အခန်း ၄၇
Vol. 5 Ch. 47
အခန်း (၄၇) - သူခိုးဝိဇ္ဇာကို ပျိုးထောင်ခြင်း
ယီကျုံးဟိုင် တစ်ယောက် တစ်ညလုံးလုံး အလုပ်တွေ ရှုပ်ပြီးသွားသည့်တိုင် ကျားမိသားစုအတွက် အလှူငွေ ၃၄ ယွမ်သာ ကောက်ခံ ရရှိခဲ့လေသည်။ ဆိုဖွယ်ရာ မရှိတော့ပြီ။ ထိုသူနှစ်ဦးစလုံး၏ မျက်နှာများမှာ ညှိုးငယ်အုံ့မှိုင်းလျက် ရှိကြသည်။
သူတို့နှင့် ယှဉ်လျှင် မမျှော်လင့်ဘဲ လာဘ်ပွင့်သွားကြသည့် ဝမ်ကျိကော်နှင့် လီတာ့ပေါ်တို့ မိသားစု နှစ်စုမှာမူ မျက်နှာပန်းပွင့်ကာ ဝမ်းသာအားရ ဖြစ်နေကြတော့သည်။ အလကား ရလိုက်သော အလှူငွေ ၃၀ ယွမ်ကျော် ဟူသည်မှာ ထိုမိသားစု နှစ်စု၏ နှစ်လ၊ သုံးလစာ အသုံးစရိတ်နှင့်ပင် ညီမျှ နေပေသည်။ ဤသည်မှာ ယန်ချုံး၏ ကျေးဇူးကြောင့် ဖြစ်ကြောင်း ထိုအိမ်ထောင်စု နှစ်ခုစလုံးက ကောင်းစွာသိကြသဖြင့် ယန်ချုံးအပေါ် အလွန်တရာ ကျေးဇူးတင်နေကြလေသည်။
တစ်ဖက်တွင်မူ ယီကျုံးဟိုင်နှင့် ကျားတုန်းရွှီတို့ နှစ်ယောက်က ယန်ချုံးကို အရိုးထဲကနေ စိမ့်ကာ နာကျည်းနေကြတော့သည်။
ကျားကျန်းရှစ်ကမူ အိမ်ထဲ၌ ဆဲရေးတိုင်းထွာနေပြီ ဖြစ်သည်။
“ဒီယီကျုံးဟိုင်က တကယ်ကို အသုံးမကျတဲ့လူပဲ။ အရင်ကတော့ စကားတွေ လေလုံးမိုးလုံးထွားပြီး ငါတို့မိသားစုအတွက် ၂၀၀ ကျော်လောက် ကောက်ပေးနိုင်ပါတယ်ဆို။ အခုကျတော့ ဘာလဲ... ဒီ ၃၀ ကျော်လေးနဲ့ သူတောင်းစားကို ပေးကမ်းနေတာ ကျနေတာပဲ”
ကျားတုန်းရွှီကလည်း ဒေါသတကြီးဖြင့် ပါဝင်ပြောဆို လိုက်သည်။
“ဒါတွေအားလုံး ယန်ချုံးကြောင့်ပဲ။ သူက ငါတို့မိသားစုကို သက်သက်မဲ့ လိုက်ရန်စနေတာ။ သူသာ မရှိရင် ဒီကိစ္စက အောင်မြင်သွားပြီ။ ဒီကောင် တကယ် ယုတ်မာလွန်းတယ်”
“ဒီကောင်စုတ်လေးက စိတ်ဓာတ် အရမ်း ယုတ်မာတာ။ နေ့တိုင်း ငါတို့ ကျားမိသားစုကို လိုက်နှိပ်စက်နေတာ။ မဖြစ်ဘူး... ဒီအုံကြွနေတဲ့ ဒေါသကို ဖြေဖျောက်ဖို့ နည်းလမ်းတစ်ခုခုတော့ ရှာမှရမယ်”
ကျားကျန်းရှစ်က အံကြိတ်ကာ ဆိုသည်။
ကျားတုန်းရွှီက စိတ်ပျက်လက်ပျက်ဖြင့် ပြောသည်။
“ဘယ်လိုလုပ် ကလဲ့စားချေမှာလဲ အမေရာ။ အဲဒီကောင်က ခွန်အား အရမ်းကြီးတာ… ကျုပ် လုံးဝ မယှဉ်နိုင်ဘူး”
“နင့်ကို သွားရန်ဖြစ် ခိုင်းလို့လား။ ရှာကျူးလို အရူးမျိုးမှ ရန်ဖြစ်တာကို အားကိုးတာ”
