အခန်း ၃၈၄
Vol. 35 Ch. 384
အပိုင်း(၄၈၄)
အာကူရာ ခန်းမဆောင်၏ အတွင်းပိုင်းသည် အလွန်ပင် ကြီးမားလှ၏။ ၎င်းသည် အပြင်ဘက်နံရံကို ကျော်လွန်၍ တောင်ပေါ်အထိပင် ကျယ်ပြန့်နေမည်မှာ သေချာလှသည်။ လင်းတုန်းသည် ခေါင်မိုးများ အလွန်မြင့်မားသော ကိုက်ငါးဆယ်ခန့် ရှည်လျားသည့် စင်္ကြံလမ်းတစ်ခုထဲသို့ ရောက်နေသည်ကို တွေ့လိုက်ရသည်။ ထိုစင်္ကြံလမ်းသည် မှော်သင်္ကေတ များ ရစ်ခွေနေသော အလယ်ဗဟိုမျှော်စင် ပါရှိသည့် ကျယ်ဝန်းသော စက်ဝိုင်းပုံ ခန်းမဆောင် တစ်ခုတွင် အဆုံးသတ်သွား၏။ မျှော်စင်ပေါ်ရှိ မှော်သင်္ကေတများသည် အရောင်အသွေး စုံလင်စွာ တောက်ပနေပြီး နေရာအနှံ့မှ အော်ရာ များကို စုပ်ယူနေသည်။ လင်းတုန်းသည် သူ၏ ကြေးအဆင့် အမြင်ကို မဖွင့်လျှင်ပင် ၎င်း၏ လုပ်ဆောင်ချက်ကို ခန့်မှန်းနိုင်သည်ဟု ခံစားလိုက်ရ၏။ ထိုမျှော်စင်သည် ထိန်းချုပ်မှုမှ လွတ်ထွက်လာသော ပိုလျှံနေသည့် အော်ရာများကို စုပ်ယူပြီး အိမ်တော်၏ အခြားနေရာများသို့ ပို့ဆောင်ပေးခြင်း ဖြစ်ရပေမည်။
စင်္ကြံလမ်းသည် တံခါးပေါက်နီးပါး ကျယ်ဝန်းလှသည်။ ကျောက်နံရံများအတွင်း၌ အိမ်တစ်လုံးစာမျှရှိသော အခန်းကျယ်များကို ထွင်းထုထားပြီး သဘာဝ ရတနာများကို ထည့်သွင်းပြသထား၏။ စင်္ကြံလမ်းအတွင်းသို့ ခြေလှမ်းအနည်းငယ်မျှ လျှောက်သွားပြီးနောက် ညာဘက်ခြမ်းရှိ ပထမဆုံး အခန်းကျယ်အတွင်းသို့ သူ လှမ်းကြည့်လိုက်သည်။
နွားတစ်ကောင်ကိုပင် ချက်ပြုတ်နိုင်လောက်အောင် ကြီးမားပြီး မှော်သင်္ကေတများ ပါရှိသော ဒယ်အိုးကြီး တစ်လုံးကို အလယ်ဗဟိုတွင် ပြသထားသည်။ ၎င်းအထဲတွင် လက်သည်းခွံအရွယ်မှစ၍ လူတစ်ယောက်၏ ဦးခေါင်းခွံထက်ပင် ပိုမိုကြီးမားသော အနက်ရောင် သေမင်း-အော်ရာ ဦးခေါင်းခွံများ အပြည့်ပါရှိ၏။ အခြားသော ဆင်တူသည့် ပစ္စည်းများကိုလည်း ထောင့်များတွင် ဖြစ်စေ၊ နံရံရှိ စင်များပေါ်တွင် ဖြစ်စေ ထားရှိလေသည်။ အမင်္ဂလာပေးသော အစိမ်းရောင် အော်ရာများ လျှံကျနေသည့် အနက်ရောင် ပန်းအိုးတစ်လုံး၊ အစိမ်းရောင် အနားကွပ်ထားသော အနက်ရောင်စွန်းထင်းနေသည့် ဓားတစ်လက်၊ နှင့် အစိမ်းနှင့် အနက်ရောင် တောက်ပနေသော မျက်လုံးများဖြင့် ကိုယ့်ခြေဖဝါးကိုယ် ပြန်လျက်နေသည့် ကြောင်ရုပ်တု အသေးလေး တစ်ခု တို့ကိုပါ တွေ့ရလေ၏။
