အခန်း ၂၇
Vol. 3 Ch. 27
27
"ငါ မပြန်ဘူး၊ ငါ ဒီမှာပဲ နေချင်တယ်"
ဖက်တီးလေးမှ ရှောင်ကျိုးကို မျှော်လင့်တကြီး ကြည့်ပြီး ပြောလိုက်သည်။
"ငါ့အဖေကို နေစရိတ်တွေ ပို့ပေးခိုင်းလိုက်မယ်"
ရှန်ကျစ်ယွမ်လည်း မပြန်ချင်သောကြောင့် အမြန် ဝင်ပြော၏။
"ငါလည်း မပြန်ဘူး၊ ဒီမှာပဲ ဆော့ချင်တယ်"
သူမဘေးမှ ဝမ်းကွဲအစ်မလည်း မပြန်ဘူးဆိုသည့် သဘောဖြင့် ခေါင်းခါပြသည်။
"မရဘူး၊ နင်တို့ အရင်ပြန်ရမယ်၊ မိဘတွေ သဘောတူမှ ဒီမှာ နေလို့ရမယ်"
ရှောင်ကျိုး ငြင်းလိုက်သည်။
ကလေးများက မပြန်ချင်ပြန်ချင်နှင့် ရွာသာများနောက်လိုက်ပြီး မြို့သို့ ပြန်သွားကြရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ချေ။
"ငါ့ကို စောင့်နေဦးနော်၊ ငါ ဒီမှာလာနေမယ်လို့ မိဘတွေကို သွားပြောလိုက်ဦးမယ်"
ဖက်တီးလေးမှာ မပြန်ခင်က သူစားခဲ့ရသော အရသာရှိသည့် အစားအစာများကို လွမ်းဆွတ်တမ်းတနေဆဲ ဖြစ်သည်။
ရှောင်ကျိုးမှ သူတို့ ကြိုက်သလို လုပ်နိုင်ကြောင်း လက်ပြလိုက်၏။
နောက်ဆုံးတွငိ အိမ်နေရာအား မပြောတတ်သည့် ကောင်လေးတစ်ယောက်သာ ကျန်ခဲ့တော့သည်။
"နင့်အိမ်ဘယ်မှာလဲ၊ တကယ်မသိဘူးလား"
ရှောင်ကျိုး ထပ်မေးသောကြောင့် ကောင်လေးမှ ခေါင်းခါပြလိုက်သည်။
"ဒါဆို နင့်နာမည်က ဘယ်သူလဲ"
ကောင်လေးက ဆက်ပြီး ခေါင်းခါပြလေသည်။
"အသက် ဘယ်လောက်ရှိပြီလဲ"
ကောင်လေး ခေါင်းကိုသာ ဆက်ခါပြ၏။
"နင် အရူးတော့ မဟုတ်ပါဘူးနော်၊ ဒါပေမယ့် ကြည့်ရတာလည်း အရူးနဲ့ မတူပါဘူး"
‘စောစောက ထမင်းစားတုန်းကတော့ ကောင်လေးက စကားတွေ တော်တော်ပီပီသသကို ပြောနေသေးတာပဲ’
"ဒါဆို လောလောဆယ် ဒီမှာပဲ နေလိုက်၊ အချိန်တန်ရင် ခရိုင်ရုံးကို သွားပြီး နင့်မိဘတွေကို သွားရှာကြတာပေါ့"
ကောင်လေးမှ ခေါင်းညိတ်ပြသည်။
"သွား၊ နေဖို့ အခန်းလွတ် တစ်ခန်း သွားရှာလိုက်"
ပြောပြီးသည်နှင့် ရှောင်ကျိုး အိပ်ရေးဝအောင် အိပ်ရန် သူမအခန်းထဲသို့ ပြန်ဝင်သွားတော့သည်။
မနေ့က မဲမနှိုက်ရသေးသည်အား သတိရသွား၍ ရှောင်ကျိုးမှ မဲနှိုက်ခလုတ်ကို နှိပ်လိုက်၏။
အမွှာရဆေးလုံး တစ်လုံး ပေါက်သည်။
’အမွှာရဆေးလုံး၊
အဲ့ဒါ ဘာကြီးလဲ’
'အဲ့ဒါကို သောက်တဲ့ အမျိုးသမီးက အမွှာမွေးနိုင်တယ်'
စနစ်မှ ပြန်ဖြေသည်။
"ဪ"
