← Chapters

အခန်း ၄၄

Vol. 5 Ch. 44

အခန်း ၄၄

Vol. 5 Ch. 44

အခန်း (၄၄) - အလှူငွေ ကောက်ခံခြင်း

ရုပ်သံဇာတ်လမ်းတွဲများထဲတွင် ရွှီတာ့မောက်သည် ဗိုက်ထဲ၌ အကြံအစည်ယုတ်များ ပြည့်နှက်နေသော လူယုတ်မာ တစ်ဦးအဖြစ် ပါဝင်လေ့ရှိသည်။ သို့သော်လည်း ယန်ချုံး အချိန်ကူးပြောင်းလာသည့် အချိန်မှစ၍ သူ၏ မည်သည့် လုပ်ရပ်ဆိုးကိုမျှ မတွေ့မြင်ရသေးချေ။ ယင်းမှာ သူနှင့် ရွှီတာ့မောက်တို့အကြား ဆက်ဆံရေး သိပ်မရှိလှသဖြင့် သေချာပေါက် နားမလည်သေးခြင်းလည်း ဖြစ်နိုင်ပေသည်။

ရွှီတာ့မောက်သည် အလွန်ထက်မြက်သူ ဖြစ်သည်။ သို့မဟုတ်ပါက အရင်းရှင် လုံပန်ချန်၏ အပြစ်ကင်းစင်ပြီး ချစ်စရာကောင်းသော သမီးဖြစ်သူ လုံရှောင်အယ်ကို အိမ်အရောက် လက်ထပ်နိုင်ခဲ့မည် မဟုတ်ပေ။ ပြီးခဲ့သည့် ရက်ပိုင်းများအတွင်း ယန်ချုံး တစ်နပ် စားပြီး တစ်နပ် ငတ်နေရသည့် အလုပ်ကြမ်းသမား ဘဝမှ သံမဏိစက်ရုံ၏ ဝယ်ယူရေး ဝန်ထမ်းဘဝသို့ တစ်လှမ်းချင်း ပြောင်းလဲသွားပုံကို သူ ကိုယ်တိုင်ကိုယ်ကျ မျက်မြင်တွေ့ရှိခဲ့ရသည်။ ထို့အပြင် စက်ရုံမှူးယန်ကိုယ်တိုင် လက်မှတ်ရေးထိုးကာ သူတို့ ဇနီးမောင်နှံ နှစ်ဦးစလုံးကို ခြွင်းချက်အနေဖြင့် အလုပ်ခန့်အပ်ခဲ့ခြင်းလည်း ဖြစ်သည်။ ဤအချက်ကို ကြည့်ခြင်းအားဖြင့် ယန်ချုံး ဆိုသူအား သွားရောက် ရန်မစသင့်ဘဲ နည်းလမ်းရှာ၍ ဆက်ဆံရေး ကောင်းမွန်အောင် တည်ဆောက်ထားရမည် ဆိုသည်ကို သူ ကောင်းစွာ သဘောပေါက်ထားလေသည်။

ထို့ကြောင့် ယန်ချုံး လာသည်ကို မြင်သည်နှင့် တစ်ပြိုင်နက် ရွှီတာ့မောက်သည် အိတ်ကပ်ထဲမှ နေကြာစေ့ တစ်ဆုပ်ကို နှိုက်ယူကာ လှမ်းပေးလိုက်သည်။

“နေကြာစေ့လေး စားပါဦး။ ဒါက လွန်ခဲ့တဲ့ နှစ်ရက်က နယ်ဘက်မှာ ရုပ်ရှင် သွားပြတုန်းက ကုန်ထုတ်အဖွဲ့ ခေါင်းဆောင်က အတင်း ထည့်ပေးလိုက်တာ။ မြည်းကြည့်ပါဦး”

ယန်ချုံးကလည်း ငြင်းဆန်ခြင်း မရှိဘဲ လက်ခံလိုက်သည်။

“ကျေးဇူးပါပဲ အစ်ကိုတာ့မောက်”

