← Chapters

အခန်း ၂၉

Vol. 3 Ch. 29

အခန်း ၂၉

Vol. 3 Ch. 29

29

ရွာပြင်သို့ ထွက်လာသော ခရိုင်ဝန်ရှန်သည် ထိုကလေးမလေးကို ရင်းနှီးနေသကဲ့သို့ ခံစားနေရသည်။

‘​ငါ သူ့ကို ဘယ်မှာ တွေ့ဖူးပါလိမ့်’

‘မဖြစ်နိုင်ပါဘူးလေ၊

ဒီကလေးမလေးက ၅ နှစ်ပဲ ရှိသေးတာကို’

ယခုရက်ပိုင်း အလွန် အလုပ်များနေသောကြောင့် ဖြစ်မည်ဟု တွေးကာ သူ ခေါင်းခါလိုက်သည်။

‘​ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ’

​ခရိုင်ဝန်ရှန်မှ သူ့လူများနှင့်အတူ ဂူထံသို့ အလျင်အမြန် သွားရောက်လေသည်။ ထိုအချိန်တွင် ရှောင်ကျိုး၏ ခြံဝင်းအတွင်း၌ လှုပ်ရှားမှုများဖြင့် စည်ကားနေ၏။ ​ထျဲနျိုမှ ခြံဝင်းထဲသို့ အပြေးအလွှား ဝင်လာပြီး အသံကုန်ဟစ်၍ အော်ပြောလိုက်သည်။

​"ရွာလူကြီးလေး၊ ရွာလူကြီးလေး၊ လူယုတ်မာ ရောက်နေပြီ"

'လူယုတ်မာ’ ဆိုသည့် စကားလုံးကို အရင်တစ်ခေါက်က ရွာလူကြီးလေးဆီမှ သူ ကြားဖူးခဲ့ခြင်းပင်။ မိန်းမများကို ရိုက်သည့် ယောက်ျားများမှာ လူယုတ်မာများသာ ဖြစ်သည်ဟု ရွာလူကြီးလေးက ပြောခဲ့သည်။

​ကလေးဆိုးလေး အချို့၏ အတင်းပြောချင်စိတ် ရေဒါများ 'ဝှစ်' ခနဲ ချက်ချင်း ပွင့်သွားကြသည်။

​"ဘယ်မှာလဲ၊ ဘယ်မှာလဲ"

​"မြစ်ကမ်းဘေးမှာလေ၊ ငါ့ဒေါ်လေး အဲ့ဒီမှာ အဝတ်လျှော်နေတုန်း ကျောက်တတို့ မိသားစုနဲ့ သွားတိုးတာ၊ အခု မြစ်ကမ်းဘေးမှာ ငါ့အဒေါ်လေးကို သူတို့ ဝိုင်းထားကြတယ်"

​ထျဲနျိုမှာ သူ့အဒေါ်လေး စိတ်ရှုပ်ထွေးပြီး လူယုတ်မာ၏ ဖြားယောင်းသွေးဆောင်မှုနောက်သို့ ပါသွားမည် စိုး၍ ယခု အနည်းငယ် စိုးရိမ်နေပြီ ဖြစ်သည်။

​ရှောင်ကျိုးနှင့် အခြားသူများ ခြံဝင်းထဲမှ ချက်ချင်း ပြေးထွက်သွားကြပြီး မြစ်ကမ်းဘေးသို့ တန်းတန်းမတ်မတ် သွားကြလေသည်။ ဤကဲ့သို့ စိတ်လှုပ်ရှားစရာကို လက်လွတ်ခံ၍ မဖြစ်ပေ။ လတ်လတ်ဆတ်ဆတ် ရှိနေချိန် သွားကြည့်ရပေမည်။

​မြစ်ကမ်းဘေး၌ ယခုဆိုလျှင် ဆူညံနေပြီ ဖြစ်သည်။ လူတစ်စုမှ ရွှီရှောင်ရှောင်ကို ဝိုင်းထားပြီး တစ်ခုခုအား အတင်း ဆွဲယူနေကြသည်။ ရှောင်ကျိုးနှင့် တခြားသူများက ပွဲကြည့်ရန် အကောင်းဆုံးနေရာကို ရွေးပြီး ရှေ့ဆုံးသို့ ချက်ချင်း တိုးဝင်သွားကြသည်။ ​တနွီ ဘေးဘီကို ကြည့်လိုက်ပြီး ထျဲနျိုကို မေးလိုက်သည်။

