← Chapters

အခန်း ၂၈

Vol. 3 Ch. 28

အခန်း ၂၈

Vol. 3 Ch. 28

28

ဖက်တီးလေးမှ ရှောင်ကျိုးကို ရိုးသားဖြူစင်သော မျက်လုံးများဖြင့် ကြည့်လိုက်သည်။

‘တွေ့လား၊ ငါ အကုန်လုံး ပြင်ဆင်လာပြီးပြီ၊ ဘာအနှောင့်အယှက်မှ မဖြစ်စေရပါဘူး၊ ငါ့ကို နေခွင့်ပြုပါနော်’

​"နင် ကျောင်း မသွားရဘူးလား"

ရှောင်ကျိုးမှာ သိချင်စိတ်ဖြင့် မေးလိုက်၏။

မြို့မှ ဤအရွယ် ကလေးများ အားလုံး ကျောင်းတက်ရသည်ကို သူမ မှတ်မိနေသည်။

​ဖက်တီးလေး ပခုံးတွန့်ပြလိုက်သည်။

​"ငါက စာသင်ဖို့ အရမ်းတုံးတာ၊ ဘာပဲဖြစ်ဖြစ် ငါတို့က ချမ်းသာတယ်လို့ အဖေက ပြောတယ်၊ ဒါ့ကြောင့် ငါ စာမတတ်ရင်တောင် နောင်တစ်ချိန်မှာ ငတ်မသေပါဘူးတဲ့"

​ရှောင်ကျိုး: ကျိန်စာသင့်မယ့် သူဌေးသား။

​"နင် ဒီမှာနေရင် ရွာက ကလေးတွေလိုပဲ ကျောက်ဟူတို့နဲ့အတူ စာသင်ရမယ်၊ သိုင်းကျင့်ရမယ်"

​"ဟင်၊ စာသင်ပြီး သိုင်းပါ ကျင့်ရဦးမှာလား"

​"အားလုံး လုပ်ရတာပဲ၊ နင် ဒီမှာနေမှတော့ ချွင်းချက် မရှိဘူး"

​ဖက်တီးလေးမှာ မီးဖိုချောင်မှ လွင့်ပျံလာသော မွှေးကြိုင်သည့် အနံ့ကို ရှူရှိုက်လိုက်၏။ ဤကဲ့သို့ အရသာရှိသော အစားအသောက် အတွက်ဆိုလျှင် သူ ဘာမဆို လုပ်နိုင်ပါသည်။

​"ကောင်းပြီလေ၊ စာသင်ပြီး သိုင်းကျင့်တာပဲမလား၊ လာစမ်းပါ၊ ငါ လုပ်နိုင်တယ်"

သူ ရင်ကော့လိုက်ပြီး မျက်နှာမှာ သန္နိဋ္ဌာန်ခိုင်မာနေလေသည်။ တံခါးဝ၌ ရှိနေသော ကျောက်ဟူနှင့် တခြားကလေးများက ရယ်လိုက်ကြသည်။

​"စကားကြီးစကားကျယ် မပြောနဲ့ဦး၊ သိုင်းကျင့်ရတာ ပင်ပန်းတယ်၊ မင်း ခံနိုင်ရည် ရှိပါ့မလား"

​ဖက်တီးလေး သူ့ရင်ဘတ်ကို ပုတ်လိုက်သည်။

​"စိတ်ချပါ၊ ငါက ကတိတည်ပါတယ်"

​ဘယ်သူယုံယုံ မယုံယုံ၊ သူ့ဘေးမှ အစေခံကောင်လေးကတော့ သေချာပေါက် မယုံပါချေ။

အဘွားအိုနှင့် သခင်ကြီးတို့မှာ သခင်လေး၏ ပညာရေးအတွက် စိတ်ပူလွန်းသောကြောင့် ဖျားပင်ဖျားခဲ့ရသည်။ သူက ကျောင်းသွားရန် ငြင်းဆန်ပြီး နေ့တိုင်း အိမ်မှ ဆရာကို ဒေါသထွက်အောင် အမြဲ လုပ်တတ်သည်ပင်။ သူသာ ကျောင်းမပြေးပါက ပြန်ပေးဆွဲခံရမည် မဟုတ်ပေ။

