အခန်း ၃၁၀
Vol. 31 Ch. 310
အခန်း (၃၁၀) အကူအညီများ ရောက်ရှိလာခြင်း
မကြာမီမှာပင်။
စစ်ဘက်ဆိုင်ရာဌာန၏ ထိပ်တန်းအရာရှိများ စုရုံးရောက်ရှိလာကြပြီ ဖြစ်သည်။
ရှန်ကွမ်ယွဲ့က ချန်ဖုန်း၏ အကြံအစည်ကို ပြန်လည်ပြောပြလိုက်၏။ နိုင်ငံဆယ်ခု မဟာမိတ်တပ် တုံ့ပြန်မှု မလုပ်နိုင်မီ ရန်သူ၏ ခဲယမ်းမီးကျောက် သိုလှောင်ရုံကို ဖျက်ဆီးရန် ကြိုတင်တိုက်ခိုက်ရမည် ဖြစ်ပေသည်။
ဤကိစ္စမှာ ရိုးရှင်းပုံရသော်လည်း တကယ်တမ်းတွင် အလွန် ခက်ခဲလှပေ၏။
မြေပြင်ပေါ်တွင် မည်သည့်နေရာ၌မဆို ပုန်းအောင်းနိုင်သော်လည်း လေထဲတွင် အတိုက်ခံရပါက အသက်ရှင်ခြင်းနှင့် သေဆုံးခြင်းကြားက ကိစ္စတစ်ခုလို ဖြစ်သွားပေလိမ့်မည်။
သို့သော် ဤသည်က လက်ရှိတွင် ဆုံးရှုံးမှုများကို အနည်းဆုံးဖြစ်အောင် လျှော့ချနိုင်မည့် တစ်ခုတည်းသော နည်းလမ်းပင် ဖြစ်သည်။
ရွေးချယ်စရာ မရှိတော့ချေ။
မည်သို့ပင်ဆိုစေ ၎င်းတို့က နိုင်ငံဆယ်နိုင်ငံ၏ ပေါင်းစပ်အင်အားကို ရင်ဆိုင်နေရခြင်း ဖြစ်လေ၏။
အကယ်၍ နိုင်ငံတစ်ခုတည်းသာ ဆိုပါက ဟွာရှနိုင်ငံ စစ်ဘက်ဆိုင်ရာဌာနအနေဖြင့် ပြီးပြည့်စုံစွာ ကိုင်တွယ်နိုင်စွမ်း ရှိပေသည်။
"ဘယ်သူမှ ကန့်ကွက်တာ မရှိဘူးဆိုတော့ ဒီအတိုင်းပဲ လုပ်ကြတာပေါ့... နာရီဝက်နေရင် ကျွန်မတို့ စတင်မယ်..."
ရှန်ကွမ်ယွဲ့က ခဏတာ တွန့်ဆုတ်နေပြီးနောက် ဆက်ပြောလိုက်၏။
"ဒီတစ်ကြိမ်မှာ ရန်သူရဲ့ ခဲယမ်းမီးကျောက် သိုလှောင်ရုံကို အတိုတောင်းဆုံး အချိန်အတွင်း ဖျက်ဆီးဖို့အတွက် တိုက်လေယာဉ် အစင်းနှစ်ဆယ်ကို ကျွန်မတို့ အသုံးပြုမယ်..."
"ကျန်တဲ့သူတွေက သူတို့ရဲ့ ပစ်ခတ်မှုတွေကို အာရုံလွှဲထားပေးရမယ်..."
"ဒီမစ်ရှင်ကို နည်းပြချုပ်ချန် က ဦးဆောင်မှာဖြစ်ပြီး နောက်ထပ် နေရာဆယ့်ကိုးနေရာ ကျန်သေးတယ်..."
"ကျွန်မ ထပ်ပြောမယ်... ဒါက သေချာပေါက် သေနိုင်ခြေရှိတဲ့ မစ်ရှင်တစ်ခုဖြစ်ပြီး ရှင်တို့ဆန္ဒအလျောက်ပဲ ဖြစ်ရမယ်..."
