အခန်း ၄၅
Vol. 5 Ch. 45
အခန်း (၄၅) - ယန်ချုံး… မင်း ဘယ်လောက်လှူဖို့ စဉ်းစားထားလဲ
စောစောက ယီကျုံးဟိုင်ထံမှ အလှူငွေ ကောက်ခံမည့် ကိစ္စ ထွက်ကျလာသည်နှင့် တစ်ပြိုင်နက် ရွှီတာ့မောက်က ယန်ချုံးဘက်သို့ လှည့်ကာ စကားစလိုက်လေသည်။
“ဘယ်လိုလဲ ချုံးဇီ... ငါပြောတာ မှန်တယ်မလား။ ဒီနေ့ကိစ္စက ကျားမိသားစုအတွက် လုပ်တာ သေချာပေါက်ပဲ။ ဟွန့်... ယီကျုံးဟိုင်ဆိုတဲ့ ဒီခွေးအိုကြီးက ကျားတုန်းရွှီကို သူရဲ့ အိုဇာတာ ကျွေးမွေးစောင့်ရှောက်စေချင်လို့ တစ်ခြံလုံးကို အသုံးချနေတာကွ”
ယန်ချုံး၏ နှုတ်ခမ်းထောင့်တွင်လည်း အေးစက်စက် အပြုံးတစ်ပွင့် ခိုတွဲသွားလေသည်။ ထင်ထားသည့် အတိုင်းပင် ယီကျုံးဟိုင်ဆိုသော ထိုမြေခွေးအိုကြီးက သူ၏ လှည့်ကွက်ဟောင်းများကို ထုတ်သုံးလာပြန်ချေပြီ။
ဤအဖြစ်အပျက်သည် အနာဂတ် ခေတ်ကာလ ကျောင်းများတွင် ဖွဲ့စည်းလေ့ရှိသော မိဘ ကော်မတီများနှင့် အတော်လေး ဆင်တူနေသည်။ မိမိကိုယ်တိုင်က ဆရာများထံမှ မျက်နှာရလိုသဖြင့် တစ်တန်းလုံးရှိ မိဘများကိုပါ အတင်းအကျပ် ငွေကြေး ထည့်ဝင်ခိုင်းကာ ဆရာများအတွက် ဟိုဟာ ဝယ်ပေး၊ ဒီဟာ ဝယ်ပေး လုပ်တတ်ကြသည့် သဘောပင်။ အဆုံးသတ်တွင် ငွေကုန်ကြေးကျ ခံရသည်မှာ လူတိုင်းဖြစ်သော်ငြား ဆရာများ၏ မျက်နှာသာပေးမှုနှင့် အသိအမှတ်ပြုမှုကို ရသွားကြသည်မှာမူ ထိုကဲ့သို့သော လူလည်ကျသည့် လူတစ်ဆုပ်စာမျှသာ ဖြစ်လေသည်။
ဒီအခြေအနေကို ကြည့်ရတာ ယီကျုံးဟိုင်က ငါ့ကို သေချာပေါက် အကွက်ရွှေ့ပြီး ညှစ်တော့မှာပဲ။ ဒါပေမဲ့ ငါက မင်းသဘောကျ အလွယ်တကူ အခြယ်လှယ်ခံမဲ့ လူလား...
