အခန်း (၁၀၉-၁၁၀)
Vol. 11 Ch. 109-110
အခန်း ၁၀၉
"ဟင် ငါနဲ့ စကားပြောချင်တယ်၊ ဘာကိစ္စ ပြောချင်လို့လဲ"
ချန်ကောဟွားက ကျားတုန်းရွှီအား မေးမြန်းလိုက်သည်။ ဤအချိန်တွင် ကျားတုန်းရွှီ၏ မျက်လုံးများအောက်တွင် အမည်းရောင်ကွင်းကြီးများ ထင်းနေပြီး မျက်နှာမှာလည်း အလွန်တရာ နွမ်းနယ်နေကာ လတ်တလောတွင် စိုးရိမ်ပူပန်မှုများကြောင့် ကောင်းစွာ အနားမယူရသေးကြောင်း သိသာနေသည်။
သေချာပေါက် ချန်ကောဟွားက ကျားတုန်းရွှီ အနားယူရခြင်း ရှိမရှိကို ဂရုမစိုက်ပေ။ သူက ကျားတုန်းရွှီအား ပြန်လည်စကားပြောဆိုခြင်းမှာ ဟွမ်ဟွားလီသစ်သား ခုံလေးကြောင့်သာ ဖြစ်သည်။
ချန်ကောဟွား၏ ပြန်လည်ပြောဆိုမှုကို ကြားလိုက်ရသောအခါ ကျားတုန်းရွှီ၏ မျက်ခုံးများတွင် ဝမ်းသာမှုများ ပေါ်လွင်လာခဲ့ပြီး သူ မျှော်လင့်ထားမှုထက် ကျော်လွန်သွားခဲ့ကြောင်း သိသာနေသည်။ ထို့နောက် အမြန်အဆန် ပြောဆိုလိုက်သည်။
"ချန်ကောဟွား ငါတို့ ကျားမိသားစုက အရင်က မင်းအပေါ် မကောင်းတာတွေ လုပ်ခဲ့ဖူးတယ်၊ အခု ငါက အမေနဲ့ ငါ့သားကိုယ်စား မင်းကို တောင်းပန်ပါတယ်"
တောင်းပန်သည်ဟု ဆိုသော်လည်း လေသံမှာ အလွန်တရာ ခြောက်ကပ်နေပြီး အနည်းငယ်မျှပင် ရိုးသားမှု မရှိပေ။ သို့ရာတွင် ချန်ကောဟွား၏ မျက်လုံးများထဲတွင် ရောင်ခြည်တစ်ချက် ဖြတ်ပြေးသွားသည်။ ဤကျားတုန်းရွှီမှာ မသန်မစွမ်းဖြစ်သွားပြီးကတည်းက သူ၏ အကျင့်စရိုက်မှာ အိမ်သာထဲရှိ ကျောက်ခဲကဲ့သို့ပင် ပုပ်ဟောင်နေပြီး မာကျောလှသည်ဟု ဆိုနိုင်သည်။
သို့သော် ယခုအခါတွင် မိမိဆန္ဒအလျောက် တောင်းပန်စကား ဆိုလာခြင်းမှာ မိမိထံမှ အကူအညီ လိုအပ်နေကြောင်း သိသာထင်ရှားနေသည်။ ဤသို့ဆိုလျှင် မိမိအနေဖြင့် သူ့အား လုံးဝ လက်ဝါးပေါ် တင်ထား၍ ရပြီ ဖြစ်သည်။
ထင်ထားသည့်အတိုင်းပင် ကျားတုန်းရွှီက ချန်ကောဟွား ဘာမှ ထပ်မပြောသည်ကို မြင်သောအခါ ချန်ကောဟွားက သူ၏ တောင်းပန်မှုကို လက်ခံလိုက်ပြီဟု ထင်မှတ်ကာ တောင်းဆိုချက်ကို စတင်ပြောဆိုလာတော့သည်။
"ကောဟွား အတိတ်က ကိစ္စတွေအတွက် ငါ တောင်းပန်ပါတယ်၊ ဒါပေမဲ့ ငါတို့က ခြံဝင်းတစ်ခုတည်းက အိမ်နီးချင်းတွေဆိုတဲ့ သံယောဇဉ်ကို ထောက်ထားပြီးတော့ ငါ့ကို တစ်ခုလောက် ကူညီပေးနိုင်မလား"
ချန်ကောဟွား၏ ရင်ထဲတွင် အေးစက်စွာ ရယ်မောလိုက်သည်။
ဒီလိုအချိန်ကျမှ အကူအညီလိုတော့ ခြံဝင်းတစ်ခုတည်းက အိမ်နီးချင်းတွေဆိုတာကို မှတ်မိသွားပြီပေါ့
အရင်က အိမ်နီးချင်းတွေရှေ့မှာ လှောင်ပြောင်တုန်းကကျတော့ ဘာလို့ မမှတ်မိခဲ့တာလဲ
သူက အလွန်တရာ ရယ်စရာကောင်းလှသည်။သို့သော် ရယ်စရာကောင်းသည်ဆိုစေကာမူ ချန်ကောဟွားမှာလည်း စပ်စုချင်စိတ် ဖြစ်ပေါ်လာသည်။
ကျားတုန်းရွှီ ဒီကောင် ဘာကြောင့်များ အကျင့်ပြောင်းသွားရတာလဲ
"ပြောလေ"
ချန်ကောဟွားက အေးတိအေးစက်ဖြင့် ပြောလိုက်သည်။