ပြသထားသော အရာအားလုံးသည် သေမင်း၏ အငွေ့အသက်များကို ထုတ်လွှတ်နေ၏။ အဝင်ဝ၏ အတွင်းဘက်ရှိ မှော်သင်္ကေတ မျဉ်းတစ်ကြောင်းမှလွဲ၍ ဤအခန်းကျယ်ကို စင်္ကြံလမ်းနှင့် ခြားထားသည့် အရာဟူ၍ မရှိပေ။ အကယ်၍ လင်းတုန်းသာ ထိုမျဉ်းကို ကျော်ဖြတ်သွားပါက သေမင်း အော်ရာက သူ့ကို ချက်ချင်း သတ်ပစ်လိမ့်မည်ဟု သူ သေချာပေါက် ယုံကြည်နေသည်။
ထို့ပြင် ထိုအခန်းကျယ်၏ အထက်တွင်လည်း အခြားအခန်းတစ်ခု ရှိသေး၏။ နံရံတစ်ခုလျှင် အခန်းနှစ်တန်းစီ ရှိလေသည်။
စင်္ကြံလမ်း၏ မျက်နှာချင်းဆိုင် သူ၏ ဘယ်ဘက်တွင်မူ ရေစွမ်းအင်များ အပြည့်အမောက် ပါရှိသော အလားတူ ပြခန်းတစ်ခု ရှိနေ၏။ ထိုပြခန်း၏ ဗဟိုချက်တွင် ဒယ်အိုးကြီး အစား ရေပန်းတစ်ခု ရှိနေသည်။ ၎င်း၏ စင်များပေါ်တွင် ခရုခွံများ၊ ကြည်လင်နေသော အပြာရောင် သစ်သီးများ၊ မိုးရေများ ကျဆင်းနေသည့် ကြည်လင်သော တိမ်တိုက်များ၊ အလင်းပြန်နေသော အပြာရောင် သံမဏိတုံးများနှင့် လှည့်ပတ်နေသော ဝဲဂယက်များ ပါရှိသည့် စက်လုံးများ ရှိလေသည်။ ထိုစက်လုံးများသည် သူ၏ လက်ဝါးထဲ ဆံ့လောက်မည့် အရွယ်အစားမှသည် သူ၏ တစ်ကိုယ်လုံးထက် ကြီးမားသော အရွယ်အစားများအထိ မျိုးစုံ ရှိနေလေ၏။
သူသည် စင်္ကြံလမ်းတစ်လျှောက်ကို အကဲခတ်ကြည့်လိုက်သည်။ တစ်ဖက်စီ၏ အတန်းတိုင်းတွင် ထိုကဲ့သို့သော ပြခန်းဆယ်ခုစီ ရှိပြီး အပေါ်တန်းနှင့် အောက်တန်းဟူ၍ ရှိလေသည်။ ထို့ကြောင့် ဤစင်္ကြံလမ်း တစ်ခုတည်းမှာပင် သဘာဝ ရတနာ ပြခန်းပေါင်း လေးဆယ်ခန့် ရှိနေ၏။
အလယ်ဗဟို ခန်းမဆောင်မှ ဖြာထွက်နေသော စင်္ကြံလမ်း လေးခု ရှိနေသည်။ ၎င်း၏ အောက်ဘက်တွင်လည်း ထို့ထက်ပို၍ ရှိနိုင်သေး၏။ ဤလမ်းဆုံတစ်ခုတည်းသာ ခန်းမဆောင် တစ်ခုလုံးတွင် ရှိသည်ဟု မည်သူက အတတ်ပြောနိုင်မည်နည်း။
"ဒီအထဲမှာ ဓားတွေအပြည့်ရှိတဲ့ အခန်းတစ်ခုတော့ ရှိရမှာပဲ..."
