အခန်း ၄၉
Vol. 5 Ch. 49
၉၀ ခုနှစ် လမ်းကြားထဲက အလှပဂေးလေး
အပိုင်း ၄၉
"ငွေတွေအကုန်လုံး ဘယ်ကို ရောက်ကုန်တာလဲ။" စွင်းတဖူ၏ မျက်နှာက ပျက်သွားခဲ့သည်။ "မင်း အဲ့ဒါတွေကို အကုန် ဖဲရိုက်ပစ်လိုက်တာလား။ မင်းလို အသုံးမကျတဲ့ မိန်းမ၊ ငါတို့ရဲ့ စုငွေတွေကို ဖဲရိုက်ပစ်ရုံတင်မကဘဲ ဟန်မိသားစုဆီက ငွေတွေကိုပါ ခိုးထုတ်ပြီး လုပ်ရဲတယ်ပေါ့။ ငါတို့က ဘယ်လိုမျိုး နောက်ခံက လာတာလဲ။ လွတ်လပ်ရေးမရခင်တုန်းက ငါ့အဖေက သခင်ကြီးဟန်ကို မကယ်ခဲ့ဖူးရင်၊ ပြီးတော့ ဒီနှစ်တွေတစ်လျှောက်လုံး အဲ့ဒီကျေးဇူးကို အမှီမပြုခဲ့ရရင် ငါတို့က အခုထိ ကောက်စိုက်၊ သိုးကျောင်းနေရတဲ့ လယ်သမားတွေပဲ ရှိသေးမှာ။ မင်းက ဘာမို့လို့ ကျန်းဟွေ့ချီကို ထိပ်တိုက်ရင်ဆိုင်ရဲရတာလဲ။ မင်းကြောင့်သာ မဟုတ်ရင် ငါရထားတဲ့ အဲ့ဒီ ပူးပေါင်းဆောင်ရွက်ရေး ပရောဂျက်က လမ်းတစ်ဝက်မှာတင် ဘယ်တော့မှ ရပ်သွားမှာ မဟုတ်ဘူး။"
အစ်မလီက ရုတ်တရက် ဝုန်းခနဲ မတ်တတ်ထရပ်လိုက်သည်။ "အခုကြတော့ ရှင်က ကျွန်မကို အပြစ်တင်နေတာပေါ့လေ။ ရှင်ကိုယ်တိုင်က ဇနီးနဲ့ သမီးကို ကောင်းကောင်းမထားနိုင်တာ၊ ရှင့်မှာ ကျွန်မကို ဆုံးမဖို့ အရည်အချင်းရှိတယ်လို့ ထင်နေတာလား။ ဘေးအိမ်က ကျန်းမိသားစုအကြောင်းကိုကြ ဘာလို့ ထည့်မပြောတာလဲ။ သူတို့လည်း ကျွန်မတို့လိုပဲ လယ်လုပ်ခဲ့ကြတာပဲ၊ ဒါပေမယ့် သူတို့ သားသမီး မြေးမြစ်တွေအတွက် တောက်ပတဲ့ အနာဂတ်ကို ဖန်တီးပေးနိုင်ခဲ့ကြတယ်။ ရှင်က ရှင့်အဖေထက် ပိုကောင်းတဲ့ အခြေအနေမှာ မွေးလာပေမယ့် အဲ့ဒါက ရှင့်အဖေကို ဗိုလ်ချုပ် သို့မဟုတ် ပါတီကော်မတီဝင် ဖြစ်အောင် ကူညီပေးနိုင်ခဲ့လို့လား။ အဲ့ဒါကြောင့် မြောင်မြောင်ကို အနာဂတ်ရှိတဲ့ ယောကျ်ားတစ်ယောက်နဲ့ လက်ထပ်ရမယ်လို့ ကျွန်မ ပြောခဲ့တာ။ မဟုတ်ရင် သူမနဲ့ သူမရဲ့ သားသမီးတွေ တစ်သက်လုံး ဒုက္ခရောက်လိမ့်မယ်။"
သူမ ကြမ်းပြင်ပေါ်သို့ ပုံလဲကျသွားပြီး သူမ၏ မကျေနပ်ချက်များကို ရင်ဖွင့်တော့သည်။ "ကျွန်မ ဘဝတစ်ဝက်လောက်ကို မီးဖိုချောင်ထဲမှာပဲ ကျွန်ခံပြီး ကုန်ဆုံးခဲ့ရတာ၊ ကြက်ထက်စောစောထပြီး ခွေးထက်နောက်ကျမှ အိပ်ခဲ့ရတယ်။ နောက်ဆုံးတော့ ကျွန်မ ရလိုက်တာက ရှင့်ရဲ့ အမုန်းတွေပဲ။ ဒီနှစ်တွေတစ်လျှောက်လုံး အပင်ပန်းခံ လုပ်ခဲ့ရတာ၊ ကျွန်မမှာ ဖဲကစားတဲ့ ဝါသနာလေးတစ်ခုတောင် ရှိခွင့်မရှိဘူးလား။ ဘာလဲ… ကျွန်မက အနှိမ်ခံဖို့ပဲ မွေးလာတာလား၊ ရှင့်ရဲ့ စွင်းမိသားစုအတွက် အလုပ်ကျွေးပြုရမယ့် ကျွဲနွားတစ်ကောင်ပဲ ဖြစ်သင့်တာလား။"
