အခန်း ၅၀
Vol. 5 Ch. 50
၉၀ ခုနှစ် လမ်းကြားထဲက အလှပဂေးလေး
အပိုင်း ၅၀
ငရုတ်သီးထောင်းထဲတွင် ဂျင်းလည်း ရောစပ်ထားသဖြင့် အနံ့က မွှေးကြိုင်ပြီး ဆွဲဆောင်မှု ရှိလှသည်။ တစ်လုတ် စားကြည့်ပြီးသည်နှင့် ဝေ့ရှန်းက ချက်ချင်း ချီးကျူးလိုက်သည်။ "ဒါ တော်တော်စားလို့ကောင်းတာပဲ။"
ရွှီမုန့် ပြုံးပြီး ပြောလိုက်သည်။ "ငါတို့ဆီမှာ တောင်ပိုင်းက လာတဲ့ အိမ်နီးနားချင်းတစ်ယောက် ရှိတယ်။ သူမပြောတာကတော့ သူတို့ဆီမှာ နွေရာသီတိုင်း ဒါကို လုပ်လေ့ရှိပြီး မပုပ်မသိုးအောင် ဆီနဲ့ နှပ်ထားတတ်ကြတယ်တဲ့။ တစ်နှစ်လုံး ခံတယ်လေ။ ငါတို့အိမ်မှာ အများကြီး ရှိသေးတယ်၊ နင် ထပ်စားချင်ရင် ငါ့ကို ပြောနော်။"
ဝေ့ရှန်း ခေါင်းယမ်းလိုက်သည်။ "ငါက စပ်တာ သိပ်မစားနိုင်ဘူး။ အရင်ဆုံး ဒါလေးပဲ ကုန်အောင် စားလိုက်ဦးမယ်။" သို့သော် စပ်နေသော်လည်း အရသာက အလွန်ဆွဲဆောင်မှု ရှိနေဆဲပင်။
သို့သော် မကြာမီမှာပင် ဝေ့ရှန်း၏ နှာခေါင်းပေါ်တွင် ချွေးစလေးများ စို့လာခဲ့ပြီး သူမ၏ နှုတ်ခမ်းများကလည်း ရဲတောက်သွားခဲ့သည်။
သူမက ပါးစပ်ဖြင့် လေကို တရှူးရှူးမှုတ်ရင်း ရေများ အများကြီး သောက်လိုက်သည်။ "ငါ စပ်တာစားနိုင်အောင် လေ့ကျင့်ရမယ် ထင်တယ်။ နောက်အပတ်ကြရင် ငါလည်း အချဉ်တစ်ခုခု ယူလာခဲ့မယ်။ နွေရာသီတုန်းက ငါတို့ အချဉ်တည်ထားတဲ့ ငရုတ်သီးတွေ အများကြီး နေလှန်းထားတာ ရှိတယ်၊ ဒါပေမယ့် ဒီလို ရာသီဥတုမျိုးနဲ့ဆိုရင် အကြာကြီး ထားရင် ပုပ်သွားလိမ့်မယ်။"
ဒီလို ပူပြင်းသည့် ရာသီဥတုမျိုးတွင် အချဉ်များပင်လျှင် အကြာကြီး မခံနိုင်ပေ။
ထို့ပြင် ဝေ့ရှန်းက ကျောင်းအိပ်ကျောင်းစား ဖြစ်သဖြင့် ရွှီမုန့်လို နေ့တိုင်း အိမ်ပြန်လို့မရပေ။
ရွှီမုန့်က ခဏလောက် စဉ်းစားပြီးမှ ပြောလိုက်သည်။ "ဒီလိုလုပ်လေ… နင် အရင်ယူလာခဲ့၊ အဲ့ဒါ မပျက်ခင်အထိ ငါတို့ အတူတူ စားကြတာပေါ့။ အဲ့ဒါ ကုန်သွားမှ ငါ့အိမ်ကဟာကို ငါ ယူလာခဲ့မယ်။ ငါက ဘာပဲဖြစ်ဖြစ် နေ့တိုင်း အိမ်ပြန်တာပဲဥစ္စာ။"
ဝေ့ရှန်းကလည်း ဒါက အကြံကောင်းတစ်ခုဟု ထင်ပုံရပြီး စိတ်အားထက်သန်စွာဖြင့် ခေါင်းညိတ်လိုက်သည်။
အထက်တန်းကျောင်း၏ နောက်ဆုံးနှစ်မှာ ထမင်းစားဖော် ရှာရတာ မလွယ်ကူလှသဖြင့် သူတို့နှစ်ယောက်က နောက်ပိုင်းတွင် အတူတူ ထမင်းစားရန် သဘောတူလိုက်ကြသည်။