ပြခန်းတစ်ခုပြီး တစ်ခုကို ဆာလောင်မွတ်သိပ်စွာ ကြည့်ရင်း ယီရင် က ပြောလိုက်သည်။
"မင်းသာ အိပ်မက် အော်ရာ အတွက် တစ်ခန်းရှာတွေ့ခဲ့ရင် မင်းအိပ်နေတုန်း မှတ်ဉာဏ်တွေကို ပြောင်းလဲပစ်တာမျိုး မလုပ်တော့ဘူးလို့ ငါ ကတိပေးတယ်..."
ဒရော့စ် က ပြောလိုက်သည်။လင်းတုန်း၏ ခြေလှမ်းများ ခေတ္တ တုံ့ဆိုင်းသွား၏။
"နောက်တာပါ... ဒါမှမဟုတ် တကယ်လုပ်မှာလား... မင်း ငါ့ကို လာဘ်မထိုးသရွေ့တော့ မင်း သိရမှာ မဟုတ်ဘူးလေ..."
"အရိပ် အော်ရာ အတွက်တော့ ဆယ့်ခြောက်ခန်း ရှိတယ်... နင် သတိထားမိမှာပါ၊ အပြင်ဘက်မှာ အမှောင်ထုက ပေါင်းပင်တွေထက်တောင် ပိုပြီး ထူထပ်နေတာလေ..."
မာစီသည် သူမ၏ တောင်ဝှေးကို ထောက်ကာ စင်္ကြံလမ်းတစ်လျှောက် လျှောက်လာရင်း ပြောလိုက်၏။ စင်္ကြံလမ်း၏ အဆုံးရှိ မျှော်စင်က ပိုလျှံနေသော အော်ရာများကို စုပ်ယူနေသော်လည်း ဤနေရာ၌ ညဘီး တောင်ကြား ထက် အဆများစွာ သာလွန်သော စွမ်းအင်များ ကျန်ရှိနေဆဲပင် ဖြစ်၏။ လင်းတုန်းသည် ထိုအကြောင်းကို တွေးလိုက်ရုံဖြင့်ပင် အဆင့်တက်တော့မည့်အလား ခံစားလိုက်ရသည်။
သို့သော် သူက ယီရင် ကို အနီးကပ် စောင့်ကြည့်နေခဲ့၏။
"နင် လိုအပ်သလောက် အချိန်ယူလို့ ရတယ်..."
သူက စကားဆိုလိုက်သည်။ သူက ထိုသို့ ပြောလိုက်သော်လည်း ဤနေရာသို့ ရောက်နေခြင်းက တစ်နည်းနည်းဖြင့် သူမ၏ အတွေးများကို လမ်းကြောင်းမှန်ပေါ် ရောက်သွားစေရန် မျှော်လင့်နေခဲ့၏။
သူတို့သည် ခါးတစ်ဝက်ခန့်မြင့်သော နံရံဖြင့် ဝိုင်းရံထားသည့် မျှော်စင်အနီးသို့ ရောက်ရှိသွားကြသည်။ သူမက ၎င်းပေါ်သို့ ခုန်တက်လိုက်ပြီး သူ့ မျက်လုံးများကို တည့်တည့်ကြည့်နိုင်လောက်သည်အထိ မြင့်သော နေရာတွင် ထိုင်လိုက်၏။
"အဲဒါ အဓိပ္ပာယ်မရှိဘူး... နင် အရင် အဆင့်တက်လိုက်၊ ပြီးမှ ငါတို့ အိတ်ကပ်တွေကို ဖြည့်ကြတာပေါ့... ငါ သေချာ စောင့်ကြည့်ပေးထားမယ်..."
"အရင်ဆုံး နင် ဘာလို့များ..."
"နားထောင်စမ်းပါ..."
