အခန်း ၃၇၈
Vol. 35 Ch. 378
အပိုင်း(၄၇၈)
ဆေရှန် တိုင်းပြည် ၏ အရှင်သခင် များ၊ အရှင်သခင်မ များနှင့် အဆင့်မြင့် အစစ်အမှန် ရွှေအဆင့် များ အားလုံးကို ညဘီး တောင်ကြားရှိ သူတို့၏ ရဲတိုက် ထိပ်တွင် စုစည်းထားခဲ့သည်။ သူတို့သည် ရဲတိုက် ခေါင်မိုးကို အောင်ပွဲခံ စားပွဲကြီး တစ်ခုအဖြစ် ပြောင်းလဲထားပြီး တောင်ကြား ၏ မှောင်မိုက်မှုများကိုပင် တောက်ပနေသော အစီအရင် များ၊ မီးရောင်များ၊ တေးဂီတများနှင့် ကောင်းကင်တွင် ပျံသန်းနေသော အရောင်အသွေးစုံ ငှက် ဝိညာဉ်အကြွင်းအကျန် များဖြင့် ဖယ်ရှားပစ်ထား၏။
ကီရို၏ ညီငယ်ဖြစ်သူ ဆေရှန် ဒါဂျီ သည် သူ့ကိုယ်သူ အခြားသူများအားလုံးထက် မြင့်နေစေရန် မြှောက်တင်ထားသော မာဒြာ စင်မြင့်တစ်ခုပေါ်တွင် ရပ်နေ၏။ သူသည် သံချပ်ကာ ဝတ်ဆင်ထားသည့် အသွင်ပေါ်စေရန် သတ္တုပြားများ တပ်ဆင်ထားသော ဆေရှန် တော်ဝင်မိသားစု၏ ရိုးရာဝတ်ရုံများကို ဝတ်ဆင်ထားပြီး ငွေရောင် သရဖူတစ်ခုက သူ၏ ခေါင်းပေါ်တွင် တောက်ပနေသည်။ သူက လူအုပ်ကြီးကို အောင်ပွဲခံသော၊ မောက်မာသော မျက်နှာအမူအရာဖြင့် ငုံ့ကြည့်နေ၏။
ထို့အပြင်... သူသည် အဆင့်နိမ့် အရှင်သခင် အသစ်စက်စက် တစ်ယောက်၏ စွမ်းအားများဖြင့် တုန်ခါနေသော သူ၏ စိတ်ဝိညာဉ် ကို ထိန်းချုပ်ရန် မည်သို့မျှ မကြိုးစားခဲ့ပေ။
ဆေရှန် တိုင်းပြည်၏ အခြားသော အရေးပါသည့် အဖွဲ့ဝင်များသည် ဒုတိယ မင်းသားကို ချီးကျူးဂုဏ်ပြုရန် တစ်ယောက်ပြီးတစ်ယောက် မတ်တတ်ရပ်နေကြသည်။ ထိုအခါ သူက တုပထားသော နှိမ့်ချမှုများဖြင့် ဖြစ်စေ၊ ချီးကျူးစကားများဖြင့် ဖြစ်စေ ပြန်လည် တုံ့ပြန်နေ၏။ စကားတစ်ခွန်း ကြားရတိုင်း ဒါဂျီ က ပို၍ မာန်တက်လာပြီး သူ၏ ဖခင်ဖြစ်သူထံသို့ ရံဖန်ရံခါ လှမ်းကြည့်နေသည်။ ဘုရင် ဒါကာတာသည် သားဖြစ်သူ၏ စင်မြင့် ဘေးတွင် ဂုဏ်ယူဝင့်ကြွားနေသော ပုံရိပ်တစ်ခုအဖြစ် ရပ်နေ၏။
ကီရိုသည် အာရုံစိုက်ခံရသော ဗဟိုချက်မှ ကင်းလွတ်သည့် နံရံတစ်ခုကို မှီကာ စောင့်ကြည့်နေသည်။
လက်တစ်ဖက်က သူ၏ ကျောကို ခပ်ဖွဖွ ပွတ်သပ်လိုက်၏။
"ရှင် နေမကောင်းလို့လား..."
