← Chapters

အခန်း ၂၁

Vol. 3 Ch. 21

အခန်း ၂၁

Vol. 3 Ch. 21

21

ကာယလေ့ကျင့်ခန်းများ အတန်ကြာ ပြုလုပ်ပြီးနောက် ရှောင်ကျိုးသည် ကိုယ်ဖော့ပညာ၏ နည်းစနစ်များနှင့် စိတ်ကမ္မဋ္ဌာန်းကျင့်စဉ်ကို စတင်သင်ယူနိုင်ခဲ့ပြီ ဖြစ်သည်။

ရှောင်ကျိုးက သိုင်းကျမ်းထဲတွင် ရေးသားထားသော စာသားများကို စိတ်ထဲမှ တိတ်တဆိတ် ရွတ်ဆိုလိုက်သည်။

​"ကိုယ်ဖော့ပညာ၏ အံ့မခန်းစွမ်းရည်မှာ စိတ်နှင့် ချီစွမ်းအင် ပေါင်းစပ်ညှိနှိုင်းမှုနှင့် ခန္ဓာကိုယ်နှင့် ပုံသဏ္ဌာန် တစ်သားတည်းကျမှုအပေါ်တွင် မူတည်သည်"

​တောင်စောင်းတစ်ခုသို့ ရောက်သောအခါ ရှောင်ကျိုး အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။ စာအုပ်ထဲမှ ညွှန်ကြားချက်များအတိုင်း သူမ၏ စိတ်ကမ္မဋ္ဌာန်းကျင့်စဉ်မှ ချီစွမ်းအင်ကို ခြေဖျားများဆီသို့ ပို့လွှတ်လိုက်ပြီး သစ်ပင်ပင်စည်ကို ဖွဖွလေး နင်းကာ ခန္ဓာကိုယ်ကို ပျံသန်းနေသော ငှက်တစ်ကောင်ပမာ အထက်သို့ ခုန်ပျံတက်စေလိုက်လေသည်။ သူမသည် ချီစွမ်းအင်ကို မြှင့်တင်ပြီး ခုန်ပျံသည့် နည်းစနစ်ကို လေ့ကျင့်ရင်း သစ်ပင်ပင်စည်များကြားတွင် ဆက်တိုက် ကွေ့ဝိုက်ခုန်ပျံကာ ကိုယ်ဖော့ပညာမှ ပေးစွမ်းသော လွတ်လပ်မှုနှင့် စိတ်လှုပ်ရှားကြည်နူးမှုကို ခံစားနေသည်။

​သူမ၏ဘေးတွင် ကြက်တစ်ကောင်လည်း ရှောင်ကျိုးနောက်မှ လိုက်ကာ သစ်ပင်ပင်စည်များကြားတွင် အဆက်မပြတ် ကွေ့ဝိုက်ခုန်ပျံနေတော့သည်။ ​

အချိန်အတန်ကြာ ဆက်တိုက် လေ့ကျင့်ပြီးနောက် ယွိဟွာမှာ သာမန်ကြက်တစ်ကောင် မဟုတ်တော့ဘဲ ကြက်နှင့်တူသော ငှက်တစ်ကောင် ဖြစ်လာခဲ့ပြီ ဖြစ်သည်။ ယခုအခါ သူမသည် လေထဲတွင် ငှက်တစ်ကောင်ပမာ လွတ်လပ်စွာ ပျံသန်းနိုင်နေပြီဖြစ်ရာ မြေပြင်ပေါ်မှ တောင်ပံခတ်နေကြသော ကြက်အုပ်ကြီးမှာ သူမကို အလွန်အားကျနေကြတော့သည်။

​ရှောင်ကျိုး ကိုယ်ဖော့ပညာကို တတ်မြောက်သွားသည့် အမြန်နှုန်းမှာ ယန်ချွဲ့၏ မျှော်မှန်းချက်ထက်ပင် ကျော်လွန်နေခဲ့ပေသည်။ သူမ၏ ပါရမီက ဤမျှအထိ မြင့်မားနေလိမ့်မည်ဟု ယန်ချွဲ့ ထင်မထားခဲ့ချေ။ အခြားသူများက အခြေခံ လှုပ်ရှားမှုများကို လေ့ကျင့်နေကြဆဲ အချိန်တွင် ရှောင်ကျိုးက အားလုံးကို တတ်မြောက်သွားခဲ့ပြီ ဖြစ်သည်။ သူမမှာ တကယ့်ကို သရဲဘီလူးလေး တစ်ကောင်ပင် ဖြစ်သည်။