"ဝမ်ပေါ် ဟွာရှနိုင်ငံအတွက် တိုက်ပွဲဝင်ဖို့ ဆန္ဒရှိပါတယ်..."
"တိုင်ခွန်း ဟွာရှနိုင်ငံအတွက် တိုက်ပွဲဝင်ဖို့ ဆန္ဒရှိပါတယ်..."
"ယန်ရိ ဆန္ဒရှိပါတယ်..."
"ဝမ်ဟွာ စာရင်းသွင်းပါတယ်..."
လေယာဉ်မှူးများသည် တစ်ယောက်ပြီးတစ်ယောက် ရှေ့သို့ အလျင်အမြန် တစ်လှမ်းတိုးလာကြလေသည်။
၎င်းတို့က ခေါင်းမော့ရင်ကော့ထားကြပြီး သေခြင်းတရားကို ကြောက်ရွံ့ခြင်း မရှိကြချေ။
လျှောက်ထားသူ များပြားလွန်းသဖြင့် ရှန်ကွမ်ယွဲ့သည် နည်းပညာပိုင်းတွင် အကျွမ်းကျင်ဆုံး အဖွဲ့ဝင် ဆယ့်ကိုးဦးကို ရွေးချယ်လိုက်ပေ၏။
ထို့နောက် လူတိုင်းက အလျင်အမြန် စတင်ပြင်ဆင်ကြတော့သည်။
တိုက်လေယာဉ်များက ဗုံးကြဲတိုက်ခိုက်မှု စတင်သည်နှင့် တစ်ပြိုင်နက် မြေပြင်တိုက်ပွဲများလည်း ပေါက်ကွဲထွက်လာမည် ဖြစ်လေ၏။
ချန်ဖုန်းကလည်း ထွက်ခွာရန် ပြင်လိုက်သည်။
ရှန်ကွမ်ယွဲ့က သူ့ကို အလျင်အမြန် တားဆီးလိုက်ပြီး ရှုပ်ထွေးသော မျက်နှာအမူအရာဖြင့် ပြောဆိုလိုက်၏။
"ချန်ဖုန်း ဂရုစိုက်နော်... နင် အသက်ရှင်လျက် ပြန်လာရမယ်..."
"စိတ်မပူပါနဲ့..."
ချန်ဖုန်းက သူမ၏ နှာခေါင်းလေးကို လက်ညှိုးဖြင့် ညင်သာစွာ ပွတ်သပ်လိုက်သည်။ "ဘာပဲဖြစ်ဖြစ် ငါက စစ်ဘက်ဆိုင်ရာဌာနရဲ့ နည်းပြချုပ်နဲ့ အဇူရာနန်းတော်သခင်လေ... တစ်ယောက်ချင်း တိုက်ခိုက်မှုမှာဆိုရင် စစ်မြေပြင်တစ်ခုလုံးမှာ ဘယ်သူကမှ ငါ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး..."
"ပြီးတော့... အင်း... မင်းက ငါ့ကို အငိုက်ဖမ်း တိုက်ခိုက်လိုက်တာပဲ..."
