← Chapters

အခန်း ၂၇

Vol. 3 Ch. 27

အခန်း ၂၇

Vol. 3 Ch. 27

27

"ငါ မပြန်ဘူး၊ ငါ ဒီမှာပဲ နေချင်တယ်"

ဖက်တီးလေးမှ ရှောင်ကျိုးကို မျှော်လင့်တကြီး ကြည့်ပြီး ပြောလိုက်သည်။

​"ငါ့အဖေကို နေစရိတ်တွေ ပို့ပေးခိုင်းလိုက်မယ်"

​ရှန်ကျစ်ယွမ်လည်း မပြန်ချင်သောကြောင့် အမြန် ဝင်ပြော၏။

​"ငါလည်း မပြန်ဘူး၊ ဒီမှာပဲ ဆော့ချင်တယ်"

​သူမဘေးမှ ဝမ်းကွဲအစ်မလည်း မပြန်ဘူးဆိုသည့် သဘောဖြင့် ခေါင်းခါပြသည်။

​"မရဘူး၊ နင်တို့ အရင်ပြန်ရမယ်၊ မိဘတွေ သဘောတူမှ ဒီမှာ နေလို့ရမယ်"

ရှောင်ကျိုး ငြင်းလိုက်သည်။

ကလေးများက မပြန်ချင်ပြန်ချင်နှင့် ရွာသာများနောက်လိုက်ပြီး မြို့သို့ ပြန်သွားကြရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ချေ။

​"ငါ့ကို စောင့်နေဦးနော်၊ ငါ ဒီမှာလာနေမယ်လို့ မိဘတွေကို သွားပြောလိုက်ဦးမယ်"

​ဖက်တီးလေးမှာ မပြန်ခင်က သူစားခဲ့ရ‌သော အရသာရှိသည့် အစားအစာများကို လွမ်းဆွတ်တမ်းတနေဆဲ ဖြစ်သည်။

​ရှောင်ကျိုးမှ သူတို့ ကြိုက်သလို လုပ်နိုင်‌ကြောင်း လက်ပြလိုက်၏။

​နောက်ဆုံးတွငိ အိမ်နေရာအား မပြောတတ်သည့် ကောင်လေးတစ်ယောက်သာ ကျန်ခဲ့တော့သည်။

​"နင့်အိမ်ဘယ်မှာလဲ၊ တကယ်မသိဘူးလား"

ရှောင်ကျိုး ထပ်မေး‌သောကြောင့် ကောင်လေးမှ ခေါင်းခါပြလိုက်သည်။

​"ဒါဆို နင့်နာမည်က ဘယ်သူလဲ"

​ကောင်လေးက ဆက်ပြီး ခေါင်းခါပြလေသည်။

​"အသက် ဘယ်လောက်ရှိပြီလဲ"

​ကောင်လေး ခေါင်းကိုသာ ဆက်ခါပြ၏။

​"နင် အရူးတော့ မဟုတ်ပါဘူးနော်၊ ဒါပေမယ့် ကြည့်ရတာလည်း အရူးနဲ့ မတူပါဘူး"

‘စောစောက ထမင်းစားတုန်းကတော့ ကောင်လေးက စကားတွေ တော်တော်ပီပီသသကို ပြောနေသေးတာပဲ’

​"ဒါဆို လောလောဆယ် ဒီမှာပဲ နေလိုက်၊ အချိန်တန်ရင် ခရိုင်ရုံးကို သွားပြီး နင့်မိဘတွေကို သွားရှာကြတာပေါ့"

​ကောင်လေးမှ ခေါင်းညိတ်ပြသည်။

​"သွား၊ နေဖို့ အခန်းလွတ် တစ်ခန်း သွားရှာလိုက်"

​ပြောပြီးသည်နှင့် ရှောင်ကျိုး အိပ်ရေးဝအောင် အိပ်ရန် သူမအခန်းထဲသို့ ပြန်ဝင်သွားတော့သည်။

​မနေ့က မဲမနှိုက်ရသေးသည်အား သတိရသွား၍ ရှောင်ကျိုးမှ မဲနှိုက်ခလုတ်ကို နှိပ်လိုက်၏။

အမွှာရဆေးလုံး တစ်လုံး ပေါက်သည်။

​’အမွှာရဆေးလုံး၊

အဲ့ဒါ ဘာကြီးလဲ’

​'အဲ့ဒါကို သောက်တဲ့ အမျိုးသမီးက အမွှာမွေးနိုင်တယ်'

စနစ်မှ ပြန်ဖြေသည်။

​"ဪ"

