← Chapters

အခန်း ၄၁

Vol. 5 Ch. 41

အခန်း ၄၁

Vol. 5 Ch. 41

အခန်း (၄၁) - ခွေးကျွေးလိုက်ရရင်တောင် နင့်ကိုတော့ မချေးပေးနိုင်ဘူး

ယန်ရှောင်ကျွမ်း ဤအိမ်ကြီးသို့ ရောက်ရှိလာသည်မှာ ရက်ပိုင်းမျှသာ ရှိသေးသော်ငြား ယွီရှို့ထံမှ တစ်ဆင့် ယခင်ဖြစ်ပျက်ခဲ့သည့် အတိတ်ဇာတ်ကြောင်းများကို ကောင်းစွာ ကြားသိထားပြီးဖြစ်၏။ ချင်ဟွိုင်ရူသည် ဘေးအိမ်မှ ကျားတုန်းရွှီ၏ ဇနီးဖြစ်ကြောင်းကို သိရှိထားသကဲ့သို့ ကျားမိသားစုနှင့် သူတို့မိသားစုကြားမှ ဆက်ဆံရေး အခြေအနေကိုလည်း သဘောပေါက်ထားလေသည်။

ထို့ကြောင့် တံခါးဖွင့်လိုက်ချိန်တွင် ချင်ဟွိုင်ရူကို မြင်လိုက်ရသည်နှင့် တစ်ပြိုင်နက် သူမ၏ မျက်နှာထက်ရှိ အပြုံးရိပ်တို့မှာ ချက်ချင်း ပျောက်ကွယ်သွားပြီး အသံမှာလည်း ရေခဲပမာ အေးစက်သွားကာ ဖော်ရွေမှု အရိပ်အယောင်ဟူ၍ အလျဉ်း မရှိတော့ချေ။

ယန်ချုံးနှင့် ယွီရှို့တို့သည်လည်း စားလက်စ တူများကို အသာချ ထားလိုက်ပြီး တံခါးဝရှိ ချင်ဟွိုင်ရူထံသို့ အကြည့်များ ပို့လွှတ်လိုက်ကြသည်။

ချင်ဟွိုင်ရူမှာမူ မျက်နှာတစ်ခုလုံး ပူထူရဲတက်သွားပြီး အလွန်တရာ အကြပ်ရိုက်သွားရှာလေသည်။ သို့သော်လည်း မတတ်နိုင်ပေ။ ခြေရာထပ်အောင် ရောက်လာပြီးမှတော့ စကားတစ်ခွန်းမျှ မဟဘဲ မည်သို့ လှည့်ပြန်၍ ဖြစ်ပါမည်နည်း။ ဤအတိုင်း လက်ဗလာဖြင့်သာ လှည့်ပြန်သွားပါက သေချာပေါက် အရိုက်ခံရမည်မှာ အသေအချာပင် ဖြစ်၏။

“ညီမလေး… ဟိုလေ... အစ်မ...”

ချင်ဟွိုင်ရူသည် မျက်နှာရဲရဲဖြင့် အနေခက်လှသော အပြုံးတစ်ခုကို အတင်း ညှစ်ထုတ်လိုက်ရင်း စားပွဲအထက်ရှိ ဆွဲဆောင်မှုအပြည့်ဖြင့် မွှေးပျံ့နေသော ယုန်သား ပန်းကန်လုံးကြီးကို ခိုးကြည့်ကာ ခက်ခက်ခဲခဲ စကားစလိုက်ရသည်။

“ပန့်ကန့်ကလေ အသားစားချင်လို့ဆိုပြီး အရမ်းပူဆာနေလို့ပါ... နည်းနည်းလောက်များ... နည်းနည်းလောက်ပဲဖြစ်ဖြစ် ချေးပေးလို့ရမလားဟင်။ တုန်းရွှီ လစာရတာနဲ့ တစ်ခါတည်း ပြန်ဆပ်ပါ့မယ်နော်...”