ထိုသို့ပြောရင်း တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် ဘေးတွင် အချိန် အတော်အတန်ကြာ တိတ်ဆိတ်နေသည့် ချင်ဟွိုင်ရူကို စူးစူးဝါးဝါး စိုက်ကြည့်လိုက်လေသည်။
“မပြောမိလို့ မေ့တော့မလို့။ ချင်ဟွိုင်ရူ... နင်ပြောစမ်း။ ရှာကျူးက နင့်အပေါ် ဘာလို့ အဲဒီလောက် ကောင်းနေရတာလဲ။ ထမင်းဘူးတွေ ပေးရုံတင် မကဘူး။ နင့်အတွက် အလှူငွေပါ ထည့်ပေးသေးတယ်။ နင်နဲ့ သူနဲ့ တစ်ခုခု ငြိစွန်းနေပြီး ငါတို့ ကျားမိသားစုကို ဂျိုတပ်ပေးနေတာများ မဟုတ်လား”
ချင်ဟွိုင်ရူ၏ မျက်ဝန်းများတွင် မျက်ရည်များ ဝဲတက်လာခဲ့သည်။
“အမေ... ဘာတွေ လျှောက်ပြောနေတာလဲ။ သမီးက အဲဒီလို မိန်းမမျိုးလား။ နောက်ပြီး အစတုန်းက ရှာကျူးဆီက ထမင်းဘူး သွားတောင်းဖို့ ပြောခဲ့တာ အမေကိုယ်တိုင်ပဲ မဟုတ်ဘူးလား။ အခု စားလည်းပြီးရော သမီးအပြစ် ဖြစ်ရပြန်ပြီလား”
ကျားကျန်းရှစ်က သူမအား မကျေမနပ် စိုက်ကြည့်လိုက်သည်။ ထိုစဉ် ကျားတုန်းရွှီက လက်သီးကို ရွယ်ကာ ခြိမ်းခြောက်လေသည်။
“ချင်ဟွိုင်ရူ... နင်က ပြန်ပြောဖို့တောင် တတ်နေပြီပေါ့။ အရိုက်ခံချင်နေတာလား”
ချင်ဟွိုင်ရူသည် ဘာမျှ ဆက်မပြောဝံ့တော့ဘဲ ခေါင်းငုံ့ကာ အိပ်မောကျနေသည့် ရှောင်တန်းကို ပွေ့ချီထားရင်း မျက်ရည်များသာ တဖြောက်ဖြောက် ကျဆင်းလာတော့သည်။
အပြင်တွင်သာ အသုံးမကျဘဲ အိမ်ရောက်မှ ဇနီးသည်ကို နှိပ်စက်တတ်သည့် ဤကဲ့သို့သော ယောက်ျားမျိုးနှင့် သူမ အဘယ်ကြောင့် ဖူးစာဆုံခဲ့ရပါလိမ့်ဟု ရင်ထဲတွင် ကြိတ်ကာ တွေးတောနေမိသည်။ ယန်ချုံးနှင့် ယှဉ်လျှင်မူ ကွာခြားချက်မှာ ကောင်းကင်နှင့် မြေကြီးပမာပင်။ ယန်ချုံးကမူ သူတောင်းစားမလေး တစ်ဦးကို ကောက်ရခဲ့သည် ဆိုသော်ငြား ရတနာတစ်ပါးပမာ တန်ဖိုးထား ဂရုစိုက်ရှာသည်။ နေ့စဉ်ရက်ဆက် အသားကျွေးရုံ သာမကဘဲ တစ်စုံတစ်ယောက်က ထိုအမျိုးသမီးကို လာရောက် အနိုင်ကျင့်လျှင် ခြံဝန်းထဲက ယီတာ့ယဲ့ကိုပင် မရှောင်ဘဲ ထိပ်တိုက် ရင်ဆိုင်ရဲပေသည်။
ဤမျှ ယောက်ျားပီသသောသူနှင့် သူမ အဘယ်ကြောင့် မဆုံတွေ့ခဲ့ရပါသနည်း။
ကံကောင်းသည်မှာ ယခုအချိန်၌ ကျားကျန်းရှစ်၏ စိတ်ထဲတွင် ယန်ချုံးကို မည်သို့ ကလဲ့စားချေရမည်ကိုသာ အာရုံရောက်နေသဖြင့် သူမကို သိပ်မဂရုစိုက်အားတော့ချေ။