ရှောင်ကျိုး အနည်းငယ် စိတ်ပျက်သွား၏။
ထိုအရာက ခွန်အားကြီးဆေးလုံးလောက် မကောင်းပေ။
"ငါသာ ခွန်အားကြီးဆေးလုံးကို စားလိုက်ရင် ငါ့ခွန်အားက နင့်လောက် ဖြစ်သွားမလား"
ရှောင်ကျိုး မေးလိုက်သည်။
'မဖြစ်ပါဘူး၊ ဒါပေမယ့် သင့်ခွန်အားက သာမန်လူတွေထက်တော့ ပိုကြီးလာပါလိမ့်မယ်’
စနစ်မှ ပြန်ဖြေ၏။
ရှောင်ကျိုး အမွှာရဆေးလုံးကို သိုလှောင်အိတ်ထဲသို့ ထည့်လိုက်ပြီး အိပ်ရေးဝအောင် အိပ်ရန် လှဲချလိုက်သည်။
တစ်ဖက်၌ ဖက်တီးလေးမှာ သူ့ကိုယ်ပိုင် အိမ်တံခါးဝတွင် ရပ်ရင်း သူ့ကို လိုက်ပို့ပေးသည့် ကျောက်တလန်ကို ထပ်မေးနေသည်။
"ဦးလေး၊ ကျွန်တော် မပြန်ချင်ဘူး၊ ဦးလေးတို့ ရွာကိုပဲ ပြန်ခေါ်သွားပေးလို့ ရမလား"
"မရဘူး၊ ငါတို့ ရွာလူကြီးက မင်းကို အိမ်အရောက်ပို့ရမယ်လို့ မှာလိုက်တာ”
ကျောက်တလန် ဖက်တီးလေး၏ အကြိမ်ကြိမ် တောင်းဆိုမှုကို ရက်ရက်စက်စက် ငြင်းပယ်လိုက်ပြီး နေရောင်အောက်၌ တလက်လက် တောက်နေသည့် ကြေးဝါလက်ကိုင်ကွင်းများ တပ်ဆင်ထားပြီး ကြီးမားခန့်ထည်သော တံခါးကြီးကို ခေါက်လိုက်သည်။
တခဏအကြာ တံခါးပွင့်လာပြီး အစေခံကောင်လေး တစ်ယောက် ခေါင်းပြူထွက်လာ၏။ ဖက်တီးလေးကို မြင်လိုက်သည်နှင့် သူ့မျက်နှာမှာ ချက်ချင်းပင် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်သွားတော့သည်။
သူ နောက်လှည့်ပြီး ခြံဝင်းထဲကို လှမ်းအော်လိုက်သည်။
"သခင်လေး ပြန်ရောက်လာပြီ၊ သခင်လေး ပြန်ရောက်လာပြီဗျို့"
"ဘာ၊ သခင်လေး ပြန်ရောက်လာပြီ ဟုတ်လား”
ဤသည်ကို ကြား၍ အခြား အစေခံမလေးများ၊ ကောင်လေးများက သခင်ကြီးနှင့် သခင်မကို အမြန် သွား၍ သတင်းပို့ကြသည်။
ချက်ချင်းဆိုသလိုပင် စံအိမ်ထဲမှ လူအုပ်ကြီး ပြေးထွက်လာကြ၏။
ပိုးသားများ၊ ကျောက်မျက်ရတနာများ ဝတ်ဆင်ထားသော ဆံပင်ဖြူဖြူ အဘွားအိုတစ်ယောက် မျက်ရည်များဖြင့် ရှေ့သို့ ထွက်လာပြီး ယိုင်တိယိုင်တိုင်နှင့် လှမ်းလာသည်။ ဖက်တီးလေးကို တင်းတင်းကျပ်ကျပ် ဖက်ထားပြီး တုန်ရီသော အသံဖြင့် ငိုယိုနေတော့သည်။
"အဘွားရဲ့ အသည်းအသက်လေး၊ မြေးလေး ဘယ်တွေ သွားနေတာလဲ၊ အဘွားဖြင့် စိတ်ပူလွန်းလို့ သေတော့မလို့ပဲ"
ဖက်တီးလေးမှ သူ၏ အဘွားအား တွေ့လိုက်ရသောကြောင့် မနေ့က ပြန်ပေးဆွဲခံရသည့် ဝမ်းနည်းမှုများ ရုတ်တရက် ပေါက်ကွဲထွက်လာသည်။
