← Chapters

အခန်း ၃၀

Vol. 3 Ch. 30

အခန်း ၃၀

Vol. 3 Ch. 30

30

ကြည့်စရာ ပွဲမရှိတော့သောကြောင့် လူအုပ်ကြီးက ခြံဝင်းထဲသို့ အပြေးအလွှား ပြန်လာကြသည်။

ထိုအချိန်တွင် ရွှီရှောင်ရှောင်မှာ အလွန် ကျေနပ်အားရနေ၏။ ထိုလူယုတ်မာကို ရိုက်ချင်နေတာ ကြာပြီပင်။ ယခုကဲ့သို့ သူ့ဘာသာ တံခါးဝလာပြီး အရိုက်ခံလိမ့်မည်ဟု သူမ ထင်မထားခဲ့ပေ။

​တနွီမှ အစ်မရှောင်ရှောင်အား မေးလိုက်သည်။

​"ဘာလို့ ကျောက်တက ရုတ်တရက်ကြီး ရောက်လာရတာလဲ"

​သူ တကယ် နောင်တရပြီး အစ်မရှောင်ရှောင်ကို ပြန်ခေါ်ချင်တယ်ဆိုလျှင် လချီကြာအောင် စောင့်နေစရာ အကြောင်းမရှိချေ။

​ရွှီရှောင်ရှောင် လှောင်ပြုံးပြုံးလိုက်သည်။

​"တခြား ဘာဖြစ်ရမှာလဲ၊ ငါ အခု ရွာလူကြီးလေးဆီမှာ အလုပ်လုပ်နေပြီး တစ်လကို တေး ၂ တေး ရနေတယ်၊ ပြီးတော့ ဟင်းချက်နည်းတွေ အများကြီး သင်ထားတယ်ဆိုတာကို သူတို့ ကြားသွားလို့လေ၊ အဲ့ဒီသားအမိနှစ်ယောက် လောဘတက်ပြီး ငါ့ကို သူတို့ ကျောက်မိသားစုရဲ့ ခိုင်းနွားအဖြစ် ပြန်ခေါ်သွားဖို့ လှည့်စားချင်နေကြတာ"

​တကယ်တော့ ကျောက်တနှင့် သူ့အမေ ယနေ့ ရောက်လာသည်မှာ သူတို့ အိမ်နီးချင်းများထံမှ ရွှီရှောင်ရှောင် ယခု တစ်လကို တေး ၂ တေး ရနေပြီး ဟင်းချက်နည်း များစွာအား တတ်နေပြီဟု ပြောပြလိုက်၍ပင်။ ထိုသားအမိက သူမကို အိမ်ပြန်ခေါ်ပြီး ဟင်းချက်နည်းများ အတင်းတောင်းကာ စားသောက်ဆိုင်ကို သွားရောင်းပြီး အမြတ်ကြီးစားရန် စဉ်းစားထားကြသည်ပင်။

​သို့သော် ပုံမှန်ဆို စကားနားထောင်တတ်သော ရွှီရှောင်ရှောင်မှာ ယခုကဲ့သို့ ချက်ချင်း လက်ပါပြီး ကြောက်စရာကောင်းနေလိမ့်မည်ဟု သူတို့ ထင်မထားခဲ့ကြပေ

​"လူယုတ်မာကောင်”

"လူယုတ်မာကောင်”

"လူယုတ်မာကောင်”

​

​ကလေးအတော်များများက ပြိုင်တူ ကျိန်ဆဲလိုက်ကြသည်။

​ရွှီရှောင်ရှောင် အသံထွက်ပြီး ရယ်လိုက်၏။ ဤအချိန်တွင် သူမ အလွန် နွေးထွေးစွာ ခံစားလိုသည်။

သူမဘဝက ဤကဲ့သို့သာ တစ်သက်လုံး သွားရတော့မည်ဟု ထင်ထားခဲ့သည်။ သို့သော် ရွာလူကြီးလေးနှင် တွေ့ပြီးနောက် သူမအတွက် မျှော်လင့်ချက်အသစ်များ ရလာခဲ့ပြီး ဘဝ၏ ရည်မှန်းချက်ကို ပြန်ရှာတွေ့ခဲ့သည်။

​ဟင်းချက်နည်းများကို လေ့လာရသည်က ယခု သူမ အနှစ်သက်ဆုံး အလုပ်ပင်။

‘အားလုံးက သူမချက်တာကို ပျော်ပျော်ရွှင်ရွှင် စားနေကြတာ မြင်ရရင် သူမဘဝက အဓိပ္ပာယ်ရှိပြီး အောင်မြင်မှုတစ်ခု ရလိုက်သလို ခံစားရတယ်’

