← Chapters

အခန်း ၅၀

Vol. 5 Ch. 50

အခန်း ၅၀

Vol. 5 Ch. 50

အခန်း (၅၀) - ကျားမိသားစု ပြန်လည် ခေါင်းထောင်လာမည့် မျှော်လင့်ချက်

‘သူခိုးလား...’

ယန်ချုံးမှာ ရုတ်တရက် အိပ်မက်ထဲမှ လန့်နိုးသွား သကဲ့သို့ နိုးကြားသွား ပြီးနောက် ဒဏ္ဍာရီလာ သူခိုးဘုရင် ပန့်ကန့်ကို ချက်ချင်း ပြေးသတိရလိုက်သည်။

ရုပ်သံဇာတ်လမ်းတွဲများနှင့် ဝတ္ထု စာမျက်နှာများ အထက်တွင် ထိုသူခိုးဘုရင်၏ နာမည်ကျော်ကြားမှုကို သူ စောစောကတည်းက ရင်းနှီးခဲ့ပြီးသား ဖြစ်သော်လည်း ဤခေတ်ကာလဆီသို့ ကူးပြောင်းရောက်ရှိလာပြီး နောက်ပိုင်း လက်တွေ့ကိုယ်တိုင် ကြုံဆုံရခြင်းကား ယခုမှ ပထမဆုံးအကြိမ်ပင် ဖြစ်လေသည်။ မည်သို့ပင်ဆိုစေ ယခုအချိန်၌ ပန့်ကန့်ဆိုသည်မှာ ကလေးအရွယ်မျှသာ ရှိသေးသဖြင့် သူခိုးဘုရင် ဟူသော ဂုဏ်ပုဒ်နှင့် တွဲဖက်မြင်ယောင် ကြည့်ရန်မှာ လွန်စွာ ခဲယဉ်းလှသည်။ သို့တိုင်အောင် သူသည် သဘောကောင်း လွန်းလှသဖြင့် လူ့သဘာဝ၏ အကျည်းတန်မှုနှင့် သူခိုးဘုရင်လောင်းလေး၏ ပါရမီကို အထင်သေး လျှော့တွက်မိခဲ့လေပြီ။

ယန်ချုံးသည် စောင်ပုံကြားမှ အသံမမြည်စေရန် သတိထားကာ တိုးထွက်လာလိုက်သည်။ အိပ်မောကျနေရှာသော ယွီရှို့လေး အအေးပတ်သွားမည် စိုးသဖြင့် စောင်ကို လုံခြုံစွာ ပြန်ခြုံပေးခဲ့သည်။ ထို့နောက် အဝတ်အစားများကို ကမန်းကတန်း ကောက်စွပ်ကာ အခန်းကန့်တံခါးကို ဖွဖွလေး ဆွဲဖွင့်ရင်း အိမ်ရှေ့တံခါးဝသို့ အကြည့်ရောက်သွားမိသည်။

အကဲခတ် ကြည့်ရသလောက် သူခိုးဘုရင်လေးမှာ အလုပ်သင် ကာလသာ ရှိသေးသဖြင့် လက်ရာ မပြောင်မြောက်သေးပေ။ သူသည် အပြင်ဘက်မှ နေ၍ သစ်ကိုင်းခြောက်လေး တစ်ခုဖြင့် တံခါးမင်းတုံးကို အချိန်တော်ကြာ ကလော်နေပြီးမှသာ နောက်ဆုံးတွင် အောင်မြင်စွာ ဖွင့်နိုင်သွားလေသည်။ ထိုမြင်ကွင်းကို ကြည့်နေရသော ယန်ချုံးမှာပင် သူ့ကိုယ်စား စိတ်မရှည်ဖြစ်လာပြီး သွားရောက်ကူဖွင့် ပေးချင်စိတ်များပင် ပေါက်လာခဲ့ရသည်။

ပန့်ကန့်သည် ခဲခဲယဉ်းယဉ်းဖြင့် တံခါးမင်းတုံးကို ဖွင့်လိုက်နိုင်သောအခါ ဝမ်းသာလွန်းသဖြင့် မြူးတူးခုန်ပေါက်ချင် စိတ်များကိုပင် မနည်းထိန်းချုပ် ထားလိုက်ရသည်။ ထို့နောက် သူ့အိမ်ရှိရာ ဘက်ဆီသို့ လှည့်ကာ လက်သီးဆုပ်လေးကို စိတ်လှုပ်ရှားစွာဖြင့် ဝှေ့ယမ်းပြ လိုက်လေသည်။