ထိုနောက် ကျေးဇူးတင်ကားဆိုပြီး နေကြာစေ့များကို ယွီရှို့နှင့် ယန်ရှောင်ကျွမ်းတို့အား ခွဲဝေပေးလိုက်သည်။

“ချုံးဇီ... ဒီနေ့ ခြံဝင်း တစ်ခုလုံး အစည်းအဝေးခေါ်တာ ဘာကိစ္စလဲများ သိလား”

ယန်ချုံးက ခေါင်းခါလျက် ပြန်ဖြေလိုက်သည်။

“မသိဘူး”

“ငါလည်း မသိဘူးကွ။ ဒါပေမဲ့ အကြမ်းဖျင်းတော့ မှန်းလို့ရတယ်။ ဒီနေ့ကိစ္စက သေချာပေါက် ကျားမိသားစုနဲ့ သက်ဆိုင်လိမ့်မယ်။ ပြီးတော့ သူတို့အတွက် အကျိုးရှိမဲ့ ကိစ္စလည်း ဖြစ်လိမ့်မယ်။ မဟုတ်ရင် ကျားတုန်းရွှီက ဒီလောက်တောင် ပျာပျာသလဲနဲ့ တစ်အိမ်တက်ဆင်း လိုက်ပြီး အစည်းအဝေး ခေါ်နေပါ့မလား”

ရွှီတာ့မောက်က သုံးသပ်ပြသည်။

ယန်ချုံးက ထောက်ခံသည့် အနေဖြင့် ခေါင်းညိတ်ပြလိုက်သည်။ ကျားတုန်းရွှီသည် တစ်အိမ်တက်ဆင်း လိုက်လံ အကြောင်းကြားရုံသာမက ယွီရှို့က မျက်နှာပျက်ကာ ဆဲဆိုသည်ကိုပင် ပြန်လည်ချေပခြင်း မရှိခဲ့ပေ။ ဤသည်ကို ထောက်လျှင် သေချာပေါက် အကြံအစည်ယုတ်ကြီး တစ်ခုကို ကြိတ်၍ စီစဉ်နေခြင်းပင် ဖြစ်ရမည်။ ယခင်က ကြည့်ရှုခဲ့ဖူးသော ရုပ်သံဇာတ်လမ်းတွဲများထဲမှ ဇာတ်ကွက်များနှင့် ဆက်စပ်တွေးတော ကြည့်လိုက်သောအခါ နောက်ပိုင်းတွင် မည်သို့ ဆက်ဖြစ်မည်ကို သူ ကြိုတင်နားလည် သွားသကဲ့သို့ ရှိလေသည်။ ထို့နောက် ခေါင်းလှည့်ကာ ယွီရှို့အား တိုးတိုးလေး သတိပေးလိုက်သည်။

“ရှို့အာ... ခဏနေ သူတို့ ဘာပဲပြောပြော မင်းတို့ ဘာမှ ဝင်မပြောနဲ့နော်။ ကိုယ်ပဲ ထွက်ရှင်းမယ်။ ကြားလား”

ယွီရှို့က ခေါင်းညိတ်လိုက်ပြီး ဆိုသည်။

“သိပါပြီ အစ်ကို။ အစ်ကိုက ကျွန်မတို့အိမ်ရဲ့ အိမ်ထောင်ဦးစီးပဲလေ။ ဘာကိစ္စပဲရှိရှိ အစ်ကိုပဲ ထွက်ရှင်းရမှာပေါ့”

ထိုစဉ် ရေနွေးကြမ်း ခွက်ကြီးကို အမြဲ ကိုင်ထားလေ့ရှိသော ယီကျုံးဟိုင်က ဆူညံနေသည့် လူအုပ်ကြီးကို မော့ကြည့်လိုက်ပြီး ဘေးနားရှိ ကျားတုန်းရွှီအား မေးလိုက်သည်။