ရှန်ကွမ်ယွဲ့သည် ခြေဖျားထောက်ကာ သူမ၏ တောက်ပသော နှုတ်ခမ်းနီနီလေးများဖြင့် ချန်ဖုန်းအား နမ်းရှိုက်လိုက်ပေ၏။
ဤသည်မှာ သူမ၏ ပထမဆုံး အနမ်းပင် ဖြစ်သည်။
သူမ ကိုယ်တိုင် အစပြု၍ နမ်းရှိုက်ခဲ့သော ပထမဆုံးအကြိမ်လည်း ဖြစ်လေ၏။
တစ်ခဏမျှ အံ့အားသင့်သွားပြီးနောက် ချန်ဖုန်းကလည်း လျင်မြန်စွာ တုံ့ပြန်လိုက်သည်။
သူက သူမကို သူ၏ ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်ပြီး ရှန်ကွမ်ယွဲ့၏ သွားလေးများကို ပွင့်ဟသွားစေလိုက်၏။
ရှန်ကွမ်ယွဲ့၏ အသက်ရှူနှုန်းမှာလည်း ပိုမိုမြန်ဆန်လာပြီး ပို၍ပို၍ ကျွမ်းကျင်လာခဲ့ပေသည်။
ဆယ်မိနစ်အကြာတွင်။
သူမသည် ချန်ဖုန်းကို ခက်ခဲစွာ တွန်းထုတ်လိုက်လေ၏။
ထို့နောက် သူမက ဒေါသတကြီး ပြောဆိုလိုက်သည်။ "နင်က တကယ်ကြီး လျှာထည့်တယ်ပေါ့..."
"ဟက်ဟက်... မင်းက အစပြုခဲ့တာလေ..."
ချန်ဖုန်းက ရယ်မောလိုက်ပြီး တစ်ဖက်လူနှင့် ပိုမိုနီးကပ်ရန် ကြိုးစားလိုက်၏။
ရှန်ကွမ်ယွဲ့က နောက်သို့ အလျင်အမြန် ဆုတ်လိုက်ပြီး မျက်နှာနီမြန်းလျက် ပြောဆိုလိုက်သည်။ "နင် ပြန်ရောက်လာမှပဲ ဆက်ပြောကြတာပေါ့..."
"မင်းလည်း ဂရုစိုက်ဦးနော်..."
ချန်ဖုန်း၏ မျက်နှာအမူအရာမှာ တဖြည်းဖြည်း တည်ကြည်လေးနက်လာခဲ့၏။
ယွဲ့လေးက သူ့ကို တစ်ခုခု ဖုံးကွယ်ထားသည်ဟု သူ အမြဲတစေ ခံစားနေရသည်။
‘ထားလိုက်ပါတော့လေ
ပြန်ရောက်မှပဲ အဲဒီအကြောင်းကို ဆက်ပြောရမယ်…’ ဟု တွေးလိုက်သည်။
ချန်ဖုန်းသည် စစ်စခန်း၏ အနောက်ဘက်ရှိ တိုက်လေယာဉ်များဆီသို့ အလျင်အမြန် လျှောက်သွားလိုက်၏။
ထို့နောက် ရှန်ကွမ်ယွဲ့ကို သေချာစွာ စောင့်ကြည့်ရန် အဇူရာနန်းတော်မှ အကြီးအကဲသုံးဦးအား သူက ညွှန်ကြားလိုက်ပေသည်။
အရာအားလုံး အသင့်ဖြစ်နေပြီ ဖြစ်သည်။
နာရီဝက်အတွင်း တိုက်ခိုက်မှု စတင်မည် ဖြစ်လေ၏။
......
တစ်ချိန်တည်းမှာပင်။
ကျိုတိုမြို့။
ဤအချိန်၌ ထိုက်ရှန်းသည် ခွဲစိတ်မှု ပြီးစီးသွားပြီဖြစ်ကာ သူ၏ ရင်ဘတ်ထဲရှိ ကျိုးပဲ့နေသော ဓားကိုလည်း ဆွဲထုတ်ပြီးသွားပြီ ဖြစ်သည်။
သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ပတ်တီးများ စည်းနှောင်ထားပေ၏။
ဤသို့မဖြစ်မီက ချန်ဖုန်းသည် ယင်ယန် အပ်ကိုးချောင်းကို အသုံးပြုခဲ့သဖြင့် ထိုက်ရှန်းမှာ ယခုအခါတွင် အတော်လေး ကောင်းမွန်နေပုံရလေသည်။
သူက ဘေးရှိ ယွင်ထင်နှင့် အလျင်အမြန် ရောက်ရှိလာသော ရှန်ယန်းယန်းတို့ကို တစ်ချက်ကြည့်လိုက်၏။
ထိူ့နောက် ထိုက်ရှန်းက ယဉ်ကျေးစွာ ပြောဆိုလိုက်သည်။ "မစ္စယွင်... မစ္စရှန်... ကျွန်တော် အခု အဆင်ပြေနေပါပြီ... ခင်ဗျားတို့ ဒီမှာ ကျွန်တော့်ကို လာစောင့်ရှောက်ပေးနေစရာ မလိုပါဘူး..."