သူ၏ အမူအရာမှာ ကြွားလုံးထုတ်နေသည့်အလား။

“အဘွား... အဖေ... သား ဘယ်လောက်တော်လဲ ကြည့်လိုက်စမ်း”

“ကြည့်စမ်း… ငါ့မြေးလိမ္မာလေး ပန့်ကန့်က သိပ်တော်တာပဲဟေ့”

ကျားကျန်းရှစ်ကလည်း ဂုဏ်ယူဝင့်ကြွားနေသော မျက်နှာပေးဖြင့် ဆိုကာ အသားများကို အမြန်ယူလာခဲ့ရန် ပန့်ကန့်ထံသို့ လက်ယမ်းကာ အချက်ပြလိုက်သည်။

ပန့်ကန့်သည် အိမ်မှ ထွက်မလာမှီ အဘွားဖြစ်သူ ကျားကျန်းရှစ်၏ တင်းကျပ်စွာ မှာကြားချက်များကို ဦးနှောက်ထဲ စွဲမှတ်ထားသဖြင့် တံခါးကို ဟရုံလေးသာ သတိထား တွန်းဖွင့်လိုက်သည်။ ထို့နောက် ချက်ချင်း ဝင်မသွားသေးဘဲ အခြေအနေကို စူးစမ်းရန် ခေါင်းလေးကို အရင်ပြူကြည့် လိုက်လေသည်။

သို့သော် ကံမကောင်းစွာဖြင့် အိမ်ထဲတွင် အပ်ကျသံတောင် ကြားရလောက်အောင် တိတ်ဆိတ်မှောင်မည်း နေသဖြင့် မည်သည့် လှုပ်ရှားမှုကိုမျှ သူ မမြင်နိုင်ခဲ့ပေ။ သူ့ကို အမှောင်ထဲမှ စိုက်ကြည့်နေသော ယန်ချုံးကိုမူကား ဆိုဖွယ်ရာပင် မရှိတော့ပြီ။ အိမ်အတွင်းမှ မည်သည့် အသံမျှ မထွက်ပေါ်လာခြင်းက အိမ်သား အားလုံး အိပ်မောကျနေပြီ ဆိုသည့် အဓိပ္ပါယ်ပင် ဖြစ်သည်။ ပန့်ကန့်လည်း သက်ပြင်း တစ်ချက်ချကာ အိမ်ထဲသို့ ဖွဖွလေး တိုးဝင် သွားလိုက်သည်။

ယန်ချုံးတို့အိမ်၏ ပစ္စည်းအထားအသို မှတ်ဉာဏ်ဟောင်းများကို အားကိုးကာ သူသည် စားပွဲရှိရာဆီသို့ ဖြည်းညင်းစွာ တိုးကပ်သွားသည်။ သို့သော် မှောင်အတိကျနေသဖြင့် မည်မျှပင် ဂရုစိုက်ပါစေ စားပွဲဘေးရှိ ခွေးခြေခုံကို မတော်တဆ ဝင်တိုက်မိ သွားလေတော့သည်။

“ဒုန်း...”

ခွေးခြေခုံ လဲကျသံကြောင့် အနိုင်နိုင် အိပ်ပျော်နေရရှာသော ယန်ရှောင်ကျွမ်း တစ်ယောက် လန့်နိုးသွားခဲ့သည်။ ယန်ရှောင်ကျွမ်းသည် မူလကတည်းက စောစော အိပ်ပျော်ခဲ့သော်လည်း နောက်ပိုင်းတွင် ယွီရှို့၏ ညည်းတွားသံများကြောင့် လန့်နိုးလာခဲ့ပြီး မျက်နှာများ ပူထူကာ ရင်တဒိတ်ဒိတ် ခုန်ရင်း စောင်ထဲတွင် ခေါင်းပုန်းနေခဲ့ရသည် မဟုတ်ပါလော။ နောက်ဆုံးတွင် ယွီရှို အသံတိတ်သွားပြီး အခန်းထဲ ပြန်လည်ငြိမ်သက် သွားမှသာ သူမလည်း တဖြည်းဖြည်း ပြန်လည်အိပ်မော ကျသွားခဲ့ခြင်း ဖြစ်သည်။