ရှောင်ကျိုး အနည်းငယ် စိတ်ပျက်သွား၏။

ထိုအရာက ခွန်အားကြီးဆေးလုံးလောက် မကောင်းပေ။

​"ငါသာ ခွန်အားကြီးဆေးလုံးကို စားလိုက်ရင် ငါ့ခွန်အားက နင့်လောက် ဖြစ်သွားမလား"

ရှောင်ကျိုး မေးလိုက်သည်။

​'မဖြစ်ပါဘူး၊ ဒါပေမယ့် သင့်ခွန်အားက သာမန်လူတွေထက်တော့ ပိုကြီးလာပါလိမ့်မယ်’

စနစ်မှ ပြန်ဖြေ၏။

​ရှောင်ကျိုး အမွှာရဆေးလုံးကို သိုလှောင်အိတ်ထဲသို့ ထည့်လိုက်ပြီး အိပ်ရေးဝအောင် အိပ်ရန် လှဲချလိုက်သည်။

​တစ်ဖက်၌ ဖက်တီးလေးမှာ သူ့ကိုယ်ပိုင် အိမ်တံခါးဝတွင် ရပ်ရင်း သူ့ကို လိုက်ပို့ပေးသည့် ကျောက်တလန်ကို ထပ်မေးနေသည်။

​"ဦးလေး၊ ကျွန်တော် မပြန်ချင်ဘူး၊ ဦးလေးတို့ ရွာကိုပဲ ပြန်ခေါ်သွားပေးလို့ ရမလား"

​"မရဘူး၊ ငါတို့ ရွာလူကြီးက မင်းကို အိမ်အရောက်ပို့ရမယ်လို့ မှာလိုက်တာ”

​ကျောက်တလန် ဖက်တီးလေး၏ အကြိမ်ကြိမ် တောင်းဆိုမှုကို ရက်ရက်စက်စက် ငြင်းပယ်လိုက်ပြီး နေရောင်အောက်၌ တလက်လက် တောက်နေ‌သည့် ကြေးဝါလက်ကိုင်ကွင်းများ တပ်ဆင်ထားပြီး ကြီးမားခန့်ထည်သော တံခါးကြီးကို ခေါက်လိုက်သည်။

တခဏအကြာ တံခါးပွင့်လာပြီး အစေခံကောင်လေး တစ်ယောက် ခေါင်းပြူထွက်လာ၏။ ဖက်တီးလေးကို မြင်လိုက်သည်နှင့် သူ့မျက်နှာမှာ ချက်ချင်းပင် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်သွားတော့သည်။

သူ နောက်လှည့်ပြီး ခြံဝင်းထဲကို လှမ်းအော်လိုက်သည်။

​"သခင်လေး ပြန်ရောက်လာပြီ၊ သခင်လေး ပြန်ရောက်လာပြီဗျို့"

​"ဘာ၊ သခင်လေး ပြန်ရောက်လာပြီ ဟုတ်လား”

​ဤသည်ကို ကြား၍ အခြား အစေခံမလေးများ၊ ကောင်လေးများက သခင်ကြီးနှင့် သခင်မကို အမြန် သွား၍ သတင်းပို့ကြသည်။

ချက်ချင်းဆိုသလိုပင် စံအိမ်ထဲမှ လူအုပ်ကြီး ပြေးထွက်လာကြ၏။

​ပိုးသားများ၊ ကျောက်မျက်ရတနာများ ဝတ်ဆင်ထားသော ဆံပင်ဖြူဖြူ အဘွားအိုတစ်ယောက် မျက်ရည်များဖြင့် ရှေ့သို့ ထွက်လာပြီး ယိုင်တိယိုင်တိုင်နှင့် လှမ်းလာသည်။ ဖက်တီးလေးကို တင်းတင်းကျပ်ကျပ် ဖက်ထားပြီး တုန်ရီသော အသံဖြင့် ငိုယို‌နေတော့သည်။

​"အဘွားရဲ့ အသည်းအသက်လေး၊ မြေးလေး ဘယ်တွေ သွားနေတာလဲ၊ အဘွားဖြင့် စိတ်ပူလွန်းလို့ သေတော့မလို့ပဲ"

​ဖက်တီးလေးမှ သူ၏ အဘွားအား တွေ့လိုက်ရသောကြောင့် မနေ့က ပြန်ပေးဆွဲခံရသည့် ဝမ်းနည်းမှုများ ရုတ်တရက် ပေါက်ကွဲထွက်လာသည်။

​"အဘွား၊ သား အိမ်ပြန်မရောက်တော့ဘူးလို့တောင် ထင်နေတာ"