“တုန်းရွှီ... အခုနက နင်ပြောတော့ သူတို့အိမ်ထဲဝင်တုန်းက ဒီညစားတဲ့ ယုန်သားတွေ မကုန်သေးဘူးဆို”
ကျားကျန်းရှစ်က မေးလိုက်သည်။
ကျားတုန်းရွှီက ခေါင်းညိတ်ကာ တံတွေးတစ်ချက် မြိုချလိုက်ရင်း ပြောသည်။
“ဟုတ်တယ် အမေ။ အဲဒီကောင်က ယုန်တစ်ကောင်လုံးကို ချက်ထားတာ ဖြစ်ရမယ်။ သုံးယောက်စားတာတောင် မကုန်ဘူး။ ဇလုံတစ်ဝက်ကျော် ကျန်သေးတယ်။ တွေးကြည့်ရုံနဲ့တင် သွားရည်ကျစရာကြီး။ ပြီးတော့ သူ့အိမ်ကြမ်းပြင်ပေါ်မှာ တောကြက် အနည်းငယ်လည်း ပစ်ထားသေးတယ်။ သူ ဒီနေ့ တောင်ပေါ်တက်ပြီး ဖမ်းလာတာ သေချာတယ်။ မနက်ဖြန် စက်ရုံကို ပို့ဖို့ ထင်တယ်။ အား... ငါတို့အိမ်မှာလည်း တစ်ကောင်လောက် ရှိရင် ကောင်းမှာပဲ”
ထိုအခါ ကျားကျန်းရှစ်က ပြောလိုက်သည်။
“ဒါက လွယ်လွယ်လေးပဲဟာ။ ဒီည သူတို့အိပ်ပျော်နေတဲ့ အချိန်ကျမှ အဲဒီအသား ဇလုံတစ်ဝက်ကို သွားယူလိုက်ရင် ရပြီမဟုတ်လား”
ချင်ဟွိုင်ရူမှာ အံ့အားသင့်သွားပြီး ခေါင်းမော့ကာ ကျားကျန်းရှစ်ကို မှင်တက်စွာ ကြည့်လိုက်မိသည်။
“ဒါက ခိုးတာ မဟုတ်ဘူးလား...”
သူမ စိတ်ထဲမှ ရေရွတ်လိုက်မိသည်။
ကျားတုန်းရွှီကလည်း အံ့ဩတကြီးဖြင့် မေးသည်။
“အမေ... ဒါ... ဒါက ခိုးတာကြီးလေ။ အဆင်ပြေပါ့မလား။ သူတို့က အိမ်ထဲမှာ အိပ်နေကြတာ… အကယ်၍များ နိုးလာရင် ရှက်စရာကြီး ဖြစ်ကုန်မယ်”
ကျားကျန်းရှစ်က ဂရုမစိုက်ဟန်ဖြင့် ပခုံးတွန့်လိုက်သည်။
“ဘာကြောက်စရာလိုလဲ။ သတိထားပြီး ဘာပစ္စည်းမှ မတိုက်မိအောင် လုပ်ရင် သူတို့ ဘာသိမှာလဲ”
ကျားတုန်းရွှီသည် ခေါင်းကို ကုပ်ရင်း အနည်းငယ် ဝေခွဲမရ ဖြစ်နေသည်။ မိမိမှာ သံမဏိစက်ရုံက အလုပ်သမား တစ်ယောက် ဖြစ်သဖြင့် အကယ်၍ အဖမ်းခံရပါက နာမည်ပျက်ရုံ သာမက စက်ရုံကပါ အလုပ်ထုတ်ပစ်နိုင်ခြေ ရှိပေသည်။
“အမေ... မလုပ်ဘဲ နေလိုက်တာ ပိုကောင်းမယ် ထင်တယ်။ အဖမ်းခံရရင် ပြဿနာက ကြီးသွားလိမ့်မယ်”
ကျားတုန်းရွှီက တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် ပြောသည်။
ကျားကျန်းရှစ်က ဒေါသတကြီးဖြင့် ဆဲဆိုလိုက်သည်။
“နင်ရဲ့ အသုံးမကျတဲ့ ပုံစံကို ကြည့်ရတာ တကယ် ရင်လေးစရာပဲ”
