← Chapters

အခန်း ၄၈

Vol. 5 Ch. 48

အခန်း ၄၈

Vol. 5 Ch. 48

အခန်း (၄၈) - ယွီလိက ယန်ကျဲချန်ကို ဖြတ်တော့မည်

ယီကျုံးဟိုင် တစ်ယောက် စကားဟဖို့ ပြင်လိုက်သော်လည်း အချိန်နှောင်း သွားချေပြီ။ အိမ်ရှေ့မှ ယီတာ့မား၏ စကားသံ အဆုံးတွင် ယန်ပုကွေ့သည် တံခါး ကန့်လန့်ကာကို ပင့်လှန်ကာ အခန်းတွင်းသို့ ဝင်လာလေသည်။

အထဲရောက်ရောက်ချင်း မြင်လိုက်ရသည့် မြင်ကွင်းကြောင့် သူ အလန့်တကြား ဖြစ်သွားပြီး ရေရွတ်လိုက်သည်။

“ဟာ... လောင်ယီ ခင်ဗျားရဲ့ အဖိုးတန် ပစ္စည်းကြီးက ဘယ်လိုလုပ် အောက်ကျနေရတာတုန်း”

ထို့နောက် ကြမ်းပြင်ပေါ်မှ လက်ဖက်ရည် ပန်းကန်လုံးကြီးကို ကမန်းကတန်း ကုန်းကောက်လိုက်ကာ သူ၏ အင်္ကျီလက်ဖြင့် သပ်ရပ်အောင် သုတ်ပေးလိုက်သည်။ ပြီးလျှင် မြှောက်ပင့်လိုသော မျက်နှာပေးဖြင့် ဆိုလေသည်။

“ခင်ဗျားရဲ့ ဒီလက်ဖက်ရည် ခွက်ကြီးက ဂုဏ်ကျက်သရေရဲ့ သင်္ကေတလေ။ ဘယ်လိုလုပ်ပြီး ကြမ်းပြင်ပေါ် ကျနေရတာလဲ။ ကွဲသွားရင် နှမြောစရာကြီး”

ယင်းလက်ဖက်ရည်ခွက်မှာ လွန်ခဲ့သော နှစ်အနည်းငယ်က စက်ရုံမှ ယီကျုံးဟိုင်ကို ဆုချီးမြှင့်ထားခြင်း ဖြစ်သည်။ သူက ဤခွက်ကို အဖိုးတန် ရတနာ တစ်ပါးကဲ့သို့ သဘောထားကာ တစ်နေကုန် လက်မှ မချတမ်း ကိုင်ထားတတ်ပြီး အစည်းအဝေး လုပ်တိုင်းလည်း ယူသွားလေ့ရှိသည်။ ယနေ့တော့ ယန်ချုံးကြောင့် ဒေါသထွက်လွန်းသဖြင့် ထိုလက်ဖက်ရည်ခွက်ကို ကိုယ်တိုင် ပေါက်ခွဲလိုက်မိခြင်းသာ ဖြစ်သည်။

ယီကျုံးဟိုင်က မကျေမနပ် ညည်းတွားလိုက်ပြီး လက်ဖက်ရည်ခွက်ကို လှမ်းယူကာ ဘာမှ မပြောဘဲ စားပွဲပေါ်သို့ ဆောင့်အောင့်ကာ တင်လိုက်သည်။ သူ၏ မျက်နှာထားမှာ အတော်လေး ပျက်ယွင်းနေသည်။

ယန်ပုကွေ့ကမူ ပြုံးဖြီးဖြီးဖြင့် ဆိုလေသည်။

“လောင်ယီ... စောစောက အစည်းအဝေး လုပ်တုန်းက ခင်ဗျားပြောတဲ့ အလုပ်ခွဲတမ်း ကိစ္စလေ။ အစည်းအဝေးပြီးရင် လာခဲ့… အသေးစိတ် ပြောပြမယ်ဆိုလို့...”

