← Chapters

အခန်း ၂၂

Vol. 3 Ch. 22

အခန်း ၂၂

Vol. 3 Ch. 22

22

တနွီက ကျဆင်းလာသော မျက်ရည်များကို သုတ်ရင်း ကြောက်လန့်တကြားဖြင့် ပြောလိုက်လေသည်။

​"လွန်ခဲ့တဲ့ရက်အနည်းငယ်က ကျောက်ဟူ၊ အားသို့ နဲ့ ထျဲနျူတို့က ဘေးရွာက ကောင်လေးတွေနဲ့ ဒီနေ့ အနောက်ဘက်တောင်မှာ ချိန်းပြီး ရန်ဖြစ်ကြမလို့လေ၊ နိုင်တဲ့သူက နောက်ဆို ဗိုလ်လုပ်ရမယ်ဆိုပြီး လောင်းထားကြတာ"

​"ရှင်းအာနဲ့ သမီးက ပွဲကြည့်ရအောင် သူတို့နောက် လိုက်သွားခဲ့တာ၊ အဲ့ဒီနားမှာ ဟင်းရွက်ခူးနေတဲ့ ဘေးရွာက ကျောက်တိနဲ့ ချွေးအာတို့ကို တွေ့လိုက်ရလို့ မတွေ့ရတာကြာပြီဖြစ်တဲ့ သူတို့နဲ့ စကားရပ်ပြောနေလိုက်တာ၊ ကျောက်ဟူတို့အုပ်စုနောက် မလိုက်ဖြစ်တော့ဘူး၊ ခဏနေတော့ ဝတ်ရုံနက်ဝတ် လူတစ်စု ရုတ်တရက် ပေါ်လာပြီး သူတို့မျက်နှာတွေကို အမှုန့်တွေနဲ့ ပက်လိုက်တာ အကုန်လုံး မေ့လဲသွားကြတယ်၊ ပြီးတော့ အဲ့ဒီလူတွေက သူတို့ကို ထမ်းခေါ်သွားကြတာပဲ"

​ဝတ်ရုံနက်ဝတ်လူများ ပေါ်လာချိန်တွင် တနွီနှင့် အခြားသူများမှာ ကျောက်တုံးကြီးတစ်ခု၏ အနောက်တွင် ထိုင်ကာ စကားပြောနေခဲ့ကြခြင်း ဖြစ်သည်။ ထိုလူများကို မြင်လိုက်ရသည်နှင့် တနွီနှင့် ရှင်းအာက ကျောက်တိနှင့် ချွေးအာတို့၏ ပါးစပ်များကို အမြန်ပိတ်ထားလိုက်ကြသည်။

အသံထွက်သွားပါက သူတို့ပါ ဖမ်းခေါ်ခံရမည်ဖြစ်ပြီး သတင်းပြန်ပို့မည့်သူ ရှိတော့မည်မဟုတ်ဟု စိုးရိမ်သွားသောကြောင့် ဖြစ်သည်။ ထိုလူများ ထွက်သွားမှသာ တနွီမှ ရွာလူကြီးလေးကို ရှာရန် ကောင်မလေးများကို ခေါ်ပြီး တောင်အောက်သို့ အမြန်ဆင်းလာခဲ့တော့သည်။

​"ဝတ်ရုံနက်လူ အတော်များများ ဟုတ်လား၊ ဘယ်သူတွေ အဖမ်းခံလိုက်ရတာလဲ"

ရှောင်ကျိုးက တည်ငြိမ်စွာ မေးလိုက်သည်။

ယခုအချိန်တွင် ​ထိတ်လန့်ပြာယာခတ်နေ၍ အသုံးမဝင်ပေ။ မှန်ကန်သော ဆုံးဖြတ်ချက်တစ်ခု ချနိုင်ရန်အတွက် အဖြစ်အပျက် အမှန်ကို သူမ သိရှိရန် လိုအပ်လေသည်။

