကိုင်ထားလိုက်သည်။ အစ်မယွဲ့နှင့် ချန်ဖုန်းတို့ တစ်ယောက်ကိုတစ်ယောက် သဘောကျနေကြောင်းကို သူမ သိရှိထားသဖြင့် မူလက သူမ၏ အစ်မယွဲ့ ကိုယ်ဝန်ရှိလာခြင်းက ပျော်ရွှင်စရာကိစ္စတစ်ခု ဖြစ်သင့်ပေသည်။ အဓိကပြဿနာမှာ အရေးပေါ် နယ်စပ်ပဋိပက္ခ ဖြစ်နေခြင်းပင်။ ဤအချိန်၌ ကိုယ်ဝန်ရှိနေကြောင်း သိရှိရခြင်းက သေချာပေါက် စိုးရိမ်စရာကောင်းလှပေ၏။

"အစ်မယွဲ့... ဘာပဲဖြစ်ဖြစ် ဒီတစ်ခါ အစ်မ ရှေ့တန်းကို ထပ်သွားလို့ လုံးဝမဖြစ်ဘူးနော်... ကလေး တစ်ခုခု ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ... ကျွန်မ အခုချက်ချင်း ချန်ဖုန်းဆီ ဖုန်းဆက်လိုက်မယ်..."

"ရှောင်လန်..."

ရှန်ကွမ်ယွဲ့က သူမကို အလျင်အမြန် ပြန်ဆွဲထားလိုက်သည်။

"သူ့ကို အခု မပြောနဲ့ဦး..."

“ဘာလို့လဲ…”

"သူ့ကို အာရုံမနောက်စေနဲ့... တကယ်လို့ ငါ ကိုယ်ဝန်ရှိနေတာကို သူ သိသွားရင်... သူက စစ်မြေပြင်ကို စွန့်လွှတ်ပြီး ငါ့ကို ကျိုတိုဆီ ပြန်ခေါ်သွားလိမ့်မယ်..."

ရှန်ကွမ်ယွဲ့က နှုတ်ခမ်းဆူလိုက်၏။ သူမနှင့် ချန်ဖုန်းတို့ သိကျွမ်းခဲ့သည်မှာ လအနည်းငယ်သာ ရှိသေးသော်လည်း သူမက ချန်ဖုန်းကို အလွန် ကောင်းစွာ သိရှိထားပေသည်။

ဒီအကြောင်းကို ပြောရမယ်ဆိုရင် သူမ၏ နှုတ်ခမ်းများပေါ်တွင် အပြုံးတစ်ခု တဖျပ်ဖျပ် လင်းလက်သွားခဲ့၏။

"ဒါ့အပြင်... သူက ဆေးပညာကို သိနေပါရက်နဲ့ ဒီရက်ပိုင်းအတွင်း ငါ ကိုယ်ဝန်ရှိနေတာကို သူ သတိမထားမိတာက... သူ ငါ့ကို လုံလုံလောက်လောက် ဂရုမစိုက်ဘူးဆိုတာ ပြနေတာပဲ..."

“ဟွန့်… သူ့ကို ငါ မပြောဘူး တစ်နေ့ကျရင် သူ့အတွက် ကလေးတစ်ယောက် ရုတ်တရက် မွေးပေးလိုက်ရင် သူ့ရဲ့ တုံ့ပြန်မှုက ဘယ်လိုနေမယ်လို့ ထင်လဲ…”

"အာ..."

ရှောင်လန်က မျက်တောင်ခတ်လိုက်၏။

"တကယ်ကြီး သူ့ကို မပြောဘူးလား..."

"မပြောဘူး..."

ရှန်ကွမ်ယွဲ့က လုံးဝ ပြောင်းလဲမှုမရှိသေးသော သူမ၏ ဝမ်းဗိုက်အောက်ပိုင်းကို ထိတွေ့လိုက်သည်။

ထို့နောက် သူမက တိုးတိုးလေး ပြောလိုက်၏။

"စိတ်မပူပါနဲ့... ဒီကာလအတွင်းမှာ ငါ့ကိုယ်ငါ သေချာ ဂရုစိုက်ပါ့မယ်... သွားကြစို့... အားလုံးနဲ့ အစည်းအဝေးတစ်ခု ခေါ်လိုက်..."

“ဒီတစ်ခါ ငါတို့က အစပြုပြီး တိုက်ခိုက်မယ်။ နိုင်ငံဆယ်ခု မဟာမိတ်တပ်ရဲ့ ခဲယမ်းမီးကျောက် သိုလှောင်ရုံကို အရင် ဖျက်ဆီးကြမယ်။ ပြီးတော့ ချန်ဖုန်းကို ဘာအရိပ်အမြွက်မှ မပေးမိစေနဲ့နော်…”

"အို..."

ရှောင်လန် ခေါင်းညိတ်လိုက်၏။ ထို့နောက် အပြင်ဘက်သို့ အလျင်အမြန် ပြေးထွက်သွားလေသည်။

All Chapters