စောစောက ယီကျုံးဟိုင်သည် ယွမ် ငါးရာဖြင့် သံမဏိစက်ရုံမှ အလုပ်ခွဲတမ်း တစ်ခု ရနိုင်သည်ဟု အရိပ်အမြွက် ပြောခဲ့သောကြောင့် ယန်ပုကွေ့ တစ်ယောက် အတော်လေး စိတ်လှုပ်ရှားနေခဲ့ခြင်း ဖြစ်သည်။ အရင်တုန်းက သူ့သား ယန်ကျဲချန်အတွက် စက်ရုံတွင် အလုပ် တစ်ခုလောက် ဝယ်ပေးရန် ယီကျုံးဟိုင်ထံ အကြိမ်ကြိမ် အကူအညီ တောင်းခဲ့ဖူးသည်။ သို့သော် ယီကျုံးဟိုင်က ယွမ် ရှစ်ရာဆိုသည့် ဈေးမှ လုံးဝ မလျှော့ပေးခဲ့ချေ။ ယန်ပုကွေ့ကလည်း ယွမ် ရှစ်ရာဆိုသည်မှာ များလွန်းသည်ဟု နှမြောနေခဲ့ရာ ယန်ကျဲချန် တစ်ယောက် ယခုအချိန်အထိ အိမ်၌ အလုပ်လက်မဲ့ ဖြစ်နေခဲ့ရသည်။

ယခုကဲ့သို့ အခွင့်အရေးမျိုး ပေါ်လာသည်ဟု ကြားသောအခါ သူ လုံးဝ လက်မလွှတ်ချင်တော့ပေ။ အိမ်ပြန်ရောက်သည်နှင့် မနည်းစုဆောင်းထားရသော ငွေများကို ထုတ်ယူကာ ယွမ် ငါးရာတိတိ ရေတွက်ပြီး ကမန်းကတန်း ပြေးလာခဲ့ခြင်း ဖြစ်သည်။

သို့သော် ယီကျုံးဟိုင်၏ မျက်နှာထားမှာ မည်းမှောင်နေပြီး အေးစက်စက် လေသံဖြင့် ပြောလိုက်သည်။

“ဪ... ခင်ဗျားပြောတဲ့ အလုပ်ကိစ္စလား။ အခုနလေးတင်ပဲ သတင်းကြားလိုက်တယ်။ လောင်ဝမ်က သူ့နေရာမှာ သူ့တူကိုပဲ ဆက်လုပ်ခိုင်းတော့မှာတဲ့။ ဒါကြောင့် အဲဒီ အလုပ်ခွဲတမ်းက မရှိတော့ဘူး”

ယန်ပုကွေ့၏ မျက်နှာပေါ်ရှိ အပြုံးတို့သည် ရုတ်ခြည်း တောင့်ခဲသွားပြီး ဟထားသော ပါးစပ်မှာလည်း အတော်ကြာသည်အထိ ပိတ်မရတော့ချေ။

သူက ယီကျုံးဟိုင်၏ ဆင်ခြေများကို လုံးဝ မယုံကြည်ပေ။ လောင်ဝမ်က သူ့တူကို နေရာပေးမည်ဆိုသည်မှာ အလကား စကားများသာ ဖြစ်သည်။ သူ့ကို မပေးချင်သောကြောင့် သက်သက် အကြောင်းပြနေမှန်း သိသာလွန်းနေသည်။ စင်စစ် ဤအလုပ်ခွဲတမ်း ဆိုသည်မှာရော အစကတည်းက တကယ်ရှိခဲ့ရဲ့လားဟုပင် သူ သံသယဝင်သွားမိသည်။ ယီကျုံးဟိုင်သည် ကျားမိသားစုအတွက် အလှူငွေ ကောက်ခံရာတွင် သူက ပူးပေါင်း ပါဝင်လာစေရန် တမင်သက်သက် လိမ်လည် လှည့်ဖြားခဲ့ခြင်း ဖြစ်တန်ကောင်းသည်။

ယခုတော့ ကြည့်လေ... အလှူငွေလည်း ထည့်ပြီးရော မြစ်ကို ဖြတ်ပြီး တံတားကို မီးရှို့သလိုမျိုုး အားလုံးကို လှည့်ငြင်းလိုက်လေပြီ။