"အဘွား၊ သား အိမ်ပြန်မရောက်တော့ဘူးလို့တောင် ထင်နေတာ"
"ဘာဖြစ်လို့လဲ၊ အဘွားကို ပြောပြစမ်းပါဦး"
အဘွားအိုမှ စိုးရိမ်တကြီး မေးလိုက်၏။
ဖက်တီးလေးက သူ မည်ကဲ့သို့ ပြန်ပေးဆွဲခံရပုံနှင့် ရှောင်ကျိုးမှ သူ့ကို မည်သို့ ကယ်တင်ခဲ့သည်ကို ပြန်ပြောပြသည်။
"မိုက်ရိုင်းလိုက်တာ၊ နေ့ခင်းကြောင်တောင်ကြီး ဒီလောက် ရဲတင်းရတယ်လို့၊ ခရိုင်ရုံးကို သွားတိုင်ကြ၊ အဲ့ဒီလူယုတ်မာတွေကို သေချာပေါက် ဖမ်းရမယ်"
အဘွားအိုမှ တောင်ဝှေးကို မြေကြီးဖြင့် အားကုန် ဆောင့်လိုက်သည်။
"အမေ၊ စိတ်မပူပါနဲ့၊ ဒီလောက် ရဲတင်းတဲ့သူတွေက ဘယ်သူတွေလဲဆိုတာ သေချာပေါက် စုံစမ်းရမှာပေါ့"
ဖက်တီးလေး၏ အဖေ ဝမ်ဖူကွေက ဘေးတွင် ရပ်နေသည့် ရိုးသားဖြူစင်ပုံပေါက်သော လူမိုက်ကြီးကို ကြည့်ပြီး လက်အုပ်ချီကာ ပြောလိုက်သည်။
"ကျွန်တော့်သားကို ကယ်ပေးတဲ့ ခင်ဗျားတို့ ရွာလူကြီးကို ကျေးဇူးတင်ပါတယ်၊ ခင်ဗျားတို့က ဘယ်ရွာကလဲ မသိဘူး၊ နောက်ရက်ကျရင် ကျေးဇူးဆပ်ဖို့ သေချာပေါက် လာလည်ပါ့မယ်"
"ဟုတ်တယ်၊ ဟုတ်တယ်၊ မင်းတို့ ရွာလူကြီးကို ကျေးဇူးတင်ရမယ်"
အဘွားအိုမှ ကျောက်တလန်ကို ထပ်ခါတလဲလဲ ကျေးဇူးတင်စကားဆို၏။
ဝမ်ကျယ်ချန်မှာ ဝမ်မိသားစု၏ တစ်ဦးတည်းသော မျိုးဆက် ယောင်္ကျားလေးပင်။ သူတို့မြေးကို ကယ်ပေးသည့် သူတိုင်း ဝမ်မိသားစု၏ ကျေးဇူးရှင်ကြီးများ ဖြစ်ပြီး ကျေးဇူးဆပ်ရန်အတွက် လက်ဆောင်များ များစွာယူကာ ကိုယ်တိုင် သွားရောက်တွေ့ဆုံရမည် ဖြစ်သည်။
"သူတို့က ထောင်ယွမ်ရွာကလေ"
ဖက်တီးလေးမှ ဝင်ပြောလိုက်သည်။
"အမေရော ဘယ်မှာလဲ"
သူ ဘေးဘီကို ကြည့်လိုက်ပြီး သူ့အမေကို မတွေ့ရသောကြောင့် အံ့ဩသွားရသည်။
"မင်းအမေက ခရိုင်ဝန်အိမ်မှာ သခင်မရှန်ကို သွားရှာတာ၊ မင်းကို လိုက်ရှာပေးဖို့ လူလွှတ်ပေးအောင် ခရိုင်ဝန်ကို သွားအကူအညီတောင်းတာလေ"
ဝမ်ဖူကွေ ဘေးမှ အစေခံကောင်လေးအား ခရိုင်ဝန်အိမ်သို့ သွားပြီး သားပြန်ရောက်လာပြီဖြစ်ကြောင်း သခင်မကို သွားပြောရန် အမြန် စေလွှတ်လိုက်သည်။
"မြန်မြန်၊ အထဲဝင်ပါဗျာ၊ ဒီမှာ ရပ်မနေပါနဲ့"
ဝမ်ဖူကွေမှ ကျောက်တလန်ကို အိမ်ထဲဝင်ထိုင်ရန် ဖိတ်ခေါ်လိုက်သည်။
