အခန်း ၄၆
Vol. 5 Ch. 46
အခန်း (၄၆) - အိမ်ထောင်စု သုံးစု အလှူငွေကို တူညီစွာ ခွဲဝေခြင်း
လူအများ၏ အာရုံစိုက်မှု အဝဝသည် ယန်ချုံးထံသို့ စုပြုံကျရောက် နေလေ၏။
ယန်ချုံးက ပြုံးလိုက်ပြီးလျှင် ဆိုလေသည်။
“ကျွန်တော် ဘယ်လောက်လှူမလဲဆိုတာ မပြောခင် အရင်ဆုံး ပြောချင်တာလေး တစ်ခု ရှိတယ်။ ပထမအဘိုးကြီး... ဒီခြံဝင်း တစ်ခုလုံးရဲ့ အစည်းအဝေးက အခက်အခဲ ဖြစ်နေတဲ့ မိသားစုတွေကို ကူညီဖို့ဆိုရင် ကျွန်တော်တို့ ခြံဝင်းထဲမှာ ကျားမိသားစုထက် ပိုပြီး အခက်အခဲ ဖြစ်နေတဲ့ အိမ်တွေ အများကြီး ရှိသေးတယ်လို့ ကျွန်တော်ထင်တယ်”
“ဥပမာ ဝမ်ကျိကော် တို့အိမ်ဆိုရင် သူတို့လင်မယား နှစ်ယောက်စလုံးက မြို့နေ အိမ်ထောင်စု စာရင်းဝင်တွေ မဟုတ်ဘူး… ရိက္ခာခွဲတမ်းလည်း မရဘူး။ မှောင်ခိုဈေးမှာ ဈေးကြီးပေးပြီး ဆန်ဝယ် စားရတဲ့အပြင် ရပ်ကွက်ရုံးကိုလည်း တစ်လ ၅ ယွမ် အိမ်လခ ပေးနေရသေးတယ်။ ကျွန်တော့်အထင်တော့ သူတို့အိမ်က ကျားမိသားစုထက် ပိုခက်ခဲတယ်…. အလှူငွေ ပိုလိုအပ်တယ်”
“အဲဒီလိုပါပဲ… အရှေ့ဘက်ခြံဝင်းက ဦးလေးလီ တို့အိမ်ဆိုရင် သူတို့က မြို့နေ အိမ်ထောင်စု စာရင်းဝင်ဆိုပေမဲ့ အိမ်မှာ နိုင်ငံတော်ပိုင် စက်ရုံမှာ အလုပ်လုပ်တဲ့သူ တစ်ယောက်မှ မရှိဘူး။ ပြီးတော့ အဒေါ်လီကလည်း တစ်နှစ်ပတ်လုံး ဖျားနာနေတာ။ မိသားစု ခြောက်ယောက်စလုံးက ဦးလေးလီ ကျပန်းအလုပ်လုပ်လို့ ရတဲ့ ပိုက်ဆံလေးနဲ့ ရပ်တည်နေရတာ။ သူတို့ကလည်း ကျားမိသားစုထက် ပိုခက်ခဲကြတယ်”
“ဒါကြောင့် ဒီနေ့ အလှူငွေ ကောက်မယ်ဆိုရင် ပိုပြီး အခက်အခဲ ဖြစ်နေတဲ့ မိသားစုတွေကိုပဲ လှူသင့်တယ်လို့ ကျွန်တော် ထင်တယ်။ ပထမအဘိုးကြီးရော ဘယ်လိုထင်လဲ”
ယန်ချုံးက အသံကို နှိမ့်ကာ တည်တည်ငြိမ်ငြိမ်ပင် ဆိုလိုက်သော်လည်း ထိုစကားရပ်သည် ခြံဝင်း တစ်ခုလုံးအား မိုးကြိုးပစ်ချလိုက်သည့် အလား ရုတ်ရုတ်သဲသဲ ဖြစ်သွားစေခဲ့သည်။ လူအုပ်ကြီးထံမှ ဆွေးနွေးသံများ ချက်ချင်းပင် ထွက်ပေါ်လာတော့သည်။
“ဟုတ်တယ်လေ ဒီခြံဝင်းထဲမှာ အခက်အခဲ ဖြစ်နေတာ ကျားမိသားစု တစ်ခုတည်းမှ မဟုတ်တာ။ သူတို့အိမ်က အခက်ခဲဆုံးလည်း မဟုတ်ဘဲနဲ့ ဘာလို့ သူတို့အိမ်ကိုပဲ အလှူငွေ ကောက်ပေးရမှာလဲ”