"ရပါတယ်... ကျွန်မတို့မှာ တခြား လုပ်စရာကိစ္စမှ မရှိတာ..."
ယွင်ထင်မှာ အားနာစိတ် အနည်းငယ် ခံစားနေရဆဲပင်။ "တကယ်တော့... ရှင်က ကျွန်မကို အချိန်တစ်လျှောက်လုံး လျှို့ဝှက်စွာ ကာကွယ်ပေးနေခဲ့တယ်ဆိုတာကို အခုမှ ကျွန်မ သိရတာ... ဒီတစ်ကြိမ်သာ ရှင် မရှိခဲ့ရင် ကုတင်ပေါ်မှာ လဲနေရမယ့်သူက ကျွန်မ ဖြစ်နေလောက်တယ်..."
"ဒါတွေအကုန်လုံးက နန်းတော်သခင် အမိန့်ပေးထားတာပါ..."
"နန်းတော်သခင်လား..."
ယွင်ထင်က သက်ပြင်းချလျက် ပြောဆိုလိုက်၏။ "ချန်ဖုန်းအကြောင်းကို ကျွန်မကို ပြောပြလို့ရမလား... သူ့ကို ကျွန်မ သိခဲ့တာ အတော်ကြာပြီဖြစ်ပေမဲ့ သူ့အကြောင်း သိပ်မသိဘူးဆိုတာကို ကျွန်မ သဘောပေါက်လာလို့ပါ..."
ဘေးတွင်ရပ်နေသော ရှန်ယန်းယန်းက ဇဝေဇဝါဖြင့် မေးမြန်းလိုက်သည်။
"အစ်မယွင်... ချန်ဖုန်း ဘာဖြစ်လို့လဲ..."
"ယန်းယန်း... ငါ မမှားဘူးဆိုရင် နင့်ကိုလည်း လျှို့ဝှက်စွာ ကာကွယ်ပေးနေတဲ့ ကျွမ်းကျင်သူတစ်ယောက် ရှိနေလောက်တယ်..."
ယွင်ထင်က ရှုပ်ထွေးသော မျက်နှာအမူအရာဖြင့် ပြောဆိုလိုက်၏။
"ချန်ဖုန်းကလေ...အင်း… သူ့ရဲ့ လက်ရှိ အမှတ်အသားက အရမ်း ထူးခြားတယ်... ပြီးတော့ နင် မကြုံတွေ့ဖူးသေးတဲ့ အရာတချို့လည်း ရှိနေတယ်...နောက်မှ ငါ နင့်ကို အကုန်လုံး ပြောပြမယ်..."
ရှန်ယန်းယန်း လုံးလုံးလျားလျား ဆွံ့အသွားခဲ့ပေ၏။
‘တစ်ယောက်ယောက်က ငါ့ကို ကာကွယ်ပေးနေတာလား... ဘာလို့ ငါ မသိခဲ့ရတာလဲ…’ဟု သူမတွေးလိုက်၏။
ထိုက်ရှန်းက သူ၏ခေါင်းကို ကုတ်လျက် ပြောဆိုလိုက်သည်။ "တကယ်တော့ ကျွန်တော်လည်း နန်းတော်သခင်အကြောင်းကို သိပ်မသိပါဘူး... ကျွန်တော်တို့ သူ့ကို သိလာခဲ့တာ လအနည်းငယ်ပဲ ရှိပါသေးတယ်..."
