အခန်း ၃၇၇
Vol. 35 Ch. 377
အပိုင်း(၄၇၇)
အင်ပါယာ၌ ယခုအခါ အဆင့်နိမ့် အရှင်သခင် ဆယ့်ခြောက်ယောက် ရှိသော်လည်း နာရူကွေ့ အပါအဝင် အချိန်တိုအတွင်း ဆယ့်တစ်ယောက်ကိုသာ စုစည်းနိုင်ခဲ့၏။ သူတို့သည် ပိုမို ကျယ်ဝန်းသော စကိုင်းဆွန်း အစည်းအဝေးခန်း များထဲမှ တစ်ခန်းရှိ စားပွဲတစ်ဖက်တွင် ကျပ်ညပ်စွာ ထိုင်နေကြပြီး အခန်း၏ အဆုံးဘက်ကို မျက်နှာမူကာ ပခုံးချင်း တိုက်မိနေကြသည်။
အင်ပါယာ အရှင်သည် သူတို့၏ အရှေ့တွင် ထိုင်နေပြီး စကိုင်းဆွန်း များ သိုလှောင်ရုံထဲမှ ရှာဖွေနိုင်သမျှ ရာဇပလ္လင် နှင့် အနီးစပ်ဆုံး တူသော ခုံတစ်ခုပေါ်တွင် ထိုင်နေ၏။ သူသည် အင်ပါယာ အရှင် တစ်ယောက်အနေဖြင့် ရိုးရှင်းစွာ ဝတ်ဆင်ထားသည်။ သူ၏ တောက်ပသော အတောင်ပံများကို မတွေ့ရချေ။ သူသည် ၎င်းတို့ကို စိတ်ဝိညာဉ် ထဲသို့ ပြန်လည် သိမ်းဆည်းထားပြီး နဂါးပုံများ ပါဝင်သော နီလာရောင် ဝတ်ရုံကို ဝတ်ဆင်ထား၏။ သူ၏ ခေါင်းပေါ်ရှိ တောက်ပနေသော ဦးထုပ်တစ်ခုက သူ၏ တစ်ခုတည်းသော ခေါင်းဆောင်းဖြစ်ပြီး မုတ်ဆိတ်မွေးများကို သပ်ရပ်စွာ ညှပ်ထားသည်။ လင်းတုန်း အနေဖြင့် သူ၏ ကျောဘက်ကိုသာ မြင်ရသော်လည်း နာရူဟွမ် ထံမှ သူရဲကောင်းဆန်သော အော်ရာ များ ဖြာထွက်နေဆဲ ဖြစ်၏။ ၎င်းသည် အခန်းထဲရှိ တစ်ဦးတည်းသော အဆင့်မြင့် အရှင်သခင်အား သတိထားရန် လင်းတုန်း၏ စိတ်ဝိညာဉ်က သတိပေးနေခြင်းလည်း ဖြစ်နိုင်ပါသည်။
အခန်း၏ ကျန်ရှိသော နေရာများတွင် အစစ်အမှန် ရွှေအဆင့် များဖြင့် ပြည့်နှက်နေ၏။
သူတို့သည် အဆင့်နိမ့် အရှင်သခင် များ၏ အနောက်တွင် ကျပ်ညပ်စွာ ရပ်နေကြပြီး သူတို့ထဲမှ အများစုမှာ စကိုင်းဆွန်း သံချပ်ကာ များကို ဝတ်ဆင်ထားကြသည်။ လင်းတုန်းကတော့ သံချပ်ကာကို ဝတ်ဆင်မထားသဖြင့် ယခုအခါ သူသည် သံချပ်ကာ ဝတ်ဆင်ထားသော အမျိုးသမီး တစ်ယောက်၏ ပခုံးအကာနှင့် လူအုပ်ကြီး တိုးမလာစေရန် အပြင်သို့ ထုတ်ထားသော ယီရင် ၏ ရွှေအဆင့် အမှတ်အသား များ ကြားတွင် ညပ်နေ၏။
သူတို့သည် နေရာချွေတာရန်အတွက် တိုက်ခိုက်ရေး အဆင့်အလိုက် နေရာယူထားကြသဖြင့် လင်းတုန်းနှင့် ယီရင် တို့သည် အရှေ့ဆုံးနှင့် နီးကပ်သော နေရာတွင် ရှိနေသည်။ သူ၏ အရှေ့တွင် ဆံပင်ဖြူ အမျိုးသားနှင့် အမျိုးသမီး အနည်းငယ်သာ ရှိပြီး သူတို့၏ ခေါင်းပေါ်မှ ကျော်၍ သူ မြင်နိုင်ပါသည်။
အခန်း၏ အဆုံးဘက်တွင် အင်ပါယာ အရှင် ကိုယ်တိုင် အပါအဝင် သူတို့အားလုံးကို စကားပြောနေသူမှာ အာကူရာ မာစီ ဖြစ်၏။ သူမက အနောက်ဘက်သို့ ကြည့်ရန် လည်ပင်းကို ဆန့်ထုတ်လိုက်သည်။
"ကျွန်မတို့ အားလုံး စုံပြီထင်တယ်... စလို့ ရပြီလား..."