​အားသို့မှ သူ အတည်ပြောနေသည်ကို မြင်၍ ပြောလိုက်၏။

​"ကောင်းပြီလေ၊ မနက်ဖြန် မိုးလင်းတာနဲ့ ငါတို့နဲ့အတူ တောင်ပေါ်မှာ လာလေ့ကျင့်လှည့်"

​ဖက်တီးလေးက မီးဖိုချောင်ဘက်ကိုသာ တမေ့တမော လှမ်းကြည့်နေမိသည်။

‘အရမ်းမွှေးတာပဲ၊ လုံးဝ မလွန်ဆန်နိုင်ဘူး’

​ရွှီရှောင်ရှောင် မီးဖိုချောင်မှ ဟင်းရည်အိုးကို သယ်လာသည်။ ကလေးတိုင်း၏ မျက်လုံးများက သူမကိုင်ထားသော အရာထံသို့ ချက်ချင်း ရောက်သွားပြီး မျက်လုံး အရောင်များ တလက်လက် တောက်နေကြသည်။

‘​ရှလွတ်’

​’အရမ်းမွှေးတာပဲ’

ဗိုက်များမှာလည်း တဂွီဂွီ မြည်လာကြသည်။

​"စားကြစို့"

ရှောင်ကျိုးမှာ သွားရည်ကျလုမတတ် ဖြစ်နေပြီပင်။

​သူတို့ ဟင်းပွဲများအား စားပွဲပေါ်တွင် အတူတူ ဖြန့်ခင်းလိုက်ကြ၏။ ရွာသားများ လက်ဆောင်ပေးထားသည့် ဟင်းသီးဟင်းရွက်များ၊ တောင်ပေါ်မှ အမဲလိုက်၍ ရလာ‌သော အသားများ၊ ထို့ပြင် နေရာလွတ်ထဲမှ လဲလှယ်ထားသည့် ပါဝင်ပစ္စည်းများ အားလုံးကို ပန်းကန်များထဲသို့ သပ်သပ်ရပ်ရပ် ထည့်ထားလေသည်။

အလယ်ဗဟို၌ အိုးက ပွက်ပွက်ဆူနေပြီး မွှေးရနံ့များ သင်းပျံ့နေ၏။

​တနွီမှ ရွာလူကြီးလေးကို မေးလိုက်သည်။

​"အကုန်လုံး အစိမ်းတွေချည်းပဲ၊ ဘယ်လိုစားရမှာလဲ"

​"အိုးထဲမှာ နှစ်ပြီး မွှေလိုက်ရုံနဲ့ စားလို့ရပြီ"

​ရှောင်ကျိုးမှာ မစောင့်နိုင်တော့ပေ။ သူမက အသားတစ်ဖတ်ကို ဟင်းရည်ပူပူထဲသို့ နှစ်လိုက်ကာ၊ ဟင်းရည်ထဲ၌ တခဏမျှ ကခုန်သွားစေပြီး ပါးစပ်ထဲသို့ ကောက်ထည့်လိုက်၏။

သူမ ပျော်ရွှင်စွာဖြင့် မျက်လုံးလေး မှေးစင်းသွားရသည်။

ထို့ကြောင့် အားလုံး တူများကို အလုအယက် ကောက်ကိုင်လိုက်ကြသည်။

​ဖက်တီးလေးမှာ မည်သည်ကိုမှ အားမနာတော့ဘဲ လက်တစ်ဆုပ်စာ အပြည့်ကို အိုးထဲသို့ ပစ်ထည့်လိုက်ရင်း ပလုတ်ပလောင်း စားရင်း ပြောနေသည်။

​"ကောင်းတယ်၊ အရမ်းကောင်းတယ်၊ ယုံတောင်မယုံနိုင်အောင် စားလို့ကောင်းတယ်"

​ရွှီရှောင်ရှောင်မှာ ဆာလောင်မွတ်သိပ်နေသော ထိုမြင်ကွင်းကို ကြည့်ပြီး ပြုံးလိုက်၏။

​"ဖြည်းဖြည်းစားကြပါ၊ အပူလောင်သွားဦးမယ်၊ အများကြီး ကျန်ပါသေးတယ်"