စွင်းတဖူကလည်း လည်ပင်းကြောကြီးများ ထောင်သည်အထိ အော်ဟစ်လိုက်သည်။ "ငါ့အဖေသာ ဗိုလ်ချုပ်တို့၊ ပါတီကော်မတီဝင်တို့ ဖြစ်ခဲ့ရင် မင်းလို မိန်းမမျိုးကို ငါ လက်ထပ်ပါ့မလား။"
လင်မယားနှစ်ယောက်မှာ အကြီးအကျယ် စကားများ ရန်ဖြစ်ကြတော့သည်။
စွင်းမြောင်လည်း မူလကတည်းက စိတ်အခြေအနေ မကောင်းဖြစ်နေရသည့်အထဲ မိဘနှစ်ပါး အပြန်အလှန် အော်ဟစ်နေကြသည်ကို ကြားရသဖြင့် ရင်ဘတ်ထဲတွင် အလေးကြီးတစ်ခုက ဖိထားသကဲ့သို့ မွန်းကျပ်မှုကို ခံစားလိုက်ရသည်။
အခုအချိန်မှာ ငွေကြေးက တကယ်ပဲ ပြဿနာဖြစ်နေတာလား။ သူမက မကြာခင်မှာ အလုပ်နေရာ ချထားပေးခြင်း ခံရတော့မည်ဖြစ်သည်။ ဟန်မိသားစု၏ ပံ့ပိုးကူညီမှုသာ မရှိရင် သူမ ဘယ်သူ့ထံမှ အကူအညီ တောင်းနိုင်တော့မည်နည်း။
သို့သော် ထိုအချိန်တွင် သူမ ရုတ်တရက် တစ်ခုခုကို သတိပြုမိသွားသည်။ အမြဲတမ်း ဖဲရိုက်ရတာ ဝါသနာပါသည့် သူမ၏ အမေကို စိုက်ကြည့်ရင်း မျက်နှာပျက်ပျက်ဖြင့် မေးလိုက်သည်။ "သမီးတို့ကို တစ်ပြားမှ မစုမိထားဘူးလို့တော့ မပြောနဲ့နော်။ သမီးတို့တစ်တွေ တစ်သက်လုံး အိမ်ငှားပြီး နေရတော့မှာလား။"
….
ရွှီမုန့်ကို မြင်လိုက်ရမှပဲ ကျန်းဟွေ့ချီက စိတ်နည်းနည်း သက်သာရာရသွားတော့သည်။
ဒီရက်ပိုင်းအတွင်း ရွှီမုန့် ရောက်လာပေးခြင်းကြောင့်သာ ကစားရတာ ဝါသနာပါပြီး ပေါ့ပေါ့ပါးပါး နေတတ်သည့် ဟန်လင်လင်ပင် ငြိမ်ကျသွားခဲ့ပြီး အပြင်သွားဖို့ ဂျီမတိုက်တော့ခြင်း ဖြစ်သည်။
သူမက သမီးဖြစ်သူကို ဒီလိုလူမျိုးများနှင့် သူငယ်ချင်းဖွဲ့စေချင်သည်။ စွင်းမြောင်လို လူမျိုးနှင့် ပတ်သက်၍မူ ယနေ့ကြမှသာ ထိုမိန်းကလေး၏ သရုပ်မှန်ကို အထင်အရှား မြင်တွေ့လိုက်ရခြင်းဖြစ်သည်။
စွင်းမြောင်က အကွက်ဆင်ရတာကို တကယ် ကျွမ်းကျင်သည့် လူစားမျိုးဖြစ်သည်။ သူမက မျက်နှာကြီး ရာထူးကြီး မက်မောသူ ဖြစ်သော်လည်း သူမ ဖားချင်သည့် လူများကို ဘယ်လို စိတ်ချမ်းသာအောင် ထားရမလဲဆိုတာ ကောင်းကောင်းသိသည်။ သူမက ကျန်းဟွေ့ချီ၏ ရှေ့တွင် အမြဲတမ်း လိမ္မာယဉ်ကျေးပြနေခဲ့သော်လည်း သူမလို လူစားမျိုးက တစ်နေ့တွင်တော့ သူတို့၏ ကောက်ကျစ်စဉ်းလဲသော သဘာဝကို ပြသလာစမြဲပင် ဖြစ်သည်။