စကားတစ်ခွန်းတည်းဖြင့်ပင် အလွန်တရာ မြင့်မြတ်သော အမိန့်တော်တစ်ခုကဲ့သို့ သာမန်လူတစ်ဦးအား ကျေးဇူးပြုလိုက်သည့်အလား ခံစားရစေသည်။ ကျားတုန်းရွှီမှာ ထိုစကားကို ကြားလိုက်ရသည်နှင့် တစ်ပြိုင်နက် စိတ်လှုပ်ရှားလွန်းသဖြင့် တစ်ကိုယ်လုံး တုန်ယင်လာခဲ့တော့သည်။
"ငါတို့ အိမ်ထဲဝင်ပြီး ပြောရအောင်"
ချန်ကောဟွားက ကျားမိသားစု၏ အိမ်ထဲသို့ ဝင်ရောက်သွားသည်။ ကျားမိသားစု၏ အိမ်ထဲသို့ ဝင်ရောက်လိုက်သည်နှင့် မျက်နှာပေါ်သို့ ဖြတ်ခနဲ ရိုက်ခတ်လာသည်မှာ မှိုနံ့တစ်ခုပင် ဖြစ်သည်။
ဤမှိုနံ့မှာ စိုစွတ်မှုကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ပြီး အောက်ခြေလူတန်းစားများ၏ သီးသန့်အနံ့တစ်ခုဖြစ်ကာ တစ်သက်လုံး ခေါင်းမဖော်နိုင်တော့မည့် ငါးခြောက်တစ်ကောင်၏ အနံ့အသက်မျိုးဟုပင် ဆိုနိုင်သည်။ ဤအနံ့ကို ခံစားလိုက်ရသောအခါ ချန်ကောဟွား၏ မျက်ခုံးများက အလိုအလျောက် တွန့်ချိုးသွားသည်။
သို့သော် နောက်ဆက်တွဲအနေဖြင့် သူ၏ ဦးနှောက်ထဲရှိ အထူးရှေးဟောင်းပစ္စည်း အကဲဖြတ်စွမ်းရည်မှာ အလိုအလျောက် အလုပ်လုပ်လာသည်။
နောက်တစ်စက္ကန့်တွင် သူ ထင်မှတ်မထားသော အရာများ ပေါ်ထွက်လာသည်။ ၎င်းမှာ ကျားမိသားစု၏ ရိုးရိုးရှင်းရှင်း ထမင်းစားစားပွဲနှင့် ထိုင်ခုံအချို့မှာ အဖိုးတန် ဟွမ်ဟွားလီသစ်သားဖြင့် ပြုလုပ်ထားခြင်းပင် ဖြစ်သည်။
ဘုရားရေ ကျားမိသားစုက တကယ်ပဲ အဆိပ်သင့်နေတာပဲ
ဤမျှလောက် ကောင်းမွန်သော ရှေးဟောင်းပစ္စည်းများကို ထမင်းစားစားပွဲနှင့် ခုံအစုတ်များအဖြစ် အသုံးပြုနေကြသည်။ ထိုအခိုက်တွင် ချန်ကောဟွား၏ ရည်မှန်းချက်များ ပိုမိုကြီးမားလာသည်။ ဤရှေးဟောင်းပစ္စည်း ရတနာများကို မည်သို့ပင်ဖြစ်စေ ရအောင် ယူရမည်ဟု သန္နိဋ္ဌာန်ချလိုက်သည်။
"ဒီလိုပါ"
ထိုအချိန်တွင် ကျားတုန်းရွှီက ပြန်လည်စကားပြောဆိုလာသည်။
"ရဲစခန်းက ဆုံးဖြတ်ချက်ကို ငါ သိရပြီးပြီ၊ ပန့်ကန့်နဲ့ အမေက နှစ်အတော်ကြာအောင် ထွက်လာနိုင်မှာ မဟုတ်ဘူးတဲ့၊ ဒါကြောင့် သူတို့ကို စောစောထွက်လာနိုင်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ မင်းကနေတစ်ဆင့် စုံစမ်းပေးဖို့ အကူအညီတောင်းချင်လို့ပါ"
ကျားတုန်းရွှီက သူ၏ တောင်းဆိုချက်ကို ရှင်းလင်းပြတ်သားစွာ ပြောဆိုလိုက်သည်။ ပြောဆိုပြီးနောက် ဘေးတွင်ရှိနေသော ချင်ဟွိုင်ယွီကလည်း မျှော်လင့်တကြီး မျက်လုံးများဖြင့် ချန်ကောဟွားကို ကြည့်ရှုနေတော့သည်။
ချန်ကောဟွားက ပြုံးလိုက်သည်။ ယခင်ဘဝမှ အတွေ့အကြုံများအရ သူတို့နှစ်ဦးမှာ လမ်းစပျောက်နေပြီး မိမိထံသို့သာ အကူအညီတောင်းခံရန် ရွေးချယ်စရာသာ ရှိတော့ကြောင်းကို သဘာဝကျစွာပင် သူ မြင်တွေ့နိုင်သည်။ ဒါက မိမိကို သူတို့အပေါ် အပြည့်အဝ လွှမ်းမိုးခွင့် ပေးလိုက်ခြင်း ဖြစ်သည်။
"ဒီကိစ္စက သိပ်တော့ မလွယ်ဘူး"
ချန်ကောဟွားက ခေါင်းကိုက်ဟန်ဆောင်ကာ ပြောလိုက်သည်။ ဤသည်မှာ ငြင်းပယ်သော စကားဖြစ်သော်လည်း ကျားတုန်းရွှီတို့ ဇနီးမောင်နှံနှစ်ဦးကိုမူ စိတ်လှုပ်ရှားသွားစေသည်။