"မလိုပါဘူး၊ ကလေးကို အပ်ပြီးပြီဆိုတော့ ကျုပ် ပြန်တော့မယ်"
ပြောပြီးသည်နှင့် ကျောက်တလန် လက်အုပ်ချီပြီး ပြန်ရန် ပြင်လိုက်သည်။
ဖက်တီးလေးမှာ ကျောက်တလန်၏ ခြေထောက်ကို ချက်ချင်း ဖက်ထားလိုက်ပြီး အဘွားဘက်သို့ လှည့်ကာ တောင်းဆိုသည်။
"အဘွား၊ သား ထောင်ယွမ်ရွာမှာ ရက်အနည်းငယ်လောက် သွားနေချင်တယ်"
"လုံးဝ မဖြစ်ဘူး၊ မင်းအမေ ပြန်လာလို့ မင်းကို မတွေ့ရင် ထပ်ပြီး စိတ်ပူနေဦးမယ်"
သူ့ဇနီးသည် မည်မျှ စိတ်ပူနေခဲ့ရသည်ကို တွေးမိ၍ ဝမ်ဖူကွေ ချက်ချင်း ငြင်းလိုက်၏။
"သွားမယ်ဆို သွားမယ်လို့၊ ကျေးဇူးရှင်လေးနဲ့ အတူ နေချင်တာ"
ဖက်တီးလေးက ဂျီကျရန် အသင့်ဖြစ်နေပြီ ဖြစ်သည်။
"သွားပါစေလေ၊ မနက်ဖြန်ကျမှ ငါတို့ သွားကြိုကြတာပေါ့"
အဘွားအိုမှ အမိန့်ချလိုက်သောကြောင့် ဝမ်ဖူကွေလည်း မည်သို့မှ မတတ်နိုင်တော့ပေ။ သူ ကျောက်တလန်ကို အားနာသလို ကြည့်ပြီး ပြောလိုက်သည်။
"ဒါက၊ အဆင်ပြေပါ့မလား မသိဘူး"
ဖက်တီးလေးက ကျောက်တလန်၏ ခြေထောက်ကို တင်းတင်းကျပ်ကျပ် ဖက်ထားလေသည်။
"ဦးလေးကျောက်တ၊ မိသားစုက သဘောတူရင် ရွာမှာ နေလို့ရတယ်လို့ ကျေးဇူးရှင်လေး ပြောထားတယ်နော်"
ရွာလူကြီးလေးလည်း သဘောတူထားပြီးဖြစ်၍ ကျောက်တလန်မှာ ငြင်းစရာ အကြောင်းမရှိပေ။
ဝမ်ဖူကွေမှ အိမ်တော်ထိန်းကို လိုက်ပို့ရန် မြင်းလှည်း တစ်စီး စီစဉ်ခိုင်းလိုက်ပြီး ဖက်တီးလေးနှင့် ကျောက်တလန်တို့မှာ အစေခံကောင်လေး တစ်ယောက်၊ ပစ္စည်းများ အပြည့်တင်ထားသော မြင်းလှည်းတစ်စီးနှင့် ရွာသို့ ပြန်လာခဲ့ကြသည်။
ဖက်တီးလေးမှာ မြင်းလှည်းပေါ်မှ ဆင်းဆင်းချင်းပင် ရှောင်ကျိုး၏ ခြံဝင်းထံသို့ ပျော်ရွှင်စွာ ပြေးသွားလိုက်သည်။
‘ဟော့ပေါ့၊ ဟော့ပေါ့၊ ငါလာပြီဟေ့’
လမ်းတွင် မနေ့က သူထွက်ပြေးနိုင်စေရန် ကူညီပေးခဲ့သော ယွိဟွာကို တွေ့လိုက်ရသည်။ ဖက်တီးလေးသည် အိတ်ကပ်ထဲမှ တေးအချို့ကို အမြန်ထုတ်ပြီး ယွိဟွာ၏ ကျောပေါ်၌ လွယ်ထားသည့် အိတ်လေးထဲသို့ ထည့်ပေးလိုက်၏။
သူ ယွိဟွာ၏ တောင်ပံကို ပွတ်သပ်ရင်း ပြောလိုက်သည်။
"ကျေးဇူးပဲနော်၊ မင်းက အရမ်းမိုက်တာပဲ၊ ငါတွေ့ဖူးသမျှထဲမှာ မင်းက ဉာဏ်အကောင်းဆုံး တိရစ္ဆာန်ပဲ"
ယွိဟွာ လည်ပင်းကို ဆန့်ပြီး နှစ်ခါသုံးခါ အော်လိုက်သည်။
"ကွပ် ကွပ်"