ထမင်းစားဖော်အကြောင်း ပြောရလျှင် ရွှီမုန့်က ရွှီကျားကို သတိရသွားသည်။ သူတို့နှစ်ယောက်သည် အရင်တုန်းက ညီအစ်မများလိုပဲ အတွဲညီခဲ့ကြသည်။ သို့သော် ရွှီကျားက အလွန် ကပ်စေးနှဲသည်။ ထမင်းဟင်း တန်းစီယူသည့်အခါ သူမက သူမ၏ ပန်းကန်ထဲကို ထမင်းများ ပိုပါလာအောင် တမင်တကာ လုပ်တတ်ပြီး ဘေးပတ်ပတ်လည်ကို ဖရိုဖရဲ ဖြစ်နေစေသည်။ ထို့နောက် အတူတူ ဝေမျှစားသည့်အခါ သူမက ရွှီမုန့်ကို တစ်ခုလုံး၏ ထက်ဝက်ကိုသာ ပေးချင်ပြီး ဘေးက ထမင်းလေးများကိုတော့ မျှဝေဖို့ ငြင်းဆန်တတ်သည်။
ရွှီမုန့် အရင်တုန်းက သူမကို ထောက်ပြဖူးသော်လည်း ရွှီကျားက အမြဲတမ်း ယုံကြည်ချက်အပြည့်ဖြင့် ငြင်းချက်ထုတ်လေ့ရှိပြီး သူမပန်းကန်ထဲက ဖရိုဖရဲဖြစ်နေသည့် ထမင်းများက စားသောက်ဆောင်က အန်တီက တမင်တကာ ပိုထည့်ပေးလိုက်တာပါဟု ပြောတတ်သည်။
တကယ် ဘာဖြစ်နေလဲဆိုတာကို အခြားသူများက မသိကြသည့်အတိုင်းပင်။
အရင်တုန်းက ရွှီကျားနှင့် တွဲစားခဲ့စဉ်က ရွှီမုန့်မှာ ထမင်းဝဝမစားရဘဲ ဗိုက်ဆာဆာဖြင့်သာ ထမင်းစားပွဲမှ ထခဲ့ရသည်က များသည်။
ထမင်းစားပြီးနောက် သူတို့နှစ်ယောက်က စားသောက်ဆောင်အပြင်ဘက်တွင် ပန်းကန်ဆေးရန် အတူတူ ထွက်လာခဲ့ကြသည်။
သူမတို့ အပြင်ဘက်ကို ဖြတ်လျှောက်သွားစဉ် ရွှီကျားက တစ်ယောက်ယောက်နှင့် စကားများ ရန်ဖြစ်နေသည်ကို တိုက်တိုက်ဆိုင်ဆိုင် မြင်လိုက်ရသည်။
"ငါ နင်နဲ့ နောက်ခါ ထမင်း အတူတူ မစားတော့ဘူး။" ရိုးသားကာ နူးညံ့သည့် မျက်နှာရှိပြီး ဒေါသကြောင့် ပါးပြင်များ နီမြန်းနေသည့် မိန်းကလေးတစ်ယောက်က ပြောလိုက်သည်။ "နင် ငါ့ကို နည်းနည်းလေးပဲ ပေးတာ။"
ရွှီမုန့် မျက်မှောင်ကြုတ်လိုက်သည်။ တစ်ဖက်လူက ဘာပဲပြောပြော ရွှီကျားကတော့ ပိုပြီး ရိုင်းစိုင်းသည့် စကားလုံးများနှင့် ပြန်ပြောလိမ့်မည်ကို သူမ သိသည်။ မျှော်လင့်ထားသည့်အတိုင်း သူမ ကြားလိုက်ရသည်ကတော့ "နင် ဗိုက်မဝတာ နင် အစားအများကြီး စားလို့ နေမှာပေါ့။ အမှန်အတိုင်းပြောရရင် နင် အစားလျှော့စားသင့်တယ်၊ နင်က ဒီလောက်တောင် ဝနေတာကို ခုထိ ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်သေးဘူး။ အခုတော့ နင် ဗိုက်မဝတာ ငါ့အပြစ် ဖြစ်သွားပြီပေါ့ ဟုတ်လား။"
သူမ စကားပြောနေသည့် မိန်းကလေးမှာ လွန်ခဲ့သည့် နှစ်အနည်းငယ်က ခုခံအားစနစ်ဆိုင်ရာ ရောဂါတစ်ခု ခံစားခဲ့ရပြီး ဟော်မုန်းဆေးများ သောက်ရခြင်းကြောင့် ဝလာခဲ့ရခြင်းဖြစ်သည်။
၎င်းက ဆေးဝါးကြောင့် ဖြစ်ရသည့် ဖောယောင်သည့် ပုံစံမျိုးဖြစ်ပြီး အဆီကြောင့် တကယ်ဝခြင်း မဟုတ်ပေ။
ရွှီကျား၏ စကားလုံးများက ထိုမိန်းကလေး၏ နာကျင်စရာနေရာကို ကွက်တိ ထိသွားခဲ့သည်။ မိန်းကလေးက သူမ၏ နာကျင်စရာကို အဆွခံလိုက်ရသဖြင့် ဒေါသတကြီးဖြင့် ပြောလိုက်သည်။ "နင်က တကယ်ကို လူကောင်းမဟုတ်ဘူး။ ငါ နင်နဲ့ နောက်ခါ ထမင်း အတူတူ မစားတော့ဘူး။"