ယန်ပုကွေ့ တစ်ယောက် အကြီးအကျယ် ဒေါသထွက်သွားသည်။ သူ၏ ငါးယွမ် အလဟဿ ဆုံးရှုံးသွားရသည့် အတွက်ရော ယီကျုံးဟိုင်၏ အသုံးချခြင်းကို ခံလိုက်ရသည့် ကိုယ့်ကိုကိုယ်ပါ ဒေါသထွက်မိသည်။

ယီကျုံးဟိုင်ကလည်း ဒေါသထွက်နေသည်မှာ မတိမ်းမယိမ်းပင်။ ယန်ပုကွေ့က ငါး ယွမ်သာ လှူခဲ့သဖြင့် ယန်ချုံးမှာ ကွက်ကျော်ရိုက်ရန် အကြောင်းပြချက် ရသွားခဲ့ခြင်း ဖြစ်သည်။ တကယ်လို့ ယန်ပုကွေ့သာ လျိုဟိုင်ကျုံးကဲ့သို့ ယွမ် သုံးဆယ် လှူခဲ့မည်ဆိုလျှင် ယန်ချုံးကလည်း အနည်းဆုံး ယွမ် နှစ်ဆယ်တော့ လှူရမည်သာ ဖြစ်သည်။ သို့ဆိုလျှင် ခြံဝင်းထဲရှိ လူများ၏ အလှူငွေများမှာလည်း ရေတက်လျှင် လှေပေါ်သလို လိုက်မြင့်လာမည် ဖြစ်ပြီး ယခုလို သနားစရာကောင်းလှသည့် တစ်ယွမ်၊ နှစ်မူးခန့်ကို ကပ်စေးနှဲပြီး ထုတ်ပေးနေကြမည် မဟုတ်ပေ။

အားလုံးသည် ဤယန်ကပ်စေးနှဲကြီး ကြောင့်သာ ဖြစ်သည်။ ထိုသို့သော လုပ်ရပ်မျိုးဖြင့်များ သူ့သားကို သံမဏိစက်ရုံ၌ အလုပ်လုပ်ခိုင်းချင်သေးသတဲ့လား။ အိပ်မက်သာ မက်နေလိုက်တော့…

အိမ်သို့ ပြန်ရောက်သည်နှင့် ယန်ပုကွေ့သည် ဒေါသအလျောက် တံခါးဝရှိ ခွေးခြေခုံလေးကို ဆောင့်ကန်ပစ်လိုက်သည်။

အိမ်သားများ အားလုံး လန့်ဖျပ်သွားကြသည်။ သူတို့မှာ မအိပ်သေးဘဲ ယန်ပုကွေ့ထံမှ သတင်းကောင်းကို ထိုင်စောင့်နေခဲ့ကြခြင်း ဖြစ်သည်။ အထူးသဖြင့် ယန်ကျဲချန်မှာ ကမန်းကတန်း ထရပ်လိုက်ပြီး စိုးရိမ်တကြီး မေးလေသည်။

“အဖေ... ဘာဖြစ်လာတာလဲ။ ကျွန်တော့် အလုပ်ကိစ္စလေးရော အဆင်ပြေရဲ့လား”

ယန်ပုကွေ့က ဒေါသတကြီးဖြင့် ပြောသည်။

“ဘာ အဆင်ပြေရမှာလဲ… ယီကျုံးဟိုင် လိမ်တာကို ငါတို့ ခံလိုက်ရပြီကွ။ ငါသိသားပဲ... ဒီလောင်ယီက ဘယ်လိုလုပ် စေတနာကောင်းမှာလဲလို့။ သူရဲ့ ယွမ် ရှစ်ရာတန် အလုပ်ခွဲတမ်းကိုတောင် မရောင်းရသေးတာ ငါ့ကို ယွမ် ငါးရာနဲ့ မိတ်ဆက်ပေးပါ့မလား။ သူက ငါ့ကို အသုံးချပြီး သူ့တပည့် ကျားတုန်းရွှီအတွက် အလှူငွေ ထည့်ခိုင်းဖို့ သက်သက် လုပ်သွားတာကွ”

ယန်ကျဲချန်လည်း ချက်ချင်း ပြာယာခတ်သွားပြီး ဆိုသည်။

“ဟာ... အဖေပြောတာ ဘာ သဘောလဲ။ ဒီအလုပ်က ပျက်သွားပြန်ပြီလား”