သူမက စကားဖြတ်ပြောလိုက်သည်။
"နင် အဲဒီလို လုပ်နေတဲ့အချိန် ငါ့ ခေါင်းပေါက်ထွက်မတတ် စဉ်းစားနေမှာပါ... နင် အဆင့်တက်သွားတဲ့ ခံစားချက်က ငါ့ မီးရှူးတိုင်ကို မီးကူးပေးသလို ဖြစ်ပြီး ရှေ့ဆက်ရမယ့် လမ်းကို လင်းထိန်သွားစေနိုင်တယ်လေ... ဒါပေမဲ့ အဲဒီလို ဖြစ်ဖြစ်၊ မဖြစ်ဖြစ် အခုအချိန်မှာ ငါတို့အတွက် အဆင့်နိမ့် အရှင်သခင် တစ်ယောက်တော့ လိုအပ်နေပြီ..."
လင်းတုန်း၏ စိတ်ထဲတွင် လုံးဝ သက်သောင့်သက်သာ မရှိလှသော်လည်း သူ ထပ်၍ မစောင့်နိုင်တော့ဟု ခံစားနေရပြီ ဖြစ်၏။ အခြား ငြင်းခုံမှုများ ထပ်မလုပ်တော့ဘဲ သူသည် နံရံကို မှီကာ မြေပြင်ပေါ်တွင် ထိုင်ချလိုက်သည်။ ယီရင် ၏ သံချပ်ကာဖိနပ်များက သူ၏ ဘေးတွင် တွဲလွဲခိုနေပြီး မာစီ ၏ တောင်ဝှေးက သူ၏ အခြားတစ်ဖက်ရှိ ကျောက်တုံးပေါ်တွင် ထောက်ထားလျက် ရှိ၏။ သူတို့သည် သူ့ကို မည်သူမျှ မနှောင့်ယှက်နိုင်စေရန် သေချာပေါက် ကာကွယ်ပေးထားမည် ဖြစ်လေတော့သည်။
စင်္ကြံလမ်းဘက်သို့ ပြန်လှည့်လိုက်ပြီးနောက် သူသည် သူ၏ ဟင်းလင်းပြင် သော့ကို ပုတ်ကာ သိုလှောင်ခန်းကို ဖွင့်လိုက်၏။ အဆုံးမဲ့ ရတနာခန်းမဆောင်ကြီးထဲတွင် ထိုင်နေလျက်နှင့် မိမိပိုင်ဆိုင်သော သဘာဝ ရတနာများကို အသုံးပြုရသည်မှာ ရယ်စရာကောင်းသည်ဟု သူ ခံစားလိုက်ရသည်။ သို့သော် အော်ရာ များကို ပြီးပြည့်စုံစွာ ညီမျှနေစေရန် ရွေးချယ်နေရမည့် အချိန်ကို သူ မဖြုန်းတီးချင်ပေ။ နောင်တွင် ပိုမိုထည့်သွင်းနိုင်ရန် သိုလှောင်ခန်းကို ရှင်းလင်းပစ်ခြင်း ဖြစ်သည်ဟုသာ သဘောထားရန် သူ ဆုံးဖြတ်လိုက်လေ၏။
လင်းတုန်းသည် သူ အဆင့်တက်ရန် ယူဆောင်လာခဲ့သော သဘာဝ ရတနာများကို ဂရုတစိုက် ထုတ်ယူလိုက်ပြီး သူ၏ ပတ်လည်တွင် ချထားလိုက်သည်။ ထို့နောက် မျက်စိကို မှိတ်လိုက်ပြီး သူ၏ အာရုံခံစားမှုများကို အော်ရာ လမ်းကြောင်းများတစ်လျှောက် စီးဆင်းစေကာ မူလဇစ်မြစ်ကို ခြေရာခံလိုက်၏။