"ဪ ဟုတ်လား။ ငါ စကားတစ်ခွန်း ပြောလိုက်ရင် နင်နဲ့ ဘယ်သူက ထမင်း အတူတူစားရဲသေးလဲ ကြည့်ကြတာပေါ့။" ရွှီကျားက လှောင်ပြုံးပြုံးရင်း ပြောလိုက်သည်။
သူမတွင် သူမ၏ ကိုယ်ပိုင်အုပ်စုလေး ရှိသည်။ သူမနှင့် ထိုအုပ်စုထဲက လူများက စာမေးပွဲတွင် အတူတူ မကြာခဏ ခိုးချတတ်ကြပြီး ယခု သူမ ပေါင်းသင်းနေသည့် လူများကလည်း ၎င်းတို့အတန်းအသီးသီးတွင် ထိပ်တန်းကျောင်းသား ဟု သတ်မှတ်ခံထားရသူများ ဖြစ်သည်။ သူတို့က အချင်းချင်း အုပ်စုဖွဲ့ထားကြပြီး တစ်ယောက်ယောက်ကို ပစ်မှတ်ထားရန် ဆုံးဖြတ်လိုက်ပါက ထိုသူကို လူတောမတိုးအောင် အပယ်ခံလုပ်ခြင်း သို့မဟုတ် အနိုင်ကျင့်ခြင်းက သူတို့အတွက် အလွန် လွယ်ကူလှသည်။
ဆရာမများကလည်း ဝင်မပါကြပေ။ ကျောင်းက အမှတ်ကိုသာ ဂရုစိုက်သည်။
ထို့ကြောင့်လည်း နောက်ပိုင်းတွင် ရွှီကျား တက္ကသိုလ်တက်ခွင့် ရသွားသည့်အခါ ဘေးပတ်ဝန်းကျင်က ဘယ်သူမှ ထူးဆန်းသည်ဟု မထင်ခဲ့ကြခြင်းဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် အပြင်လူများအတွက်တော့ ရွှီကျားက အမှတ်ကောင်းကောင်းရသည့် စံပြကျောင်းသူတစ်ဦးသာ ဖြစ်နေ၍ဖြစ်သည်။
သို့သော် အမှန်တကယ်တော့ ရွှီကျား၏ အုပ်စုလေးက ကျောင်းတွင်း အနိုင်ကျင့်သူ လူမိုက်ဂိုဏ်းလေးတစ်ခုမျှသာ ဖြစ်သည်။
ထိုမိန်းကလေးက ရွှီကျား၏ စကားကြောင့် တကယ်ပဲ ကြောက်လန့်သွားပုံရသည်။ သူမက နောက်သို့ ဆုတ်သွားသော်လည်း ရွှီကျားက သူမကို ထမင်းအတူတူ မျှစားဖို့ အတင်းအကျပ် လုပ်ရုံတင်မကဘဲ သူမ၏ ထမင်းချိုင့်ကိုပါ ဆေးခိုင်းလိုက်သေးသည်။ သူမကို ရွေးချယ်ခွင့်မပေးဘဲ ချိုင့်ကို ထိုမိန်းကလေး၏ လက်ထဲသို့ အတင်းထိုးထည့်ရင်း အေးစက်စွာဖြင့် ပြောလိုက်သည်။ "သွား ဆေးလိုက်စမ်း။ ပြောင်အောင် မဆေးရင် နင် သေဖို့သာ ပြင်ထား။"
သူမက အမြဲတမ်းလုပ်နေကျအတိုင်း ထပ်လုပ်ပြန်ပြီဖြစ်သည်။
ရွှီမုန့်က အရင်တုန်းက ရွှီကျားက ဒီလိုမျိုး လုပ်ရပ်တွေလုပ်လျှင် အလွန် ကြောက်ရွံ့ခဲ့ဖူးသည်။ သို့သော် ဘဝတစ်ခုလုံးကို ဖြတ်သန်းပြီးနောက်တွင်မူ ရွှီကျား၏ လှည့်ကွက်များက အခုတော့ ကလေးကလားပုံစံမျိုးသာ မြင်တော့သည်။
"ကျန်းရှောင်ယွီ၊ ဒီကိုလာခဲ့။" ရွှီမုန့်က ပြတ်သားပြီး ငြင်းဆန်ရန် မလိုသည့် လေသံဖြင့် ပြောလိုက်သည်။ "ငါတို့နဲ့အတူ လာပန်းကန်ဆေး။ ရွှီကျားက ငါတို့အတန်းကတောင် မဟုတ်ဘူး။ နင်က ဘာလို့ သူမစကားကို နားထောင်နေတာလဲ။"
"ဒါပေမယ့် ရွှီကျားက…"
"သူမဆီပဲ ပြန်ပစ်ပေးလိုက်။ သူမ မယူချင်ရင် အမှိုက်ပုံးထဲ လွှင့်ပစ်လိုက်။"
