← Chapters

အခန်း ၄၃

Vol. 5 Ch. 43

အခန်း ၄၃

Vol. 5 Ch. 43

အခန်း (၄၃) - ခြံဝင်းတစ်ခုလုံး အစည်းအဝေး

ကျားတုန်းရွှီ၏ ခြေလှမ်းများက အလွန်သွက်လက် နေခဲ့သည်။ အချိန်တိုအတွင်းမှာပင် ခြံဝင်းအတွင်းရှိ လူအားလုံးထံသို့ သတင်းပါး ပြီးသွားလေပြီ။ နောက်ဆုံးတွင်မူ ခြေလှမ်းများ အနည်းငယ် တုံ့ဆိုင်းသွားသော်ငြား ယန်ချုံးအိမ်၏ တံခါးဝသို့ရောက်သော် တံခါးကို ခေါက်လိုက်လေသည်။

ထိုအချိန်တွင် သူတို့သုံးယောက်မှာ ညစာသုံးဆောင် ပြီးစီး၍ စားပွဲပေါ်မှ ပန်းကန်ခွက်ယောက်များကို ရှင်းလင်းနေကြဆဲ ဖြစ်သည်။ တံခါးခေါက်သံကို ကြားလိုက်ရသည်နှင့် ယွီရှို့က စိတ်ပျက်လက်ပျက် ဆိုလိုက်သည်။

“မချေးဘူးလို့ ပြောထားရက်နဲ့ ဘာလို့ လာနေကြသေးတာလဲ။ ဒီမိသားစုကတော့ တကယ်ကို အရှက် မရှိဘူးပဲ”

ထိုသို့ဆိုကာ တံခါးသွားဖွင့်မည့် ယန်ရှောင်ကျွမ်းကို လှမ်းတားလိုက်ပြီး သူမ ကိုယ်တိုင်ပင် အပြင်သို့ ထွက်လာခဲ့ကာ ပြောလိုက်သည်။

“ငါပဲ သွားဖွင့်လိုက်မယ်လေ”

တံခါးကို ဆွဲဖွင့်လိုက်သည်နှင့် ရပ်နေသူမှာ ကျားတုန်းရွှီဖြစ်နေကြောင်း တွေ့လိုက်ရသဖြင့် ယွီရှို့က ဆိုင်းမတွတော့ဘဲ ချက်ချင်းပင် ပက်ခနဲ ပြောချလိုက်တော့သည်။ ထိုသို့ပြောဆိုရင်း မျက်နှာထားကို တင်းမာလိုက်ကာ ဘေးနားရှိ တံမြက်စည်းကို လက်တစ်ဖက်ဖြင့် ဆတ်ခနဲ ကောက်ကိုင်လိုက်လေသည်။

“အို... လူစားထိုးလာတာလား။ တကယ်ကို အကြံပိုင်တာပဲနော်… မိန်းမလုပ်သူ လာချေးလို့ မရတော့ ယောကျ်ားလုပ်သူက ထွက်လာတာပေါ့လေ။ ဘယ်သူလာလာ မရဘူးနော်… မချေးဘူးဆို မချေးဘူးပဲ။ ငါ့ယောကျ်ား သူ့အရည်အချင်းနဲ့သူ ရှာလာတဲ့ ယုန်က ငါ့ကို ကျွေးဖို့ပဲ။ ခြံဝင်းထဲက ခွေးတွေ ကြောင်တွေကို ဖြစ်သလို ကျွေးဖို့ မဟုတ်ဘူး”

သူမ၏ စကားလုံးများက အလွန်ပင် ပြတ်သားလှသဖြင့် ယန်ရှောင်ကျွမ်းပင်လျှင် မနေနိုင်တော့ဘဲ လက်မထောင်ပြ လိုက်မိသည်။ သူမ၏ မျက်နှာအမူအရာက လှိုက်လှိုက်လှဲလှဲ အားပေးနေသည့်နှယ်။

‘မမ ပြောလိုက်တာ သိပ်ကောင်းတာပဲ။ တကယ် မိုက်တယ်’