“ဟုတ်ပါ့… ငါတို့ ဘာလို့ အဲဒါကို မစဉ်းစားမိပါလိမ့်။ ယန်ချုံးပြောတာ သဘာဝကျတယ်။ အလှူငွေ ကောက်မယ်ဆိုရင် ဝမ်မိသားစုနဲ့ လီမိသားစုကို လှူသင့်တာ… ကျားမိသားစုကို မဟုတ်ဘူး”
“ဒါပေါ့… ကျားမိသားစုမှာ လူငါးယောက်ရှိတယ် ဆိုပေမဲ့ လူကြီး သုံးယောက်နဲ့ ကလေး နှစ်ယောက်လေ။ ကျားတုန်းရွှီက တစ်လကို လစာ ၃၀၊ ၄၀ လောက်ရနေတာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် စားဝတ်နေရေးတော့ လောက်ငသင့်တာပေါ့။ ဒါက ကျားကျန်းရှစ်က ပျင်းလည်း ပျင်း အစားလည်း မက်လို့လေ။ ပြီးတော့ ဟို ပန့်ကန့်ဆိုတဲ့ ကလေးကလည်း နေ့တိုင်း အသားစားချင်နေတာ။ ကျွန်တော်တို့က သူတို့ကို အသားဝယ်ကျွေးဖို့ အလှူငွေ ထည့်ပေးရမှာလား”
“ဟုတ်တယ်… ဘယ်သူ့ ပိုက်ဆံမှ လေတိုက်လို့ လွင့်လာတာ မဟုတ်ဘူး။ ဘာကိစ္စနဲ့ ငါတို့က မစားရက်၊ မသောက်ရက် ချွေတာစုဆောင်း ထားတဲ့ ပိုက်ဆံတွေကို သူတို့ အသားစားဖို့ လှူရမှာလဲ”
“ပြောတာ မှန်တယ်။ ပထမအဘိုးကြီးက ကျားမိသားစုဘက်ကို အရမ်း ဘက်လိုက်လွန်းတယ်”
ထိုတီးတိုး ဆွေးနွေးသံများသည် အစပိုင်းတွင် မပီဝဲတဝဲသာ ဖြစ်သော်လည်း တဖြည်းဖြည်းနှင့် ကျယ်လောင်လာကာ နောက်ဆုံးတွင်မူ မည်သူ့ကိုမျှ ဂရုမစိုက်တော့ဘဲ အသံကုန်ဖွင့်ကာ ဝေဖန်ပြောဆို လာကြလေတော့သည်။
ကျားမိသားစုဝင်များ၏ မျက်နှာများသည်လည်း ချက်ချင်းပင် ပျက်ယွင်းသွားခဲ့၏။ သူတို့လက်တွင်းသို့ ရောက်လုနီးပါးဖြစ်နေသော ငွေကြေးများသည် ယန်ချုံး၏ စကားတစ်ခွန်းကြောင့် လွင့်စင်ပျောက်ကွယ် သွားလိမ့်မည်ဟု သူတို့ အိပ်မက်ပင် မမက်ဖူးခဲ့ချေ။
ယီကျုံးဟိုင်၏ မျက်နှာထားမှာမူ စောစောက ဂုဏ်ယူဝင့်ကြွားနေသည့် အသွင်မှနေ၍ ချက်ချင်းပင် ဝက်အသည်းရောင်ကဲ့သို့ နီရဲတက်လာတော့သည်။ အစက ယန်ချုံး အနေဖြင့် အလှူငွေ ထည့်ရန် သေချာပေါက် ငြင်းဆန်လိမ့်မည်။ ထိုအခါ သူ့အား လူကြီးကို မရိုသေ၊ လူငယ်ကို မညှာတာသော ကရုဏာတရား ကင်းမဲ့သူအဖြစ် ခေါင်းစဉ်တပ်ကာ အပြစ်ဖို့မည်ဟု သူ ကြံစည်ထားခဲ့ခြင်း ဖြစ်သည်။ သို့သော် ယန်ချုံးက အလှူငွေထည့်ရန် သဘောတူလိုက်ပြီးမှ လှူရမည့်သူကို အခြားသူများထံသို့ လွှဲပြောင်းပစ်လိုက်လိမ့်မည်ဟု မည်သူက ထင်မှတ်ထားခဲ့မည်နည်း။