ဒီနေ့တွင်တော့ ရွှီမုန့်က အထူးသဖြင့် အမိန့်ပေးနိုင်စွမ်း ရှိနေပုံရသည်။ သူမ၏ လေသံတွင် ငြင်းဆန်၍မရသည့် အရှိန်အဝါတစ်ခု ပါဝင်နေသည်။
ကျန်းရှောင်ယွီက ခဏလောက် တွေဝေသွားပြီး ရွှီမုန့်ကို တစ်ချက်ကြည့်၊ ထို့နောက် ရွှီကျားကို တစ်ချက်ကြည့်ကာ နောက်ဆုံးတွင်တော့ ရွှီကျား၏ ထမင်းချိုင့်ကို သူမ၏ လက်ထဲသို့ ပြန်ထိုးထည့်လိုက်တော့သည်။
ဝိဇ္ဇာနှင့် သိပ္ပံ မေဂျာခွဲပြီးနောက် လူတိုင်းကို အတန်းအသစ်များ ပြန်ချထားပေးခဲ့သည်။ ရွှီကျားကတော့ အခြားအတန်းတစ်ခုသို့ ရောက်သွားခဲ့ခြင်းဖြစ်သည်။
ရွှီကျား၏ အေးစက်ပြီး လှောင်ပြောင်သရော်သည့် အကြည့်က တစ်ဖက်သို့ ထပ်မံ ရောက်ရှိလာခဲ့သည်။
ဩော်... ရွှီမုန့်ကိုး။
_ _
မနက်ခင်း နှိုးစက်သံ မြည်လာသည်နှင့်တစ်ပြိုင်နက် ရွှီမုန့်တစ်ယောက် ကုတင်ပေါ်မှ ဖျတ်ခနဲ ထထိုင်လိုက်မိသည်။
ကျောင်းဖွင့်ခဲ့သည်မှာ ရက်ပိုင်းမျှသာ ရှိသေးသော်လည်း သူမ၏ခန္ဓာကိုယ်က နေ့စဉ်လုပ်ငန်းဆောင်တာများနှင့် အသားကျနေပြီ ဖြစ်သည်။ သူမသည် မနက် ၆ နာရီတွင် အိပ်ရာမှထကာ လျှပ်စီးသဖွယ် အမြန်နှုန်းဖြင့် အဝတ်အစားလဲပြီး ကျောင်းသို့ ခပ်မှန်မှန် ပြေးလာခဲ့သည်။ အချိန်ကိုက်ပင်ဖြစ်၍ မနက်ခင်း ကိုယ်ပိုင်စာကြည့်ချိန် မစတင်မီ ကျောင်းသို့ အရောက်လာနိုင်ခဲ့သည်။
လမ်းဘေးတွင် ပေါက်စီနှစ်လုံး ဝယ်ဖို့လည်း အချိန်ရသေးသည်။ တစ်လုံးကိုတော့ ပြေးရင်းလွှားရင်း စားလိုက်ပြီး ကျန်တစ်လုံးကိုမူ ဝေ့ရှန်းအတွက် သိမ်းထားလိုက်သည်။
ပြီးခဲ့သည့်ဘဝတုန်းက ရွှီကျားသည် အမြဲတမ်း အုပ်စုဖွဲ့ကာ သူတစ်ပါးကို ဖယ်ကြဉ်တတ်သည့် ကစားပွဲများကို ကစားလေ့ရှိသည်။ ယခုအခါတွင်မူ ရွှီမုန့်သည် ဝေ့ရှန်း၊ ကျန်းရှောင်ယွီတို့နှင့် အတူတူသွားလာနေပြီဖြစ်ရာ ထိုသို့ အစုအဖွဲ့ငယ်လေးများ ဖွဲ့ခြင်းက တကယ်ပဲ အသုံးဝင်ကြောင်း သက်သေပြနေသည်။ ရွှီကျားတစ်ယောက် သိသိသာသာ စိတ်အနှောင့်အယှက် ဖြစ်နေသော်လည်း ရွှီမုန့်နှင့်ပတ်သတ်၍မူ ဘာမှမတတ်နိုင်တော့ပေ။
ကျောင်းအိပ်ကျောင်းစားများအနေဖြင့် စနေ၊ တနင်္ဂနွေ အားလပ်ရက်များမှလွဲ၍ ရုံးပိတ်ရက်မဟုတ်သည့် ကြားရက်များတွင် ကျောင်းဝင်းပြင်ပသို့ ထွက်ခွင့်မရှိကြပေ။
အသီးအရွက်ပေါက်စီတစ်လုံးလျှင် တစ်မောက်ငါးပြား (၀.၁၅ ယွမ်) ကျသင့်ပြီး အသားပေါက်စီကမူ သုံးမောက် (၀.၃ ယွမ်) ပေးရသည်။ ရွှီမုန့်သည် တွန့်ဆုတ်မနေဘဲ အသီးအရွက်ပေါက်စီကိုသာ ရွေးချယ်လိုက်သည်။ အသားပေါက်စီတစ်လုံး၏ တန်ဖိုးက အသီးအရွက်ပေါက်စီ နှစ်လုံးစာနှင့် ညီမျှနေသဖြင့် ယခုအချိန်အထိ သူမအနေဖြင့် ငွေကို လက်ဖွာပြီး မသုံးရက်သေးပေ။