ဤစကားက လုပ်ရန်မလွယ်ကူဟု ဆိုသော်လည်း လုပ်၍မရဟု ပြောဆိုထားခြင်း မရှိပေ။ မျှော်လင့်ချက် ရှိသေးသည်။ကျားတုန်းရွှီနှင့် ချင်ဟွိုင်ယွီတို့ နှစ်ဦးစလုံးက ထိုသို့ တွေးတောလိုက်ကြသည်။
"ချန်ကောဟွား ငါ မင်းကို တောင်းပန်ပါတယ်၊ သူတို့ကို အပြင်ရောက်အောင်သာ လုပ်ပေးနိုင်မယ်ဆိုရင် ငါ ငါ့ကလေးတွေကို မင်းကို သေချာပေါက် ကျေးဇူးဆပ်ခိုင်းပါ့မယ်"
ကျားတုန်းရွှီက တုန်ယင်သော အသံဖြင့် ပြောဆိုလိုက်သည်။
ပန့်ကန့်မှာ သူ ဆက်လက်အသက်ရှင်သန်ရန်အတွက် တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်ပြီး ချင်ဟွိုင်ယွီကလည်း နေ့စဉ် အလုပ်ဆင်းရသဖြင့် အိမ်တွင် သူ့အား ပြုစုစောင့်ရှောက်ပေးသူမှာ ကျားကျန်းရှီပင် ဖြစ်သည်။ ထို့ကြောင့် ကျားတုန်းရွှီမှာ ပန့်ကန့်နှင့် ကျားကျန်းရှီတို့ မပါဘဲ နေ၍မရနိုင်ပေ။
"ဟုတ်တယ် ကောဟွား နင်သာ ကူညီပေးနိုင်မယ်ဆိုရင် နင် ဘာပဲတောင်းဆိုတောင်းဆို ငါတို့ အစွမ်းကုန် ဖြည့်ဆည်းပေးပါ့မယ်"
ဘေးတွင်ရှိနေသော ချင်ဟွိုင်ယွီကလည်း အမြန်အဆန် ဝင်ရောက်ဖြည့်စွက် ပြောဆိုလိုက်သည်။
ထိုအချိန်တွင် ချန်ကောဟွားက ဟွမ်ဟွားလီသစ်သားများကို ကြည့်ရှုနေခြင်းမှ ရပ်တန့်လိုက်ပြီးနောက် မေးခွန်းတစ်ခု ပြန်လည်မေးမြန်းလိုက်သည်။
"အစွမ်းကုန် ဖြည့်ဆည်းပေးမယ် ဟုတ်လား"
"မင်းတို့ ကျားမိသားစုမှာ ငါ ကျေနပ်လောက်တဲ့ ပစ္စည်းမျိုး ရှိလို့လား"
ကျားတုန်းရွှီ၏ မျက်နှာမှာ တင်းမာသွားသည်။ ဒါကလည်း အမှန်ပင် ဖြစ်သည်။ ချန်မိသားစုက နေ့စဉ် အသားငါးများဖြင့် စားသောက်နေရသည်နှင့် နှိုင်းယှဉ်ပါက ကျားမိသားစု၏ နေထိုင်မှုဘဝမှာ အလွန်တရာ ဆင်းရဲနွမ်းပါးလှသည်။ ပုံမှန်အချိန်များတွင် ပြောင်းဖူးပေါက်စီ တစ်လုံး စားရရန်ပင် ချင့်ချိန်နေရသည်။
ချန်ကောဟွားက ကျားမိသားစု၏ ပစ္စည်းများကို မည်သို့ မျက်စိကျနိုင်ပါမည်နည်း။ ကျားတုန်းရွှီ၏ မျက်ခုံးများမှာ တွန့်ချိုးသွားသည်။
"ချန်ကောဟွား ငါတို့ ကျားမိသားစုမှာ တကယ် ကောင်းတဲ့ပစ္စည်းမျိုး မရှိဘူး၊ ဒါဆို ဒီလိုလုပ်ရင်ကော အဆင်ပြေမလား"
ကျားတုန်းရွှီက မသိမသာ ချင်ဟွိုင်ယွီကို တစ်ချက် ကြည့်လိုက်ပြီးနောက် တစ်စုံတစ်ခုကို တွေးမိသွားဟန်ဖြင့် ဆက်လက်ပြောဆိုလိုက်သည်။
"အကယ်၍ ငါဆိုလိုတာက အကယ်၍ မင်း ချင်ဟွိုင်ယွီကို သဘောကျတယ်ဆိုရင် ငါ ငါ မင်းကို သဘောတူပေးနိုင်တယ် ၊ချင်ဟွိုင်ယွီကို မင်းဆီ ခဏလွှတ်ပေးလိုက်မယ်လေ"
ကျားတုန်းရွှီက အရိုးမပါသော အဆိုပြုချက်ကို ပြောဆိုလိုက်ခြင်း ဖြစ်သည်။ သေချာပေါက် သူ့အား ဤသို့ ပြောဆိုရသည်ကို အပြစ်တင်၍ မရနိုင်ပေ။ ကျားတုန်းရွှီအတွက်မူ လက်ရှိအချိန်တွင် သူ၏ လက်ထဲ၌ ထုတ်ပြစရာ မည်သည့်အရာမျှ မရှိတော့ပေ။ ချန်ကောဟွားကို ဆွဲဆောင်နိုင်မည့် တစ်ခုတည်းသော အရာမှာ ချင်ဟွိုင်ယွီ ကိုယ်တိုင်ပင် ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ ထိုနှစ်က ချန်ကောဟွား ကြည့်ရှုရွေးချယ်ပွဲတွင် ချင်ဟွိုင်ယွီနှင့် အတူရှိနေလိုသည်မှာ အမှန်ပင် ဖြစ်သည်။ ထို့ကြောင့် ဤအကြောင်းပြချက်ကို ချန်ကောဟွားအနေဖြင့် လုံးဝ ငြင်းပယ်နိုင်မည် မဟုတ်ဟု သူ ထင်မြင်ယူဆထားသည်။