"မုန့်မုန့်၊ ရောက်လာပြီပဲ။ ဒီနေ့ လင်လင်နဲ့အတူ စာကျက်ဖို့ လာတာ မဟုတ်ဘူးလား။"
"အန်တီကျန်း၊ အမေက လင်လင်အတွက် ပစ္စည်းတစ်ခုခု ပေးခိုင်းလိုက်လို့ပါ။" ရွှီမုန့် ပြောလိုက်သည်။
ကျန်းဟွေ့ချီက ထိုပစ္စည်းကို တစ်ချက်လှမ်းကြည့်လိုက်သော်လည်း သိပ်ပြီး အာရုံမစိုက်မိပေ။ ရွှီမုန့်ကို ဧည့်ခံကျွေးမွေးခြင်းက သူမ၏ ကိုယ်ပိုင်ရွေးချယ်မှုသာဖြစ်ပြီး မည်သည့်အရာကိုမျှ ပြန်မျှော်လင့်ထားခြင်း မရှိပေ။ ထို့အပြင် ရွှီမုန့်၏ မိသားစု အခြေအနေ မကောင်းကြောင်းလည်း သူမ ကြားဖူးသည်။
နွေရာသီကျောင်းပိတ်ရက်အတွင်းက ထိုမိန်းကလေးက ငွေရှာရန် ရထားဘူတာရုံတွင် ဖရဲသီးပင် လိုက်ရောင်းခဲ့သေးသည်။ ထိုအချက်တစ်ခုတည်းနှင့်တင် ကျန်းဟွေ့ချီက သူမကို အလွန် လေးစားမိစေသည်။ အမှီအခိုကင်းခြင်း၊ ကြိုးစားအားထုတ်ခြင်းနှင့် ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်ခြင်းတို့ကြောင့် ဖြစ်သည်။
"သမီးလည်း လိမ္မာတဲ့ ကလေးလေးပဲ။ အထဲဝင်ပြီး ခဏထိုင်ပါဦး။" ၎င်းမှာ စာအုပ်တစ်အုပ်ဖြစ်နေသည်ကို မြင်သောအခါ ကျန်းဟွေ့ချီက သာမန်စာအုပ်တစ်အုပ်သာ ဖြစ်လိမ့်မည်ဟု တွေးလိုက်သည်။ ဒီဘက်ခေတ်တွင် မိန်းကလေးငယ်လေးများက ထိုကဲ့သို့သော လက်ဆောင်လေးများကို ပေးလေ့ရှိကြသည်။
ထိုအချက်က ရွှီမုန့်အပေါ် သူမ၏ အချစ်ကို ပိုတိုးစေသည်။ အကယ်၍ တန်ဖိုးကြီးပစ္စည်းတစ်ခုခုသာ ဖြစ်နေပါက အားနာစရာ ဖြစ်နေလိမ့်မည်။
သို့သော် ထိုအချိန်တွင် ဟန်လင်လင်က ရုတ်တရက် အော်ပြောလိုက်သည်။ "ရွှီမုန့်၊ ဒီမှတ်စုတွေကို တကယ်ပဲ နင့်အမေ လုပ်ပေးထားတာလား။"
စောစောက ဟန်လင်လင်က ရွှီမုန့်ကို ကူညီသည့်အနေဖြင့် ထိုမှတ်စုများက ဘယ်လောက်တောင် ကောင်းကြောင်း တမင်တကာ ပုံကြီးချဲ့ ပြောနေခဲ့ခြင်းသာ ဖြစ်သည်။
သို့သော် အမှန်တွင်မူ သူမက ထိုမှတ်စုများကို သေသေချာချာ မဖတ်ကြည့်ရသေးပေ။
ရွှီမုန့်က အနားသို့ တိုးကြည့်လိုက်ရာ ဟန်လင်လင်က အက်ဆေးရေးနည်း ကဏ္ဍကို ဖတ်နေသည်ကို တွေ့လိုက်ရသည်။
ဖုန့်ယန်ဝမ်က တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် အများဆုံး ထွက်လေ့ရှိသည့် အက်ဆေးအမျိုးအစားများကို ခွဲခြမ်းစိတ်ဖြာပြီး အနှစ်ချုပ်ပေးထားခြင်းဖြစ်သည်။ စုစုပေါင်း အကြမ်းဖျင်းအားဖြင့် အမျိုးအစား ငါးမျိုးခန့် ရှိသည်။