“တုန်းရွှီ… လူတွေ စုံပြီလား”

ကျားတုန်းရွှီက ကပျာကယာဖြင့် ပြောသည်။

“ဆရာ… ကျွန်တော်ကြည့်လိုက်တာတော့ အကြမ်းဖျင်း စုံနေပါပြီ။ အိမ်တိုင်းက လူတွေ လာကြပါတယ်”

လျိုဟိုင်ကျုံးက အလျင်အမြန် ဝင်မေးလိုက်သည်။

“လောင်ယီ… ဒီနေ့ ဘာဖြစ်လို့ ဒီအစည်းအဝေးကို ခေါ်ရတာလဲ။ ခင်ဗျားက ကျွန်တော်နဲ့ လောင်ယန်ကိုတော့ အရိပ်အမြွက်လောက် ကြိုပြောပြသင့်တာပေါ့”

ယန်ပုကွေ့ကလည်း အမြန်ပင် နားစွင့်လိုက်သည်။ ယီကျုံးဟိုင်က တခဏမျှ စဉ်းစားဟန်ပြုပြီးမှ တခြားကိစ္စ တစ်ခုသို့ လွှဲပြောင်းပြောဆို လိုက်သည်။

“ဒါနဲ့ လောင်ယန်… လွန်ခဲ့တဲ့ ရက်အနည်းငယ်က ခင်ဗျားရဲ့ သားအကြီးကောင် ကျဲချန် သံမဏိစက်ရုံမှာ အလုပ်ဝင်ချင်တယ်လို့ ပြောတယ် မဟုတ်လား။ ကျွန်တော် စုံစမ်းကြည့်လိုက်တယ်။ အလုပ်ရုံနှစ်က လောင်ဝမ်က အငြိမ်းစား ယူတော့မယ်တဲ့။ သူ့မှာ သားသမီးလည်း မရှိတော့ လွတ်လာမဲ့ အလုပ်နေရာကို ဈေးသက်သက်သာသာနဲ့ ရောင်းချင်နေတယ်။ ကျွန်တော် သူနဲ့ သွားပြောကြည့်တော့ ငွေ ၅၀၀ တဲ့။ ခင်ဗျားသာ ၅၀၀ ထုတ်နိုင်ရင် ကျွန်တော် ဝင်ပြောပေးမယ်လေ”

ယန်ပုကွေ့သည် ချက်ချင်းပင် ဝမ်းသာအားရ ဖြစ်သွားလေသည်။

“၅၀၀ ဟုတ်လား။ ဒါဆို သိပ်ကောင်းတာပေါ့ လောင်ယီရာ။ ဒီအလုပ်ကို ကျွန်တော် သေချာပေါက် ယူချင်တယ်။ ခင်ဗျား သေချာပေါက် အဆင်ပြေအောင် ပြောပေးပါနော်”

ယီကျုံးဟိုင်က ခေါင်းညိတ်ပြလိုက်ပြီး ဆိုသည်။

“ကောင်းပြီလေ။ ဒီကိစ္စကို ခဏနေမှ အသေးစိတ် ပြောကြတာပေါ့”

ထိုသို့ ပြောပြီးသည်နှင့် ဘေး၌ နားထောင်နေသော လျိုဟိုင်ကျုံးအား ဂရုမစိုက်တော့ဘဲ လက်ထဲမှ ရေနွေးကြမ်း ခွက်ကြီးကို စားပွဲပေါ်တင်ကာ လည်ချောင်းဟန့်လိုက်သည်။

“အဟမ်း... လူတွေလည်း တော်တော်များများ စုံနေပြီဆိုတော့ အားလုံးပဲ တိတ်တိတ်နေပေးကြပါ။ ကျွန်တော် အားလုံးကို ပြောစရာတစ်ခု ရှိပါတယ်”

