အခန်း ၃၂
Vol. 4 Ch. 32
32
"တကယ်လား၊ ဒါဆို ပထမဆုက ငါ့အတွက် သေချာနေပြီပေါ့"
ကျောက်ဟူမှာ ယုံကြည်ချက်အပြည့်ဖြင့် အော်လိုက်သည်။
အားသို့မှ သူ့အား မျက်လုံးလှန်ကြည့်လိုက်၏။
"စတောင် မစရသေးဘူး၊ မျက်ကန်းယုံကြည်မှုနဲ့ လာကြွားမနေနဲ့"
ဖက်တီးလေးက မကျေနပ်ပေ။
"ငါ ကန့်ကွက်တယ်၊ သူတို့က လေ့ကျင့်နေတာ ကြာလှပြီ၊ ငါက အခုမှ ရောက်တာလေ၊ သူတို့ကို ဘယ်လိုလုပ် နိုင်မှာလဲ"
"ဟုတ်တယ်၊ အရမ်း မတရားတာပဲ၊ ငါက မိန်းကလေးလေ၊ ယောင်္ကျားလေးတွေကို ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ"
ရှန်ကျစ်ယွမ်မှ ဝင်ထောက်ခံလေသည်။
"ဒါဆို အသစ်ရောက်တဲ့ ကလေးတွေ သီးသန့် ပြိုင်ကြလေ"
ကျောက်ဟူ အကြံပြုလိုက်၏။
အရင်တစ်ခေါက်က ရှောင်ကျိုး ကလေးများကို ကယ်တင်ခဲ့ပြီးကတည်းက ရွှမ်ဇီ၊ ဟေးဝါ၊ ကျူဇီနဲ့ တခြားကလေးများမှာ သူမ၏ ဂုဏ်သတင်းကို အများအပြား ချီးကျူးပြောဆိုခဲ့ကြ၍ ယခုဆိုလျှင် သူမက အနီးနားရွာများ အားလုံး၌ အမိုက်ဆုံး စံပြကလေး ဖြစ်နေပြီပင်။
ယနေ့မနက်၌ ကလေးများ သိုင်းလေ့ကျင့်ရေးတွင် ပါဝင်ရန် စိတ်အားထက်သန်စွာဖြင့် တောင်အောက်ကို အစောကြီး ဆင်းလာပြီး စောင့်နေကြသည်။
အမိန့်ပေးသံ ထွက်လာသည်နှင့် ကျောက်ဟူမှာ မြှားတစ်စင်းကဲ့သို့ ပြေးထွက်သွားပြီး အော်လိုက်၏။
"ပထမဆုက ငါ့ဟာဟေ့"
အားသို့နှင့် အခြားသူများကလည်း နောက်ကျမခံနိုင်ကြပေ။
"ချီတက်၊ ချီတက်ဟေ့"
သူတို့၏ အော်ဟစ်သံများက တောင်ကြားတစ်ခုလုံး ပဲ့တင်ထပ်သွားပြီး အဝေးကို ပျံ့နှံ့သွားတော့သည်။
လန့်ဖျပ်သွားသည့် ငှက်များက ကောင်းကင်ထံသို့ ပျံတက်သွားကြပြီး ကလေးများ၏ စိတ်အားထက်သန်မှုနှင့် စွမ်းအင်များကို အားပေးနေသကဲ့သို့ တကျီကျီ အော်မြည်နေကြသည်။
ကျောက်ဟူနှင့် ထျဲနျိုမှာ အကြိတ်အနယ် ပြိုင်နေကြ၏။ အုပ်စုထဲတွင် အငယ်ဆုံးဖြစ်သော အားသို့လေးကလည်း အမောတကောဖြင့် သူတို့အနောက်မှ ထပ်ကြပ်မကွာ လိုက်နေသည်။
ရှောင်ကျိုးမှ ခပ်လှမ်းလှမ်းကို ပေါ့ပေါ့ပါးပါး ခုန်ပျံသွားပြီး လူကြီးပေါက်စလေးကဲ့သို့ နောက်ပစ်ကာ ကြည့်ရင်း တိတ်တဆိတ် သဘောကျနေ၏။
သူမ စနစ်ကို မေးလိုက်သည်။
"ငါ အခုကြည့်ရတာ အရမ်း တည်ငြိမ်ရင့်ကျက်တဲ့ပုံ ပေါက်နေလား"
စနစ်မှာ ချီးကျူးခံရရန် စောင့်နေသည့် မျက်နှာပြောင်တိုက်နေသော ကလေးကို ကြည့်ပြီး ပြန်ဖြေလိုက်သည်။