"ဒါပေမဲ့ နန်းတော်သခင်က ကျွန်တော်တို့အပေါ် အရမ်း ကောင်းတဲ့သူပါ..."
"အရင်တစ်ခေါက် မျက်နှာတစ်ထောင်မြေခွေး... ခင်ဗျားတို့ အခေါ်အရဆိုရင်တော့ ဆရာမကု လေ... သူက နယ်စပ်မှာ နိုင်ငံဆယ်ခု မဟာမိတ်တပ်ရဲ့ ဝိုင်းရံပိတ်ဆို့တာကို ခံခဲ့ရတယ်..."
"နန်းတော်သခင်က ပိတ်ဆို့မှုတွေကို တစ်ယောက်တည်း ထိုးဖောက်ဝင်ရောက်သွားခဲ့တာ..."
"ပြီးတော့မှ သူက မျက်နှာတစ်ထောင်မြေခွေးကို လူတစ်သိန်းကြားထဲကနေ ကယ်တင်လာခဲ့တာ..."
နယ်စပ်။
နိုင်ငံဆယ်ခု မဟာမိတ်တပ်။
တပ်ဖွဲ့ဝင် တစ်သိန်း။
ဤစကားလုံးများမှာ ယွင်ထင်နှင့် ရှန်ယန်းယန်းတို့ ယခင်က တစ်ကြိမ်တစ်ခါမျှ မကြုံတွေ့ခဲ့ဖူးသော အရာများ ဖြစ်လေ၏။
ချန်ဖုန်းသည် ဤမျှလောက် များပြားလှသော အရာများကို ဖြတ်သန်းခဲ့ရကြောင်း ယခုမှသာ ၎င်းတို့ သဘောပေါက်သွားကြတော့သည်။
"ဒါနဲ့... နန်းတော်သခင်က ဒီတစ်ခါလည်း နယ်စပ်ကို အမြန်သွားရပြန်ပြီလို့ ကျွန်တော် ကြားတယ်... နိုင်ငံဆယ်ခု မဟာမိတ်တပ်က ဟွာရှနိုင်ငံကို တိုက်ခိုက်ဖို့ တပ်ဖွဲ့တွေကို နောက်တစ်ကြိမ် စေလွှတ်လိုက်ပြန်ပြီ... အခြေအနေက တကယ်ကို အရေးပေါ်ဖြစ်နေပုံရတယ်…”
"ဘာ..."
ယွင်ထင်နှင့် ရှန်ယန်းယန်းတို့က တစ်ပြိုင်နက်တည်း အာမေဍိတ်သံဖြင့် ပြောဆိုလိုက်ကြ၏။
တစ်ချိန်တည်းမှာပင် သူမတို့၏ ရင်ထဲမှ တိတ်တဆိတ် ဆုတောင်းနေခဲ့ကြသည်။
‘ချန်ဖုန်း အန္တရာယ်ကင်းစွာ ပြန်လာဖို့ ငါတို့ မျှော်လင့်ပါတယ်…’
၎င်းတို့သာ မဟုတ်ချေ။
အိုယန်မိသားစုမှ အိုယန်နာလန် သည်လည်း နယ်စပ်ရှိရာ အရပ်သို့ လှမ်းကြည့်ကာ တိတ်တဆိတ် ဆုတောင်းနေခဲ့ပေ၏။
စစ်ဘက်ဆိုင်ရာဌာနမှ ကျန်းထျန်ရှန်း၊ ရှန်ကွမ်ဖန်ယွင် နှင့် ညွှန်ကြားရေးမှူး ချင်ထိုက် တို့လည်း ပါဝင်လေသည်။
၎င်းတို့သည်လည်း ဂနာမငြိမ် ဖြစ်နေခဲ့ကြ၏။
နယ်စပ်ရှိ တိုက်ပွဲများကို ၎င်းတို့ အဆက်မပြတ် စောင့်ကြည့်နေခဲ့ကြပေသည်။
......