မေရာက မေးလိုက်ရာ သူမ၏ မျက်လုံးများထဲတွင် ထိတ်လန့်မှု အရိပ်အယောင်များ ပါဝင်နေသည်။ သူမက ညာဘက်လက်ထဲရှိ အစားအစာ ပန်းကန်လုံးကို ဘေးသို့ ဖယ်ချလိုက်ပြီး အသက် မာဒြာ များကို စတင် ဖန်တီးလိုက်၏။
"ငါ နေကောင်းနေတာ သီတင်းပတ်တွေတောင် ကြာနေပါပြီ..."
ကီရို က သူမကို စိတ်ချစေရန် ပြောလိုက်သည်။ သူ၏ ကျောဘက်ရှိ ဓားထိုးခံရသော ဒဏ်ရာကို သူမ ချက်ချင်း ကုသပေးခဲ့ပြီး တိုင်းပြည်မှ ကုသပေးသူများကလည်း သူ လိုအပ်နိုင်သည်ထက် ပိုများသော ဆေးဝါးများကို ပေးခဲ့ကြ၏။
ကုသမှု လုပ်ငန်းစဉ်အတွင်း သူ သတိလစ်သွားခဲ့ပြီး ဖခင်ဖြစ်သူမှာ အလွန် ဒေါသထွက်ခဲ့ကြောင်းကို နောက်ပိုင်းတွင် သူ သိခဲ့ရသည်။ ဘုရင် ဒါကာတာ ကိုယ်တိုင်ထက်ပင် မေရာက ပို၍ ယူကျုံးမရ ဖြစ်မနေခဲ့ပါက သူမ ကွပ်မျက်ခံရနိုင်ချေ ရှိပါသည်။ သူမက မဟူရာ မီးတောက် အင်ပါယာ ၏ တံခါးပေါက်ကို ဖြတ်ကျော်ကာ တစ်ကိုယ်တော် သွားရောက် တိုက်ခိုက်မည် ပြုသဖြင့် သူမကို ကိုယ်တိုင်ကိုယ်ကျ တားဆီးရန် သူ အတင်းအကျပ် လုပ်ခဲ့ရ၏။
မေရာသည် သူမ၏ ပန်းကန်လုံးကို ပြန်ကောက်မယူဘဲ လက်မ လက်သည်းကိုသာ ကိုက်နေ၏။ သူမ၏ အကြည့်များက ဝေးလွင့်ကာ ဟာလာဟင်းလင်း ဖြစ်လာ၏။
"သူ(မ) ကို ကျွန်မတို့ရဲ့ ဆုလာဘ် အဖြစ် ကျွန်မတို့ တောင်းဆိုလို့ ရတယ်..."
သူမက ပြောလိုက်သည်။
"သူတော်စင်က ဓားကျင့်ကြံသူ တစ်ယောက်ကိုတော့ ကျွန်မတို့ကို ပေးမှာပါ..."
"ငါတို့ သူ(မ)ကို နောက်တစ်ခါ ပြန်တွေ့ရမှာ မဟုတ်တော့ပါဘူး..."