ဤနေရာတွင်မူ ယခင်ကထက် အဆများစွာ ပို၍ လွယ်ကူနေခဲ့သည်။ ရုတ်တရက်ဆိုသလိုပင် သူ၏ အောက်ရှိ ကျောက်တုံးမှစ၍ ယီရင် ၏ ခုန်လှုပ်နေသော နှလုံးသားအထိ အရာအားလုံးနှင့် ဆက်သွယ်မိနေသည်ဟု သူ ခံစားလိုက်ရ၏။ သူမ၏ သက်စောင့်ကြိုးမှာ အလွန် ပါးလွှာနေသဖြင့် သူ့ကို နာကျင်စေခဲ့သည်။ ၎င်းသည် အိမ်တစ်လုံးကို ထောက်ကန်ထားသော ဗဟိုတိုင်တစ်တိုင် ဖြစ်သော်လည်း အကိုက်ခံထားရသကဲ့သို့ အစိတ်အပိုင်းများစွာ ပဲ့ထွက်နေ၏။ ထိုအလေးချိန်ကို မည်မျှကြာကြာ ခံနိုင်ရည်ရှိမည်နည်း။
သူသည် ပတ်ဝန်းကျင်ရှိ ကမ္ဘာကြီးနှင့် ဆက်သွယ်မှုကို ခံစားရင်း သူ၏ စိတ်ကို ပြန်လည် စူးစိုက်လိုက်သည်။ ဝိညာဉ်မီးတောက်သည် ထိုဆက်သွယ်မှုကို တုံ့ပြန်လာပြီး သူ၏ စိတ်ဝိညာဉ် နှင့် အော်ရာ ကြားတွင် တံတားတစ်စင်းကို ဖန်တီးပေးလိုက်၏။
"ငါ ကျင့်ကြံသူ လမ်းစဉ်ကို လိုက်စားတာက ငါ..."
လင်းတုန်းက စတင်လိုက်စဉ်...
ယီရင် နှင့် မာစီ တို့၏ စိတ်ဝိညာဉ် များသည် တစ်ချိန်တည်းမှာပင် တောက်လောင်လာခဲ့ကြသည်။ အဝင်ဝရှိ မှော်သင်္ကေတ များသည် ခဏတာမျှ ပြတ်တောက်သွားခဲ့၏။
တစ်စုံတစ်ယောက်သည် ခန်းမဆောင်အတွင်းသို့ ဝင်ရောက်လာခဲ့ပြီ ဖြစ်လေသည်။
သူသည် မျက်လုံးများကို ချက်ချင်း ဖွင့်လိုက်ပြီး မြင်ကွင်းရှင်းလင်းစေရန် ဟင်းလင်းပြင် သော့ကို ပိတ်လိုက်သည်။ ထို့ကြောင့် သူ၏ထံသို့ ချီတက်လာနေသော အဆင့်နိမ့် အရှင်သခင် များကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရတော့၏။
ကီရိုသည် သံခမောက်ကို ဆောင်းထားပြီး သူ၏ သံချပ်ကာက သူ၏ ပတ်လည်တွင် ချောမွေ့စွာ အလုပ်လုပ်နေလျက် အလယ်မှ လျှောက်လာခဲ့သည်။ ယခင်က သူ ဝတ်ဆင်ထားခဲ့သော ကြမ်းတမ်းစွာ ဖန်တီးထားသည့် မာဒြာ နှင့် ခြားနားစွာပင် ဤအရာသည် ဝိညာဉ်ပန်းပဲဆရာ ၏ လက်ရာဖြစ်ကြောင်း ထင်ရှားနေ၏။ အခြားသော မည်းမှောင်သည့် မီးခိုးရောင် မာဒြာ အလွှာ၏ အဆက်တိုင်းမှတစ်ဆင့် အောက်ဘက်ရှိ တောက်ပသော ငွေရောင် သို့မဟုတ် မှိုင်းကျနေသော အဝါရောင် အရိပ်အယောင်များကို လင်းတုန်း သတိထားမိလိုက်သည်။ ကီရို ၏ မည်သည့် ကိုယ်ပိုင် အစိတ်အပိုင်းကိုမျှ မြင်တွေ့ရခြင်း မရှိချေ။ အနားစွန်းတွင် တောက်ပသော အပြာရောင် မီးပွားများ ရစ်ခွေနေသည့် ယခင် ဓားကိုပင် သူ ကိုင်ဆောင်ထားပြီး ခြင်္သေ့မျက်နှာပုံစံ ဒိုင်းလွှားကိုလည်း ကိုင်ဆောင်ထားလေ၏။