​"နင့်အဘွားရော ဘယ်မှာလဲ"

​"မြို့ကို သွားတယ်"

ထျဲနျို ပြန်ဖြေသည်။

​ကျောက်တတို့ မိသားစု လာပြီး ပြဿနာရှာရဲသည်မှာ မဆန်းပါပေ။ သူတို့ အဘွားရွှီ မရှိချိန်အား အခွင့်ကောင်း ယူလိုက်ခြင်း ဖြစ်ရပေမည်။

​"အိမ်က ကြက်တွေ ဘာဖြစ်နေလဲ မသိဘူး၊ ဒီရက်ပိုင်း ဥတွေချည်း အရူးအမူး ဥနေတာ၊ အဘွားက ရက်ခြားပြီး မြို့ကို ကြက်ဥသွားသွား ရောင်းနေရတယ်"

ထျဲနျို ဆက်ပြောလေသည်။

​ရှောင်ကျိုးမှာ အပြစ်ရှိသကဲ့သို့ ခံစားလိုက်ရ၏။

‘တခြား ဘာဖြစ်ရမှာလဲ’

ယွိဟွာ ရွာမှ ကြက်များအား ကြက်စာများ ထပ်ကျွေးနေခြင်း ဖြစ်မည်။

‘​စနစ်ဆီက ကြက်စာတွေက ဘာပါဝင်ပစ္စည်းတွေ ပါလဲ ဘယ်သူသိမှာလဲ’

ရွာမှ ကြက်များ ထိုကြက်စာကို စားပြီးသည်နှင့် တစ်နေ့ကို ဥ အလုံးပေါင်းများစွာ ဥကြခြင်း ဖြစ်သည်။

​"ရှောင်ရှောင်၊ ကိုယ် မင်းကို အိမ်ပြန်ခေါ်ဖို့ လာတာ"

​ကျောက်တမှအရူးတစ်ယောက်လို ပြုံးပြရင်း ရွှီရှောင်ရှောင်ကို လှမ်းဆွဲရန် လက်လှမ်းလိုက်သည်။ မသိသူများက ရိုးသား‌သော လူမိုက်ကြီးမှ စိတ်ဆိုးနေသည့် သူ့မိန်းမကို အိမ်ပြန်ရန် လာတောင်းပန်နေသည်ဟု ထင်ကြမည်ပင်။

​"ကျောက်တ၊ ရှင်နဲ့ကျွန်မ ကွာရှင်းပြီးပြီလေ၊ ဘာဖြစ်နေတာလဲ၊ ပြီးခဲ့တဲ့တစ်ခေါက်က ရှင့်အိမ်မှာ ကျွန်မအမေ ပြောခဲ့တာကို သေချာ မရှင်းလင်းသေးဘူးလား"

​ရွှီရှောင်ရှောင်မှ ကျောက်တ၏ လက်ကို ရှောင်တိမ်းလိုက်ပြီး နောက်သို့ တစ်လှမ်း ဆုတ်လိုက်သည်။ ကျောက်တသည် ထိုမိန်းမ ကျေးဇူးကန်းသည်ဟုသာ ခံစားနေရ၏။

‘ဒီလောက်လူတွေ အများကြီးရှေ့မှာ သူ့ကို ပြန်ခေါ်ဖို့ သူကိုယ်တိုင် လာခဲ့ပြီးပြီကို’

​"ရှောင်ရှောင်၊ ကိုယ် တကယ် မှားမှန်း သိပါပြီ"