သို့သော် ကောင်းကောင်း အိပ်မပျော်ခဲ့ပေ။ အိပ်ပျော်သွားသည်မှာ မကြာသေးမီပင် ဤကဲ့သို့ လန့်နိုးလာသောကြောင့် အတွင်းခန်းမှ သူမ၏ အစ်ကိုကြီးနှင့် မရီးတို့ ထပ်မံ၍ စစ်ခင်းနေကြပြန်ပြီဟု အလိုလို ထင်မှတ်လိုက်မိသည်။ သူမ မျက်နှာများ ရဲတက်သွားပြီး စိတ်ထဲမှလည်း ကျိတ်၍ အပြစ်တင်လိုက်သေးသည်။

“အစ်ကိုကြီးချုံးက လူရော ဟုတ်သေးရဲ့လား။ မရီးမှာ ဘာမှ မကျန်အောင် အနှိပ်စက်ခံ ထားရတာကိုတောင် မလွှတ်ပေးသေးဘူး”

သို့သော် တခဏခန့် နားစွင့်ကြည့် လိုက်သောအခါ သူမ ထင်သလို မဟုတ်ကြောင်း သတိထားမိလိုက်သည်။ အသံမှာ အတွင်းခန်းမှ လာခြင်း မဟုတ်ဘဲ သူမ၏ အခန်းထဲမှ ထွက်ပေါ်လာခြင်း ဖြစ်နေသည်။ သံသယဖြင့် စောင်ကြားမှ ခေါင်းပြူကြည့် လိုက်သောအခါ သူမရှေ့၌ ပုကျစ်ကျစ် လူရိပ်လေး တစ်ခုကို တွေ့လိုက်ရလေသည်။

ယန်ရှောင်ကျွမ်းမှာ အထိတ်တလန့်ဖြင့် အော်ဟစ်လိုက်ရန် ပြင်လိုက်သော်လည်း ဘေးနားမှ ထွက်ပေါ်လာသော လက်ကြီးတစ်ဖက်က သူမ၏ ပါးစပ်ကို အချိန်မှီ လာရောက်ပိတ်ဆို့ သွားလေသည်။

‘အိမ်ထဲကို သူခိုးတစ်ယောက်တည်း ဝင်လာတာ မဟုတ်ဘူးလား...’

ယန်ရှောင်ကျွမ်း တစ်ယောက် ကြက်သီးမွေးညင်းများ ထသွားပြီး ချွေးစေးများပင် ပြန်လာသည်။ သို့သော် သူမ၏ ပါးစပ်ကို ပိတ်ထားသူမှာ သူခိုး၏ အပေါင်းအပါ မဟုတ်ဘဲ သူမ၏ ချစ်စရာ အကောင်းဆုံး အစ်ကိုကြီးချုံး ဖြစ်နေကြောင်း ချက်ချင်း သိလိုက်ရသည်။

ယန်ချုံးက သူမပါးစပ်ကို ပိတ်ထားရင်း ကျန်လက်တစ်ဖက်ဖြင့် သူ၏ နှုတ်ခမ်းပေါ် လက်ညှိုးတင်ကာ တိတ်တိတ်နေရန် အချက်ပြလိုက်သည်။ အဓိပ္ပါယ်မှာ သူမကို မအော်ရန်နှင့် အခြေအနေကို ဆက်လက် စောင့်ကြည့်နေရန် ပြောခြင်းပင်။ ယန်ရှောင်ကျွမ်းသည် အကြောင်းစုံကို သေချာ မသိသော်ငြား အစ်ကိုဖြစ်သူ၏ စကားကို နားထောင်သော အားဖြင့် ခေါင်းညိတ်ပြကာ ဆက်လက် နှုတ်ဆိတ်နေလိုက်သည်။

သူခိုးဘုရင် ပန့်ကန့်လေးကတော့ သူ့ကို လူနှစ်ယောက်လုံးလုံး စောင့်ကြည့်နေသည်အား အလျဉ်း မသိရှာပေ။ ခွေးခြေခုံကို တိုက်မိစဉ်က အတော်လေး လန့်သွားခဲ့သော်လည်း အိမ်ထဲက လူများ မည်သို့မျှ တုံ့ပြန်မှု မရှိသည်ကို တွေ့လိုက်ရသောအခါ အားလုံးပင် အသေအချာ အိပ်မောကျနေပြီ ဟုသာ အထင်ရောက်သွားလေသည်။