မိန်းမသား တစ်ဦးက မျက်နှာချင်းဆိုင် ရပ်ကာ ခွေးတွေ ကြောင်တွေဟု ခိုင်းနှိုင်းဆဲဆို လိုက်သဖြင့် ကျားတုန်းရွှီ၏ မျက်နှာမှာ ချက်ချင်းပင် နီရဲတက်သွားပြီး ထိုနေရာ၌ပင် ပြန်လည်ရန်တွေ့ချင် စိတ်များ တဖွားဖွား ပေါ်ပေါက်လာသည်။ သို့သော်ငြား ယန်ချုံး၏ လက်သီးဆုပ်များကို တွေးမြင်ယောင်လာမိသည့် အပြင် ယနေ့အတွက် အဓိက ကိစ္စကိုပါ သတိရသွားသဖြင့် ဒေါသကို ခက်ခက်ခဲခဲ မြိုသိပ်ထားလိုက်ရသည်။ ထို့နောက် အတင်းအကျပ် အပြုံးတစ်ခုကို ဖန်တီးပြီး ရှင်းပြလိုက်သည်။

“ညီမလေးကလည်း နောက်နေပြန်ပါပြီ။ အစ်ကိုက မင်းတို့အိမ်က ယုန်သားကို လာချေးတာ မဟုတ်ပါဘူး။ ခြံဝင်းကို စီမံတဲ့ အဘိုးကြီးတစ် ယီကျုံးဟိုင်က အားလုံးကို အကြောင်းကြားခိုင်းလို့ပါ။ ခဏနေရင် ခြံဝင်း တစ်ခုလုံး အစည်းအဝေး လုပ်မယ်လေ။ အိမ်တိုင်းက အိမ်ထောင်ဦးစီးတွေ မဖြစ်မနေ တက်ရမယ်။ ပျက်ကွက်လို့ မရဘူးတဲ့”

“ခြံဝင်း တစ်ခုလုံး အစည်းအဝေးဟုတ်လား”

ယွီရှို့မှာ ကြောင်တောင်တောင် ဖြစ်သွားကာ ခေါင်းလှည့်၍ ယန်ချုံးအား နားမလည်နိုင်စွာ လှမ်းကြည့်လိုက်လေသည်။ သူမ ဤအရပ်သို့ ရောက်ရှိလာသည်မှာ ရက်ပိုင်းမျှသာ ရှိသေးသဖြင့် ခြံဝင်း အစည်းအဝေး ဆိုသည်ကို တစ်ခါမျှ မကြုံဖူးခဲ့သလို မည်သို့သော ကိစ္စရပ် ဖြစ်သည်ကိုလည်း ရေရေရာရာ မသိရှာပေ။ ယန်ချုံးကမူ ထိုအရာကို သဘာဝကျကျပင် သဘောပေါက်ထားနှင့်ပြီးသား ဖြစ်သည်။ သူက တည်ငြိမ်စွာပင် ပြန်ဖြေလိုက်သည်။

“အေး... သိပြီ”

ကျားတုန်းရွှီက အရှက်ပြေ နှစ်ချက်ခန့် ရယ်မောလိုက်သည်။ ထို့နောက် ဘေးနားရှိ မြေပြင်ပေါ်တွင် ချထားသော တောကြက် အချို့နှင့် စားပွဲပေါ်တွင် မစားရသေးဘဲ ကျန်ရစ်နေသည့် ယုန်သား တစ်ဝက်ခန့်ကို ငေးကြည့်ကာ တံတွေးမြိုချရင်း လှည့်ထွက်သွားလေတော့သည်။ အမှန်တကယ်တော့ သူသည် ယန်ချုံးတို့ လင်မယားကို အနည်းငယ်မျှပင် ပြုံးမပြချင်ခဲ့ပေ။ သို့သော်ငြား အတန်ကြာလျှင် သူတို့အိတ်ကပ်ထဲမှ ပိုက်ဆံနှိုက်ရမည့် အရေးကို တွေးမိကာ အတင်းအကျပ် ဟန်ဆောင်ပြုံးပြခဲ့ရခြင်းသာ ဖြစ်သည်။