​ယန်ချွဲ့ကို ပို၍ အံ့အားသင့်စေသည်မှာ ယွိဟွာဟုခေါ်သော တောကြက်မက ယခုအခါ နေ့စဉ်နှင့်အမျှ ပိုမြင့်မြင့်နှင့် ပိုဝေးဝေး ပျံသန်းနိုင်လာခြင်းပင် ဖြစ်ပြီး ယန်ချွဲ့ကို လုံးဝ မှင်သက်သွားစေခဲ့လေသည်။

‘​ပါရမီရှင်တွေ မွေးထားတဲ့ တိရစ္ဆာန်တွေကပါ ပါရမီ ပါလာကြတာများလား’

​အကယ်၍ သူသာ ရှောင်ကျိုးနှင့် တိုက်ခိုက်ရလျှင် သေချာပေါက် နိုင်မည်မဟုတ်ဟု ယန်ချွဲ့ တွေးလိုက်မိသည်။ လွန်ခဲ့သော ရက်အနည်းငယ်က သူ၏ လေ့လာစောင့်ကြည့်မှုများအရ ထိုကောင်မလေး၏ ခွန်အားနှင့် အမြန်နှုန်းမှာ ကြောက်ခမန်းလိလိပင် ဖြစ်ပေသည်။

​အသက်ရှည်ခြင်း ခန်းမမှ အဘိုးကြီးများသာ ဤကလေးမလေးကို ယှဉ်နိုင်လိမ့်မည်ဟု သူ သံသယဝင်လာမိသည်။

​တောင်ပေါ်တွင် လေ့ကျင့်နေရသော ဤကာလအတွင်း ရွာထဲမှ ကလေးများမှာ တစ်နေ့တခြား ပို၍ သန်စွမ်းလာကြလေသည်။

အထူးသဖြင့် ကလေးများထဲတွင် ပါရမီအရှိဆုံးနှင့် သင်ယူမှုအမြန်ဆုံးဖြစ်သော ကျောက်ဟူပင်။ လက်ရှိ ကျောက်ဟူသည် သူ၏ဖခင် နှစ်ယောက်စာလောက်ကိုပင် အသာလေး နိုင်နေပြီ ဖြစ်သည်။ အရင်ရက်ပိုင်းက ကျောက်ဟူမှာ ဖခင်ဖြစ်သူကို ဒေါသထွက်အောင် လုပ်မိသဖြင့် ဖခင်ဖြစ်သူက သူ့ကို နေ့တစ်ဝက်တိတိ လိုက်ဖမ်းခဲ့သော်လည်း မမိခဲ့ဟု ဆိုကြသည်။ ယခု သူ၏ဖခင်သည်လည်း ဆရာယန်ထံတွင် သိုင်းပညာ လာရောက် သင်ယူနေလေပြီ။

​ယခုအခါ ယောင်္ကျား မိန်းမ၊ အသက်အရွယ်မရွေး ရွာသားအားလုံးက သူတို့၏ ကလေးများကို မရှုံးစေရန်အတွက် အားလပ်ချိန်ရတိုင်း ဆရာယန်ထံသို့ သွားရောက်၍ သိုင်းပညာ သင်ယူနေကြပေသည်။

ရွာထဲရှိ လူကြီးများနှင့် ကလေးများမှာ မည်သူက ပို၍ ကောင်းစွာ သင်ယူနိုင်ပြီး မည်သူက သိုင်းပညာတွင် ပို၍ သန်မာသည်ကို ယခုအခါ တိတ်တဆိတ် ယှဉ်ပြိုင်နေကြလေသည်။

​သူတို့တစ်သိုက်သည် မည်သူက သားကောင် အများဆုံး အမဲလိုက်နိုင်သလဲ ဟူသည်ကို ယှဉ်ပြိုင်ရန် နေ့စဉ် တောင်ပေါ်သို့ တက်ကြသည်။ ယခုအခါ ပတ်ဝန်းကျင် တစ်ဝိုက်ရှိ တိရစ္ဆာန်များမှာ ထောင်ယွမ်ရွာကို ရှောင်ကွင်းသွားလာနေကြပြီ ဖြစ်သည်။

​မကြာသေးမီက အမဲလိုက်ရရှိသော သားကောင်များကို မြို့တွင် သွားရောက်ရောင်းချရာမှ ရရှိသော ငွေများက ရွာသားအများအပြားအတွက် အိမ်သစ်ဆောက်ရန်ပင် လုံလောက်နေပြီဟု ဆိုကြပေသည်။

