← Chapters

အခန်း ၂၃

Vol. 3 Ch. 23

အခန်း ၂၃

Vol. 3 Ch. 23

23

သူတို့နှစ်ယောက်သည် သစ်တောများကြားတွင် လျင်မြန်ပေါ့ပါးစွာ သွားလာနေကြပြီး ယွိဟွာ ချန်ထားခဲ့သော အရောင်စုံ ကြက်စာအမှတ်အသားများကို အခြေခံကာ လမ်းကြောင်းကို တိကျမှန်ကန်စွာ ခန့်မှန်းနိုင်ခဲ့ကြသည်။

​အချိန်မှာ အလွန်အရေးကြီးပြီး နှောင့်နှေးမှုတိုင်းက ကျောက်ဟူနှင့် အခြားကလေးများအတွက် အန္တရာယ် ပိုများစေနိုင်ကြောင်း ရှောင်ကျိုး သိထားသည်။

​"ရှောင်ကျိုး၊ ဒီဝတ်ရုံနက်လူတွေရဲ့ နောက်ခံက ဘာလို့ ထင်လဲ၊ ဘာလို့ သူတို့က ကျောက်ဟူတို့ကို ဖမ်းသွားရတာလဲ"

ယန်ချွဲ့က အရှိန်ပြင်းပြင်း သွားရင်း မေးလိုက်သည်။​

ရှောင်ကျိုးက ခေါင်းကုတ်လိုက်ပြီး စနစ်ကို စိတ်ထဲမှ မေးလိုက်သည်။ ထိုအခါ ​စနစ်က ခန့်မှန်းချက် ပေးလေသည်။

​"သူတို့က ကျောက်ဟူတို့ကို ရည်ရွယ်တာ မဟုတ်ဘူး၊ ဒီဝတ်ရုံနက်လူတွေက အနောက်ဘက်တောင်ကနေ ဖြတ်သွားရင်း ကျောက်ဟူနဲ့ ကလေးတွေကို တွေ့သွားတာ ဖြစ်မယ်၊ သူတို့က အဲ့ဒီအရွယ် ကလေးတွေကို ဖမ်းဖို့ အစီအစဉ် ရှိထားပြီးသား ဖြစ်ပုံရတယ်၊ အဲ့ဒီအချိန်မှာ ကျောက်ဟူတို့ကို တွေ့လိုက်တော့ အဆင်သင့် ဖမ်းသွားလိုက်တာပဲ"

​ရှောင်ကျိုးက စနစ် ပြောသည့်အတိုင်း အမြန် ပြန်ပြောပြလိုက်သည်။

ငါးနှစ်အရွယ် ကလေးတစ်ယောက်က ဤမျှအထိ တွေးတောနိုင်လိမ့်မည်ဟု ယန်ချွဲ့ မည်သည့်အချိန်ကမှ ထင်မထားခဲ့ပေ။

​"မင်းပြောသလို ဖြစ်နိုင်ချေ ရှိတယ်၊ နေ့ခင်းကြောင်တောင်ကြီး ပြစ်မှုကျူးလွန်ရဲတာကို ကြည့်ရင် သူတို့ရဲ့ နောက်ခံက တော်တော်လေး အင်အားကြီးမှာပဲ"

​ယန်ချွဲ့က တည်ငြိမ်စွာ ခွဲခြမ်းစိတ်ဖြာလိုက်သည်။

ထိုစကားကို ကြားသောအခါ ရှောင်ကျိုး၏ မျက်ခုံးလေးများ တွန့်ကွေးသွားပြီး အရှိန်ကို ပိုတင်လိုက်ကာ မထင်မှတ်ထားသော အခြေအနေများအတွက် သတိဝီရိယ ထားလိုက်သည်။

