အခန်း ၃၈၂
Vol. 35 Ch. 382
အပိုင်း(၄၈၂)
လင်းတုန်းက ၎င်းသည် အလုပ်ဖြစ်ကြောင်း အတည်ပြုပြီးသည်နှင့် အင်ပါယာ အရှင် ဆီသို့ အမြန်သွားလိုက်သည်။ အင်ပါယာ အရှင်သည် ဓားတစ်လက်ကို ဆင့်ခေါ်ထားပြီး လက်နှစ်ဖက်ဖြင့် ကိုင်ထားသော်လည်း အခြား ဘာမှမလုပ်ဘဲ သူ့ကိုယ်သူ စုစည်းနေဟန်ဖြင့် ရပ်နေ၏။
လင်းတုန်းက အပြာလေး ကို အဆင့်မြင့် အရှင်သခင် အပေါ်သို့ အမြန်ဆုံး လွှတ်ပေးရန် ရည်ရွယ်ထားသော်လည်း ဓားကို မြင်လိုက်ရသောအခါ သူ မနေနိုင်ဘဲ ရပ်တန့်သွားမိသည်။ ၎င်းသည် တည့်မတ်ပြီး ရှည်လျားသော အမည်းရောင် ဓားသွားဖြစ်ပြီး လောင်ကျွမ်းနေသော မီးတောက်များကဲ့သို့ အနီရောင် အလွှာများဖြင့် ရောယှက်နေ၏။
‘ဒါ မဟူရာ မီးတောက် ပဲ...’
အင်ပါယာ အရှင် ၌ မဟူရာ မီးတောက် လမ်းစဉ် မှ ပြုလုပ်ထားသော ဓားတစ်လက် ရှိနေပြီး ၎င်းမှ ထွက်ပေါ်လာသော ဖိအားအရ ၎င်းသည် အနည်းဆုံး အဆင့်မြင့် အရှင်သခင် အဆင့် လက်နက်တစ်ခု ဖြစ်သည်။
ထိုတိုတောင်းသော အချိန်လေးအတွင်း တွေဝေသွားပြီးနောက် လင်းတုန်းက အပြာလေး ကို အင်ပါယာ အရှင်၏ ပခုံးပေါ်သို့ တင်ပေးလိုက်၏။ သူမက သူ၏ လည်ပင်းကို မှီကာ ယီရင် အပေါ်တွင် အသုံးပြုခဲ့သည်ထက် ပိုကြီးမားသော အပြာရောင် စက်လုံးကို သူ၏ မာဒြာ လမ်းကြောင်းများထဲသို့ တွန်းပို့လိုက်သည်။ ဤတစ်ကြိမ်တွင် သူမအတွက် အချိန်ပိုကြာသွား၏။ ၎င်းသည် အဆင့်မြင့် အရှင်သခင် ကို သက်ရောက်စေရန် ပို၍ ခက်ခဲသောကြောင့် ဖြစ်စေ၊ သို့မဟုတ် နယ်နိမိတ် အကာအကွယ် က သူမကို ပို၍ ပြင်းထန်စွာ သက်ရောက်နေသောကြောင့် ဖြစ်စေ ဖြစ်နိုင်ပါသည်။
လင်းတုန်းက သူမကို ပြန်ဆွဲယူလိုက်ပြီး မာစီ ဆီသို့ ရွှေ့သွား၏။ သူက သင်္ဘောပေါ်ရှိ လူတိုင်းကို ကူညီပေးချင်ပါသည်။ သူတို့ထဲမှ အချို့သည် အခြေအနေနှင့် အသားကျစပြုနေပြီဖြစ်ကာ ယိမ်းယိုင်စွာ လမ်းလျှောက်နေကြပြီး နည်းစနစ်များကို ပြင်ဆင်နေကြ၏။ သို့သော် သူတို့ထဲမှ မည်သူကမျှ သူတို့အဆင့်တူ တစ်ယောက်ကို တိုက်ခိုက်ရန် အဆင်သင့် မဖြစ်သေးပေ။ ဆေရှန် တိုင်းပြည် ၌ ဤနယ်နိမိတ် အကာအကွယ် အတွက် အစောင့်အရှောက် သော့ များ ရှိနေမည်ဖြစ်ကြောင်း သူ လောင်းရဲပါသည်။
ထို့ပြင် နောက်ထပ် တိမ်ပျံသင်္ဘော တစ်စီးကလည်း ချဉ်းကပ်လာနေပြီး ၎င်းပေါ်တွင် အဆင့်နိမ့် အရှင်သခင် အများအပြားနှင့် ပိုမိုကြီးမားသော စွမ်းအားတစ်ခု ပါဝင်၏။ ဆေရှန် ဘုရင် နှင့် သူ၏ တော်ဝင် မိသားစု ဖြစ်မည်ဟု လင်းတုန်း ခန့်မှန်းလိုက်သည်။