သူမ၏ အသံမှာ တဖြည်းဖြည်း တိုးဝင်ပျောက်ကွယ် သွားပြီး နောက်ဆုံး စကားလုံးများကိုမူ သူမ ဘာသာပင် အသံကြားရရုံမျှသာ ထွက်ပေါ်လာတော့သည်။ သူမကိုလည်း အပြစ်တင်၍ မရနိုင်ချေ။ ကျားတုန်းရွှီ လစာရလျှင် ပြန်ဆပ်မည်ဟူသော စကားကို သူမ ကိုယ်တိုင်ပင် ယုံကြည်မှု မရှိပေ။ ကျားမိသားစုသည် သူတစ်ပါးထံမှ ပစ္စည်းလာငှားပါက မည်သည့်အခါကများ ပြန်ဆပ်ဖူးပါသနည်း။

ကျားကျန်းရှစ် ခံတွင်းတွေ့လေ့ရှိသော စကားမှာ “ငါ့အရည်အချင်းနဲ့ ငါ အပိုင်ပြောပြီး ချေးလာတာလေ။ ဘာကိစ္စ ပြန်ဆပ်ရမှာလဲ” ဟူ၍ပင် ဖြစ်လေသည်။

ယွီရှို့ကမူ ကျားမိသားစုထံမှ အသားလာ ငှားပြီး ပြန်ဆပ်လိမ့်မည်ဆိုသည်ကို အလျဉ်း မယုံကြည်သည်မှာ သဘာဝပင် ဖြစ်၏။ ထို့အပြင် ပြန်ဆပ်မည် ဆိုလျှင်တောင်မှ သူမက သဘောတူ လက်ခံမည် မဟုတ်ချေ။ ထို့ကြောင့် နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီးနောက် ယန်ရှောင်ကျွမ်းကို မျက်ရိပ်ပြရင်း ပြတ်ပြတ်သားသားပင် တုံ့ပြန်လိုက်လေသည်။

“မငှားနိုင်ဘူး။ ခွေးကျွေးပစ်လိုက်ရရင်တောင် နင်တို့ကိုတော့ မချေးပေး နိုင်ဘူးဟေ့”

ယန်ရှောင်ကျွမ်းကလည်း အလိုက်တသိပင် ချက်ချင်း ထောက်ခံပြောဆို လိုက်သည်။

“ကြားတယ်မလား… ငါ့အစ်မက မချေးဘူးတဲ့လေ။ ဟွန်း... ဒီလောက် အရှက်မရှိတဲ့ လူမျိုး တစ်သက်နဲ့ တစ်ကိုယ် အခုမှပဲ မြင်ဖူးတော့တယ်။ အချိန်ရှိတိုင်း ငါတို့ကို အနိုင်ကျင့်ဖို့ချည်း ချောင်းနေပြီးတော့များ အခုကျ အိမ်ကို အသားလာ ချေးရဲသေးတယ်ပေါ့”

ပြောပြောဆိုဆိုနှင့်ပင် ချင်ဟွိုင်ရူ ထိုနေရာ၌ ရပ်နေသည်ကိုမျှ ဂရုမစိုက်တော့ဘဲ တံခါးကို “ဝုန်း” ခနဲ မြည်အောင် ဆောင့်ပိတ်ချလိုက်လေသည်။

ချင်ဟွိုင်ရူမှာ တံခါးအပြင်ဘက်၌သာ ရပ်နေမိပြီး အထဲသို့ ခြေတစ်လှမ်းမျှ မကျူးရဲခဲ့သည်မှာ ကံကောင်းသည်ဟု ဆိုရမည်။ သို့တိုင်အောင် ဆောင့်ပိတ်လိုက်သော တံခါးချပ်သည် သူမ၏ နှာခေါင်းထိပ်နှင့် ပွတ်သီပွတ်ကပ်လေး ဖြတ်သွားခဲ့ပြီး နှာခေါင်းကိုပင် ရိုက်မိမတတ် ဖြစ်သွားရ၏။

သူမမှာ အလန့်တကြား ဆုတ်ခွာလိုက်မိသဖြင့် ခြေလှမ်းများ ယိမ်းယိုင်သွားကာ ကြမ်းပြင်ထက်သို့ ထိုင်ရက်သား လဲကျမတတ်ပင် ဖြစ်သွားလေသည်။ မျက်နှာတစ်ခုလုံး မီးမြှိုက်ထားသည့် အလား ပူလောင်နေပြီး ရင်ထဲ၌မူ လွန်စွာ ရှက်ရွံ့ခြင်းများဖြင့် ပြည့်နှက်သွားတော့သည်။ သူတို့က သူမကို ကိုယ်ထိလက်ရောက် မရိုက်နှက်ခဲ့သော်ငြား ထိုစကားလုံးများက ပါးကို ဖြတ်ရိုက်လိုက်သည် ထက်ပင် ပို၍ နာကျင်စေခဲ့ပါ၏။

အိမ်သို့ ပြန်ရောက်သောအခါ သူမ လက်ဗလာဖြင့် ပြန်လာသည်ကို မြင်သည်နှင့် ပန့်ကန့်မှာ ကြမ်းပြင်ထက်၌ လူးလှိမ့်ကာ ငိုယိုတော့လေသည်။

“မေမေက တကယ့်ကို အသုံးမကျတာပဲ။ သား အသားစားချင်တယ်။ အသားစားချင်တယ်ဆို...”