"အရမ်းကို တည်ငြိမ်တာပါပဲ"
ကျေနပ်သွားသော ရှောင်ကျိုးမှာ စောင့်ရန် စတင်ရာမျဉ်းထံသို့ ပြန်သွားလိုက်သည်။
အချိန်များ ကုန်လွန်သွားပြီး မကြာခင်မှာပင် အားလုံး ပန်းတိုင်သို့ ရောက်လာကြသည်။
အံ့ဩစရာတော့ မဟုတ်ပေ။ လပေါင်းများစွာ လေ့ကျင့်ထားသော သူများထဲတွင် ထင်သည့်အတိုင်းပင် ကျောက်ဟူမှ ပထမ၊ ထျဲနျိုမှ ဒုတိယ၊ အားသို့က တတိယ ရသွားသည်။
အသစ်ရောက်လာသည့် သူများထဲမှာတော့ ဟေးဝါက ပထမ၊ ရှဟယ်ရွာမှ ရွှမ်ဇီက ဒုတိယ၊ အံ့ဩစရာကောင်းသည်မှာ ဖက်တီးလေးက တတိယ ရသွားလေသည်။ သူ၏ လုံးဝန်းနေသော ခန္ဓာကိုယ်မှာ သူ့ကို မနှောင့်နှေးစေခဲ့ပေ။
"ထင်တောင်မထင်ထားဘူး၊ နင်က တတိယတောင် ရသွားတာပါလား"
ရှန်ကျစ်ယွမ် သစ်ပင်ကို မှီရင်း အမောတကော ပြောလိုက်၏။
ဖက်တီးလေးမှ ရင်ကော့လိုက်သည်။
‘နှစ်ပေါင်းများစွာ အဖေက ခြံထဲမှာ တကောက်ကောက် လိုက်ရိုက်နေတာကို အလကားလို့ ထင်နေတာလား၊ ငယ်ငယ်ကတည်းက မနားတမ်း လေ့ကျင့်ခဲ့ရတဲ့ အကျိုးတွေ ပြနေပြီလေ’
ရှောင်ကျိုး ဈေးဝယ်စင်တာထဲမှ ဆုလက်ဆောင်များ ထုတ်ယူလိုက်သည်။
ပထမဆု - လေး၊ ဒုတိယဆု - ဓားမြှောင်၊ တတိယဆု - လေးခွ။
အားလုံးမှာ ဈေးဝယ်စင်တာမှ လာခြင်းဖြစ်ပြီး လေးနှင့် ဓားမြှောင်က ယခုခေတ် ပစ္စည်းများထက် များစွာ သာလွန်ကောင်းမွန်လေသည်။
အနိုင်ရသော သူများမှာ အလွန် ပျော်သွားကြ၏။ ကျောက်ဟူမှ သူ့လေးကို ချက်ချင်း စမ်းပစ်ကြည့်သော်ငြား ပစ်မှတ်မှာ လုံးဝလွဲနေလေသည်။ သစ်ပင်ပင်စည်နှင့် အဝေးကြီးကို လွဲသွားခြင်းပင်။
ဖက်တီးလေးက သူ့လေးခွကို နားမလည်နိုင်စွာ ကြည့်နေလိုက်သည်။ ဤခေတ်တွင် ရော်ဘာ မရှိသောကြောင့် မည်သူမှ ဤသို့သော အရာမျိုးကို မမြင်ဖူးကြချေ။
ရှောင်ကျိုးက သားရေပြားလေးထဲကို ကျောက်ခဲတစ်လုံးထည့်ကာ ရော်ဘာကြိုးကို နောက်သို့ ဆွဲဆန့်လိုက်ပြီး အပေါ်မှ ငှက်တစ်ကောင်ကို ချိန်၍ ပစ်လွှတ်လိုက်သည်။
'ဝှစ်' ဆိုသည့် စူးရှသော အသံနှင့်အတူ ကျောက်ခဲမှာ လွင့်ထွက်သွားပြီး ငှက်ကို ကွက်တိ ထိမှန်သွား၏။
ငှက် အောက်သို့ တန်းကျလာလေသည်။
အားလုံးမှာ ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။ လေးခွဟု ခေါ်သည့် ထိုအရာသေးသေးလေးထံမှ ဤမျှ စွမ်းအားများ ထွက်လာခြင်းကြောင့်ပင်။