ထိုစဉ်မှာပင် ယီကျုံးဟိုင်က ရွှီတာ့မောက်၏ နာမည်ကို လှမ်းခေါ်လိုက်သံ ထွက်ပေါ်လာသည်။
“ရွှီတာ့မောက်... မင်းက စက်ရုံက ရုပ်ရှင်ပြသမားဆိုတော့ လစာ မနည်းဘူးလေ။ ပြီးတော့ ကလေးလည်း မရသေးဘူး။ လင်မယား နှစ်ယောက်တည်းဆိုတော့ မင်း ဘယ်လောက် လှူဖို့ စဉ်းစားထားလဲ”
ရွှီတာ့မောက်အနေဖြင့် အလှည့်က သူ့ထံ ဤမျှ မြန်မြန်ဆန်ဆန် ရောက်လာလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။ စိတ်ထဲတွင် ယီကျုံးဟိုင်အား ကျိန်ဆဲချင် စိတ်များ တဖွားဖွား ပေါ်ပေါက်လာသော်လည်း လက်တွေ့တွင်မူ မလှူဘဲ မနေရဲချေ။ အကယ်၍သာ ငြင်းဆန်လိုက်ပါက ယီကျုံးဟိုင်က သူ့အား ငွေရှိပြီး ရက်စက်သူ၊ ကိုယ်ချင်းစာတရား ခေါင်းပါးသူ ဟူသော ခေါင်းစဉ်များတပ်ကာ အပုပ်ချတော့မည် ဖြစ်ပြီး နောင်တွင် ဤခြံဝင်းထဲ၌ နေထိုင်ရ ခက်သွားနိုင်ပေသည်။
ထို့ကြောင့် သူသည် ဇနီးဖြစ်သူ လုံရှောင်အယ်ကို တစ်ချက်လှမ်းကြည့် လိုက်ပြီးနောက် သွားကို တင်းတင်းကြိတ်ကာ ပြောလိုက်လေသည်။
“ကျွန်တော် ငါး ယွမ် လှူပါ့မယ်”
သူ၏ စကားသံ ဆုံးသည်နှင့် တစ်ပြိုင်နက် တစ်ဖက်မှ ရှာကျူး၏ သရော်သံက ထွက်ပေါ်လာလေသည်။
“ချီး... ရွှီတာ့မောက် မင်းက တော်တော် ကပ်စေးနှဲတာပဲ။ မင်းလို ရုပ်ရှင်ပြသမား တစ်ယောက်က တစ်လကို လစာ သုံးလေးဆယ်လောက် ရနေတာကို ငါး ယွမ်တည်း ထုတ်ပေးရက်တယ်ပေါ့”
ရှာကျူးနှင့် ရွှီတာ့မောက် တို့နှစ်ဦးသည် ခြံဝင်းထဲတွင် ရေနှင့် မီးသဖွယ် ကျော်ကြားသော ရန်ဘက်များ ဖြစ်ကြရာ အခွင့်အရေး ရသည်နှင့် ရှာကျူးက ရွှီတာ့မောက်ကို အရှက်ခွဲတော့သည်။ ရွှီတာ့မောက်မှာ မျက်နှာကြီး ရဲတက်သွားပြီး ပြန်လည်ချေပ လေသည်။
“ငါ တစ်လကို လစာ သုံးဆယ်ရတာ ဘာဖြစ်လဲ။ အဲဒါ ငါ တစ်လလုံး ပင်ပင်ပန်းပန်း ရှာထားတာကွ… ခိုးလာတာမှ မဟုတ်တာ။ ဒါ့အပြင် တတိယဦးလေးတောင် ငါး ယွမ် လှူသေးတာပဲ။ ငါ့အလှည့်ရောက်မှ ဘာလို့ မရရမှာလဲ”
ရှာကျူးက အလျှော့ မပေးဘဲ ပြန်လည်ပက်ချ လိုက်သည်။
“မင်းက တတိယဦးလေးနဲ့ သွားယှဉ်လို့ ရမလား။ တတိယဦးလေး အိမ်အခြေအနေကို လူတိုင်းသိပါတယ်။ လူတစ်ယောက်တည်းက ခြောက်ယောက်ကို ကျွေးမွေးနေရတာလေ။ မင်းကကော... အိမ်ထောင်ကျတာ နှစ်တွေ ကြာနေပြီ။ ကလေးဆိုတာ ဝေးရော… ဥတောင် တစ်လုံး မဥနိုင်ဘဲ လင်မယား နှစ်ယောက်တည်း ရှိတာကို...”