​"ဝတ်ရုံနက်လူ ၅ ယောက်၊ အဖမ်းခံရတဲ့ ကလေးက ၆ ယောက်ပါ၊ ကျွန်မတို့ရွာက ကျောက်ဟူ၊ အားသို့ နဲ့ ထျဲနျူ၊ ရှဟယ်ရွာက ရွှမ်ဇီ ပြီးတော့ ရှင်းဟွာရွာက ကျူဇီ နဲ့ ဟေးဝါတို့ပါ"

​တနွီက စကားလုံးတစ်လုံးချင်းစီကို ပီပီသသ ပြန်ဖြေလိုက်လေသည်။

မိန်းကလေးများမှာ တုန်လှုပ်နေဆဲပင် ဖြစ်သည်။ သူတို့တွေ အသံမထွက်ဘဲ နေခဲ့ကြ၍သာ တော်တော့သည်။ မဟုတ်လျှင် သူတို့ပါ အဖမ်းခံရမည်ဖြစ်ပြီး သတင်းပို့မည့်သူပင် ကျန်ခဲ့မည် မဟုတ်ချေ။

​"နင်တို့နှစ်ယောက် ကိုယ့်ရွာကိုယ် ပြန်ပြီး သတင်းသွားပို့ကြ၊ တနွီနဲ့ ရှင်းအာက ရွာအကြီးအကဲကို သွားရှာ၊ ငါ တောင်ပေါ် အရင်တက်သွားနှင့်မယ်"

​ရှောင်ကျိုးက လှမ်းအော်ကာ မှာကြားခဲ့ပြီး တောင်ပေါ်သို့ စတင်တက်သွားလေသည်။

ဆူညံသံများ ကြားလိုက်ရသဖြင့် ယန်ချွဲ့ အိမ်ထဲမှ ထွက်လာသည်။

​"ငါ မင်းနဲ့အတူ တောင်ပေါ် လိုက်ခဲ့မယ်"

​ထိုလူစုမှာ ချက်ချင်းပင် လမ်းခွဲလိုက်ကြတော့သည်။

ရှောင်ကျိုးနှင့် ယန်ချွဲ့တို့က အနောက်ဘက်တောင်ရှိ ကလေးများ ပျောက်ကွယ်သွားသည့် နေရာသို့ ရောက်ရှိလာကြသည်။

​တိုက်ခိုက်ထားသည့် လက္ခဏာ တစ်စုံတစ်ရာမျှ မတွေ့ရပေ။ သေချာပေါက် ဝတ်ရုံနက်လူများက ကလေးများ ပြန်လည်မခုခံနိုင်မီ ဆေးခတ်လိုက်ခြင်းသာ ဖြစ်ပေမည်။ ယန်ချွဲ့ ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး မြက်ပင်ပေါ်မှ အမှုန့်အနည်းငယ်ကို ယူကာ နမ်းကြည့်လိုက်သည်။

​"မေ့ဆေးပဲ"

သူက ပြောလိုက်သည်။

​"ဘယ်လိုအမျိုးအစားလဲ အနံ့ရလား"

​ရှောင်ကျိုးလည်း ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး အမှုန့်အနည်းငယ်ကို သူမ၏ နှာခေါင်းနားသို့ တေ့ကြည့်လိုက်သည်။ သို့သော် ယန်ချွဲ့က ချက်ချင်း ပုတ်ချလိုက်လေသည်။

​"ဒါ မေ့ဆေးလေ၊ မင်း အနံ့ခံလို့ မရဘူး"

​ရှောင်ကျိုး၏ ပြူးကျယ်နေသော မျက်လုံးများက သူ့ကို အပြစ်တင်နေသယောင် ရှိသည်။

‘ဒါဆို ရှင်ကရော ခုနက ဘာလို့ နမ်းကြည့်တာလဲ’

​"ငါ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံက သာမန်မဟုတ်ဘူး၊ ရိုးရိုးဆေးလောက်က ငါ့ကို အာနိသင် မပြနိုင်ဘူး"

ယန်ချွဲ့က မျက်နှာသေဖြင့် ပြန်ဖြေသည်။

​"ဪ"

​ရှောင်ကျိုးသည် လက်မှ အမှုန့်များကို ခါထုတ်လိုက်ပြီး သဲလွန်စများကို ဆက်လက် ရှာဖွေနေလိုက်သည်။ ​