​လင်းချီနှင့် အခြားသူများကလည်း အနောက်မှ အနီးကပ် လိုက်ပါလာကြသည်။ သူတို့၏ အမြန်နှုန်းမှာ ရှောင်ကျိုးနှင့် ယန်ချွဲ့တို့ကို မယှဉ်နိုင်သော်လည်း အလွန် နောက်ကျမကျန်ရစ်စေရန် အစွမ်းကုန် ကြိုးစားနေကြသည်။

​အချိန်အတန်ကြာ ခြေရာခံလိုက်ပြီးနောက် ရှောင်ကျိုးနှင့် ယန်ချွဲ့တို့က ပုန်းကွယ်နေသော တောင်ကြားတစ်ခုရှေ့သို့ ရောက်ရှိလာကြသည်။ ဝင်ပေါက်ကို ကျောက်တုံးကြီးတစ်ခုဖြင့် ပိတ်ဆို့ထားသည်။ ယွိဟွာ ချန်ထားခဲ့သော အထူးအမှတ်အသားများသာ မရှိပါက ပြင်ပလူများအနေဖြင့် ဤနေရာကို ရှာဖွေတွေ့ရှိရန် အလွန်ခက်ခဲပေလိမ့်မည်။ ရှောင်ကျိုးနှင့် ယန်ချွဲ့တို့မှ အချင်းချင်း အကြည့် ဖလှယ်လိုက်ကြပြီး အနောက်မှ ရောက်လာသော လင်းချီနှင့် အခြားသူများကို အပြင်တွင် စောင့်နေရန် မှာကြားကာ နှစ်ယောက်သား ကျောက်တုံးကြီးထံသို့ တိတ်တဆိတ် ချဉ်းကပ်၍ စူးစမ်းလေ့လာရန် ပြင်ဆင်လိုက်ကြသည်။

​ရှောင်ကျိုးနှင့် ယန်ချွဲ့တို့သည် ကျောက်တုံးကြီး၏ အစွန်းကို ကပ်ကာ သတိကြီးစွာဖြင့် ချောင်းကြည့်လိုက်ကြသည်။ တောင်ကြားထဲတွင် မြူခိုးများ ဝေ့ဝဲနေသည်။ ရိုးရှင်းသော သစ်သားအိမ်အချို့ ပြန့်ကျဲတည်ရှိနေပြီး အလယ်ဗဟိုတွင် လေ့ကျင့်ရေးကွင်းပြင်တစ်ခု ရှိသည်။ လက်ထဲတွင် ကြာပွတ်ရှည်များ ကိုင်ဆောင်ထားသော လူအချို့က ကလေးတစ်အုပ်ကို လေ့ကျင့်ခန်း တစ်ခုခု လုပ်ဆောင်စေရန် ခိုင်းစေနေကြသည်။ ကလေးများမှာ ချွေးသံတရွဲရွဲ ဖြစ်နေသော်လည်း သူတို့၏ မျက်လုံးများမှာမူ လွတ်ဟာနေကြသည်။

​ရှောင်ကျိုးသည် ကျောက်ဟူနှင့် အခြားသူများကို မတွေ့ရပေ။ ဝတ်ရုံနက်လူများ ယခုမှ ပြန်ရောက်လာပြီး သူတို့ကို မနှိုးရသေးခြင်း ဖြစ်ပုံရသည်။

​"ငါတို့ ရှာတွေ့တဲ့ နေရာက မှန်ပုံရတယ်"

ယန်ချွဲ့က တိုးတိုးလေး ပြောလိုက်သည်။

​"သူတို့ ဘာလုပ်နေကြတာလဲ"

​ရှောင်ကျိုးက ရိုက်နှက်ခံနေရသော ကလေးများကို ကြည့်ရင်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်သည်။ သူမ တစ်ယောက်ယောက်ကို ရိုက်ချင်စိတ်ပေါက်လာသည်။