ယန်ပုကွေ့က သက်ပြင်းကြီးချကာ ပြောလိုက်သည်။

“ပျက်ပြီလေကွာ။ ယီကျုံးဟိုင်က အခုနလေးတင် သတင်းရတယ်တဲ့။ လောင်ဝမ်က သူ့အလုပ်ကို မရောင်းတော့ဘဲ သူ့တူကိုပဲ ပေးတော့မလို့တဲ့လေ။ တောက်… သူက အိမ်ထဲကနေ အပြင်တောင် မထွက်ရသေးတာ ဘယ်ကနေ သတင်းရတာလဲ။ ပါးစပ်ကနေ အလကား လျှောက်ပြောနေတာ သိသာကြီးကို”

စန်းတာ့မားလည်း ဒေါသထွက်လွန်းသဖြင့် မျက်နှာများပင် စိမ်းဖန့်သွားကာ ဝင်ပြောသည်။

“ဒီလောင်ယီက ဘယ်လို လူမျိုးလဲ။ သူ ဘယ်လိုလုပ် ဒီလို ယုတ်မာရက်ရတာလဲ”

“ငါရဲ့ ငါး ယွမ်လေး နှမြောစရာပါပဲကွာ။ အလကား လှူလိုက်ရတယ်။ အဲဒီပိုက်ဆံနဲ့ဆို တစ်မိသားစုလုံး ရက်အတော်ကြာကြာ စားလို့ရတာကို”

ယန်ပုကွေ့က နှမြောတသစွာ ညည်းတွားလိုက်သည်။

ယန်ကျဲချန်ကမူ အတော်လေး စိတ်ပူသွားဟန်ဖြင့် ဆိုလေသည်။

“အဖေကလည်း… အဖေရဲ့ အဲဒီ ငါး ယွမ်လေးကိုပဲ တွေးမနေပါနဲ့တော့။ ကျွန်တော် အဖေ့ကို ပြောမယ်။ ယွီလိက ပြတ်ပြတ်သားသား ပြောထားပြီးပြီ။ ကျွန်တော်သာ အလုပ်ထပ် ရှာမရရင် သူ ကျွန်တော့်ကို ဖြတ်တော့မယ်တဲ့”

ယန်ပုကွေ့ကမူ သက်ပြင်းများချကာ ညည်းတွားရုံမှ လွဲ၍ ဘာတတ်နိုင်မည်နည်း။ သူ့မှာသာ နည်းလမ်းရှိပါက ယန်ကျဲချန်၏ အလုပ်ကိစ္စကို ဖြေရှင်းပေးခဲ့သည်မှာ ကြာလှပြီ ဖြစ်သည်။ ကိုယ့်သား ရည်းစားတစ်ယောက် ထားလိုက် ပြတ်သွားလိုက်၊ နောက်တစ်ယောက် ထားလိုက် ပြတ်သွားလိုက် ဖြစ်နေသည်ကို သူကိုယ်တိုင်လည်း ဘယ်ကြည့်ရက်ပါမည်နည်း။

စန်းတာ့မားကလည်း ကမန်းကတန်း ဝင်၍ ပြောသည်။

“ရှင်ကလည်း အသံလေး ဘာလေး ထွက်ပါဦး။ သားရဲ့ အလုပ်ကိစ္စက သေးပါတယ်။ ဒီချွေးမလေးနဲ့ ပြတ်သွားမှာကိုတော့ ကျွန်မ လုံးဝ လက်မခံနိုင်ဘူး။ ယွီလိလို လှတဲ့ ကောင်မလေးမျိုးကို လက်လွတ်ခံလိုက်ရရင် နောက် ဘယ်သွားရှာလို့ ရတော့မှာလဲ”

ယန်ကျဲချန်ကလည်း ထပ်လောင်း၍ အော်ပြောလိုက်သည်။

“အဖေ… အဖေသာ ယွီလိနဲ့ ကျွန်တော့်ကို ထပ်ပြတ်အောင် လုပ်မယ်ဆိုရင် နောက်ဆို ကျွန်တော် အိမ်ကို ဘယ်တော့မှ ပြန်မလာတော့ဘူး”