လေပြင်းများ တိုက်ခတ်နေပြီး ပြန့်ကျဲနေသော ဖုန်မှုန့်များမှလွဲ၍ ဤနေရာမှာ အရင်ကအတိုင်း မည်သို့မျှမပြောင်းလဲဘဲ ရှိနေလေသည်။

​"ရွာလူကြီးလေး"

​အဝေးမှနေ၍ သားဖြစ်သူ၏ တွဲကူမှုဖြင့် တောင်ကုန်းကို တက်လာသော ရွာအကြီးအကဲအိုကြီး၏ အသံ ထွက်ပေါ်လာသည်။

သတင်းကြားပြီး လိုက်ပါလာကြသော အခြားရွာသားများလည်း တောင်ပေါ်သို့ မနည်း တက်လာနေကြရသည်။

​"ကျိန်စာသင့်မယ့် ဝတ်ရုံနက်ဝတ် မိစ္ဆာတွေ၊ ငါ့ရဲ့ ထျဲနျူလေးကိုများ ခိုးသွားရဲတယ်၊ ငရဲကျပါစေဟယ်"

​"သူတို့က လူကောင်းသူကောင်းတွေ မဟုတ်ဘူး၊ အသည်းနှလုံးမရှိတဲ့ ယုတ်မာတဲ့ကောင်တွေ၊ သနားစရာ ငါ့ အားသို့လေး"

​"ဟွန်း၊ မိလို့ကတော့ တစ်စစီ ခုတ်ထစ်ပစ်မယ်"

​"ဒီလူယုတ်မာတွေ ဘယ်က ရောက်လာတာလဲ၊ တို့ရွာတွေက အမြဲတမ်း အေးအေးချမ်းချမ်း ရှိနေတာကို၊ ဘယ်လိုလုပ် ဒီလို ဘေးဒုက္ခမျိုး ကြုံရတာလဲ"

​"အဲ့ဒီ ဝတ်ရုံနက်ဝတ် လူမိုက်တွေ ငါနဲ့ မတွေ့မိစေနဲ့၊ တွေ့လို့ကတော့ ငါ့တုတ်ကောက်နဲ့ သူတို့ခေါင်းကို ရိုက်ခွဲပစ်မယ်"

လူကို မမြင်ရသေးခင်မှာပင် အဘွားကြီးများ၏ ကျိန်ဆဲသံများက အရင် ထွက်ပေါ်လာလေသည်။

အကယ်၍ ပြန်ပေးဆွဲသူများသာ ထိုနေရာတွင် ရှိနေမည်ဆိုပါက ရွာသားများက သူတို့ကို လက်ဗလာဖြင့်ပင် ဆွဲဖြဲပစ်ကြမည်မှာ သေချာလှသည်။

​"ရွာလူကြီးလေး အစိုးရရုံးကို သွားတိုင်ကြစို့၊ သူတို့က နေ့ခင်းကြောင်တောင်ကြီး ကလေးတွေကို ပြန်ပေးဆွဲရဲတာ၊ အာဏာပိုင်တွေ အရေးယူပေးမှ ဖြစ်မယ်"

သားဖြစ်သူမှ ​တောင်ပေါ်သို့ တွဲခေါ်လာခြင်းခံရပြီး နောက်ဆုံးတွင် အမောဖြေနိုင်သွားသော ရွာအကြီးအကဲကျိုးက ပြောလိုက်သည်။

​အခြား ရွာအကြီးအကဲများမှာလည်း အလွန် စိုးရိမ်နေကြသည်။ နှစ်ပေါင်းများစွာကြာအောင် ဤရွာများမှာ ဆင်းရဲမွဲတေမှုသာ ရှိခဲ့ပြီး ဤကဲ့သို့ ဘေးဒုက္ခမျိုး တစ်ခါမှ မကြုံခဲ့ဖူးပေ။

ယခု တနွီနှင့် ရှင်းအာ ပြောပြချက်အရ ပြန်ပေးဆွဲသူများက လက်နက်များ ကိုင်ဆောင်ထားပြီး မေ့ဆေးများလည်း သုံးတတ်ကြောင်း ကြားသိရသောအခါ ရွာအကြီးအကဲများသည် ကလေးများအတွက် အဆိုးရွားဆုံး အခြေအနေများကိုပင် တွေးတာကာ ပူပန်နေကြလေပြီ။