သူမသည် အမြဲတမ်း လိုလိုပင် တက်ကြွစွာ ပြောဆိုတတ်သူ ဖြစ်သည်။ သူမ အားလုံးကို ပြောဆိုရာတွင် အလွန် သက်တောင့်သက်သာ ရှိနေသည်ကို လင်းတုန်း အံ့သြမိသွား၏။ သို့သော်လည်း... သူမအတွက်တော့ မဟူရာ မီးတောက် အင်ပါယာ ၏ အင်ပါယာ အရှင် သည် သူမ မိသားစု၏ အစေခံ တစ်ယောက်သာ ဖြစ်သည် မဟုတ်ပါလား။
"ရပါတယ်..."
နာရူဟွမ် က ပြောလိုက်၏။
"ကျွန်မတို့ မိသားစုက ညဘီး တောင်ကြား ကနေ ပုံမှန် ရိတ်သိမ်းလေ့ရှိတယ်..."
မာစီ က ပြောလိုက်၏။
"ပိုလျှံနေတဲ့ သဘာဝ ရတနာတွေကို ဘဏ္ဍာတိုက်တစ်ခုထဲမှာ သိမ်းဆည်းထားပြီး လေ့ကျင့်ရေး ဒါမှမဟုတ် ဝိညာဉ်ပန်းပဲ အလုပ်တွေအတွက် အချိန်အခါအလိုက် အသုံးပြုလေ့ရှိတယ်... ဒါပေမဲ့ သဘာဝ ရတနာတွေက ခရီးဝေး သယ်ဆောင်တဲ့အခါ စွမ်းအားတွေ ဆုံးရှုံးသွားနိုင်လို့ အဲဒီ ဘဏ္ဍာတိုက်ကို တောင်ကြား ထဲမှာပဲ ထားရှိတာပါ..."
အခန်းထဲတွင် လှုပ်လှုပ်ရွရွ ဖြစ်သွားပြီး အဆင့်နိမ့် အရှင်သခင် အချို့က အချင်းချင်း တီးတိုးရေရွတ်လိုက်ကြ၏။ အင်ပါယာ အရှင်၏ ညီမဖြစ်သူ နာရူဆေယာ က သူမ၏ နေရာတွင် မတ်မတ် ထိုင်လိုက်သည်။ သူမ၏ နားရွက်တစ်ဖက်အထက်ရှိ ဒေါင်းမြီးမွေးများက ထောင်မတ်သွား၏။
"ဒီအကြောင်းကို ငါတို့ကို ပြောပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်..."
ဆေယာ က ပြောလိုက်၏။
"ဒါပေမဲ့ ဘာလို့ အခုမှလဲ... မင်းတို့ မိသားစုရဲ့ လျှို့ဝှက်ချက်တွေကို လွယ်လွယ်ကူကူ မျှဝေမပေးသင့်ဘူးဆိုပေမဲ့ တကယ်လို့ မင်းက ပြောပြမယ်ဆိုရင်လည်း အဲဒီနေရာကို ငါတို့ သွားနိုင်တဲ့ အချိန်တုန်းက ဘာလို့ မပြောခဲ့တာလဲ..."