သင်္ဘော၏ ကျန်ရှိသော အစိတ်အပိုင်းများ မည်သို့ပင် ဖြစ်နေပါစေ လင်းတုန်း၌ ရည်မှန်းချက်တစ်ခု ရှိနေ၏။
အင်ပါယာ အရှင် က တုန်ယင်စွာ အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်စဉ် လင်းတုန်းက အပြာလေး ကို မာစီ ထံသို့ လွှဲပေးလိုက်သည်။ သူ၏ မျက်လုံးများက လင်းတုန်းဆီသို့ ရောက်လာပြီး ခေါင်းညိတ်ပြလိုက်သော်လည်း သူ၏ စိတ်က တိုက်ပွဲအပေါ်၌သာ ရှိနေသည်မှာ ထင်ရှား၏။ သူ၏ အတောင်ပံများ ဖြန့်ကားသွား၏။ သူက လေထဲသို့ မြင့်တက်သွားကာ ပိုသေးငယ်သော တိမ်ပျံသင်္ဘောကို ရင်ဆိုင်လိုက်သည်။
မာစီက နိုးလာစဉ် ကိုယ်ကို ခါလိုက်၏။ သေးငယ်သော ဝိညာဉ်လေးကို သူမ၏ လက်ထဲတွင် ပွေ့ထားရင်း...
"နင် ငါ့ကို ကယ်လိုက်တာလား... ကျေးဇူးပဲနော်... အို... ဘာဖြစ်လို့လဲ... နင့်ကိုယ်နင် မကူညီနိုင်ဘူးလား..."
အပြာလေးက မာစီ ၏ အမည်းရောင် လက်အိတ်စွပ်ထားသော လက်ဖဝါးများပေါ်တွင် လှဲလျောင်းရင်း ဝမ်းနည်းစွာ အသံပြုလိုက်၏။
"သူက မင်းတို့ လူသား စိတ်ဝိညာဉ် တွေကို သန့်စင်ပေးဖို့ပဲ ကူညီနိုင်တာ..."
ဒရော့စ် က ပြောလိုက်သည်။
"သူသာ ပိုစွမ်းအားကြီးခဲ့ရင် ထိခိုက်မှာ မဟုတ်ဘူး... ဒါပေမဲ့ အခုလောလောဆယ် သူက အားနည်းလွန်းနေတယ်... ပြီးတော့ ဒါက သိပ်ကြာကြာခံမှာ မဟုတ်ဘူး... မင်းနဲ့ အာရီလီယပ် ကလွဲရင် ကျန်တဲ့လူတွေမှာ နယ်နိမိတ် အကာအကွယ်က ပြန်အလုပ်မလုပ်ခင် နောက်ထပ်... ဆယ်မိနစ်လောက်ပဲ အချိန်ရလိမ့်မယ်..."
လင်းတုန်းက အပြာလေး ကို ပြန်ယူလိုက်၏။ သူမ၏ အရောင်က ပိုဖျော့လာပြီး သူမ၏ အစွန်းများက အနည်းငယ် မှေးမှိန်လာသည်။ သူမက သူ၏ လက်ထဲတွင် အိပ်ရန် ကွေးလိုက်ပြီး သူက သူမကို ဟင်းလင်းပြင် သော့ ထဲသို့ ပြန်ထည့်ထားလိုက်၏။
"အဲဒါ သူ လုပ်နိုင်တဲ့ အကောင်းဆုံးပဲ..."
လင်းတုန်းက အီသန် ကို အစီရင်ခံလိုက်သည်။ အီသန် သည် ရန်သူများ၏ ချဉ်းကပ်လာမှုကို နှေးကွေးစေရန် တတ်နိုင်သမျှ စွမ်းအားများ ဖြာထွက်နေစေ၏။ ၎င်းက အလုပ်ဖြစ်မဖြစ် သူ မခွဲခြားနိုင်ပေ။ ဆေရှန် ဘုရင် က တဖြည်းဖြည်းနှင့် ချဉ်းကပ်လာဆဲ ဖြစ်သည်။
အီသန်က အင်ပါယာ အရှင် ကို ကြည့်လိုက်၏။
"အရှင်သခင်၊ အရှင်သခင်မ တွေ နှစ်ဆယ့်ကိုးယောက်၊ အဲဒီအထဲက တစ်ယောက်က အဆင့်မြင့် အရှင်သခင် ပဲ... ငါတို့တွေ ဘယ်နှယောက်နဲ့ ညီမျှမယ်လို့ မင်း ထင်လဲ..."