သူ အလွန်တရာ နောင်တရလာမိ၏။ စောစောက ယန်ချုံး၏ နာမည်ကို တမင်တကာ မခေါ်ခဲ့သင့်ဟု တွေးမိနေသည်။ မူလက သူ့အား အကျပ်ကိုင်ရန် ရည်ရွယ်ထားခဲ့သော်လည်း ယခုမူ ပြောင်းပြန် အချေပခံလိုက်ရကာ သူကိုယ်တိုင်ပင် ထွက်ပေါက်ပိတ် သွားလိမ့်မည်ဟု မျှော်လင့် မထားခဲ့မိချေ။
သို့သော် ယခုမှ နောင်တရနေ၍လည်း အချိန်နှောင်းသွားခဲ့ပြီ ဖြစ်သည်။ လူအများ စောင့်ကြည့်နေသည့် အရှေ့တွင် ပြောပြီးသား စကားကို ရုပ်သိမ်း၍လည်း မရနိုင်တော့။ ယီကျုံးဟိုင်သည် သူ၏ ဩဇာအာဏာမှာ ယခင်က မကြုံဖူးသော စိန်ခေါ်မှုကြီး တစ်ခုနှင့် ရင်ဆိုင်လိုက်ရပြီ ဖြစ်ကြောင်း ခံစားလိုက်ရသည်။ သူ ချက်ချင်း ဆုံးဖြတ်ချက်ချမှသာ ဖြစ်မည်။ သို့မဟုတ်ပါက ဘေးတွင်ရှိနေသော လျိုဟိုင်ကျုံးက အခွင့်ကောင်းယူ၍ ဝင်ပါလာပေလိမ့်မည်။
ဤသို့ တွေးတောမိသည်နှင့် ယီကျုံးဟိုင်သည် သူ၏ မျက်နှာထက်တွင် ဖော်ရွေသော အပြုံးတစ်ခုကို အတင်းအကျပ် ဖန်တီးလိုက်ကာ လက်ကို အောက်စိုက်၍ ငြိမ်သက်ကြရန် အချက်ပြရင်း ဆိုလိုက်လေသည်။
“အားလုံးပဲ တိတ်တိတ် နေကြပါဦး။ ယန်ချုံး ပြောတာ သဘာဝကျပါတယ်။ ကျွန်တော်တို့ ခြံဝင်းထဲမှာ အခက်အခဲ ဖြစ်နေတာ ကျားမိသားစု တစ်ခုတည်းတော့ မဟုတ်ပါဘူး။ မူလက ကျွန်တော်က တစ်အိမ်ချင်းစီ အလှည့်ကျလုပ်သွားဖို့ စဉ်းစားထားတာပါ။ ဒါပေမဲ့ ယန်ချုံးကလည်း ထောက်ပြလာပြီ ဆိုတော့ အတူတူပဲ လုပ်လိုက်ကြတာပေါ့။ ဒီနေ့ရတဲ့ အလှူငွေတွေကို ဒီအိမ်သုံးအိမ်လုံး ရခွင့်ရှိပါတယ်။ သူတို့သုံးအိမ်ကို တူညီစွာ ခွဲဝေ ပေးလိုက်မယ်။ အားလုံး ဘယ်လိုသဘောရလဲ”
ထိုစကားကို ကြားကြားချင်းပင် ကျားကျန်းရှစ်မှာ ပြာယာခတ်သွားကာ အော်ဟစ်လေတော့သည်။
“အလိုလေး လောင်ယီရယ်… ငါတို့မိသားစု တစ်ခုတည်းကိုပဲ အလှူငွေ ကောက်ပေးမယ်လို့ သဘောတူထားတာလေ။ ဘယ်လိုလုပ် အိမ်သုံးအိမ် ဖြစ်သွားရတာလဲ။ မရဘူး… ငါ သဘောမတူဘူး”
