← Chapters

အခန်း ၂၆

Vol. 3 Ch. 26

အခန်း ၂၆

Vol. 3 Ch. 26

26

"ငါသိသားပဲ၊ ငါသိနေတယ်၊ ငါက တခြား‌နေရာက အကောက်ခံထားရတာ သေချာတယ်"

​"ထျဲနျို၊ ထျဲနျို၊ အဘွားရဲ့ မြေးလေး"

ချက်ချင်းပင် ​အဘွားရွှီ၏ အော်သံ ထွက်ပေါ်လာသည်။

ထျဲနျို ကျောက်ဟူနှင့် အားသို့အား ကြွားဝင့်စွာ ကြည့်လိုက်သည်။

‘ တွေ့လား၊ ငါ့အဘွားကတော့ ငါ့ကို ချစ်တုန်းပဲ’

​အဘွားရွှီမှာလည်း သူတို့သုံးယောက်ကို ကျော်သွားပြီး တနွီလက်ထဲမှ ရွာလူကြီးလေးကို ဆွဲယူလိုက်လေသည်။ ရင်ခွင်ထဲသို့ ထည့်လိုက်ပြီး ပွေ့ချီကာ ဝမ်းနည်းပက်လက်ဖြင့် ပြောလိုက်၏။

​"ပေါ့သွားတယ်၊ တော်တော် ပေါ့သွားတယ်၊ ရွာလူကြီးလေး ပင်ပန်းပြီး ပိန်သွားရှာပြီ၊ အဲ့ဒီကျိန်စာသင့်မယ့် ကလေးသူခိုးတွေ မိုးကြိုးပစ်ခံရပါစေ"

​ထျဲနျို: ဒီအချိန်မှာ သူက မိန်းကလေး မဟုတ်ရလေခြင်းလို့ပဲ နောင်တရမိတယ်။

​"ရွှမ်အာ၊ ရွှမ်အာရေ"

​ရှဟယ်ရွာ၏ ရွာလူကြီးကို လူမိုက်အချို့က တွဲခေါ်လာကြသည်။ သူ့မြေးလေးကို မြင်သည်နှင့် ချက်ချင်းပင် အော်ဟစ်ငိုယိုတော့သည်။

​"အဘိုး၊ အဘိုး၊ သား ပြန်ရောက်လာပြီ"

​ရွှမ်ဇီသည် တစ်နေ့လုံး ကြောက်လန့်ခဲ့ရသမျှအား အဘိုး၏ အသံကို ကြားချိန်တွင် ပေါက်ကွဲထွက်လာရသည်။ သူ ငိုယိုပြီး အဘိုး၏ ရင်ခွင်ထဲသို့ ပြေးဝင်သွားသည်။

​"ကျူဇီ"

​"ဟေးဝါ"

ငိုနေသော ရွှမ်ဇီကို ကြည့်ပြီး ကျူဇီနှင့် ဟေးဝါလည်း အော်ငိုကာ သူတို့အမေ၏ ရင်ခွင်ထဲသို့ ပြေးဝင်သွားကြ၏။

‘အိမ်ပြန်မရောက်နိုင်တော့ဘူးလို့တောင် ထင်ခဲ့တာ၊ ဝူးဝူး’

​"အိမ်ပြန်ကြစို့"

ရှောင်ကျိုးမှ အားလုံးကို အော်ပြောလိုက်သည်။

​"ဟုတ်တယ်၊ ဟုတ်တယ်၊ အိမ်ပြန်ကြစို့”

​"အိမ်ပြန်ကြစို့"

​လူအုပ်ကြီးမှာ ပျော်ရွှင်တက်ကြွစွာ ရွာသို့ ပြန်လာခဲ့ကြသည်။

ထိုည၌ ရွာထဲ မီးရောင်များ ထိန်လင်းနေပြီး လူတိုင်း၏ ရင်ထဲတွင် ကျေးဇူးတင်မှုများ၊ နွေးထွေးမှုများဖြင့် ပြည့်နှက်နေ၏။

