အခန်း ၂၅
Vol. 3 Ch. 25
25
အားလုံးက ခေါင်းညိတ်လိုက်ကြလေသည်။ ကလေးအတော်များများမှာ သူတို့ထက်ပင် အသက်ငယ်သေးသော ဤကောင်မလေးကို ကြည့်ပြီး အဘယ်ကြောင့်မှန်းမသိ၊ ယခုအချိန်တွင်တော့ သူမကို အပြည့်အဝ ယုံကြည်သွားကြသည်။
ရှောင်ကျိုးက သစ်သားအိမ်ထဲမှ အရင်ဆုံး ထွက်သွားပြီး မြေပြင်ပေါ်တွင် လဲကျနေသော ဝတ်ရုံနက်လူများကို သတိထားပြီး ကျော်ခွသွားလေသည်။
မြေကြီးပေါ်က ဝတ်ရုံနက်လူများကို မြင်သည်နှင့် ကလေးများမှာ လန့်ပြီး အော်လုမတတ် ဖြစ်သွားကြသော်လည်း ကံကောင်းစွာဖြင့် ပါးစပ်ကို အချိန်မီ ပိတ်နိုင်ခဲ့ကြသည်။
‘ဒီကလေးမလေးကပဲ သူတို့အကုန်လုံးကို လဲကျအောင် လုပ်လိုက်တာလား၊ သူမက နတ်သမီးလေးများလား’
ရှောင်ကျိုးမှ သူတို့ကို ရှေ့က တောအုပ်ဆီသို့ ခေါ်ဆောင်သွားလေသည်။
ရှေ့မှ ကင်းစောင့်နေသော ယွိဟွာက ရုတ်တရက် အော်လိုက်သည်။
"ကွပ် ကွပ်"
‘သခင်၊ ဒီဘက်ကို လူတွေ လာနေတယ်’
ရှောင်ကျိုးက အနောက်ကို လှမ်းကြည့်လိုက်ရာ ဝတ်ရုံနက်လူ နှစ်ယောက် သစ်သားအိမ်ဘက်သို့ လျှောက်လာနေသည်ကို တွေ့လိုက်ရလေသည်။
"လူတွေ လာနေတယ်၊ ရှေ့ကို တိတ်တိတ်လေး ပြေးသွားကြ၊ ဟိုရှေ့က ကြက်ကို တွေ့တယ်မလား၊ သူ့နောက်ကို လိုက်သွား၊ ရှေ့နားက လူပြတ်တဲ့နေရာမှာ ပုန်းနေကြ၊ ခဏနေရင် ငါ လိုက်လာခဲ့မယ်"
ရှောင်ကျိုးက ကလေးများကို လှည့်ပြီး ပြောလိုက်သည်။
"နင်ကရော"
ရှန်ကျစ်ယွမ်က စိုးရိမ်တကြီး မေးလိုက်သည်။
"ဟုတ်တယ်လေ၊ ငါတို့ ပျောက်နေတာ သိသွားရင် နင့်ကို ပြန်ဖမ်းသွားမှာပေါ့"
ဖက်တီးလေးက အမြန် ဝင်ပြောလေသည်။
"ငါ့အတွက် စိတ်မပူနဲ့၊ ယွိဟွာ အနားကနေ မခွာနဲ့၊ အသံလည်း မထွက်စေနဲ့"
ရှောင်ကျိုးက သူတို့ကို ဂရုမစိုက်တော့ဘဲ တောင်အောက်မှ သစ်သားအိမ်ထံသို့ ပြန်လျှောက်သွားတော့သည်။
ရှောင်ကျိုးက သူမ၏ လျှပ်စစ်တုတ်ကို ထုတ်လိုက်ပြီး အရင်ကကဲ့သို့ပင် သစ်သားအိမ်ဆီ အသံမထွက်ဘဲ ချဉ်းကပ်သွားလေသည်။
ဝတ်ရုံနက်လူ နှစ်ယောက်မှာ ပိုနီးလာပြီ ဖြစ်သည်။ ရှောင်ကျိုးက သစ်သားအိမ် အနောက်ဘက်ကို အမြန်ပတ်သွားပြီး ပုန်းလို့ကောင်းမည့် ထောင့်တစ်ခုကို ရှာလိုက်သည်။ ထို့နောက် လျှပ်စစ်တုတ်ကို ဖွင့်ကာ အချိန်မရွေး အသုံးပြုရန် အသင့်ပြင်ထားလိုက်လေသည်။