ကီရို က သူမကို အာမခံ ပြောလိုက်၏။ သူ့အတွက်တော့ ၎င်းသည် ကောင်းမွန်သော အရာတစ်ခု ဖြစ်သည်။ ဓားနှင့် သွေး နည်းစနစ် များရှိသော ထိုမိန်းမငယ်လေးသည် လင်းတုန်း နည်းတူ သူ့ကို ထိတ်လန့်စေခဲ့၏။ မဟူရာ မီးတောက် အင်ပါယာကို မောင်းထုတ်မည့် ဖခင်ဖြစ်သူ၏ အစီအစဉ်အပေါ် သူ သံသယဖြစ်ခဲ့သော်လည်း ၎င်းက ထိုသူနှစ်ဦး အဆင့်နိမ့် အရှင်သခင် များ ဖြစ်လာမည့် အရေးကို တားဆီးနိုင်ခဲ့ပါက တန်ဖိုးရှိခဲ့ပြီ ဖြစ်သည်။
မေရာသည် နောက်ဆုံးတွင် သူမ၏ အစားအစာကို ပြန်ကောက်ယူကာ စတင် စားသောက်လိုက်သည်။ အသားတုံးများက သူမကို ကိုယ်ရေးကိုယ်တာအရ စော်ကားထားသည့်အလား အငမ်းမရ ကိုက်ဖြဲနေ၏။ သူတို့အနေဖြင့် လက်စားချေရန် အခွင့်အရေး မရတော့မည်ကို သူမ စိတ်ပျက်နေသည်။ သူမနှင့် ဒါဂျီ တို့သည် အချို့သော နည်းလမ်းများတွင် တူညီကြ၏။
ရုတ်တရက် ညဘီး တောင်ကြား၏ အရိပ်များသည် အတွင်းသို့ တွားသွား ဝင်ရောက်လာသည့်အလား တောင်ပနေသော အရောင်အသွေးစုံ မီးရောင်များနှင့် တေးဂီတသံများ မှေးမှိန်သွားသည်။
ဒါဂျီ အကြောင်း မိန့်ခွန်းပြောနေသော အမျိုးသမီးသည် သူမ၏ သောက်စရာကို မြှောက်ထားလျက်သား အေးခဲသွား၏။ စကားပြောသံများ တိတ်ဆိတ်သွား၏။ ၎င်းသည် သဘာဝအလျောက် ဖြစ်သွားခြင်းလား၊ သို့မဟုတ် အရိပ်များက အသံကို ပိတ်ဆို့ပစ်လိုက်ခြင်းလား ဆိုသည်ကို ကီရို မခွဲခြားတတ်တော့ပေ။
ဘုရင် ဒါကာတာက အဆင့်မြင့် အရှင်သခင် တစ်ယောက်၏ စိတ်ဝိညာဉ် ကို ထုတ်လွှတ်လိုက်ပြီး ရှေ့သို့ တစ်လှမ်း တိုးလာသော်လည်း သူ၏ အရှေ့တွင် အရိပ်များက ပိုမို နက်ရှိုင်းလာ၏။ ၎င်းတို့က အတူတကွ အရည်ပျော်သွားပြီး အမည်းရောင် အတုံးအခဲကြီး တစ်ခုအဖြစ် မြင့်တက်လာသည်။
အာကူရာ ချာရတီက ဆေရှန် ဘုရင် နှင့် မျက်နှာချင်းဆိုင်လျက် အမှောင်ထဲမှ ထွက်လာ၏။
အလျင်အမြန်ပင် ကီရို နှင့် ထိုနေရာရှိ အခြားသူများ အားလုံး အရိုအသေပေးလိုက်ကြသည်။ ချာရတီ က ဒါကာတာ ကို အထက်အောက် ကြည့်လိုက်ပြီးနောက် ဒါဂျီ ထံသို့ သူမ၏ အာရုံကို ပြောင်းလိုက်၏။ သူက မကျေမချမ်း ဖြစ်နေသော မျက်နှာအမူအရာဖြင့် ဝန်လေးစွာ အရိုအသေပေးထားသည်။
ငွေရောင် နှလုံးသား သူတော်စင် က သူမ၏ နူးညံ့သော လက်များကို အရှေ့သို့ မြှောက်လိုက်ပြီး အချိန်အတော်ကြာ ရပ်တန့်နေပြီးနောက် သုံးချက် တိတိ လက်ခုပ်တီးလိုက်၏။ ထိုအသံများက တိတ်ဆိတ်မှုထဲတွင် ပဲ့တင်ထပ်သွားသည်။
"ဆေရှန် တိုင်းပြည် ကို ဂုဏ်ပြုပါတယ်..."
ချာရတီ က ပြောလိုက်၏။
"သင်တို့က ငါတို့ရဲ့ ဥယျာဉ်ကနေ အကျိုးအမြတ် အများကြီး ရခဲ့ပုံပဲ..."