ယွီရှို့က တံခါးကို ပိတ်လိုက်ပြီးနောက် စပ်စုချင်စိတ်တို့ဖြင့် ခေါင်းလှည့်လာကာ မေးလိုက်သည်။

“အစ်ကို... ဒီခြံဝင်း တစ်ခုလုံး အစည်းအဝေးလုပ်တယ်ဆိုတာ ဘာကိစ္စတွေလဲ။ ဘာဖြစ်လို့ အိမ်တိုင်း မဖြစ်မနေ တက်ရမှာလဲဟင်”

ယန်ချုံး၏ နှုတ်ခမ်းထောင့်များက အထင်အမြင်သေးသော လှောင်ပြုံး တစ်ခုအဖြစ် ကွေးတက်သွားသည်။

“ဒီ ခြံဝင်း အစည်းအဝေးဆိုတာက ယီကျုံးဟိုင် လှည့်ကွက်သုံးပြီး အများအကျိုးကို အကြောင်းပြကာ ကိုယ်ကျိုးရှာတဲ့ ကိရိယာ တစ်ခုပဲကွ။ ဒီအကောင်က အယုတ်မာဆုံးပဲ။ အပေါ်ယံမှာတော့ အကျင့်စာရိတ္တကောင်းတဲ့သူလို ဟန်ဆောင်ထားပြီး ဟိုလူ့အတွက် ဒီလူ့အတွက်လို့ အကြောင်းပြပေမဲ့ တကယ်တမ်းကျတော့ သူ့ကိုယ်ကျိုးအတွက်ချည်းပဲလေ။ မင်း ကြည့်နေလိုက်… ကောင်းတဲ့ကိစ္စတော့ သေချာပေါက် မဟုတ်ဘူး။ တခြားလူတွေကို အကွက်ချဖို့ လုပ်တာ ကျိန်းသေတယ်”

ယီကျုံးဟိုင်၌ စေတနာကောင်း မရှိကြောင်း ကြားလိုက်ရသည်နှင့် ယွီရှို့က ချက်ချင်းပင် ဆိုသည်။

“ဒါဆိုလည်း ညီမတို့ လုံးဝ မသွားဘဲ နေလိုက်မယ်လေ။ သူ့ဘာသာသူ အကွက်ချချင်ရင် လိုသလိုသာ ချပါစေပေါ့”

“မဖြစ်ဘူး ကိုယ်တို့ သွားမှရမယ်။ မသွားဘူးဆိုရင် သူ့လက်ထဲ အပြစ်တင်စရာ အကြောင်းပြချက် ရသွားလိမ့်မယ်လေ။ အဲဒီအခါကျရင် ခြံဝင်းထဲက လူတွေအကုန်လုံးက ကိုယ်တို့ကို ပစ်မှတ်ထားလာကြလိမ့်မယ်”

ယန်ချုံးက တားလိုက်သည်။

ယွီရှို့က ဒေါသတကြီးဖြင့် ဆက်ပြောလေသည်။

“ဒါဆိုလည်း သွားမယ်။ ဒီအဘိုးကြီး ဘာအကြံအစည်တွေ ရှိနေလဲဆိုတာ သွားကြည့်ကြတာပေါ့။ တကယ်လို့ ညီမတို့ကိုများ အကွက်လာချရဲရင်တော့ သူနဲ့ ပြတ်ပြတ်သားသားကို ရှင်းပစ်လိုက်မယ်”

ယန်ချုံးက သဘောကျစွာ ရယ်မောလိုက်ရင်း ပြောပြသည်။

“လူအမလေးရဲ့… လောကကြီးဆိုတာ အမြဲတမ်း ရိုက်နှက်သတ်ဖြတ်နေဖို့ချည်းပဲ မဟုတ်ဘူး။ လူမှုရေး ဆက်ဆံရေးတွေလည်း ပါဝင်တယ်လေ။ တစ်ခါတလေကျရင် နည်းဗျူဟာ တချို့ကို သုံးတတ်ရမယ်။ ယီကျုံးဟိုင်လို မြေခွေးအိုကြီးကို ကိုင်တွယ်တဲ့အခါ ကျားမိသားစုကို လုပ်သလို လက်သီးတွေ၊ တံမြက်စည်းတွေ သုံးလို့ မရဘူးပေါ့။ တစ်ခါတလေကျရင် သူလုပ်တဲ့ နည်းအတိုင်း သူ့ကို ပြန်လုပ်တတ်ဖို့ သင်ယူရမယ်”