ယန်ပုကွေ့မှာ ခေါင်းများပင် ကြီးသွားသလို ခံစားရပြီး ပြန်လည်အော်ဟစ် လိုက်သည်။

“တော်ကြပါတော့ကွာ... မင်းတို့ ဓားတစ်ချောင်းယူပြီး ငါ့ခေါင်းကိုသာ ဖြတ်လိုက်ကြပါတော့။ ငါက မင်းကို အလုပ် မရှာပေးချင်ဘူး ထင်နေလား။ အဓိက ပြဿနာက ငါ့မှာ အဲဒီလောက် အရည်အချင်း မရှိလို့ကွ။ ရှိရင် မင်းကို အစောကြီးကတည်းက ရှာပေးခဲ့မှာပေါ့”

ယန်ကျဲချန်က မှုန်ကုပ်ကုပ် မျက်နှာဖြင့် ပြောသည်။

“အဖေ အဲဒီ ယွမ် ရှစ်ရာကို နှမြောနေလို့ မဟုတ်လား။ ယီတာ့ယဲ့ ဦးလေးကြီးယီက ရှစ်ရာနဲ့ ရောင်းမယ် ပြောတုန်းက အဖေသာ သူ့ကို ပေးလိုက်ရင် ပြီးနေပြီပေါ့”

“ရှစ်ရာ ပေးလိုက်ရင် ပြီးရောလား… ငါတို့အိမ်က အဲဒီယွမ် ရှစ်ရာက လေတိုက်လို့ လွင့်လာတာ မှတ်နေလား။ တစ်မိသားစုလုံး အငတ်ခံ အသေအလဲ ခြိုးခြံချွေတာပြီး တစ်ပြားတစ်မူးက စလို့ စုဆောင်းထားရတာကွ။ ဘယ်လိုလုပ် ယီကျုံးဟိုင်လို မြေခွေးအိုကြီးကို ပါးစပ်ဟရုံနဲ့ လွယ်လွယ်လေး ဝါးမျိုခံလိုက် ရမှာလဲ။ ဒါ့အပြင် အခု အဲဒီ ယွမ် ရှစ်ရာ သွားပေးရင်တောင် သူက ငါတို့ကို အဲဒီ အလုပ်ခွဲတမ်း ပေးမယ်ဆိုတာ သေချာတာမှ မဟုတ်တာ”

ယန်ကျဲချန်မှာ ငိုချင်လာ လောက်အောင်ပင် စိတ်တိုသွားပြီး အော်ပြောသည်။

“ဒါဆို ကျွန်တော် တစ်သက်လုံး လူပျိုကြီး ဖြစ်နေတာကို အဖေ ထိုင်ကြည့်နေတော့မှာလား”

ယန်ပုကွေ့က နှုတ်ခမ်းကို တွန့်လိုက်ရင်း ဆိုသည်။

“အခွင့်အရေးဆိုတာ ပေါ်လာမှာပါကွာ... ငါတို့ ဖြည်းဖြည်းချင်း စောင့်ကြည့်တာပေါ့”

“ကျွန်တော်က ဖြည်းဖြည်းချင်း စောင့်ချင်ပေမဲ့ ယွီလိက လက်မခံဘူးလေ”

စန်းတာ့မားက မနေနိုင်တော့ဘဲ ဝင်ပြောသည်။

“လောင်ယန်... လောင်ယီဘက်က အဆင်မပြေမှတော့ ငါတို့ တခြားနည်းလမ်းလေး ဘာလေး စဉ်းစားလို့ မရဘူးလား”

ယန်ပုကွေ့က မျက်မှောင်ကျုံ့ကာ စိတ်ပျက်လက်ပျက်ဖြင့် ပြောလေသည်။

“ငါ့မှာ ဘာ တခြားနည်းလမ်း ရှိဦးမှာလဲ။ မင်းက လျိုဟိုင်ကျုံးကို မျှော်လင့်နေတာလား။ သူ့အိမ်မှာလည်း အလုပ်မရှိတဲ့ ကောင်လေး နှစ်ယောက် ရှိသေးတယ်လေ။ အလုပ်ခွဲတမ်း ရှိရင်တောင် သေချာပေါက် သူ့သားတွေ အတွက်ပဲ ချန်ထားမှာပေါ့။ ငါတို့ကို ပေးရက်ပါ့မလား။ ရွှီတာ့မောက်နဲ့ ရှာကျူးတို့ ဆိုရင်လည်း သူတို့ရဲ့ လုပ်သက်က မပြည့်သေးဘူးဆိုတော့ သူတို့ဆီမှာ အလုပ်ခွဲတမ်းရှိဖို့ ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး”