၁၉၉၀ ပြည့်လွန်နှစ်များတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ၏ ခက်ခဲမှုအဆင့်က ထွေထွေထူးထူး သိပ်မမြင့်မားလှသေးဘဲ ဖုန့်ယန်ဝမ်က သူမ၏ မှတ်စုများထဲတွင် တကယ်ကို အားသွန်ခွန်စိုက် ကြိုးစားပေးထားသည်။ ၎င်းတို့က စာမေးပွဲအတွက် ပြင်ဆင်ရန် လုံလောက်သည်ထက်ပင် ပိုနေပါသေးသည်။
ရွှီမုန့်က သိပ်ပြီး အရေးတကြီး မတွေးဘဲ ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။ "အင်း၊ အမေ လုပ်ပေးထားတာ။ စာမေးပွဲဖြေဖို့အတွက်ပဲလေ။" စာမေးပွဲဖြေဖို့ကလွဲလို့ ကျန်တာတော့ သိပ်ပြီး အသုံးမဝင်လှပါဘူးဟု ဆိုလိုခြင်းဖြစ်သည်။
ပုံမှန်အားဖြင့် မိန်းကလေးများ၏ စကားဝိုင်းထဲတွင် သိပ်ပြီး ဝင်မပါတတ်သည့် ကျန်းဟွေ့ချီပင်လျှင် အနားသို့ တိုး၍ လှမ်းကြည့်လိုက်သည်။ သူမက သမီးဖြစ်သူ၏ ပညာရေးကို အမြဲတမ်း အထူးဂရုစိုက်လေ့ရှိသည်။
ရွှီမုန့် ရှင်းပြလိုက်သည်။ "စာမေးပွဲအတွက် ပြင်ဆင်တာနဲ့ လက်တွေ့အသုံးချတာက အတူတူပဲတော့ မဟုတ်ဘူးပေါ့။"
ကျန်းဟွေ့ချီက ကောင်းကောင်းနားမလည်ပေ၊ အင်္ဂလိပ်စာက အင်္ဂလိပ်စာပဲဟာကို၊ ဘာတွေ ကွာခြားနိုင်မှာမို့လို့လဲ။
သို့သော် သူမ အနှစ်ချုပ်ကိုတော့ သဘောပေါက်သွားပုံရသည်၊ ရှောင်ရွှီလေး၏ အမေက တကယ့်ကို အရည်အချင်းရှိသည့်သူ ဖြစ်ရမည်။
ကျန်းဟွေ့ချီက ရွှီမုန့်ကို အထဲသို့ ချက်ချင်း ဖိတ်ခေါ်လိုက်သည်။ "အပြင်မှာ မတ်တတ်ကြီး မရပ်နေပါနဲ့။ အထဲဝင်ပြီး တစ်ခုခု စားဦး။ အန်တီတို့ အခုပဲ ကွမ်တုံးစတိုင် မုန့်တွေကို လုပ်တဲ့နေရာမှာ အရမ်းတော်တဲ့ စားဖိုမှူးအသစ်တစ်ယောက် ငှားထားတယ်။"
ရွှီမုန့်က မုန့်များ သို့မဟုတ် အခြားအရာများကို စိတ်မဝင်စားပေ။ သူမ ဒီနေ့လာတာက မှတ်စုစာအုပ် လာပေးရုံသက်သက်သာ ဖြစ်သည်။ သူမ ကျန်းဟွေ့ချီကို ချက်ချင်း အားနာစွာဖြင့် ပြောလိုက်သည်။ "အန်တီ၊ အမေက အိမ်မှာ စောင့်နေလို့ပါ။ သမီး ပြန်လိုက်ပါဦးမယ်။"
ကျန်းဟွေ့ချီကို ပြောစရာရှိတာ ပြောပြီးနောက် သူမက လိုအပ်တာထက် စကားတစ်လုံးမှ ပိုမပြောဘဲ လှည့်ထွက်သွားခဲ့တော့သည်။
_ _