ထိုအချိန်တွင် လေတစ်ချက် ဝှေ့တိုက်လိုက်ရာ သစ်သားအိမ်တံခါးမှ ညည်းသံလေး ထွက်သွားသည်။
ဝတ်ရုံနက်လူ နှစ်ယောက်၏ အာရုံက ထိုနေရာထံသို့ ချက်ချင်း ရောက်သွားတော့သည်။
‘ တစ်ခုခုတော့ မှားနေပြီ၊ အရမ်း တိတ်ဆိတ်နေတယ်၊ သစ်သားအိမ် အပြင်ဘက်မှာ ဘယ်သူမှ စောင့်ကြပ်မနေဘူး’
သူတို့သာ သစ်သားအိမ် အနောက်ဘက်ကို သွားကြည့်လိုက်လျှင် မြက်ခင်းထဲ၌ သပ်သပ်ရပ်ရပ် လဲကျနေသော ဝတ်ရုံနက်လူ ဆယ်ယောက်ကျော်ကို တွေ့ရမည် ဖြစ်သည်။
ဝတ်ရုံနက်လူ နှစ်ယောက်က သူတို့ခါးမှ ဓားများကို အမြန်ဆွဲထုတ်ပြီး တံခါးပေါက်ကို သတိကြီးစွာ စောင့်ကြည့်နေလိုက်ကြလေသည်။
ထိုအခွင့်အရေးကို ယူပြီး ရှောင်ကျိုးက သစ်သားအိမ်၏ အခြားတစ်ဖက်ကို တိတ်တဆိတ် သွားကာ အနောက်မှ တိုက်ခိုက်ရန် ပြင်လိုက်သည်။
သူမက ခုန်ထွက်လိုက်ပြီး လျှပ်စစ်တုတ်မှ အပြာရောင်မီးပွားများ တလက်လက် ထွက်လာကာ အနီးဆုံး ဝတ်ရုံနက်လူကို ထိုးလိုက်လေသည်။
အငိုက်မိသွားသော လူက လျှပ်စစ်စီးကြောင်းကြောင့် အကြောသေသွားပြီး လဲကျသွားတော့သည်။
ကျန်သော ဝတ်ရုံနက်လူမှာ ချက်ချင်း တုံ့ပြန်လိုက်ပြီး ဓားကိုင်ကာ ရှောင်ကျိုးထံသို့ ပြေးဝင်လာသည်။
ရှောင်ကျိုးက သွက်လက်စွာ ရှောင်တိမ်းလိုက်ပြီး သူ့ခြေကျင်းဝတ်ကို ဖမ်းဆွဲကာ မြေကြီးပေါ်သို့ အားကုန် ဆောင့်ချလိုက်လေသည်။
ထိုဝတ်ရုံနက်လူမှာ သူ၏ ကိုယ်တွင်းအင်္ဂါများ အားလုံး နေရာလွဲကုန်သကဲ့သို့ ခံစားလိုက်ရတော့သည်။
ရှောင်ကျိုး ဝတ်ရုံနက်လူ နှစ်ယောက်ကို ဆွဲခေါ်သွားပြီး ယခင်က သတိလစ်နေသော လူများဘေးတွင် အစီအရီ ချထားလိုက်လေသည်။
‘ကွက်တိပဲ၊ သပ်သပ်ရပ်ရပ်လေး’
သူမ အလွန် ကျေနပ်သွားရသည်။
နောက်ထပ် ဝတ်ရုံနက်လူများ မလာတော့သည်အား သေချာအောင် ဘေးဘီကို တစ်ချက်ကြည့်လိုက်ပြီးနောက် တောအုပ်ထဲသို့ အမြန်ဝင်သွားတော့သည်။
ခဏအကြာမှာတော့ ရှေ့က လျှို့ဝှက်ကွင်းပြင်လေးတစ်ခုကို တွေ့လိုက်ရသည်။ ထိုနေရာတွင် ယွိဟွာက သစ်ပင်ကြီးတစ်ပင်အောက်၌ ကလေးများနှင့်အတူ ဝပ်နေပြီး သူတို့မျက်နှာများတွင် တင်းမာမှုနှင့် မျှော်လင့်ချက်များ ပြည့်နှက်နေကြလေသည်။