ဤစကားက လုံရှောင်အယ်၏ ဒေါသကို ချက်ချင်းပင် ဆွပေးလိုက်သကဲ့သို့ ဖြစ်သွားသည်။ သူမနှင့် ရွှီတာ့မောက်တို့ အိမ်ထောင်ကျပြီးနောက် တိုင်အောင် ရင်သွေး မရနိုင်ခြင်းမှာ လင်မယား နှစ်ဦးစလုံးအတွက် အမြဲတမ်း ရင်ကွဲနာကျစရာ ကိစ္စတစ်ရပ် ဖြစ်ခဲ့ရသည်။ ယခုအခါ ရှာကျူးက ထိုဒဏ်ရာဟောင်းကို လူအများရှေ့တွင် ဗြောင်ကျကျ ဆွဲဆွလိုက်ခြင်း ဖြစ်ရာ သူတို့လင်မယားကို သက်သက်မဲ့ အရှက်ခွဲလိုက်ခြင်းပင် မဟုတ်ပါလော။
လုံရှောင်အယ်၏ မျက်နှာမှာ ဒေါသကြောင့် ချက်ချင်းပင် နီမြန်းသွားခဲ့သည်။
“ရှာကျူး... ရှင် ဘာတွေ ပြောနေတာလဲ။ ပါးစပ်လေး ဘာလေး ဆင်ခြင်လို့ မရဘူးလား”
ရှာကျူးကမူ အနည်းငယ်မျှပင် အပြစ်ရှိသလို မခံစားရဘဲ တုံ့ပြန်လိုက်သည်။
“ငါ့ပါးစပ်က ဘာဖြစ်နေလို့လဲ။ ငါပြောတာ မှားလို့လား။ မင်းတို့နှစ်ယောက် ကလေးရပြီလား”
“ရှင်...”
လုံရှောင်အယ်မှာ ဒေါသထွက်လွန်းသဖြင့် မျက်ဝန်းများပင် နီရဲလာလေတော့သည်။ ယွီရှို့က သူမအား ကမန်းကတန်း ဆွဲထားလိုက်ရင်း ဝင်ဖျန်ဖြေပေး ရှာသည်။
“အစ်မ... ကျွန်မတို့ သူနဲ့ အဆင့်သွား မတူပါနဲ့”
ရွှီတာ့မောက်မှာလည်း ဒေါသတကြီးဖြင့် ရှာကျူးကို ရန်တွေ့လေသည်။
“ငါ ကလေး မရှိတာ ဘာဖြစ်လဲ။ အနည်းဆုံးတော့ ငါ့မှာ မိန်းမရှိတယ်။ တချို့လူတွေဆို မိန်းမတောင် မရှိဘူး။ တစ်နေ့လုံး သူများမိန်းမကိုပဲ လိုက်ကြံနေတာ။ ကိုယ့်ညီမလေးတောင် စားစရာ မရှိတာကို သူများမိန်းမဆီ ထမင်းချိုင့် သွားပို့ပေးနေသေးတယ်...”
ဤစကားကြောင့် တစ်ခြံလုံးရှိ လူများအားလုံး ဝေါခနဲ ရယ်မောလိုက်ကြကာ ချင်ဟွိုင်ရူနှင့် ကျားတုန်းရွှီတို့ဘက်သို့ အကြည့်များ စုပြုံရောက်ရှိ သွားလေသည်။
ကျားတုန်းရွှီ၏ မျက်နှာမှာ ချက်ချင်း နီရဲသွားပြီး ချင်ဟွိုင်ရူမှာလည်း ရှက်လွန်းသဖြင့် ခေါင်းငုံ့သွားရှာသည်။ ကျားကျန်းရှစ်ကမူ သူမကို မလိုမုန်းတီးစွာ စိုက်ကြည့်လိုက်လေသည်။ ထိုအခါ ရှာကျူးမှာ ဒေါသ အထွတ်အထိပ်သို့ ရောက်ရှိသွားပြီး လက်သီးဆုပ်ကာ ရွှီတာ့မောက်ဆီသို့ ပြေးဝင်သွားတော့သည်။
“ရွှီတာ့မောက်... မင်း ပါးစပ်က ဘာတွေ လျှောက်ပြောနေတာလဲ။ အရိုက်ခံချင်နေတာလား”