​"သူ ဒူးထောက်ပြီး ခွင့်လွှတ်ဖို့ တောင်းပန်ရမှာ မဟုတ်ဘူးလား၊ နောက်တစ်ခါ ထပ်မဖြစ်စေရပါဘူးလို့ရော ကတိပေးရမှာ မဟုတ်ဘူးလား၊ အရင်တုန်းက ရွာလူကြီးလေး ပြောဖူးသလိုပဲလေ၊ အစ်မရှောင်ရှောင်သာ ဖြားယောင်းသွေးဆောင်ခံရပြီး ပြန်ပါသွားရင် သူက ပိုဆိုးလာမှာပဲ၊ အိမ်တွင်းအကြမ်းဖက်မှုဆိုတာ တစ်ခါစပြီးရင် ဘယ်တော့မှ မဆုံးတော့ဘူး၊ ခွေးက ချေးစားတဲ့ အကျင့်ကို ဖျောက်လို့မရဘူးတဲ့"

တနွီမှ ကျောက်တကို ကြည့်ရင်း ရွာလူကြီးလေးကို မေးလိုက်သည်။

​ရွာလူကြီးလေး အရင်တုန်းက သူတို့ကို ပြောပြဖူး၏။ ထိုအရာများက လူယုတ်မာများ၏ ပုံမှန် နည်းလမ်းများသာ။ နောင်တစ်ချိန် အိမ်ထောင်ပြုလျှင် မျက်စိဖွင့်ထားရန်နှင့် သူတို့စကားကို အလွယ်တကူ မယုံရန် အကြံပေးထားခဲ့ခြင်းပင်။

​သူမ ပြောလို့ မဆုံးသေးခင်တွင် ကျောက်တ ရွှီရှောင်ရှောင်၏ ရှေ့၌ ဒူးထောက်ချလိုက်သည်။

​"ရှောင်ရှောင်၊ ကျေးဇူးပြုပြီး ကိုယ့်ကို ခွင့်လွှတ်ပါ၊ နောက်တစ်ခါ ဘယ်တော့မှ မရဲတော့ပါဘူး"

​ကျောက်တမှာ ရွှီရှောင်ရှောင်၏ ရှေ့တွင် ဒူးထောက်ပြီး နှပ်များ၊ မျက်ရည်များဖြင့် ငိုယိုတောင်းပန်နေသည်။ ရှောင်ကျိုးနှင့် အခြားသူများက အလွန် ရွံရှာဖွယ်ကောင်းသော အကြည့်များနှင့် ကြည့်နေကြ၏။

​ရွှီရှောင်ရှောင် ထိုယောင်္ကျားအား ကြည့်ပြီး ရွံရှာမှုသာ ခံစားရကာ သူတို့နှစ်ယောက်ကြား အကွာအဝေး ပိုကျယ်သွားစေရန် နောက်တစ်လှမ်း ထပ်ဆုတ်လိုက်သည်။

​ကျောက်တ စကားပြောပြီးသွား၍ ပတ်ဝန်းကျင်က ရွာသားများ သူ့ဘက်မှ ဝင်ပြောပေးလိမ့်မည်ဟု မျှော်လင့်နေသည်။

​ကံမကောင်းစွာဖြင့် မည်သူကမှ သူ့ကို မသနားကြပေ။ ရွာသားများမှာ ယင်းအား ရယ်စရာတစ်ခုဟုသာ ထင်နေကြသည်။ တနွီ ပြောသည့်စကားကို လူတိုင်း ကြားခဲ့ပြီးပြီ ဖြစ်သည်။ တကယ်ပင် ခွေးက ချေးစားသော အကျင့်ကို ဖျောက်၍ မရပေ။

​ရွှီရှောင်ရှောင် ဂရုမစိုက်သည်ကို မြင်၍ အဘွားကျောက်မှ အမြန် ဝင်ပြောလေသည်။

​"ရှောင်ရှောင်၊ တလန်က သူမှားမှန်းသိပြီး ပြင်ပြင်ဆင်ဆင် နေနေပါပြီ၊ သူက သမီးကို အမြဲတမ်း ရင်ထဲမှာ ထားတာပါ၊ ကြည့်ပါဦး၊ သမီး ကလေးမရနိုင်ပေမယ့် သူက သမီးကို ပြန်ခေါ်ပြီး အတူတူ နေချင်နေတုန်းပဲလေ၊ လင်မယားဆိုတာ ရန်မဖြစ်ဘဲ မနေပါဘူး၊ အိပ်ရာခေါင်းရင်းမှာ ရန်ဖြစ်ပေမယ့် ခြေရင်းရောက်ရင် ပြန်တည့်သွားကြတာပါပဲ၊ ရှောင်ရှောင်ရယ်၊ သူ့ကို ခွင့်လွှတ်လိုက်ပါတော့"