ဘေးတွင်ရှိနေသော ချင်ဟွိုင်ယွီမှာ ခေတ္တမျှ မှင်တက်သွားသည်။ ကျားတုန်းရွှီက ဤကဲ့သို့သော စကားမျိုး ပြောဆိုလာလိမ့်မည်ဟု သူမ လုံးဝ ထင်မှတ်မထားခဲ့မိပေ။ သို့သော် သူမ၏ မျက်လုံးများထဲတွင် အနည်းငယ်မျှပင် နာကြည်းချက် မရှိသည့်အပြင် တိတ်တဆိတ် မျှော်လင့်ချက် အရိပ်အယောင်များပင် ပေါ်ထွက်လာခဲ့သေးသည်။
အကယ်၍ ချန်ကောဟွားကသာ သဘောတူလိုက်ပါက သူမအနေဖြင့် အချိန်အတိုင်းအတာ တစ်ခုအထိ ကောင်းမွန်သော ဘဝလေးကို ဖြတ်သန်းခွင့်ရမည်ဖြစ်ပြီး ပန့်ကန့်နှင့် ကျားကျန်းရှီတို့ကိုလည်း ရဲစခန်းမှ ပြန်လည်ထွက်လာစေနိုင်မည် ဖြစ်သည်။
ဒါက မြားတစ်စင်းတည်းဖြင့် ငှက်နှစ်ကောင် ပစ်ချနိုင်မည့် ကိစ္စကောင်းတစ်ခု ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ သူမအတွက်တော့ မည်သူက အခွင့်အရေး ယူသည်ဖြစ်စေ အတူတူပင် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူမက ရှားကျူး၊ ရွှီတမောင်း၊ ရီကျုံးဟိုင် အစရှိသူများက သူမအပေါ် အခွင့်အရေး ယူခြင်းကိုပင် လက်ခံနိုင်ခဲ့သေးသည်။
သို့ရာတွင် နောက်တစ်စက္ကန့်၌ ချန်ကောဟွားက ချင်ဟွိုင်ယွီ ထင်မှတ်မထားသော စကားတစ်ခွန်းကို ပြောဆိုလိုက်သည်။
"ဘာ ကျားတုန်းရွှီ မင်းက ငါ့ကို မင်းရဲ့ ဖိနပ်စုတ်ကို စီးခိုင်းနေတာလား၊မင်း ဦးနှောက်မှာ အပေါက်ရှိနေတာလား"
ကျားတုန်းရွှီ၏ အပြုံးများမှာ ရပ်တန့်သွားခဲ့ပြီး မျက်လုံးများထဲတွင် မည်သို့လုပ်ရမည်မသိ ဖြစ်သွားသော အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။ အဘယ်ကြောင့်ဆိုသော် ချန်ကောဟွားက ဤကိစ္စကြောင့် ဒေါသထွက်သွားလိမ့်မည်ဟု သူ လုံးဝ တွေးတောမထားခဲ့သောကြောင့် ဖြစ်သည်။
အသုံးချခံ အရာတစ်ခုဖြစ်နေသော ချင်ဟွိုင်ယွီမှာမူ ပြောစရာပင် မလိုတော့ချေ။ သူမ၏ မျက်နှာမှာ ဒယ်အိုးဖင်ကြီးကဲ့သို့ မည်းမှောင်သွားခဲ့လေသည်။ သူမအတွက်တော့ ချန်ကောဟွား၏ အညှာအတာမဲ့ လှောင်ပြောင်မှုမှာ သူမ ဘဝ၏ အရှက်ရဆုံး အခိုက်အတန့်တစ်ခုပင် ဖြစ်သည်။
မိမိ၏ ယောက်ျားကိုယ်တိုင်ကပင် အရှုံးပေးသွားခဲ့လေပြီ။ သူမအား အကူအညီတစ်ခု လဲလှယ်ရန်အတွက် အသုံးချခံ အရာတစ်ခုအဖြစ် အသုံးပြုသည်။ သို့သော် ရလဒ်အနေဖြင့် တစ်ဖက်လူက မိမိယောက်ျား၏ ရှေ့တွင်ပင် ဗြောင်ကျကျ လှောင်ပြောင်နေသေးသည်။
ချန်ကောဟွားက သူမ၏ ဂုဏ်သိက္ခာနှင့် မာနအားလုံးကို ခြေဖဝါးအောက်တွင် ဖိချကာ အကြိမ်ကြိမ် နင်းနယ်ပစ်နေခြင်းပင် ဖြစ်သည်။
"ချန်ကောဟွား နင် နင် လူကို အနိုင်ကျင့်လွန်းတယ်"
ချင်ဟွိုင်ယွီမှာ ဒေါသမထိန်းနိုင်တော့ဘဲ ခပ်တိုးတိုး အော်ဟစ်လိုက်သည်။
ချန်ကောဟွားက ချင်ဟွိုင်ယွီအား အေးစက်စွာ တစ်ချက် ကြည့်လိုက်ပြီးနောက် ခပ်ဟဟ ရယ်မောကာ ထွက်ခွာသွားရန် ပြင်ဆင်လိုက်သည်။