ရွှီမုန့်သည် ဝယ်လာသည့် ပေါက်စီများကို လွယ်အိတ်ထဲသို့ ထည့်လိုက်ပြီး တစ်လုံးကိုမူ ပါးစပ်ဖြင့် ကိုက်ကာ ပြေးရင်းလွှားရင်း စားနေမိသည်။ သူမ၏ စိတ်အာရုံထဲတွင် အင်္ဂလိပ်စာလုံးများက ရောထွေးရှုပ်ယှက်ခတ်လျက် အတွေးများ ပျံ့လွင့်နေသည်။ လမ်းတစ်ဝက်သို့ ရောက်သောအခါ နောက်ဘက်မှ စက်ဘီးဘဲလ်တီးသံကို ကြားလိုက်ရသည်။
သူမ လှည့်ကြည့်လိုက်သောအခါ ဟန်ကျိမင်၏ မောက်မာဝင့်ကြွားပြီး အေးစက်တည်ငြိမ်သော မျက်နှာကို မြင်လိုက်ရသည်။
ပုံမှန်နှင့်မတူဘဲ ယနေ့တွင် သူက စက်ဘီးတစ်စီးကို စီးနင်းလာခဲ့သည်။
နဖူးပေါ်သို့ ဝဲကျနေသည့် ဖရိုဖရဲ ဆံနွယ်စများကြောင့် သူ့ကို ကြည့်ရသည်မှာ အနည်းငယ် ဆိုးသွမ်းချင်သည့် ပုံစံမျိုး ပေါက်နေသည်။ မနက်ခင်း နေရောင်ခြည်က သူ့မျက်နှာပေါ်သို့ ဖြာကျနေသဖြင့် သူ၏ ရုပ်ရည်သွင်ပြင်က ပိုမိုခံ့ညားပြီး ထင်ရှားပေါ်လွင်နေတော့သည်။
ဟန်ကျိမင်သည် သူမ၏ အကြည့်နောက်သို့ လိုက်ကြည့်ရင်း နှုတ်ခမ်းထောင့်စွန်းကို အနည်းငယ် ကွေးညွှတ်ကာ အဓိပ္ပာယ်ဖော်ရခက်သည့် အပြုံးတစ်ခုကို ပြုံးလိုက်သည်။
"ဟေး… ကလေးမ။"
ရွှီမုန့်က အမှန်ပြန်ပြင်ပေးလိုက်သည်။ "ကျွန်မက ကလေး မဟုတ်ပါဘူး။"
သူမ ပါးစပ်က အလုပ်မပျက်ဘဲ ဝါးနေတုန်းဖြစ်သည်ကို မြင်သောအခါ ဟန်ကျိမင်က စက်ဘီးကို အရှိန်မြှင့်လိုက်ပြီး ခြေတံရှည်ကြီးတစ်ဖက်ကို ဆန့်ထုတ်ကာ သူမ၏ လမ်းကို ပိတ်လိုက်သည်။ "မင်းက တကယ်ပဲ လမ်းမပေါ်မှာ ပေါက်စီစားရင်း ပြေးနေတာလား။"
သူငယ်စဉ်တုန်းက အထိန်းတော်ကြီး ပြောပြဖူးသည့် ပုံပြင်တစ်ပုဒ် ရှိသည်။ ကလေးတစ်ယောက်သည် မုန့်စားရင်း ဟာသတစ်ခုကို သဘောကျကာ ရယ်မောလိုက်ရာမှ သီးပြီး သေဆုံးသွားခဲ့သည်ဟူသော ပုံပြင်က သူ့စိတ်ထဲတွင် နက်ရှိုင်းသော အရိပ်မည်းကြီးတစ်ခုအဖြစ် ကျန်ရစ်ခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် ကလေးများအနေဖြင့် ပေါက်စီစားရင်း မပြေးသင့်ဟု သူ ယူဆထားသည်။
ရွှီမုန့်က လမ်းအပိတ်ခံလိုက်ရသဖြင့် စိတ်တိုသွားခဲ့သည်။ "ဟေး။"
ဟန်ကျိမင် ခပ်တိုးတိုးရယ်လိုက်သည်။ "တက်လေ။"
ရွှီမုန့်တစ်ယောက် ဆွံ့အသွားရသည်။
ဟန်ကျိမင်က သဘောကျစွာ ရယ်မောရင်း မျက်ခုံးတစ်ဖက်ကို ပင့်ကာ ပြောလိုက်သည်။ "ဒီအစ်ကိုကြီးရဲ့ စက်ဘီးနောက်ခုံမှာ ထိုင်ရဖို့ ဘယ်နှစ်ယောက်လောက် အိပ်မက်မက်နေကြလဲ မင်းသိလား။ တက်စမ်းပါ။"
စက်ဘီးလေးက လေအဟုန်ကဲ့သို့ မြန်ဆန်စွာ ပြေးလွှားနေသည်။ လမ်းပေါ်ရှိ ကျောက်ခဲအသေးစားလေးများကို ဖြတ်နင်းမိသည့် အခါတိုင်းတွင်တော့ ရွှီမုန့်ခမျာ ဆောင့်ချက်ကြောင့် တင်ပါးများ နာကျင်ရရှာသည်။