ကျားတုန်းရွှီမှာလည်း စိတ်ပျက် အားလျော့သွားသော မျက်နှာထားဖြင့် သူမကို ရွံရှာသကဲ့သို့ စိုက်ကြည့်နေသော်လည်း စကားတစ်ခွန်းမျှတော့ မဆိုချေ။ ကျားကျန်းရှစ်ကမူ မဆိုင်းမတွပင် ကျိန်ဆဲတော့လေသည်။

“ချင်ဟွိုင်ရူ… နင် သွားမသေဘူးလား။ တစ်နေ့လုံး အိမ်မှာ အလကား ထိုင်စားနေပြီးတော့ အသားလေး နည်းနည်း သွားချေးခိုင်းတာတောင် မရလာဘူး။ ငါ့မြေးလေး ပန့်ကန့် အသားမစားရတာကို နင်က ရက်ရက်စက်စက် ကြည့်ရက်တယ်ပေါ့လေ”

ချင်ဟွိုင်ရူမှာ ခေါင်းလေး ငုံ့ထားရင်း ပြန်လည် ဖြေရှင်းရှာသည်။

“ကျွန်မက ဘယ်လိုလုပ်ရမှာလဲ အမေရဲ့။ သူတို့က ကျွန်မကို မြင်တာနဲ့ မချေးဘူးလို့ ခပ်ပြတ်ပြတ်ပြောပြီး တံခါးကို ဆောင့်ပိတ်ချလိုက်တာ။ ကျွန်မတောင် လဲကျမလို့ ဖြစ်သွားသေးတယ်”

ကျားကျန်းရှစ်က ဒေါသတကြီးဖြင့် ဟစ်အော်လေသည်။

“ဒီကောင်လေးက ဘယ်လိုလုပ် လူသားချင်း စာနာစိတ် နည်းနည်းလေးမှ မရှိရတာလဲ။ ငါတို့အိမ်က အခြေအနေ ဒီလောက် ဆိုးနေတာ။ ကလေးက အသားစားချင်တာတောင် ဝယ်ကျွေးဖို့ ပိုက်ဆံ မရှိတာကို သူက သူ့အသား နည်းနည်းလောက်တောင် ငါတို့ကို မပေးနိုင်ဘူးလား။ ဟွန်း... အရင်တုန်းက ဘယ်လိုဖြစ်လို့များ သူ ငတ်မသေသွားတာပါလိမ့်”

ထိုသို့ပြောရင်း ကျားတုန်းရွှီဘက်သို့ လှည့်ကြည့်ကာ သူမက ဆက်ပြောသည်။

“တုန်းရွှီ... အဲဒီကောင်လေးဆီက အသားရဖို့ မျှော်လင့်လို့တော့ မရတော့ဘူး ထင်တယ်။ နင့်ဆရာ ယီကျုံးဟိုင်ဆီ သွားရှာကြည့်လိုက်ပါလား”

ကျားတုန်းရွှီက မျက်နှာပျက်သွားပြီး အခက်တွေ့စွာဖြင့် ဆိုလေသည်။

“အမေကလည်း ကျွန်တော်တို့ လွန်ခဲ့တဲ့ နှစ်ရက်လောက်ကမှ ဆရာ့ဆီက ငါးယွမ် သွားတောင်းထားတာ မဟုတ်ဘူးလား။ ဒီလောက် မြန်မြန်ကြီး ထပ်သွားတောင်းရင် သိပ်မကောင်းဘူး ထင်တယ်”

ကျားကျန်းရှစ်ကမူ ဂရုမစိုက်ဟန်ဖြင့် ပခုံးတွန့်ကာ ပြောလိုက်သည်။

“ဘာ မကောင်းစရာရှိလို့လဲ… သူက နင့်ဆရာလေ။ ပြီးတော့ သူ့မှာ သားသမီးလည်း ရှိတာမဟုတ်ဘူး။ နောင်တစ်ချိန်ကျရင် နင်ကပဲ သူ့ကို ပြန်လုပ်ကျွေးမယ်လို့ သူ မျှော်လင့်နေတာပဲ။ သူ့ပိုက်ဆံက နောက်ကျရင် အနှေးနဲ့ အမြန် နင့်ဟာပဲ ဖြစ်လာမှာလေ။ အခု ပန့်ကန့်ကို အသားဝယ်ကျွေးဖို့ နည်းနည်း ထုတ်ပေးတာက ဘာဖြစ်လို့လဲ”