သူသည် ရင်ထဲမှ အလုံးကြီး ကျသွားသလို သက်ပြင်းချလိုက်ပြီး အရှေ့သို့ ဆက်လက် စမ်းသပ်သွားရာ မကြာမီမှာပင် စားပွဲဆီသို့ ရောက်ရှိသွားသည်။ ထို့နောက် စားပွဲပေါ်တွင် ဟိုဟိုဒီဒီ စမ်းသပ်ရှာဖွေရင်း ယုန်သားများ ထည့်ထားသည့် ဇလုံကို ချက်ချင်းပင် တွေ့ရှိသွားလေတော့သည်။

ဤအချိန်တွင်တော့ ပန့်ကန့် တစ်ယောက် ဝမ်းသာလုံး ဆို့သွားရသည်။ သူ အိပ်မက် မက်နေရသည့် အသားများမှာ နောက်ဆုံးတော့ လက်ဝယ်သို့ ရောက်ရှိလာခဲ့ပြီ မဟုတ်ပါလော။ သူ မနေနိုင်တော့ဘဲ အသားတစ်တုံးကို ယူကာ ပါးစပ်ထဲသို့ အရင်ကောက်ထည့် လိုက်သည်။

‘မွှေးလိုက်တာ... တကယ် မွှေးတာပဲ။ ဒါက ဟိုဆားနယ် မုန်လာဥတွေထက် အဆပေါင်း သိန်းသောင်းမက ပိုကောင်းနေတော့တာပဲ’

ပန့်ကန့်လည်း ဘာကိုမျှ ဆက်မတွေးနေတော့ဘဲ ဟင်းဇလုံကို ပိုက်ကာ နောက်လှည့်၍ အပြင်သို့ ထွက်ရန် ပြင်လိုက်သည်။

ခုတင်ပေါ်ရှိ ယန်ရှောင်ကျွမ်းမှာ မျက်လုံးများ ပြူးကျယ်သွားပြီး အံ့သြတကြီးဖြင့် ယန်ချုံးကို ကြည့်ကာ ပန့်ကန့် ရှိရာသို့ လက်ညှိုးထိုးပြလိုက်သည်။ သူမ၏ အမူအရာက မေးခွန်းထုတ်နေသယောင်။

“အစ်ကိုကြီး… သူ ငါတို့အိမ်က ပစ္စည်းခိုးနေတာကို မမြင်ဘူးလား။ ဘာလို့ သူ့ကို မဖမ်းတာလဲ”

သို့သော် ယန်ချုံးကမူ တိတ်တိတ်နေရန်သာ ထပ်မံ အချက်ပြပြီး သူမကို ဆက်လက် နှုတ်ဆိတ်နေစေသည်။ ထိုအစား သူသည် ခုတင်ခေါင်းရင်းတွင် ထားရှိသော တောကြက်များအနက်မှ တစ်ကောင်ကို ကောက်ယူလိုက်ပြီး ပန့်ကန့် ဖြတ်လျှောက်သွားမည့် လမ်းကြောင်းပေါ်တွင် တိတ်တဆိတ် ချထားလိုက်လေသည်။ ယန်ရှောင်ကျွမ်းကတော့ ဘာတွေဖြစ်နေမှန်း လုံးဝနားမလည် နိုင်တော့ဘဲ ပါးစပ် အဟောင်းသားဖြင့်သာ ငေးကြည့်နေမိတော့သည်။

ပန့်ကန့်သည် ခြေလှမ်းများကို အလွန် ဖြည်းညင်းစွာ လှမ်းနေသည်။ ကျားကျန်းရှစ်၏ ဆုံးမစကားများကို တစ်စက္ကန့်လေးမျှပင် မမေ့လျော့ဝံ့ပေ။

‘ဒီအိမ်ထဲက မထွက်ရသေးသရွေ့ အန္တရာယ် မကင်းသေးဘူး ဆိုတာကြောင့် လုံးဝ ပေါ့ဆလို့ မရပါဘူး’