​ရွှီရှောင်ရှောင် ပျော်ရွှင်လာလျှင် အစားအသောက်များ လုပ်ချင်လာသည်။ ထို့ကြောင့် သူမ မေးလိုက်သည်။

​"မနက်ဖြန် အားလုံးအတွက် ကိတ်မုန့်လေးတွေ လုပ်ပေးရမလား"

​ရှောင်ကျိုး၏ မျက်လုံးများ အရောင်တောက်သွားပြီး ခေါင်းကို တဆတ်ဆတ် ညိတ်ပြလိုက်၏။ ရှောင်ကျိုး၏ တုံ့ပြန်မှုကို ကြည့်ပြီး အားလုံး ဤသည်က သေချာပေါက် စားကောင်းသော အရာဟု သိလိုက်ကြသည်။

​"အစ်မရှောင်ရှောင်၊ အစ်မက အရမ်းသဘောကောင်းတာပဲ၊ ကျွန်တော် အစ်မရဲ့ သားလုပ်လို့ ရမလား"

​ဖက်တီးလေး ထိုသို့ ပြောလိုက်ရာ ရွှီရှောင်ရှောင်မှာ ခလုတ်တိုက်ပြီး လဲကျမတတ် ဖြစ်သွားတော့သည်။

​"အဲ့ဒီလို လျှောက်မပြောရဘူး၊ ကြားလား"

ရွှီရှောင်ရှောင်မှ ဖက်တီးလေး၏ ပါးစပ်ကို အမြန် ပိတ်ထားလိုက်၏။

‘​ဒီကောင်စုတ်လေး’

​"ဪ"

ဖက်တီးလေးမှာ အဘယ်ကြောင့် ထိုသို့ ပြော၍ မရသည်ကို နားမလည်သော်ငြား ခေါင်းညိတ်ပြလိုက်သည်။

​’ဒါပေမယ့် သူတွေးနေတာက သားလုပ်လို့မရရင် မောင်လုပ်မှာပေါ့၊ အစ်မရှောင်ရှောင်ကို သူ့အိမ် အရောက်ခေါ်သွားနိုင်အောင် နောက်ဆုံးတော့ သူ လှည့်စားရမှာပဲ’

​’တစ်ခါတလေမှ ဗိုက်ဝအောင် စားရတာနဲ့ နေ့တိုင်း ဗိုက်ဝအောင် စားရတာ၊ ဘယ်ဟာ ရွေးမလဲ’

ဖက်တီးလေးကတော့ နေ့တိုင်း ဗိုက်ဝအောင် စားရသည်ကို ရွေးလိုက်ပြီ ဖြစ်သည်။ ​အားလုံးမှာ ရွာလူကြီးလေး၏ ခြံဝင်းထဲကို ပြန်ရောက်လာကြသည်။ သို့သော် အိမ်ထဲသို့ မဝင်ရသေးခင်မှာပင် လင်းချီနှင့် လူအချို့က တံခါးဝ၌ ခွေခွေလေး မှီနေပြီး တစ်ကိုယ်လုံး ဒဏ်ရာများရနေသည်ကို တွေ့လိုက်ရသည်။

​ရှောင်ကျိုး သိချင်စိတ်ဖြင့် ရှေ့တိုးသွားလိုက်သည်။

​"နင်တို့ ဘာဖြစ်လာကြတာလဲ"

​လင်းချီနှင့် တခြားသူများက ရှောင်ကျိုးကို မြင်သည်နှင့် သူတို့၏ ကျောထောက်နောက်ခံကို တွေ့သွားသကဲ့သို့ ချက်ချင်း တွယ်ကပ်လာကြ၏။ ​ဉာဏ်ပိုထက်သည့် လင်းချုံးမှ ချက်ချင်း တိုင်တော့သည်။

​"ရွာလူကြီးလေး၊ ကျွန်တော်တို့ အရိုက်ခံရတယ်၊ ရွာလူကြီးလေး ကျွန်တော်တို့အတွက် တရားမျှတအောင် လုပ်ပေးမှ ရမယ်"

အခြားလူများကလည်း ထောက်ခံကြသည်။

​"ရွာလူကြီးလေး၊ ကျွန်တော်တို့အတွက် တရားမျှတအောင် လုပ်ပေးမှ ရမယ်"

ထိုမြင်ကွင်းက တကယ့်ကို ရယ်စရာကောင်းနေသည်။ လူကြီးများမှ ၅ နှစ်အရွယ် ကလေးမလေးကို မျက်ရည်များဖြင့် တိုင်နေကြခြင်းပင်။