လတ်တလောတွင် မြို့မှ ဆိုင်ရှင်ရွှီမှာ နေ့စဉ် မျက်နှာပွင့်လန်းကာ ပြုံးပျော်နေတော့သည်။ သူက အဘွားဝမ်၏ မွေးနေ့ပွဲအတွက် ဧည့်ခံပွဲအော်ဒါကို အောင်မြင်စွာ ရရှိခဲ့ရုံသာမက ယုံဖူ စားသောက်ဆိုင်မှာလည်း မြို့တွင် အအောင်မြင်ဆုံး စားသောက်ဆိုင်အဖြစ် ရုတ်တရက် ပြောင်းလဲသွားခဲ့လေသည်။

​ထို့အပြင် လျို့တကျူနှင့် ကျောက်တလန်တို့လည်း မြို့တွင် တိရစ္ဆာန်ပုံစံ အဝတ်အိတ်များနှင့် သကြားလုံးများ ရောင်းချရာ၌ စီးပွားရေး အလွန်ကောင်းမွန်နေကြသည်။

​အဒေါ်လျို့သည် အဝတ်အိတ်များ ချုပ်လုပ်သည့် အလုပ်ကို ရွာအတွင်း တစ်ပိုင်တစ်နိုင် စက်မှုလုပ်ငန်းစု တစ်ခုအဖြစ် တိုးချဲ့တည်ထောင်လိုက်ပြီ ဖြစ်သည်။ ရွာထဲမှ အဒေါ်ကြီးများမှာ နေ့စဉ် ပုံစံအမျိုးမျိုးကို အိမ်တွင် ပြုလုပ်လေ့လာနေကြပြီး ပုံစံကြမ်းအတိုင်း လိုက်လံပန်းထိုးခြင်းမှသည် တီထွင်ဆန်းသစ်မှု အမျိုးမျိုးကို ဖန်တီးနိုင်သည်အထိ တိုးတက်လာကြပေသည်။

​ရွာထဲရှိ ကျောင်းကိုလည်း ရှောင်ကျိုး၏ လိုအပ်ချက်များနှင့်အညီ တည်ဆောက်ပြီးစီးသွားပြီ ဖြစ်သည်။ အဘိုးရွှီက ထိုကျောင်းအတွက် အမည်တစ်ခုကိုပင် ကိုယ်တိုင် ရေးသားပေးခဲ့သည်။ ယင်းမှာ ထောင်ယွမ် ပညာ့ဗိမာန်ပင် ဖြစါသည်။

ထိုအချိန်မှစ၍ ထောင်ယွမ်ရွာမှ ကလေးများမှာ မနက်ပိုင်းတွင် စာသင်ပြီး နေ့လယ်ပိုင်းတွင် သိုင်းကျင့်ကြကာ ပြည့်စုံသော ဘဝများကို ပိုင်ဆိုင်လာကြလေသည်။

​အဘိုးရွှီသည် မြို့ရှိကျောင်းမှ ဆရာအားလုံးထက် ပို၍ စွမ်းဆောင်နိုင်ပြီး အရာအားလုံးကို သိသည်ဟု ဝမ်ကျန့်ယီက ဆိုသည်။ ဝမ်ကျန့်ယီမှာ အဘိုးရွှီ၏ သစ္စာရှိ ပရိသတ်တစ်ဦး ဖြစ်လာခဲ့ပြီး တစ်ရက်ကို ၂၄ နာရီလုံးလုံး အဘိုးရွှီနောက်သို့ လိုက်နေချင်စိတ်ပင် ပေါက်နေတော့သည်။

​ရွာ၏ လူနေမှုဘဝက ရှောင်ကျိုး မျှော်မှန်းထားသော စံပြအခြေအနေသို့ တဖြည်းဖြည်း တိုးတက်လာနေပေသည်။ ရွာသားများ၏ ဘဝများမှာ တိုးတက်ကောင်းမွန်လာပြီး ရွာမှ ကလေးများမှာလည်း ယခုအခါ ဖတ်စရာ စာအုပ်များ ရှိလာကြပြီ ဖြစ်သည်။

​ထောင်ယွမ်ရွာသည် ပတ်ဝန်းကျင် တစ်ဝိုက်တွင် အဆင်းရဲဆုံးရွာ မဟုတ်တော့ချေ။ အနီးအနားရွာအချို့မှ လူများက ရွာထဲရှိ လူပျိုလူမိုက်များနှင့် မိန်းမပျိုလေးများကို စုံစမ်းရန် အောင်သွယ်တော်များကို စေလွှတ်လာကြသည်။ အောင်သွယ်တော် အတော်များများက လျို့တကျူကိုပင် မိန်းမပေးစားရန် ကြိုးစားနေကြသည်ဟု ဆိုကြပေသည်။