မာစီ က ပြုံးလိုက်သည်။
"အခု အာကူရာ ချာရတီက ကျွန်မကို ကျေးဇူးဆပ်ဖို့ ရှိနေတယ်လေ... သူက ညဘီး တောင်ကြား ကိုရော၊ ဘဏ္ဍာတိုက် ကိုပါ ပိုင်ဆိုင်တာ... သူက ရတနာတွေကို ကျွန်မကို တိုက်ရိုက် ပေးချင်မှ ပေးလိမ့်မယ်... ဒါပေမဲ့ ကျွန်မက ယူသွားမယ်ဆိုရင်လည်း သူမက မသိချင်ယောင် ဆောင်နေပေးမှာပါ... ဒါက ထွက်သွားဖို့ အတင်းအကျပ် ခိုင်းစေခံရတဲ့အတွက် ကောင်းမွန်တဲ့ နှစ်သိမ့်ဆု တစ်ခု ဖြစ်လာမှာပါ..."
"အရမ်းကို စွန့်စားရလွန်းတယ်..."
တင်ပါး တစ်ဖက်တစ်ချက်စီတွင် တူ တစ်လက်စီ ချိတ်ဆွဲထားသော မုတ်ဆိတ်မွေးများနှင့် လူထွားကြီး တစ်ယောက်က ပြောလိုက်၏။ သူ၏ ခေါင်းပေါ်တွင် တွဲလွဲခိုနေသော မုန်တိုင်းတိမ်တိုက်က လင်းတုန်းကို ရန်ဖေး၏ တိမ်တိုက် တူ လမ်းစဉ် အား သတိရသွားစေသည်။
"မင်းကို စော်ကားတာတော့ မဟုတ်ပါဘူး အာကူရာ... ဒါပေမဲ့ ဆွေမျိုးတစ်ယောက်ရဲ့ ဖြစ်နိုင်ခြေရှိတဲ့ လုပ်ရပ်တွေကို မင်း ခန့်မှန်းချက်ချရုံသက်သက်နဲ့ သူတော်စင် တစ်ယောက်ကို ငါတို့ ဓားပြမတိုက်နိုင်ဘူး... အကယ်၍ မင်း မှားသွားပြီး သူက ငါတို့ အားလုံးကို သတ်ပစ်ရင် ဘယ်လိုလုပ်မလဲ..."
"အို... ဘယ်သူ့မှာ တာဝန်ရှိတယ်ဆိုတာ ချာရီတီ သိပါတယ်..."
မာစီ က လက်ကို ဝှေ့ယမ်းရင်း ပြောလိုက်၏။
"ပြစ်ဒဏ်က ကျွန်မအပေါ်ကိုပဲ ကျရောက်မှာပါ... ရှင်တို့အပေါ် မဟုတ်ပါဘူး..."
သူမသည် လူထွားကြီး၏ စိုးရိမ်ပူပန်မှုကို အလွန် ပေါ့ပေါ့တန်တန် သဘောထားလိုက်ကြောင်း လင်းတုန်း ခံစားလိုက်ရသည်။ သူတို့က သူမကို မယုံကြည်ကြပေ။ သူမသည် အခြေအနေကို အလေးအနက် မထားဟု ထင်မြင်နေကြ၏။ ခဏအကြာတွင် သူမကိုယ်တိုင် ယိမ်းယိုင်သွားပြီး နံရံကို မှီကာ ကိုယ်ကို ထိန်းလိုက်ရခြင်းကလည်း အခြေအနေကို ပိုမို ဆိုးရွားသွားစေသည်။
"ငါတို့ လုပ်နိုင်မယ်လို့ ထင်တယ်..."
ဆေယာ က ရှေ့သို့ ကိုင်းလာရင်း ပြောလိုက်၏။
"တစ်ပြိုင်နက်တည်း လုပ်ကြမယ်... ကင်းထောက်တွေရဲ့ အဆိုအရ တိုင်းပြည်က ငါတို့ရဲ့ တံခါးပေါက်ကို တင်းတင်းကျပ်ကျပ် စောင့်မနေဘူးတဲ့... သူတို့က အော်ရာ အထူထပ်ဆုံးဖြစ်တဲ့ တောင်ကြား ရဲ့ ဗဟိုချက်မှာပဲ အာရုံစိုက်နေကြတာ... ငါတို့မှာ ရှိသမျှ အင်အားအကုန်သုံးပြီး ဖောက်ထွက်မယ်၊ ပြီးတော့ ဘဏ္ဍာတိုက်ကို သိမ်းပိုက်မယ်... အဲဒီနေရာက ဘယ်မှာလဲ..."