​"ဘာဖြစ်လို့လဲ၊ ဘယ်သူရိုက်တာလဲ"

ရှောင်ကျိုး ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး သိချင်စိတ်ဖြင့် မေးလိုက်သည်။

​"မြို့က လူမိုက်ခေါင်းဆောင် အစ်ကိုဗျောင်လေ၊ သူတို့က လူဒါဇင်နဲ့ချီ ရှိတာ၊ ကျွန်တော်တို့က ၉ ယောက်တည်း"

ဝက်ခေါင်းကဲ့သို့ အရိုက်ခံထားရသော လူတစ်ယောက်က ပြောလိုက်၏။

‘​သူတို့ မနိုင်တာ မဟုတ်ပါဘူး၊ ဟိုဘက်က လူများနေလို့ပါနော်’

​"ဘာလို့ သူတို့က အကြောင်းမဲ့သက်သက် လာရိုက်ရတာလဲ"

​"ကျွန်တော့်ကြောင့်ပါ၊ ကျွန်တော် အိမ်မပြန်ဖြစ်တာ ကြာပြီဆိုပြီး ဒီနေ့ မိသားစုကို သွားကြည့်တာ၊ မထင်မှတ်ဘဲ အဲ့ဒီ ယုတ်မာတဲ့ လီချန်က ကျွန်တော့် ညီမလေးကို သဘောကျသွားတာ၊ ကျွန်တော် မရှိတုန်း အခွင့်အရေးယူပြီး ကျွန်တော့် ညီမလေးကို သူ့ကိုယ်လုပ်တော်အဖြစ် အတင်းအဓမ္မ လာဆွဲခေါ်တာလေ၊ သေချာပေါက် ကျွန်တော်က ငြင်းတာပေါ့၊ အဲ့ဒီမှာ ရန်ဖြစ်ကြတော့တာပဲ၊ အကျိုးဆက်ကတော့ ဟိုဘက်က မြို့က လူမိုက်ခေါင်းဆောင် အစ်ကိုဗျောင်ကို သွားခေါ်လာတာပဲ၊ ကျွန်တော်တို့ လူနည်းတော့ အခုလို အရိုက်ခံလိုက်ရတာ"

​ပြောပြီးသည်နှင့် သူက ရှောင်ကျိုးရှေ့တွင် ချက်ချင်း ဒူးထောက်ချလိုက်ပြီး ငိုယိုပြောလေသည်။

​"ကျေးဇူးပြုပြီး ကျွန်တော့် ညီမလေးကို ကယ်ပေးပါ ရွာလူကြီးလေး၊ အဲ့ဒီ လီချန်က လူ့မျက်နှာနဲ့ တိရစ္ဆာန်စိတ်ရှိတဲ့ ကြောင်သူတော်ပါ"

​ညီမလေးအား အလုခံလိုက်ရသည့် လူ၏ နာမည်မှာ ရွှီဟောက်ပင်။ သူနှင့် သူ့ညီမလေးက ငယ်ငယ်ကတည်းက တစ်ယောက်ကိုတစ်ယောက် အားကိုးပြီး ကြီးပြင်းလာကြခြင်း ဖြစ်သည်။ ယခု သူ့ညီမလေး အလုခံရသောကြောင့် သူ အသေခံပြီး ပြန်တိုက်ခိုက်ချင်သော်ငြား သူ့ဘက်တွင် လူအင်အား မလုံလောက်ပေ။ ညီမလေး အလုခံရသည်အား မျက်စိသူငယ်နှင်သာ ကြည့်နေခဲ့ရပြီး ရွာလူကြီးလေးထံသို့ အကူအညီတောင်းရန် ရွာကို အမြန် ပြန်ပြေးလာခဲ့ခြင်း ဖြစ်သည်။

​"မြို့ကို သွားကြစို့"

​အခြေအနေက အရေးကြီးနေ၍ ရှောင်ကျိုး ရွှီဟောက်၏ ညီမလေးကို အရင်သွားကယ်ရန် အားလုံးကို ခေါ်ပြီး မြို့ကို အမြန်ထွက်လာခဲ့သည်။

​ရှန်ကျစ်ယွမ်မှ ဒေါသတကြီးဖြင့် မေးလိုက်၏။

​"လီမိသားစုက အငယ်ဆုံးသား လီချန် လား"

​"ဟုတ်တယ်၊ ဟုတ်တယ်၊ သူပဲ၊ သခင်မလေးရှန် သူ့ကို သိလို့လား"