ယီကျုံးဟိုင်မှာ အတော်လေး ဒေါသထွက်သွားရ၏။
‘ဒီဝက်မကြီး… တကယ့်ကို ဝက်လို ဉာဏ်ပဲ။ အခု အခြေအနေကို မမြင်ဘူးလား။ ငါသာ စကား မပြောင်းလိုက်ရင် နင် တစ်ပြားလေးတောင် အိမ်ပြန်ယူသွားလို့ ရမှာ မို့လို့လား’
ထိုကဲ့သို့ စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။
ထို့နောက် သူက ကျားတုန်းရွှီကို အမြန်လှမ်းကြည့် လိုက်သည်။ ကျားတုန်းရွှီမှာ အနည်းငယ် ဉာဏ်ပြေးသူဖြစ်ရာ သူ့အမေအား အမြန်လှမ်းတား လိုက်သည်။
“အမေ… ဘာမှဆက် မပြောပါနဲ့တော့။ ကျွန်တော့်ဆရာ ပြောတာ မှန်ပါတယ်။ ခြံဝင်းထဲမှာ အခက်အခဲ ဖြစ်နေတာ ကျွန်တော်တို့ တစ်အိမ်တည်းမှ မဟုတ်တာ။ အလှူငွေကို အားလုံး ရသင့်ပါတယ်”
ကျားကျန်းရှစ်မှာ ဒေါသတကြီးဖြင့် ခြေဆောင့်ကာ အိမ်ထဲသို့ ဝင်သွားလေတော့သည်။ ယီကျုံးဟိုင်က ယန်ချုံးကို စိုက်ကြည့်လိုက်၏။ ဤအချိန်တွင် သူ၏ ရင်တွင်း၌ ယန်ချုံးအား သေမတတ် မုန်းတီးနေပြီ ဖြစ်သည်။
“ယန်ချုံး… ဒါဆို မင်း ဒီနေ့ တကယ် ဘယ်လောက် လှူဖို့ စဉ်းစားထားလဲ”
ယီကျုံးဟိုင်က လှမ်းမေးလိုက်သည်။
ယန်ချုံးက အေးအေးလူလူပင် ဆက်ပြောလေသည်။
“ပထမအဘိုးကြီး… ကျွန်တော်တို့က လင်မယား နှစ်ယောက်စလုံး အလုပ်လုပ်တဲ့ အိမ်ထောင်စုလို့ ဆိုပေမဲ့ ကျွန်တော်နဲ့ ရှို့အာတို့ စက်ရုံထဲ အလုပ်ဝင်တာ ရက်ပိုင်းပဲ ရှိသေးတယ်ဆိုတာ အားလုံးအသိပါ။ လစာတောင် တစ်ခါမှ မထုတ်ရသေးပါဘူး။ ဒါကြောင့် အလှူငွေအတွက် ပိုက်ဆံ အများကြီးတော့ မထုတ်နိုင်ပါဘူး”
“ရှေ့က လှည်းကို နောက်က လှည်းက လိုက်ရသလိုပဲ။ ကျွန်တော်တို့ ခြံဝင်းထဲမှာ ရာထူး အဆင့်အတန်းနဲ့ အသက်အရွယ်ကို လေးစားရပါတယ်။ ခြံဝင်းထဲမှာ အဘိုးကြီး သုံးယောက်က အကြီးဆုံးဆိုတာ လူတိုင်းသိတယ်။ ဒါကြောင့် ကျွန်တော်တို့က ခင်ဗျားတို့ရဲ့ အနောက်မှာပဲ နေရမယ်။ အလှူငွေ ထည့်တဲ့နေရာမှာလည်း ချွင်းချက် မရှိဘူးလေ။ အဘိုးကြီး သုံးယောက်ထက် ကျော်ပြီး မလှူသင့်ပါဘူး”
“ဒီလို လုပ်ကြတာပေါ့။ တတိယအဘိုးကြီးက ၅ ယွမ် လှူတယ် ဆိုတော့ ကျွန်တော်လည်း တာမောက် အစ်ကိုလိုပဲ အမြင့်ဆုံး ပမာဏအဖြစ် ၅ ယွမ်ပဲ လှူလိုက်ပါမယ်”