အကယ်၍ ယွိဟွာသာ သူတို့နောက်သို့ လိုက်မလာခဲ့ပါက ဤနေရာကို မည်သည့်အချိန်တွင်မှ ရှာတွေ့နိုင်မည် မဟုတ်သလို ကျောက်ဟူနှင့် အခြားသူများလည်း နောက်ဆုံးတွင် ဤကလေးအုပ်စုထဲမှ အဖွဲ့ဝင်များ ဖြစ်သွားကြပေလိမ့်မည်။

​ရှောင်ကျိုး၏ မျက်နှာမှာ ဒေါသကြောင့် နီရဲနေလေပြီ။ သူမ ဒေါသတကြီး နှာမှုတ်လိုက်ပြီး ပြောလိုက်သည်။

​"ငါ သူတို့ကို အသေရိုက်သတ်ပစ်ရမယ်"

​"လူတွေကို အရင်ရှာရအောင်"

ယန်ချွဲ့ လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။

​သူတို့နှစ်ဦး အမြန် အကြည့်ချင်းဖလှယ်ပြီးနောက် လမ်းခွဲရှာဖွေရန် ဆုံးဖြတ်လိုက်ကြသည်။

ရှောင်ကျိုးက သူမ၏ သေးငယ်သော ခန္ဓာကိုယ် အားသာချက်ကို အသုံးပြု၍ တောင်ကြား၏ အခြားတစ်ဖက်သို့ တိတ်တဆိတ် ပတ်သွားကာ အသံမထွက်စေရန် ကြိုးစားရင်း လမ်းတစ်လျှောက် သတိကြီးစွာဖြင့် လျှောက်လာခဲ့သည်။

​သူမ သစ်သားအိမ်နားသို့ ရောက်သောအခါ ရင်းနှီးနေသော အသံများကို ကြားလိုက်ရသည်။ မေ့ဆေးအာနိသင် ပြယ်သွားပြီး ကျောက်ဟူနှင့် အခြားသူများ နိုးလာကြပြီ ဖြစ်သည်။

​နိုးလာသော ကျောက်ဟူနှင့် အခြားသူများက စိမ်းသက်နေသော နေရာနှင့် လူစိမ်းများကို ကြည့်ပြီး ဇဝေဇဝါ ဖြစ်နေကြသည်။

‘သူတို့ တောင်ပေါ်မှာ ဘယ်သူဗိုလ်လုပ်မလဲဆိုပြီး ရန်ဖြစ်နေကြတာ မဟုတ်ဘူးလား၊

ဘယ်လိုလုပ် နိုးလာတာနဲ့ ဒီကို ရောက်နေရတာလဲ၊

ဒါ ဘယ်နေရာလဲ၊

သူတို့က ဘယ်သူတွေလဲ၊

သူတို့ ဘာလို့ ကြိုးတုပ်ခံထားရတာလဲ’

​"ဒါ ဘယ်နေရာကြီးလဲ"

​"ဟင်၊ ငါတို့ ဘာလို့ ကြိုးတုပ်ခံထားရတာလဲ"

​"ငါတို့ ဒီကို ဘယ်လိုရောက်လာတာလဲ"

​"ငါတို့များ ကလေးသူခိုးတွေနဲ့ တိုးတာ မဟုတ်ပါဘူးနော်"

​"ငါ အရောင်းမခံချင်ဘူး၊ အီးဟီး"

​သူတို့ထဲတွင် အကြောက်တတ်ဆုံးဖြစ်သော ရွှမ်ဇီမှာ မနေနိုင်တော့ဘဲ ငိုချလိုက်တော့သည်။

​"မငိုနဲ့၊ ငါတို့ကို ကြိုးတုပ်ထားတဲ့လူတွေ ကြားသွားရင် ဘယ်လိုလုပ်မလဲ"