​ကျောက်ဟူနှင့် အားသို့မှာ ဟင်းပွဲတစ်ပွဲ လွတ်သွားမည် စိုး၍ ပန်းကန်လုံးများအား ကိုင်ပြီး စားပွဲကို ပတ်ပြေးနေကြသည်။

​တနွီမှ ရွာလူကြီးလေးကို အတုခိုးပြီး ဟင်းရွက်တစ်ရွက်ကို သတိထားပြီး နှစ်လိုက်သည်။ ထို့နောက် မြည်းကြည့်လိုက်ရာ သူမ မျက်လုံးများ အရောင်တောက်သွားရသည်။

​"ဝါး၊ ဟင်းသီးဟင်းရွက်တွေကို ဒီလို ခဏလေး ပြုတ်စားတာ အရမ်းစားကောင်းတာပဲ”

​ရှောင်လျိုသည် သူ့သခင်လေး အဘယ်ကြောင့် ဤနေရာ၌ ဇွတ်နေချင်နေရသည်ကို နောက်ဆုံးတော့ နားလည်သွားပြီ ဖြစ်သည်။

‘ဒီက အစားအသောက်တွေက နတ်သုဒ္ဓါတွေပဲ၊

​သခင်လေး၊ မနက်ဖြန်တော့ သေချာ ကြိုးစားလိုက်ပါ၊ ဒါမှ ငါတို့ ဒီမှာ အကြာကြီး နေလို့ရမှာ’

‘နတ်သုဒ္ဓါပဲ၊ အရမ်းစားကောင်းလွန်းလို့ မျက်ရည်တောင် ကျလုမတတ်ပဲ’

​ရယ်မောသံများနှင့် ဝါးစားသံများက အခန်းထဲတွင် ပြည့်နှက်နေပြီး အားလုံး စားရင်းသောက်ရင်း စကားပြောနေကြခြင်းကြောင့် လေထုမှာ နွေးထွေးပြီး ပျော်ရွှင်စရာ ကောင်းနေလေသည်။

ဟော့ပေါ့အိုးမှ ထွက်လာသော ရေနွေးငွေ့များက အခန်းထဲ၌ ဝေ့ဝဲနေပြီး လူတိုင်း၏ မျက်နှာပေါ်တွင် ကျေနပ်မှုများ လင်းလက်နေ၏။

​ဗိုက်ဝသွားမှသာ အဘိုးရွှီ စားပွဲ၌ မရှိဘူးဆိုသည်ကို သူတို့ သတိထားမိကြ‌၍ ရှောင်ကျိုးမှ အစ်မရှောင်ရှောင်ကို မေးလိုက်သည်။

​"ဆရာရွှီရော ဘယ်မှာလဲ"

​စားပွဲကို ရှင်းလင်းနေရင်း ရွှီရှောင်ရှောင်က ပြန်ဖြေလေသည်။

​"ဆရာရွှီက ခရီးဝေး သွားတယ်၊ တော်တော်ကြာမှ ပြန်လာမယ်ထင်တယ်၊ လောလောဆယ် ကလေးတွေရဲ့ အခြေခံစာတွေကို ဝမ်ကျန့်ယီက တာဝန်ယူ သင်ပေးနေတယ်"

​"ဆရာယန်ကရော"

​သူ မနေ့က သူတို့နှင့်အတူ ပြန်လာခဲ့ပေမယ့် ယနေ့ တစ်နေ့လုံး အရိပ်အယောင်ပင် မပြပေ။

‘ဒီမနက်တောင် လင်းချီနဲ့ တခြားလူတွေက ရွာက ကလေးတွေကို ဦးဆောင်ပြီး လေ့ကျင့်ပေးခဲ့ရတာလေ’

​ရွှီရှောင်ရှောင် ခေါင်းခါလိုက်၏။

​"ဆရာယန်က သရဲတစ္ဆေလိုပဲ ပေါ်လာလိုက် ပျောက်သွားလိုက်နဲ့၊ သူ ဘယ်သွားမှန်း ဘယ်သူက သိမှာလဲ"

‘​ထူးဆန်းတယ်၊ တစ်ယောက်ပြီးတစ်ယောက် အကုန် ပျောက်ကုန်ကြတယ်’