ယွီရှို့၏ မျက်ဝန်းအစုံက ဝိုင်းစက် ပြူးကျယ်သွားကာ မေးသည်။

“သူလုပ်တဲ့ နည်းအတိုင်း သူ့ကို ပြန်လုပ်တယ်ဆိုတာ ဘာကို ပြောတာလဲဟင်”

ယန်ချုံးက စိတ်ရှည်လက်ရှည်ဖြင့် ရှင်းပြလေသည်။

“အဲဒါက သူ့နည်းလမ်းကို ပြန်သုံးပြီး သူ့ကို ပြန်တိုက်ခိုက်တာပဲ။ သူ့ကို အထိနာသွားစေပြီး ဘာမှလည်း ပြန်ပြောခွင့် မရအောင် လုပ်ပစ်လိုက်တာမျိုးပေါ့”

ယွီရှို့မှာ နားလည်သလိုလို နားမလည်သလိုလိုဖြင့် ရေရွတ်လိုက်သည်။

“ဪ... အဲလိုလည်း ရတာလား”

ယန်ချုံးက ရယ်မောလိုက်ရင်း ပြောသည်။

“ခဏနေ ခြံဝင်း အစည်းအဝေး လုပ်တဲ့အခါ မင်းတို့လည်း လိုက်ကြည့်ကြတာပေါ့။ အဲဒီကျရင် အလိုလို သိသွားလိမ့်မယ်”

ထို့နောက် လေသံကို ပြောင်းကာ ဂရုတစိုက်ဖြင့် ထပ်မေးလိုက်လေသည်။

“ဒါနဲ့ မင်း စက်ရုံက အလုပ်ကော ဘယ်လိုနေလဲ။ အဆင်ပြေရဲ့လား”

ယွီရှို့က ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် စကားပြောရင်း အသံကို အနည်းငယ် နှိမ့်ချလိုက်ကာ တီးတိုးဆိုလေသည်။

“အဆင်ပြေပါတယ် အစ်ကို။ ဌာနထဲက လူတွေက ညီမကို အရမ်းဂရုစိုက်ကြတယ်။ ညီမက ပညာအရည်အချင်း နိမ့်တယ်ဆိုတာ သိတော့ အရင်ဆုံး လုပ်နိုင်မဲ့ အလုပ် ရိုးရိုးလေးတွေပဲ ပေးပြီး ဖြည်းဖြည်းချင်း သင်ပေးကြတယ်။ ယောကျ်ားလေး တချို့ကတော့ အကြောင်းမရှိ အကြောင်းရှာပြီး ညီမကို လာလာပြီး မျက်နှာချိုသွေး နေကြတယ်လေ။ ရေလာခပ်ပေးတာ မဟုတ်ရင် သကြားလုံး လာလာပေးတယ်။ သူတို့ သေချာပေါက် စေတနာရိုးနဲ့တော့ မဟုတ်ဘူးထင်တယ်”

ထိုစကားကြောင့် ယန်ချုံး၏ မျက်နှာ အမူအရာမှာ ချက်ချင်းပင် တည်တင်းသွားခဲ့သည်။

“ကြည့်ရတာ ငါ့ခြံစည်းရိုးကို ကျော်ချင်တဲ့ လူတွေ ရှိနေတယ်ပေါ့လေ။ ငါ့မိန်းမကို အကြံအစည်ရှိနေတာလား။ ဟွန်း... မနက်ဖြန်ကျရင် စက်ရုံမှူးယန်ဆီကို သွားပြီး အဲဒီကောင်တွေကို ငါ့မိန်းမ အနားကနေ ဖယ်ရှားခိုင်းမှရမယ်။ ငါက တောင်ပေါ်မှာ တောဝက် သွားပစ်နေတုန်း နောက်ကွယ်က ကိုယ့်ခြံဝင်းထဲကိုတော့ ဝံပုလွေတွေ အဝင်ခံလို့ ဘယ်ဖြစ်မလဲ”