​သူ့အမေ ရွှီရှောင်ရှောင်နှင့် စကားပြောနေစဉ် ကျောက်တမှာ ရွှီရှောင်ရှောင်၏ လက်ကို ချက်ချင်း လှမ်းဆွဲလိုက်၏။ ယနေ့ ဤမိန်းမကို သေချာပေါက် ပြန်ခေါ်သွားရမည်ဟု သူ တွေးထားသည်။

​ရွှီရှောင်ရှောင် သူမလက် အဆွဲခံလိုက်ရသည်အား သိလိုက်ရာ သူမ၏ လက်ကောက်ဝတ်ကို လှည့်ပြီး ကျောက်တ၏ လက်ကောက်ဝတ်အား ပြန်ဖမ်းဆွဲလိုက်သည်။ ကျောက်တ သူ့လက်ကို ပြန်အဆွဲခံလိုက်ရ၍ ဝမ်းသာသွားရန်ပင် အချိန်မရလိုက်ပေ။ ကမ္ဘာကြီး လည်ထွက်သွားသကဲ့သို့ ခံစားလိုက်ရသည်။

​စကားတစ်ခွန်းမှ ထပ်မပြောဘဲ ရွှီရှောင်ရှောင်မှ သူ့ကို ပခုံးကျော်ပြီး ပစ်ပေါက်ချလိုက်သည်။

​ထို့နောက် ရွှီရှောင်ရှောင် ကျောက်တ၏ ခေါင်းကို ခြေထောက်ဖြင့် နင်းထားလိုက်၏။

​"ဘာလဲ၊ ငါ့ကို ရှင်တို့ မိသားစုရဲ့ ခိုင်းနွားအဖြစ် ပြန်ခေါ်သွားချင်လို့လား"

​"ပုန်ကန်နေပြီ၊ ပုန်ကန်နေပြီ၊ အမလေး ငါ့သားလေး"

အဘွားကျောက် အော်ဟစ်ပြီး ရှေ့သို့ ပြေးထွက်ရန် လုပ်လိုက်သည်။ ရွှီရှောင်ရှောင်မှ ခြေထောက်ကို ပို၍ ဖိချလိုက်ရာ ကျောက်တမှာ အဆက်မပြတ် အော်ဟစ်နေပြီး ပတ်ဝန်းကျင်မှာ တိတ်ဆိတ်သွားသည်။

​"ငါ့သားကို လွှတ်လိုက်စမ်း"

​ရွှီရှောင်ရှောင် ကျောက်တကို သေအောင် နင်းထားမည်အား ကြောက်၍ အဘွားကျောက် ရှေ့ဆက်မတိုးရဲတော့ပေ။

​ရွှီရှောင်ရှောင်မှ ကျောက်တ၏ ခေါင်းကို နင်းထားရင်း မထီမဲ့မြင်အသံဖြင့် ပြောလိုက်သည်။

​"ငါ့ကို ပြန်ခေါ်သွားမလို့ မဟုတ်ဘူးလား၊ အတော်ပဲ၊ ရှင်တို့ မိသားစုရဲ့ ခိုင်းနွားအဖြစ် နှစ်ပေါင်းများစွာ နေခဲ့ရပြီး ရှင့်ရဲ့ ရိုက်နှက်မှုကို ဒီလောက် ကြာကြာ ခံခဲ့ရတာ၊ ငါ့ဒေါသတွေ မပြေသေးဘူး၊ အတိုးနည်းနည်းတော့ ပြန်ယူရမှာပေါ့"

​ပြောပြောဆိုဆိုနှင့် သူမ မြေကြီးပေါ်မှ လူကို နောက်တစ်ကြိမ် အားကုန် နင်းချလိုက်ပြန်၏။