ထိုသို့ ပြောပြောဆိုဆိုနှင့်ပင် အိတ်ကပ်ထဲမှ ငွေ ၅ ယွမ်အား ထုတ်ယူကာ ယီကျုံးဟိုင်ရှေ့ရှိ စားပွဲပေါ်သို့ တင်ပေးလိုက်လေသည်။
ယီကျုံးဟိုင်မှာ ဒေါသထွက်လွန်းသဖြင့် မည်သို့ တုံ့ပြန်ရမည်ကိုပင် မသိတော့ချေ။ ယန်ချုံး၏ စကားများမှာ အပြစ်ရှာစရာ တစ်ကွက်မျှ မရှိပေ။ သူက အဘိုးကြီး သုံးယောက်အား အရင်ဆုံး အထက်သို့တင်ကာ လေးစားမှု ပြသခဲ့သည်။ ထို့နောက်မှ အနည်းဆုံး လှူထားသည့် ယန်ပုကွေ့၏ ၅ ယွမ်ကို အကြောင်းပြချက် အဖြစ် အသုံးချသွားခြင်း ဖြစ်သည်။ ယီကျုံးဟိုင်နှင့် လျိုဟိုင်ကျုံးတို့ လှူထားသော ယွမ် ၃၀ ကိုမူ လုံးဝပင် ဂရုမစိုက်ဘဲ ကျော်ချသွားခဲ့၏။
ယီကျုံးဟိုင်မှာ ဒေါသအဟုန်ကြောင့် မျက်နှာများပင် နီရဲလာသော်လည်း မည်သို့မျှ မတတ်နိုင်သဖြင့် မျက်နှာလွှဲကာ ယန်ပုကွေ့ကိုသာ ဒေါသတကြီး စိုက်ကြည့်နေမိတော့သည်။ စိတ်ထဲမှလည်း အပြစ်တင်နေတော့၏။
‘ဒီ ကပ်စေးနှဲအိုးကြီး ယန်ပုကွေ့ကြောင့်သာ မဟုတ်ရင် ယန်ချုံးက ၅ ယွမ်တည်း လှူပါ့မလား’
ယန်ပုကွေ့မှာလည်း မိမိအမှားကို သိရှိနေသဖြင့် အနေခက်စွာဖြင့်သာ ခေါင်းငုံ့ထားကာ ယီကျုံးဟိုင်အား မျက်နှာချင်း မဆိုင်ရဲတော့ချေ။ ဘေးတွင် ထိုင်နေသော နားမကြားသည့် အဘွားအိုက ယီကျုံးဟိုင်အား ကြည့်၍ ခေါင်းခါယမ်းလိုက်ကာ သက်ပြင်းချရင်း ဆိုလေသည်။
“ကျူးဇီ… အဘွားကို ကျောပိုးပြီး အိမ်ပြန်ပို့ပေးပါတော့”
ယန်ချုံး၏ ရှေ့ဆောင်လုပ်ရပ်ကြောင့် နောက်လူများအတွက်လည်း ဆင်ခြေပေးစရာ အကြောင်းပြချက် ရသွားလေတော့သည်။ ထို့ကြောင့် တစ်ယောက်က ၁ ယွမ် လှူလျှင် နောက်တစ်ယောက်က ၅ မော် လှူကြကာ ၁ မော် ပြား ၁၀ လှူသူများပင် ပါဝင်လာခဲ့သည်။ အရှေ့ဘက်ခြံဝင်းမှ အဒေါ်ဝမ်ဆိုလျှင် အိမ်ထဲမှ မုန်လာဥဖြူကြီး နှစ်လုံးကို သွားယူလာပြီးလျှင် ဆိုသေး၏။
“ငါတို့အိမ်ကလည်း မချောင်လည်ဘူးလေ။ ဒါကြောင့် မုန်လာဥဖြူကြီး နှစ်လုံးပဲ လှူလိုက်မယ်”
ကျားတုန်းရွှီမှာ ဒေါသထွက်လွန်းသဖြင့် နှာခေါင်းများပင် ရွဲ့စောင်းသွားမတတ် ဖြစ်နေရသည်။