အထူးသဖြင့် ရှောင်ကျိုးသည် ကလေးများကြားတွင် ထိုည၏ အတောက်ပဆုံး မှတ်ဉာဏ်တစ်ခု ဖြစ်လာပြီး သူတို့၏ နှလုံးသားထဲ၌ ထာဝရ စွဲထင်သွားတော့သည်။

​'ရွာသားတွေကို အောင်မြင်စွာ ကယ်တင်နိုင်ခဲ့တဲ့အတွက် ဆုလက်ဆောင် - အမှတ် ၅၀၀ နှင့် ကံစမ်းမဲ ၁ ကြိမ်’

ထိုရင်းနှီးနေသော အသံကို ကြားရသော်ငြား ရှောင်ကျိုး များစွာ မပျော်ရွှင်နိုင်ပေ။ သူမ ယနေ့ ဂူထဲ၌ တွေ့ခဲ့ရသည့် ကလေးတစ်အုပ်အကြောင်းကို စဉ်းစားနေမိသည်။

‘သူတို့လည်း ပြန်ပေးဆွဲခံလာရတာလား၊

အဲ့ဒီမှာ နေရတာ ဘယ်လောက်တောင် ကြာပြီလဲ၊

သူတို့ မိဘတွေရော အဒေါ်လျို့တို့လိုမျိုး စိုးရိမ်ပူပန်နေကြမလား၊

နေ့တိုင်း အရိုက်ခံနေရတာလား’

‘ဆရာယန် ပြောပုံအရတော့ သူတို့က အရမ်းငယ်ငယ်လေးကတည်းက အဖမ်းခံရပြီး လုပ်ကြံသတ်ဖြတ်သူတွေအဖြစ် လေ့ကျင့်ခံရတာ ဖြစ်မယ်တဲ့၊

ဆေးဝါးတွေနဲ့ ထိန်းချုပ်ခံထားရဖို့လည်း များတယ်၊

ဂူထဲက ထွက်သွားတာနဲ့ ချက်ချင်း သေသွားနိုင်ပြီး အခုတော့ သူတို့က ခံစားချက်မရှိ၊ အတွေးအခေါ်မရှိတဲ့ လူတွေ ဖြစ်နေပြီ’

​သို့သော် လူတစ်ယောက်မှာ မည်ကဲ့သို့ အတွေးအခေါ် မရှိဘဲ နေနိုင်မည်နည်း။

ရှောင်ကျိုး နားမလည်နိုင်အောင် ဖြစ်ရသည်။

သူမ အတွေးများလွန်း၍ အိပ်မပျော်နိုင်တော့ချေ။

​သူမ အိမ်ခေါင်မိုးပေါ်ကို ပျံတက်သွားပြီး နေထွက်လာမည့် အချိန်ကို စောင့်ရင်း ထိုင်နေလိုက်သည်။

ကောင်းကင်မှာ တဖြည်းဖြည်း လင်းလာပြီး ပထမဆုံး နေရောင်ခြည်က မြူခိုးများကို ဖောက်ထွက်လာကာ ရှောင်ကျိုးပေါ်သို့ ဖြည်းညင်းစွာ ကျရောက်လာ၏။ သူမ၏ နုနယ်သော မျက်နှာလေးပေါ်တွင် အလင်းရောင်တစ်လွှာ လွှမ်းခြုံသွားလေသည်။

သူမ ခေါင်းမိုးပေါ်၌ ထိုင်ရင်း ခြေထောက်လေးများကို လွှဲကာ အိမ်ခေါင်မိုးများကို ကျော်လွန်ပြီး တစ်ခုခုအား ရှာဖွေနေသကဲ့သို့၊ သို့မဟုတ် ပိုနက်နဲသည့် မေးခွန်းတစ်ခုကို စဉ်းစားနေသကဲ့သို့ ငေးကြည့်နေသည်။