ဘုရင် ဒါကာတာသည် သူ၏ မာဒြာ ကို ထိန်းချုပ်ကာ သူ၏ စိတ်ဝိညာဉ် ကို ပြန်လည် ရုပ်သိမ်းလိုက်ပြီ ဖြစ်၏။ သူသည် အံ့သြမှုမှ မြန်ဆန်စွာ ပြန်လည် သတိဝင်လာပြီး အသံကျယ်လောင်စွာ ရယ်မောလိုက်သည်။
"ဒါပေါ့... ဒါပေါ့... သူတော်စင် ရဲ့ နယ်မြေတိုင်းက ဘယ်လိုလုပ်ပြီး အံ့မခန်း မဖြစ်ဘဲ နေပါ့မလဲ... ပိုးမွှား တချို့တော့ ရှိခဲ့ပေမဲ့ စိတ်မပူပါနဲ့... မြင့်မြတ်တဲ့ သူတော်စင် အတွက် သူတို့ကို ကျွန်တော်တို့ မောင်းထုတ်ပေးခဲ့ပါတယ်..."
ထိုစကားအတွက် သူက ပို၍ ကျယ်လောင်စွာ ရယ်မောလိုက်၏။ ရဲရင့်သော လူအနည်းငယ်ကလည်း သူနှင့်အတူ ဝင်ရောက် ရယ်မောကြသည်။
ချာရတီ က လူအုပ်ကြီးကို ငုံ့ကြည့်လိုက်၏။
"အင်း... သင်တို့ လုပ်ခဲ့သလိုမျိုး သူတို့ကို မောင်းထုတ်လိုက်တာက သင့် အတွက်တော့ ရဲတင်းလွန်းတယ်... သင်က ချုပ်တည်းထားဖို့ ငါ့ရဲ့ အမိန့်ကို အစွန်းရောက်တဲ့အထိ တွန်းပို့လိုက်တာပဲ..."
သူမ၏ စကားများက လုံးဝကို တည်ငြိမ်နေသော်လည်း ဖခင်ဖြစ်သူ စိုးရိမ်တကြီး ချွေးပြန်လာတော့မည်ဟု ကီရို ထင်လိုက်မိသည်။
"အာကူရာ မိသားစု ရဲ့ အခြား အစေခံတွေကို အားနည်းသွားစေနိုင်မယ့် လုပ်ရပ်မျိုး မလုပ်မိအောင် ကျွန်တော်တို့ အရမ်း ဂရုစိုက်ခဲ့ပါတယ်..."
ဘုရင် ဒါကာတာ က သူမကို အာမခံ ပြောလိုက်၏။ ကျားတစ်ကောင်က ခွေးပေါက်လေး တစ်ကောင်လို ဟန်ဆောင်နေသည်ကို မြင်ရသကဲ့သို့ သူ ဤမျှ နာခံသော အနေအထားမျိုး ယူထားသည်ကို မြင်ရခြင်းမှာ ထူးဆန်းလှသည်။
"ဒါပေမဲ့ အောင်ပွဲကို ဆုပ်ကိုင်နိုင်ဖို့ ရဲရင့်တဲ့ လုပ်ရပ် လိုအပ်တယ် ဆိုတာကို ကျွန်တော်တို့ သိခဲ့တယ်လေ..."
ချာရတီ ၏ မျက်ခုံးများ ပင့်တက်သွား၏။
"အောင်ပွဲ..."
အချိန်အတော်ကြာသည်အထိ တိတ်ဆိတ်မှုက လွှမ်းမိုးသွားသည်။
ဒါကာတာ က အနေရခက်စွာ ရယ်မောလိုက်၏။
"ဟုတ်ပါတယ်... အဲဒီအချိန်ကစပြီး ကျွန်တော်တို့ အဆင့်နိမ့် အရှင်သခင် တွေ အများကြီး မွေးထုတ်နိုင်ခဲ့တယ်... မဟူရာ မီးတောက် အင်ပါယာထက် ပိုများတာကတော့ သေချာပါတယ်... ကျွန်တော်တို့ရဲ့ လူငယ်တွေထဲက သူတော်စင် စိတ်ကြိုက် ရွေးချယ်နိုင်ပါတယ်..."