ယွီရှို့မှာ စိုးရိမ်တကြီး ဖြစ်သွားပြီး မျက်နှာများပင် နီရဲလာကာ အလျင်အမြန် တားဆီးလေတော့သည်။

“မလုပ်ပါနဲ့ အစ်ကို… မလုပ်ပါနဲ့။ သူတို့က ညီမ အသစ်ရောက်လာတာမို့လို့ စေတနာနဲ့ ကူညီကြတာ နေမှာပါ။ ပြီးတော့ ညီမက အစ်ကို့မိန်းမမှန်း သူတို့ မသိကြသေးလို့ပါ။ သိသွားရင် သေချာပေါက် အဲလိုလုပ်ကြမှာ မဟုတ်ပါဘူး။ အစ်ကို အဲလို လုံးဝ မလုပ်ပါနဲ့နော်။ အဲလိုသာ လုပ်လိုက်ရင် နောက်ပိုင်း ညီမ အလုပ်ထဲမှာ ဘယ်လိုလုပ် မျက်နှာပြရဲတော့မလဲ”

ယန်ချုံးက အသံထွက်အောင် ရယ်မောလိုက်ရင်း

“ငတုံးမလေးရဲ့… ကိုယ်က နောက်လိုက်တာပါ။ ကိုယ့်မှာ အဲဒီလောက် မျက်နှာကြီးတယ်လို့ ထင်နေလား။ ကိုယ် စကားတစ်ခွန်း ပြောလိုက်တာနဲ့ စက်ရုံမှူးက တခြားလူတွေရဲ့ အလုပ်ကို ဖြစ်သလို ပြောင်းပေးပါ့မလား။ နောက်ပြီး တခြားလူတွေက ကိုယ့်ခြံစည်းရိုးကို ကျော်ချင်တယ်ဆိုတာ ကိုယ့်မိန်းမက လှနေလို့ပေါ့။ ကိုယ့်လို အရည်အချင်းရှိတဲ့ ယောကျ်ားမှ ဒီလိုလှတဲ့ မိန်းမကို ရနိုင်တာလေ။ သူတို့က ဘာကောင်တွေမို့လို့လဲ။ ကိုယ့်မိန်းမ ရင်ထဲမှာ ကိုယ်ပဲရှိတာ။ ဘယ်လိုလုပ် သူတို့က ဖြစ်သလို အလွယ်တကူ လာယူသွားလို့ရမှာလဲ”

ထိုချိုမြိန်သော စကားအနည်းငယ်ကြောင့် ယွီရှို့မှာ ရှက်သွေးဖြာသွားသလို ကြည်နူးမှု လှိုင်းဂယက်လေးများလည်း ရင်ထဲသို့ ဖြတ်ပြေးသွားရသည်။ ထိုအချိန်တွင် အပြင်ဘက်မှ ဆူညံသံများ အနည်းငယ် ထွက်ပေါ်လာသဖြင့် ယန်ရှောင်ကျွမ်းက တံခါးကို ဆွဲဖွင့်ကာ အပြင်သို့ လှမ်းကြည့်လိုက်ပြီး ပြောသည်။

“အစ်ကိုကြီး… မမ... အပြင်ဘက် ခြံဝင်းထဲမှာ လူတွေ အများကြီးပဲ။ အရှေ့ခြံဝင်းကကော အနောက်ခြံဝင်းက လူတွေပါ အကုန်ရောက်လာကြပြီ ထင်တယ်”

ယန်ချုံးက ဆိုလိုက်သည်။

“ဒါဆိုရင် ကိုယ်တို့လည်း အပြင်ထွက်ကြည့်ကြတာပေါ့ကွာ”