ဒီချင်ဟွိုင်ယွီက သူမကိုယ်သူမ ဟင်းပွဲတစ်ပွဲလို့ ထင်နေတာလား
မြင်းကောင်းဆိုတာ ဖြတ်ခဲ့တဲ့ မြက်ခင်းကို ပြန်မစားဘူးလေ
ထို့အပြင် မိမိမှာ အချိန်ခရီးသွားလာသူ တစ်ဦးပင် ဖြစ်နေသေးသည်။
ထိုအချိန်တွင် ကျားတုန်းရွှီက ချန်ကောဟွား ထွက်ခွာသွားမည်ကို မြင်လိုက်ရသောအခါ ရင်ထဲတွင် အထိတ်တလန့်ဖြစ်သွားပြီး ချင်ဟွိုင်ယွီအား အမြန်အဆန် အော်ဟစ်ဆဲဆိုတော့သည်။
"ချင်ဟွိုင်ယွီ ဒီစောက်ယုတ်မာမ မင်း ဘယ်လို စကားပြောနေတာလဲ၊ အားလုံးက မင်းလို အသုံးမကျတဲ့ကောင်မကြောင့် ငါ့အမေနဲ့ ငါ့သား ရဲစခန်းရောက်သွားရတာ၊ မင်း ထပ်ပြီး လျှောက်ပြောနေသေးရင် မင်းကို ရိုက်ပစ်မယ်"
ချင်ဟွိုင်ယွီမှာ ကျားမိသားစုတွင် အသုံးချခံ နွားမကြီးတစ်ကောင်သာဖြစ်ပြီး ဒေါသဖြေရာ အရာတစ်ခုသာ ဖြစ်သည်။ ကျားတုန်းရွှီက တစ်ဝကြီး ဆဲဆိုပြီးနောက် မျက်နှာထားကို ချက်ချင်း ပြောင်းလဲကာ ချန်ကောဟွားထံသို့ အသနားခံ ပြောဆိုလိုက်သည်။
"ကောဟွား မင်း ဒေါသမထွက်ပါနဲ့ ၊ငါ စကားမှားသွားတာပါ၊ မင်း ဘယ်လိုလုပ်ချင်လဲ ပြောလေ၊ငါ အကုန်သဘောတူတယ်"
ထိုသို့ ပြောဆိုပြီးနောက် ချန်ကောဟွားက ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး နှုတ်ခမ်းထောင့်တွင် မသိမသာ အပြုံးလေးတစ်ခု ပေါ်ထွက်လာသည်။
အခန်း ၁၁၀
ကျားတုန်းရွှီက အသနားခံ တောင်းဆိုပြီးနောက် ချန်ကောဟွားက ခြေလှမ်းများကို ရပ်တန့်လိုက်သည်။ သူ၏ နှုတ်ခမ်းထောင့်တွင်လည်း မသိမသာ အပြုံးလေးတစ်ခု ပေါ်ထွက်လာသည်။ သူ လိုချင်သောအရာမှာ ဤသို့သော ရလဒ်မျိုးပင် ဖြစ်သည်။
ကျားမိသားစုကို ထိုနှစ်က ကိစ္စများအတွက် အဖိုးအခ ပေးဆပ်စေရန်ပင် ဖြစ်သည်။
ယခုအခါ ကျားတုန်းရွှီက ဤမျှလောက်အထိ အရှုံးပေးကာ တောင်းပန်နေပြီဖြစ်ရာ သူကလည်း ဆက်လက်၍ ဖုံးကွယ်ထားရန် မလိုအပ်တော့ပေ။ ထို့ကြောင့် ချန်မိသားစုအိမ်ဘက်သို့ လှည့်ကာ တိုက်ရိုက်ပင် အော်ဟစ်လိုက်သည်။
"ကျင်းယွီ ကျားမိသားစုအိမ်ဘက်ကို ခဏလောက် လာခဲ့ပါဦး"
အသံကို ထိန်းချုပ်ထားခြင်း မရှိသောကြောင့် ချန်ကောဟွား၏ ခေါ်သံကို ခြံဝင်းအတွင်းရှိ လူများအားလုံး သဘာဝကျစွာပင် ကြားလိုက်ရသည်။
မကြာမီအချိန်တွင် ရှားကျူး၊ ရီကျုံးဟိုင်၊ လျိုဟိုင်ကျုံး၊ ယန်ပုကွေ့၊ ရွှီတမောင်း စသည်တို့က အိမ်ထဲမှ ခေါင်းပြူထွက်လာကြသည်။ သူတို့၏မျက်နှာများထက်တွင် နားမလည်နိုင်မှုများ အပြည့်အနှက် ရှိနေကြသည်။
ဤခေတ်ကာလတွင် ဖျော်ဖြေရေးအစီအစဉ်များ မရှိလှပေ။စိတ်ဝင်စားစရာ အကောင်းဆုံးအရာမှာ ခြံဝင်းအတွင်းရှိ အတင်းအဖျင်း စကားများသာ ဖြစ်သည်။ သိထားရမည်မှာ ချန်မိသားစုနှင့် ကျားမိသားစုမှာ သေသည်အထိ အဆက်အသွယ် မလုပ်ကြမည့်သူများ ဖြစ်သည်။
ယခုအခါ ချန်ကောဟွားက ချင်ကျင်းယွီအား ကျားမိသားစုအိမ်သို့ ခေါ်နေသည်။
ဒီမိသားစုနှစ်စုက ပြန်လည်သင့်မြတ်သွားကြပြီလား
ဤသည်မှာ လူအများစု၏ အတွေးများပင် ဖြစ်သည်။