ဆူညံနေသော ခြံဝင်းကြီးမှာ ချက်ချင်း တိတ်ဆိတ်သွားပြီး အားလုံး၏ အကြည့်များက ယီကျုံးဟိုင်ထံသို့ စူးစိုက်ရောက်ရှိ သွားသည်။ သူ မည်သည်ကို ပြောဆိုမည်နည်းဟု သိချင်စိတ်ဖြင့် နားစွင့်နေကြလေသည်။

ယီကျုံးဟိုင်သည် ယခု အခြေအနေကို အတော်လေး သဘောကျသွားပြီး ပုံမှန်ပြုံးနေကျ ဖော်ရွေသော အပြုံးမျိုးဖြင့် စကားစလိုက်သည်။

“အခု လက်ရှိ အခြေအနေကို အားလုံး အသိပဲလေ။ သဘာဝ ဘေးအန္တရာယ်တွေက ဆိုးရွားတယ်။ နိုင်ငံတော်ကလည်း အခက်အခဲ ဖြစ်နေတယ်။ ဒါကြောင့် လူတိုင်းရဲ့ နေထိုင် စားသောက်ရေးက မလွယ်ကူကြဘူး။ လူအများကြီးလည်း ဗိုက်ဆာနေကြရတယ်။ အထူးသဖြင့် အခုလို ရိက္ခာခွဲတမ်း စနစ်ကို ကျင့်သုံးနေတဲ့ အချိန်မှာ အိမ်ထောင်စုဝင် များပြီး မြို့နေ အိမ်ထောင်စု စာရင်း နည်းတဲ့ မိသားစုတွေဆိုရင် ပိုပြီးတော့တောင် အခက်အခဲ ဖြစ်နေကြတယ်”

“အထူးသဖြင့် ကျွန်တော်တို့ ခြံဝင်းထဲက ကျားမိသားစုဆိုရင် မိသားစုဝင် ၅ ယောက်ရှိတယ်။ ဒါပေမဲ့ တုန်းရွှီ တစ်ယောက်တည်းပဲ မြို့နေ အိမ်ထောင်စု စာရင်းရှိလို့ ရိက္ခာခွဲတမ်း ရတယ်။ ဒါကြောင့် လူတစ်ယောက်စာ ရိက္ခာနဲ့ မိသားစု ၅ ယောက်စလုံးကို ကျွေးမွေးနေရတာ။ သူက သံမဏိစက်ရုံက အလုပ်သမားဖြစ်ပြီး လစာတစ်ခု ရတယ်ဆိုပေမဲ့ ရိက္ခာက ၅ ယောက်စာ မလောက်တော့ မှောင်ခိုဈေးကနေ သွားဝယ်ရတယ်။ မှောင်ခိုဈေးရဲ့ ဈေးနှုန်းတွေကလည်း တစ်နေ့တခြား ပိုပိုပြီး ကြီးလာတော့ သူ့တစ်ယောက်တည်းရဲ့ လစာနဲ့ ဘယ်လိုလုပ် လောက်ငပါ့မလဲ”

“ဒါကြောင့် ကျားမိသားစုရဲ့ အခက်အခဲကို အားလုံးလည်း အမြင်ပဲမို့လို့ ဒီနေ့ အားလုံးက ဝိုင်းဝန်းကူညီ ပေးကြဖို့ ကျွန်တော် တိုက်တွန်းချင်ပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာက တစ်ယောက် အခက်အခဲဖြစ်ရင် အားလုံးဝိုင်း ကူညီကြတဲ့ အစဉ်အလာကောင်း တစ်ခု အမြဲရှိခဲ့တယ် မဟုတ်လား။ ကျွန်တော်တို့ ခြံဝင်းက ရပ်ကွက်ထဲမှာ စံပြခြံဝင်း ဖြစ်တဲ့အတွက် အိမ်နီးနားချင်းတွေ အခက်အခဲ ဖြစ်နေတာကို လက်ပိုက်ကြည့် မနေဘဲ ကူညီကြရပါမယ်”