………………………

ဤအချိန်၌ အရှေ့ခြံဝင်းနှင့် အနောက်ခြံဝင်းမှ လူများ အားလုံးနီးပါးမှာ အလယ်ခြံဝင်းထဲတွင် စုဝေးရောက်ရှိ နေကြပြီဖြစ်သည်။ မတ်တပ်ရပ်သူက ရပ်၊ ထိုင်သူက ထိုင်နှင့် ခြံဝင်း တစ်ခုလုံးမှာ လူများဖြင့် ပြည့်ကျပ်လုနီးပါး ဖြစ်နေလေသည်။ အနောက်ခြံဝင်းထဲမှ ကောင်းစွာ လမ်းမလျှောက်နိုင်တော့သည့် နားမကြားသော အဘွားအို လုံလောင်ထိုက်ကိုပင် ရှာကျူးက ကုန်းပိုးခေါ်ဆောင် လာခဲ့ပြီး သစ်သားကုလားထိုင် တစ်လုံးပေါ်တွင် ဘေးဘက်၌ နေရာချပေးထားသည်။

ခြံဝင်း၏ အလယ်ဗဟိုတွင်ကား လေးထောင့်စားပွဲကြီး တစ်လုံးကို နေရာချထားပြီး စားပွဲ၏ အနောက်ဘက်၌ ကုလားထိုင် သုံးလုံးကို တန်းစီ ချထားလေသည်။ ခြံဝင်းကို ကြီးကြပ်စီမံရသည့် အဘိုးကြီး သုံးဦးဖြစ်သော ယီကျုံးဟိုင်၊ လျိုဟိုင်ကျုံးနှင့် ယန်ပုကွေ့တို့သည် လက်ဖက်ရည် ခွက်ကြီးများကို ကိုယ်စီကိုင်ဆောင် ထားလျက် ထိုနေရာတွင် နေရာယူထားနှင့်ပြီးပြီ ဖြစ်သည်။

ယီကျုံးဟိုင်က အလယ်တည့်တည့်တွင် ခံ့ညားစွာ နေရာယူထားပြီး လျိုဟိုင်ကျုံးနှင့် ယန်ပုကွေ့တို့ကမူ သူ၏ ဘေးတစ်ဖက် တစ်ချက်စီတွင် ထိုင်နေကြသည်။ ခေါင်းပေါ်ရှိ မီးသီး တစ်လုံးထံမှ ထွက်ပေါ်လာသော အလင်းရောင်မှာ သိပ်မလင်းထိန် လှသော်ငြား ထိုအဘိုးကြီး သုံးဦး၏ မျက်နှာ အမူအရာများကို ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်ရန်မူ လုံလောက်နေပေသည်။

ခြံဝင်းအတွင်း၌ အသံပေါင်းစုံဖြင့် ဆူညံပွက်လော ရိုက်နေသည်။ အချို့က ဖရဲစေ့များကို အခွံခွာ စားနေကြပြီး အချို့က မြေပဲများကို စားသုံးနေကြသည်။ လူအများစုကမူ ရင်ဘတ်တွင် လက်ပိုက်ထားကာ ပါးစပ် လှုပ်ရုံမျှဖြင့် ယခုအကြိမ် ကျင်းပမည့် ခြံဝင်း အစည်းအဝေး၏ အကြောင်းရင်းကို အချင်းချင်း တီးတိုး စုံစမ်းမေးမြန်း နေကြလေသည်။

“ထူးဆန်းတယ်နော်။ ခြံဝင်း အစည်းအဝေး မလုပ်တာ လပေါင်းများစွာတောင် ကြာနေပြီကို… ဒီနေ့မှ ဘယ်လိုဖြစ်လို့ လုပ်ဖို့ စိတ်ကူးရတာပါလိမ့်။ ကိစ္စကြီးကြီးမားမား တစ်ခုခုများ ဖြစ်လို့လား မသိဘူး”

“ဘယ်သူက သိမှာလဲ။ ကိစ္စကြီး တစ်ခုခုတော့ ဖြစ်ရမှာပဲ။ ဒါမှ မဟုတ်ရင် ဒီလို ချမ်းအေးလှတဲ့ ရာသီကြီးမှာ လူတွေကို ဒီမှာ လာထိုင်ခိုင်းပြီး စကားပြော ဖရဲစေ့ ခွာစားခိုင်းပါ့မလား”