"ဆယ်ယောက်..."
အင်ပါယာ အရှင် က ကောင်းကင်ကို ကြည့်နေရင်း ချက်ချင်း ပြောလိုက်သည်။
"ငါက အဆင့်မြင့် အရှင်သခင် ကို ယှဉ်နိုင်တယ်... ပြီးတော့ နောက်ဆုတ်ရင်း တိုက်ခိုက်ရင် နောက်ထပ် အဆင့်နိမ့် အရှင်သခင် တစ်ယောက်၊ နှစ်ယောက်လောက်ကို ယှဉ်နိုင်မယ်... မင်းကတော့ မသေဘဲနဲ့ သုံးယောက်လောက်ကို ထိန်းထားနိုင်မယ်လို့ ငါ ယုံကြည်တယ်... ဒါပေမဲ့ မင်း သူတို့ကို အဆုံးသတ်နိုင်ဖို့တော့ မလွယ်ဘူး..."
"ခင်ဗျား ကျုပ်ကို ယုံကြည်တဲ့အတွက် ဂုဏ်ယူပါတယ်..."
အီသန် က ပြောလိုက်၏။
"သူတို့ ဘယ်လို ချထားလဲ ဆိုတဲ့အပေါ်မှာတော့ မူတည်တာပေါ့... သူတို့ထဲက တချို့က အသက်ကြီးပြီး အန္တရာယ်များတယ်၊ ငါ တစ်ယောက်တည်းတောင် သူတို့ကို ရင်ဆိုင်ဖို့ တွန့်ဆုတ်မိတယ်... သူတို့က ငါ့ရဲ့ ဆံပင်တွေကို ပျက်စီးသွားစေလိမ့်မယ်..."
"မင်းရဲ့ တပည့်တွေက နောက်ထပ် တစ်ယောက်၊ ဒါမှမဟုတ် နှစ်ယောက်လောက်ကို ရင်ဆိုင်နိုင်လိမ့်မယ်... ပြီးတော့ ကျန်တဲ့ ငါတို့ရဲ့ ခရီးသည်တွေက သူတို့ရဲ့ လက်ရှိ အခြေအနေမှာတောင် လေးငါးယောက်လောက်ကိုတော့ ထိန်းထားနိုင်လိမ့်မယ်... ရန်သူတွေက အစစ်အမှန် ရွှေအဆင့် တွေ ခေါ်လာပုံမရဘူး..."
"သူတို့ မခေါ်လာပါဘူး..."
အီသန် က အတည်ပြုလိုက်၏။
"ဒါပေမဲ့ အဲဒါက ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ အင်အားရဲ့ သုံးပုံတစ်ပုံပဲ ရှိသေးတယ်... ကျွန်တော်တို့ လက်နက်ချသင့်ပြီလား... အဲ့တာဆို သူတော်စင်က ဝင်ပါလိမ့်မယ်..."
အင်ပါယာ အရှင် က ပခုံးကို တင်းထားလိုက်သည်။
"ငါတို့ အားလုံး ကြိုးစားမကြည့်ရသေးခင်တော့ လက်နက် မချဘူး... ယုတ်စွအဆုံး ငါတို့ တာဝန်ကို စွန့်လွှတ်မယ်... တွန်းကန်အား မှော်ပစ္စည်း တွေကို ငါ အလွန်အကျွံ အလုပ်လုပ်ခိုင်းလိုက်မယ်... ငါတို့ ထွက်သွားကြမယ်..."
"ကျွန်တော်က အသေအကြေ တိုက်ပွဲတစ်ခုကို နည်းနည်းလေး မျှော်လင့်နေတာ... ဒါပေမဲ့ ခင်ဗျား ပြောတာကို ကျွန်တော် သဘောတူပါတယ်... သူတို့က ကျွန်တော်တို့ကို အဆင်သင့် စောင့်နေတယ်ဆိုတော့ ကျွန်တော်တို့ ဘယ်တော့မှ အောင်မြင်မှာ မဟုတ်ဘူး... အဆုံးအရှုံးကို လျှော့ချပြီး နောက်ဆုတ်မယ်... လက်နက်ချတာကို နောက်ဆုံး ရွေးချယ်စရာ အနေနဲ့ထားမယ်... ဒါပေမဲ့ အချက်တစ်ချက်ကိုတော့ ကျွန်တော် သဘောမတူဘူး..."