​'ဂုဏ်ယူပါတယ် Host၊ ကိုယ်ဖော့ပညာကို ကျွမ်းကျင်စွာ တတ်မြောက်သွားတဲ့အတွက် ဆုလက်ဆောင် - အမှတ် ၁၀၀ နှင့် ကံစမ်းမဲ တစ်စောင်’

​'ဂုဏ်ယူပါတယ် Host ၊ ရွာသားတွေကို ကြီးပွားတိုးတက်အောင် ကူညီပေးနိုင်ခဲ့တဲ့အတွက် ဆုလက်ဆောင် - အမှတ် ၂၀၀ နှင့် ကံစမ်းမဲ တစ်စောင်’

​'ဂုဏ်ယူပါတယ် Host၊ ရွာမှာ ကျောင်းဆောက်ဖို့ ကူညီပေးနိုင်ခဲ့တဲ့အတွက် ဆုလက်ဆောင် - အမှတ် ၃၀၀ နှင့် ကံစမ်းမဲ တစ်စောင်’

​အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့သော ထိုအသံမှာ ထပ်မံထွက်ပေါ်လာပြီး ချက်ချင်းပင် အံ့ဩစရာများကို ယူဆောင်လာပေးလေသည်။

​"ဆုလက်ဆောင်တွေ အများကြီးပါလား"

ရှောင်ကျိုးက ပျော်ရွှင်စွာ မေးလိုက်သည်။

​'ဟုတ်ပါတယ် Host၊ ဒါက လတ်တလော ကြိုးပမ်းအားထုတ်မှုတွေအတွက် သင်နဲ့ထိုက်တန်တဲ့ အရာတွေပါ၊ Host အနေနဲ့ ဆက်လက်ကြိုးစားပြီး အရည်အချင်းပြည့်မီတဲ့ ရွာလူကြီးတစ်ယောက် ဖြစ်လာဖို့ မျှော်လင့်ပါတယ်’

​စနစ်မှ သူမကို ခွန်အားပေးစကား ပြောလိုက်သည်။

​ရှောင်ကျိုးသည် ကံစမ်းမဲကို ချက်ချင်း နှိုက်လိုက်သည်။ ပထမအကြိမ် မဲနှိုက်ရာတွင် ငရုတ်မျိုးစေ့ တစ်ထုပ် ရရှိလေသည်။

ဒုတိယအကြိမ် မဲနှိုက်ရာတွင် သိုလှောင်အိတ် တစ်လုံး ရရှိသည်။

တတိယအကြိမ် မဲနှိုက်ရာတွင် ခွန်အားကြီးဆေးလုံး တစ်လုံး ရရှိပေသည်။

​’သိုလှောင်အိတ် ဟုတ်လား’

​ရှောင်ကျိုးမှ ထိုအိတ်ကို စစ်ဆေးကြည့်ရန် ချက်ချင်း ကောက်ယူလိုက်သည်။ သူမ ယခင်က သိုင်းကျင့်စဉ် ဝတ္ထုများ ဖတ်ဖူးပြီး သိုလှောင်အိတ်များမှာ ပစ္စည်းများစွာကို သိုလှောင်ထားနိုင်သည်။

​ရှောင်ကျိုးက စနစ်ကို မေးလိုက်သည်။

​"ဒါကို ဘယ်လိုသုံးရမလဲ၊ အသက်သွင်းဖို့ သွေးစက်ချဖို့ လိုလား"

​"မှန်ပါတယ်"

စနစ်က ပြန်ဖြေလေသည်။

​ရှောင်ကျိုးမှ သူမ၏ လက်ချောင်းကို ချက်ချင်းကိုက်ကာ သွေးစက်အနည်းငယ် ချလိုက်လေသည်။ ခဏအကြာတွင် သူမ၏ စိတ်နှင့် သိုလှောင်အိတ်ကြားတွင် ဆက်သွယ်မှုတစ်ခု ဖြစ်ပေါ်လာသည်။

​ပစ္စည်းတစ်ခုကို သိုလှောင်လိုသောအခါ ထုထည် မည်မျှပင် ကြီးမားစေကာမူ အရာဝတ္ထုကို အတွင်းသို့ တိုက်ရိုက် ထည့်လိုက်ရုံဖြင့် အိတ်မှာ မည်သည့် အပြောင်းအလဲမှ ဖြစ်မသွားကြောင်း သူမ တွေ့ရှိလိုက်ရသည်။ ပစ္စည်းတစ်ခုကို ပြန်လည် ထုတ်ယူလိုသောအခါ သူမလိုချင်သော အရာဝတ္ထုကို စိတ်ကူးလိုက်ရုံဖြင့် သိုလှောင်အိတ်ထဲရှိ ထိုပစ္စည်းက သူမ၏ ဆန္ဒအတိုင်း လက်ထဲသို့ ချက်ချင်း ရောက်ရှိလာပေသည်။