အခြေအနေများ ရှုပ်ထွေးကုန်တော့မည်ကို ယီကျုံးဟိုင် မြင်သောအခါ သူ၏ ရေနွေးကြမ်းခွက်ကို စားပွဲပေါ်သို့ ခပ်ပြင်းပြင်း ဆောင့်ချလိုက်လေသည်။
“တော်ကြတော့။ မင်းတို့နှစ်ယောက်စလုံး တိတ်တိတ်နေကြစမ်း။ အရေးကြီးကိစ္စ ပြောနေတာကိုကွာ”
ဘေးမှ လူများကလည်း ရှာကျူးကို အမြန်ဆွဲထားလိုက် ကြသည်။ သို့တိုင်အောင် ရှာကျူးက မကျေမချမ်းဖြင့် ရွှီတာ့မောက်ကို လက်ညှိုးထိုးကာ ကြိမ်းဝါးနေသေးသည်။
“ကောင်လေး... မင်း စောင့်နေလိုက်။ ဒီကိစ္စက မပြီးသေးဘူး။ မင်း… ငါနဲ့ ပက်ပင်း မတိုးစေနဲ့။ တွေ့တာနဲ့ တွေ့တဲ့အခါ နေရာမှာတင် သေအောင် ရိုက်မယ်”
ယီကျုံးဟိုင်က ရှာကျူးကို အလျင်အမြန် တားမြစ်လိုက်သည်။
“ကဲပါ ကျူးဇီရာ... မနှောင့်ယှက်ပါနဲ့တော့။ အလှူငွေ ကောက်ဖို့ အစည်းအဝေး လုပ်နေတာပါ”
ယနေ့ အစည်းအဝေး၏ အဓိက ရည်ရွယ်ချက်မှာ လူတိုင်းကို ကျားမိသားစုအတွက် အလှူငွေ ထည့်ဝင်စေရန် ဖြစ်သည်။ ယခုအခါ ရွှီတာ့မောက်ကလည်း ငွေလှူပြီးသွားပြီ ဖြစ်ရာ ရှာကျူးလို စိတ်မြန်လက်မြန် ကောင်မျိုးကြောင့် ကိစ္စများ ရှုပ်ထွေးသွားမည်ကို ယီကျုံးဟိုင် အလိုမရှိပေ။
ရှာကျူးက ရွှီတာ့မောက်ကို ဒေါသတကြီး စိုက်ကြည့်လိုက်ပြီးနောက် အိတ်ကပ်ထဲမှ ယွမ် နှစ်ဆယ် ထုတ်ကာ စားပွဲပေါ်သို့ တင်လိုက်ရင်း အသံကျယ်ကျယ်ဖြင့် ပြောလိုက်လေသည်။
“ပထမဦးလေး... ကျွန်တော်က တချို့လူတွေလို ကပ်စေး မနှဲဘူး။ ဒီနေ့ ကျွန်တော် ယွမ် နှစ်ဆယ် လှူမယ်”
ယွမ်နှစ်ဆယ်…
ထိုပမာဏကြောင့် အခြားလူများမှာ လျှာလေး သပ်သွားကြပြီး သူတို့၏ အကြည့်များမှာလည်း အနည်းငယ် ထူးဆန်းသွားကြသည်။ ကျားတုန်းရွှီနှင့် ကျားကျန်းရှစ်တို့ကမူ ဝမ်းသာလုံး ဆို့သွားကြပြီး အားလုံးသာ ရှာကျူးကဲ့သို့ ရက်ရက်ရောရော လှူဒါန်းကြမည် ဆိုလျှင် ယနေ့ သူတို့အိမ်အတွက် အနည်းဆုံး ယွမ် ရာချီ၍ ရနိုင်သည်ဟု စိတ်ထဲတွင် တွက်ဆ လိုက်ကြလေသည်။
သို့သော် ရွှီတာ့မောက်က ချက်ချင်းပင် လက်စားချေလိုက် ပြန်သည်။
“ချီး... ဘာပဲဖြစ်ဖြစ် မင်းက မိန်းမရမှာမှ မဟုတ်တာ။ မင်းရဲ့ လစာတွေ အကုန်လုံး ထုတ်ပြီး သူများမိန်းမကိုပဲ ပေးလိုက်ပါတော့လား”