ထိုသို့ပြောရင်း အိတ်ကပ်ထဲမှ ယွမ် သုံးဆယ်ကို ထုတ်ကာ စားပွဲပေါ်သို့ တင်လိုက်သည်။

“ဒီလိုလုပ်မယ်။ ခြံဝင်းကို ကြီးကြပ်ရတဲ့ ပထမအဘိုးကြီး အနေနဲ့ ကျွန်တော်က စံပြအဖြစ် အရင် စလုပ်မယ်။ ကျားမိသားစု ဒီအခက်အခဲကို ကျော်လွှားနိုင်ဖို့ ကျွန်တော် ယွမ် သုံးဆယ် လှူမယ်”

“အားလုံးလည်း နည်းနည်းဖြစ်ဖြစ် ဝိုင်းကူညီပေးကြပါဦး”

ထို့နောက် ပတ်ဝန်းကျင်ကို မျက်လုံးဝေ့ကြည့်လိုက်ကာ ဆက်လက်၍ ဘေးတွင်ရှိသော လျိုဟိုင်ကျုံးကို ပထမဆုံး လှမ်းကြည့်လိုက်သည်။

“လောင်လျို... ခင်ဗျားက ခြံဝင်းရဲ့ ဒုတိယအဘိုးကြီးပဲလေ။ ခင်ဗျားရော ဘယ်လိုလဲ”

ယနေ့ အစည်းအဝေး ခေါ်ယူခြင်းသည် ကျားမိသားစုအတွက် အလှူငွေ ကောက်ခံရန် ဖြစ်လိမ့်မည်ဟု လျိုဟိုင်ကျုံး လုံးဝ ထင်မှတ် မထားခဲ့ပေ။ ထို့ထက်ပို၍ ယီကျုံးဟိုင်က စစချင်းမှာပင် သူ့အား အရင် လှူဒါန်းရန် ဖိအားပေးလာလိမ့်မည်ဟု ပို၍ပင် မထင်ထားခဲ့ချေ။ ထို့အပြင် ယီကျုံးဟိုင်က ၎င်းကိုယ်တိုင် ယွမ်သုံးဆယ် အရင် လှူလိုက်သောကြောင့် ထိုယွမ် သုံးဆယ် ပမာဏသည် သူ့အတွက် အကျပ်ရိုက်စရာ ဖြစ်သွားစေတော့သည်။

လျိုဟိုင်ကျုံး၏ လစာမှာ မနည်းလှသော်လည်း ဤခြံဝင်းအတွင်း ယီကျုံးဟိုင်ထက် တစ်အဆင့်ခန့်သာ နိမ့်လေသည်။ သို့သော် သူ့တွင် သားသုံးယောက်ရှိသည်။ သားအကြီး လျိုကွမ်ချီက အိမ်ထောင်ကျကာ အိမ်ခွဲသွားပြီ ဆိုသော်လည်း အိမ်၌ အချောင်စား၊ အချောင်သောက်နေသော ကောင်ကြီး နှစ်ကောင် ကျန်ရှိနေသေးသည်။ သားသမီး မရှိဘဲ အဘိုးကြီး အဘွားကြီး နှစ်ဦးတည်းသာ ရှိသော ယီကျုံးဟိုင်နှင့်မူ လုံးဝ နှိုင်းယှဉ်၍ မရနိုင်ပေ။ ထို့ကြောင့် အလှူငွေအတွက် ယွမ် ဆယ်ဂဏန်းခန့် ထုတ်ပေးရမည် ဆိုခြင်းမှာ သူ့အတွက်တော့ ခန္ဓာကိုယ်ပေါ်မှ အသားကို လှီးထုတ်ခံရ သကဲ့သို့ပင် နာကျင်လှသည်။