​ရွာထဲတွင် ကြက်တွန်သံများ၊ ခွေးဟောင်သံများ ဆူညံလာပြီး နေ့သစ်တစ်နေ့ စတင်ပြီဖြစ်ကြောင်း ကြေညာနေသည်။

ရွာသားများ တစ်ယောက်ပြီး တစ်ယောက် အိမ်ထဲက ထွက်လာပြီး သူတို့၏ နေ့စဉ်အလုပ်များကို စတင်ကြသည်။ သို့သော် ယနေ့ သူတို့မျက်နှာပေါ်မှ အပြုံးများက ပုံမှန်ထက် ပို၍ တောက်ပနေကြသည်။

​ရှောင်ကျိုး ခေါင်းမိုးပေါ်မှ ဆင်းလာစဉ် ဖက်တီးလေးနှင့် တခြားသူများလည်း နိုးလာကြပြီး ခြံဝင်းထဲသို့ ထွက်လာကြသည်။

ရှောင်ကျိုးကို မြင်သည်နှင့် ဖက်တီးလေးက ချက်ချင်းပင် စိတ်လှုပ်ရှားစွာ ပြေးလာ၏။ မနေ့က သူတို့အားလုံးမှာ ထွက်ပြေးရန်သာ အာရုံစိုက်နေကြ‌သောကြောင့် ကယ်တင်ရှင်လေး၏ နာမည်ကို မမေးမိကြပေ။

​"ငါ့နာမည်က ဝမ်ကျယ်ချန်၊ နင့်နာမည်ကရော ဘယ်သူလဲ၊ ဘာလို့ လူတိုင်းက နင့်ကို ရွာလူကြီးလို့ ခေါ်ကြတာလဲ"

ဖက်တီးလေးက ရှောင်ကျိုးကို မေးလိုက်သည်။

​"နင့်နာမည် ဘယ်သူလို့ ပြောလိုက်တာ"

ရှောင်ကျိုးမှ ချက်ချင်း လှည့်ပြီး ဖက်တီးလေးကို မေးလိုက်၏။

​"ဝမ်ကျယ်ချန်လေ၊ ဘာဖြစ်လို့လဲ"

​ဖက်တီးလေးမှာ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားရသည်။

‘ဒီနာမည်က ဘာများ မှားနေလို့လဲ’

​"ဪ၊ ဘာမှမဟုတ်ပါဘူး"

ရှောင်ကျိုးက ရှက်ရွံ့စွာ ပြုံးပြလိုက်လေသည်။

​"နင့်နာမည်က ဘယ်သူလဲ၊ ဘာလို့ နင့်ကို ရွာလူကြီးလို့ ခေါ်ကြတာလဲ"

​ဖက်တီးလေးမှာ ရှောင်ကျိုးမှ ယခင်မေးခွန်းကို မဖြေသေးသောကြောင့် လက်မလျှော့ဘဲ ထပ်မေးပြန်၏။

​"ရှီရှောင်ကျိုး၊ ငါက မွေးကတည်းက ဒီမှာ ရွာလူကြီးလေ၊ သဘာဝပဲပေါ့"

ရှောင်ကျိုးမှ ဖြေလိုက်သည်။

​ရှန်ကျစ်ယွမ်က ဖက်တီးလေးကို ဘေးသို့ တွန်းထုတ်လိုက်ပြီး ရှောင်ကျိုး၏ လက်ကို ဆွဲကာ ပြောလိုက်၏။

​"ကျေးဇူးရှင်လေး၊ နင်က ဘာလို့ အဲ့ဒီလောက်တောင် စွမ်းရတာလဲ၊ နင်က နတ်သမီးလေးများလား"

​ရွာလူကြီးအိမ်၏ တံခါးဝမှ ဝင်လာသော တနွီမှာ ရှန်ကျစ်ယွမ်က ရွာလူကြီးလေး၏ လက်ကို ဆွဲထားသည်အား မြင်၍ ချက်ချင်းပင် သူမ၏ စိတ်ထဲ၌ နှိုးဆော်သံများ မြည်လာတော့သည်။