သူမ၏ အရင်ဘဝတုန်းကလိုပင် ကျောင်းအများစုက အထက်တန်း ဒုတိယနှစ် မကုန်ဆုံးမီမှာတင် သင်ရိုးညွှန်းတမ်းတစ်ခုလုံးကို အပြီးသင်ကြသည်။ တတိယနှစ်တစ်ခုလုံးကိုတော့ သင်ခန်းစာ ပြန်နွှေးခြင်း မွမ်းမံမှုအတွက်သာ သုံးကြပြီး ယခုအခါ သူမကို စောင့်ကြိုနေသည်ကတော့ မရပ်မနား ဖြေဆိုရမည့် စာမေးပွဲအမြောက်အမြားပင် ဖြစ်သည်။
ရွှီမုန့်က သူမ၏ ကျောင်းသုံးစာအုပ်များကို စားပွဲခုံထဲသို့ ပြန်ထည့်လိုက်ပြီး လေ့ကျင့်ခန်းပုစ္ဆာများကို ချက်ချင်း ခေါင်းစိုက်တွက်တော့သည်။
သူမ ပြန်မွေးဖွားလာကတည်းက နေ့ရက်တိုင်းကို အထူးတန်ဖိုးထားတတ်လာခဲ့သည်။
ပုစ္ဆာများတွက်ခြင်း၊ စာပိုဒ်များကျက်မှတ်ခြင်း၊ ဝေါဟာရများ လေ့လာခြင်း…
သူမ၏ အရင်ဘဝတုန်းက စာမေးပွဲရလဒ်က ဘွဲ့ကြိုတန်းဝင်ခွင့် အမှတ်အနည်းငယ်ကို သီသီလေးသာ မီခဲ့သည်။ ဒီဘဝတွင်တော့ ရွှီမုန့်က ပိုပြီး ကြိုးစားချင်သည်၊ ဖြစ်နိုင်ရင် ကံကောင်းခြင်းများလည်း ပိုရနိုင်တာပေါ့။
သူမ စာအုပ်များကို ဘယ်လောက်ကြာကြာ စိုက်ကြည့်နေမိသည်ကို မသိလိုက်ဘဲ နောက်မှ တစ်ယောက်ယောက်က လာတို့မှ သတိဝင်လာခဲ့သည်။ ရွှီမုန့် လှည့်ကြည့်လိုက်ရာ ပိန်ပိန်ပါးပါးနှင့် အရပ်ပုပု မိန်းကလေးအတန်းဖော်တစ်ဦးကို တွေ့လိုက်ရသည်။ သူမက ရွှီမုန့်၏ မျက်လုံးများနှင့် ဆုံမိသောအခါ တွေဝေသွားပြီး နှုတ်ခမ်းကို ဟလိုက်စေ့လိုက် ခဏခဏလုပ်နေပြီးမှ နောက်ဆုံးတွင် မေးလာခဲ့သည်။
"ရွှီမုန့်၊ ထမင်းမစားဘူးလား။"
သွားပြီ။ ရွှီမုန့်က စာသင်ခန်းထဲကို အမြန်ဝေ့ကြည့်လိုက်ပြီး ချက်ချင်း သဘောပေါက်သွားသည်၊ နေ့လယ်စာစားချိန် ရောက်နေပြီဖြစ်သည်။
ကျောင်းတွင် ကျောင်းသားများ အလွန်များပြားပြီး ထမင်းထုတ်ပေးသည့် ပြတင်းပေါက်က အကန့်အသတ်ရှိသည်။ နေ့လယ်စာစားချိန် ရောက်သည့်အခါ လူများက အလုအယက် ဖြစ်သွားတတ်ကြသည်။ နောက်ဆုံးနှစ် ကျောင်းသားများကို ဦးစားပေးသည့်အနေဖြင့် ကျောင်းက ဆယ်မိနစ်စောပြီး လွှတ်သော်လည်း အချိန်မီမရောက်ပါက အောက်တန်းက ကလေးများနှင့်အတူ တိုးဝှေ့ရမည်ဖြစ်ပြီး လူအုပ်ကြီးက အလွန်များပြားလိမ့်မည်။
ရွှီမုန့်က ထမင်းချိုင့်ကို အမြန်ဆွဲယူရင်း ထိုမိန်းကလေးကို ကြည့်လိုက်ရာ ရုတ်တရက် သူမ ဘယ်သူလဲဆိုတာ မှတ်မိသွားသည်။
ဝေ့ရှန်း။