​"ဘာဖြစ်လို့လဲ၊ အဘွားကို ပြောပြစမ်းပါဦး"

အဘွားအိုမှ စိုးရိမ်တကြီး မေးလိုက်၏။

​ဖက်တီးလေးက သူ မည်ကဲ့သို့ ပြန်ပေးဆွဲခံရပုံနှင့် ရှောင်ကျိုးမှ သူ့ကို မည်သို့ ကယ်တင်ခဲ့သည်ကို ပြန်ပြောပြသည်။

​"မိုက်ရိုင်းလိုက်တာ၊ နေ့ခင်းကြောင်တောင်ကြီး ဒီလောက် ရဲတင်းရတယ်လို့၊ ခရိုင်ရုံးကို သွားတိုင်ကြ၊ အဲ့ဒီလူယုတ်မာတွေကို သေချာပေါက် ဖမ်းရမယ်"

အဘွားအိုမှ တောင်ဝှေးကို မြေကြီးဖြင့် အားကုန် ဆောင့်လိုက်သည်။

​"အမေ၊ စိတ်မပူပါနဲ့၊ ဒီလောက် ရဲတင်းတဲ့သူတွေက ဘယ်သူတွေလဲဆိုတာ သေချာပေါက် စုံစမ်းရမှာပေါ့"

ဖက်တီးလေး၏ အဖေ ဝမ်ဖူကွေက ဘေးတွင် ရပ်နေသည့် ရိုးသားဖြူစင်ပုံပေါက်သော လူမိုက်ကြီးကို ကြည့်ပြီး လက်အုပ်ချီကာ ပြောလိုက်သည်။

​"ကျွန်တော့်သားကို ကယ်ပေးတဲ့ ခင်ဗျားတို့ ရွာလူကြီးကို ကျေးဇူးတင်ပါတယ်၊ ခင်ဗျားတို့က ဘယ်ရွာကလဲ မသိဘူး၊ နောက်ရက်ကျရင် ကျေးဇူးဆပ်ဖို့ သေချာပေါက် လာလည်ပါ့မယ်"

​"ဟုတ်တယ်၊ ဟုတ်တယ်၊ မင်းတို့ ရွာလူကြီးကို ကျေးဇူးတင်ရမယ်"

အဘွားအိုမှ ကျောက်တလန်ကို ထပ်ခါတလဲလဲ ကျေးဇူးတင်စကားဆို၏။

​ဝမ်ကျယ်ချန်မှာ ဝမ်မိသားစု၏ တစ်ဦးတည်းသော မျိုးဆက် ယောင်္ကျားလေးပင်။ သူတို့မြေးကို ကယ်ပေးသည့် သူတိုင်း ဝမ်မိသားစု၏ ကျေးဇူးရှင်ကြီးများ ဖြစ်ပြီး ကျေးဇူးဆပ်ရန်အတွက် လက်ဆောင်များ များစွာယူကာ ကိုယ်တိုင် သွားရောက်တွေ့ဆုံရမည် ဖြစ်သည်။

​"သူတို့က ထောင်ယွမ်ရွာကလေ"

ဖက်တီးလေးမှ ဝင်ပြောလိုက်သည်။

​"အမေရော ဘယ်မှာလဲ"

​သူ ဘေးဘီကို ကြည့်လိုက်ပြီး သူ့အမေကို မတွေ့ရ‌သောကြောင့် အံ့ဩသွားရသည်။

​"မင်းအမေက ခရိုင်ဝန်အိမ်မှာ သခင်မရှန်ကို သွားရှာတာ၊ မင်းကို လိုက်ရှာပေးဖို့ လူလွှတ်ပေးအောင် ခရိုင်ဝန်ကို သွားအကူအညီတောင်းတာလေ"

​ဝမ်ဖူကွေ ဘေးမှ အစေခံကောင်လေးအား ခရိုင်ဝန်အိမ်သို့ သွားပြီး သားပြန်ရောက်လာပြီဖြစ်ကြောင်း သခင်မကို သွားပြောရန် အမြန် စေလွှတ်လိုက်သည်။

​"မြန်မြန်၊ အထဲဝင်ပါဗျာ၊ ဒီမှာ ရပ်မနေပါနဲ့"

ဝမ်ဖူကွေမှ ကျောက်တလန်ကို အိမ်ထဲဝင်ထိုင်ရန် ဖိတ်ခေါ်လိုက်သည်။

​"မလိုပါဘူး၊ ကလေးကို အပ်ပြီးပြီဆိုတော့ ကျုပ် ပြန်တော့မယ်"