သူမ အမြန်ပြေးသွားပြီး ရှန်ကျစ်ယွမ်လက်ထဲမှ ရွာလူကြီးလေး၏ လက်ကို ဆွဲယူကာ သူမလက်ထဲသို့ ထည့်ထားလိုက်၏။

‘​ဟွန်း၊ ဒီမိန်းမယုတ်လေး ဘယ်က ရောက်လာတာလဲ၊ ရွာလူကြီးလေးကို ငါ့ဆီကနေ လုယူချင်နေတာလား’

​"ရွာလူကြီးလေး၊ ဗိုက်ဆာပြီလား"

တနွီမှ ဂရုတစိုက် မေးလိုက်သည်။

​ရွာလူကြီးလေးမှာ မနေ့က တစ်နေ့လုံး ပြေးလွှားနေရ၍ ပင်ပန်းနေသည့် ပုံပေါက်နေပြီး ကောင်းကောင်း အိပ်မပျော်ခဲ့ခြင်း ဖြစ်ရမည်။

​"အင်း၊ အစ်မရွှီ မနက်စာ လုပ်နေပြီ"

ရှောင်ကျိုး ခေါင်းညိတ်ပြလိုက်၏။

​သူမ မနေ့က ခေါ်လာသော လူများကို ကြည့်လိုက်ပြီး ပြောလိုက်သည်။

​"မနက်စာ စားပြီးရင် ရွာသားတွေကို နင်တို့အိမ် ပြန်ပို့ခိုင်းမယ်၊ နင်တို့အိမ်တွေ ဘယ်နားမှာ ရှိလဲ မှတ်မိကြလား"

​ဖက်တီးလေးမှ ခေါင်းကုတ်ပြီး ပြောလိုက်သည်။

​"ငါ့အဖေက ဝမ်ဖူကွေ၊ သူက မြို့အရှေ့ဘက်မှာ နေတာ၊ ငါ့မိသားစုက မြို့မှာ အချမ်းသာဆုံးပဲ"

​ရှန်ကျစ်ယွမ်လည်း အမြန်ဝင်ပြောလေသည်။

​"ငါ့အဖေက ခရိုင်ဝန်လေ၊ ငါ့ကို ခရိုင်ရုံးကို ပို့ပေးလိုက်ရုံပဲ"

​တခြားကလေးများမှာလည်း သူတို့၏ အိမ်‌နေရာများကို တစ်ယောက်ပြီးတစ်ယောက် ပြောကြသည်။

ကောင်လေး တစ်ယောက်သာ မည်သည်ကိုမှ မပြောဘဲ နှုတ်ဆိတ်နေလေသည်။

​တနွီ ရှန်ကျစ်ယွမ်ကို အံ့ဩတကြီး ကြည့်ပြီး မေးလိုက်၏။

​"နင်က ဘယ်လိုလုပ် အဖမ်းခံရတာလဲ"

​ရှန်ကျစ်ယွမ်မှာ ဒေါသတကြီးဖြင့် ပြောလိုက်သည်။

​"ဟွန်း၊ ငါ့ဝမ်းကွဲအစ်မနဲ့ အစေခံတို့ လူစုကွဲသွားလို့ လမ်းကြားတစ်ခုထဲမှာ ဝတ်ရုံနက်လူတစ်စုနဲ့ တိုးပြီး သတိလစ်သွားတာ၊ နိုးလာတော့ အဲ့ဒီအိမ်ထဲမှာ ကြိုးတုပ်ခံထားရပြီ’

‘​ဒါဆို သူဆွဲထားတဲ့ ကောင်မလေးက သူမရဲ့ ဝမ်းကွဲအစ်မပေါ့’

​ဖက်တီးလေးမှ နားမလည်နိုင်စွာ ပြောလိုက်၏။

​"ငါက ယုံဖူ စားသောက်ဆိုင်မှာ ဟင်းပွဲအသစ်ရတယ် ကြားလို့ သွားစားတာ၊ ဘယ်လိုဖြစ်ပြီး အဲ့ဒီကို ရောက်သွားမှန်းတောင် မသိဘူး"