တစ်ချိန်တည်းမှာပင်။
နယ်စပ်ဆီသို့ ဦးတည်သွားနေသော ရဟတ်ယာဉ်တစ်စင်းပေါ်၌။
အသက်ငါးဆယ်ဝန်းကျင် အမျိုးသားသုံးဦး ထိုင်နေကြပေ၏။
၎င်းတို့ထဲမှ နှစ်ဦးမှာ စစ်ဘက်ဆိုင်ရာဌာန၏ အကြီးအကဲ ညွှန်ကြားရေးမှူး ချင်ထိုက် ခေါ်ယူထားသော အကူအညီများ ဖြစ်ကြသည်။ ဤနှစ်ဦးကို ဟွာရှနိုင်ငံရှိ အားကောင်းသော လျို့ဝှက် ပုဂ္ဂိုလ်များအဖြစ် သတ်မှတ်ထားကြလေ၏။
၎င်းတို့အားလုံးသည် ဧကရာဇ်အဆင့် စွမ်းရည်များကို ပိုင်ဆိုင်ထားကြပေသည်။
ဘယ်ဘက်ရှိ ဆံပင်ဖြူအမျိုးသားမှာ ဗိုလ်ချုပ် ကွမ်တယွီ ဖြစ်ပြီး ညာဘက်ရှိ ကျုံးရှန်း ဝတ်စုံဝတ်ဆင်ထားသော အမျိုးသားမှာ ဝမ်ထျယ်ချွေ ပင် ဖြစ်သည်။
၎င်းတို့၏ မျက်နှာအမူအရာများမှာလည်း တန်းတူ စိုးရိမ်ပူပန်နေကြ၏။
အကူအညီများ ရှာဖွေရန် ကြိုးစားနေခဲ့သဖြင့် ၎င်းတို့ မိနစ်နှစ်ဆယ် နောက်ကျနေခဲ့ပြီ ဖြစ်သည်။
နယ်စပ်၏ အခြားတစ်ဖက်ရှိ အခြေအနေ မည်သို့ ရှိနေမည်ကို တွေးပူနေမိပေ၏။
၎င်းတို့ ရှာဖွေတွေ့ရှိခဲ့သော အကူအညီမှာ ကျီမိသားစုမှ ကျွမ်းကျင်သူတစ်ဦး ဖြစ်လေသည်။
ထိုလူမှာ ကျီဟောက်ယွီ ပင်။
သူသည်လည်း ဧကရာဇ်အဆင့် ကျွမ်းကျင်သူတစ်ဦး ဖြစ်ပေ၏။
ဤအချိန်၌ ကျီဟောက်ယွီက မျက်မှောင်ကြုတ်လျက် ပြောဆိုလိုက်သည်။ "အစ်ကိုကွမ်... အစ်ကိုလျို... နိုင်ငံဆယ်ခု မဟာမိတ်တပ်က ဒီတစ်ခါ ဧကရာဇ်အဆင့် ကျွမ်းကျင်သူ ဆယ်ယောက်ကို စေလွှတ်လိုက်တယ်လို့ ကျွန်တော် ကြားတယ်..."
"စစ်ဘက်ဆိုင်ရာဌာနဘက်မှာတော့ စစ်တပ်တပ်မှူး တစ်ယောက်တည်းပဲ ဧကရာဇ်တွေကို ယှဉ်ပြိုင်နိုင်ပုံရတယ်..."
"အဇူရာနန်းတော်နဲ့ ပတ်သက်ပြီးတော့... အဇူရာနန်းတော်သခင်က ထိပ်တန်းဧကရာဇ် တစ်ပါးကို ယှဉ်ပြိုင်နိုင်မယ်လို့ ကျွန်တော် ထင်တယ်..."