​အားသို့က ရွှမ်ဇီ၏ ငိုသံကို အမြန် တားလိုက်သည်။

ထိုစဉ် တံခါးအပြင်ဘက်မှ ခြေသံများ ထွက်ပေါ်လာသဖြင့် ရှောင်ကျိုး အမြန် ပုန်းကွယ်စရာ နေရာရှာပြီး ပုန်းနေလိုက်သည်။

ခြေသံများကို ကြားသောအခါ ကျောက်ဟူနှင့် အခြားသူများလည်း ချက်ချင်း စုကပ်သွားကြပြီး တံခါးဝသို့ ကြည့်နေကြသည်။ ​

ဝတ်ရုံနက်လူ နှစ်ဦး တံခါးဖွင့်ဝင်လာပြီး ကလေးများ နိုးနေသည်ကို သတိထားမိသွားကြသည်။

​ဝတ်ရုံနက်လူ တစ်ဦးက ပြောလိုက်လေသည်။

​"ဟေး၊ ဒီတစ်ခေါက် ကလေးတွေက မဆိုးဘူးပဲ၊ သိုင်းလေ့ကျင့်ဖို့ မျိုးစေ့ကောင်းလေးတွေ ဖြစ်မယ့်ပုံပဲ၊ ငါတို့ သွားသတင်းပို့လို့ ရပြီ"

​"လတ်တလောက အသုတ်လိုက် သေသွားတာဆိုတော့၊ ဒီကလေးတွေနဲ့ မနေ့က ကလေးတွေ ပေါင်းလိုက်ရင် အရေအတွက် ပြည့်လောက်ပြီ"

အခြား ဝတ်ရုံနက်လူက ပြန်ဖြေသည်။

ထိုသို့ပြောပြီးနောက် လူနှစ်ဦးမှာ မြေပြင်ပေါ်တွင် ကြိုးတုပ်ခံထားရသော ကလေးများကို ခြေထောက်ဖြင့် ကန်ကာ ပြောလိုက်သည်။

"သွားကြစို့"

​"ဘယ်သွားမှာလဲ"

ကျောက်ဟူ ခေါင်းမာမာဖြင့် မေးလိုက်သည်။

​"ဟက်၊ ကောင်လေး၊ ရောက်ရင် သိသွားမှာပေါ့၊ မြန်မြန်ထစမ်း"

​ဝတ်ရုံနက်လူက ထပ်ကန်ရန် ပြင်လိုက်စဉ်မှာပင်၊ သစ်သားအိမ် ပြတင်းပေါက်မှ လှုပ်ရှားသံတစ်ခုကို ရုတ်တရက် ကြားလိုက်ရသည်။ ဝတ်ရုံနက်လူ နှစ်ဦး နောက်လှည့်ကြည့်လိုက်ရာ ကလေးမလေးတစ်ဦး ပြတင်းပေါက်မှ တွယ်တက်လာပြီး သူတို့ကို နက်နဲသော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။

​"ငါတို့ ၆ ယောက် ခေါ်လာတာ မဟုတ်ဘူးလား၊ ဘာလို့ တစ်ယောက် ပိုနေတာလဲ"

ဝတ်ရုံနက်လူက အသစ်ဖမ်းလာသော ကလေးများထဲမှ တစ်ယောက်ဟု ထင်မှတ်သွားသည်။

​ရှောင်ကျိုးသည် ဝတ်ရုံနက်လူ နှစ်ဦးဆီသို့ မျက်နှာသေဖြင့် လျှောက်သွားပြီး ပြုံးပြလိုက်သည်။

​"ဒီကောင်မလေးက အရူးများလား"

ပြုံးဖြီးဖြီးဖြင့် လျှောက်လာသော ကလေးမလေးကို ကြည့်ပြီး ဝတ်ရုံနက်လူက ပြောလိုက်သည်။

​သို့သော် သူတို့သာ မြေပြင်ပေါ်တွင် ကြိုးတုပ်ခံထားရသော ကလေးများကို ငုံ့ကြည့်လိုက်ပါက ကလေးသုံးယောက်၏ မျက်လုံးများ အရောင်တောက်ကာ မျက်နှာများ စိတ်လှုပ်ရှားနေကြသည်ကို တွေ့ရပေလိမ့်မည်။