ပရိသတ်ကြီးမှာ ထပ်မံ၍ ဝေါခနဲ ရယ်မောလိုက်ကြ ပြန်သည်။ ချင်ဟွိုင်ရူ၏ မျက်နှာမှာ ချက်ချင်းပင် နီရဲသွားပြီး ကျားတုန်းရွှီမှာမူ ရွှီတာ့မောက်ကို ပြဿနာရှာချင် စိတ်များ တဖွားဖွား ပေါ်ပေါက်လာလေတော့သည်။
“မင်းက ဒီနေ့ အသားယားနေတာမလား”
ရှာကျူးက ဒေါသတကြီးဖြင့် ထပ်မံ ကိုယ်ထိလက်ရောက် ကျူးလွန်ရန် ဟန်ပြင်လိုက်သည်။ ယီကျုံးဟိုင်က အမြန်အော်ဟစ်လိုက်ရ ပြန်သည်။
“ကဲပါ... တော်ကြပါတော့။ မင်းတို့နှစ်ယောက် ရန်ဖြစ်ချင်ရင် အစည်းအဝေးပြီးမှ အပြင်မှာ သွားဖြစ်ကြ။ အရေးကြီးကိစ္စကို လာမနှောင့်ယှက်ကြနဲ့”
ရှာကျူးလည်း ဘာမှ ဆက်လုပ်၍ မရတော့ဘဲ ရွှီတာ့မောက်ကို လက်ညှိုးထိုးကာ အံကြိတ်ပြောလိုက်သည်။
“ကောင်လေး... သတ္တိရှိရင် အစည်းအဝေးပြီးရင် မပြေးနဲ့။ ငါတို့ အပြင်မှာ တစ်ယောက်ချင်း ချမယ်”
ရွှီတာ့မောက်က ထိုမျှလောက် မတုံးအပေ။ သူက ရှာကျူး၏ ခွန်အားကို မယှဉ်နိုင်မည်မှန်း သိထားသောကြောင့် မျက်နှာကို တစ်ဖက်သို့လွှဲကာ လျစ်လျူရှုထား လိုက်လေသည်။ ယီကျုံးဟိုင်က စကားလမ်းကြောင်းကို အမြန်ဆွဲလှည့် လိုက်သည်။
“ကဲပါ... အားလုံး မဆူကြနဲ့တော့။ အလှူငွေ ဆက်ကောက်မယ်”
သို့ရာတွင် အခြားသူများမှာ ဘေးမှ ရပ်ကြည့်နေကြရုံသာ ရှိပြီး ကိုယ်တိုင်လှုပ်ရှားသူ ဟူ၍ သိပ်မရှိချေ။
စဉ်းစားကြည့်လျှင်လည်း ဤခေတ် ဤအခါမျိုးတွင် မည်သည့် အိမ်ထောင်စုကမျှ အခက်အခဲ မရှိဘဲ မနေကြပေ။ မည်သူ့ ပိုက်ဆံကမျှ လေတိုက်၍ လွင့်လာခြင်း မဟုတ်ရာ မည်သူက အကြောင်းမဲ့သက်သက် သူတစ်ပါးကို ငွေထုတ်ပေးချင်ပါမည်နည်း။ ထို့ပြင် လှူရမည့် သူများမှာ ခြံဝင်းထဲ၌ လူချစ်လူခင် အလွန်နည်းပါးသော ကျားမိသားစု ဖြစ်နေသေးသည်။ အားလုံးက စိတ်ထဲတွင် မလိုလားကြသော်လည်း မည်သူကမျှ ထုတ်ဖော်၍ မပြောရဲကြပေ။
ယီကျုံးဟိုင်၏ အကြည့်များက လူအုပ်ကို တစ်ပတ်ဝေ့ဝဲ သွားပြီးနောက် ယန်ချုံးထံသို့ တိုက်ရိုက် စိုက်ဆင်းသွားလေသည်။
“ဟို... ယန်ချုံး မင်းက အခု အလုပ်အကိုင် ရှိတဲ့လူ ဖြစ်နေပြီဆိုတော့ ဒုက္ခရောက်နေတဲ့ အိမ်နီးနားချင်းကို ကူညီဖို့ မေတ္တာ စေတနာလေး ပြသသင့်တယ် မဟုတ်ဘူးလား”
ယွီရှို့မှာ သူတို့နာမည်ကို တိုက်ရိုက် ခေါ်လိုက်သည်အား ကြားလိုက်ရသောအခါ ယန်ချုံးကို ကမန်းကတန်း လှမ်းကြည့်လိုက်လေသည်။ အခြားလူများကလည်း ယန်ချုံးကို စိုက်ကြည့်နေကြပြီး သူ မည်သို့တုံ့ပြန်မည်အား သိချင်နေကြသည်။