​ကျောက်တမှာ နာကျင်လွန်း၍ စကားပင် မပြောနိုင်တော့ဘဲ ဟန်လည်း မဆောင်နိုင်တော့ပေ။

ယခု သူလိုချင်သည်မှာ သူ့ခေါင်းပေါ်မှ ခြေထောက်ကို အမြန် ဖယ်ပေးရန်သာ ဖြစ်သည်။

​ကျောက်တ၏ သနားစရာ အခြေအနေကို မြင်သောကြောင့် အဘွားကျောက်မှာ ရွှီရှောင်ရှောင်ကို ပြန်မခေါ်တော့ချေ။ သူမ အမြန် ပြောလိုက်သည်။

​"သူ့ကို လွှတ်ပေးလိုက်ပါ၊ သမီးကို ပြန်မခေါ်တော့ပါဘူး၊ ခြေထောက်ကို မြန်မြန် ဖယ်ပေးပါ"

​ရွှီရှောင်ရှောင်မှ ထိုစကားကို ကြားပြီး အောက်ကလူလည်း သနားစရာကောင်းအောင် ခွင့်လွှတ်ရန် တောင်းပန်နေသည်အား မြင်လိုက်ရ၏။

​ဒေါသမပြေသေးသော ရွှီရှောင်ရှောင်မှ ကျောက်တ၏ ခေါင်းပေါ်က ခြေထောက်ကို မ,ပြီး သူ့ကို တစ်ချက် ကန်လိုက်သည်။ ထို့ပြင် ခြေထောက်ကို ပြန်တင်ပြီး ခြေဖဝါးဖြင့် ပွတ်ချေလိုက်၏။

​"ထွက်သွား၊ နင့်ကို တွေ့တိုင်း ရိုက်မယ်"

ရွှီရှောင်ရှောင် စကားကို အလျှော့မပေးဘဲ ခြေထောက်အား ရုတ်လိုက်သည်။ အဘွားကျောက်မှ ကျောက်တကို အမြန် ထူပေးပြီး ထိုအရူးမထံမှ လွတ်အောင် ပြာပြာသလဲ ပြေးထွက်သွားကြတော့သည်။

​ထောင်ယွမ်ရွာမှ ရွာသားများက ရွှီရှောင်ရှောင်ကို အံ့ဩတကြီး စိုက်ကြည့်နေကြသည်။

‘ဘုရားရေ၊ ဒါက ရွှီမိသားစုရဲ့ နူးညံ့သိမ်မွေ့တဲ့ အငယ်ဆုံးသမီးလေး တကယ် ဟုတ်သေးရဲ့လား’

​အားလုံးက သူမကို ကြည့်နေကြတာ မြင်တော့ ရွှီရှောင်ရှောင် အနည်းငယ် ရှက်သွားပြီး နားရွက်နားမှ ဆံပင်များကို သပ်တင်ရင်း ပြောလိုက်သည်။

​"ကျွန်မ ရွာသားတွေနဲ့အတူ သိုင်းလေ့ကျင့်နေတာ အတော်ကြာပြီ၊ ဒါပေမယ့် ဘယ်လောက် အကျိုးရှိလဲဆိုတာ စမ်းသပ်ဖို့ အခွင့်အရေး မရခဲ့ဘူး၊ ကြည့်ရတာ တော်တော် အသုံးဝင်ပုံပဲ၊ နောက်ဆိုရင် ပိုကြိုးစားပြီး သိုင်းဆက်လေ့ကျင့်ရမယ်"

ထိုစကားအား ကြားရ၍ ရွာသားများ၏ စကားဝိုင်းမှာ သိုင်းလေ့ကျင့်သည့် အကြောင်းဆီသို့ ချက်ချင်း ရောက်သွားတော့သည်။

​"ငါက အကြာကြီး လေ့ကျင့်ထားတာဆိုတော့ အပြင်မှာ လူ ၃ ယောက်လောက်ကို ယှဉ်နိုင်လောက်တယ် ထင်တယ်"