ခြေလှမ်း အနည်းငယ် လှမ်းအပြီးတွင်တော့ ယန်ချုံး ချထားသော တောကြက်ကို ခြေထောက်ဖြင့် သွားတိုက်မိလေသည်။ သူ ခြေလှမ်းများ တန့်သွားပြီး စောစောကကဲ့သို့ ခွေးခြေခုံကို တိုက်မိမည်စိုးသဖြင့် ရှေ့သို့ ဆက်မလျှောက်ရဲတော့ပေ။ ထိုအစား ဟင်းဇလုံကို ရင်ဘတ်တွင် လက်တစ်ဖက်ဖြင့် ပိုက်ထားရင်း ခါးကို ကိုင်းကာ ကျန်လက်တစ်ဖက်ဖြင့် စမ်းကြည့်လိုက်သည်။ မကြာမီမှာပင် တောကြက်၏ အမွေးများကို အထိအတွေ့ ရလိုက်သည်။

ဉာဏ်များသော ပန့်ကန့်သည် ချင်ဟွိုင်ရူနှင့် ကျားတုန်းရွှီတို့ ပြောခဲ့သည့် တောကြက်အကြောင်းကို ချက်ချင်း သတိရသွားသည်။ နောက်ထပ် နှစ်ကြိမ်ခန့် စမ်းကြည့်လိုက်သောအခါ စိတ်လှုပ်ရှားလွန်းသဖြင့် ခုန်တောင် ခုန်မိမတတ် ဖြစ်သွားလေတော့သည်။

‘အဘွား… အဘွားတော့ သေချာပေါက် ထင်ထားမှာ မဟုတ်ဘူး။ သားက ဒီည အသားရခဲ့ရုံ သာမကဘူး။ တောကြက်ကြီး တစ်ကောင်ပါ ရခဲ့တယ်။ ဒီညတော့ သား ယုန်သား စားမယ်။ မနက်ဖြန်ကျရင် တောကြက်စားမယ်’

ပန့်ကန့်က တွေးရင်း သွားရည်များပင် ကျလာသည်။

သူက လက်တစ်ဖက်ဖြင့် ဟင်းဇလုံကို ကျစ်ကျစ်ပါအောင် ပိုက်ထားပြီး တခြားလက်တစ်ဖက်ဖြင့် မြေပြင်ပေါ်ရှိ တောကြက်ကို စမ်းသပ်ကာ ဆွဲမလိုက်သည်။ ထို့နောက် ယိုင်တိယိုင်တိုင်ဖြင့် အပြင်ဘက်သို့ ထွက်သွားတော့သည်။

ယန်ရှောင်ကျွမ်းမှာ ကြည့်နေရင်း မျက်လုံးများ ကျွတ်ကျမတတ် ဖြစ်ကာ စိတ်ထဲမှ နေ၍ ရေရွတ်လိုက်မိသည်။

‘အစ်ကိုကြီးချုံး... မဖမ်းသေးဘူးလား’

သို့သော် ယန်ချုံးကတော့ အေးအေးလူလူပင် ဘာမှ မလှုပ်ရှားဘဲ စောင့်ကြည့်နေဆဲပင် ဖြစ်သည်။

ပန့်ကန့်သည် ဟင်းဇလုံကို ပိုက် ကြက်ကို ဆွဲရင်း တံခါးဝသို့ ရောက်လာသည်။ ဤအချိန်၌ ကျားကျန်းရှစ်၏ နောက်ဆုံး မှာကြားချက်ဖြစ်သည့် ‘ဒီတံခါးကနေ မထွက်သရွေ့ အန္တရာယ် ရှိနေတုန်းပဲမို့ အမြဲတမ်း သတိထားရမယ်’ ဆိုသော စကားကို သူ လုံးဝ မမေ့ပေ။

အသံ မထွက်စေရန်အတွက် သူက ဇလုံနှင့် ကြက်ကို မြေပြင်ပေါ်၌ အရင် သတိထား ချလိုက်ပြီး တံခါးရွက်ကို သတိထားကိုင်ကာ သူထွက်လို့ရမည့် အနေအထားအထိ တံခါးအဟကို တဖြည်းဖြည်းချင်း ချဲ့လိုက်သည်။ ထို့နောက်မှ ဇလုံကို ပြန်ပိုက် ကြက်ကို ပြန်ဆွဲပြီး ယန်မိသားစု၏ တံခါးပေါက်မှ နေ၍ ထွက်သွားလေတော့သည်။