ယခုအခါ ယန်မိသားစု၏ လက်ရှိ အခြေအနေမှာ မိုးနှင့် မြေကဲ့သို့ ပြောင်းလဲသွားခဲ့ချေပြီ။ ယခင်က ကုန်ထမ်း အလုပ်လုပ်ကာ တစ်နပ်စား တစ်နပ်ရှာ ဘဝဖြင့် ရပ်တည်ခဲ့ရသော်လည်း ယခုအခါ လင်မယား နှစ်ယောက်စလုံး နိုင်ငံပိုင် စက်ရုံသို့ ဝင်ရောက် သွားကြသဖြင့် တစ်ခြံလုံးတွင် အခြေအနေ အကောင်းဆုံး မိသားစုအဖြစ်သို့ ချက်ချင်းဆိုသလို ရောက်ရှိသွားခဲ့သည်။
ထို့ကြောင့် အားလုံးက သူ ငွေကြေး ပြည့်စုံလာပြီးနောက် အလှူငွေထည့်မလား ဆိုသည်ကို စိတ်ဝင်တစား စောင့်ကြည့်နေကြခြင်းဖြစ်သည်။ ထိုမျှသာမက သူနှင့် အမြဲတမ်း အဆင်မပြေဖြစ်လေ့ ရှိသော ကျားမိသားစုအား လှူမလား ဆိုသည်ကိုပါ သိချင်နေကြသည်။ အထူးသဖြင့် ယီကျုံးဟိုင်ကို ဆန့်ကျင်ပြီး ပုန်ကန်ရဲမည့် ခေါင်းဆောင်တစ်ယောက် ဖြစ်လာမည်လား ဆိုသည်ကို ပို၍ပင် စိတ်ဝင်စားနေကြလေသည်။
လူအများက ဝိုင်းဝန်းစိုက်ကြည့် နေကြစဉ် ယန်ချုံးက ခပ်ဖျော့ဖျော့ ပြုံးလိုက်ကာ ပြန်လည်ဖြေကြား လိုက်သည်။
“ပထမဦးလေးရယ် ခင်ဗျားပြောမှပဲ... ကျွန်တော့်မှာ အလုပ်ရှိနေတာကို မပြောနဲ့ဦး။ အလုပ်မရှိဘဲ ကုန်ထမ်းနေရရင်တောင်မှ သူတစ်ပါးကို ကူညီပြီး မေတ္တာ စေတနာပြဖို့ ဆိုတာက လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စပါ”
ထိုစကားကြောင့် အားလုံး ကြက်သေ သေသွားကြပြီး သူတို့နားကိုပင် သူတို့ မယုံနိုင်အောင် ဖြစ်သွားကြလေသည်။
အထူးသဖြင့် ယွီရှို့ပင်။ သူမသည် ယန်ချုံးကို အံ့သြတကြီး ကြည့်ကာ စိုးရိမ်တကြီးဖြင့် သူ၏ အင်္ကျီလက်ကို အတင်း ဆွဲလိုက်မိသည်။
ယီကျုံးဟိုင်ပင်လျှင် အံ့အားသင့်သွားရသည်။ ယန်ချုံးက ဤမျှ လွယ်ကူစွာ သဘောတူလိမ့်မည်ဟု သူ လုံးဝမျှော်လင့် မထားခဲ့ပေ။ ကြည့်ရသည်မှာ လူပုံအလယ်တွင် အကြပ်ကိုင်သည့် သူ၏ အကွက်က အလုပ်ဖြစ်သွားပုံ ရလေသည်။ ထို့ကြောင့် သူ၏ မျက်နှာပေါ်တွင် ကျေနပ်သော အပြုံးတစ်ခု ပေါ်လာကာ ဆက်မေးလိုက်သည်။
“ဒါဆို မင်းက ဒီနေ့ ဘယ်လောက်လှူဖို့ စဉ်းစားထားလဲ။ အခုဆို မင်းတို့အိမ်က လူနှစ်ယောက်စလုံး သံမဏိစက်ရုံမှာ အလုပ်လုပ်နေကြပြီပဲလေ”