ထိုအကြောင်း ပြောလိုက်မှ ဖက်တီးလေး၏ ဗိုက်က ဆာလောင်၍ အသံမြည်လာသည်။

သူ ရှောင်ကျိုးကို မျှော်လင့်တကြီး ကြည့်ပြီး မေးလိုက်သည်။

​"ကျေးဇူးရှင်လေး၊ ငါတို့ မနက်စာ ဘယ်တော့ စားရမှာလဲ"

​’ဟုတ်ပါပြီ၊ ဒါကတော့ သေချာပေါက် အစားအသောက်သမားပဲ၊ အမြဲတမ်း အစားအသောက်အကြောင်းချည်းပဲ ပြောနေတာ’

​"ခဏနေ ရတော့မှာပါ"

ရှောင်ကျိုး ပြန်ဖြေလိုက်သည်

ထိုအချိန်မှာပင် ရွှီရှောင်ရှောင် မီးဖိုချောင်ထဲမှ ထွက်လာပြီး အားလုံးကို ထမင်းစားရန် ခေါ်လိုက်၏။

ယနေ့ မနက်စာသည် ပဲနို့နှင့် ကျန်ပင်းကော့ဇီဟု ခေါ်သော အကြော်မုန့် ဖြစ်သည်။

​ကျန်ပင်းကော့ဇီနှင့် ပဲနို့ကို အရင်တစ်ခေါက်က ရှောင်ကျိုး ပေးထားသည့် ဟင်းချက်နည်းများအတိုင်း ရွှီရှောင်ရှောင်မှ လုပ်ထားခြင်းပင်။

ရွှီရှောင်ရှောင် ကိုယ်တိုင်ပင် အရသာ မည်သို့ နေမည်အား မသိပေ။

​"ဒါ ဘာကြီးလဲ"

ဖက်တီးလေးက ထမင်းစားပွဲထံသို့ ပထမဆုံး ပြေးသွားလေသည်။

‘မွှေးလိုက်တာ၊ အရမ်းမွှေးတာပဲ’

​"ဒါက ရွာလူကြီးလေး ပေးထားတဲ့ ဟင်းချက်နည်းအတိုင်း ငါ စမ်းလုပ်ကြည့်ထားတဲ့ အစားအစာအသစ်၊ ပဲနို့နဲ့ ကျန်ပင်းကော့ဇီလေ"

ရွှီရှောင်ရှောင်မှ ပြောလိုက်၏။

​ရှောင်ကျိုး ကျန်ပင်းကော့ဇီ မစားရသည်မှာ ကြာပြီ ဖြစ်သည်။

သူမ တစ်ခုယူပြီး တစ်ကိုက်ကိုက်လိုက်ကာ ပဲနို့ တစ်ငုံ သောက်လိုက်သည်။

‘​အရသာရှိလိုက်တာ၊ စားလို့ကောင်းချက်’

‘​ဒါက သူမ မှတ်မိနေတဲ့ အရသာလေးပဲ’

ရှောင်ကျိုးမှာ ပျော်လွန်း၍ မျက်လုံးလေးများပင် မှေးစင်းသွားတော့သည်။

​ဖက်တီးလေးမှ ရှောင်ကျိုးကို အတုခိုးပြီး အကြီးကြီး တစ်ကိုက်ကိုက်လိုက်ကာ ပဲနို့ တစ်ငုံ သောက်လိုက်၏။

​"ဝါး၊ ဒါက အရမ်းစားကောင်းတာပဲ"