"ကျွန်တော်တို့ သုံးယောက် ပေါင်းထည့်လိုက်ရင်တောင် သူတို့ကို နိုင်မှာ မဟုတ်ဘူး... ဟွာရှနိုင်ငံ စစ်ဘက်ဆိုင်ရာဌာနက အရမ်းကို အားနည်းလွန်းနေတယ်... သူတို့ အနိုင်ရဖို့ လုံးဝ မဖြစ်နိုင်ဘူး..."
ကျီမိသားစုကို ကိုယ်စားပြု၍ ဟွာရှနိုင်ငံ စစ်ဘက်ဆိုင်ရာဌာနအား ကူညီရန် သူ ဆန္ဒရှိသော်လည်း။
လုံးဝ မသေချာမရေရာသော ကိစ္စရပ်တစ်ခုနှင့် ကြုံတွေ့လာရချိန်တွင် မည်သူကမျှ မိမိတို့၏ အသက်ကို အလဟဿ အဆုံးရှုံးမခံလိုကြချေ။
ဗိုလ်ချုပ် ကွမ်တယွီက တည်ကြည်လေးနက်သော အသံဖြင့် မေးမြန်းလိုက်၏။ "အစ်ကိုကျီ ရဲ့ ဆိုလိုရင်းက ဘာလဲ..."
ကျီဟောက်ယွီက ပြန်ဖြေလိုက်သည်။
"တကယ်လို့ စစ်ဘက်ဆိုင်ရာဌာနက ဧကရာဇ်အဆင့် ကျွမ်းကျင်သူ သုံးယောက်ကို သတ်နိုင်တယ်ဆိုရင်... ကျွန်တော်တို့ အဘိုးကြီး သုံးယောက်နဲ့ဆိုရင် သူတို့ကို ယှဉ်ပြိုင်တိုက်ခိုက်နိုင်ပါသေးတယ်..."
"အဲဒီလိုမှ မလုပ်နိုင်ဘူးဆိုရင်တော့ ဒီတိုက်ပွဲမှာ နိုင်ဖို့ အခွင့်အရေးက နည်းပါးပါတယ်... ကျွန်တော့်အသက်ကိုလည်း အဆုံးရှုံးမခံချင်ဘူး..."
"ဒါပေမဲ့ အရေးကြီးတဲ့ အချိန်ကျရင်တော့ စစ်သေနာပတိကို ကယ်တင်ဖို့ ဝင်ပါပေးဖို့ ဆန္ဒရှိပါတယ်... ဘာပဲဖြစ်ဖြစ် ကျီမိသားစုက ကိစ္စတွေကို ကြီးကြပ်ဖို့ ကျွန်တော့်ကို လိုအပ်နေသေးတယ်လေ..."
ဗိုလ်ချုပ် ကွမ်တယွီက မျက်မှောင်ကြုတ်လျက် ပြောဆိုလိုက်သည်။ "မင်း ဆိုလိုတာက စစ်ဘက်ဆိုင်ရာဌာနက ဧကရာဇ်သုံးပါးကို သတ်နိုင်သရွေ့ မင်းက စစ်ဘက်ဆိုင်ရာဌာနနဲ့ ပူးပေါင်းပြီး အသက်ရှင်လျက်ဖြစ်ဖြစ် သေသည်အထိဖြစ်ဖြစ် အစွမ်းကုန် တိုက်ပွဲဝင်မယ်ပေါ့..."
"ဟုတ်ပါတယ်..." ကျီဟောက်ယွီက သွားကို တင်းတင်းကြိတ်လိုက်ရင် ပြန်ဖြေလိုက်၏။
ဗိုလ်ချုပ် ကွမ်တယွီက သူ့ကို မပြောခဲ့သည့်အရာမှာ ယခင်က စစ်မြေပြင်မှ သူရရှိခဲ့သော သတင်းများအရ အဇူရာနန်းတော်သခင်သည် ဧကရာဇ်အဆင့် ကျွမ်းကျင်သူ နှစ်ဦးကို သတ်ဖြတ်ပြီးဖြစ်ကြောင်းပင်။