ပြောပြီးသည်နှင့် ကျောက်တလန် လက်အုပ်ချီပြီး ပြန်ရန် ပြင်လိုက်သည်။

​ဖက်တီးလေးမှာ ကျောက်တလန်၏ ခြေထောက်ကို ချက်ချင်း ဖက်ထားလိုက်ပြီး အဘွားဘက်သို့ လှည့်ကာ တောင်းဆိုသည်။

​"အဘွား၊ သား ထောင်ယွမ်ရွာမှာ ရက်အနည်းငယ်လောက် သွားနေချင်တယ်"

​"လုံးဝ မဖြစ်ဘူး၊ မင်းအမေ ပြန်လာလို့ မင်းကို မတွေ့ရင် ထပ်ပြီး စိတ်ပူနေဦးမယ်"

​သူ့ဇနီးသည် မည်မျှ စိတ်ပူနေခဲ့ရသည်ကို တွေးမိ၍ ဝမ်ဖူကွေ ချက်ချင်း ငြင်းလိုက်၏။

​"သွားမယ်ဆို သွားမယ်လို့၊ ကျေးဇူးရှင်လေးနဲ့ အတူ နေချင်တာ"

ဖက်တီးလေးက ဂျီကျရန် အသင့်ဖြစ်နေပြီ ဖြစ်သည်။

​"သွားပါစေလေ၊ မနက်ဖြန်ကျမှ ငါတို့ သွားကြိုကြတာပေါ့"

​အဘွားအိုမှ အမိန့်ချလိုက်သောကြောင့် ဝမ်ဖူကွေလည်း မည်သို့မှ မတတ်နိုင်တော့ပေ။ သူ ကျောက်တလန်ကို အားနာသလို ကြည့်ပြီး ပြောလိုက်သည်။

​"ဒါက၊ အဆင်ပြေပါ့မလား မသိဘူး"

​ဖက်တီးလေးက ကျောက်တလန်၏ ခြေထောက်ကို တင်းတင်းကျပ်ကျပ် ဖက်ထားလေသည်။

​"ဦးလေးကျောက်တ၊ မိသားစုက သဘောတူရင် ရွာမှာ နေလို့ရတယ်လို့ ကျေးဇူးရှင်လေး ပြောထားတယ်နော်"

​ရွာလူကြီးလေးလည်း သဘောတူထားပြီးဖြစ်‌၍ ကျောက်တလန်မှာ ငြင်းစရာ အကြောင်းမရှိပေ။

ဝမ်ဖူကွေမှ အိမ်တော်ထိန်းကို လိုက်ပို့ရန် မြင်းလှည်း တစ်စီး စီစဉ်ခိုင်းလိုက်ပြီး ဖက်တီးလေးနှင့် ကျောက်တလန်တို့မှာ အစေခံကောင်လေး တစ်ယောက်၊ ပစ္စည်းများ အပြည့်တင်ထားသော မြင်းလှည်းတစ်စီးနှင့် ရွာသို့ ပြန်လာခဲ့ကြသည်။

ဖက်တီးလေးမှာ မြင်းလှည်းပေါ်မှ ဆင်းဆင်းချင်းပင် ရှောင်ကျိုး၏ ခြံဝင်းထံသို့ ပျော်ရွှင်စွာ ပြေးသွားလိုက်သည်။

‘ဟော့ပေါ့၊ ဟော့ပေါ့၊ ငါလာပြီဟေ့’

​လမ်းတွင် မနေ့က သူထွက်ပြေးနိုင်စေရန် ကူညီပေးခဲ့သော ယွိဟွာကို တွေ့လိုက်ရသည်။ ဖက်တီးလေးသည် အိတ်ကပ်ထဲမှ တေးအချို့ကို အမြန်ထုတ်ပြီး ယွိဟွာ၏ ကျောပေါ်၌ လွယ်ထားသည့် အိတ်လေးထဲသို့ ထည့်ပေးလိုက်၏။

သူ ယွိဟွာ၏ တောင်ပံကို ပွတ်သပ်ရင်း ပြောလိုက်သည်။

​"ကျေးဇူးပဲနော်၊ မင်းက အရမ်းမိုက်တာပဲ၊ ငါတွေ့ဖူးသမျှထဲမှာ မင်းက ဉာဏ်အကောင်းဆုံး တိရစ္ဆာန်ပဲ"

​ယွိဟွာ လည်ပင်းကို ဆန့်ပြီး နှစ်ခါသုံးခါ အော်လိုက်သည်။

"ကွပ် ကွပ်"