"ဟားဟားဟား အဝေးက ဆွေမျိုးထက် အနီးက အိမ်နီးချင်းက ပိုကောင်းတယ်ဆိုတာ ဒါမျိုးပေါ့၊ ဌာနမှူးချန်က အမြင်မကြည်လင်မှုတွေကို ဘေးဖယ်ထားနိုင်တာ အရမ်းကောင်းတာပဲ" လျိုဟိုင်ကျုံးက အကျယ်ကြီး ရယ်မောလိုက်သည်။
သူသည် အိမ်ထဲမှ ပထမဆုံးထွက်လာကာ ကျားမိသားစုအိမ်ဘက်သို့ လျှောက်သွားသူ ဖြစ်သည်။
ဤကာလအတောအတွင်းတွင် ချန်ကောဟွားမှာ ပို၍ပို၍ အောင်မြင်တိုးတက်လာသည်ကို သူ လက်ခံလိုက်ပြီ ဖြစ်သည်။ ထို့ကြောင့် မကြာသေးမီက ချန်ကောဟွားနှင့် ဆက်ဆံရေးကောင်းမွန်အောင် မည်သို့ တည်ဆောက်ရမည်ကို သူ တွေးတောနေသည်။
ယခုအခါ ချန်ကောဟွားက အမြင်မကြည်လင်မှုများကို ဘေးဖယ်ထားလိုက်ပြီဆိုလျှင် နောက်တစ်ကြိမ်တွင် မိမိအနေဖြင့်လည်း ချန်ကောဟွားနှင့် ရင်းနှီးအောင် လုပ်ဆောင်နိုင်ပြီဟု ဆိုလိုနေခြင်းပင် ဖြစ်သည်။ ထိုအချိန်ရောက်လျှင် သူ့အား အကူအညီတောင်းကာ ရာထူးနေရာလေး တစ်ခုလောက် ရရှိနိုင်လောက်၏။
ရီကျုံးဟိုင်ကမူ မျက်မှောင်ကြုတ်နေသည်။ သူက ဦးလေးကြီးတစ်ယောက်အနေဖြင့် စောစောကမှ ကျားမိသားစုကို နှင်ထုတ်ရန် ဦးဆောင်ပြောဆိုခဲ့ခြင်း ဖြစ်သည်။ သို့သော် ချန်ကောဟွားက ကျားမိသားစုနှင့် ပြန်လည်သင့်မြတ်သွားပါက ခြံဝင်းအတွင်း သူ၏ ယုံကြည်ကိုးစားခံရမှုမှာ သေချာပေါက် ကျဆင်းသွားမည်သာ ဖြစ်သည်။
"မဖြစ်နိုင်ဘူး ချန်ကောဟွား ဘာတွေ လုပ်နေလဲဆိုတာ ငါ သွားကြည့်ရမယ်"
ခပ်တိုးတိုး ရေရွတ်လိုက်ပြီးနောက် ရီကျုံးဟိုင်ကလည်း လူအုပ်ကြီးဆီသို့ လျှောက်သွားသည်။
ချင်ကျင်းယွီသည်လည်း လူအုပ်ထဲတွင် ရှိနေသည်။ သို့သော် သူမ၏ ရင်ထဲတွင် အလွန်တရာ ရှုပ်ထွေးနေသည်။ မိမိ၏ ယောက်ျားဖြစ်သူက ကျားမိသားစုနှင့် လုံးဝ အဆက်အသွယ် မလုပ်ရန် ပြောထားသည်ကို သူမ ရှင်းလင်းစွာ မှတ်မိနေသေးသည်။ ယခုအခါ ဘာကြောင့် သူမကို ကျားမိသားစုအိမ်သို့ ခေါ်နေရပြန်သနည်း။
ထိုသို့ နားမလည်နိုင်ဖြစ်နေသော်လည်း ချင်ကျင်းယွီက အလွန်လိမ္မာရေးခြားရှိစွာဖြင့် ချန်ကောဟွား၏ အရှေ့တွင် ဝင်ရောက်ရပ်လိုက်သည်။
"ကောဟွား ဘာဖြစ်လို့လဲ"
ချင်ကျင်းယွီက ချင်ဟွိုင်ယွီ၏ မျက်နှာပေါ်တွင် ဒေါသတကြီး ဖြစ်နေသည်ကို မြင်လိုက်ရသောအခါ ချန်ကောဟွားနှင့် ကျားမိသားစုကြားတွင် ပြဿနာတစ်ခုခု ဖြစ်ပွားနေသည်ဟု အလိုအလျောက် ထင်မှတ်လိုက်သည်။
သူမအား ခေါ်လိုက်ခြင်းမှာ ပြဿနာကို ဝင်ရောက်ဖြေရှင်းပေးရန်အတွက်ဖြစ်မည်ဟု တွေးတောကာ ချန်ကောဟွား၏ အရှေ့တွင် အနည်းငယ်မျှ တုံ့ဆိုင်းမနေဘဲ ဝင်ရောက်ကာကွယ်ပေးလိုက်ခြင်း ဖြစ်သည်။
သို့ရာတွင် ချန်ကောဟွား စကားပြန်မပြောရသေးမီအချိန်တွင်ပင် ချင်ဟွိုင်ယွီ၏ နံပါတ်တစ် အစေခံခွေးလေးဖြစ်သော ရှားကျူးက ဝင်ရောက်စကားပြောဆိုလာသည်။
"ဟေ့ကောင် ချန်ကောဟွား မင်းက ယောက်ျားတန်မဲ့နဲ့ ချင်ဟွိုင်ယွီကို အနိုင်ကျင့်နေပြန်ပြီလား မင်းမှာ အရှက်မရှိဘူးလား"
ရှားကျူးမှာ ချန်ကောဟွားအပေါ် မူလကတည်းက ဒေါသထွက်နေသည်။ ရီကျုံးဟိုင်၏ မျက်နှာသာပေးမှုကို လုယူသွားခဲ့သောကြောင့် ဒေါသထွက်နေခြင်း ဖြစ်သည်။