​ဖက်တီးလေး၏ မျက်လုံးများ ချက်ချင်း အရောင်တောက်သွားပြီး တုနှိုင်းမဲ့ ရတနာတစ်ခုကို ရှာတွေ့သွားသကဲ့သို့ပင်။ ပါးစပ်ထဲ၌ အပြည့်ဖြစ်နေသော်ငြား သူက အလွန်အကျွံ အော်ဟစ်ချီးကျူးရန် မမေ့ချေ။ မျက်နှာပေါ်တွင် ကျေနပ်သည့် အပြုံးများဖြင့် ပါးစပ်မှလည်း ဖောင်းကားနေ၍ အလွန် ချစ်စဖွယ် ကောင်းနေသည်။

​ထိုအချိန်မှသာ ရွှီရှောင်ရှောင် သက်ပြင်းချနိုင်သွား၏။ သူမက စား၍ မကောင်းဘူးဟု ထင်‌နေခြင်းပင်။ ယခု အားလုံးမှ ဝိုင်း၍ ချီးကျူးနေကြသောကြောင့် သူမ အလွန် ပျော်သွားရသည်။

​"အစ်မရှောင်ရှောင်၊ ဒီ ကျန်ပင်းကော့ဇီနဲ့ ပဲနို့ကို မြို့မှာ သွားရောင်းရင် လူတွေ အများကြီး ကြိုက်ကြမှာ သေချာတယ်"

ရှန်ကျစ်ယွမ်မှာ စားရင်းဖြင့် ပြေလိုက်သည်။ ရွှီရှောင်ရှောင်အား လက်မထောင်ပြရန်လည်း မမေ့ပေ။

​ရွှီရှောင်ရှောင် အနည်းငယ် ရှက်သွားသော်ငြား ပို၍ပင် အံ့ဩဝမ်းသာ ဖြစ်သွားရ၏။ အားလုံး အားရပါးရ စားနေကြသည်ကို ကြည့်ပြီး သူမရင်ထဲတွင် အောင်မြင်မှုဟူသော ခံစားချက်များ ပြည့်နှက်သွားသည်။

ထိုစဉ် တောက်လျှောက် နှုတ်ဆိတ်နေခဲ့သော ကောင်လေးမှ ရုတ်တရက် စကားပြောလာ၏။

​"အရသာရှိလိုက်တာ၊ ကျန်ပင်းကော့ဇီက အပြင်ခွံကြွပ်ကြွပ်လေးနဲ့ အထဲက အစာတွေကလည်း ပြည့်စုံတယ်၊ ပဲနို့ကလည်း ချိုပြီး စိမ့်နေတာပဲ၊ ဒီနှစ်ခုက တစ်ခုနဲ့တစ်ခု အချိုးကျ ပေါင်းစပ်သွားတယ်"

ယင်းအား ကြားရ၍ ဖက်တီးလေးက မနားတမ်း စားနေရင်း ပလုတ်ပလောင်းဖြင့် ပြောလိုက်သည်။

​"မင်းက အ နေတာ မဟုတ်ဘူးပဲ၊ စကားပြောတတ်သားပဲ"

​ကောင်လေးမှ သူ့ကို လျစ်လျူရှုလိုက်‌သောကြောင့် ဖက်တီးလေးမှာ နှုတ်ခမ်းဆူသွားရတယ်။

‘ပျင်းစရာကောင်းလိုက်တာ’

​မနက်စာ စားပြီးသွား‌၍ အားလုံး အိမ်ပြန်ရန်ပင် မေ့နေကြပြီ ဖြစ်သည်။

ဖက်တီးလေးမှာ ယခုဆိုလျှင် ဤနေရာမှာသာ အပြီးအပိုင် နေသွားချင်‌ပြီ ဖြစ်သည်။

‘နေ့လယ်စာအတွက် အစ်မရှောင်ရှောင်က ဟော့ပေါ့ လုပ်ကျွေးမယ်တဲ့၊ အဲ့ဒါ ဘာကြီးမှန်း မသိပေမယ့် အရမ်းအရမ်းကို စားကောင်းမှာ သေချာတယ်’

‘ဖက်တီးလေး ပြန်မသွားချင်တော့ဘူး၊ သေအောင်ရိုက်လည်း မသွားတော့ဘူး’

All Chapters