ချာရတီ က သူမ၏ လက်တစ်ဖက်စီတွင် လက်ညှိုး တစ်ချောင်းစီ မြှောက်ပြလိုက်၏။
"သင်က အဲဒီလို သတ်မှတ်ချင်တယ်ဆိုရင်... ဒါက လက်ရှိ အမှတ်စာရင်းပဲ... မဟူရာ မီးတောက် အင်ပါယာ ဘက်က အစကတည်းက ငါ ရွေးချယ်ထားတဲ့ အဆင့်နိမ့် အရှင် လူငယ် တစ်ယောက် ရှိတယ်... ပြီးတော့ သင့်ရဲ့ တိုင်းပြည် ဘက်ကလည်း အစကတည်းက ငါ မျက်စိကျထားတဲ့ အရှင်သခင် ဒါမှမဟုတ် အရှသခင်မ လူငယ် တစ်ယောက် ရှိတယ်..."
သူမက လက်များကို အောက်ချကာ ယှက်ထားလိုက်သည်။
"သင်တို့ရဲ့ ဘယ်လုပ်ရပ်ကမှ အခြေအနေကို မပြောင်းလဲစေခဲ့ဘူး... လွန်ခဲ့တဲ့ လအနည်းငယ်က အခြေအနေအတိုင်း ရှိနေတုန်းပဲ... ငါရဲ့ လိုအပ်ချက်တွေနဲ့ ကိုက်ညီတဲ့ တတိယမြောက် အဆင့်နိမ့် အရှင်သခင် ဆိုတာ အခုထိ မရှိသေးပါဘူး..."
ဒါဂျီက သူ၏ မျက်နှာပေါ်တွင် ဒေါသများ အထင်းသား ပေါ်လွင်လျက် ရှေ့သို့ တစ်လှမ်း တိုးလာရာ ညီငယ် ဖြစ်သူ ကိုယ့်သေတွင်း ကိုယ်မတူးမိခင် သူ မြန်မြန်ဆန်ဆန် လှုပ်ရှားရမည်ကို ကီရို သိလိုက်၏။
"လေးစားရပါသော သူတော်စင်..."
ကီရို က အလောတကြီး ဝင်ပြောလိုက်သည်။
"သူတော်စင်ရဲ့ မျက်စိရှေ့မှာ ကျွန်တော်တို့ကိုယ်ကျွန်တော်တို့ ထင်ပေါ်လာအောင် လုပ်နိုင်တာ ဘာမှ မရှိတော့ဘူးလား..."
သူသည် အဓိကအားဖြင့် ချာရတီ ၏ အာရုံကို ဒါဂျီ ထံမှ လွှဲဖယ်ရန် ပြောလိုက်ခြင်း ဖြစ်သော်လည်း သူမက သူ့ကို အချိန်အတော်ကြာအောင် အကဲခတ်နေခဲ့၏။ တစ်စက္ကန့်အကြာတွင် သူမက မည်သည့်နေရာမှန်း မသိသော နေရာမှ ခေါက်ထားသော စက္ကူတစ်ရွက်ကို ထုတ်ယူကာ သူ့ ဆီသို့ ပစ်ပေးလိုက်သည်။ စာလိပ်လေးသည် လေနုအေးနှင့်အတူ ညင်သာစွာ ပျံသန်းလာပြီး သူ၏ လက်ထဲသို့ ကျရောက်လာ၏။
"မဟူရာ မီးတောက် အင်ပါယာ က ပြန်လာလိမ့်မယ်... အသေးစိတ် အချက်အလက်တွေက အထဲမှာ ပါတယ်..."