သူမ အစတုန်းက ဝေ့ရှန်းအပေါ် သိပ်ပြီး မမှတ်မိခဲ့ပေ၊ အဓိကကတော့ ထိုမိန်းကလေးက လူရိပ်လူခြေ အလွန်နည်းလွန်းသောကြောင့် ဖြစ်သည်။ သို့သော် သူမ မှတ်မိနေရသည့် အကြောင်းရင်းမှာ ဝေ့ရှန်းက နောက်ပိုင်းတွင် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့ကြောင်း ကြားသိခဲ့ရခြင်း ဖြစ်သည်။ အတန်းဖော်တစ်ယောက်အနေဖြင့် သူမ စိတ်မကောင်းဖြစ်မိခဲ့သော်လည်း ထိုအချိန်က သူတို့ ကျောင်းပြီးသွားခဲ့ကြပြီဖြစ်သည်။ ဘယ်သူ့ထံတွင်မှ သူမမိသားစု၏ ဆက်သွယ်ရန်လိပ်စာ မရှိခဲ့ကြသလို ဘယ်သူမှလည်း ဝမ်းနည်းကြောင်း သွားရောက်မပြောဖြစ်ခဲ့ကြပေ။
နှစ်ပေါင်းများစွာ ကြာပြီးနောက် ရွှီမုန့်က အထက်တန်းကျောင်းတုန်းက အတန်းဖော်ဟောင်းတစ်ယောက်နှင့် ပြန်ဆုံခဲ့သည်။ ထိုအချိန်တွင် လူတိုင်းက အသက် လေးဆယ်နီးပါး ရောက်နေကြပြီဖြစ်ပြီး စကားဝိုင်းများက အိမ်အကြောင်းနှင့် သားသမီးအကြောင်းများသာ ဖြစ်နေတတ်သည်။ တစ်ယောက်ယောက်က စကားစပ်မိရင်း ဝေ့ရှန်းအကြောင်းကို ထည့်ပြောလိုက်ရာ ထိုအတန်းဖော်က တကယ်ကို နှမြောတသစွာဖြင့် သက်ပြင်းချခဲ့သည်။
"ငါ အဲ့ဒီတုန်းက ဝေ့ရှန်းနောက်ကို လိုက်ခဲ့သင့်တာ။ သူမတို့ရွာက နောက်ဆုံးမှ ဖျက်သိမ်းခံရတဲ့ ရွာတွေထဲကတစ်ခုလေ၊ အိမ်တိုင်းက ငွေတွေအမြောက်အမြားနဲ့ အိမ်ခြံမြေတွေ အများကြီး ရခဲ့ကြတာ။ အခြေအနေအဆိုးဆုံး မိသားစုတွေတောင် တိုက်ခန်းအများကြီး ရခဲ့ကြတယ်လို့ ကြားတယ်။ အဲ့ဒီနားက အိမ်တွေက မပေါဘူးလေ၊ ဆိုလိုတာက အိမ်တိုင်းလိုလို သန်းကြွယ်သူဌေးတွေ ဖြစ်သွားကြတာပေါ့။"
မြို့ပြပြန်လည်ဖွံ့ဖြိုးရေး ဆိုသည်မှာ အမြဲတမ်းလိုလို နားထောင်လို့ကောင်းသော်လည်း လူတိုင်းက အချိန်ကိုက် ကံကောင်းတတ်ကြသည်တော့ မဟုတ်ပေ။
အကယ်၍ မိမိနေရာက စောစောစီးစီး ဖျက်သိမ်းခံရပါက အိမ်များက သိပ်ပြီး တန်ဖိုးမရှိလှပေ။ အချို့လူများက လျော်ကြေးငွေကို ယူပြီး နိုင်ငံခြားသွားကြ သို့မဟုတ် ကားများဝယ်ပြီး ဖြုန်းပစ်ကြသဖြင့် နောက်ဆုံးတွင် ဘာမှ မကျန်တော့ပေ။
အကောင်းဆုံး အခြေအနေကတော့ အိမ်ခြံမြေကဏ္ဍ အရှိန်အဟုန်ဖြင့် တိုးတက်နေသည့် နှစ်များအတွင်း အချိန်ကိုက် မိသွားသည့် လူများဖြစ်သည်။ လျော်ကြေးကလည်း အများကြီးရရှိပြီး ထိုအချိန်တွင် သာမန်လူများကလည်း ဘဏ္ဍာရေးဆိုင်ရာ စီမံခန့်ခွဲမှု အသိအမြင်များ ရှိနေကြပြီဖြစ်သည်။