အီသန်က သူ၏ လက်မောင်းများကို ခါလိုက်၏။
"မှော်ပစ္စည်း တွေကို ကျွန်တော်ကိုယ်တိုင် အလွန်အကျွံ အလုပ်လုပ်ခိုင်းလိုက်မယ်... ကျွန်တော်တို့ ပြန်ရောက်ရင် သူတို့ကို ပြုပြင်ထိန်းသိမ်းမှု နည်းနည်း လုပ်ဖို့ လိုလိမ့်မယ်၊ အဲဒါကို ခင်ဗျား ရှင်းပေးဖို့ လိုတယ်..."
အသက်ကယ်လှေ အရွယ်အစားရှိ သေးငယ်သော တိမ်ပျံသင်္ဘော တစ်စီးသည် အဖြူရောင် မြူခိုးများထဲမှ ထွက်ပေါ်လာသည်။
ဆေရှန် ဘုရင် သည် တောက်ပသော လိမ္မော်ရောင် တိမ်တိုက်ပေါ်တွင် ရှိနေသည့် သင်္ဘော၏ ဦးပိုင်းတွင် ရပ်နေ၏။ သူ၏ ကြမ်းတမ်းသော အမည်းနှင့် မီးခိုးရောင် မုတ်ဆိတ်မွေးများနှင့် ရှုပ်ပွနေသော ဆံပင်များက သူ့ကို ဝက်ဝံတစ်ကောင်၏ အသွင်ကို ပေးစွမ်းနေပြီး ဖန်တီးထားသော မီးခိုးရောင် သံချပ်ကာက သူ့ကို အန္တရာယ်ကြီးမားပုံ ပေါက်စေသည်။ သူ၏ ဘယ်ဘက်လက်တွင် ကီရို ၏ ဒိုင်းကို သတိရသွားစေသည့် ခြင်္သေ့မျက်နှာ ထွင်းထုထားသော လေးလံသည့် သတ္တုဒိုင်းတစ်ခုကို ကိုင်ထား၏။ သူ၏ ညာဘက်လက်တွင်မူ ကြီးမားသော ဓားတစ်လက်ကို ဆုပ်ကိုင်ထားသည်။
သူက ဦးထုပ် ဆောင်းမထားချေ။ ထို့ကြောင့် မျက်နှာကို ထင်ရှားစွာ မြင်နိုင်သည်။ သူက မဟူရာ မီးတောက် အင်ပါယာ သင်္ဘောကို ပြုံးပြလိုက်၏။
"မင်းတို့ အိပ်ချင်နေပုံရတယ် နာရူဟွမ်... မင်းတို့ကို အနားယူဖို့ နေရာတစ်ခု ပေးရမလား..."
အင်ပါယာ အရှင်သည် မြရောင် အတောင်ပံများဖြင့် လေထဲသို့ မြင့်တက်လာစဉ်မှာပင် သူ၏ မဟူရာ မီးတောက် ဓားကို လက်နှစ်ဖက်ဖြင့် ကိုင်ထားဆဲ ဖြစ်၏။
"ဆေရှန် ဒါကာတာ... မျက်နှာပြရမှာ မရှက်ဘူးလား... ငါ့လူတွေကို အရင်တိုက်ခိုက်ပြီး မင်းက ငြိမ်းချမ်းရေးကို ဖျက်ဆီးခဲ့တာပဲ... ပြီးတော့ အခု ဒီမှာ ရှက်စရာကောင်းတဲ့ ထောင်ချောက်တွေနဲ့ ငါတို့ကို မြှူဆွယ်နေတယ်... ဒီ အဆင့်နိမ့် အရှင်သခင် တွေ အများကြီးနဲ့တောင် မင်း ငါတို့ကို ကြောက်နေတုန်းပဲလား..."
ဘုရင် ဒါကာတာ ၏ စိတ်ခံစားမှုများက သူ၏ မျက်နှာပေါ်တွင် အထင်းသား ပေါ်လွင်နေ၏။ သူသည် အောင်ပွဲခံနေသည့် အသွင်မှ တစ်ခဏအတွင်း သံသယဖြစ်နေသည့် အသွင်သို့ ပြောင်းလဲသွားသည်။
"မင်းက ကျန်းမာရေး ကောင်းနေပုံပဲ... အနည်းဆုံးတော့ မင်းရဲ့ လျှာက အတော်လေး သွက်တာပဲ..."