"ပိုကောင်းတဲ့ သတင်း ရှိသေးတယ်..."
မာစီ က ပြောလိုက်၏။
"အဲဒါက ကျွန်မတို့နဲ့ နည်းနည်း ပိုနီးတယ်... အိမ်ရဲ့ တောင်ဘက် တံတိုင်း အပြင်ဘက်လေးတင်..."
တောင်တစ်တောင်လုံးကို သိမ်းပိုက်ထားသည့် အာကူရာ မိသားစု ၏ အိပ်မက်ဆိုး ခံတပ်ကြီးကို အားလုံး မြင်ယောင်သွားကြသဖြင့် အခန်းထဲတွင် တိတ်ဆိတ်သွား၏။
နာရူဆေယာ သည် အနောက်သို့ မှီချလိုက်သည်။
သို့သော်လည်း သူမ၏ အစ်ကိုဖြစ်သူက ဝင်ပြောလိုက်၏။
"ဒါ ဖြစ်နိုင်တယ်...သူတို့မှာ အဆင့်မြင့် အရှင်သခင် တစ်ယောက်တည်း ရှိတာ... ပြီးတော့ သူက တစ်ယောက်တည်း လာလို့ မရဘူး... အင်အားစုစည်းဖို့ အချိန်ယူရဦးမယ်... ငါတို့ရဲ့ အမြင့်ဆုံး အမြန်နှုန်းနဲ့ဆိုရင် နှစ်နာရီအတွင်း ဝင်ထွက်လုပ်လို့ ရတယ်... ငါတို့ကို ယှဉ်ပြိုင်ဖို့ သူတို့ လုံလောက်တဲ့ အင်အား မစုစည်းနိုင်ခင် အများကြီး စောပြီး ပြီးသွားလိမ့်မယ်..."
သူက လက်ချောင်းများကို ယှက်ထားလိုက်၏။
"ဒါပေမဲ့ သူတော်စင် ရဲ့ ခွင့်ပြုချက်မပါဘဲ ငါတို့ လှုပ်ရှားမှာ မဟုတ်ဘူး... သူ့ရဲ့ ကြားဝင်ဖြန်ဖြေမှုနဲ့ဆိုရင် ငါတို့ ကျရှုံးရင်တောင် သုတ်သင်ခံရမယ့်အစား ရှက်ရွံ့စွာနဲ့ အိမ်ပြန်ပို့ခံရရုံပဲ ဖြစ်မှာ... ပြီးတော့ သူ့ရဲ့ ခွင့်ပြုချက် ရမှသာ အောင်မြင်ရင်တောင် သူ့ရဲ့ ဒေါသကို ရင်ဆိုင်ရမှာ မဟုတ်ဘူးလို့ ငါတို့ သေချာပေါက် ပြောနိုင်မယ်..."
မာစီ က ပခုံးတွန့်လိုက်၏။
"ဒါဆိုလည်း သူ့ကို မေးကြည့်လိုက်လေ..."
သူမ၏ မျက်လုံးများက အခန်း၏ ထောင့်တစ်နေရာဆီသို့ မော့ကြည့်လိုက်သည်။
အခန်းထဲရှိ လူတိုင်းက လှည့်ကြည့်လိုက်ကြ၏။ ထိုနေရာ၊ မြင့်မားသော မျက်နှာကြက်ပေါ်တွင် မည်သူကမျှ မမြင်တွေ့ခဲ့ရသော ငွေရောင်နှင့် ခရမ်းရောင် ဇီးကွက် တစ်ကောင် စောင့်ဆိုင်းနေသည်။
နာရူဟွမ် က မတ်တတ်ရပ်ကာ အရိုအသေပေးလိုက်၏။
"မဟူရာ မီးတောက် အင်ပါယာ ရဲ့ အင်ပါယာ အရှင် က ငွေရောင် နှလုံးသား သူတော်စင် ကို ဂါရဝပြုပါတယ်..."