သို့သော် စောစောက ချင်ဟွိုင်ယွီက မျက်လုံးများ နီရဲကာ ချန်ကောဟွားဘက်သို့ ခေါင်းငုံ့နေသည်ကို အဝေးမှနေ၍ မြင်တွေ့လိုက်ရပြန်သည်။ ချင်ဟွိုင်ယွီကို မကူညီတော့ဟု ဆုံးဖြတ်ထားသော်လည်း သူမ အနှိမ်ခံရသည့် ပုံစံမျိုးကိုမူ သူ တကယ်ပင် ကြည့်မနေနိုင်ခဲ့ပေ။ ထို့ကြောင့် အဟောင်း၊အသစ် ရန်ငြိုးများအားလုံးက ရင်ထဲသို့ စုပြုံဝင်ရောက်လာသည်။
ရှားကျူးက လက်ကို ပင့်တင်ကာ ချန်ကောဟွားထံသို့ ပြေးဝင်လာရန် ပြင်ဆင်လိုက်တော့သည်။
ရှားကျူး၏ ထူးဆန်းသော လှုပ်ရှားမှုကို သတိထားမိလိုက်ပြီး ချန်ကောဟွား၏ မျက်လုံးများထဲတွင် အန္တရာယ်ရှိသော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားခဲ့ပြီးနောက် နောက်ပြန်လှည့်ကာ ပါးတစ်ချက် အပြင်းအထန် ရိုက်ချလိုက်တော့သည်။
ဖြန်း
ကျယ်လောင်သော ပါးရိုက်သံတစ်ခုနှင့်အတူ ရှားကျူးမှာ မြေပြင်ပေါ်သို့ လဲကျသွားသည်။
"ဟေ့ကောင် ရှားကျူး မင်း မျက်စိကန်းနေလား"
"ငါ့မိန်းမမှာ ကိုယ်ဝန်ရှိနေတာ မမြင်ဘူးလား"
"မင်းသာ သူ့ကို ဝင်တိုက်မိရင် မင်းကို သေအောင် ရိုက်ပစ်မယ်"
ဤတစ်ကြိမ်တွင် ချန်ကောဟွားသည်လည်း အမှန်တကယ်ပင် ဒေါသထွက်သွားသည်။
သူက ချင်ကျင်းယွီ၏ စိတ်ထဲရှိ သံသယများကို ဖြေရှင်းပေးလိုရုံသာဖြစ်သော်လည်း ဤရှားကျူးမှာ ဝက်တစ်ကောင်ကဲ့သို့ အကြောင်းပြချက်မရှိဘဲ ဝင်ရောက်လာလိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့မိပေ။
ဒီကောင် ချင်ဟွိုင်ယွီရဲ့ တစ်သက်လုံး သွေးစုပ်ခံရတာ တန်တယ်
ထိုမြင်ကွင်းကို မြင်တွေ့လိုက်ရသောအခါ ပတ်ဝန်းကျင်ရှိ လူအများကလည်း အသက်ရှူမှားလုမတတ် ဖြစ်သွားကြသည်။ ချန်ကောဟွားမှာ ဤမျှလောက်အထိ အစွမ်းထက်နေလိမ့်မည်ဟု သူတို့ မထင်မှတ်ထားခဲ့ကြပေ။ ပါးတစ်ချက်ရိုက်ရုံဖြင့် သံမဏိစက်ရုံ၏ တိုက်ခိုက်ရေးဘုရင်ကြီးကို မြေပြင်ပေါ်သို့ လဲကျသွားစေသည်။
လူအုပ်ထဲတွင် လျိုဟိုင်ကျုံးနှင့် ရွှီတမောင်းတို့မှာ အကြောက်လွန်ကာ လည်ပင်းများပင် ပုသွားကြပြီး နောင်တွင် ချန်ကောဟွား ဒေါသထွက်မည့် ကိစ္စမျိုးကို လုံးဝ မလုပ်တော့ဟု ဆုံးဖြတ်လိုက်ကြသည်။
ယွီလီအပါအဝင် အချို့သော အမျိုးသမီးများကမူ ချန်ကောဟွားကို အထင်ကြီးလေးစားသော မျက်လုံးများဖြင့် ကြည့်ရှုနေကြသည်။ အဘယ်ကြောင့်ဆိုသော် ထိုခဏတွင်မှ ချင်ကျင်းယွီမှာ ချန်ကောဟွား၏ အသက်တမျှ အရေးပါသူဖြစ်ကြောင်း သူတို့ သိရှိသွားကြသောကြောင့် ဖြစ်သည်။ မည်သူကမျှ ရန်စ၍ မရနိုင်သော သူပင် ဖြစ်သည်။
ဤအချက်ကို သိရှိလိုက်ရပြီးနောက် သူတို့အားလုံးက ချင်ကျင်းယွီကို အလွန်တရာ အားကျသော မျက်လုံးများဖြင့် ကြည့်ရှုနေကြတော့သည်။
စဉ်းစားကြည့်ရမည်ဆိုလျှင် မည်သည့်မိန်းမက မိမိ၏ ယောက်ျားဖြစ်သူကို ချန်ကောဟွားကဲ့သို့ မဖြစ်စေချင်ဘဲ နေပါမည်နည်း။ မိမိအတွက် ရှေ့ထွက်ကာကွယ်ပေးရန် ဤမျှလောက်အထိ ပြတ်သားနိုင်စွမ်း ရှိသည်။ ဤသည်က လုံခြုံမှုအပြည့်အဝ ပေးစွမ်းနိုင်ခြင်းပင် ဖြစ်သည်။