ထိုနာကျင်မှုကြောင့်ပဲ သူမစိတ်ထဲတွင် ခဏတာ ဖြတ်ပြေးသွားသည့် ရိုမန်တစ်ဆန်ဆန် အတွေးစလေးများကို မနည်းပြန်ထိန်းလိုက်ရသည်။
ဒီရှုထောင့်ကနေ ကြည့်လျှင် သူ့ထံမှ အထူးလုံခြုံမှုရှိလှသည်ဟူသော ခံစားချက်ကို ပေးစွမ်းနေသည်။ ဘာပဲဖြစ်ဖြစ် ဟန်ကျိမင်၏ ခေါင်းနောက်ဘက်တွင် မျက်စိပါသည်မဟုတ်ရာ ရွှီမုန့်လည်း ပို၍ရဲတင်းလာကာ သူ့ကို အကဲခတ်နေမိသည်။ သူ့၏ ကျယ်ပြန့်ပြီး သန်မာလှသော ကျောပြင်ကြီး…
ရွှီမုန့်တစ်ယောက် ရုတ်တရက် ရင်ခုန်သံများ မြန်လာပြီး စိတ်ထဲတွင် ဝေဝေဝါးဝါး ဖြစ်လာစဉ် ရှေ့ကနေ ဟန်ကျိမင် လှမ်းမေးလိုက်သည့် အသံကို ကြားလိုက်ရသည်။
"ဟေး၊ မင်းတို့ အတန်းက ဘယ်အချိန် စတာလဲ။"
"ခြောက်နာရီခွဲ။ ဘာဖြစ်လို့လဲ။"
"ဒါဆိုလည်း အိပ်ရာကို စောစောထပါလား။ မနက်စာစားရင်း ပြေးတာက အန္တရာယ်များတယ်လေ။"
ရွှီမုန့်က သက်ပြင်းချလိုက်သည်။ "မနက်ပိုင်းက အိပ်ရေးမဝဘူးလေ။ အသည်းယားစရာကောင်းတဲ့ နောက်ဆုံးနှစ်ပဲ။"
ဟန်ကျိမင်က တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားခဲ့သည်။ "မင်းက ဘာလို့ စက်ဘီးမစီးတာလဲ။"
ထိုစဉ် ရွှီမုန့်သည် ဝမ်းဗိုက်အောက်ပိုင်း၌ စူးခနဲ နာကျင်မှုကို ရုတ်တရက် ခံစားလိုက်ရသည်။ ဘာဖြစ်နေသည်ကို ရိပ်မိရန် သူမအတွက် အချိန်အများကြီး မလိုလိုက်ပါ။ မနက်ခင်း အစပြုပုံက တကယ်ကို စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းလှသည်။
သူမ၏ ဓမ္မတာက ဘယ်တုန်းကမှ ပုံမှန်မလာတတ်ပေ။ ပုံမှန်ဆိုလျှင် လွယ်အိတ်ထဲ၌ လစဉ်သုံးပစ္စည်း အနည်းငယ် ထည့်ထားလေ့ရှိသော်လည်း ကျောင်းမဖွင့်မီကမှ အိတ်အသစ်တစ်လုံး ပြောင်းလွယ်ခဲ့ပြီး စိတ်လှုပ်ရှားနေမိသဖြင့် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ထိုအကြောင်းကို လုံးဝမေ့လျော့နေခဲ့သည်။ ယခုအချိန်တွင်လည်း လမ်းဘေးဝဲယာရှိ မည်သည့်ဆိုင်မျှ မဖွင့်ကြသေးပေ။
ပို၍ဆိုးသည်က သူမသည် ဟန်ကျိမင်၏ စက်ဘီးနောက်တွင် ထိုင်နေခြင်း ဖြစ်သည်။ ထိုစက်ဘီးပေါ်၌ စွန်းထင်သွားအောင် သူမ ဘယ်လိုမှ အဖြစ်မခံနိုင်ပါ။
ဟန်ကျိမင်သည် ရှေ့ကနေ စကားပြောနေရင်း နောက်ကလူက ရုတ်တရက် တိတ်ဆိတ်သွားသည်ကို သတိပြုမိသွားသည်။ သူ သိချင်စိတ်ဖြင့် နောက်သို့ လှည့်ကြည့်လိုက်သော်လည်း ထိုထောင့်မှကြည့်လျှင် ဘာကိုမျှ မမြင်ရပေ။
"ဘာဖြစ်လို့လဲ။" ဟန်ကျိမင် မေးလိုက်သည်။
ရွှီမုန့်၏ လက်အစုံက သူ့အင်္ကျီအနားစကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး မျက်လုံးများကမူ အနီးအနားရှိ ဆိုင်များဆီသို့သာ စိုက်ကြည့်နေမိသည်။ ယခုကဲ့သို့ မနက်စောစောအချိန်တွင် မနက်စာဆိုင်များမှလွဲ၍ ကျန်သည့်ဆိုင်အများစုက မဖွင့်သေးပေ။