နာရူဟွမ်က သူ၏ ဓားကို လေထဲတွင် လွှဲလိုက်ရာ မီးတောက်များနှင့် ပျက်စီးမှုများ၏ လမ်းကြောင်းတစ်ခု ကျန်ရစ်ခဲ့၏။
"ဒီလို လှည့်ကွက်မျိုးက ငါတို့ကို ဘယ်တော့မှ အဟန့်အတား မဖြစ်စေနိုင်ဘူး... အာ... ငါတို့က မင်းရဲ့ သားကို နှုတ်ဆက်ဖို့တောင် မေ့နေတာပဲ..."
ယခုအခါ အင်ပါယာ အရှင် သည် တိမ်ပျံသင်္ဘော၏ အမြင့်ထက်သို့ ရောက်ရှိနေပြီဖြစ်ပြီး သံချပ်ကာ ဝတ်ဆင်ထားသော မင်းသားကို ငုံ့ကြည့်လိုက်၏။
"ရွှေအဆင့် လက်တစ်ဆုပ်စာကို ရဲရဲဝင့်ဝင့် အနိုင်ယူခဲ့တဲ့ မင်းသား ကီရို..."
မင်းသား ကီရို သည် ဖခင်ဖြစ်သူကဲ့သို့ သံချပ်ကာကို ဝတ်ဆင်ထားပြီး အင်ပါယာ အရှင် ၏ စကားများအပေါ် သိသာစွာ တုံ့ပြန်ခြင်း မရှိပေ။ သူက ရိုသေစွာ ခေါင်းငုံ့လိုက်၏။
"ကျွန်တော့်ရဲ့ လုပ်ရပ်တွေက ခင်ဗျားကို စော်ကားမိသလို ဖြစ်သွားရင် တောင်းပန်ပါတယ် အင်ပါယာ အရှင် နာရူ..."
ဆင်တူသော သံချပ်ကာ ဝတ်ဆင်ထားသည့် လူငယ်တစ်ယောက်က အနီးအနားတွင် ရပ်နေသော်လည်း အခြားနှစ်ယောက်ကဲ့သို့ သက်တောင့်သက်သာ ရပ်မနေပေ။ သူက လက်နှစ်ဖက်စလုံးတွင် ဓားတစ်လက်စီ ကိုင်ထားပြီး တိုက်ခိုက်တော့မည့်အလား အင်ပါယာ အရှင် ကို စူးရဲစွာ စိုက်ကြည့်နေ၏။ သူ၏ ပုံစံနှင့် ဆေရှန် ဘုရင် ၏ ဘယ်ဘက်တွင် ရပ်နေသည်ကို ကြည့်ခြင်းအားဖြင့် ထိုလူငယ်မှာ ကီရို ၏ ညီဖြစ်မည်ဟု လင်းတုန်း ခန့်မှန်းလိုက်သည်။
ညီဖြစ်သူကလည်း အဆင့်နိမ့် အရှင်သခင် တစ်ယောက်ဖြစ်ကြောင်း သိလိုက်ရသောအခါ လင်းတုန်း၏ ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွား၏။ သူသည် လင်းတုန်းထက် များစွာ အသက်ပိုကြီးမည် မဟုတ်ပေ။
သင်္ဘောပေါ်တွင် နောက်ထပ် အဆင့်နိမ့် အရှင်သခင် များကို သူ အာရုံခံမိသော်လည်း မေရာ ကိုတော့ မတွေ့ရပေ။ ဤအကွာအဝေးမှ သူတို့၏ မာဒြာ များကို ခွဲခြားသိရှိရန် ခက်ခဲမည် ဖြစ်သည်။
အီသန် ပျောက်ကွယ်သွားရာ တွန်းကန်အား မှော်ပစ္စည်း များဆီသို့ သွားသည်ဟု ယူဆရသော်လည်း လင်းတုန်းက အာရုံပြောင်းလိုက်၏။ အာကူရာ ဘဏ္ဍာတိုက် ၏ တံခါးပေါက်ဆီသို့ ဖြစ်သည်။
ယီရင်သည် လက်ရန်းအစွန်းမှနေ၍ လှမ်းကြည့်နေ၏။ သူမ၏ မာဒြာ အာရုံခံနိုင်စွမ်းများက သူမကိုယ်သူမ ဖုံးကွယ်လိုက်စဉ်မှာပင် ဆုတ်ခွာသွားပြီး သူမ ဘာတွေးနေသည်ကို လင်းတုန်း သိလိုက်သည်။
သူမက ပခုံးပေါ်မှ ကျော်၍ သူ၏ မျက်လုံးများနှင့် ဆုံကြည့်လိုက်၏။
ထို့နောက် သူမက ဘေးဘက်မှနေ၍ ခုန်ချသွားလေတော့သည်။
***