‘ငါတို့အိမ်က ခင်ဗျားရဲ့ မုန်လာဥဖြူ နှစ်လုံးကို လိုချင်နေတာလား။ ငါ့သား ပန့်ကန့် စားချင်တာက အသားဟ’
ထိုကဲ့သို့ စိတ်အတွင်းမှ အော်ဟစ်နေမိသည်။ သို့တိုင်အောင် အပြင်ပန်းတွင်မူ အပြုံးတုကြီးကို တပ်ဆင်ကာ ကျေးဇူးတင်နေသည့်ဟန် ဆောင်ပြနေရ ရှာသည်။
ခြံဝင်းထဲမှ အိမ်များ အလှည့်ကျ အလှူငွေထည့် ပြီးသွားသောအခါ အဘိုးကြီး သုံးယောက် စုပေါင်း၍ စာရင်းရှင်းလိုက်ရာ စုစုပေါင်း အလှူငွေ ၁၀၃ ယွမ်နှင့် ၂ မော် ရရှိလေသည်။
ထိုအထဲတွင် အများဆုံး ထည့်သူများ ဖြစ်ကြသော ယီကျုံးဟိုင်နှင့် လျိုဟိုင်ကျုံးတို့က ယွမ် ၃၀ စီ ရှာကျူးက ယွမ် ၂၀ လှူဒါန်းခဲ့သည်။ ထို့အပြင် ရွှီတာ့မောက်၊ ယန်ပုကွေ့နှင့် ယန်ချုံးတို့က ၅ ယွမ်စီ လှူခဲ့ကြသဖြင့် ထိုငွေများ ပေါင်းလိုက်လျှင်ပင် ၉၅ ယွမ် ပြည့်သွားခဲ့ပြီ ဖြစ်သည်။ ဆိုလိုသည်မှာ ကျန်ရှိနေသော အိမ်ထောင်စု အစိတ်ခန့်ပေါင်းမှ ၈ ယွမ်နှင့် ၂ မော်သာ လှူဒါန်းကြခြင်း ဖြစ်သည်။
အစောပိုင်းက ယီကျုံးဟိုင်က ကျားတုန်းရွှီအား မျှော်လင့်ချက် ပေးထားခဲ့သည့် ယွမ် ၂၀၀ ကျော်ဆိုသော ပမာဏနှင့် နှိုင်းယှဉ်လျှင် ကွာဟချက်မှာ အလွန်တရာ ကြီးမားသွားခဲ့ချေပြီ။ ဤအရာသည် ယေဘုယျအားဖြင့် ထိုကောင်လေး ယန်ချုံး ပြုစားသွားသည့် လက်ချက်များ ဆိုသည်ကို သံသယဝင်စရာပင် မလိုတော့ပေ။
ယီကျုံးဟိုင် တစ်ယောက် သွားကြိတ်ကာ ဒေါသထွက်နေဆဲမှာပင် ယန်ချုံးက သတိပေး ခေါင်းလောင်းကို ထပ်မံတီးခတ်လိုက် ပြန်သည်။
“ပထမအဘိုးကြီး… ဒီ ၁၀၃ ယွမ်နဲ့ ၂ မော်ကို အိမ်သုံးအိမ် ခွဲမယ်ဆိုရင် တစ်အိမ်ကို ဘယ်လောက်စီ ရမလဲ”
‘အိမ်သုံးအိမ်တောင် ထပ်ခွဲရဦးမည်’ ဟူသော အတွေးကြောင့် ယီကျုံးဟိုင်၏ မျက်နှာကြီးမှာ ထပ်မံ၍ ရှုံ့မဲ့သွားရ ပြန်သည်။ မူလတန်း ကျောင်းဆရာဖြစ်သော ယန်ပုကွေ့၏ သင်္ချာစွမ်းရည်က ကောင်းမွန်နေသဖြင့် ချက်ချင်းပင် အဖြေထုတ်ပေး လိုက်လေ၏။
“တစ်အိမ်ကို ၃၄ ယွမ်နဲ့ ၄ မော်စီ ရမှာပေါ့”
ထိုသို့ အဖြေပေးပြီးသည်နှင့် တစ်ပြိုင်နက် ယီကျုံးဟိုင်၏ မုန်းတီးရွံရှာနေသော အကြည့်စူးစူးကို ယန်ပုကွေ့ မြင်တွေ့လိုက်ရလေတော့သည်။