ဝေ့ရှန်းက ရွှီမုန့်၏ မှတ်ဉာဏ်ထဲကအတိုင်း ပိန်ပိန်သေးသေးလေးနှင့် အနည်းငယ် ကယောင်ကတမ်း ပုံစံမျိုး ရှိနေဆဲပင် ဖြစ်သည်။ သူမ ထိုနေရာတွင် ငေးငိုင်ပြီး ရပ်နေဆဲဖြစ်သည်ကို မြင်သောအခါ ရွှီမုန့်က သူမကို အမြန်ဆွဲပြီး စားသောက်ဆောင်ဘက်သို့ ခေါ်သွားခဲ့သည်။ လမ်းတွင် သူမက ပြောလိုက်သည်။ "ငါတို့ နှစ်ယောက် တွဲလုပ်ရအောင်၊ နင်က ထမင်းသွားယူ၊ ငါက ဟင်းသွားယူမယ်။ ငါ့ရဲ့ ထမင်းလက်မှတ်ကို နင့်ကိုပေးမယ်၊ နင့်ရဲ့ ဟင်းလက်မှတ်ကို ငါ့ကိုပေး။"
"အိုး၊ ဟုတ်ပြီလေ။ ဒါက ငါ့ဟာ။ ငါကတော့ အဆင့် (၃) ထမင်းဟင်းပဲ စားမယ်။" ဝေ့ရှန်းက ကြောက်ကြောက်လန့်လန့် အသံလေးဖြင့် ပြန်ဖြေခဲ့သည်။
ရွှီမုန့်ကလည်း သူမကို ထမင်းကူပွန်တစ်ခု လှမ်းပေးလိုက်သည်။ "ငါ့ကို ထမင်း နှစ်လျန် (၁၀၀ ဂရမ်) ယူပေးပါ။"
ထမင်း နှစ်လျန်မှာ မိန်းကလေးများအတွက် သာမန်စားနေကျ ပမာဏဖြစ်သည်။
သူမတို့နှစ်ယောက်က ပြီးလျှင် ဘယ်မှာပြန်ဆုံမလဲဆိုတာ သဘောတူပြီးနောက် လမ်းခွဲလိုက်ကြသည်။
ကံကောင်းထောက်မစွာဖြင့် သူတို့ရောက်သွားချိန်တွင် နောက်ဆုံးနှစ် ကျောင်းသားများသာ ရှိသေးသဖြင့် တန်းစီစောင့်ဆိုင်းရသူ သိပ်မများလှပေ။ သို့သော် အဆင့် (၃) ထမင်းဟင်းနေရာတွင်မူ လူများ အလွန်ပြည့်နှက်နေသည်၊ ထိုခေတ်က အခြေအနေများက ခက်ခဲနေဆဲဖြစ်ပြီး လူအများစုက ခြိုးခြံချွေတာပြီး နေထိုင်ကြပုံရသည်။ ရွှီမုန့်က လူတန်း၏ အဆုံးတွင် ရပ်နေခဲ့ပြီး သူမအလှည့် မရောက်သေးမီမှာပင် ဝေ့ရှန်းက ထမင်းအား တန်းစီယူပြီးသွားခဲ့ပြီ ဖြစ်သည်။
ထမင်းနဲ့ ဟင်းကို ခွဲပြီး တန်းစီယူခြင်းမှာလည်း အထက်တန်းကျောင်းဘဝ၏ ရှားရှားပါးပါး အတွေ့အကြုံများထဲက တစ်ခုဖြစ်သည်။
၎င်းက အချိန်တစ်ဝက်ခန့် သက်သာစေသည်။
ရွှီမုန့်သည် လူအုပ်ထဲမှ ဝေ့ရှန်း ရှိနေသည့်နေရာကို ချက်ချင်း လှမ်းမြင်လိုက်ပြီး သူတို့နှစ်ယောက် စာသင်ခန်းထဲသို့ အတူတူ ပြန်လာခဲ့ကြသည်။ သူတို့ပြန်ရောက်ချိန်တွင် အတန်းထဲက လူအများစုက ထမင်းစားနေကြပြီဖြစ်သည်။ သူတို့နှစ်ယောက်က အချင်းချင်း ပြုံးပြလိုက်ကြပြီး သက်ပြင်းလေး ချလိုက်မိကြသည်။ အရင်တုန်းက တတိယနှစ် အစ်ကိုကြီး အစ်မကြီးများ ထမင်းစောစောစားရသည်ကို အမြဲတမ်း အားကျခဲ့ရသည်။ ယခုတော့ သူတို့လည်း ထိုအခွင့်အရေးကို နောက်ဆုံးတော့ ခံစားရပြီဖြစ်သည်။