တစ်ချိန်တည်းမှာပင် လူတိုင်းက ချန်ကောဟွား၏ စကားအတိုင်း တွေးတောစဉ်းစားလာကြပြီး ထိုစကားမှာ အမှန်တကယ်ပင် အကြောင်းပြချက် ခိုင်လုံသည်ဟု ထင်မြင်လာကြသည်။
ချန်ကောဟွားက ပြဿနာဖြေရှင်းရန် ချင်ကျင်းယွီကို ကျားမိသားစုအိမ်သို့ ခေါ်လာခြင်း ဖြစ်သည်။
မင်း ရှားကျူးနဲ့ ဘာဆိုင်လို့လဲ
ရှားကျူးက လူရမ်းကားတစ်ယောက်လို လက်သီးဆုပ်ကာ လူရိုက်ရန် ပြင်ဆင်နေသည်။ အကယ်၍သာ ချင်ကျင်းယွီကို အမှန်တကယ် ဝင်တိုက်မိပါက သေချာပေါက် တာဝန်ယူရမည်သာ ဖြစ်သည်။
ဟယ်ယွီရွှိန်ပင်လျှင် ရှားကျူးအား အထင်သေးသော မျက်လုံးများဖြင့် ကြည့်ရှုနေပြီး သူနှင့် မောင်နှမ မတော်စပ်ချင်တော့သည့်အထိပင် ဖြစ်လာသည်။
ချင်ဟွိုင်ယွီကမူ ချင်ကျင်းယွီကို အလွန်တရာ ရှုပ်ထွေးသော အကြည့်များဖြင့် ကြည့်ရှုနေသည်။ ရှုပ်ထွေးသော အကြည့်များထဲတွင် အကယ်၍ ထိုနှစ်က သူမသာ မမှားယွင်းခဲ့ပါက ချန်ကောဟွားက သူမအတွက် ရှေ့ထွက်ကာကွယ်ပေးနေမည် မဟုတ်ပါလောဟူသော တွေးတောမှုများ ပါဝင်နေသကဲ့သို့ ရှိသည်။
ထိုအချိန်၌ ပါးရိုက်ခံလိုက်ရသော ရှားကျူးက အရှက်ရသွားသည်ဟု ခံစားလိုက်ရပြီး အော်ဟစ်စိန်ခေါ်တော့သည်။
"မင်း ချန်ကောဟွား မင်းက ချင်ဟွိုင်ယွီကို အနိုင်ကျင့်နေတာ မဟုတ်ဘူးလား"
ချန်ကောဟွားက လုံးဝ ဂရုမစိုက်ဘဲ လျစ်လျူရှုလိုက်သည်။ ရှားကျူးကဲ့သို့သော အစေခံခွေးတစ်ကောင်အတွက် သူ စကားတစ်ခွန်းမျှပင် မပြောဆိုချင်ပေ။
ချင်ကျင်းယွီ၏ ပခုံးကို ဖက်ကာ ချင်ဟွိုင်ယွီ၏ အရှေ့သို့ လျှောက်သွားလိုက်ပြီး အရေးကြီးသော ကိစ္စတစ်ခုကို ကြေညာရန် ပြင်ဆင်လိုက်သည်။
"ကျားတုန်းရွှီ မင်းက ငါ့ကို ကူညီစေချင်တယ်ဆိုတော့ ငါလည်း မင်းကို ပြောလိုက်မယ်၊ သူများသုံးပြီးသား ဖိနပ်စုတ်ကို ငါ မျက်စိမကျဘူး"
"ဒါပေမဲ့ မင်းက ငါ့ရဲ့ စည်းကမ်းချက်ကို သဘောတူမယ်ဆိုရင် မင်းကို ကူညီဖို့ ငါ သဘောတူတယ်"
အသံအဆုံးတွင် ရေနစ်နေသူတစ်ဦး နောက်ဆုံး ကောက်ရိုးမျှင်လေးကို ဖမ်းဆုပ်မိသွားသကဲ့သို့ ကျားတုန်းရွှီက စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုလိုက်သည်။
"မင်း ပြောလေ၊ ငါတို့ ကျားမိသားစုက လုပ်နိုင်သမျှ ငါ အကုန်သဘောတူတယ်"
"ကျင်းယွီက နောက်ထပ် အချိန်နည်းနည်းလောက်ဆို ကလေးမွေးတော့မှာ ငါ့ရဲ့ အရှေ့ခြံဝင်းထဲက အိမ်မှာလည်း ပရိဘောဂတချို့ လိုအပ်နေတယ်၊ မင်းတို့ ကျားမိသားစုက သစ်သားစားပွဲနဲ့ ခုံတွေကတော့ သုံးလို့ရနိုင်လောက်သေးတယ်လို့ ငါထင်တယ်၊ အဲဒီပစ္စည်းတွေကို အလဲအလှယ်အနေနဲ့ ယူမယ်"
"ပြီးတော့ ကျင်းယွီက ကလေးမွေးပြီးရင် မီးတွင်းဝင်ရဦးမှာဆိုတော့ချင်ဟွိုင်ယွီကို ငါ့ရဲ့ချန်မိသားစုအိမ်မှာ အစေခံအဖြစ် နှစ်လလောက် လာလုပ်ခိုင်းလိုက်ရင် ရပါပြီ"
ချန်ကောဟွားက အေးတိအေးစက် ပြောဆိုလိုက်သည်။ သို့သော် သူ၏ အေးစက်စက် စကားလုံးများ ထွက်ပေါ်လာပြီးနောက် ပတ်ဝန်းကျင်ရှိ လူအများအားလုံး တိတ်ဆိတ်ငြိမ်သက်သွားကြသည်။