​"ယွိဟွာ လည်း ကျောက်ဟူနဲ့အတူ တောင်ပေါ် တက်လာတာ မှတ်မိသေးတယ်"

ရှောင်ကျိုးက ရုတ်တရက် ပြောလိုက်သည်။

​"ဘာ၊ သူတို့က ကြက်တစ်ကောင်ကိုတောင် မချမ်းသာပေးဘူးလား"

အဘွားရွှီက စူးစူးဝါးဝါး အော်လိုက်သည်။

​"ဒီကျိန်စာသင့်နေတဲ့ မိစ္ဆာတွေ"

​"မဟုတ်လောက်ပါဘူး၊ ယွိဟွာက သူတို့နောက်ကို တမင် လိုက်သွားတာ ဖြစ်မယ်"

​ရှောင်ကျိုးက မြေကြီးကို လက်ညှိုးထိုးပြလိုက်ရာ ခပ်လှမ်းလှမ်းတွင် အရောင်အသွေးစုံလင်သော ကြက်စာများ ပြန့်ကျဲနေသည်ကို တွေ့လိုက်ရသည်။

​"ယွိဟွာက သူမစားတဲ့ ကြက်စာတွေချပြီး ခေါ်သွားတဲ့ နေရာရဲ့ လမ်းကြောင်း မှတ်သားပေးခဲ့တာပဲ"

​ရှောင်ကျိုးက ဤကြက်စာများကို စနစ်ထဲမှ အထူးတလည် လဲလှယ်ထားခြင်း ဖြစ်သည်။ ယွိဟွာ၏ အလှအပဆိုင်ရာ ထူးဆန်းသော အကြိုက်ကြောင့် ရှောင်ကျိုးက အမြဲတမ်း အရောင်အသွေး အစုံလင်ဆုံးများကိုသာ ရွေးချယ်ပေးလေ့ရှိသည်။

ယွိဟွာက လျှောက်သွားလွန်းပြီး အိမ်ပြန်လာခဲသဖြင့် ရှောင်ကျိုးက သူမကို အစာကျွေးရန် မကြာခဏ မေ့နေတတ်သည်။ သို့ဖြစ်ရာ ထိုကြက်မက စနစ်မှ လဲလှယ်ပေးသော အစာကိုသာ စားသည့် အကျင့်ဆိုးလေး ရှိနေလေသည်။

​ထို့ကြောင့် ရှောင်ကျိုးက နည်းလမ်းတစ်ခု စဉ်းစားမိသွားပြီး အဒေါ်လျို့ကို ယွိဟွာလွယ်ရန် အိတ်ငယ်လေးတစ်လုံး ချုပ်ခိုင်းခဲ့ကာ ကြက်မလေး ဗိုက်ဆာသောအခါ ကိုယ့်ဘာသာကိုယ် စားနိုင်ရန် စီစဉ်ပေးခဲ့ခြင်း ဖြစ်သည်။

ဤနေရာနှင့် ခပ်လှမ်းလှမ်းတွင် ပြန့်ကျဲနေသော ကြက်စာများကို မြင်လိုက်ရသောအခါ ယွိဟွာက လမ်းကြောင်း မှတ်သားပေးခဲ့ခြင်း ဖြစ်ကြောင်း ရှောင်ကျိုး သိလိုက်လေသည်။

​ရွာလူကြီးလေး၏ စကားကို ကြားသောအခါ ရွာသားများ၏ ရင်ထဲတွင် မျှော်လင့်ချက် ရောင်ခြည် သန်းလာကြသည်။

​"ရွာကို ပြန်ပြီး သတင်းစောင့်နေကြ၊ ဆရာယန်နဲ့ ငါက ဒီလမ်းကြောင်းအတိုင်း လိုက်သွားလိုက်မယ်"

ရှောင်ကျိုးက သူတို့ကို ပြောလိုက်သည်။

​"ကျွန်တော်လည်း လိုက်မယ်"