‘​ဝါး၊ ရွာလူကြီးလေး လူတွေကို ထပ်ပစ်တော့မယ်ဟေ့’

ယခုတစ်ခေါက်တော့ ရှောင်ကျိုး လူမပစ်တော့ပေ။ အသံအရမ်း ဆူညံသွားမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။

လူတစ်ယောက်၏ လည်ပင်းကို ရိုက်လိုက်ရင် သတိလစ်သွားတတ်သည်အား ရှောင်ကျိုးက တီဗီမှာ ကြည့်ဖူးထားသည်။

​ရှောင်ကျိုးသည် သူမနှင့် ဝတ်ရုံနက်လူများကြားရှိ အရပ်အမြင့် ကွာဟချက်ကို တစ်ချက် ကြည့်လိုက်သည်။

သူမက ဝတ်ရုံနက်လူ နှစ်ဦးကို လက်ယပ်ခေါ်ပြီး ခေါင်းငုံ့ပေးရန် အချက်ပြလိုက်သည်။ ​

ဇဝေဇဝါ ဖြစ်နေသော ဝတ်ရုံနက်လူ နှစ်ဦးမှာ ဤ'အရူးမလေး' မည်သည့်အရာကို ပြောချင်သည်အား သိချင်သွားကြသည်။

ထို့ကြောင့် သူတို့က အလွန်ညီညာစွာပင် ခေါင်းကိုငုံ့ကာ ကိုယ်ကိုကိုင်းပေးလိုက်ကြသည်။

​သူမရှေ့ တည့်တည့်တွင် ရှိနေသော လည်ပင်းနှစ်ခုကို ကြည့်ပြီး ရှောင်ကျိုးက လက်ဆန့်ထုတ်ကာ လူတစ်ယောက်စီ၏ လည်ပင်းကို တစ်ချက်စီ ရိုက်ချလိုက်လေသည်။

​ဝတ်ရုံနက်လူများမှာ သူတို့၏ အရိုးများ ကျိုးကြေသွားသကဲ့သို့ ခံစားလိုက်ရသည်။

‘မဟုတ်ဘူး၊ ကျိုးသွားရုံတင် မကဘူး၊ အစအနလေးတွေ ဖြစ်သွားသလိုပဲ’

ဝတ်ရုံနက်လူ နှစ်ဦးမှာ အသံမထွက်ဘဲ ဖြည်းဖြည်းချင်း လဲကျသွားလေတော့သည်။ မသေခင်လေးတွင် သူတို့ အဘယ်ကြောင့် ခေါင်းငုံ့ပေးခဲ့မိပါလိမ့် ဟု တွေးတောသွားရှာသည်။

​ဝတ်ရုံနက်လူများ လဲကျသွားသည်ကို မြင်သောအခါ ရှောင်ကျိုးမှ ကလေးများထံ လျှောက်သွားပြီး ကြိုးများကို ဖြေပေးလိုက်သည်။

​ကျောက်ဟူနှင့် အခြားသူများ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကြသည်။

​"ရွာလူကြီးလေး၊ ကျွန်တော်တို့ကို လာကယ်မယ်ဆိုတာ သိသားပဲ"

​"တွေ့လား၊ ငါ မင်းတို့ကို မလိမ်ပါဘူးလို့ ပြောသားပဲ၊ ငါတို့ ရွာလူကြီးလေးက ကမ္ဘာပေါ်မှာ အစွမ်းအထက်ဆုံး သူရဲကောင်းကြီးပါကွ"

​အိမ်နီးချင်း ရွာနှစ်ရွာမှ ကလေးများမှာ ဤအချိန်တွင် ကြောက်ရွံ့မှုများ လုံးဝ ပျောက်ကွယ်သွားကြလေပြီ။