သူ၏ ညီဖြစ်မည်ဟု လင်းတုန်း ယူဆထားသော လူငယ်လေးက သူ၏ ဘယ်ဘက်မှ ယိမ်းထိုးလျက် လျှောက်လာခဲ့သည်။ သူသည် ဓားနှစ်လက်ကို ကိုင်ဆောင်ထားပြီး ဒိုင်းလွှား မပါရှိသည့်အပြင် သူ၏ သံချပ်ကာကလည်း အနည်းငယ် ပို၍ ပါးလွှာလေ၏။ ထိုလူငယ်သည် သံခမောက်ကိုလည်း ဖြုတ်ထားပြီး သူ၏ မျက်နှာအမူအရာအရ အကြမ်းဖက်ချင်စိတ် ပြင်းပြနေပုံရသည်။
မေရာ သည် ကီရို ၏ ညာဘက်မှ လျှောက်လာခဲ့၏။ ယခင် လင်းတုန်း မြင်တွေ့ခဲ့ရစဉ်ကနှင့် ခြားနားစွာပင် ယခုအခါ သူမသည် သံချပ်ကာကို ဝတ်ဆင်ထားလေသည်။ သူမ၏ သံချပ်ကာသည် ပြောင်လက်ချောမွေ့နေပြီး အောက်ခံ အစိမ်းရောင်တောက်ပနေသော အရောင်တင်ထားသည့် သစ်သားပြားများဖြင့် ပြုလုပ်ထားပုံရ၏။ သူမ၏ ဆံပင်များ သို့မဟုတ် ၎င်းအတွင်း ဖြတ်သန်းနေသော ရွှေအဆင့် အမှတ်အသား အရိပ်အယောင်များကို လုံးဝ မတွေ့ရချေ။ အတွင်းဘက်မှနေ၍ စိမ်းလန်းသော အလင်းရောင်များ တောက်ပနေသည့် အလှဆင်ထားသော သစ်အယ်ရောင် သံခမောက်ကိုသာ မြင်တွေ့ရလေသည်။ သူမ၏ ညာဘက်ပခုံးတွင် ထောက်ထားသော တံစဉ် ကြောင့်သာ သူမကို မှတ်မိခြင်း ဖြစ်ပြီး ၎င်းဓားသွားမှာ သက်စောင့် မီးတောက် တံခွန်တစ်ခုအလား ထောင်မတ်နေလေ၏။
ရန်သူ အဆင့်နိမ့် အရှင်သခင် သုံးဦးဖြစ်ပြီး သူတို့သည် သူ့အတွက် ဤနေရာသို့ လာခဲ့ကြခြင်းဖြစ်ကြောင်း ရှင်းလင်းနေ၏။
သူတို့၏ နောက်ဘက်တွင် ငွေရောင်နှင့် ခရမ်းရောင် ရောယှက်နေသော ဇီးကွက်တစ်ကောင်သည် တောင်ပံခတ်၍ ဝင်ရောက်လာပြီး အပေါ်တန်းရှိ အခန်းကျယ်တစ်ခု၏ အစွန်းတွင် နားလိုက်လေသည်။
"ကောင်းပြီလေ..."
ဒရော့စ် က ပြောလိုက်သည်။
"ဒါက ကောင်းတဲ့အခြေအနေ ဖြစ်နိုင်တယ်... ဒါက အဆိုးရွားဆုံး အခြေအနေတော့ မဟုတ်ဘူး... ငါးခုမြောက် အဆိုးရွားဆုံး အခြေအနေလောက်ပဲ..."
***