"ကျွန်မကို အရင် ပေးဆင်းပါဦး။"
"ကျောင်းရောက်ဖို့ အဝေးကြီး လိုသေးတယ်မဟုတ်လား။" ဟန်ကျိမင်က ရုတ်တရက် တစ်ခုခုကို ရိပ်မိသွားကာ မေးလိုက်သည်။ "မင်း တစ်နေရာရာက နေမကောင်းလို့လား။"
"ဗိုက်က နည်းနည်းအောင့်လို့…"
ဗိုက်အောင့်တာလား။
ပုံမှန်ဆိုလျှင် ဤကဲ့သို့သော အခြေအနေမျိုးတွင် လူများက အိမ်သာရှာကြသည် မဟုတ်ပါလား။ ဟန်ကျိမင် ခဏမျှ ဝေခွဲမရဖြစ်သွားခဲ့သည်။ "သေချာပြောပြ၊ ဘယ်နားက အောင့်တာလဲ။ ဆေးရုံသွားဖို့ လိုလား၊ ဒါမှမဟုတ်…"
ရွှီမုန့်တစ်ယောက် ဘာပြန်ပြောရမှန်း မသိတော့ပေ။ သူက ဘာလို့ ဘာဖြစ်ဖြစ် ဆေးရုံပဲ လိုက်ပို့ချင်နေရတာလဲ။
သူမ လစဉ်သုံးပစ္စည်း ဝယ်ဖို့ လိုအပ်နေတာလေ။
ဟန်ကျိမင်အနေဖြင့် ဘာဖြစ်နေသည်ကို သဘောပေါက်ရန် ခဏမျှသာ ကြာလိုက်သည်။ သူက စက်ဘီးကို အရှိန်ပြင်းပြင်းဖြင့် ကွေ့ချလိုက်တော့သည်။
"ဟေး…" လုံးဝ မမျှော်လင့်ထားသဖြင့် ရွှီမုန့်တစ်ယောက် နောက်သို့ လန်ကျလုနီးပါး ဖြစ်သွားသော်လည်း ဟန်ကျိမင်ကမူ သူ၏စက်ဘီးကို မီးတောက်အလား အားသွန်ခွန်စိုက် နင်းတော့သည်။
"ခုနက လမ်းဖြတ်လာတုန်း ဆိုင်တစ်ဆိုင် ဖွင့်ထားတာ ငါ မြင်လိုက်တယ်" ဟန်ကျိမင်က ပြောရင်း သတိပေးလိုက်သည်။ "မြဲမြဲကိုင်ထားနော်။"
ရွှီမုန့်တစ်စက္ကန့်မျှ တုံ့ဆိုင်းသွားပြီးမှ စက်ဘီးခုံ၏ အောက်ခြေကို လှမ်းကိုင်လိုက်ရသည်။
ဟန်ကျိမင်သည် စက်ဘီးကို မတ်တတ်ရပ်လျက် အားကုန်နင်းလာခဲ့ခြင်း ဖြစ်သည်။ စက်ဘီးလေးက အနီးနားရှိ လမ်းကြားများထဲသို့ လျင်မြန်စွာ ဖြတ်သန်းမောင်းနှင်လာပြီး နောက်ဆုံးတွင် ကုန်စုံဆိုင်လေးတစ်ခု၏ ရှေ့တွင် ရပ်တန့်သွားခဲ့သည်။
ဆိုင်ပိုင်ရှင်က တံခါးဖွင့်ရုံရှိသေးပြီး လူတစ်ယောက် ဝင်လာသည်ကို မြင်သောအခါ ဆိုင်မဖွင့်သေးကြောင်း ပြောရန် ပြင်လိုက်စဉ် ထိုလူက အထဲသို့ အပြေးအလွှား ဝင်သွားခဲ့လေပြီ။ ရွှီမုန့်မှာလည်း စကားပြောဖို့ အင်အားမရှိတော့သဖြင့် သူ့သဘောအတိုင်းသာ လွှတ်ထားလိုက်တော့သည်။
"ဆိုင် မဖွင့်သေးဘူး။"
ဟန်ကျိမင်က ပိုက်ဆံအချို့ကို ထုတ်ပေးလိုက်သည်။ "လစဉ်သုံးပစ္စည်း တစ်ထုပ်ပေးပါ၊ အကောင်းစား တံဆိပ်နော်။ ပြီးတော့ ကိတ်မုန့် ဒါမှမဟုတ် ပေါင်မုန့်တချို့လည်း ပေးပါ။ ကြည့်ကောင်းတာ အဆင်ပြေတာသာ ထည့်ပေးလိုက်ပါ။"
ဒီလောက်အများကြီး ဝယ်တာလား။ ဆိုင်ရှင်က ချက်ချင်း မီးများဖွင့်လိုက်ပြီး စကားတွေ တရစပ် ပြောတော့သည်။ "ဘယ်လိုမျိုး လိုချင်တာလဲ။ အတောင်ပံပါတဲ့ ပုံစံအသစ် ထွက်ထားတာ ရှိတယ်၊ ဘေးကနေ လျှံမထွက်ဘူးလေ။"
"...."