ကျားတုန်းရွှီမှာ စဉ်းစားကြည့်တော့လည်း ဟုတ်လှသည်ဟု တွေးမိသွားသည်။ ထို့ကြောင့် လက်ထဲမှ တူကို အသာချလိုက်ပြီးလျှင် ဆိုလိုက်သည်။

“ကောင်းပြီလေ ဒါဆိုလည်း ကျွန်တော် ဆရာ့ဆီ ထပ်သွားလိုက်ပါ့မယ်”

ထိုအချိန်တွင် အခြားတစ်ဖက်၌မူ ယီကျုံးဟိုင်တစ်ယောက် ထမင်းဝိုင်းတွင် အလွန်တရာ စိတ်မွန်းကျပ်လျက် ရှိလေသည်။ သူ အမုန်းတီးဆုံးဖြစ်သော ယန်ချုံး၏ ဘဝ အခြေအနေများမှာ တစ်နေ့တခြား တိုးတက်ပြောင်းလဲကာ ကောင်းမွန်လာနေသည်ကို မြင်တွေ့နေရခြင်းက သူ့ရင်ထဲ၌ ယင်ကောင် တစ်ကောင်ကို မျိုချလိုက်ရသကဲ့သို့ ကသိကအောက် နိုင်လှ၏။

အမှန်စင်စစ် သူသည် ယန်ချုံးကို ဤခြံဝင်းကြီးထဲမှ အပြီးတိုင် နှင်ထုတ်ပစ်ချင်နေသည်မှာ ကြာပြီဖြစ်သည်။ သူ့ကို အရေးမစိုက်၊ ဂရုမစိုက်တတ်သော ထိုလူငယ်ကို သူ တစ်ရက်လေးမျှပင် မျက်စိနောက်ခံ၍ မကြည့်ချင်တော့ပေ။ သို့သော်လည်း မတတ်နိုင်။ ယန်ချုံးတို့အိမ်မှာ ပုဂ္ဂလိကပိုင် အိမ်ခြံမြေ ဖြစ်နေသောကြောင့် အခြားသူများက သူ့ကို မည်သို့မျှ အတင်းအဓမ္မ နှင်ထုတ်၍ မရနိုင်ပေ။ ဤအချက်ကပင် ယီကျုံးဟိုင်၏ ရင်ထဲ၌ အလုံးကြီးတစ်လုံး ဆို့နေသကဲ့သို့ မွန်းကျပ်စေခဲ့ခြင်း ဖြစ်လေသည်။

ယီတာ့မားကမူ သူ့ကို ဖျောင်းဖျနေဆဲပင် ဖြစ်၏။

“အဘိုးကြီးရယ်… ရှင်ကလည်း ယန်ချုံးအပေါ် အာဃာတ မထားပါနဲ့တော့။ တကယ်တော့ ဒီကလေးက သဘောကောင်း ရှာပါတယ်။ ဒုက္ခလည်း ခံနိုင်တယ်။ ကြိုးစားတယ်။ ရိုလည်း ရိုသေတတ်တယ်။ ဒီခြံဝင်းထဲမှာဆို သူ့လိုလူမျိုး လက်ချိုးရေလို့တောင် ရတယ်နော်...”

ယီကျုံးဟိုင်က ဇနီးဖြစ်သူအား စိုက်ကြည့်လိုက်ရင်း ဒေါသတကြီး ခွန်းတုံ့ပြန်လိုက်သည်။

“ရိုသေတတ်တယ်… လူအများရှေ့မှာ ငါ့ကို ဘယ်လို အရှက်ခွဲခဲ့လဲဆိုတာ မင်း မေ့သွားပြီလား”

ယီတာ့မားကလည်း မလျှော့ပေ။

“ဒါကို သူ့အပြစ် သွားပြောလို့ရမလား။ ရှင်က ဘက်လိုက်ပြီး ကျားမိသားစုကို အတင်းကာကွယ် ပေးနေလို့ သူက ရှင်နဲ့ စကားများရတာ မဟုတ်ဘူးလား။ အဲ့ဒီ ကျားတုန်းရွှီအမေက ဘယ်လိုလူမျိုးလဲဆိုတာ ရှင်လည်း အသိသားနဲ့ ဘာကိစ္စ သူတို့ဘက်ကနေ အတင်းဝင်ပါနေရတာလဲ”