ပို၍ ဒေါသထွက်စရာ ကောင်းသည်မှာ ယီကျုံးဟိုင်သည် ကျားမိသားစုအတွက် အလှူငွေ ကောက်ခံရန် ဤအစည်းအဝေးကို ခေါ်ယူခြင်း ဖြစ်ကြောင်း ဒုတိယအဘိုးကြီး ဖြစ်သူ သူ့အား ကြိုတင်၍ သတင်း အနည်းငယ်မျှပင် မပေးခဲ့ဘဲ အစည်းအဝေး စသည်နှင့် သူ့ကို စံပြအဖြစ် အရင် လုပ်ခိုင်းနေခြင်းပင် ဖြစ်သည်။ ဤသည်မှာ သူ၏ လည်ပင်းကို ညှစ်ကာ အသေသတ်နေခြင်း ဖြစ်ကြောင်း ရှင်းလင်းနေပေသည်။

လျိုဟိုင်ကျုံးမှာ ဒေါသထွက်လွန်းသဖြင့် မျက်နှာကြီး နီရဲနေသော်လည်း မည်သို့မျှ ပြန်လည်ချေပ နိုင်ခြင်း မရှိဘဲ ယီကျုံးဟိုင် ဆွဲခေါ်ရာ လမ်းကြောင်းအတိုင်း လျှောက်ရရန်သာ ရှိတော့သည်။ သူသည် ရာထူးမက်သူ တစ်ဦး ဖြစ်သော်လည်း အရာရှိဖြစ်မည့် ကံမပါချေ။ ရုံးတွင် သာမန်ဝန်ထမ်း တစ်ဦးသာ ဖြစ်ပြီး ဤခြံဝင်း အတွင်း၌သာ အသက်အရွယ်နှင့် လုပ်သက်ကို အားကိုးကာ ဒုတိယအဘိုးကြီး ဆိုသည့် နေရာလေး တစ်ခုကို မနည်းရယူ ထားရခြင်း ဖြစ်သည်။ ခြံဝင်းထဲတွင် ယီကျုံးဟိုင်က သူ၏ နေရာအား ဝင်လုသွားမည်ကိုတော့ သူ လုံးဝ မလိုလားပေ။

ထို့ကြောင့် ယီကျုံးဟိုင်၏ ချောက်ချခြင်းကို ခံလိုက်ရသည်ဟု ခံစားနေရသော်လည်း လျိုဟိုင်ကျုံးသည် အလှူငွေ ကိစ္စတွင် အနှိမ်ခံ မနေလိုချေ။ ထို့ကြောင့် တခဏမျှ တွန့်ဆုတ်သွားပြီးနောက် နှမြောတသစွာဖြင့် အိတ်ကပ်ထဲမှ ယွမ် သုံးဆယ်ကို ထုတ်ယူလိုက်လေသည်။

“လောင်ယီကတောင် ယွမ် သုံးဆယ် လှူမှတော့ ငါ ဒုတိယအဘိုးကြီး အနေနဲ့လည်း နောက်ကျကျန်ခဲ့လို့ မဖြစ်ဘူးပေါ့။ ငါလည်း ယွမ် သုံးဆယ် လှူတယ်”

နောက်တစ်ဦးမှာ ယန်ပုကွေ့အလှည့် ရောက်လာသည်။ ယန်ပုကွေ့လည်း မျက်လုံး ပြူးသွားတော့သည်။ ယီကျုံးဟိုင်က စောစောက အလုပ်ကိစ္စကို မည်သည့် အတွက်ကြောင့် ပြောရသနည်း ဆိုသည်ကို ယခုမှပင် သူ ကောင်းစွာ သဘောပေါက်သွားလေသည်။ ဤနေရာ၌ စောင့်၍ ချောက်ချခြင်းပင် ဖြစ်သည်။