စန်းတာ့မားက သတိထားစဉ်းစားရင်း အကြံပေးလိုက်သည်။

“ဒါဆို ယန်ချုံးကို သွားမေးကြည့်ပါလား။ ဒီသံမဏိစက်ရုံက အလုပ်ခွဲတမ်းက ဒီလောက်တောင် ရဖို့ ခက်ခဲနေတာကို သူ့ဆီရောက်တော့ ဘယ်လိုဖြစ်လို့ ဒီလောက် လွယ်ကူသွားရတာလဲ။ ချက်ချင်းဆိုသလို လင်မယား နှစ်ယောက်လုံး အလုပ်ရသွားတာလေ။ သူက ကျောထောက်နောက်ခံ ပေးမဲ့ လူကြီးတစ်ယောက်ယောက်ကို သိနေတာ များလား။ ဒါမှ မဟုတ် ဘယ်သူ့ပေါင်ကိုများ ဖက်ထားတာလဲ။ ရှင် သူ့ကို သွားမေးကြည့်ပါလား။ သူ့ကို အကျိုးအမြတ်လေး နည်းနည်းပါးပါး ပေးရပေးရ ငါတို့ ယန်ကျဲချန်ရဲ့ အလုပ်ကိစ္စကိုပါ ဖြေရှင်းပေးနိုင်မလား ဆိုတာလေ”

ထိုအခါမှ ယန်ပုကွေ့ တစ်ယောက် သတိဝင်သွားသည်။ ဤအချက်ကို သူ လုံးဝ မစဉ်းစားမိခဲ့ပေ။

“အေး ဟုတ်သားပဲ။ ဒီသံမဏိစက်ရုံက အလုပ်ခွဲတမ်းက ဒီလောက်တောင် တန်ဖိုးကြီးတာကို ဒီယန်ချုံးက ဘယ်လိုလုပ်ပြီး တစ်ပြိုင်တည်း နှစ်ခုတောင် ရသွားရတာလဲ”

ယန်ကျဲချန်က ချက်ချင်း ဝင်ပြောသည်။

“ကျွန်တော် ရှာကျူးပြောတာ ကြားလိုက်တယ်။ ယန်ချုံးက တောဝက်ကြီး နှစ်ကောင် ပစ်လာပြီး သံမဏိစက်ရုံက စားသောက်ခန်းကို သွားရောင်းတယ်တဲ့။ စက်ရုံမှူးက သူ့ကို အရည်အချင်းရှိတဲ့သူ… စက်ရုံက အလုပ်သမားတွေ အသားစားရရေး ပြဿနာကို ကူညီဖြေရှင်း ပေးနိုင်မယ်လို့ ထင်သွားတာနဲ့ သူနဲ့ သူ့မိန်းမအတွက် အလုပ်ကို တစ်ခါတည်း ဖြေရှင်းပေးလိုက်တာတဲ့။ စက်ရုံအတွက် တောဝက်တွေကို သေချာ အာရုံစိုက်ပြီး ပစ်ပေးနိုင်အောင်လို့တဲ့လေ”

“ဪ... ဒီလို ကိစ္စရှိတာလား”

ယန်ပုကွေ့ မျက်လုံးလေး ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း စတင် အကွက်ချတော့သည်။

“ဒီလိုဆိုရင်တော့ သူ့မှာ တကယ်ပဲ နည်းလမ်းရှိ နိုင်လောက်တယ်။ ကဲ... ဒီနေ့တော့ မိုးချုပ်သွားပြီ။ မနက်ဖြန် မနက်စောစောပဲ သူ့ကို သွားရှာလိုက်မယ်။ သူကော ကူညီပေးနိုင်မလား။ နည်းလမ်းလေး ဘာလေး စဉ်းစားပေးနိုင်မလားဆိုတာ သွားကြည့်တာပေါ့”

All Chapters