“ဖရဲစေ့ ရှိရင်လည်း တော်သေးတာပေါ့။ ငါ့အိမ်မှာဆို ထမင်းတောင် မစားရတော့ဘူး။ ဘယ်ကနေ ဖရဲစေ့ ဝယ်စားနိုင်ဦးမှာလဲ”

ထိုစဉ် တစ်စုံတစ်ယောက်က ရွှီတာ့မောက်ဘက်သို့ လှည့်ကာ မေးလိုက်သည်။

“ဟေ့... ရွှီတာ့မောက် မင်းက သတင်းဦး သတင်းဖျားဆို သိတတ်တယ် မဟုတ်လား။ ဒီည ခြံဝင်း အစည်းအဝေးမှာ ဘာပြောကြမယ်ဆိုတာများ မင်းသိလား”

ရွှီတာ့မောက်သည် လုံရှောင်အယ်နှင့်အတူ ဖရဲစေ့ ခွာစားနေစဉ် ထိုသို့ အမေးခံလိုက်ရသဖြင့် ပြုံးရွှင်စွာ ပြန်လည် ဖြေကြားလေသည်။

“ဒီကိစ္စကို ခင်ဗျားတို့ အဘိုးကြီးတစ်ဆီပဲ သွားမေးရလိမ့်မယ်။ သူ ကိုယ်တိုင် ဦးဆောင်ကျင်းပတဲ့ ခြံဝင်း အစည်းအဝေးဆိုတော့ သူ့ကိုမေးမှ ရမှာပေါ့။ ကျုပ်တို့ကို ထားလိုက်ပါတော့… ကျုပ်ထင်တာ အဘိုးကြီးနှစ်တောင် ဘာကိစ္စလဲဆိုတာ ကြိုသိထားမှာ မဟုတ်ဘူး”

“ဟာ... အဘိုးကြီးနှစ်တောင် မသိဘူး ဟုတ်လား။ ဒါကတော့ မဖြစ်နိုင်ပါဘူးကွာ”

ရွှီတာ့မောက်က ခပ်တည်တည်ဖြင့် သုံးသပ်ပြသည်။

“ဘာလို့ မဖြစ်နိုင်ရမှာလဲ။ အစည်းအဝေးလုပ်မယ်လို့ လာအကြောင်းကြားတာက ကျားတုန်းရွှီ တစ်ယောက်တည်းပဲလေ။ သူက အဘိုးကြီးနှစ်ဆီပါ သွားအကြောင်းကြားနေတာ ကျုပ် ကြားလိုက်တယ်။ အဲဒါကို ကြည့်ရင် အဘိုးကြီးနှစ်လည်း ကြိုမသိထားဘူးဆိုတာ သေချာနေတာပဲ”

“မင်းစကားကလည်း ယုတ္တိတော့ ရှိတာပါပဲ။ ဒါပေမဲ့ ဒီနေ့ ကျားတုန်းရွှီက ဘယ်လိုဖြစ်လို့ ဒီလောက်တောင် တက်ကြွနေရတာလဲ။ အိမ်တိုင်းစေ့ကို ဟိုပြေးဒီလွှားနဲ့ လိုက်အကြောင်းကြားနေတာ။ သူက အကျိုးအမြတ် မရှိရင် စောစောထမဲ့ ကောင်မျိုးမှ မဟုတ်တာ။ အကျိုးမရှိဘဲနဲ့ ဒီလောက်တောင် အလုပ်လုပ်ပါ့မလားကွာ”

ထိုအချိန်တွင် ယန်ချုံးသည် ယွီရှို့နှင့် ယန်ရှောင်ကျွမ်းတို့ကို ခေါ်ဆောင်လျက် ရောက်ရှိလာလေသည်။ ရွှီတာ့မောက်က ချက်ချင်းပင် အနားသို့ ကပ်သွားပြီး သူ၏ အိတ်ကပ်ထဲမှ ဖရဲစေ့ တစ်ဆုပ်ကို နှိုက်ယူ၍ လှမ်းပေးလိုက်သည်။

“ချုံးလေး... မင်းလည်း လာတာလား။ ငါက မင်း လာမှာ မဟုတ်ဘူးလို့ ထင်နေတာ။ ရော့... ဖရဲစေ့ စားဦး”

All Chapters