"သကြားလုံးရောင်းတဲ့ ကောင်မလေး၊ ငါတို့ ဒီမှာရောက်နေပြီ"
ရှောင်ကျိုးကို မြင်သည်နှင့် ဖက်တီးလေးက စိတ်လှုပ်ရှားစွာ တီးတိုးပြောလိုက်သည်။
တခြားကလေးများမှာလည်း လှမ်းကြည့်လိုက်ပြီး စိတ်အေးသွားကြသည်။
"ရှူး... တိတ်တိတ်နေ"
ရှောင်ကျိုးက လက်ညှိုးကို နှုတ်ခမ်းမှာတေ့ပြီး အချက်ပြလိုက်သည်။ ထို့နောက် ယွိဟွာ၏ ခေါင်းကို ပွတ်သပ်ရင်း တိုးတိုးလေး ပြောလိုက်လေသည်။
"အခြေအနေက အရေးကြီးတယ်၊ ဒီကနေ မြန်မြန် ထွက်သွားကြစို့"
ရှောင်ကျိုး ပြန်လာသည်ကို မြင်သောအခါ ကလေးများ၏ ကြောက်ရွံ့မှုများမှာ ပျောက်ကွယ်သွားတော့သည်။ သူတို့၏ ကျောထောက်နောက်ခံကို ပြန်တွေ့သွားသဖြင့် အားလုံးက စိတ်အားထက်သန်စွာ ခေါင်းညိတ်ပြကြလေသည်။
ယွိဟွာ ဦးဆောင်မှုနှင့်အတူ သူတို့အုပ်စုက လျှို့ဝှက်လမ်းကြောင်းလေးအတိုင်း တိတ်တဆိတ် ထွက်လာခဲ့ကြသည်။
နောက်ဆုံးတော့ ညမိုးချုပ်ချိန်တွင် သူတို့ ဂူပေါက်ဝမှ ထွက်လာနိုင်ခဲ့ကြလေသည်။
ဂူပေါက်ဝမှာ စိုးရိမ်တကြီးနှင့် စောင့်နေသော ယန်ချွဲ့နှင့် လင်းချီတို့ကို ရှောင်ကျိုး တွေ့လိုက်ရသည်။ သူတို့မျက်နှာများတွင် စိုးရိမ်ပူပန်မှုတွေ အပြည့်ပင်။
ယန်ချွဲ့သာ မတားထားလျှင် သူတို့ ဂူထဲကို အတင်းဝင်သွားကြမည်မှာ ကြာပြီ ဖြစ်သည်။
ယန်ချွဲ့မှ သူတို့ကို တားလိုက်ရသည်မှာ ကလေးမလေးက အန္တရာယ်ကင်းကင်းနှင့် ထွက်လာနိုင်မည်ဟု အကြောင်းပြချက် မရှိဘဲ ယုံကြည်နေသောကြောင့် ဖြစ်သည်။
အကယ်၍ ထိုလူများသာ ဂူထဲ ထပ်ဝင်သွားလျှင် ကလေးမလေးက သူတို့ကိုပါ ပြန်ဝင်ကယ်နေရဦးမည် မဟုတ်ပါလော။
ရွာလူကြီးလေး အနောက်၌ ကလေးအတော်များများ ပါလာတာကို အားသို့ တွေ့လိုက်ရသည်။ ထိုအထဲတွင် မြို့က သကြားလုံးဆိုင်၌ တွေ့ခဲ့သော ဖက်တီးလေးလည်း ပါနေတာ မြင်၍ သူက မေးလိုက်လေသည်။
"မင်းလည်း အဖမ်းခံရတာလား"
ဖက်တီးလေးက ရင်းနှီးသော မျက်နှာတချို့ကို တွေ့လိုက်ရသည်။
’လူဟောင်းတွေပါလား’
သူ စိတ်လှုပ်ရှားလွန်း၍ မျက်ရည်ပင် ဝဲလာရသည်။
‘ဝါး... ဆွေမျိုးတွေနဲ့ ပြန်တွေ့ရသလို ခံစားလိုက်ရတယ်’
သူက အားသို့တို့ကို အတင်းပြေးဖက်လုမတတ်ပင် ဖြစ်သွားလေသည်။