‘ ​ကောင်လေး၊ မင်း အမြင်ရှိတာပဲ၊ စိတ်မပူနဲ့၊ နောက်ဆို ယွိဟွာ မင်းကို ကာကွယ်ပေးမယ်’

​ယွိဟွာ သူ၏ ကျေးဇူးတင်စကားကို တုံ့ပြန်နေမှန်း သိသောကြောင့် ဖက်တီးလေးမှ ဆက်ပြောလိုက်သည်။

​"နောက်တစ်ခါကျရင် မင်းကို ငါ့အဘွားနဲ့ တွေ့အောင် ခေါ်သွားမယ်၊ မင်းလည်ပင်းမှာ ဆွဲဖို့ ရွှေသော့ချိတ် တစ်ခု လုပ်ပေးဖို့ အဘွားကို ပြောပေးမယ်၊ အဲ့ဒီအခါကျရင် မင်းက ဒီမှာ အချမ်းသာဆုံး ကြက်မကြီး ဖြစ်သွားပြီ"

‘​ကွပ် ကွပ် ကွပ် ကွပ်’

​’တကယ်လား၊ မမေ့နဲ့နော်’

​ယွိဟွာမှ ပျော်ရွှင်စွာဖြင့် ဖက်တီးလေး၏ လက်ကို ခေါင်းနှင့် ပွတ်သပ်နေ၏။

​ဖက်တီးလေး ယွိဟွာကို ပွေ့ချီပြီး ရှောင်ကျိုး၏ ခြံဝင်းထံသို့ လျှောက်သွားလိုက်သည်။ ခြံဝင်းတံခါးပေါက် ဝင်ဝင်ချင်းပင် အလွန်မွှေးသော အနံ့မား ရလိုက်သည်။

​"ဝါး၊ အရမ်းမွှေးတာပဲ"

​ဖက်တီးလေး စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ပြီး ခြေလှမ်းများကို ခပ်သွက်သွက် လှမ်းလိုက်သည်။ ထိုအချိန်တွင် အိပ်ရာနိုးပြီး အိမ်ထဲမှ ထွက်လာသော ရှောင်ကျိုးမှာ ဖက်တီးလေးနှင့် သူ့ရင်ခွင်ထဲက ယွိဟွာကို မြင်စဉ် ဇဝေဇဝါဖြင့် မေးလိုက်၏။

​"နင် မပြန်ဘူးလား"

​ဖက်တီးလေးမှ ခုံတစ်ခုံကို အမြန်ရှာထိုင်ပြီး ပြောလိုက်သည်။

​"အဘွားနဲ့ သွားပြောပြီးပြီ၊ ရွာမှာနေဖို့ အဘွားက သဘောတူတယ်၊ တွေ့လား၊ ငါ့နေစရိတ်တွေပါ ယူလာတယ်"

​ဖက်တီးလေးက တံခါးအပြင်ဘက်မှ ပစ္စည်းများ အပြည့်တင်ထားသော မြင်းလှည်းကို လက်ညှိုးထိုးပြ၏။

အစေခံကောင်လေးမှာ ထိုပစ္စည်းများအား ခြံဝင်းထဲသို့ မနည်း သယ်၍ သွင်းနေရသည်။ ​ရှောင်ကျိုးက အံ့ဩတကြီးဖြင့် လှည့်ကြည့်လိုက်သည်။

​"နင် ဒီမှာ ဘယ်လောက်ကြာကြာ နေဖို့ စီစဉ်ထားတာလဲ"

​’သူ့အိမ်တစ်ခုလုံးကို ဒီ ရွှေ့လာတာများလား’

​ဖက်တီးလေး ပျော်ရွှင်စွာ ပြောလေသည်။

​"တစ်ရက်ပဲ နေမယ်လို့ အဘွားကို ပြောခဲ့တာ၊ အဲ့ဒါမှ သူတို့က ပေးလာမှာလေ၊ ဒါပေမယ့် ငါ့ပစ္စည်းတွေ အကုန်လုံးကို ဒီကို သယ်လာခဲ့တယ်၊ အဘွား ငါ့ကို လာကြိုတဲ့အခါ နောက်ထပ် ရက်နည်းနည်းလောက် ဆက်နေခွင့်ပြုဖို့ တောင်းဆိုလိုက်မယ်၊ အဘွားက သဘောတူမှာပါ"

​"ပြီးတော့ ဟိုကောင်လေးက ငါ့အစေခံ ရှောင်လျိုတဲ့၊ ငါ့ကို ပြုစုဖို့ လိုက်လာတာ"

All Chapters