‘ ကောင်လေး၊ မင်း အမြင်ရှိတာပဲ၊ စိတ်မပူနဲ့၊ နောက်ဆို ယွိဟွာ မင်းကို ကာကွယ်ပေးမယ်’
ယွိဟွာ သူ၏ ကျေးဇူးတင်စကားကို တုံ့ပြန်နေမှန်း သိသောကြောင့် ဖက်တီးလေးမှ ဆက်ပြောလိုက်သည်။
"နောက်တစ်ခါကျရင် မင်းကို ငါ့အဘွားနဲ့ တွေ့အောင် ခေါ်သွားမယ်၊ မင်းလည်ပင်းမှာ ဆွဲဖို့ ရွှေသော့ချိတ် တစ်ခု လုပ်ပေးဖို့ အဘွားကို ပြောပေးမယ်၊ အဲ့ဒီအခါကျရင် မင်းက ဒီမှာ အချမ်းသာဆုံး ကြက်မကြီး ဖြစ်သွားပြီ"
‘ကွပ် ကွပ် ကွပ် ကွပ်’
’တကယ်လား၊ မမေ့နဲ့နော်’
ယွိဟွာမှ ပျော်ရွှင်စွာဖြင့် ဖက်တီးလေး၏ လက်ကို ခေါင်းနှင့် ပွတ်သပ်နေ၏။
ဖက်တီးလေး ယွိဟွာကို ပွေ့ချီပြီး ရှောင်ကျိုး၏ ခြံဝင်းထံသို့ လျှောက်သွားလိုက်သည်။ ခြံဝင်းတံခါးပေါက် ဝင်ဝင်ချင်းပင် အလွန်မွှေးသော အနံ့မား ရလိုက်သည်။
"ဝါး၊ အရမ်းမွှေးတာပဲ"
ဖက်တီးလေး စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ပြီး ခြေလှမ်းများကို ခပ်သွက်သွက် လှမ်းလိုက်သည်။ ထိုအချိန်တွင် အိပ်ရာနိုးပြီး အိမ်ထဲမှ ထွက်လာသော ရှောင်ကျိုးမှာ ဖက်တီးလေးနှင့် သူ့ရင်ခွင်ထဲက ယွိဟွာကို မြင်စဉ် ဇဝေဇဝါဖြင့် မေးလိုက်၏။
"နင် မပြန်ဘူးလား"
ဖက်တီးလေးမှ ခုံတစ်ခုံကို အမြန်ရှာထိုင်ပြီး ပြောလိုက်သည်။
"အဘွားနဲ့ သွားပြောပြီးပြီ၊ ရွာမှာနေဖို့ အဘွားက သဘောတူတယ်၊ တွေ့လား၊ ငါ့နေစရိတ်တွေပါ ယူလာတယ်"
ဖက်တီးလေးက တံခါးအပြင်ဘက်မှ ပစ္စည်းများ အပြည့်တင်ထားသော မြင်းလှည်းကို လက်ညှိုးထိုးပြ၏။
အစေခံကောင်လေးမှာ ထိုပစ္စည်းများအား ခြံဝင်းထဲသို့ မနည်း သယ်၍ သွင်းနေရသည်။ ရှောင်ကျိုးက အံ့ဩတကြီးဖြင့် လှည့်ကြည့်လိုက်သည်။
"နင် ဒီမှာ ဘယ်လောက်ကြာကြာ နေဖို့ စီစဉ်ထားတာလဲ"
’သူ့အိမ်တစ်ခုလုံးကို ဒီ ရွှေ့လာတာများလား’
ဖက်တီးလေး ပျော်ရွှင်စွာ ပြောလေသည်။
"တစ်ရက်ပဲ နေမယ်လို့ အဘွားကို ပြောခဲ့တာ၊ အဲ့ဒါမှ သူတို့က ပေးလာမှာလေ၊ ဒါပေမယ့် ငါ့ပစ္စည်းတွေ အကုန်လုံးကို ဒီကို သယ်လာခဲ့တယ်၊ အဘွား ငါ့ကို လာကြိုတဲ့အခါ နောက်ထပ် ရက်နည်းနည်းလောက် ဆက်နေခွင့်ပြုဖို့ တောင်းဆိုလိုက်မယ်၊ အဘွားက သဘောတူမှာပါ"
"ပြီးတော့ ဟိုကောင်လေးက ငါ့အစေခံ ရှောင်လျိုတဲ့၊ ငါ့ကို ပြုစုဖို့ လိုက်လာတာ"