သူတို့၏ မျက်လုံးများတွင် လေးစားကြည်ညိုမှုများ ပြည့်နှက်နေတော့သည်။

​ကြိုးများ ဖြေပေးပြီးနောက် ရှောင်ကျိုးက အားလုံးကို တိတ်တိတ်နေရန် အချက်ပြလိုက်သည်။

သူမ စိတ်စွမ်းအင်ကို အသုံးပြု၍ အပြင်ဘက်ကို စူးစမ်းကြည့်ရာ ဤဂူထဲတွင် လူအများအပြား ရှိနေကြောင်း အာရုံခံမိလိုက်သည်။

ဤနေရာမှ လူများ၏ တိုက်ခိုက်ရေးစွမ်းရည်ကို သေချာမသိသဖြင့် သူမ အရမ်း မလုပ်ရဲပေ။

​ကျောက်ဟူမှ သူ့ကိုတုပ်ထားသော ကြိုးများကို ပစ်ချလိုက်ပြီး ခြေလက်များကို ဆန့်တန်းကာ မျှော်လင့်တကြီး မေးလိုက်သည်။

​"ရွာလူကြီးလေး၊ ငါတို့ သူတို့ကို သတ်ပြီး ထွက်သွားကြမလား"

​"အပြင်မှာ လူရာချီ ရှိတယ်"

ရှောင်ကျိုးက ကျောက်ဟူကို ကြည့်ပြီး ပြောလိုက်သည်။

‘​နင်က သတ္တိကောင်းတာပဲ၊ နင် အရင်ထွက်လေ’

​ကျောက်ဟူက ခေါင်းကို ကုတ်ကာ ရှက်ရွံ့စွာ ပြောလိုက်သည်။

​"ဒါဆို ရွာလူကြီးလေး၊ ငါတို့ ဘယ်လို ထွက်ကြမလဲ"

​ရှောင်ကျိုးမှ ဘေးဘီကို ကြည့်လိုက်သော်လည်း ယွိဟွာကို မတွေ့ရသဖြင့် မေးလိုက်သည်။

​"ယွိဟွာရော ဘယ်မှာလဲ"

​"ယွိဟွာ၊ ယွိဟွာပါ ငါတို့နဲ့ ပါလာလို့လား"

​"ယွိဟွာက နင်တို့နောက်ကို တောက်လျှောက် လိုက်လာပြီး လမ်းကြောင်း မှတ်သားပေးခဲ့တာလေ၊ မဟုတ်ရင် ငါတို့က နင်တို့ကို ဒီလောက်မြန်မြန် ဘယ်လိုလုပ် ရှာတွေ့ပါ့မလဲ"

​"ငါတို့၊ ဘယ်သူတွေ ပါသေးလို့လဲ"

​"ဆရာယန်"

​"..."

​"ဆရာယန်ဆီ မြန်မြန်သွားပူးပေါင်းကြရအောင်"

​ရှောင်ကျိုး ပြတင်းပေါက်ကို ဖွင့်လိုက်ပြီး အပြင်သို့ ထွက်ရန် အချက်ပြလိုက်သည်။ နောက်ဘက်ရှိ တောအုပ်မှာ ပုန်းအောင်းရန် အလွန် သင့်တော်လေသည်။

ကလေးများက သွက်လက်စွာ လှုပ်ရှားကြပြီး ပြတင်းပေါက်ဘောင်ပေါ်သို့ ကျင်လည်စွာ တက်ကာ ပြတင်းပေါက်အပြင်ဘက်ရှိ ထူထပ်သော တောအုပ်ထဲသို့ အသံမထွက်ဘဲ တစ်ယောက်ပြီးတစ်ယောက် ခုန်ဆင်းသွားကြသည်။