​"ရွာလူကြီးလေး၊ ဒီနေ့လည် ဘာလုပ်မှာလဲ"

ကျောက်ဟူမှ မေးလိုက်သည်။ ဆရာများ မရှိချိန်က သောင်းကျန်းရန် အကောင်းဆုံး အချိန်သာ။ ရှောင်ကျိုး မည်သည့်အရာအား လုပ်ရမည်ကို မဆုံးဖြတ်ရသေးခင်မှာပင် တံခါးဝကို လူတစ်ယောက် ရောက်လာ၏။ ရှန်ကျစ်ယွမ် အပြေးဝင်လာပြီး သူမအနောက်၌ ယူနီဖောင်းဝတ် အရာရှိတစ်ယောက် ကပ်ပါလာသည်။

​"ကျေးဇူးရှင်လေး၊ ကျေးဇူးရှင်လေး၊ ငါ ရောက်လာပြီ"

သူမ ရှောင်ကျိုးကို ဖက်ထားပြီး မလွှတ်တော့ပေ။ ​တနွီမှ ရှောင်ကျိုးကို သူမရင်ခွင်ထဲသို့ ပြန်ဆွဲယူလိုက်သည်။

​"ဟွန်း"

ရှန်ကျစ်ယွမ် တနွီကို မျက်စောင်းထိုးလိုက်သည်။

​တနွီ မမြင်ယောင်ဆောင်နေလိုက်ကာ ​ရှန်ကျစ်ယွမ်နှင့်အတူ ပါလာသည့် အမျိုးသားမှ ရှောင်ကျိုးကို တစ်ချက်ကြည့်ပြီး ဦးညွှတ်ကာ ပြောလိုက်လေသည်။

​"ကျွန်တော့်သမီးကို ကယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ကလေးမလေး၊ ကျုပ် ရှန် က တစ်သက်လုံး ကျေးဇူးတင်နေမှာပါ"

​ရှောင်ကျိုးမှ သူ့ကို သေချာကြည့်လိုက်၏။

​"ရှင်က ခရိုင်ဝန်လား”

ဤဒေသ၌ အကြီးဆုံးအရာရှိက ခရိုင်ဝန်ဟု လူကြီးများ ပြောသည်ကို သူမ ကြားဖူးထားသည်။

​"ဟုတ်တယ်၊ ငါ့အဖေက ခရိုင်ဝန်ရှန်လေ"

ရှန်ကျစ်ယွမ်မှ ဂုဏ်ယူစွာ ကြေညာလိုက်သည်။

​ရှောင်ကျိုးက ခရိုင်ဝန်ရှန်ဘက်သို့ လှည့်ကာ ပြောလေသည်။

​"အဲ့ဒီ ဝတ်ရုံနက်လူတွေကို ဖမ်းမိပြီလား"

​သူ ပြန်ဖြေသည်။

​"ရိုးရိုးသားသား ပြောရရင် ကျေးဇူးတင်စကား လာပြောတဲ့အပြင် အကူအညီတစ်ခုလည်း တောင်းချင်လို့ပါ"

​"ဟင်"

ရှောင်ကျိုးမှ နားမလည်သကဲ့သို့ ကြည့်လိုက်၏။

​"ကျုပ်လူတွေကို ဂူဆီ လမ်းပြပြီး အဲ့ဒီလူတွေကို ဖမ်းဖို့အတွက် သမီးမွေးထားတဲ့ ကြက်လေးကို ငှားလို့ရမလား"

ဤမနက်တွင် ခရိုင်ဝန်က သူ့သမီး ပြောပြသော မနေ့က ပြန်ပေးဆွဲခံရခြင်းနှင့် ကယ်တင်ခံရသည့် အကြောင်းများကို နားထောင်ခဲ့သည်။ သူ မယုံနိုင်ခဲ့ပေ။

‘ကလေးမလေး တစ်ယောက်က ဘယ်လိုလုပ် အဲ့ဒီလောက် စွမ်းနိုင်မှာလဲ၊ ပြီးတော့ လူစကားနားလည်တဲ့ ကြက်တစ်ကောင် ဟုတ်လား’