ယန်ပုကွေ့၏ ပုံမှန်စတိုင် အရဆိုလျှင် သူသည် တစ်ပြားတစ်ချပ်မျှပင် ထုတ်ပေးမည့်သူ မဟုတ်ပေ။ မိမိအိမ်တွင်ပင် တစ်နှစ်ပတ်လုံး အသားစားရန် နှမြောနေပြီး ဆားနယ် ဟင်းသီးဟင်းရွက် စားလျှင်ပင် လူတစ်ဦးလျှင် မည်မျှဆိုကာ ရေတွက်၍ ခွဲဝေစားသောက် နေရသူဖြစ်ရာ မည်သည့် အကြောင်းကြောင့် သူတို့အား အလှူငွေ ပေးရမည်နည်း။

ထို့ပြင် ကျားတုန်းရွှီက လူတစ်ဦးတည်း၏ လစာဖြင့် လူ ၅ ဦးကို ကျွေးမွေးနေရသည် ဆိုသော်လည်း သူ ယန်ပုကွေ့မှာမူ လူတစ်ဦးတည်း၏ လစာဖြင့် လူ ၆ ဦးကို ကျွေးမွေးနေရသူ ဖြစ်သည်။ ကျားတုန်းရွှီထက်ပင် ပို၍ ခက်ခဲနေသေးသည်။

သို့ရာတွင် ယနေ့၌ကား ထိုသို့ လုပ်၍ မရတော့ချေ။ ယီကျုံးဟိုင်၏ ပုံစံမှာ ရှင်းလင်းနေသည်။ သူသာ မလှူဒါန်းပါက ထိုအလုပ်ကိစ္စမှာတော့ ရေစုန်မျောသွားမည်သာ ဖြစ်သည်။ အလွယ်တကူ မရနိုင်သော အခွင့်အရေးကို တွေးမိကာ ယန်ပုကွေ့သည် မည်မျှပင် နှမြောနေပါစေ အသားကို လှီးထုတ်လိုက်ရတော့သည်။ သွားကိုက်၍ အိတ်ကပ်ထဲမှ ၅ ယွမ်ကို ထုတ်ယူကာ ပြောလိုက်သည်။

“လောင်ယီနဲ့ လောင်လျိုတို့လည်း လှူပြီးပြီဆိုတော့ တတိယအဘိုးကြီး ဖြစ်တဲ့ ငါလည်း နောက်ကျ ကျန်နေခဲ့လို့ မဖြစ်ဘူးလေ။ ဒါပေမဲ့ ငါ့အိမ်ရဲ့ အခြေအနေကိုလည်း အားလုံးအသိပဲ။ လောင်ယီ၊ လောင်လျိုတို့နဲ့တော့ ယှဉ်လို့ မရဘူးပေါ့။ ဒီတော့ ငါ ၅ ယွမ် လှူမယ်”

ယီကျုံးဟိုင်က ခေါင်းညိတ်ပြလိုက်သည်။ ကပ်စေးနှဲ လောင်ယန်ထံမှ ၅ ယွမ် ထွက်လာရန် ဆိုသည်မှာ မလွယ်ကူလှကြောင်းကို သူ ကောင်းစွာသိသည်။

“ကောင်းပြီလေ။ အလှူငွေဆိုတာက ကိုယ့်အခြေအနေကိုယ် ကြည့်ရတာပေါ့။ လောင်ယန်က ၅ ယွမ်လှူမယ် ဆိုလည်း ၅ ယွမ်ပေါ့”

ထိုသို့ပြောရင်း မျက်လုံးများက တစ်ပတ်ဝေ့ ကြည့်လိုက်ရာ ယန်ချုံးနှင့် အတူရပ်နေသော ရွှီတာ့မောက်ထံသို့ စူးစိုက်သွားလေသည်။

“ရွှီတာ့မောက်… မင်းက စက်ရုံက ရုပ်ရှင်ပြတဲ့သူဆိုတော့ လစာ မနည်းဘူး။ ပြီးတော့ ကလေးလည်း မရှိသေးဘူး။ လင်မယား နှစ်ယောက်တည်းလေ။ မင်း ဘယ်လောက် လှူမလဲ”

All Chapters