မည်သည်ကြောင့်မှန်းမသိ၊ တင်းမာနေသော အခြေအနေဖြစ်သော်လည်း ကလေးများမှာ စိတ်လှုပ်ရှားနေကြသည်။

အလွန် ရင်ခုန်စရာ ကောင်းလွန်းနေသည်။ ရှောင်ကျိုး အနောက်ဆုံးမှ ခုန်ဆင်းလာပြီး သဲလွန်စ မကျန်ခဲ့စေရန် ပြတင်းပေါက်ကို ညင်သာစွာ ပြန်ပိတ်ခဲ့သည်။

သူတို့အဖွဲ့ ချုံပုတ်ငယ်များကြားမှ ဖြတ်သွားစဉ် ရင်းနှီးနေသော အသံတစ်ခုကို ရုတ်တရက် ကြားလိုက်ရသည်။

​"ကွပ် ကွပ်... ကွပ် ကွပ်"

​ယွိဟွာမှ သူမ၏ သခင်ကို မြင်သောအခါ စိတ်လှုပ်ရှားစွာ အော်မြည်လေသည်။ သူမသည် ရှောင်ကျိုး၏ ရင်ခွင်ထဲသို့ ချက်ချင်း ပျံဝင်လာခဲ့သည်။

‘​သခင်... သခင်၊ နောက်ဆုံးတော့ ရောက်လာပြီပေါ့၊ သခင်က ကျွန်မကို ဒီကလေးစုတ်တွေကို စောင့်ကြည့်ခိုင်းထားတာ၊ သူတို့က အရမ်း ပြဿနာရှာတာပဲ၊ သူတို့နောက် မီအောင်လိုက်ဖို့ လမ်းတစ်လျှောက်လုံး ကြက်စာတွေ ချပေးလာရတာ၊ ကွပ် ကွပ်...၊ကျွန်မ ဗိုက်အရမ်းဆာနေပြီ’

​ကလေးများမှာ ရွာလူကြီးလေး၏ ရင်ခွင်ထဲတွင် သနားစရာကောင်းအောင် ဝင်ခွေနေပြီး တစ်ခုခုကို တိုင်တောနေပုံရသော ကြက်မကို မြင်လိုက်ကြရသည်။

​"တော်တယ်၊ ပြန်ရောက်ရင် ဆုချမယ်နော်၊ အစာ နှစ်ဆ ကျွေးမယ်"

ရှောင်ကျိုးက ယွိဟွာ၏ ခေါင်းကို ပွတ်သပ်ရင်း ချီးကျူးလိုက်သည်။

​"ဒါနဲ့ နင်က ဘာလို့ ဒီရောက်နေတာလဲ"

ထိုမေးခွန်းအား ကြား‌သည့်အခါ ယွိဟွာ တစ်ကောင် တက်ကြွသွားတော့သည်။

​"ကွပ် ကွပ်... ကွပ် ကွပ်"

‘​ရွှေတွေ... ရွှေတွေလေ သခင်ရဲ့၊ ဝင်းလက်တောက်ပနေတဲ့ ရွှေတွေ၊ ပြီးတော့ ဖြူဖွေးနေတဲ့ ငွေတွေ’

​တကယ်တော့ ယွိဟွာမှာ ဝတ်ရုံနက်လူများနောက်သို့ လိုက်၍ ဂူထဲသို့ ရောက်လာပြီးနောက် ကျောက်ဟူနှင့် အခြားသူများ သတိမလည်သေးသည်ကို မြင်သောအခါ သူမဘာသာ လမ်းလျှောက်ထွက်ပြီး အစာရှာထွက်ခဲ့ခြင်း ဖြစ်သည်။

အချိန်တစ်နာရီခန့် အတွင်းမှာပင် ယွိဟွာက ဂူတစ်ခုလုံးကို ပတ်လည် လျှောက်ကြည့်ပြီးသွားခဲ့ပြီ ဖြစ်သည်။

All Chapters