ရွှီဟောက် အမြန် မေးလိုက်သည်။

​ရှန်ကျစ်ယွမ်၏ မျက်နှာလေးက ဒေါသကြောင့် နီရဲသွား၏။

​"လူယုတ်မာ၊ သေနာကောင်၊ ငါ ပြန်သွားပြီး ငါ့ဝမ်းကွဲအစ်မကို ပြောပြရမယ်"

​"အဲ့ဒါက နင့်ဝမ်းကွဲအစ်မနဲ့ ဘာဆိုင်လို့လဲ"

ဖက်တီးလေးက နားမလည်စွာ မေးလိုက်သည်။

​"ဟွန်း"

ရှန်ကျစ်ယွမ် ခြေဆောင့်ပြီး ရှင်းပြလိုက်သည်။

​"ငါ့ဝမ်းကွဲအစ်မနဲ့ လီချန်က လွန်ခဲ့တဲ့ ရက်အနည်းငယ်ကမှ စေ့စပ်ထားကြတာလေ၊ ဒါပေမယ့် အပေါ်ယံ ယဉ်ကျေးပုံပေါက်တဲ့ ဒီလီချန်က ကွယ်ရာမှာ သာမန်မိန်းကလေးကို အတင်းအဓမ္မ လုယူတဲ့ လုပ်ရပ်မျိုး လုပ်လိမ့်မယ်လို့ ဘယ်သူ ထင်မှာလဲ၊ ငါ့ဝမ်းကွဲအစ်မသာ သိရင် ဘယ်လောက်တောင် ရင်ကွဲလိုက်မလဲ”

​ထိုသို့ ကြားရ၍ အားလုံး ပို၍ပင် ဒေါသထွက်သွားကြသည်။ ရှန်ကျစ်ယွမ်၏ ဝမ်းကွဲအစ်မကို အားလုံး မြင်ဖူးကြ၏။ သူမက တိတ်ဆိတ်ပြီး နူးညံ့သိမ်မွေ့‌သော မိန်းမပျိုလေးပင်။ နောင်တစ်ချိန် သူမ ထိုလူယုတ်မာနှင့် လက်ထပ်ရမည်ဟု တွေးမိရာ အားလုံး၏ ဒေါသက ပိုကြီးလာသည်။

​"အချိန်မရှိတော့ဘူး၊ ချက်ချင်း သွားကြစို့"

ရှောင်ကျိုးက ရထားလုံးမောင်းသော အစေခံကောင်လေးကို အရှိန်တင်ရန် အမိန့်ပေးလိုက်၏။

​"ငါတို့ ရွှီဟောက်ရဲ့ ညီမလေးကို အရင် သွားကယ်မယ်၊ ရှန်ကျစ်ယွမ်၊ နင် ပြန်သွားပြီး နင့်ဝမ်းကွဲအစ်မကို သတင်းသွားပေးမလား၊ ဒါမှမဟုတ် ငါတို့နဲ့ လိုက်မလား"

​ရှောင်ကျိုး၏ အစီအစဉ်ကို ကြား၍ ရှန်ကျစ်ယွမ် ပြန်ဖြေလိုက်သည်။

​"ငါ နင်တို့နဲ့ လိုက်မယ်"

ထိုကြောင်သူတော်၏ မျက်နှာဖုံးခွာခံရသည်ကို ယနေ့ သူမ ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ရမည်ဟု သန္နိဋ္ဌာန် ချလိုက်၏။

​ညမိုးချုပ်လာသည်နှင့်အမျှ မြို့ပေါ်တွင် မီးရောင်များ ကျဲပါးလာသည်။ အမှောင်ထုကို အကာအကွယ်ယူပြီး သူတို့အဖွဲ့ လီအိမ်တော်ထံသို့ တိတ်ဆိတ် ချဉ်းကပ်သွားကြသည်။ ရှောင်ကျိုး သူမ၏ စိတ်စွမ်းအင်ကို သုံးပြီး ဧရိယာတစ်ခုလုံးကို စကင်န်ဖတ်ကြည့်လိုက်ရာ အနောက်ဘက်ခြံဝင်းက လျှို့ဝှက်အခန်းတစ်ခန်းထဲတွင် ကြိုးတုပ်ခံထားရသည့် မိန်းကလေးတစ်ယောက်ကို တွေ့လိုက်ရသည်။ ထိုမိန်းကလေးမှာ ရွှီဟောက်၏ ညီမလေး ဖြစ်ရပေမည်။ ခြံဝင်း၏ အခြားတစ်နေရာ၌ လူငယ်အချို့ သောက်စားပျော်ပါး နေကြသည်။