ထို့နောက် ဘေးနားရှိ ပန့်ကန့်ကို လှည့်ကြည့်လိုက်လေသည်။
“ဒါဆို ပန့်ကန့်ကို သွားခိုင်းမယ်။ ပန့်ကန့်က ငယ်သေးတော့ သူတို့ သတိထားမိမှာ မဟုတ်ဘူး။ တကယ်လို့ သိသွားရင်တောင် သူက ကလေးပဲလေ… သူတို့က သူ့ကို ဘာလုပ်နိုင်မှာလဲ”
ချင်ဟွိုင်ရူ၏ မျက်လုံးများ ပြူးကျယ်သွားတော့သည်။ ဤသည်မှာ မည်သို့သော မိသားစုမျိုးပါနည်း။ အဘွားဖြစ်သူက မြေးကို အကောင်းမသင်ဘဲ ပစ္စည်းခိုးဖို့ သင်ပေးနေပေသည်။ ထိုအချိန်တွင် ကျားကျန်းရှစ်က လက်ဟန်ပြကာ မြေးဖြစ်သူကို လှမ်းခေါ်လေသည်။
“ပန့်ကန့်... ဒီကိုလာဦး”
ချင်ဟွိုင်ရူက အလျင်အမြန်ပင် တားဆီးလိုက်သည်။
“အမေ... ပန့်ကန့်က ငယ်သေးတယ်လေ။ ဒါက မကောင်းပါဘူး”
ကျားကျန်းရှစ်က သူမကို စူးစူးရဲရဲ စိုက်ကြည့်ကာ ပြောလိုက်လေသည်။
“ပါးစပ်ပိတ်ထားစမ်း။ ငယ်လို့ပဲ သူ့ကို သွားခိုင်းတာ”
ထို့နောက် အရှေ့က ပန့်ကန့်၏ ခေါင်းကို ပွတ်သပ်ရင်း မေးသည်။
“ပန့်ကန့်... အဘွားကို ပြောစမ်း… အသားစားချင်လား”
ပန့်ကန့်က ခေါင်းကို အပြင်းအထန် ငြိတ်ရင်း ပြောသည်။
“စားချင်တယ် အဘွား။ သား အသား စားချင်လွန်းလို့ သွားရည်တောင် ကျနေပြီ”
“ဒါဆို ကောင်းပြီ။ ဘေးအိမ်က ယန်အိမ်ထဲမှာ အသား ဇလုံအကြီးကြီး ရှိတယ်။ အရမ်းမွှေးတာပဲ။ နင်သွားပြီး ယူခဲ့… နင် ဝအောင် စားရမယ်”
ပန့်ကန့်၏ မျက်လုံးများ တောက်ပသွားပြီး ဆိုသည်။
“တကယ်လား။ ဒါဆို သား အခုပဲ သွားမယ်”
ထိုသို့ပြောပြီး အပြင်သို့ ပြေးထွက်ရန် လှည့်လိုက်သည်။
ကျားကျန်းရှစ်က အလျင်အမြန် လက်မောင်းကို လှမ်းဆွဲကာ ပြောလိုက်သည်။
“မလောနဲ့ဦး မြေးလိမ္မာလေး… အဘွားပြောတာ နားထောင်ဦး။ နင် ဒီအတိုင်း သွားရင် သူတို့ ပေးမှာ မဟုတ်ဘူး။ အဲဒီတော့ မိုး နည်းနည်း ထပ်ချုပ်တာကို စောင့်ပြီး...”
ပြောပြောဆိုဆိုဖြင့် ယန်ချုံး၏ အိမ်တံခါးမင်းတုပ်ကို မည်သို့ ကလော်ရမည်။ အိမ်ထဲက လူများကို မနိုးအောင် မည်သို့ လုပ်ရမည်အား ပန့်ကန့်အား လေသံ တိုးတိုးဖြင့် စတင်သင်ကြား ပေးလေတော့သည်။
ဘေးမှ နားထောင်နေသည့် ချင်ဟွိုင်ရူမှာ ကြက်သီးမွေးညင်းများပင် ထလာကာ ပန့်ကန့်ကို လှမ်းဆွဲလိုက်သည်။
“ပန့်ကန့်... နင် ပစ္စည်းသွား မခိုးရဘူး...”