ဖက်တီးလေး သူ့လေးခွကို တင်းတင်းဆုပ်ကိုင်ထားပြီး အလွန် ဝမ်းသာနေသည်။
"ငါ ဒါကို အရမ်းကြိုက်သွားပြီ"
သူ ချက်ချင်း ကခုန်နေတော့သည်။
ကြည့်နေသောသူများမှာ အားကျလွန်း၍ မီးဟုန်းဟုန်း တောက်နေကြပြီး ပို၍ ကြိုးစားလေ့ကျင့်မည်ဟု သန္နိဋ္ဌာန် ချလိုက်ကြ၏။
ရှောင်ကျိုးမှ သူတို့ကို အားပေးလိုက်လေသည်။
"စိတ်ဓာတ်မကျကြနဲ့၊ နောက်ထပ် ပြိုင်ပွဲတွေနဲ့ ဆုလက်ဆောင်တွေ လာဦးမှာ"
သိုင်းပညာအပေါ် စိတ်အားထက်သန်မှုမှာ အထွတ်အထိပ်ကို ရောက်သွားတော့သည်။
အားလုံး နောက်တစ်ခါ သေချာပေါက် နိုင်အောင်လုပ်မည်ဟု ကျိန်ဆိုလိုက်ကြသည်။
မနက်ခင်း လေ့ကျင့်ခန်း ပြီးသွား၍ ကလေးများက နေ့လယ်စာစားရန် အိမ်များထံသို့ နှစ်ယောက်တစ်တွဲ၊ သုံးယောက်တစ်တွဲနှင့် ပြန်သွားကြသည်။
ဗိုက်အရမ်းဆာနေသော ရှောင်ကျိုးမှာ အိမ်ကို မြှားတစ်စင်းကဲ့သို့ ပြေးသွားပြီး သူမနောက်၌ အချောင်စားမည့် အုပ်စုကြီးက တကောက်ကောက် လိုက်ပါလာ၏။
ရွှီရှောင်ရှောင် ချွေးသံတရွဲရွဲနဲ့ ပြေးဝင်လာသော သူတို့ကို မြင်၍ လက်သွားဆေးရန် အမြန် ပြောလိုက်သည်။
"အစ်မရွှီ၊ မနက်စာ ဘာစားရမှာလဲ"
အတော်များများ မီးဖိုချောင်ဘက်ကို လည်ပင်းဆန့်ကြည့်ရင်း မေးလိုက်ကြ၏။
"လက်အရင်သွားဆေးကြ၊ ခဏနေ ရတော့မှာ”
သူမ တိုက်တွန်းလိုက်သည်။
သူတို့ ပြန်ရောက်လာသောအခါ စားပွဲပေါ်တွင် ရှောင်ကျိုး အကြိုက်ဆုံး အစားအစာများဖြင့် အပြည့်ဖြစ်နေသည်။
ကြက်သွန်မြိတ်မုန့်၊ အီကြာကွေး၊ ပေါက်စီ၊ ဖက်ထုပ်၊ ဖက်တီးလေး၏ မျက်လုံးများ ပြူးကျယ်သွားပြီး အီကြာကွေးကို လှမ်းယူရန် လုပ်လိုက်သော်ငြား ရှောင်ကျိုးက သူ့လက်ကို ရိုက်ချလိုက်သည်။
"တူ သုံးလေ"
အားလုံး ရယ်မောလိုက်ကြပြီး တူများကို ကိုင်ကာ အားရပါးရ စားသောက်ကြသည်။
ရှောင်ကျိုးမှ ကြက်သွန်မြိတ်မုန့်ကို တစ်ကိုက်ကိုက်လိုက်၏။ ရင်းနှီးနေသည့် အရသာလေးမှာ ပါးစပ်ထဲ ပျံ့နှံ့သွားပြီး ပျော်ရွှင်မှုကြောင့် မျက်လုံးလေးများ မှေးစင်းသွားရသည်။
"အစ်မရွှီရဲ့ လက်ရာကတော့ ပြိုင်ဘက်ကင်းပဲ"
အားသို့မှ ပါးစပ်ထဲ အပြည့်ငုံထားရင်း ပလုတ်ပလောင်းဖြင့် ပြောလိုက်၏။
ချီးကျူးသံများ ဆက်တိုက် ထွက်ပေါ်လာပြီး မကြာခင်မှာပင် စားပွဲပေါ်မှ အစားအသောက်များ အားလုံး ပြောင်သလင်းခါသွားတော့သည်။