သို့သော် ဝမ်အိမ်တော်မှ အိမ်တော်ထိန်း လာပြောသည့် ဇာတ်လမ်းမှာလည်း တစ်ပုံစံတည်း ဖြစ်နေပြန်သည်။ ခရိုင်ဝန်ရှန် တွေးလိုက်၏။

‘ဒီလို အံ့ဖွယ် ကြက်တစ်ကောင်နဲ့ ဒီလောက် အစွမ်းထက်တဲ့ ကလေးမလေး တကယ်ပဲ ရှိနေတာ ဖြစ်ရမယ်’

‘​ကွပ် ကွပ် ကွပ် ကွပ်’

​ခေါင်မိုးပေါ်မှ ယွိဟွာ ကျယ်လောင်စွာ အော်လိုက်သည်။

​’သခင်၊ ကျွန်မ သွားချင်တယ်၊ သွားချင်တယ်၊ ဂူထဲက ရှောင်ဟုန်၊ ရှောင်လွီနဲ့ ရှောင်ဟွမ်တို့ကို ကြက်စာ ယူလာခဲ့မယ်လို့ ကျွန်မ ကတိပေးထားတာ’

​"ရပါတယ်၊ ဒါပေမယ့် အထဲမှာ ကလေးတွေ အများကြီး ရှိသေးတယ်၊ ရှင့်လူတွေက ညှာညှာတာတာ လုပ်ပြီး သူတို့ကို မထိခိုက်စေဖို့ မျှော်လင့်ပါတယ်"

​ခရိုင်ဝန်ရှန်မှ အမြန် အာမခံလိုက်သည်။

​"စိတ်ချပါ၊ သူတို့က သနားစရာ ကလေးတွေပါ၊ ကယ်တင်ပြီးတာနဲ့ ခရိုင်ရုံးက သူတို့ မိသားစုတွေကို ပြန်ရှာပေးမှာပါ"

​ရှန်ကျစ်ယွမ် ကိစ္စပြတ်သွားတာ မြင်၍ သူမအဖေ၏ အင်္ကျီလက်စကို ဆွဲလိုက်လေသည်။

​"အဖေ၊ သမီးလည်း ဒီမှာပဲ နေချင်တယ်"

​ခရိုင်ဝန်ရှန်မှာ ကန့်ကွက်စရာ မရှိ‌ချေ။ သူက ပြန်ပေးဆွဲသမားများကို လိုက်ဖမ်းရန် အလုပ်ရှုပ်နေသောကြောင့် သမီးကို စောင့်ကြည့်ရန် အချိန်မရှိပေ။ အိမ်ရှင် ကလေးမလေးအတွက် အနှောင့်အယှက် ဖြစ်မှာကိုသာ သူ စိုးရိမ်သည်။

​သူမ အဖေ၏ သဘောကို ရိပ်မိသည့် ရှန်ကျစ်ယွမ်မှ ရှောင်ကျိုးကို အမြန်မေးလိုက်၏။

​"ကျေးဇူးရှင်လေး၊ ငါ နေလို့ရမလား၊ အလကား မနေပါဘူး၊ ငါ ပိုက်ဆံ ယူလာတယ်"

​သူမ ငွေ‌တေးများစွာဖြင့် ဖောင်းကားနေသော ပိုက်ဆံအိတ်ကို ချက်ချင်း ထုတ်ပြလိုက်သည်။ ရှန်ကျစ်ယွမ်မှ ရှောင်ကျိုး၏ ရင်ခွင်ထဲသို့ ငွေများ ထိုးထည့်ပေးလိုက်သည်။

‘​ရှောင်ကျိုး သဘောတူမလား၊ သေချာပေါက် သဘောတူတာပေါ့၊ ဧည့်သည် တစ်ယောက်ထားထား၊ နှစ်ယောက်ထားထား ဘာကွာလို့လဲ၊ အရူးမှပဲ ပိုက်ဆံကို ငြင်းမှာ’

​သူ့တာဝန် ပြီးဆုံးသွားပြီဖြစ်၍ ခရိုင်ဝန်ရှန်မှ ယွိဟွာကို ခေါ်ပြီး ဖမ်းဆီးရေးလုပ်ရန် အမြန် ထွက်ခွာသွားတော့သည်။

All Chapters