ထိုဆုလက်ဆောင်မှာ အတိအကျပင် ရှောင်ကျိုး လိုချင်နေသော အရာဖြစ်သဖြင့် သူမ အလွန် ကျေနပ်သွားလေသည်။

ရှောင်ကျိုးမှ ငရုတ်မျိုးစေ့များနှင့် ခွန်အားကြီးဆေးလုံးကို သိုလှောင်အိတ်ထဲသို့ ထည့်လိုက်သည်။

​စနစ်၏ အသံ ထပ်မံ ထွက်ပေါ်လာပြန်သည်။

​'ဂုဏ်ယူပါတယ် Host၊ အမှတ် ၁၀၀၀ ပြည့်သွားတဲ့အတွက် ဈေးဝယ်စင်တာရဲ့ ဒုတိယအဆင့်ကို ဖွင့်လှစ်ပေးလိုက်ပါပြီ’

​ရှောင်ကျိုးက ဈေးဝယ်စင်တာ မျက်နှာပြင်ကို အမြန်ဖွင့်ကြည့်လိုက်သည်။

လဲလှယ်နိုင်သော ပစ္စည်းများမှာ -

​မီးခြစ် - ၂ မှတ်

​လေးခွ - ၃ မှတ်

​လက်နှိပ်ဓာတ်မီး - ၅ မှတ်

​မှန်ပြောင်း - ၁၀ မှတ်

​လျှပ်စစ်တုတ် - ၁၅ မှတ်

"ဝါး၊ ကုန်စုံဆိုင်ကြီးကျနေတာပဲ၊ စနစ် ဈေးဝယ်စင်တာရဲ့ တတိယအဆင့်ကို ဖွင့်ဖို့ဆိုရင် အမှတ်ဘယ်လောက် လိုလဲ"

ရှောင်ကျိုးမှ မေးလိုက်သည်။

​'တတိယအဆင့်ကို ဖွင့်ဖို့ အမှတ် ၅၀၀၀ လိုအပ်ပါတယ်၊ ကျေးဇူးပြုပြီး ဆက်လက် ကြိုးစားပါ Host’

​"ဒါဆို တတိယအဆင့်မှာ ဘာရှိလဲဟင်"

​'Host အနေနဲ့ အမှတ်ပြည့်လို့ တတိယအဆင့်ကို ဖွင့်လိုက်တာနဲ့ ဘာလဲဆိုတာ သိရမှာပါ'

စနစ်က စက်ရုပ်ဆန်ဆန် ပြန်ဖြေလေသည်။

​လှည့်ပတ်မေး၍ မရမှန်း သိလိုက်ရသဖြင့် ရှောင်ကျိုး လက်လျှော့လိုက်တော့သည်။

သူမက ဈေးဝယ်စင်တာ၏ ဒုတိယအဆင့်ကို ဆက်လက် လေ့လာနေလိုက်သည်။

​သို့သော် ပစ္စည်းအနည်းငယ်ကို ကြည့်ရှုပြီးသွားချိန်မှာပင် ခြံဝင်းအပြင်ဘက်မှ ဆူညံသံများ ထွက်ပေါ်လာလေသည်။

​"ရွာလူကြီးလေး၊ ရွာလူကြီးလေး၊ ကြောက်စရာ‌ကောင်းတဲ့ ကိစ္စတစ်ခု ဖြစ်သွားပြီ၊ အားသို့နဲ့ ကျောက်ဟူကို တောင်ပေါ်မှာ ဝတ်ရုံနက်လူတွေ ပြန်ပေးဆွဲသွားပြီ"

​တနွီနှင့် ရှင်းအာတို့က ရွာလူကြီးလေးကို ရှာရန် ခြံဝင်းထဲသို့ အပြေးအလွှား ဝင်လာကြသည်။

သူတို့ရွာမှ မဟုတ်သော ကောင်မလေး နှစ်ယောက်လည်း သူတို့နောက်မှ လိုက်ပါလာကြသည်။

​"ဘာဖြစ်တာလဲ"

ရှောင်ကျိုး ချက်ချင်း မေးလိုက်သည်။

All Chapters