သူတော်စင် က ပြောလိုက်၏။
ကီရို က စက္ကူကို ဖြန့်လိုက်သည်။ ၎င်းသည် သူ၏ ဖခင်ဖြစ်သူ အကြမ်းဖျင်း ရေးဆွဲထားခဲ့သော မြေပုံထက် ပိုမို အသေးစိတ်ကျသော ညဘီး တောင်ကြား ၏ မြေပုံတစ်ခု ဖြစ်ပြီး နေရာတစ်ခုကို စက်ဝိုင်း ဝိုင်းပြထား၏။ သူက အောက်ဘက်ရှိ ညွှန်ကြားချက်များနှင့်တကွ အမည်ကိုပါ ဖတ်ကြည့်လိုက်သည်။
ထို့နောက် သူက ချာရတီ ကို အံ့အားသင့်စွာ ပြန်ကြည့်လိုက်၏။
သူမက သူ၏ မျက်လုံးများကို တည်ငြိမ်စွာ ဆုံကြည့်လိုက်သည်။
"ငါ ညွှန်ပြထားတဲ့ နေရာကို မင်းတို့ရဲ့ ကိုယ်စားလှယ် သုံးယောက်ကို လွှတ်လိုက်၊ ပြီးတော့ မင်းတို့အတွက် ငါချန်ထားခဲ့တဲ့ ညွှန်ကြားချက်တွေအတိုင်း လိုက်လုပ်..."
စာထဲတွင် မဟူရာ မီးတောက် အင်ပါယာ ပြုလုပ်မည့် အရာအားလုံးကို ကြိုတင် ခန့်မှန်းထား၏။ ထို့ပြင် သူတို့၏ ရွှေအဆင့် လူငယ် သုံးယောက်၏ လှုပ်ရှားမှုများကိုလည်း ပါဝင်သည်။
သူတော်စင်သည် နောက်ထပ် ပြိုင်ပွဲတစ်ခုကို မြင်တွေ့ချင်နေခြင်း ဖြစ်၏။
"ဒီတစ်ကြိမ်တော့..."
ချာရတီ က ဆက်ပြောလိုက်၏။
"မင်းတို့ရဲ့ စွမ်းရည်တွေကို တရားမျှတစွာ ပြသတာကို ငါ မြင်ချင်တယ်... ဘာကိုမှ ဖုံးကွယ်မထားနဲ့... မင်းတို့ကို သတိပေးစရာ တစ်ခုပဲ ရှိတယ်..."
သူမ ဘာပြောမည်ကို ကီရို သိနေပါသည်။ ၎င်းကို စာ၏ အောက်ခြေတွင် စာလုံးအကြီးကြီးများဖြင့် ရေးသားထားပြီး အလေးအနက်ထားရန် စက်ဝိုင်း ဝိုင်းပြထား၏။
"မင်းတို့ အာကူရာ မာစီ ကို အန္တရာယ် မပေးသင့်ဘူး..."
သူတော်စင် က ပြောလိုက်သည်။ မြေပုံအောက်ရှိ စက္ကူပေါ်တွင်လည်း ထိုစကားစုကို ထပ်မံရေးသားထား၏။
'သင်တို့သည် အာကူရာ မာစီ အား အန္တရာယ် မပေးသင့်ပေ...'
စကားအသုံးအနှုန်းက သူ့ကို စိတ်အနှောင့်အယှက် ဖြစ်စေခဲ့သော်လည်း ကီရို မေးခွန်းမထုတ်နိုင်မီ ဘုရင် ဒါကာတာ က သူ၏ ရင်ဘတ်ကို လက်သီးဖြင့် ထုကာ ကြွားလုံးထုတ်လိုက်၏။
"သူတော်စင် ကို ကျွန်တော်တို့ စိတ်ပျက်အောင် မလုပ်ပါဘူး..."
ချာရတီ က ဒါဂျီ ထံသို့ ပြန်လှည့်ကြည့်လိုက်သည်။
"တကယ်ပဲ..."
သူမက ပြောလိုက်၏။
"မင်းတို့ အဲဒီလို မလုပ်ဖို့ ငါ မျှော်လင့်ပါတယ်..."
ထို့နောက် သတိပေးခြင်းမရှိဘဲ သူမသည် အရိပ်ထဲသို့ ပြန်လည် မှေးမှိန် ပျောက်ကွယ်သွားရာ သူမ၏ အနောက်တွင် တိတ်ဆိတ်မှုများကိုသာ ချန်ရစ်ထားခဲ့လေတော့၏။
***