ကျောက်တလန်မှာ ရှေ့ထွက်လာသည်။ သူ၏ သားအရင်းလည်း အဖမ်းခံရသူများထဲတွင် ပါဝင်နေပေရာ ရွာလူကြီးလေးကို အန္တရာယ်ကြားထဲ တစ်ယောက်တည်း မလွှတ်ထားနိုင်ပေ။ ​လူမိုက်အချို့ကလည်း သူတို့ပါ လိုက်ပါမည်ဖြစ်ကြောင်း ပြောဆိုလာကြသည်။

​"ကျွန်တော်တို့လည်း လိုက်မယ် ရွာလူကြီးလေး၊ လတ်တလော လေ့ကျင့်ထားတဲ့ သိုင်းပညာကို စမ်းသပ်ဖို့ အချိန်ရောက်ပြီ"

လင်းချီနှင့် အခြားသူများက ရှေ့တက်၍ ပြောလိုက်ကြသည်။

​အားလုံးက ကိုယ့်သဘောနှင့်ကိုယ် လိုက်ပါရန် တောင်းဆိုနေကြသည်ကို မြင်သောအခါ ရှောင်ကျိုးမှ မျက်နှာသေဖြင့်ပင် ပြောလိုက်လေသည်။

​"အကုန်လုံး ပြန်ကြ၊ ဆရာယန်နဲ့ ငါ နှစ်ယောက်တည်းဆို ပိုမြန်တယ်၊ နင်တို့ကို ခေါ်သွားရင် နှေးသွားလိမ့်မယ်"

​လူမိုက်များမှာ သူတို့ သေချာ ကြိုးကြိုးစားစား မလေ့ကျင့်ခဲ့ရကောင်းလားဟု ချက်ချင်း နောင်တရသွားကြသည်။

​"ရွာလူကြီးလေး၊ ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားပြီး လိုက်ခဲ့ပါ့မယ်၊ ကျွန်တော်တို့ကို စောင့်စရာ မလိုပါဘူး၊ အနောက်ကနေသာ လိုက်ခွင့်ပြုပါ၊ လိုအပ်ရင် သတင်းပြန်ပို့ပေးလို့ ရတာပေါ့"

လင်းချီက အလျင်အမြန် ရှင်းပြလိုက်သည်။ ​ရှောင်ကျိုး လင်းချီနှင့် သူ၏ အပေါင်းအပါများ လိုက်လာလျှင် ပို၍ အဆင်ပြေလောက်မည်ဟု စဉ်းစားပြီး ခေါင်းညိတ်လိုက်သည်။

​"ကောင်းပြီလေ၊ ဒါဆိုလည်း ငါတို့အနောက်ကနေ လိုက်ခဲ့ကြ၊ ကျန်တဲ့လူတွေ အကုန် ရွာပြန်ပြီး စောင့်နေလိုက်"

​ထို့နောက် သူမနှင့် ဆရာယန်တို့မှ သဲလွန်စများအတိုင်း တောနက်ထဲသို့ အလျင်အမြန် ဝင်ရောက်သွားကြတော့သည်။

ရွာသားများသည် ရွာလူကြီးလေး၏ အမိန့်ကို နာခံကာ လေးလံသော ခြေလှမ်းများဖြင့် ပြန်ဆင်းလာခဲ့ကြသည်။ နောင်တစ်ချိန် ဤသို့သော ပြဿနာမျိုး ထပ်ကြုံလာပါက ရွာလူကြီးလေး အသက်စွန့်နေချိန်တွင် သူတို့ မည်သို့မှမတတ်နိုင်ဘဲ ရပ်ကြည့်မနေရစေရန် ယခုမှစ၍ သရဲဘီလူးများပမာ ကြိုးကြိုးစားစား လေ့ကျင့်တော့မည်ဟု စိတ်ထဲမှ တိတ်တဆိတ် သန္နိဋ္ဌာန် ချလိုက်ကြလေသည်။

​လင်းချီနှင့် သူ၏ အပေါင်းအပါများက အရှေ့မှ ထွက်ခွာသွားသော နှစ်ယောက်နောက်သို့ အပြေးအလွှား လိုက်ပါသွားကြတော့သည်။

All Chapters