သူက ပြောလိုက်သည်။ အင်ပါယာ အရှင် ထိုသို့ ပြုလုပ်သည်ကို မြင်သောအခါ မာစီ မှလွဲ၍ အခန်းထဲရှိ အခြားသူများ အားလုံးလည်း မတ်တတ်ရပ်ကာ အရိုအသေပေးလိုက်ကြ၏။
"ဒါက စစ်မြေပြင်ကို သူ စောင့်ကြည့်တဲ့ နည်းလမ်းပဲ..."
မာစီ က ပြောလိုက်၏။
"သူက အရာအားလုံးကို မြင်တွေ့ကြားသိနေတာ... တကယ်လို့ သူက ငါတို့ကို ရှေ့ဆက်လှုပ်ရှားခွင့် ပြုတယ်ဆိုရင် သူ သဘောတူတယ်လို့ မှတ်ပါ..."
ဇီးကွက်သည် သစ်ရွက်များကြားမှ ဖြတ်တိုက်သွားသော လေနုအေးကဲ့သို့ တိုးညှင်းသော တဖျပ်ဖျပ် အသံတစ်ခု ပြုလုပ်လိုက်သည်။
လက်တစ်ဖက်တွင် ကျောက်လက်အိတ်စွပ်ထားသော အဘိုးအို တစ်ဦးဖြစ်သည့် မီးခိုးရောင် အသားအရည်ရှိသော ကိုတိုင် ကလန် မှ အဆင့်နိမ့် အရှင်သခင် က နှာမှုတ်လိုက်၏။
"ဒါက တကယ်ပဲ သူ ဆိုတာကို ငါတို့ ဘယ်လိုလုပ် သေချာပေါက် သိနိုင်မှာလဲ..."
ဇီးကွက်က သူ့ထံသို့ အကြည့်လှည့်လိုက်သည်။ တင်းကျပ်စွာ စုစည်းထားသော အိပ်မက် အော်ရာ များ ရုတ်တရက် တောက်ပလာပြီး အဆင့်နိမ့် အရှင်သခင် ၏ မျက်လုံးများက တစ်စက္ကန့်ခန့် အာရုံလွတ်သွား၏။
သူ၏ အသိစိတ် ပြန်လည် ဝင်ရောက်လာသောအခါ သူ တုန်ယင်သွားပြီး ကြီးမားသော လက်သီးတစ်ဖက်ကို ပုံမှန် အရွယ်အစားရှိ လက်သီးတစ်ဖက်နှင့် ဖိကပ်ကာ နက်ရှိုင်းစွာ အရိုအသေပေးလိုက်သည်။
"သူတော်စင် ကို မေးခွန်းထုတ်မိတဲ့အတွက် ကျွန်တော် တောင်းပန်ပါတယ်..."
မာစီ ထံသို့ မေးခွန်း အများအပြား ရောက်လာရာ သူမက တတ်နိုင်သလောက် ပြန်လည် ဖြေကြားပေးခဲ့သည်။ သို့သော် အခန်း၏ လေထုက ပြောင်းလဲသွားပြီ ဖြစ်၏။ အဆင့်နိမ့် အရှင်သခင် များသည် သူတို့ကိုယ်သူတို့ စုစည်းနေကြသည်။ သူတို့၏ စိတ်ဝိညာဉ် များ တဖြည်းဖြည်း ပြောင်းလဲလာသည်ကို လင်းတုန်း ခံစားနိုင်၏။ သူတို့ထဲမှ မည်သူကမျှ နောက်ဆုတ်ကာ စောင့်ဆိုင်းနေရခြင်းကို သဘောမကျခဲ့ကြပေ။ ယခုအခါ တိုက်ပွဲဆီသို့ ပြန်လည် ဝင်ရောက်ရန် အခွင့်အရေးအတွက် သူတို့ ဂနာမငြိမ် ဖြစ်နေကြပြီ ဖြစ်သည်။
နောက်ဆုံးတွင် နာရူဆေယာ က စားပွဲပေါ်သို့ လက်ကို ရိုက်ချလိုက်ပြီး မတ်တတ်ရပ်လိုက်၏။
"ငါတို့ ဘယ်အချိန် ထွက်ကြမလဲ..."
***