ကျောက်တလန်မှာ ရွှီရှောင်ရှောင်ကဲ့သို့ နူးညံ့သိမ်မွေ့သော မိန်းမတစ်ယောက်ပင် သိုင်းလေ့ကျင့်၍ ဤမျှ ရလဒ်ကောင်းများ ရနေသည်အား မြင်ရာ သူလည်း ကြိုးကြိုးစားစား လေ့ကျင့်ထားသောကြောင့် လူအတော်များများကို ယှဉ်နိုင်လောက်ပြီလို့ တွေးလိုက်သည်။

​"ဟွန်း၊ ငါကတော့ မင်းထက် ပိုသန်မာတာ သေချာတယ်"

​"ကြွားနေတာ၊ မင်းက အဲ့လောက်စွမ်းရင် နောက်တစ်ခါ ယှဉ်ပြိုင်ကြတာပေါ့"

​"ယှဉ်ပြိုင်မယ်လေ၊ ပြိုင်မယ်"

​လူမိုက်တစ်စုမှာ မည်သူအသန်မာဆုံးလဲဆိုသည်ကို ယှဉ်ပြိုင်ရန် ဆူဆူညံညံ တောင်းဆိုနေကြသည်။ အနီးနားမှ အဒေါ်ကြီးများကလည်း အလျှော့မပေးကြပေ။ သူတို့က ကိုယ့်ယောင်္ကျားများထက် ပိုသန်မာသည်ဟု အခိုင်အမာ ပြောဆိုနေကြ၏။

​ကျောက်ဟူ သူ့ဘေးမှ ဖက်တီးလေးကို တိတ်တဆိတ် ပြောပြလိုက်သည်။

​"ငါက ငါ့အဖေထက် အများကြီး ပိုသန်မာတယ်၊ အခုဆို ငါ့အဖေက ငါ့ကို ရိုက်ချင်ရင်တောင် ဖမ်းလို့မမိတော့ဘူး"

​"တကယ်လား"

​ဖက်တီးလေး စိတ်လှုပ်ရှားသွား၏။

‘သူသာ သိုင်းလေ့ကျင့်ရင် သူ့အဖေ သူ့ကို ရိုက်လို့ရမှာ မဟုတ်တော့ဘူးပေါ့’

​"ငါ ပျံတောင်ပျံနိုင်တယ်၊ ငါ့အဖေက မပျံနိုင်ဘူး၊ ငါ့အဖေက အခုလောလောဆယ်ပဲ ငါ့ထက် သန်မာနေတာ၊ ငါ အသက်နည်းနည်း ကြီးလာရင် ငါ့ခွန်အားက သူ့ထက် သေချာပေါက် သာသွားမှာ"

ကျောက်ဟူမှ ယုံကြည်မှုရှိရှိ ပြောလိုက်သည်။

​ရှောင်ကျိုးက ရွာသားများ သိုင်းပညာအကြောင်း ဆွေးနွေးနေကြသည်ကို ကြည့်ပြီး သူတို့အတွက် သိုင်းပြိုင်ပွဲတစ်ခု စီစဉ်ပေးရန် အချိန်တန်ပြီဟု တွေးလိုက်၏။ မည်သို့ပင် ဖြစ်စေကာမူ ဈေးဝယ်စင်တာထဲ၌ ပစ္စည်းများ များစွာ ရှိသောကြောင့် ဆုလက်ဆောင်အဖြစ် အချို့ကို လဲလှယ်ပေး၍ ရသည်ပင်။

​အနီးနားတွင် ဆောင့်ကြောင့်ထိုင်ပြီး ပွဲကြည့်နေသည့် ရှန်ကျစ်ယွမ်ကို မည်သူမှ သတိမထားမိကြပေ။

ထိုအချိန်တွင် ရှန်ကျစ်ယွမ်၏ မျက်လုံးများက အရောင်တောက်နေပြီး သူမစိတ်ထဲ၌ အတွေးတစ်ခုသာ ပြည့်နှက်နေလေသည်။

'ငါ သင်ခန်းစာ ရသွားပြီ၊ ငါ သင်ခန်းစာ ရသွားပြီ'

​နောက်တစ်ချိန် သူမ လူယုတ်မာနှင် တွေ့လျှင် အစ်မရွှီကဲ့သို့ လုပ်ပစ်မည်။

All Chapters