အချိန် လင့်နေပြီဖြစ်ပြီး ရွာသားများလည်း စိုးရိမ်နေလောက်ပြီမို့ ရှောင်ကျိုး လက်ဝှေ့ယမ်းပြပြီး ပြောလိုက်သည်။
"ရွာကို ပြန်ကြစို့"
"ငါတို့ကရော"
ရှန်ကျစ်ယွမ်က ရှောင်ကျိုး၏ အင်္ကျီလက်စကို ဆွဲထားပြီး မလွှတ်ဘဲ ဝမ်းနည်းပက်လက် မျက်နှာလေးဖြင့် မေးလိုက်လေသည်။
ဤအချိန်တွင် ရှန်ကျစ်ယွမ်က ရှောင်ကျိုးကို သူမ၏ ကိုယ်ပိုင်အဖေထက် အများကြီး ပိုအားကိုးရသည်ဟု ခံစားနေရပေသည်။
ရှောင်ကျိုး မျှော်လင့်တကြီး ကြည့်နေသော ကလေးများကို တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။
"ရွာကို အတူတူ လိုက်ခဲ့ကြ၊ မနက်ဖြန်ကျမှ အိမ်ကို ပြန်ပို့ပေးမယ်"
ယွိဟွာက အုပ်စုကို ဦးဆောင်ပြီး အပြန်လမ်းအတိုင်း သွက်သွက်လက်လက် သွားနေလေသည်။
သို့သော် တစ်နာရီတောင် မပြည့်ခင်မှာပင် ညက လုံးဝ မှောင်မိုက်သွားတော့သည်။
ရှောင်ကျိုးက အိတ်ကပ်ထဲမှ လက်နှိပ်ဓာတ်မီး တစ်လက် ထုတ်လိုက်သည်။ သူမ ဖွင့်လိုက်သည်နှင့် တောက်ပသော အလင်းတန်းတစ်ခုက အမှောင်ထုကို ခွင်းပြီး ရှေ့လမ်းကို ချက်ချင်း လင်းထိန်သွားစေလေသည်။
အားလုံးက အံ့ဩမှင်သက်သွားကြသည်။
‘ဒါ ဘယ်လို နတ်တန်ခိုးမျိုးလဲ’
"လူတိုင်း၊ ယွိဟွာ အနားကနေ မခွာနဲ့၊ ရွာကို အမြန်ပြန်ကြရအောင်"
ရှောင်ကျိုးက တိုက်တွန်းလိုက်သည်။
ညက ပိုနက်လာပြီး ပတ်ဝန်းကျင်မှာ အင်းဆက်များ၏ အော်သံများ၊ တစ်ခါတရံ အဝေးမှ ကြားရသော ဝံပုလွေဟိန်းသံများက သူတို့ကို ကြက်သီးထသွားစေသည်။ ကလေးများက လက်ချင်း တင်းတင်းဆုပ်ကိုင်ထားကြသည်။ ယခင်က ရန်ဖြစ်ခဲ့ကြသည်ကို မေ့ပစ်ပြီး ယခုတော့ တစ်ယောက်အနား တစ်ယောက်ရှိနေခြင်းမှ နွေးထွေးမှုကို ရယူနေကြလေသည်။
သူတို့ ခြေလှမ်းသွက်သွက်နှင့် ရွာသို့ ပြန်လာကြရာ မကြာခင်မှာပင် အဝေးမှ တလက်လက် တောက်နေသော မီးတုတ်များကို မြင်လိုက်ရသည်။
"အဲ့ဒါ ရွာသားတွေပဲ ဖြစ်ရမယ်၊ သေချာတယ်၊ အဲ့ဒါ ငါတို့ အနောက်ဘက်တောင်က ညောင်ပင်ကြီးလေ၊ ရွာအကြီးအကဲတွေ ရှေ့ကနေ စောင့်နေကြတာ ဖြစ်မယ်"
ထျဲနျူက စိတ်လှုပ်ရှားစွာ အော်လိုက်လေသည်။
သူ့စကားကြားသောအခါ တခြားသူများလည်း ဝမ်းသာသွားကြသည်။ ညောင်ပင်ကြီးအောက်၌ ရွာသားအုပ်ကြီး စုဝေးနေပြီး ညောင်ပင်ကြီးက ရွာလူကြီးလေးနှင့် တခြားသူများကို ဘေးကင်းကင်းဖြင့် အိမ်ပြန်ခေါ်လာပေးပါစေဟု ဆုတောင်းနေကြလေသည်။