သို့သော် ပန့်ကန့်က သူမ၏ လက်ကို ခါထုတ်လိုက်ပြီး အော်လေသည်။
“ဖယ်... သား အသား စားချင်တယ်”
ချင်ဟွိုင်ရူ တစ်စုံတစ်ခု ထပ်ပြောမည့် အချိန်တွင် ကျားတုန်းရွှီ၏ လက်သီးက သူမမျက်နှာပေါ်သို့ ကျရောက်လာပြီ ဖြစ်သည်။
“ဖယ်စမ်း။ ကောင်မစုတ်… ငါ့သား အသားစားရဖို့ကို လာမနှောင့်ယှက်နဲ့”
ချင်ဟွိုင်ရူသည် မျက်နှာကို အုပ်ကာ ရှောင်တန်းကို ပွေ့ချီရင်း ခုတင်စွန်းတွင် မှောက်လျက် ဘာမှ မပြောရဲတော့ပေ။
တစ်ဖက်တွင်လည်း ယီကျုံးဟိုင်သည် အိမ်သို့ ပြန်ရောက်သောအခါ ဒေါသတကြီးဖြင့် သူ၏ လက်ဖက်ရည်ခွက်ကြီးကို ရိုက်ခွဲလိုက်လေသည်။
သူများကို ထောင်ချောက်ဆင်ရန် ကြံစည်ရင်း ကိုယ်တိုင်သာ အထိနာသွားခဲ့ရသည်။ မူလက ထိုအခွင့်အရေးကို အသုံးပြု၍ ယန်ချုံးကို ထောင်ချောက်ဆင်ရန် ကြံစည်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ယန်ချုံးကို မလှည့်စားနိုင်ခဲ့သည့် အပြင် မိမိကိုယ်တိုင်ပင် ငွေ ၃၀ ယွမ် အလကား ဆုံးရှုံးသွားခဲ့ရသည်။ ထို ၃၀ ယွမ်မှာ သူတို့ ဇနီးမောင်နှံ နှစ်ဦးအတွက် နှစ်လစာ စားစရိတ်နှင့် ညီမျှပေသည်။
ယီတာ့မားကမူ ဒေါသထွက်လွန်းသဖြင့် သွားကိုက်ဝေဒနာပင် ပြန်ပေါ်လာပြီး ပါးကို အုပ်ကာ ယီကျုံးဟိုင်ကို ဆဲဆိုတော့သည်။
“ရှင်ကတော့လေ... ကိစ္စမရှိ ကိစ္စရှာပြီး ဘာတွေ လျှောက်လုပ်နေတာလဲ။ အခုတော့ ကောင်းကြသေးရဲ့လား… သူများကို မလှည့်စားနိုင်ဘဲ ကိုယ့်ဘာသာကိုယ် ပြန်ပတ်သွားပြီ မဟုတ်လား”
ယီကျုံးဟိုင်၏ မျက်နှာမှာ မည်းမှောင်နေပြီး သွားများကို တကျိကျိ ကြိတ်ကာ ပြောသည်။
“နေနှင့်ဦးပေါ့... ငါ အဲဒီကောင်စုတ်လေးကို ဘယ်တော့မှ ခွင့်မလွှတ်ဘူး”
သူ၏ အရှိန်အဝါ အာဏာမှာ ယန်ချုံးကြောင့် လူပုံအလယ်တွင် ထပ်မံ နင်းချေခံလိုက်ရသည်ဟု ခံစားနေရသည်။ ထို့ပြင် မိမိ လှူဒါန်းလိုက်ရသည့် ထို ၃၀ ယွမ်လည်း ရှိသေးသည်။ မူလက ကျားတုန်းရွှီနှင့် သဘောတူထားသည်မှာ ထို ၃၀ ယွမ်ကို ဟန်ပြအဖြစ်သာ ထုတ်ပြခြင်း ဖြစ်ပြီး အလှူငွေ ကောက်ခံပြီးနောက် ကျားတုန်းရွှီက မိမိထံ ပြန်ပေးရမည် ဖြစ်သည်။ ယခုတော့ ထိုငွေကို ပြန်ရဖို့ မျှော်လင့်ချက်ပင် မရှိတော့ပေ။
ဤသို့ ဒေါသထွက်နေစဉ် တံခါးအပြင်ဘက်မှ ယန်ပုကွေ့၏ အသံ ထွက်ပေါ်လာသည်။
“လောင်ယန်... မအိပ်သေးဘူးမလား”
ယီကျုံးဟိုင် မျက်ရိပ်ပြရန် အချိန်မရလိုက်ခင်မှာပင် ယီတာ့မားက ချက်ချင်း ပြန်ထူးလိုက်လေသည်။
“မအိပ်သေးဘူး လောင်ယန်။ ကိစ္စရှိလို့လား… အထဲဝင်လာခဲ့လေ”