"အိုး၊ ဖရုံသီးပဲ။" ဝေ့ရှန်းက မျက်လုံးလေးများ မှိတ်သွားသည်အထိ ပြုံးရင်း ပြောလိုက်သည်။
အဆင့် (၃) ထမင်းဟင်းက အမြဲတမ်း အနံ့အရသာ သိပ်မရှိသလို ဖြစ်နေတတ်သော်လည်း ပမာဏကတော့ အများကြီး ပေးသည်။ ထမင်းနှင့် နယ်ဖတ်စားလိုက်သည့်အခါ အရသာက တကယ်ကို မဆိုးလှပေ။
ဝေ့ရှန်းက ထမင်းကို အရင်ဆုံး ထက်ဝက်ပိုင်းလိုက်ပြီး တစ်ပုံကို ချိုင့်အဖုံးပေါ် တင်လိုက်သည်၊ ဒါက ရွှီမုန့်အတွက် ဖြစ်သည်။
ထမင်းခူးစဉ်က အချို့ထမင်းစေ့များက ဖရိုဖရဲ ဖြစ်နေခဲ့သော်လည်း ဝေ့ရှန်းက အားလုံးကို တော်တော်လေး ညီတူညီမျှ ခွဲဝေပေးခဲ့ပြီး ထိုထမင်းစေ့လေးများကိုပါ ထက်ဝက်စီ ညီအောင် ခွဲပေးခဲ့သည်။
ထမင်းခွဲပြီးသွားသောအခါ ရွှီမုန့်က ဖရုံသီး၏ ထက်ဝက်ကို ပိုင်းပြီး ဝေ့ရှန်းကို ပေးလိုက်သည်။ ထို့နောက်မှသာ သူမ၏ ထမင်းကို သူမ ပန်းကန်ထဲသို့ ပြန်ထည့်လိုက်တော့သည်။
ထိုအချိန်တွင် ရွှီမုန့်က သူမ၏ စားပွဲခုံအံဆွဲထဲမှ ဖန်ပုလင်းလေးတစ်ပုလင်းကို ထုတ်ပြီး ဝေ့ရှန်း၏ ရှေ့တွင် ခါပြလိုက်သည်။ "စားမလား။ နင့်ကို တစ်ဇွန်း ပေးမယ်လေ။"
၎င်းက ငရုတ်သီးထောင်း ဖြစ်သည်။
ဝေ့ရှန်းက ချက်ချင်း ခေါင်းညိတ်လိုက်သည်။ "နင်က ဒါကို ယူလာဖို့ ဘယ်လိုလုပ် စိတ်ကူးရတာလဲ။"
ပုံမှန်အားဖြင့် ရာသီဥတု အေးလာမှသာ လူများက အချဉ်ထုပ် အမျိုးမျိုးကို ယူလာတတ်ကြသည်၊ သို့သော် ငရုတ်သီးထောင်း ယူလာဖို့ကြတော့ သူမ တစ်ခါမှ စိတ်မကူးမိခဲ့ပေ။
သူမ ပြန်လည်မွေးဖွားလာကတည်းက ရွှီမုန့်က အစားအစာများကို စုဆောင်းထားတတ်သည့် အကျင့်တစ်ခု ရှိလာခဲ့သည်၊ ဒါက အရင်ဘဝက ပါလာသည့် အကျင့်ဖြစ်သည်။ သူမက သန့်ရှင်းသည့် ဇွန်းတစ်ချောင်းကို သုံးပြီး ပုလင်းထဲမှ ယူကာ ဝေ့ရှန်းကို တစ်ဇွန်းပေးပြီး သူမကိုယ်တိုင်လည်း တစ်ဇွန်းယူလိုက်ကာ ပုလင်းအဖုံးကို ပြန်ပိတ်လိုက်သည်။
သူမတို့အိမ်တွင် ငရုတ်သီးထောင်းများ အများကြီးရှိပြီး အားလုံးကို ဆီဖြင့် ပုလင်းထဲတွင် သေသေချာချာ နှပ်ထားခြင်း ဖြစ်သည်။ စားချင်သည့်အခါတိုင်း လိုအပ်သလို ယူစားနိုင်သည်။ ၎င်းက နောက်နှစ် ငရုတ်သီးပေါ်ချိန်အထိ အေးဆေး ခံသည်။ ဖုန့်ယန်ဝမ်က သူမကို ဒါကို နှမြောမနေဖို့ ပြောထားဖူးသည်၊ ကျောင်းက ထမင်းဟင်းများက ပေါ့ပျက်ပျက်နိုင်လှသဖြင့် ဒီလို အရန်ဟင်းလေးများ ရှိမှသာ ထမင်းမြိန်မှာ ဖြစ်သည်။