"ဟိုမှာ ဘာကြီးလဲ၊ အလင်းရောင်၊ ရွာလူကြီးလေးနဲ့ တခြားသူတွေ ပြန်လာတာလား"
ကျောက်တလန် အဝေးမှ အလင်းတန်းကို မြင်လိုက်၍ သူ့မျက်လုံးထဲ၌ မျှော်လင့်ချက်များ အပြည့်ဖြစ်သွားတော့သည်။
ရွာသားများ အားလုံး အလင်းရောင်ရှိရာသို့ လှမ်းကြည့်လိုက်ကြသည်။ ပိုနီးလာချိန်တွင် ကျောက်တလန်မှ သူ့သားအသံကို ကြားလိုက်ရသကဲ့သို့ပင်။
"ဟူအာ"
ကျောက်တလန်က အဝေးကို လှမ်းအော်လိုက်လေသည်။
"အဖေ၊ သား ပြန်ရောက်ပြီ"
ကျောက်ဟူက သူ့အဖေဆီ လှမ်းအော်လိုက်သည်။
"သူတို့ တကယ် ပြန်လာတာပဲ"
ကျောက်တလန်က ရှေ့ကို အမြန်ပြေးသွားလေသည်။
အခြား ရွာသားများကလည်း သူ့နောက်မှ ပြေးလိုက်သွားကြတော့သည်
"ရွာလူကြီးလေး၊ ရွာလူကြီးလေး"
"ရွာလူကြီးလေး၊ ရွာလူကြီးလေး"
“......”
အဝေးမှ ရွာသားများ၏ အော်ခေါ်သံများကို ရှောင်ကျိုး ကြားလိုက်ရသည်။
သူမက ပြန်အော်လိုက်လေသည်။
"ကျွန်မတို့ ပြန်ရောက်ပြီ၊ အကုန်လုံးကို ခေါ်လာခဲ့တယ်"
"ဘေးကင်းကင်းနဲ့ ပြန်ရောက်လာပြီ၊ ကျေးဇူးတင်လိုက်တာ”
ရွာအကြီးအကဲများက မျက်ရည်သုတ်ရင်း ရှေ့ကို တရွေ့ရွေ့ သွားကြလေသည်။ သူတို့ ဆယ်နှစ်မျှ ပြန်ငယ်သွားချင်စိတ်ပင် ပေါက်သွားကြသည်။ သို့မှသာ သွားကြို၍ ရမှာ ဖြစ်သည်။
‘ ဒီကလေးစုတ်တွေက ငါတို့ အိုကြီးအိုမတွေကို တွဲခေါ်သွားဖို့တောင် သတိမရကြဘူး’
"အစ်မ၊ အစ်မ၊ သား အိမ်ပြန်ရောက်ပြီ"
အားသို့က အရှေ့ဆုံးမှ ပြေးသွားလေသည်။ သူ့အစ်မကို မြင်၍ သူ့ကို အရမ်းလွမ်းနေရှာမှာဟု တွေးပြီး ပွေ့ဖက်ရန် လက်နှစ်ဖက်ကို ဆန့်တန်းထားလိုက်သည်။
"ရွာလူကြီးလေး၊ အဆင်ပြေရဲ့လား၊ ဝူးဝူး... နောက်ဆို ငါ သိုင်းကို ကြိုးကြိုးစားစား ကျင့်တော့မယ်၊ ရွာလူကြီးလေး ဘယ်သွားသွား နောက်ကနေ လိုက်မှာ"
တနွီက အားသို့ကို ကျော်ဖြတ်ပြီး ရွာလူကြီးလေးထံသို့ တန်းပြေးသွားကာ ဆောင့်ကြောင့်ထိုင်ပြီး ရှောင်ကျိုးကို ပွေ့ချီလိုက်လေသည်။
အားသို့ - အစ်မ၊ အစ်မ ပြောင်းလဲသွားပြီ။
ကျောက်ဟူလည်း သူ့အဖေ သူ့ကို ကျော်ပြီး ပြေးသွားသည်ကို ငေးကြည့်နေရတော့သည်။