သူက စကား အရမ်းများလွန်းလှသည်။
ရွှီမုန့်၏ ဗိုက်က ပို၍ပို၍ နာကျင်လာပြီး မျက်နှာတစ်ခုလုံးလည်း ဖြူဖျော့လာခဲ့သည်။ ဝမ်းဗိုက်ထဲတွင် ရစ်ပတ်ပြီး လှန်မွှေနေသကဲ့သို့ ခံစားချက်က သူမ၏အူများကို စူးစူးရှရှ နာကျင်စေသည်။
သူမ ငယ်စဉ်တုန်းက ဆောင်းရာသီတစ်ခုတွင် ရေခဲလုနီးပါး အေးစက်နေသော ရေထဲသို့ ပြုတ်ကျဖူးပြီး ထိုစဉ်က သေသေချာချာ ဂရုမစိုက်မိခဲ့သဖြင့် နာတာရှည်ရောဂါ အချို့ စွဲကပ်ကျန်ရစ်ခဲ့ခြင်း ဖြစ်သည်။
အသက်ကြီးလာသည်နှင့်အမျှ ထိုပြဿနာများက ပို၍ဆိုးဝါးလာခဲ့သည်။ ဆောင်းရာသီဆိုလျှင် သူမ အပြင်သို့ လမ်းမလျှောက်နိုင်လောက်အောင် ဖြစ်ရသည်။ ထိုဝေဒနာများက နှစ်ပေါင်းများစွာ စုပုံလာခဲ့ခြင်းဖြစ်ပြီး ထိုအသက်အရွယ်သို့ ရောက်လာသည့်အခါ ငွေရှိသော်လည်း ကုသ၍ မရနိုင်တော့ကြောင်း ဆရာဝန်က ပြောခဲ့ဖူးသည်။ အကယ်၍ သူမသာ အသက်ရှည်ရှည် ဆက်နေရဦးမည်ဆိုလျှင် နောက်ထပ် နှစ်အနည်းငယ်အတွင်း ဘီးတပ်ကုလားထိုင်ပေါ် ရောက်သွားနိုင်သည်။
ယခု ဘဝသစ်တစ်ခုကို ဒုတိယအကြိမ် ပြန်လည်ရရှိခဲ့သည့်အခါတွင်မူ ထိုအကြောင်းကို သူမ လုံးဝမေ့လျော့နေခဲ့မိသည်။
နှစ်မိနစ်ခန့် ကြာပြီးနောက် ဟန်ကျိမင်သည် ဆိုင်လေးထဲမှ ပြန်ထွက်လာခဲ့သည်။ သူမ၏ လက်ကို မြင်လိုက်ရသောအခါ သူ ခဏမျှ ကြောင်အသွားသည်။
"ဒါ ယူထားလိုက်။" ဟန်ကျိမင်သည် ဘယ်ဘက်လက်တွင် အမည်းရောင် ပလတ်စတစ်အိတ်ကို ကိုင်ထားပြီး ညာဘက်လက်တွင်မူ ထုပ်ပိုးထားသော အထုပ်ကြီးတစ်ထုပ်ကို ကိုင်ထားသည်။ သူမ ငြင်းပယ်ခွင့်ပင်မရလိုက်ဘဲ ထိုအထုပ်များကို ရွှီမုန့်၏ လက်ထဲသို့ အတင်းထည့်ပေးလိုက်သည်။ ရွှီမုန့်က ထိုအထုပ်ကြီးကို သူကိုယ်တိုင်အတွက် ဝယ်လာသည်ဟု ထင်မှတ်ကာ လိမ္မာပါးနပ်စွာဖြင့် ကိုင်ပေးထားလိုက်သည်။
ဟန်ကျိမင်က စက်ဘီးပေါ် ပြန်တက်ကာ ကျောင်းဘက်သို့ ဦးတည်မောင်းနှင်ခဲ့သည်။