‘​နေပါဦး’

​’ဒီလူတွေက ဘာလို့ ဒီလောက် ရင်းနှီးနေရတာလဲ’

​’ဒါ ပြီးခဲ့တဲ့တစ်ခေါက် သကြားလုံးရောင်းတုန်းက ဝမ်ကျန့်ယီကို လှောင်ပြောင်ခဲ့တဲ့ ပညာတတ်လူငယ်တွေ မဟုတ်ဘူးလား၊ ရန်သူတွေက လမ်းကျဉ်းကျဉ်းလေးမှာ လာတွေ့နေကြတာပဲ’

​ရှောင်ကျိုး ရှန်ကျစ်ယွမ်ကို ပြောလိုက်သည်။

​"နင်နဲ့ ဝမ်ကျယ်ချန်က လီအိမ်တော်ကို လီချန် လာရှာသလိုမျိုး ဟန်ဆောင်လိုက်၊ ငါတို့က အနောက်ဘက်ခြံဝင်းက လူကို သွားကယ်မယ်"

​သူတို့နှစ်ယောက် ဝမ်းသာအားရ သဘောတူလိုက်ကြသည်။

‘ ဒါက အရမ်းကို စိတ်လှုပ်ရှားဖို့ ကောင်းတယ်လေ’

နေ့တိုင်း လမ်းပေါ်တွင် ခွေးလိုက်、ကြောင်လိုက် ဆော့နေရသည်ထက် များစွာ ပိုစိတ်ဝင်စားဖို့ ကောင်းသည်။ သူတို့နှစ်ယောက် အစေခံမလေးတစ်ယောက်နှင့် ရထားလုံးထိန်း ကောင်လေး တစ်ယောက်ကို ခေါ်ပြီး လီမိသားစု၏ ပင်မတံခါးကြီးကို သွားခေါက်လိုက်ကြသည်။

​ပင်မတံခါးကြီး တဖြည်းဖြည်း ပွင့်လာပြီး တံခါးစောင့် ထွက်လာ၏။ သခင်မလေးရှန်နှင့် သခင်လေးဝမ်တို့ ဖြစ်နေသည်ကို မြင်‌၍ သူတို့နှစ်ယောက် မည်သို့ အတူတူ ရောက်လာပြီး လီမိသားစုထံသို့ လာလည်ကြသည်ကို သူ နားမလည်နိုင် ဖြစ်သွားရသည်။

သို့ပေမဲ့ တံခါးစောင့်က အချိန်မဆွဲရဲဘဲ အမြန် မေးလိုက်သည်။

​"လီအိမ်တော်ကို ဘာကိစ္စများ ရှိလို့ပါလဲ သခင်လေးနဲ့ သခင်မလေးတို့"

​ရှန်ကျစ်ယွမ် ပြောလိုက်၏။

​"ငါက ဒီနားက ဖြတ်သွားရင်း ငါ့ဝမ်းကွဲအစ်မရဲ့ အနာဂတ်ခင်ပွန်းကို ဝင်ကြည့်တာ၊ သူ ဘယ်မှာလဲ၊ ငါ အခု သူ့ကို သွားရှာမလို့"

​ဖက်တီးလေးလည်း ဆင်ခြေတစ်ခုကို အမြန်ရှာလိုက်သည်။

​"ငါ့အဖေက သခင်လေးလီ စာသင် အရမ်းတော်တယ်လို့ ပြောလို့၊ ငါ့အိမ်စာတွေအတွက် သခင်လေးလီဆီ လာအကြံဉာဏ်တောင်းတာ"

‘သခင်လေးဝမ်က ဘယ်တုန်းက စာသင်တာကို ဒီလောက် ဝါသနာပါသွားတာလဲ၊ ပြီးတော့ ခဲအိုလောင်းဆီကို ခယ်မလောင်းက ညသန်းခေါင်ယံကြီး လာလည်တာကရော သင့်တော်ရဲ့လား’

​တံခါးစောင့်မှာ လုံးဝ ဇဝေဇဝါ ဖြစ်နေသော်ငြား အချိန်မဆွဲရဲချေ။ သူ သူတို့နှစ်ယောက်ကို ဧည့်ခန်းထဲ၌ အရင်ထိုင်ရန် ဖိတ်ခေါ်လိုက်ပြီး သခင်လေးကို သတင်းသွားပို့ဖို့ အမြန် ထွက်သွားတော့သည်။

All Chapters