ယီကျုံးဟိုင်က ချက်ချင်းပင် ချေပလေသည်။

“ဘာကိစ္စ ဝင်ပါရတာလဲ ဟုတ်လား။ နောင်တစ်ချိန်ကျရင် တုန်းရွှီက ငါတို့ကို ပြန်လုပ်ကျွေးမယ်လို့ မျှော်လင့်ထားလို့ပေါ့။ အဲဒီလိုမှ မဟုတ်ရင် ငါလည်း ဒီအလကား ကိစ္စတွေကို ဝင်ပါနေမှာ မဟုတ်ဘူး”

ယီတာ့မားက နှာခေါင်းရှုံ့လိုက်ရင်း ဆိုသည်။

“တစ်နေ့လုံး ကျားတုန်းရွှီ ပြန်လုပ်ကျွေးမဲ့ဟာကိုပဲ ထိုင်မျှော်လင့်နေတာ။ သူ ရှင့်ကို တစ်ခါလေးတောင် ပြုစုဖူးတာ ငါ မမြင်ဖူးပါဘူး။ နေ့တိုင်း ငါတို့ကပဲ သူတို့ကို ကျွေးမွေးနေရတာ မဟုတ်ဘူးလား။ စဉ်းစားကြည့်လေ… ဒီတပည့်အတွက် ရှင် သူတို့အပေါ် ပစ္စည်းတွေ ဘယ်လောက်… ပိုက်ဆံတွေ ဘယ်လောက်တောင် ပုံအောခဲ့ပြီးပြီလဲ။ တကယ်တော့ သူက ရှင့်ကို ပြုစုတာလား… ရှင်ကပဲ သူ့ကို ပြုစုနေတာလား”

ယီကျုံးဟိုင်မှာ ဆက်၍ စကားမဟ နိုင်တော့ချေ။ ဤ ကျားတုန်းရွှီ ဆိုသူမှာ တကယ်ကိုပင် အသုံးမကျသောသူ ဖြစ်သည်။ စက်ရုံတွင်လည်း အရည်အချင်း မရှိ။ စက်ရုံထဲ ရောက်နေသည်မှာ နှစ်ပေါင်း အတော်ကြာပြီ ဖြစ်သော်လည်း ယနေ့ထက်တိုင် အဆင့်(၂) စက်ပြင်သမားပင် မဖြစ်သေးပေ။ လက်ရှိ အဆင့်(၁) စက်ပြင်သမားဆိုသည်မှာပင် စာမေးပွဲစစ်သူများက သူ့မျက်နှာကို ထောက်၍ သက်ညှာပေးလိုက်သောကြောင့်သာ အောင်မြင်လာခြင်း ဖြစ်လေသည်။ ဆိုရလျှင် သူသည် မည်သို့မျှ ဆွဲထူ၍ မရနိုင်သည့် အသုံးမကျလှသော လူတစ်ယောက်သာ ဖြစ်၏။

အိမ်မှာဆိုလျှင် ပိုသာ၍ ဆိုးသေးသည်။ မိခင်ဖြစ်သူကဲ့သို့ပင် အစားကြီးကာ ပျင်းရိသည့်အပြင် ဇနီးဖြစ်သူကို ရိုက်နှက်ရန်သာ သိပြီး တာဝန်မှန်သမျှကို မိန်းမခေါင်းပေါ်ချည်း ပုံချထားတတ်သူ ဖြစ်သည်။

နေ့စဉ်ရက်ဆက် ကောင်းတာတွေ စားဖို့သောက်ဖို့လောက်သာ ခေါင်းထဲရှိ၏။ တစ်လလျှင် လစာငွေ ၃၃ ယွမ် ရရှိရာ အကယ်၍ အခြားအိမ်ထောင်စုများသာဆိုလျှင် တစ်လလုံး မိသားစုတစ်စုလုံး စားဝတ်နေရေး မပူရသည့်အပြင် လကုန်လျှင် ငွေပင် စုမိဆောင်းမိ ကျန်ဦးမည် ဖြစ်သည်။ သို့သော် သူကမူ အပိုကျန်ရန် မဆိုထားနှင့် လမကုန်မှီ အချိန်တိုင်းလိုလို မိမိထံသို့လာကာ ပိုက်ဆံချေးသာ လာလာ ချေးငှားနေတတ်လေသည်။ ထို့ပြင် ချေးငှားပြီးပါက ပြန်ဆပ်သည် ဟူ၍လည်း အလျဉ်း မရှိချေ။