နောက်ကျောဘက် တံခါးပေါက်မှ လွတ်လွတ်ကျွတ်ကျွတ် ထွက်လာနိုင်သော အခါမှသာ ပန့်ကန့်သည် သက်ပြင်းရှည်ကြီး တစ်ခုကို ခပ်မိုက်မိုက် ချလိုက်လေသည်။ သူ၏ မျက်နှာအထက်တွင် အောင်နိုင်သူ တစ်ဦး၏ ဂုဏ်ယူ ဝင့်ကြွားမှုများ အပြည့်အဝ နေရာယူထားပြီး တောကြက်ကြီးကို ဝင့်ကြွားစွာ မြှောက်ကိုင်ပြကာ သူ့အိမ်ရှိရာ ဘက်ဆီသို့ လှုပ်ရမ်းပြ လိုက်သည်။ မိမိ၏ အောင်ပွဲကို ကြွားလုံး ထုတ်လိုက်ခြင်းပင် ဖြစ်သည်။

ပန့်ကန့် တစ်ယောက် ယန်မိသားစုအိမ်ထဲမှ အန္တရာယ်ကင်းကင်း ထွက်လာနိုင်သည်ကို မြင်လိုက်ရသောအခါ တံခါးခန်းဆီးနောက်တွင် ပုန်းကွယ်၍ ရင်တထိတ်ထိတ်ဖြင့် စောင့်ကြည့်နေကြသော ကျားကျန်းရှစ်နှင့် ကျားတုန်းရွှီတို့ သားအမိ နှစ်ယောက်မှာလည်း နောက်ဆုံးတော့ သက်ပြင်းချနိုင်သွား ကြလေသည်။

“ဘယ်လိုလဲ ငါပြောသားပဲ။ ငါတို့အိမ်က ပန့်ကန့်က အတော်ဆုံးပါဆို။ ကြည့်စမ်း... ဒီအသားတွေ ယူလာနိုင်ခဲ့ပြီ မဟုတ်လား”

ကျားကျန်းရှစ်က မျက်နှာတွင် ဂုဏ်ယူမှုများ အပြည့်ဖြင့် ပြောလိုက်သည်။ ဤအချိန်တွင် သူမ၏ သွန်သင်ဆုံးမမှု အောက်၌ ကျားမိသားစု ပြန်လည်ထွန်းတောက် လာရန် မျှော်လင့်ချက် ရောင်ခြည်များ သန်းလာပြီ ဖြစ်ကြောင်းနှင့် ကျားကန့် ပန့်ကန့်သည် ကျားမိသားစု၏ အားထားရမည့် မဏ္ဍိုင်ကြီး ဖြစ်လာကာ အခြားသူများ အားကျရသည့် အဆင့်အတန်း တစ်ခုသို့ ရောက်ရှိလာတော့မည်ဟု သူမ ခံစားလိုက်ရသည်။

“အမေ... ပန့်ကန့်က တောကြက် တစ်ကောင်ပါ ယူလာတယ်။ အကြီးကြီးပဲ...”

ကျားတုန်းရွှီမှာ သွားရည်များပင် ကျမတတ်ဖြစ်ကာ ပြောလိုက်သည်။

အောင်ပွဲခံလာသည့် သူရဲကောင်းလေး ပန့်ကန့် အိမ်ပြန်လာသည်ကို ကြိုဆိုရန် သားအမိ နှစ်ယောက်စလုံး အဆင်သင့်ဖြစ်နေကြပြီ။ သူပြန်ရောက်သည်နှင့် တစ်ယောက်က ယုန်သားကို ယူ နောက်တစ်ယောက်က တောကြက်ကို ယူကာ အဘွား၊ သား၊ မြေး သုံးဆက် အရသာရှိသည့် ဟင်းလျာများကို အတူတူ ဝေမျှ စားသောက်ကြမည့် ကြည်နူးဖွယ် မြင်ကွင်းကို စိတ်ကူးယဉ် ပြင်ဆင်နေကြသည်။

သို့သော် ထိုအချိန်မှာပင် ပန့်ကန့်၏ ကျောဘက် တံခါးနောက်မှ နေ၍ ခြေထောက်တစ်ဖက် ရုတ်တရက် ထွက်ပေါ်လာပြီး ပန့်ကန့်၏ ကျောကုန်းကို တည့်တည့်မတ်မတ် ပြင်းပြင်းထန်ထန် ကန်ချလိုက်သည်ကို မြင်လိုက်ရလေသည်။

“သူခိုးဖမ်းကြပါ... ကျုပ်တို့အိမ်ကို သူခိုးဝင်နေတယ်...”

All Chapters