ဤကိစ္စများကြောင့်ပင် ဇနီးသည်မှာ သူ့အပေါ် ဘယ်နှစ်ကြိမ်လောက်တောင် စိတ်ခုခဲ့ရမှန်း သူကိုယ်တိုင်ပင် မမှတ်မိတော့ပေ။

ယီကျုံးဟိုင် ရင်ထဲတွင် စိတ်အိုက်သွားကာ တူကို အသာချလိုက်ပြီး အင်္ကျီအိတ်ကပ်ထဲမှ ဆေးလိပ် တစ်လိပ်ကို ထုတ်ယူကာ မီးညှိလိုက်တော့သည်။

ယီတာ့မားက ထိုအပြုအမူကို မြင်သည်နှင့် ချက်ချင်းပင် ပွစိပွစိ ရေရွတ်လေတော့သည်။

“သောက်လိုက် သောက်လိုက်… ရှင်ရဲ့ တပည့်ကျော်အကြောင်း ပြောလိုက်တာနဲ့ ဆေးလိပ်ပဲ ဖွာနေတော့တာပဲ။ ဆေးလိပ်သောက်ပြလိုက်ရင် ငါ့ပါးစပ် ပိတ်သွားမယ် ထင်နေလား”

ထိုသို့ ပွစိပွစိ ရေရွတ်နေစဉ်မှာပင် အပြင်ဘက်ဆီမှ ကျားတုန်းရွှီ၏ အသံ ထွက်ပေါ်လာလေသည်။

“ဆရာ... ဆရာကတော်... ထမင်းစားပြီးကြပြီလား”

ထိုအသံကို ကြားလိုက်ရသည်နှင့် ယီကျုံးဟိုင် ခေါင်းတွေတောင် ကြီးသွားရတော့၏။ ယီတာ့မားက ချက်ချင်းပင် လေသံကို နှိမ့်ကာ ပြောလိုက်သည်။

“ပြောရင်းဆိုရင်း ကျောင်းတော်သား ရောက်လာပြီပဲ။ သေချာတယ် ပိုက်ဆံလာ ချေးငှားတာပဲ နေမှာ။ ပေးလိုက်တာမှ နှစ်ရက်ပဲ ရှိသေးတယ် ပြန်လာပြန်ပြီ။ ရှင့်ကို ကျုပ် ကြိုပြောထားမယ်နော်… ဒီတစ်ခါ ဘယ်လိုပဲပြောပြော ထပ်မပေးနဲ့။ ထပ်ပေးလို့ကတော့ ကျုပ်နဲ့ တွေ့မယ်သာမှတ်”

ယီကျုံးဟိုင်က စိတ်ရှုပ်ထွေးစွာဖြင့် လက်ခါပြရင်း ဆိုလေသည်။

“ကဲပါ ကဲပါ… ငါသိပါပြီကွာ။ ပါးစပ်လေး ပိတ်ထားစမ်းပါ… သူ့ကို ကြားသွားစေဦးမယ်”

ထို့နောက် အသံကို ဟန်ဆယ်လိုက်ကာ အပြင်သို့ ကျယ်ကျယ်လောင်လောင် လှမ်းထူးလိုက်သည်။

“တုန်းရွှီလား… ဝင်လာခဲ့လေကွာ။ ငါတို့ စားနေတုန်းပဲ ရှိသေးတယ်”

ကျားတုန်းရွှီသည် တံခါးခန်းဆီးကို အသာလှန်၍ ဝင်လာကာ စားပွဲထက်ရှိ ထမင်းဟင်းများကို မျက်စိကစား ကြည့်ရင်း မေးလိုက်သည်။

“ဆရာနဲ့ ဆရာကတော် ထမင်းစားနေကြတာလား”

ယီတာ့မားကမူ မျက်နှာကို တင်းထားကာ သူ့ကို လုံးဝ အဖက်မလုပ်ချေ။ ယီကျုံးဟိုင်က တခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ဟန်ကိုယ့်ဖို့လုပ်ကာ ယဉ်ကျေးစွာဖြင့်ပင် ပြန်ပြောလိုက်လေသည်။

“အေး... စားနေတုန်းပဲ။ တုန်းရွှီ… မင်းရော စားပြီးပြီလား။ မစားရသေးရင် ထိုင်လေကွာ။ အတူတူ စားကြတာပေါ့”

All Chapters